အပိုင်း ၉၃၁
Viewers 54k

အခန်း ၉၃၁

လောကဝတ်သည်ပထမ...


သမုဒ္ဒရာမျိုးစိတ် ကျင့်ကြံသူများ ထိုသလင်းကျောက်မြို့မှ ထွက်လာသောအခါ ခရုသင်းများမှ တေးဂီတများ တီးမှုတ်ကြပြီး ပင်လယ်ဂုံးကောင်များသည်လည်း သာယာ၍ ကျက်သရေရှိသော လေထုကို ဖန်တီးနေကြသည်။


ပုဖန်သည် ထိုမြင်ကွင်းကို စိတ်ဝင်တစား ကြည့်နေမိသည်။


ကျင့်ကြံသူအဖွဲ့ကို ရွှေရောင်ဆံပင်နှင့် ငါးခူနှုတ်ခမ်းမွေးရှိသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ဦးဆောင်လာသည်။ ကျဉ်းမြောင်းသော မျက်လုံးများ နှင့်အပြုံးဖြင့် ပျော်ရွှင်နေသော မျက်နှာအမူအရာသည် လူများကို စိတ်ပေါ့ပါးစေသည် ။


သလင်းကျောက်မြို့မှ ထွက်လာသော ကျင့်ကြံသူများနှင့် ၎င်း၏ စစ်အင်အားကြီးသည် ရွှေပုစွန်မျိုးနွယ်မှ ကျင့်ကြံသူများ ဖြစ်ကြပြီး သူတို့၏ ခေါင်းဆောင်မှာ ရွှေပုစွန်မျိုးနွယ်၏ အိမ်ရှေ့မင်းသားမှလွဲ၍ အခြား မဟုတ်ပေ။ 


ဂဏန်း၃သည် အေးစက်သောလေကို ရှုရှိုက်လိုက်သည်။ အိမ်ရှေ့မင်းသား ကိုယ်တိုင် ထွက်လာမည်ဟု သူလုံးဝ မထင်ထားပေ။ ဒါမှမဟုတ် အိမ်ရှေ့မင်းသားက ပုစွန်ဘိုးဘေးကို အာရုံခံမိတာများလား...


ထိုကဲ့သို့ဆိုလျှင် အနည်းငယ် ဖြစ်နိုင်ချေရှိသည်။


ပုစွန်ဘိုးဘေးများ၏ အဆင့်အတန်းကို အနှိုင်းမဲ့ ကြည်ညိုလေးစားကြပြီး ရွှေပုစွန်မျိုးနွယ်စုရှိ လူတိုင်းသည် ၎င်းတို့အပေါ် မျှော်လင့်ချက် ထားခဲ့ကြသည်။ ပုစွန်ဘိုးဘေးများ ပေါ်လာမည်ဆိုပါက ရွှေပုစွန်မျိုးနွယ်စုသည်လည်း ပေါ်လာမည်မှာ သာမန်ပင်ဖြစ်သည်။


အိမ်ရှေ့မင်းသား အောင်းရှန့်သည် တစ်ချက်ကြည့်လိုက်ပြီးနောက် ဝှိုက်တီ၏ ဦးခေါင်းထိပ်တွင် ပုစွန်ဘိုးဘေးကို တွေ့လိုက်ရသည်။


ပုစွန်ဘိုးဘေးကို မြင်လိုက်ရသောအခါ သူ၏မျက်လုံးများသည် ရုတ်တရက်လင်းသွား၏။ မယုံနိုင်စရာပဲ... ပုစွန်ဘိုးဘေးက တကယ်ပြန်လာတယ်...


ယခင်က အောင်းပိုင် ဤစကားများပြောစဉ်က ယုံရခက်ခဲ့‌သော်လည်း မမျှော်လင့်သည့် အချိန်တိုလေးအတွင်းမှာပင် ပုဇွန်ဘိုးဘေးကို ပြန်ခေါ်လာခဲ့သည်


ဤကိစ္စနှင့် ပတ်သက်၍ ပုဖန်၏အဖွဲ့ကို နှုတ်ဆက်ရန် ရှေ့တိုးလာသောအခါ အောင်းရှန့်၏ မျက်နှာပေါ်ရှိ အပြုံးသည် ပို၍ ပြင်းထန်လာသည်။


"ဂဏန်းခေါင်းဆောင်... အခုပြန်သွားပြီးတော့ အနားယူလိုက်ပါ...ကျန်တဲ့ကိစ္စကို ကျွန်တော်နဲ့ လွှဲထားပါ..." 


အောင်းရှန့် ပြုံးလျက် ပြောလ်ိုက်သည်။


အောင်းရှန့်၏ ပြုံးနေသော မျက်နှာကို မြင်လိုက်သည့်အခါ ဂဏန်း၃သည် စိတ်ဖိစီးသွားသည်။ အကွာအဝေးတစ်ခုသို့ နောက်မဆုတ်ပေးခင် သက်ပြင်းချလိုက်သည်။


ယခင် တတိယအိမ်ရှေ့မင်းသားကို သူလွှတ်လိုက်လိုက်စဉ်က အောင်းရှန့်သည် အမှန်တကယ်ပင် ဒေါသထွက်ခဲ့သည်။


သို့သော်လည်း ဤကိစ္စသည် အခြားဖြေရှင်းချက်တစ်ခုမျှ မရှိခဲ့ပေ။ တတိယအိမ်ရှေ့မင်းသားသည် သူ့ကို ကောင်းကောင်းဆက်ဆံသည်။ ထို့ကြောင့် တတိယမြောက် အိမ်ရှေ့မင်းသားကို အိမ်ရှေ့မင်းသားက သတ်ဖြတ်ရန် ပြုလုပ်ခြင်းကို ကူကယ်ရာမဲ့ မကြည့်နိုင်ခဲ့ခြင်း ဖြစ်သည်။


ပုဖန် သူ၏ရှေ့မှ ဆံပင်ရွှေရောင်နှင့်လူကို ကြည့်လိုက်သည်။ ထိုသူသည် အောင်းပိုင်နှင့် အနည်းငယ် တူသော်လည်း အောင်းပိုင်းနှင့်ယှဉ်ပါက အုံ့မှိုင်းပြီး ပို၍ စေ့စပ်သေချာပုံရသည်။


ပုဖန်၏ အဖွဲ့ရှေ့သို့ လျှောက်လာစဉ် ရွှေရောင်ဆံပင်နှင့်လူသည် ဂုဏ်ကျက်သရေရှိလှသည်။ သူသည် ပုစွန်ဘိုးဘေးအကြောင်းကို စကားမစပေ။ ပုဖန်နှင့် အခြားသူများကို နှုတ်ဆက်ကာ သလင်းကျောက်နန်းတော်သို့ လာရန်ဖိတ်ခေါ်လိုက်သည်။


နယ်သာရီသည် ငရဲကမ္ဘာသင်္ဘောကို ထားခဲ့ကာ ပုဖန်နောက်မှလိုက်ပြီး သလင်းကျောက်မြို့တော် အတွင်းသို့ ဝင်လိုက်သည်။


မြို့တော်တွင်းသို့ရောက်သည်နှင့် နှစ်ဖက်လုံးရှိ သမုဒ္ဒရာမျိုးစိတ် ကျင့်ကြံသူများသည် ပုဖန်တို့အဖွဲ့ကို ကြည့်နေကြသည်။


ဝှိုက်တီ၏ဦးခေါင်းထိပ်တွင် လဲလျောင်းနေသော ပုစွန်ဆိတ်လေးသည် ပူဖောင်းများကို ရှူထုတ်‌နေသည်ကို တွေ့လိုက်သောအခါ ကြောက်ရွံ့တုန်လှုပ်သွားပြီး ဒူးထောက်လိုက်သည်။


အချို့သော သမုဒ္ဒရာမျိုးစိတ် ကျင့်ကြံသူများသည် စိတ်လှုပ်ရှားပျော်ရွှင်ပြီး ၎င်းတို့၏မျက်နှာတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။


ပုစွန်ဘိုးဘေး ပြန်လာခဲ့ပြီ...သူတို့တွေ ထိပ်ဆုံးကို နောက်ထပ် ခြေလှမ်း လှမ်းနိုင်တော့မည်...


"ပုစွန်ဘိုးဘေးက ရွှေပုစွန်မျိုးနွယ်စုရဲ့ နတ်ဘုရားပဲ...ငါတို့ရဲ့ ပုစွန်ဘိုးဘေးကို ပြန်ခေါ်လာပေးတဲ့အတွက် မင်းကို တကယ် ကျေးဇူးတင်တယ်..."


အောင်းရှန့် ပတ်ဝန်းကျင်ကို လှမ်းကြည့်ပြီး သူ၏နောက်မှလိုက်လာသည့် ပုဖန်နှင့် စကားပြောသောအခါ သူ၏မျက်နှာပေါ်မှ အပြုံးသည် ပိုပို၍ ပြင်းထန်လာခဲ့သည်။


"မင်းရဲ့ ပုစွန်ဘိုးဘေးကို ပြန်ခေါ်လာတယ်လို့ ငါဘယ်တုန်းက ပြောလို့လဲ..." 


 ပုဖန် မျက်မှောင်ကြုံလျက် အောင်းရှန်ကို လျစ်လျူရှု့ပြီး ပြောလိုက်သည်။


အောင်းရှန့်၏ မျက်နှာမှအပြုံးက ရုတ်တရက် အေးခဲသွားသည်။


"သခင်ကြီး နောက်နေတာမလား... ပုစွန်ဘိုးဘေးက ကျွန်တော်တို့ ရွှေပုစွန်မျိုးနွယ်စုက ပိုင်တာပါ... သခင်ကြီး ဒီကိုလာတာ ပုစွန်ဘိုး‌ဘေးကို ပြန်ပေးဖို့ မဟုတ်ဖူးလား... ဒါမှမဟုတ် သင်ထွက်သွားတဲ့အခါ ပုစွန်ဘိုးဘေးကို သင်နဲ့တူတူ ခေါ်သွားချင်တာလား..."


"ဒါပေါ့... ငါကပုစွန်မျိုးနွယ်စု ပိုင်နက်နားက ခဏဖြတ်လာတာ... အစတည်းက ငါဒီကို အောင်းပိုင် နဲ့တွေ့ဖို့လာတာ... သူဘယ်မှာလဲ..."


အောင်းပိုင်၏ နာမည်ကိုကြားသောအခါ ပတ်ဝန်းကျင်မှ သမုဒ္ဒရာမျိုးစိတ် ကျင့်ကြံသူများ၏ အမူအရာများ ပြောင်းလဲသွားပြီး လေထုသည် ရုတ်တရက် တင်းမာလာသည်။


အားလုံးက ပုဖန်ကို သတိထားပြီး ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေကြသည်။


ပုဖန်၏နောက်တွင် နယ်သာရီ ဖြစ်သည်။ သူမ၏ မျက်လုံးများ ရုတ်တရက် ကျဉ်းသွားကာ မျက်နှာသည် ချက်ချင်းပင် မည်းမှောင်သွားသည်။


အောင်းရှန့်သည် ပုဖန်ကို ကြောက်စရာကောင်းသော အကြည့်ဖြင့် စိုက်ကြည့်နေသည်။


"ဒီက သခင်ကြီးမသိသေးတာ ဖြစ်မယ်... အောင်းပိုင်က ကျွန်တော်တို့ ရွှေပုစွန်မျိုးနွယ်စုကို ပုန်ကန်သွားပြီ... သူ့ကိုကျွန်တော်တို့ နှင်ထုတ်လိုက်ပြီ... အခုနောက်ပိုင်းမှာ အောင်းပိုင်က မဟူရာ နဂါးဘုရင်ရဲ့ စွမ်းအားတွေကို မှီခိုနေပြီ... သူက ကျွန်တော်တို့ ရွှေပုစွန် မျိုးနွယ်စုရဲ့ ရန်သူပဲ..." အောင်းရှန့်က ပြောလိုက်သည်။


အောင်းပိုင်က ပုန်ကန်ပြီး ရွှေပုစွန် မျိုးနွယ်စုက ထွက်သွားတယ်တဲ့လား...


ပုဖန် တွေဝေသွားသည်။ ‌အောင်းပိုင်သည် သူ့အား ရွှေပုစွန်မျိုးနွယ်စုသို့ ဖိတ်ခေါ်ခဲ့ပြီး ယခုတွင် သူသည် မျိုးနွယ်စုမှ နှင်ထုတ်ခဲ့လိုက်ရသည်။


ဘာကြောင့်လဲ...


အာဏာလွန်ဆွဲပွဲများလား... ရွှေပုစွန်မျိုးနွယ်စုတွင် ရာဇပလ္လင်အတွက် တိုက်ပွဲတစ်ခု ဖြစ်နေပြီး အချင်းချင်းသတ်ဖို့ ကြိုးစားနေကြသလား...


ဒါက ဖြစ်နိုင်တယ်...


အောင်းပိုင်သည် မဟူရာနဂါးဘုရင်၏ အကူအညီကို မှီခိုနေရသည်... ထို့ကြောင့် ပုဖန်သည် ဖိတ်ကြားချက်ကို မဟူရာ နဂါးဘုရင်ထံမှ ရရှိခဲ့ခြင်းလား...


ဒါဆို တကယ်က ဒီလိုပေါ့...


"အောင်းပိုင်က မကောင်းတဲ့အကြံအစည်တွေကို ဖုံးကွယ်ထားတယ်... ကျွန်‌တော်တို့ရဲ့ ရွှေပုစွန်မျိုးနွယ်စုကို ပျက်သုဉ်းအောင် လုပ်ဆောင်ချင်ခဲ့တာကို ခွင့်မပြုနိုင်ဘူး...သခင်ကြီး သင်က အောင်းပိုင်ရဲ့မိတ်ဆွေ ဖြစ်ပေမယ့်လည်း သင်က ပုစွန်ဘိုးဘေးနဲ့ တူတူလာတဲ့အတွက် ကျွန်တော့် မိတ်ဆွေပါပဲ... ပုစွန်ဘိုးဘေးကိုသာ ကျွန်တော်တို့နဲ့ ထားခဲ့မယ်ဆိုရင် ကျွန်တော်တို့တွေ သင့်ကို ဧည့်သည်လို ဆက်ဆံပါ့မယ်..." 


အောင်းရှန့် လေးနက်စွာ ပြောလိုက်သည်။


အောင်းရှန့်၏ စကားများကို ကြားလိုက်ရသောအခါ ပုဖန်၏ မျက်ခုံးများ မြင့်တက်သွားပြီး ထူးဆန်းစွာကြည့်နေသည်။


အောင်းရှန့် ဘာကိုဆိုလိုတာလဲ...


ဒါက ခြိမ်းခြောက်တာလား...


အဝေးတစ်နေရာမှ ဂဏန်း၃သည် အကုန်လုံးကို စူးစမ်းနေသည်။ အောင်းရှန့်၏ စကားများကို ကြားသောအခါ သူ၏မျက်နှာ ရုတ်တရက် ဖြူဖျော့သွားသည်။


ဓားများကို ဆွဲထားသကဲ့သို့ လေထုသည် တင်းမာလာသည်။


အောင်းရှန့်သည် ပုစွန်ဘိုးဘေးကို ခေါ်ထားချင်သည်။ ဤအခြေအနေကိုကြည့်လျှင် အောင်းရှန့်သည် အင်အားနှင့် အကြမ်းဖက်မှုကို အသုံးပြုရန် တွန့်ဆုတ်နေပုံ မရပေ။


သို့သော်…


အဲဒီလူကို တွန်းအားပေးတာ တကယ်ထိရောက်မှာတဲ့လား...


ဂဏန်း၃၏ အတွေးများသည် သံသယနှင့် မသင်္ကာမှုများဖြင့် ပြည့်နှက်နေသည်။


ယခုအချိန်တွင် ရွှေပုစွန်မျိုးနွယ်သည် အနည်းငယ်ပြောင်းလဲသွားသည်။ သူတို့၏အိမ်ရှေ့မင်းသားသည် အလွန်လွှမ်းမိုးချုပ်ကိုင်ထားပြီး သူသည် သူတို့၏မျိုးနွယ်စုတစ်ခုလုံးကို ပျက်စီးခြင်းသို့ရောက်အောင် ဦးဆောင်သွားလိမ့်မည်ဖြစ်သည်။


တတိယအိမ်ရှေ့မင်းသားကသာ ဦးဆောင်မည်ဆိုလျှင် ရွှေပုစွန်မျိုးနွယ်စုသည် တိုးတက်လာရန် အခွင့်အလမ်းများ ရှိမည်။ ဘယ်လိုတောင် နှမြောစရာကောင်းတာလဲ...တတိယအိမ်ရှေ့မင်းသား အောင်းပိုင်က မျိုးနွယ်စုမှ နှင်ထုတ်ခံလိုက်ရပြီဖြစ်၍ ရွှေပုစွန်မျိုးနွယ်စုသည် ခေါင်းဆောင်ကောင်းတစ်ယောက် ပျောက်ဆုံးသွားသည်။


" ငါက ပုစွန်ပိစိကို မထားခဲ့ရင်ရော..." 


ပုဖန်သည် ခံစားချက်မဲ့သည့် မျက်နှာဖြင့်‌ ပြောလိုက်သည်။


"ပုစွန်ပိစိတဲ့လား..." 


အောင်းပိုင် မျက်မှောင်ကျုံ့ပြီး အနည်းငယ် တွေဝေသွားသည်။


" အို... ပုစွန်ပိစိဆိုတာ မင်းတို့ပုစွန်ဘိုးဘေးလို့ ခေါ်နေကြတဲ့ ဒီကောင်လေ..." ပုဖန်သည် ဝှိုက်တီ၏ ခေါင်းပေါ်တွင် လှဲလှောင်းနေသော ပုစွန်ပိစိကို ကိုင်၍ သူ၏ ပခုံးပေါ်သို့ တင်ကာ ပြောလိုက်သည်။


ပုစွန်ပိစိလေး...


အောင်းရှန့်၏ နှုတ်ခမ်းများ တွန့်မဲ့သွားသည်။ အဆုံးမဲ့ပင်လယ်တစ်ခွင်တွင် စိန်ခေါ်သူမရှိ လှုပ်ရှားခဲ့သော ပုဇွန်ဘိုးဘေးတို့၏ဘုရင်မင်းမြတ်သည် ထိုကဲ့သို့သောအမည်ကို ပေးခံခဲ့ရသည်။


ဧကန်စင်စစ် ပုဇွန်ဘိုးဘေး၏ တန်ခိုးကြီးသော ဂုဏ်ဒြပ်ကို စော်ကားခြင်းမှာ အမှန်ပင်။


"ပုစွန်ဘိုးဘေးက ငါတို့ရွှေပုစွန်မျိုးနွယ်စုရဲ့ တစ်စိတ်တစ်ပိုင်းပဲ...လူသားတွေ ပုစွန်ဘိုးဘေးနဲ့ဝေးဝေးနေပြီး ငါတို့ဆီက ထွက်သွားစမ်း..."


အောင်းရှန့်၏ မျက်နှာသည် ရေခဲကဲ့သို့ ဖြူဆုတ်သွားသည်။


သူပြောပြီးသည်နှင့် နှစ်ဖက်စလုံးတွင် အောင်းရှန့်ကို ဝန်းရံထားသည့် လူတစ်စုသည် သလင်းကျောက်နန်းတော်မှ ထွက်ခွာသွားကြသည်။


၎င်းတို့သည် အကြီးအကဲများ ဖြစ်ကြပြီး ပုဖန်ပင် ၎င်းတို့ထံမှ ကြောက်စရာကောင်းသောဖိအားကို ခံစားခဲ့ရသည်။


အမှန်တွင် သူတို့သည် ရွှေပုစွန်မျိုးနွယ်စုနှင့် ထိုက်တန်သူများဖြစ်သည်။ ဤနေရာတွင် မမျှော်လင့်ဘဲ သန့်စင် သူတော်စင်များစွာ ရှိခဲ့သည်။


ဤအကြီးအကဲများကို မြင့်မြတ်သန့်စင်နယ်မြေ၏ သန့်စင် သူတော်စင်များနှင့် နှိုင်းယှဉ်နိုင်သည်။ သူတို့၏ ကျင့်ကြံမှုသည် နတ်မီးတောက်တစ်ခု သို့မဟုတ် နှစ်ခုဖြင့် မသေမျိုးစိတ်ဝိညာဉ်နယ်ပယ်သို့ ရောက်ရှိသွားခဲ့သည်။


ဤအကြီးအကဲများ၏ အသွင်အပြင်သည် သံသယမရှိဘဲ အင်အားအသုံးမပြုမီ ငြိမ်းချမ်းသောအစီအမံများကို အသုံးပြုနေသည့် အောင်းရှန့်၏ လှည့်စားသောစရိုက်ကို အတည်ပြုခဲ့သည်။


အကယ်၍ ပုဖန် ပုစွန်ပိစိကို မလွှဲပေးလျှင် သူတို့သည် တိုက်ရိုက်လုယူမည်ဟု ထင်ရသည်။


၎င်းတို့၏ ပြစ်ဒဏ်ချမှတ်မည့်ပုံနှင့် ဓားများဆွဲထုတ်ထားသည်ကို ကြည့်ကာ ပုဖန်ဖြေးညှင်းစွာ အသက်ရှုထုတ်လိုက်သည်။ပုဖန်၏ အကြည့်များက အောင်းရှန့်ထံတွင် မရပ်တန့်မီ လူတိုင်းကို ဖြတ်ကျော်သွားသည်။


အောင်းပိုင်နှင့်ယှဉ်ပါက အောင်းရှန့်သည် အနည်းငယ် တုံးအသည်။


အနည်းဆုံး အောင်းပိုင်သည် ဘာလုပ်ရမည်ကို သဘောပေါက်သည်။


ပုဖန်သည် ခြိမ်းခြောက်ခံရသည်ကို အလွန်မုန်းတီးသည်။ ထောင်ချောက်ထဲသို့ ခေါ်ဆောင်သွားပြီးနောက် အခြားသူများ၏ ခြိမ်းခြောက်ခြင်းကို ခံရသည်ဆိုလျှင်ဖြင့် ပြောရန်မလိုတော့ပေ။


ပထမဦးစွာ သူတို့အား သလင်းကျောက်မြို့တော်သို့ ဖိတ်ခေါ်ခဲ့သည်။ ထို့နောက် ၎င်းတို့အား သန့်စင်သူတော်စင်ကျင့်ကြံသူများကို စေလွှတ်ကာ အင်အားသုံးခြိမ်းခြောက်ခြင်းမပြုမီ ၎င်းတို့၏ အစောင့်များကို နှိမ့်ချ၍ ယဉ်ကျေးပျူငှာစွာ ဆက်ဆံခဲ့သည်။ ထိုကျင့်ကြံသူများသည် ပုဖန်ကို လုံးလုံးလျားလျား ဖျက်ဆီးပစ်ရန် လုံလောက်သော ခွန်အားများ ရှိသည်။


ထို့အပြင် ဤနေရာသည် ၎င်းတို့၏ နယ်မြေဖြစ်ပြီး ၎င်းတို့အား ဤအရာများကို လုပ်ဆောင်ရန် ယုံကြည်မှုကို ပေးခဲ့သည်။


ထိုသန့်စင်သူတော်စင်များသည် ရွှေပုစွန်မျိုးနွယ်စု အဆုံးမဲ့ပင်လယ်၌ ထိုသို့သောရာထူးကို ရယူနိုင်ခြင်း၏ အကြောင်းရင်းဖြစ်သည်။


ဂဏန်း၃ ပင်လယ်ရေကို တစ်ငုံသောက်လိုက်သည်။ အိမ်ရှေ့မင်းသားသည် ရွှေပုစွန်မျိုးနွယ်စု၏ အကြီးအကဲ အများအပြားကို စေလွှတ်လိုက်သည်မှာ အံ့သြစရာပင်။ ပုစွန်ဘိုးဘေးကြောင့် ထိုလူများကို စေလွှတ်လိုက်သည်မှာ ဟုတ်မှန်သည်လား...


ဝုန်း... ဝုန်း... ဝုန်း...


မြင့်မြတ်သော ယဇ်ပလ္လင်များသည် ထိုအကြီးအကဲများ၏ ခေါင်းပေါ်တွင် ရုတ်တရက်‌ ပေါ်လာသည်။


အလင်းတန်းတစ်ခုသည် သမုဒ္ဒရာမျိုးစိတ် ကျင့်ကြံသူများ၏ မျက်လုံးနားမှ ဖြတ်ကျော်ကာ ပုဖန်ထံသို့ ချီတက်လာကြသည်။ သူတို့၏ ရည်မှန်းချက်မှာ ပုဖန်၏ ပခုံးပေါ်ရှိ ပုဇွန်ဘိုးဘေး ဖြစ်သည်။


ပုဖန်သည် ပခုံးပေါ်တွင် လဲလျောင်းနေသော ပုစွန်ပိစိ၏ ခေါင်းကို ထိလိုက်သည်။ ခေါင်းကို အနည်းငယ်စောင်း၍ ဖြည်းညှင်းစွာ အသက်ရှူထုတ်လိုက်သည်။


လေလှိုင်းများ ဖြစ်ပေါ်လာပြီး ရေပူဖေါင်းများ ပေါလောမျောလာသည်။


" ဝှိုက်တီ သူတို့ကို ဂရုစိုက်လိုက်ပါ..."


ပုဖန် ပြောလိုက်သည်။


ပုဖန် ထိုစကားများ ပြောပြီးသည်နှင့် တပြိုင်နက် အနောက်တွင် မိုးခြိမ်းသံ တဟုန်ထိုး မြည်လာသည်။


အကြီးအကဲတစ်ဦးသည် ပုဖန်အား ခံနိုင်ရည်ရှိသော အသွင်အပြင်ဖြင့် တိုက်ခိုက်ခဲ့သော်လည်း ချက်ချင်းဆိုသလိုပင် အနီရောင်သံတုတ်ဖြင့် ရိုက်ချခံလိုက်ရသည်။ သူသည် သလင်းကျောက်မြို့ရိုးကို ဖြိုခွင်းမိသဖြင့် သလင်းကျောက်အိမ်တစ်လုံး ပျက်စီးသွားခဲ့သည်။


လျှပ်စီးပြစ်ဒဏ်ကို မျိုချပြီးနောက် ဝှိုက်တီ၏ တိုက်ခိုက်နိုင်စွမ်းသည် များစွာ တိုးတက်ကောင်းမွန်လာခဲ့သည်။ နတ်မီးတောက် တစ်ခု သို့မဟုတ် နှစ်ခုကို လောင်ကျွမ်းစေသော သန့်စင်သူတော်စင်များကို ဆန့်ကျင်ရန် အခက်အခဲမရှိပေ။


ဝှိုက်တီ၏နောက်ကွယ်ရှိ သတ္တုအတောင်များသည် ပွင့်သွားပြီး ၎င်း၏ကိုယ်ထည်သည် လျှပ်စီးကြောင်းအတိုင်း အရှိန်မြင့်သွားသည်။


ဝှိုက်တီ၏ လျှပ်စီးကြောင်းများ ကြောင့် သမုဒ္ဒရာ မျိုးစိတ် ကျင့်ကြံသူ အများအပြား တုန်လှုပ်သွားကြသည်။


ဝုန်း...


အကြီးအကဲတစ်ဦးက ဧရာမ ရွှေပုစွန်အဖြစ်သို့ ချက်ချင်းပင် ပြောင်းလဲသွားသည်။ သူသည် ဧရာမတံစဉ်ကြီးကို ကိုင်ဆောင်၍ ဝှိုက်တီ ရှိရာသို့ ခုတ်ချလိုက်သည်။


သူ ခန္ဓာကိုယ် အစစ်သို့ ပုံစံပြောင်းသွားသော်လည်း အသုံးမဝင်ချေ။ ဝှိုက်တီ၏ နတ်ဘုရားသတ်တုတ်ကြောင့် ပြုတ်ကျကာ ပင်လယ်ကြမ်းပြင်ပေါ်သို့ ဆင်းသက်သွားပြီး သဲမှုန်များ ထွက်လာစေသည်။


နယ်သာရီ သူမ၏အနက်ရောင်ဆံပင်များဝေ့ဝဲကာ ခြေလှမ်းတစ်လှမ်းဖြင့် လေထဲတွင်လွင့်မျောလိုက်သည်။ ထို့နောက်ချက်ချင်းပင် ငရဲကမ္ဘာသင်္ဘောပေါ်လာပြီး သူမသည် အနှိုင်းမဲ့ရန်လိုသည့်အကြည့်ဖြင့် ကုန်းပတ်ပေါ်တွင် ရပ်နေလိုက်သည်။


ပန်းပွင့်လေးက သေးငယ်သော်လည်း ခုနှစ်ရောင်ခြယ် ကောင်းကင်ဝါးမြိုစပါးအုံး ခန္ဓာကိုယ်သို့ ပြောင်းလဲပြီးသောအခါ သူမတစ်ယောက်တည်းကို မြင်ရသည်ကိုပင် သမုဒ္ဒရာမျိုးစိတ် ကျင့်ကြံသူ အများအပြားကို ကြောက်ရွံ့သွားစေခဲ့သည်။


နောက်ဆုံးတွင် ၎င်းသည် ရှေးဦးနတ်သားရဲသာဖြစ်သည့်အတွက် ခွန်အားအလွန်သန်မာသည်။


အောင်းရှန့်၏ မျက်နှာဖြူဖျော့သွားသည် ။ထိုလူသားများသည် ကိုင်တွယ်ရခက်မည်ဟု သူမထင်ခဲ့မိပေ။ သို့သော် ပုစွန်ဘိုးဘေးသည် ဤနေရာတွင် ရှိနေခဲ့ရမည်ဟု ဆုံးဖြတ်ထားသည်။


ပုစွန်ဘိုးဘေး ပြန်လာသောအခါတွင် သူ၏အဆင့်အတန်းသည် ပိုမိုမြင့်မားလာကာ နောက်ဆုံးတွင် ရွှေပုစွန်မျိုးနွယ်၏တရားဝင်ဘုရင်အဖြစ် အသိအမှတ်ပြုခံရမည်ဖြစ်သည်။


သို့သော် နောက်တစ်ခဏတွင် အောင်းရှန့်၏ မျက်လုံးများ မှိန်သွားသည်။


အဘယ်ကြောင့်ဆိုသော် လူငယ်လေး၏လက်ထဲတွင် မီးဖိုချောင်သုံးဓားတစ်ချောင်း ရုတ်တရက်ပေါ်လာသည်ကို သူမြင်လိုက်ရသောကြောင့်ပင်။


ထိုမီးဖိုချောင်သုံးဓားမှာ ရွှေရောင်ဖြစ်သည်။ ဟင်းလင်းပြင်မှ နဂါးဟိန်းဟောက်သံသည် ခဏတာ တုန်ခါနေသည်။ ခဏအကြာတွင် အလွန်ထူထပ်ပြီး များပြားလှသော ဓားအလင်းများ လျင်မြန်စွာ စုစည်းလာသည်။


တစ်... နှစ်...သုံး...


အဆုံးတွင် ဓားအရိပ် ဆယ့်သုံးစင်းပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားသွားတစ်ခုအဖြစ် စုစည်းကာ ပေါင်းစည်းသွားသည်။


ဝုန်း...


ထိုဓားသည် အောင်းရှန့်၏ ဦးခေါင်းထက်တွင် လွင့်နေ၏။ နောက်တခဏတွင် သူ၏ခြေထောက်နှစ်ချောင်း ဂျယ်လီအဖြစ်ပြောင်းသွားသလို မြေပြင်ပေါ်သို့ပုံကျသွားသည် သူ၏မျက်လုံးများက ပိုနက်မှောင်လာသည်။


ဝုန်း...


ကြောက်မက်ဖွယ်ကောင်းသော ခွန်အားတစ်ခု ထွက်ပေါ်လာပြီး ရွှေပုစွန်မျိုးနွယ်၏ သလင်းကျောက်မြို့ကို တစ်ဝက်တစ်ပျက် ဖြတ်သွားခဲ့သည်။


ဓားရိပ်များ လွင့်ပျံသွားသည်...


ပုဖန်သည် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ကိုင်ဆောင်ကာ အောင်းရှန့်ကို ပြုံးလျက် ကြည့်နေသည် ။


" မင်းသာ ပုစွန်ပိစိရဲ့ ဆွေမျိုးသားချင်းမဟုတ်ရင် ဒီဓားက မင်းကိုလှီးဖြတ်သွားပြီး မင်းတို့အကုန် ကျိုင်းပုစွန်နှပ်တွေ ဖြစ်ကုန်မှာ... အကယ်၍ ...မင်းတို့ရဲ့ ပုစွန်ဘိုးဘေးကသာ ပြန်လာချင်တယ်ဆို ငါသူ့ကိုမတားဘူး... ဒါပေမဲ့ သူ့ဆန္ဒမပါပဲ ဖမ်းဆီးဖို့ ကြိုးစားရင်တော့ မင်းတို့က သေဖို့ ထိုက်တန်တယ်..."