အပိုင်း ၉၃၀
Viewers 53k

အခန်း ၉၃၀

ရေဘဝဲအကိုကြီး...


ငရဲကမ္ဘာသင်္ဘောသည် ဦးဆောင်သည့် ဂဏန်းနောက်သို့လိုက်ပာ၍ လှိုင်းလုံးများကို ချိုးဖျက်ကာ ရှေ့သို့ ရွေ့လျားသွားသည်။


ပင်လယ်အောက်ရှိ တောင်တန်းများနှင့် ကွေ့ကောက်နေသော ကျောက်တုံးများကို ဖြတ်ကျော်ပြီး နောက်ဆုံးတွင် လှပသော ပင်လယ်ရေအောက်မြို့တစ်မြို့ကို တွေ့လိုက်ရသည်။


တကယ့်မြို့တစ်မြို့ပင် ဖြစ်သည်။ အဆောက်အဦးများသည် အလွန်မကြီးမားသော်လည်း တန်ဖိုးကြီးဟန် ရှိသည်။ ထိုအဆောက်အဦးများသည် သလင်းကျောက်ဖြင့် ပြုလုပ်ထားသကဲ့သို့ တောက်ပနေပါသည်။


မှန်အဆောက်အဦးများသည် အံဝင်ခွင်ကျဖြစ်၍ ခန့်ညားလှပပြီး မျှော်စင်များနှင့် ဥယျာဉ်များသည် အလွန်တောက်ပနေပါသည်။


ဂျိန်း... ဂျိန်း...


ဦးဆောင်လာသော ဂဏန်းများ ဆင်းသက်လာသည်နှင့် သမုဒ္ဒရာမျိုးစိတ်ကျင့်ကြံသူများ၏ ကင်းလှည့်တပ်သားများသည် ထွက်လာကြသည်။


ထိုတပ်သားများ၏ ခေါင်းဆောင်သည် ရေဘဝဲဖြစ်ဟန်ရှိသည်။ ထိုကျင့်ကြံသူသည် မျက်လုံးဝိုင်းဝိုင်းနှင့် ပါးစပ်ဝိုင်းကာ အနီးကပ်သွားများရှိသည်။


တွင်းထွက်သလင်းကျောက်ဖြင့် ပြုလုပ်ထားသည့် ချွန်ထက်သော လှံတံတစ်ချောင်းကို ကိုင်ဆောင်ကာ ရေဘဝဲခေါင်းဆောင်က အော်လိုက်သည်။ 


"ဂဏန်း၃... မင်းနောက်ကို ဘယ်သူတွေလိုက်လာတာလဲ... ငါတို့ ရွှေပုစွန်မျိုးနွယ်စုရဲ့ နယ်မြေထဲကို အပြင်လူတွေ ခေါ်လာရဲတယ်ပေါ့..."


ရေဘဝဲကျင့်ကြံသူ၏ အသံသည် ၎င်းတို့ပတ်ဝန်းကျင်ရှိ ရေများကို လှိုင်းလုံးများဖြင့် လှုပ်ခတ်သွားသလို ထူးခြားသောအသံမျိုး ဖြစ်ပုံရသည်။


ဂဏန်း၃သည် ရွှေပုစွန်မျိုးနွယ်စု၏ ဂဏန်းခေါင်းဆောင်ဖြစ်သည်။ အမှန်တကယ်တွင် ရွှေပုစွန် မျိုးနွယ်စု၌ ရွှေပုစွန်များသာရှိခြင်းမဟုတ်ပေ။


အခြားသော မျိုးနွယ်စုများနှင့် မျိုးနွယ်စုများမှ ကျင့်ကြံသူ အများအပြားသည် ၎င်းတို့ကို လက်အောက်ခံကာ ကြီးကျယ်သော မျိုးနွယ်စုကို ဖန်တီးခဲ့ကြသည်။


မည်သို့ပင်ဖြစ်စေ ရွှေပုစွန်များသည် ရွှေပုစွန်မျိုးနွယ်စု၏ အဓိက ခေါင်းဆောင်များ ဖြစ်ကြသည်။


အဆုံးမဲ့ပင်လယ်ကြီးသည် အလွန်ကျယ်ပြောလှသည်။ သို့သော်လည်း သမုဒ္ဒရာမျိုးစိတ်သတ္တဝါများသည် သဘာဝအရင်းအမြစ်များကို ပြိုင်ဆိုင်ရန် အချိန်တိုင်း စစ်ပွဲများ ဖြစ်လျက်ရှိကြသည်။


ထို့ကြောင့် ပင်လယ်ထဲရှိ သတ္တဝါတော်တော်များများသည် သန်မာသည့် မျိုးနွယ်စုများကို မှီခို၍ ၎င်းတို့၏ လက်အောက်ငယ်သားများနှင့် အစောင့်များဖြစ်လာကြသည်။


၎င်းတို့သည် အသန်မာဆုံးဖြစ်သောကြောင့် မဟူရာနဂါးမျိုးနွယ်စုမှ မဟူရာနဂါးဘုရင်သည် အဆုံးမဲ့ပင်လယ်ထဲတွင် ကျွမ်းကျင်သူများစွာကို စုရုံးခဲ့ပြီး ၎င်းတို့ကို အခြားမျိုးနွယ်စုများကို ကြောက်လန့်စေမည့် အပြင်းထန်ဆုံးသော အင်အားဖြစ်စေခဲ့သည်။


မဟူရာနဂါးဘုရင် ကိုရင်ဆိုင်ရသည့်အခါတွင် သူ၏အုပ်ချုပ်မှုအောက်တွင် မဖြစ်ချင်ကြသော သမုဒ္ဒရာမျိုးစိတ်များ၏ တခြားအဖွဲ့ဝင်များသည် ခုခံရန် စုရုံးခဲ့ကြပြီး ထိုအထဲတွင် ရွှေပုစွန်မျိုးနွယ်စုလည်း ပါဝင်ခဲ့သည်။


အဆုံးမဲ့ပင်လယ်ကိုအုပ်စိုးခဲ့သော ပုစွန်ဘိုးဘေးများ မရှိသောကြောင့် ရွှေပုစွန်မျိုးနွယ်စုသည် အင်အားအနည်းငယ်သာရှိတော့သည်။ မဟူရာနဂါးဘုရင်ထံမှ ကာကွယ်ရန် သူတို့ကိုယ်တိုင် ရုန်းကန်ခဲ့ရသည်။


"ရေဘဝဲအကိုကြီး...ကျွန်တော့နောက်မှာ လိုက်လာတဲ့သူတွေက..." ဂဏန်း၃သည် ရှုံ့မဲ့ကာ အခြေအနေကို ရှင်းပြရန် ကြိုးစားခဲ့သည်။


သို့သော် သူရှင်းပြခါနီးတွင် ရေဘဝဲကျင့်ကြံသူသည် အနှောင့်အယှက်လိုက်သည်။


သူကဲ့သို့ပင် ရေဘဝဲအကိုကြီးသည် ရွှေပုစွန်မျိုးနွယ်စု၏ ကင်းလှည့်တပ်ဖွဲ့ဝင်များဖြစ်သည်။ သို့သော် ၎င်းတို့သည် မတူညီသော တပ်ဖွဲ့များမှ ဖြစ်ကြသည်။ ရေဘဝဲတပ်နှင့် ဂဏန်းတပ်သည် အမြဲတမ်း ပြိုင်ဆိုင်နေသည်။


ယခုမူ ထိုလူသားသည် သူ၏တပ်ကို ဘယ်သို့လွှတ်လိုက်သည်မသိ။ ထို့ကြောင့်သူသည် ယုံကြည်ချက်မရှိစွာဖြင့် အကိုကြီးရေဘဝဲနှင့် ရင်ဆိုင်နေရသည်။


ပို၍အရေးကြီးသည်က သူသည် ပြဿနာမတက်လိုပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ပုစွန်ဘိုးဘေးသည် ထိုသင်္ဘောပေါ်တွင် ရှိသောကြောင့်ဖြစ်သည်။


ပုစွန်ဘိုးဘေးသည် နောက်ဆုံးတွင် ရွှေပုစွန်မျိုးနွယ်စုသို့ ပြန်လာပြီဖြစ်သည်။ ဘယ်သူကသူ့ကိုဟန့်တားဝံ့သလဲ... 


ဟုတ်ပါတယ် ထိုကဲ့သို့အဖြစ်အပျက်မျိုး ကြုံလာသည့်အခါ သူတို့သည် ဘုရင်ကြီးထံ တင်ပြရမည်။


"ဆင်ခြေတွေ ရပ်လိုက်စမ်းပါ… မင်းပြောချင်တာကို ငါသိပါတယ်...ဒါပေမယ့် ရွှေပုစွန်မျိုးနွယ်ရဲ့ အစောင့်တွေ အနေနဲ့ ရွှေပုစွန်မျိုးနွယ်နားကို လာနေတဲ့ သတ္တဝါအားလုံးကို ကြိုတင်သတိထားပြီး တားဆီးဖို့ တာဝန်ရှိတယ်...မင်းအစောင့်တွေ့ရဲ့ စည်းမျဉ်းကို ချိုးဖောက်လိုက်ပြီဆိုတာ သိတယ်မလား... မင်းကိုဆီဒယ်အိုးထဲ ထည့်ထားမယ် နားလည်လား ..."


ရေဘဝဲအကိုကြီး၏ လေသံများစူးရှလာသည်နှင့်အမျှ လက်တံရှစ်ခုသည် ဝေ့ဝဲလျက်ရှိသည်။ သူ၏ လှံရှည်ကို ကိုင်ကာ ဂဏန်း၃ကို ချိန်ရွယ်နေသည်။


ဂဏန်း၃၏မျက်နှာသည် မီးခိုးရောင်ဖြစ်သွားပြီး ပြောလိုက်သည်။ "ပြဿနာမရှာစမ်းနဲ့...ငါ့မှာမင်းနဲ့ရန်ဖြစ်ဖို့ အချိန်မရှိဘူး... စိတ်လည်းမပါဘူး..."


"ဟေး...ဂဏန်း၃ မင်းကြောက်နေတယ်မလား...ငါဆိုတဲ့ ရေဘဝဲအကိုကြီး မင်းကိုရွံတယ်...ဒါကြောင့် မင်းအနောက်က သူစိမ်းတွေကို ငါတို့ရဲ့ ရွှေပုစွန်မျိုးနွယ်စုထဲကို ခေါ်ဆောင်ခွင့်မပြုနိုင်ဘူး..."


ရေဘဝဲအကိုကြီးသည် မျက်လုံးများကို‌ ရွေ့လျားကာ ပြောလိုက်သည်။ သူ၏လှံရှည်ကို ကိုင်လိုက်သည့်အချိန်တိုင်း လှိုင်းလုံးကြီးများက ပတ်ဝန်းကျင်တွင် တက်လာသည်။


“မဟုတ်ရင်… မင်းအနောက် အဲဒီအနက်ရောင် သင်္ဘောပေါ်က လူတွေရဲ့ အထောက်အထားတွေကို စစ်ဆေးခွင့်ပြုပါ..."


စစ်ဆေး... စစ်ဆေးမယ်တဲ့လား...


ဂဏန်း၃သည် စိတ်ရှုပ်ထွေးပြီး မျက်နှာသည် အနက်ရောင် ပြောင်းသွားသည်။


ဒီရေဘဝဲက သူ့မျက်နှာကို မလိုတော့ဘူးထင်တယ်...သူ့ရှေ့မှာ ရာရာစစ ကြွားဝါရဲတယ်တဲ့လား...သာမာန်အခြေအနေတွင် ဂဏန်း၃ သည် ၎င်း၏လက်မများကို ကိုင်ဆောင်ကာ အဆိုပါရေဘဝဲကို အကြိမ်သုံးရာတိုင်တိုင် တိုက်ခိုက်ရန် သေချာပါသည်။


သို့သော် ယခုအချိန်တွင် သူမလုပ်ရဲပေ။ သူ၏ဒေါသများကို မျိုချပစ်လိုက်သည်။


ရုတ်တရက်...


ဂဏန်း ၃ ၏ ခန္ဓာကိုယ်သည် တောင့်တင်းလာကာ သူ၏မျက်နှာသည် အဆင်မပြေဖြစ်လာသည်။ သူ၏နောက် ငရဲကမ္ဘာသင်္ဘောဆီမှ စိတ်မပါသည့် အသံတစ်ခုထွက်လာသည်။


" မင်းငါတို့ကို စစ်ဆေးချင်တာလား... ကောင်းပြီ လာခဲ့လေ...


ထိုအသံသည် အင်မတန် တည်ငြိမ်လှသည်။ အလွန်တည်ငြိမ်သည့်အတွက် အနားတွင်ရှိသော သမုဒ္ဒရာမျိုးစိတ် ကျင့်ကြံသူများသည် အံ့ဩသွား၏။


ခဏအကြာတွင် ရေဘဝဲအကိုကြီး၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ အဲ့ဒီလူတွေက ဒီရေဘဝဲကို အထင်အမြင်သေးရဲတယ်တဲ့လား...


သူ၏လှံရှည်ကို ကိုင်လျက် ရေဘဝဲအကိုကြီးသည် ရေထဲသို့ ဆင်းလာသည်။ ခဏအကြာတွင် သူသည် ဂဏန်း၃ ဆီသို့ရောက်ရှိပြီး ဘေးတွင် ရပ်လိုက်သည်။


" ဂဏန်း၃… မသိတဲ့လူတွေကို ရွှေပုစွန်မျိုးနွယ်ဆီ ခေါ်လာဖို့ အိပ်မက်မမက်သင့်ဘူး..အရင်တုန်းက တတိယအိမ်ရှေ့မင်းသားကို မင်းလွှတ်လိုက်တုန်းက ဘုရင်မင်းမြတ်က မင်းကိုအမျက်ထွက်ခဲ့တယ်... ဒီနေ့ မင်းကို ဘုရင်ကြီးကိုယ်စား ငါအပြစ်ပေးမယ်..."


ရေဘဝဲအကိုကြီးသည် မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။ ထို့နောက် ငရဲကမ္ဘာသင်္ဘောဆီသို့ တရွေ့ရွေ့ ချည်းကပ်လာသည်။


ငရဲကမ္ဘာသင်္ဘောအား နက်မှောင်သော ငရဲစွမ်းအင်အလွှာဖြင့် ဖုံးအုပ်ထားသောကြောင့် ရေဘဝဲအကိုကြီးနှင့် သူ၏အစောင့်များသည် သင်္ဘောပေါ်ရှိ မည်သည့်အရာကိုမျှ မမြင်နိုင်ပေ။


ထို့ကြောင့် အနားသို့ ကပ်လာတာ စစ်ဆေးခြင်းဖြစ်သည်။


ဂျိန်း... ဂျိန်း...


ရုတ်တရက် အနက်ရောင် ငရဲကမ္ဘာ သင်္ဘောပေါ်ရှိ အမှောင်စွမ်းအင်သည် နှစ်ခြမ်း ကွဲသွားသည်။ ချက်ချင်းပင် ရေဘဝဲအကိုကြီးသည် သင်္ဘောပေါ်ရှိအရာများကို မြင်တွေ့နိုင်သွားသည်။


" အမ်... လူသားတွေလား..."


ရေဘဝဲအကိုကြီးသည် လက်များယှက်ကာ ရပ်နေသည့် ပုဖန်အပြင် ကုန်းပတ်ပေါ်တွင် သူမ၏လှပသောခြေထောက်များကို ချိတ်ထားသည့် လှပသော နယ်သာရီ နှင့် ပန်းကလေး တို့ကို မြင်လိုက်ရသည်။


သက်ရှိ လူသားသုံးယောက်တဲ့လား...


ရေဘဝဲအကိုကြီး၏ နှုတ်ခမ်းများ တွန့်ချိုးသွားသည်။


သူတို့ပြောတာ လူအသားက အရမ်းအရသာရှိတယ်တဲ့...


ဂဏန်း၃သည် သက်ရှိလူသား သုံးယောက်ကိုသူ၏နောက်တွင် ဖွက်ထားမည်ဟု မထင်လိုက်ပေ။ဂဏန်း ၃ရဲ့ ရည်ရွယ်ချက်က ဘာပါလိမ့်...


မည်သို့ပင်ဖြစ်စေ... ထိုလူများသည် ဂဏန်း၃၏ သားကောင်များဖြစ်လျှင် သူ၏အစာအိမ်ကို ယနေ့ဖြည့်နိုင်မည်ဖြစ်သည်။


သူသည်အရသာရှိသော လူ့အသားများကို မစားသုံးခဲ့ရသည်မှာ ကာလကြာခဲ့ပြီဖြစ်သည်။


ဂဏန်း၃သည် သွားရည်ကျနေသော ရေဘဝဲကျင့်ကြံသူကိုကြည့်၍ ကြောက်လန့်သွားသည်။


ပုဖန်ကမူ လက်များကိုယှက်လျက် သူတို့၏မျက်လုံးများ ရေအောက်တွင် ဆုံသွားသည်အထိ ရေဘဝဲ ကျင့်ကြံသူကို ကြည့်နေသည်။


" မင်္ဂလာပါ...လူသား..." ရေဘဝဲ ကျင့်ကြံသူသည် အခြားသူ၏ အရသာရှိကာ နူးညံ့သည့် အသားအရေများကို ကြည့်ကာ ပြုံးလိုက်သည်။


ရေဘဝဲအကိုကြီးသည် သူ၏အစာအိမ်မှာ စားချင်စိတ်များဖြင့် လှုံ့ဆော်နေသည်ကို ခံစားလိုက်ရသည်။


" မင်းငါတို့ကို စစ်ဆေးချင်တယ်လို့ ကြားတယ်..." ပုဖန်ပြောလိုက်သည်။


ရေဘဝဲအကိုကြီးသည် အံ့ဩကာ မျက်မှောင်ကြုတ်လျက် သူ၏လှံရှည်ကို ဆွဲထုတ်လိုက်သည်။ ပုဖန်တို့ အဖွဲ့အပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ တဖြည်းဖြည်း ကျရောက်လာသည်။


"မင်းတို့ကောင်တွေ ပုန်ကန်သူတွေနဲ့ ပတ်သက်တာတွေ ရှိကောင်းရှိနိုင်တယ်… မင်းရဲ့ လှေပေါ်က ဆင်းပြီး စစ်ဆေးခွင့်ပေးပါ..."  


ရေဘဝဲ ကျင့်ကြံသူက ပြောသည်။


သူတို့နှင့် အဝေးတစ်နေရာတွင် ဂဏန်း၃သည် သူ၏မျက်နှာကို ကွယ်ထားသည်။ သူသည် ရေဘဝဲအကိုကြီး၏ သနားစဖွယ် ကံကြမ္မာကို ကြိုမြင်နေပြီဖြစ်သည်။


ထိုလူသားသည် ရက်စက်ကြမ်းကြုတ်ပြီး ဂဏန်း၃သည် ထိုကဲ့သို့ ရက်စက်ကြမ်းကြုတ်ခြင်းကို ပထမဆုံး လက်တွေ့ကြုံခဲ့ရဖူးသည်။ အရင်က ဖြစ်ပျက်ခဲ့သည်များကို ပြန်သတိရပြီး အခုချိန်ထိ ထိတ်လန့်နေဆဲပင်။


ထို့အပြင် အခန်းအတွင်း၌ လျှပ်စီးကြောင်းများကို ထုတ်လွှတ်နိုင်သည့် ကြောက်စရာကောင်းသော သံရုပ်သေးရုပ်လေးလည်း ရှိသေးသည်။


လျှပ်စီးလက်သွားသောအခါ…ရေဘဝဲအကိုကြီးသည် ရေဘဝဲကင်တစ်ကောင် ဖြစ်လာမည်မှာ သေချာသည်။


"ငါတို့ စစ်ဆေးခံရဖို့ သင်္ဘောပေါ်ကဆင်းရမှာလား... ငါစိတ်မဝင်စားဘူး... သင်္ဘောပေါ်ကလည်း မဆင်းချင်ဘူး...ဘာပဲဖြစ်ဖြစ် မင်းကို ကောင်းတာလေးတစ်ခု ပြမယ်..." 


ပုဖန်သည် သူ၏အနီရောင်ဝတ်ရုံကို ဖြည်းညှင်းစွာ လှုပ်ရမ်း၍ လျစ်လျူရှု့ကာ ပြောလိုက်သည်။


ကောင်းတဲ့တစ်စုံတစ်ရာတဲ့လား...ဘာများလဲ... ရေဘဝဲအကိုကြီးသည် အံ့အားသင့်သွားသည်။


လက်ခုပ်တီးလျက် ပုဖန်၏ နှုတ်ခမ်းထောင့်များ မြင့်တက်လာသည်။


"ဝှိုက်တီရေ လေ့ကျင့်ခန်းလုပ်ဖို့ ဒီကိုခဏ ထွက်ခဲ့ပါဦး..."


ပုဖန်ပြောလိုက်သည်နှင့် ငရဲကမ္ဘာသင်္ဘော၏ အခန်းတွင်းမှ ခြေသံများ ဖြေးညှင်းစွာ ထွက်လာသည်။


ဂျိန်း... ဂျိန်း...


ကုန်းပတ်ရွေ့လျားသွားသည်နှင့် ရေသည် တဖြည်းဖြည်း တုန်ခါလာသည်။


ရေဘဝဲအကိုကြီးသည် အခန်းတွင်းကိုကြည့်လျက် မျက်မှောင်ကြုတ်သွားသည်။ ရုတ်တရက်ပင် သူသည် ပြင်းထန်သောဖိအားကို ခံစားလိုက်ရသည်။


ဘာတွေဖြစ်နေတာလဲ... အခန်းထဲမှာ ဘာရှိတာလဲ...


ရွဲ... ရွဲ...


ရေဘဝဲအကိုကြီးက ရေပေါ်ဖြတ်ကူးနေသော လျှပ်စီးကြောင်းလှိုင်းကို ရုတ်တရက် ခံစားလိုက်ရသည်။ တစ်ခဏတွင်းချင်းမှာပင် ‌အကြောသေ သကဲ့သို့ ဖြစ်သွားသည်...


အကြောသေတယ်.


ဒီ သောက်အကြောသေတယ်ဆိုတဲ့ ခံစားချက်ကြီး ဘယ်ကရောက်လာတာလဲ...


ရေဘဝဲအကိုကြီး၏ မျက်လုံးများ ကျဉ်းမြောင်းလာသည်။ သင်္ဘောကိုကြည့်၍ ပင်လယ်ရေထဲသို့ ဆင်းလာ၏။


သံဝိုင်းရုပ်သေးကောင် အခန်းတွင်းမှ ခုန်ဆင်းလာလေသည်။ ထိုရုပ်သေး၏မျက်လုံးများနှင့် ခန္ဓာကိုယ်အနှံ့ လျှပ်စီးကြောင်းများပါရှိသည်။


လျှပ်စီးကြောင်းများ...


ခဏနေပါဦး... လျှပ်စီးကြောင်းတွေတဲ့လား...


ရေဘဝဲအကိုကြီးအံ့ဩသွားပြီး အော်လိုက်သည်။


ဝှိုက်တီ၏ မျက်လုံးများ တောက်ပနေသည်။ ထို့နောက် ၎င်း၏နောက်ကျောရှိ သတ္တုအတောင်ပံများသည် ဝမ်းဗိုက်အတွင်းရှိ တွင်းနက်များ ထွက်ပေါ်လာချိန်တွင် ပွင့်ထွက်သွားသည်။ နတ်ဘုရားသတ်တုတ်ကို တွင်းနက်ထဲမှ ဆွဲထုတ်လိုက်ရာ ရေဘဝဲအကိုကြီးဆီသို့ ဦးတည်သွားသည်။


ရွဲ...ရွဲ...ရွဲ...


နတ်ဘုရားသတ်တုတ်၏ မိုးကြိုးများက ပတ်ပတ်လည်ရှိ ရေများကို အရူးအမူးပေါက်ကွဲစေခဲ့သည်။ လှိုင်းလုံးကြီးများ တဟုန်ထိုး တက်လာသည်။


ရေဘဝဲအကိုကြီး စူးစူးဝါးဝါးအော်ဟစ်လိုက်သည်။ သူ၏ အသံလှိုင်းများသည် တစ်ခုပြီးတစ်ခု ကျယ်ပြန့်လာကာ ၎င်းတို့အနီးရှိ သမုဒ္ဒရာမျိုးစိတ်များ၏ ကျင့်ကြံသူများအား ခေါင်းကိုက်စေသည်။


သို့သော် ယခုအချိန်တွင် ရေဘဝဲအကိုကြီး၌ ရွေးချယ်စရာ မရှိတော့ပေ။


နတ်ဘုရားသတ်တုတ်က သူ၏အကောင်းဆုံး စွမ်းအားများကို အသုံးပြုကာ ‌သူ့အား ရိုက်နှက်နေခဲ့သည်။ တုတ်ချောင်းပေါ်ရှိ လျှပ်စီးကြောင်းများသည် သူ့အား အလွန်ကြောက်လန့်စေခဲ့သည်။


လှံရှည်ဖြင့် သူ၏အစွမ်းကို အစွမ်းကုန်ထုတ်ကာ တွန်းထုတ်လိုက်သည်နှင့် ရေနဂါးများသည် နေရာအနှံ့ ပျံတက်သွားကြသည်။


သို့သော်...


၄င်းတို့ အစိတ်စိတ်အမြွာမြွှာ ဖြစ်သွားသည်။


သူ ထိတ်လန့်သွားပြီး ကွဲအက်နေသော လှံရှည်နှင့် သူ့အားအပေါ်မှရိုက်နေသော မိုးကြိုးတုတ်ကို ကြည့်နေသည်။


ရွဲ...ရွဲ...


အချိန်ခဏလေးအတွင်းမှာပင် သူ့ကို လုံးလုံးလျားလျား ဖုံးလွှမ်းနေသော မိုးကြိုးသည် ကျယ်ပြန့်လာ၏။ သူ၏ခန္ဓာကိုယ်သည် အထိန်းအကွပ်မရှိ တုန်လှုပ်သွားသည်။


နောက်ဆုံးတွင် အချိန်ခဏကြာပြီးနောက် သူ၏မူလခန္ဓာကိုယ်ဖြစ်သော ‌လက်ရှစ်ချောင်းနှင့် ဧရာမ ရေဘဝဲကြီးသို့ ပြောင်းသွားသည်။ ထိုဧရာမ ရေဘဝဲကြီးသည် မျက်လုံးဝေ့ကြည့်၍ လက်ရှစ်ချောင်းကို ရေမြှုပ်ကဲ့သို့ လှုပ်ရှားနေသည်။


သူတို့သည် ပင်လယ်ရေအောက်ရောက်နေသော်လည်း ရေဘဝဲကင် ရနံ့ကို ရနေကြပုံပေါ်သည်။


ဂဏန်း၃သည် အံ့ဩနေသည်။ ရေဘဝဲ အကိုကြီး သေခါနီးဖြစ်သည်အထိ ဓာတ်လိုက်ခံလိုက်ရတာလား...


နတ်ဘုရားသတ်တုတ်...ဝှိုက်တီ့လက်ထဲသို့ ပြန်ရောက်သွားသည်။ အနီရောင်သံချောင်းကို ပခုံးပေါ်တင်လိုက်ပြီးနောက် လျှပ်စီးကြောင်းများသည် မျက်လုံးမှတစ်ဆင့် ထိုနေရာသို့ ဖြတ်သွားသည်။


ပုဖန် လက်ကိုမြှောက်၍ ဝှေ့ယမ်းလိုက်နှင့်ရေဘဝဲ ခန္ဓာကိုယ် ရေတွင်ပေါ်ပြီး မျောလာသည်။


ရေဘဝဲလက်တစ်ချောင်းကို ကိုင်လိုက်သောအခါတွင်ခန္ဓာကိုယ်ရှိ လျှပ်စီးကြောင်းများက ပုဖန်ဆီသို့ရောက်ကာ ပုဖန်၏မျက်ခုံးများကို အနည်းငယ် တွန့်ချိုးသွားစေသည်။


ထိုလျှပ်စီးသည် အမှန်ပင် အစွမ်းထက်သည်။ မိုးကြိုးအပြစ်ဒဏ်ဟု ခေါ်ဆိုထိုက်ပေသည်။


ပုဖန်၏ စစ်မှန်သော စွမ်းအင်သည် လျှံတက်လာပြီး လျှပ်စီးကြောင်းများကို တွန်းထုတ်လိုက်သည်။ သူ၏လက်သည် တစ်ကြိမ် တုန်ခါသွားပြီး ရေဘဝဲ ကျင့်ကြံသူသည် လေထုထဲတွင် ကွယ်ပျောက်သွားသည်။


"ဘယ်လိုတောင်ဝတဲ့ ရေဘဝဲကြီးလဲ... အလဿဟ မဖြုန်းတီးသင့်ဘူး..."


 ပုဖန် ရေရွတ်လိုက်သည်။


ကဏန်း၃သည် ပါးစပ်မှ ပွစိပွစိ ဖြစ်နေသည်... သုံးစက္ကန့်ကြာ သောင်းကျန်းနေသော ညီအစ်ကို ရေဘဝဲအကိုကြီးသည် သူ၏ဂဏန်းတပ်နောက်သို့ လိုက်သွားခဲ့လေပြီ။(သေသွားတာကိုပြောတာ)


သူတို့အတွက် မည်ကဲ့သို့အိပ်မက်ဆိုးမျိုး စောင့်နေမှန်း သူ မသိခဲ့ပေ ။ဤလူသားသည် သမုဒ္ဒရာမျိုးစိတ်တစ်ခုလုံးကို သုတ်သင်ရန် လာခဲ့တာလား...


ဝုန်း... ဝုန်း...


ဂဏန်း၃ ထိုနေရာတွင် ကြောင်အစွာ ရပ်နေချိန်၌ သူ၏ဝိညာဉ်သည် တုန်လှုပ်သွားသည်။ လှည့်ကြည့်လိုက်‌သောအခါတွင် သမုဒ္ဒရာထဲမှ တပ်ဖွဲ့ဝင်များသည် မြို့ဝင်ပေါက်၏ နှစ်ဘက်ခြမ်းတွင် တန်းစီနေပြီး သလင်းကျောက်မြို့တော်ကို ထွက်သွားသည်ကို မြင်လိုက်ရသည်။


ခရုသင်းချိုများမှုတ်သံ ပဲ့တင်ထပ်သည်။ တဖျပ်ဖျပ်ခတ်နေသော ဂုံးကောင်များသည် နေရာတစ်ခုလုံးကို ပြည့်နှက်စေသော တေးသွားကို ဖန်တီးခဲ့သည်။


ရွှေရောင်ဆံနွယ်နှင့် ကျင့်ကြံသူအများအပြားသည် မြို့ထဲမှ လွင့်မျောလာကြသည်။


ထိုအဖွဲ့၏ခေါင်းဆောင်ကို မြင်လိုက်သည့်အခိုက်တွင် ဂဏန်း၃၏ အမူအရာ ပြောင်းလဲသွားသည်။


" ဒါ အရှင်မင်းကြီးပဲ... ဒီနေရာကို အရှင်မင်းကြီးကိုယ်တိုင် ကြွလာတာလား..."