အပိုင်း ၅၄
Viewers 12k

တာ့ပေါင်က လက်ရှိအချိန်တွင် ခြံထဲ၌ ခွေးလေးနှင့် ကစားနေသည်။ ဝမ်မင်ယီထွက်လာပြီးနောက် သူက ကလေးကို အာလူးကြော်တစ်ထုပ်ပေးကာ ခွေးလေးကို ကလေးနှင့်အတူ စနောက်နေကြသည်။
"ကျေးဇူးတင်ပါတယ် ကောကော"
တာ့ပေါင်က ပျော်ရွှင်စွာပြောလိုက်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က သူ့ကို ဝမ်မင်ယီက နေ့တိုင်း မုန့်တွေကျွေးခဲ့ပြီး ယခုတွင်မူ သူသည် ဝမ်မင်ယီ၏ အမာခံပရိသတ်လေးတစ်ဦး ဖြစ်လာပေပြီ။
အစားအသောက်နှင့်ပတ်သက်ပြီး ဝမ်မင်ယီ ဂျီးများတာကိုပင် သူ့အမေကိုမပြောပြခဲ့ချေ။ တစ်ခါတစ်ရံ သူကပင် ဝမ်မင်ယီအတွက် အချို့ဟင်းတွေကို ကူစားလိုက်သေး၏။
"ဘာလို့ အခြားကလေးတွေနဲ့ သွားမဆော့တာလဲ"
ဝမ်မင်ယီ သူ့ကိုမေးလိုက်သည်။
"ကလေးတွေက ကျောင်းက ကစားကွင်းမှာ ကစားနေကြတယ်"
"သားက ရှောင်ဟွမ်နဲ့ကစားချင်တယ်"
တာ့ပေါင်က ရှောင်ဟွမ်၏ လက်ဖဝါးလေးကိုဖျစ်ညှစ်ရင်း ဆက်ပြောသည်။
"ကာတွန်းကားက ခဏနေရင်လာတော့မှာ၊ သား အဲ့ဒာကိုကြည့်ချင်သေးတယ်၊ ကြည့်ပြီးရင် သွားကစားမှာပါ"
ဝမ်မင်ယီ ထိုစကားတွေကိုကြားပြီး သူ့ပရိတ်သတ်အသေးလေးရဲ့ခေါင်းကို ပွတ်လိုက်ကာ မြေပေါ်ရှိခွေးလေးကိုလည်းထိလိုက်သည်။
"ဒါဆိုလည်း မင်းခွေးလေးနဲ့အရင်ကစားနေဦး၊ ကောကောအပြင်သွားလိုက်ဦးမယ်"
"အင်း.. ကောကော၊ တာ့တာ"
“တာ့တာ"
ဝမ်မင်ယီပြုံးလိုက်ပြီး ကျောင်းကစားကွင်းကို ပြန်လာခဲ့သည်။
ကလေးတွေက ထိုနေရာမှာ ကစားနေဆဲပင်။ သူလာနေတာကိုတွေ့သည့်အခါ သူတို့အားလုံးက တစ်ယောက်ပြီးတစ်ယောက်"ကောကော"ဟု အော်ခေါ်ရင်းဖြင့် အနားတွင်စုဝေးလာကြသည်။
ဝမ်မင်ယီ သူနှင့်အနီးဆုံးက ကလေးမလေးကို ဘီစကစ်တွေပေးလိုက်ပြီး အနီးဆုံးကကောင်လေးကိုတော့ အာလူးကြော်များပေးလိုက်သည်။ ပြီးနောက် သူ့လက်ထဲရှိ ချောကလက်ဘူးကို မြှောက်လိုက်ပြီး အဓိကအချက်ကို သင်ပေးဖို့စတင်လိုက်သည်။
"မင်းမှာ ဘီစကစ်ဘူးရှိတယ်မလား"
ကလေးမလေးက ခေါင်းညိတ်သည်။
"မင်းမှာ အာလူးကြော်တွရှိတယ်"
ကောင်လေးက ခေါင်းညိတ်ပြသည်။
"ကောကောမှာ ချောကလက်တွေရှိတယ်"
ဝမ်မင်ယီ သူတို့ကို မေးလိုက်သည်။
"မင်းတို့ ချောကလက်စားဖူးကြလား"
အခြို့က ခေါငျးညိတျပွပွီး အခြို့က ခေါငျးခါကွသညျာ
ဝမ်မင်ယီ သူ့ရှေ့တွင် ကွတ်ကီးများနှင့် အာလူးကြော်များကို ကိုင်ဆောင်ထားသည့် ကောင်လေး၊ကောင်မလေးများကို ကြည့်ကာ
"ဒါဆို ငါတို့ မြည်းစမ်းကြည့်ချင်ရင် ဘယ်လိုလုပ်မလဲ"
ကလေးတစ်ယောက်က သွက်လက်စွာဖြေသည်။
“သား ကောကောနဲ့လဲမယ်"
“မှန်တယ်...”
ဝမ်မင်ယီ ချောကလက်ဘူးကိုဖွင့်ပြီး အားလုံးကို တစ်ပိုင်းစီပေးလိုက်သည်။
“မင်းတစ်ယောက်ပဲစားမယ်ဆိုရင် အရသာတစ်မျိုးပဲ စားလို့ရမယ်၊ အားလုံးနဲ့ လှဲလှယ်ပြီးစားရင်တော့ အရသာအမျိုးမျိုးကိုစားနိုင်လိမ့်မယ်...”
ကလေးတွေက ပျော်ရွှင်စွာ ခေါင်းညိတ်သည်။
ဝမ်မင်ယီ ခွဲဝေပြီးသွားတော့ ကျန်နေသည့်အနည်းကို သူ့အိတ်ကပ်ထဲထည့်ကာ လက်ခုပ်တီးပြီးနောက်
“သွားကစားကြတော့၊ ဘီစကွတ်နဲ့ အာလူးကြော်တွေကို မင်းတို့ကိုယ်တိုင် မျှဝေလို့ရတယ်"
“ကျေးဇူးတင်ပါတယ် ကောကော...”
“ရပါတယ်"
ဝမ်မင်ယီ ပြုံးလိုက်သည်။
သူ မုန့်တွေကို ခွဲဝေပေးပြီးတာနှင့် ရိုက်ကူးရေးစဖို့ အချိန်မကျသေးဘူးဆိုတာကို မြင်ပြီးနောက် ခဏလောက် ပြန်သွားပြီးတော့ အနားယူဖို့ စီစဉ်လိုက်သည်။ သို့သော် ခြေလှမ်းအနည်းငယ်သွားပြီးချိန်တွင် ကျယ်လောင်သောခွေးဟောင်သံကို သူကြားလိုက်ရသည်။
ခွေးက ကျယ်လောင်စွာဟောင်နေပြီး အော်သံကိုလည်းကြားလိုက်ရသည်။
"တစ်ခုခုတော့ဖြစ်တော့မယ်!၊ တစ်ခုခုတော့ဖြစ်နေပြီ!"
ဝမ်မင်ယီ အံ့အားသင့်သွားရသည်။
ဘာဖြစ်နေတာလဲ။
သူက ကလေးတစ်ယောက်ကိုခေါ်ပြီး မေးလိုက်သည်။
"ဘယ်သူ့ခွေးဟောင်နေတာလဲ"
"တုံတုံရဲ့ခွေး"
ကလေးမလေးက တိုးတိုးလေးပြောသည်။
"ဘေးမှာ တုံတုံ့အိမ်ပဲရှိတာ"
"တုံတုံ့ခွေးက မဟောင်တတ်ဘူး"
ခပ်ဝဝကောင်လေးက ပြန်ပြောသည်။
"တုံတုံရဲ့ခွေးက အရမ်းလိမ္မာတာ"
ဝမ်မင်ယီက ခွေးဟောင်သံကိုနားထောင်ပြီးနောက် ကောင်လေးပြောတာကို ပြန်တွေးကြည့်ကာ တစ်ခုခုတော့မှားနေပြီဟုခံစားလိုက်ရသည်။
သူက ကလေးတွေကို အိမ်စောစောပြန်ခိုင်းပြီး တုံတုံ၏အိမ်ကို သူတစ်ယောက်တည်း လမ်းလျှောက်လာခဲ့သည်။ သူရောက်သောအခါ ခြံဝင်းက ငြိမ်သက်နေ၏။
အဒေါ်ကြီးများက တံခါးဘောင်ကိုမှီ၍ ဖရဲစေ့စားရင်း ဘိုးဘေးများအကြောင်း ဆွေးနွေးနေကြသည်။ သူရောက်လာတာကိုမြင်ပြီး သူတို့က ယဉ်ကျေးစွာမေးသည်။
"ဘာဖြစ်လို့လဲ "
"ဘာမှမဖြစ်ပါဘူး၊ ဖြတ်သွားတာပါ"
ဝမ်မင်ယီဖြေလိုက်သည်။
အဒေါ်ကြီးက ပြုံးပြီး အိတ်ကပ်ထဲရှိ ဖရဲစေ့ လက်တစ်ဆုပ်စာ ယူကာ ပေးလိုက်သည်။
"ဖရဲစေ့စားပါဦး"
“တော်ပါပြီ ၊ ကျေးဇူးပါ...”
ဝမ်မင်ယီ ခြံထဲကို လှမ်းကြည့်လိုက်သည်။ ခွေးဟောင်နေဆဲပင်။
ဤသည်မှာ အရွယ်ရောက်ပြီးသော ခွေးကြီးတစ်ကောင်ဖြစ်သည်။ လူတွေကို ခြောက်လှန့်မိမှာစိုး၍ ကြိုးဖြင့်ချည်ထား၏။
"ဘာလို့ သူကဆက်ဟောင်နေတာလဲ"
ဝမ်မင်ယီ မေးလိုက်သည်။
အဒေါ်ကြီးက သူ့မေးခွန်းကို ရယ်စရာကောင်းသည်ဟု တွေးလိုက်မိသည်။
"ခွေးပဲလေ၊ မဟောင်ပဲဘယ်နေပါ့မလဲ၊ ငါတို့မိသားစုရဲ့ခွေးက မကိုက်တတ်ပါဘူး၊ စိတ်မပူနဲ့"
သူမက အကြောင်းအရင်းကို မပြောပြတာကိုမြင်ပြီးနောက် ဝမ်မင်ယီ အရင်ဆုံးထွက်လာလိုက်သည်။ သူကအစ်မကျန်း၏အိမ်ကို ဖြည်းညင်းစွာ လမ်းလျှောက်သွား၏။
လမ်းတစ်လျှောက်လုံး သူခွေးဟောင်သံများကို ဆက်ကြားနေရသည်။ အချို့က ဒေါသတကြီးဖြင့်၊ အချို့က ကြောက်ရွံ့နေပြီး အချို့က "ငါ့ကိုလွှတ်ပေး၊ ငါ့ကိုလွှတ်ပေး"ဟု အော်နေခြင်းပင်။
ဒီရွာမှာ ကြောင်တွေမရှိချေ။ အိမ်အနည်းငယ်ကသာ ခွေးမွေးထားကြသည်။ မိသားစု၏ခွေးဟောင်ခြင်းမှာ မမှားသော်လည်း ခွေးတွေအားလုံး ဟောင်နေကြတာကတော့ မူမမှန်ချေ။
ငါအစ်မကျန်း၏အိမ်ကိုရောက်သည့်အခါ တာ့ပေါင်မွေးထားသည့် ခွေးဝါလေးကလည်း ဟောင်နေတာကို ဝမ်မင်ယီတွေ့လိုက်ရသည်။ သူက ခြံဝန်းထဲမှာ စိုးရိမ်တကြီး ပတ်ပြေးရင်း ဟောင်နေသည်။ တာ့ပေါင်က အဲဒါကို အရေးတယူလုပ်မနေဘဲ အိမ်မှာ ကာတွန်းထိုင်ကြည့်နေ၏။
ဤနေရာတွင် အချက်ပြလိုင်း မကောင်းပေ။ ကာတွန်းကားဟူ၍ထား၊ တီဗီက ထုတ်လွှင့်နိုင်သည့်လိုင်းတွေကလည များများစားစားသောကြောင့် တစ်ခုခုကို ထုတ်လွှင့်တိုင်း တာ့ပေါင်ကတန်ဖိုးထားသည်။
ဝမ်မင်ယီ ခွေးဝါလေးဘာအော်နေလဲဆိုတာကို နားထောင်ကြည့်လိုက်သည်။
"တစ်ခုခုဖြစ်တော့မယ်၊ တစ်ခုခုဖြစ်တော့မယ်၊ ဝူး ဝူး ဝူး..."
သူက နားမလည်နိုင်စွာဖြင့် ချဉ်းကပ်သွားလိုက်ပြီး မေးလိုက်သည်။
"ဘာဖြစ်နေတာလဲ "အဝါရောင်ခွေးကလေးက မရှင်းပြနိုင်ပေမယ့် အလိုလို ကြောက်လန့်နေခဲ့သည်။
"ငါကြောက်တယ်!"
ဝမ်မင်ယီ သူ့နားရွက်လေးကိုထိကာ သက်တောင့်သက်သာဖြစ်အောင် လုပ်ပေးလိုက်သည်။
"မကြောက်ပါနဲ့၊ အဆင်ပြေပါတယ်"
သူထိုသို့ပြောနေပေမယ့် သူ့နှလုံးသားကတော့ မကျေမနပ် ဖြစ်နေသည်။
ရွာထဲမှာ ခွေးဟောင်သံတွေ ဆူညံနေပြီး အားလုံးက စိတ်ဆိုးနေကြပေမယ့် ဝမ်မင်ယီမှာ ဘာဖြစ်နေလဲဆိုတာ မသိချေ။ သူသာမသိနိုင်တာမဟုတ်ဘဲ ကျန်နဲ့လူတွေကလည်း ထိုအတိုင်းပင်။
သူတို့သည် ထုံးစံအတိုင်း လှုပ်ရှားနေကြသည် ။ ကလေးများက ကစားကြပြီး၊ လူကြီးတွေက အိမ်မှာ နေနေကြသည်။ ဝမ်မင်ယီ အစ်မကျန်း၏အခန်းကို ကြည့်လိုက်သည်။ သူမက ဖိနပ်၏အတွင်းပိုင်းကို ချုပ်ရိုးဖြင့်ချုပ်ရင်း လေးလေးနက်နက် ပြင်ဆင်နေ၏။
လူသားများက ဖြစ်ပျက်နေသည့်အရာများအပေါ် တုံ့ပြန်မှုတစ်စုံတစ်ရာမရှိသော်လည်း တိရစ္ဆာန်များကတော့ မငြိမ်မသက်ဖြစ်နေကြသည်။
ဝမ်မင်ယီ ချက်ချင်းပင်သတိထားလိုက်မိသည်။ တိရစ္ဆာန်များက လူတွေထက်ပိုပြီး အာရုံခံနိုင်စွမ်းမြင့်၏။ လူသားတွေကို ကြောက်ရွံ့စေနိုင်တာက သဘာဝဘေးအန္တရာယ်ပင်။သဘာဝဘေးအန္တရာယ်များကသာ ဤကဲ့သို့သောအကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေနိုင်သည်။
ဝမ်မင်ယီက သူအထက်တန်းကျောင်းမှာ သင်ယူခဲ့ရသော သဘာဝဘေးအန္တရာယ်များကို အမြန်ပြန်တွေးလိုက်ပြီး ချက်ချင်းပင် သတိရလိုက်သည်။
သူ့ဖုန်းကိုကောက်ယူကာ ယွီရွှမ်ဝမ်အား ဆက်သွယ်ချင်ခဲ့သည်။ သို့ပေမယ့် အချက်ပြလိုင်းကရှိမနေတာကို တွေ့လိုက်ရပြန်သည်။ ဝမ်မင်ယီ တုံ့ဆိုင်းမနေဘဲ ယွီဝွှမ်ဝမ်၏ တည်းအိမ်ဆီသို့ တိုက်ရိုက်ပြေးသွားခဲ့သည်။
ယွီရွှမ်ဝမ်က လက်ရှိမှာ အနားယူနေတာဖြစ်သည်။ သူ၏အိမ်မက်ထဲတွင် သူ့ရုပ်ရှင်အသစ်အတွက် မရေရာတဲ့စိတ်ကူးတွေရှိနေသည့်တိုင် နိုးလာခဲ့ရ၏။
ဝမ်မင်ယီက ရွာလူကြီးအား လက်တစ်ဖက်နှင့် ဆုပ်ကိုင်လိုက်ပြီး နောက်တစ်ဖက်တွင် နိုးလာသော ယွီရွှမ်ဝမ်ကို ကိုင်လိုက်ကာ စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်သည်။
"ဒါရိုက်တာယွီ တစ်ခုခုတော့ ဖြစ်နေပြီ"
ယွီရွှမ်ဝမ်က အပြည့်အဝမနိုးသေးချေ။ သူကနိုးလာသည်နှင့် ဒေါသတကြီး အော်ငေါက်လိုက်သည်။
"ထွက်သွားစမ်း!၊ ငါသခင်ကြီးအိပ်နေတာကို လာမနှောင့်ယှက်နဲ့"
"ရွာမှာ တစ်ခုခုဖြစ်တော့မယ်"
ဝမ်မင်ယီက သူနိုးနေပုံမပေါ်သည်ကို မြင်လိုက်ရပြီး နားရွက်နားကိုကပ်လိုက်ကာ ကျယ်လောင်စွာအော်လိုက်သည်။
"ဟိုး!"
ထိုအချက်ပြသံက ယွီရွှမ်ဝမ်ကို အောင်အောင်မြင်မြင် နှိုးလိုက်နိုင်သည်။
သူလုံးဝနိုးလာပြီဖြစ်သဖြင့် ဝမ်မင်ယီက အကျဉ်းချုံးပြောလိုက်သည်။
"ဒီရွာကထွက်သွားရအောင်၊ သရုပ်ဆောင်တွေနဲ့ ဝန်ထမ်းတွေကိုစုလိုက်ပါ၊ ကျွန်တော်တို့ အခုထွက်သွားဖို့လိုတယ်၊ ချက်ချင်း!"
သူပြောလို့ပြီးသွားသည့်အခါ ရွာလူကြီးကို ကြည့်လိုက်ပြီး
"ခင်များ ရွာသူရွာသားတွေကို ခေါ်ရမယ်၊ လူစုပြီး ရွာကနေ ချက်ချင်း ထွက်သွားပါ"
ရွာလူကြီး အံ့ဩသွားသည်။
"ဘာတွေဖြစ်နေတာလဲ၊ ငါတို့ဘာလို့ထွက်သွားရမှာလဲ"
"မသေချာဘူး၊ ကျွန်တော်မှန်းတာသာမှန်ရင် အဲတာက ငလျင်ပဲဖြစ်ရမယ်၊ ရွာကခွေးတွေအားလုံးကဟောင်နေပြီး ကြက်တွေကလှောင်အိမ်ထဲမဝင်ကြဘူး၊ အဲဒါက ငလျင်မလှုပ်ခင် ဖြစ်လေ့ရှိတဲ့လက္ခဏာတွေပဲ၊ အခုထွက်သွားဖို့ နောက်မကျသေးဘူး"
ရွာလူကြီးက သူအတွေးများနေတာဟု ထင်လိုက်သည်။
"ရှောင်ဝမ်... ဒါက..."
"အချိန်မရှိတော့ဘူး၊ မြန်မြန် လူစုဖို့လိုတယ်၊ အားလုံးကို ဒီကိုခေါ်လိုက်ပါ၊ ကျွန်တော်တို့ အခုထွက်သွားဖို့လိုတယ်"
ရွာလူကြီးက ယွီရွှမ်ဝမ်ကို ကူကယ်ရာမဲ့စွာကြည့်လိုက်ပြီး ယွီရွှမ်ဝမ်သည်လည်း စိတ်ရှုပ်သွားသည်။ သူကဝမ်မင်ယီကို ဆွဲဆောင်ရန်သာ တတ်နိုင်သည်။
"ရှောင်ဝမ်.. မင်းက ကျောင်းသားပဲရှိသေးတာကို ငါသိတယ်၊ ပြီးတော့..."
"ဒါရိုက်တာယွီ၊ ဒီတစ်ကြိမ်ပဲ ကျွန်တော့်ကို ယုံပေးပါ၊ ကျွန်တော့်ရဲ့ကြိုတင်သိစိတ်က အမြဲလိုလိုမှန်တတ်တယ်၊ တစ်ခုခုသာမဖြစ်ရင် ခင်များဆီကို မလာပါဘူး၊ ရိုက်ကူးရေးက အရေးကြီးပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ ရိုက်ကူးထားတာကို လူတိုင်းကို ပြသဖို့အတွက် အသက်ရှင်ရဦးမယ်လေ၊ ဟုတ်တယ်မလား"
"အဓိက အကြံကတော့-"
“အရင်သွားရအောင်၊ နောက်ပိုင်း ဘာမှမဖြစ်ရင် ဒီဇာတ်ကားအတွက် ကုန်ကျငွေကို ကျွန်တော်ပေးမယ်"
ဝမ်မင်ယီက သူ့ကိုဆက်တိုက် နှောင့်ယှက်နေသည်။
“ပျက်စီးမှုအားလုံးကို ကျွန်တော်ပေးမယ်၊ စရိတ်စက အကုန်ခံပါ့မယ်၊ ဒါဆိုအဆင်ပြေလား"
ယွီရွှမ်ဝမ် အေးခဲသွားရသည်။ ဝမ်မင်ယီက သူ၏စောင်ကို တိုက်ရိုက်ဆွဲလိုက်သည်။ ယွီရွှမ်ဝမ်ကလည်း သူစိုးရိမ်နေတာက ဟန်ဆောင်နေတာမဟုတ်တာကို သိမြင်လိုက်ပြီး၊ သူက ယခုနှစ် သတင်းအနုပညာ၌ ရမှတ်အများလူဖြစ်တာကို သတိရလိုက်သည်။ သူ၏ အသိပညာက အတော်ပင် ကြွယ်ဝနေသင့်သည်။ သူ့အထင်က မှန်ကောင်းမှန်နိုင်သည် ။ မှန်သည်။ လူ့အသက်တွေက အရေးကြီး၏။ ငွေအတွက်ကို သူမကြောက်ချေ။
အဲဒါက ဘယ်လောက်များမှာမို့လဲ။
ယွီရွှမ်ဝမ်က ကုတင်ပေါ်မှထပြီးပြောလိုက်သည်။
"ငါ မင်းကို တစ်ခါတော့ယုံလိုက်မယ်၊ ဒါပေမယ့် တကယ်ငလျင်လှုပ်မှာဆိုရင် ငါတို့ ထွက်သွားဖို့ နောက်ကျနေပြီလား"
"နောက်မကျသေးဘူး"
ဝမ်မင်ယီ ပြောလိုက်သည်။ သူဘာလို့ ဒီလောက်ထိသေချာနေလဲ မသိတော့ပေ။ အဲဒါက သဘာဝဘေးအန္တရာယ်ဆိုတာကို သူသိလိုက်သည့်အချိန်တွင် ပထမဆုံးတွေးမိတာက ထွက်သွားဖို့ပင်။
သူတို့ ဒီနေရာက ထွက်သွားရင် အဆင်ပြေသွားလိမ့်မည်။
ဝမ်မင်ယီ ထိုအရာကို မဖော်ပြနိုင်ချေ။ သူ၏ လက်ရှိဖြစ်တည်မှုကို သိပ္ပံပညာဖြင့် ရှင်းပြ၍မရပေ။ သူကပြန်လည်မွေးဖွားလာပြီးနောက် ခွေးနှင့်ကြောင်အဖြစ်ကို ပြောင်းလဲနိုင်သည်။ သူ့အတွင်းထဲ၌ တိရိစ္ဆာန် ပင်ကိုယ်အသိစိတ်တစ်ခု ရှိနေသည်။ ရွာထဲရှိခွေးများကဲ့သို့ပင် သူ၏နှလုံးသားက တုန်လှုပ်နေခဲ့သည်။ သူ၏မသိစိတ်ရှိ ပင်ကိုယ်တိရိစ္ဆာန်ဗီဇက သူ့ကိုပြောနေသည်မှာ မြန်နိုင်သမျှမြန်မြန် ထွက်သွားဖို့ပင်။
သူက သူ၏သားရိုင်းအသိစိတ်ကို ယုံကြည်သည်။
"မြန်မြန်"
သူအော်လိုက်သည်။
"သူကြီး၊ မြန်မြန်လုပ်ပါ"
ရွာလူကြီးကတော့ မဖြစ်နိုင်ဘူးဟုတွေးနေမိသည်။ သူတို့ရွာလေးက နှစ်ပေါင်းများစွာ ငြိမ်းချမ်းနေတာ ဘယ်လိုလုပ် ငလျင်လှုပ်မှာတဲ့လဲ။
ဒီမြို့သားတွေက ရှုပ်ရှုပ်ယှက်ယှက်တွေလုပ်ရတာကို တကယ်ကြိုက်သည်။ သူစကားပြောဖို့လုပ်လိုက်စဉ် ဝမ်မင်ယီကတားဆီးလိုက်သည်။
"ခင်များကျွန်တော်တို့နဲ့ အတူလိုက်လာရင် မိသားစုတစ်ခုကို ယွမ်တစ်ထောင်ပေးမယ်၊ ခွေးတွေခေါ်လာခဲ့ပါ၊ ခွေးတွေကိုလည်း တစ်ကောင်ကို တစ်ထောင်ပေးမယ်"
ရွာလူကြီး : ! ! !
"အားလုံးအဆင်ပြေရင် နှစ်ရက်အကြာမှာ အားလုံးပြန်ရမှာပါ၊ ဝင်ငွေတစ်ထောင်ရမှာပဲ၊ အရှုံးမရှိပါဘူး"
ရွာလူကြီး : "..."
ရွာလူကြီးက သူပြောတာ အဓိပ္ပါယ်ရှိသည်ဟုထင်မိသည်။
ယွီရွှမ်ဝမ် နှင့် ရွာသူကြီးတို့က ချက်ချင်းဆိုသလို အုပ်စုနှစ်စုခွဲကာ ရုပ်ဆောင်များနှင့် ရွာသူရွာသားများကို တစ်ဖက်နှင့်တစ်ဖက် စုစည်းလိုက်သည်။
ဒီဆင်းရဲတဲ့ရွာလေးမှာ ရွာရဲ့အသံလွှင့်ရေဒီယိုပင် မရှိရှာချေ။ ကံကောင်းထောက်မစွာဖြင့် ရွာသူကြီးမှာ အသံချဲ့စက်ကြီးတစ်လုံးရှိနေသည်။ ယွှီရွှမ်ဝမ်က အသံချဲ့စက်ကိုတပ်ကာ အော်လိုက်သည်။
"သရုပ်ဆောင်တွေရဲ့ အေးဂျင့်တွေနဲ့ လက်ထောက်တွေအပါအဝင် သရုပ်ဆောင်နဲ့အဖွဲ့သားအားလုံး ၁၅ မိနစ်အတွင်း ရွာလူကြီးအိမ်မှာ လာစုကြပါ၊ စုဝေးဖို့ပျက်ကွက်တဲ့ ဘယ်သူမဆို တိုက်ရိုက်ထုတ်ပယ်မှာဖြစ်ပြီး ဒဏ်ငွေ၅သန်း ပေးဆောင်ရပါမယ်”
ဝန်ထမ်းအားလုံး ထိတ်လန့်သွားခဲ့ကြသည်။ ဒါရိုက်တာယွဲ့မှာ ဘာဖြစ်ခဲ့လဲဆိုတာကို ခန့်မှန်းနေကြသည်။မလုပ်သင့်တဲ့အရာကို လုပ်လိုက်ပြီး သူ့ကို ဒီလောက်အထိ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့လူက ဘယ်သူလဲဆိုတာပေါ့။
ဒါကိုမြင်တော့ ရွာသူကြီးကလည်း ဆက်ပြောခဲ့သည်။
“ပူးပေါင်းဆောင်ရွက်မှုအတွက် ရွာသူရွာသားတွေကို ကျေးဇူးတင်တဲ့အနေနဲ့ အခုရုပ်ရှင်အဖွဲ့သားတွေက လူတိုင်းကို ဆုငွေတွေ ထုတ်ပေးနေပါတယ်၊ အိမ်ထောင်စုတိုင်း လက်ခံလို့ရပါတယ်၊ လူတစ်ယောက်ကို တစ်ထောင်ပါ၊ အိမ်မှာ ခွေးရှိရင် ခွေးကိုခေါ်လာခဲ့ပါ၊ နောက်ထပ် တစ်ထောင်ထပ်ရပါမယ်၊ ဆယ့်ငါးမိနစ်အတွင်း အမြန်လာပြီး ယူလှည့်ပါ"
ယွမ်တစ်ထောင်သည် ဤနေရာတွင် ရွာသူရွာသားများအတွက်တော့ တကယ်ကို ဆွဲဆောင်နိုင်လွန်းလှသည်။ အချိန်တိုအတွင်းမှာပင် ရွာသားများ စုရုံးလာကြသည်။ မိသားစုတွင် ခွေးမရှိသော အဒေါ်ကြီးက သူမ၏ကြက်ကို ပွေ့ဖက်ကာဖြင့် မေးလာသည်။
"ကြက်ကိုရော ထည့်တွက်လား"
ဝမ်မင်ယီ : ရ.. ရပါတယ်
နှစ်ဖက်လုံးက လူတွေစုံသည့်အချိန်တွင် ရွာကထွက်ခွာဖို့ အသင့်ဖြစ်နေပြီဖြစ်သည်။
ထိုစကားကိုကြားပြီး ရွာသူရွာသားများက မကျေမနပ်ဖြစ်သွားကြသည်။
"ငါ့အလုပ်တွေမပြီးသေးဘူး၊ အပြင်ထွက်လို့မရဘူး"
"ငါ့ပစ္စည်းတွေ မသိမ်းရသေးဘူး"
ရွာလူကြီးကလည်း ရွာသားများကို ပြန်ရှင်းပြခဲ့သည်။ အချို့လူတွေက ပိုက်ဆံအကြောင်းကို လုံးဝဂရုမစိုက်တော့ပဲ ပြန်လှည့်ပြီး ထွက်သွားဖို့ ပြင်ကြသည်။ဝမ်မင်ယီက ရွာလူကြီးထံမှ လော်စပီကာကိုယူကာ ဂရုမစိုက်သည့် ငွေသုံးစက်တစ်ခုပမာ ဆိုလိုက်သည်။
"ချက်ချင်း ကားပေါ်တက်ကြပါ၊ မြို့ကိုရောက်ရင် ငွေထုတ်ပေးမယ်၊ လူတစ်ယောက်ကို နှစ်ထောင်နော်"
ထွက်သွားဖို့ပြင်နေသည့်ရွာသားများ : "..."
"ငါမယုံဘူး"
ခွေးကိုင်ထားတဲ့အဖိုးကြီးက သူ့ကိုစိုက်ကြည့်ပြီး လှည့်ကာ ပြန်ထွက်သွားရန်ပြင်တော့သည်။
"သုံးထောင်၊ ခွေးအတွက် ငါးရာ"
လူအိုကြီး : "..."
အခြားလူတွေတိတ်ဆိတ်နေတာကိုမြင်ပြီး ဝမ်မင်ယီက လောလိုက်သည်။
"ဘာလုပ်နေကြသေးတာလဲ၊ ကားပေါ်တက်ကြလေ၊ ပိုက်ဆံမလိုချင်တော့ဘူးလား"
ယွီရွှမ်ဝမ်နှင့်ခန်းကျယ်မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြတော့သည်။
"ရှောင်ဝမ်ရဲ့မိသားစုက အတော်လေးချမ်းသာတယ်..."
ယွီရွှမ်ဝမ်က ပြောဆက်သည်။
"လို့ ငါထင်တယ်..."
ခန်းကျယ်ကပြောလိုက်သည်။
"သူအခု ဒီလောက်ဆူညံအောင်လုပ်နေတာ၊ အဆုံးမှာ ဘာမှဖြစ်မလာရင် ရှက်စရာကောင်းချက်ပဲ..."
"ရှောင်ဝမ်က ဆုံးရှုံးမှုတွေအတွက် သူပေးမယ်လို့ပြောတယ်"
ခန်းကျယ် :"...."
ယွီရွှမ်ဝမ် : "သူအဲလိုပြောတယ်ဆိုထဲက သူ့မိသားစုက တော်တော်ချမ်းသာလို့ပဲ"
ဝန်ထမ်းများက အရေးကြီးသည့် ရိုက်ကူးရေးပစ္စည်းများကို ကားထဲထည့်လိုက်ကြပြီး အခြားလူတွေကိုလည်း အလျင်စလို ပစ်ထည့်လိုက်ကြသည်။
လူများပြည့်ကြပ်နေသည့်ကားများက ရွာပြင်ကို အရှိန်ပြင်းပြင်းမောင်းထွက်သွားကြတော့သည်။
သူတို့ရောက်လာစဉ်က ပစ္စည်းတွေအများကြီး ပါလာပေမယ့် ပြန်ထွက်သွားချိန်တွင်မူ သူတို့အသက်အတွက် ဘာကိုမှပင် မယူနိုင်ခဲ့ချေ။
ရွာသူရွာသားများက အန္တရာယ်ရှိနေပြီဆိုတာကို စတင်ခံစားမိလာကြသည်။
သူတို့အခုလို အလျင်အမြန်လုပ်နေတာကိုကြည့်ပြီး ရွာသားများက ကြောက်ရွံ့ခြင်းကို အနည်းငယ် ခံစားလာရသည်။ သူတို့က အသံတိုးတိုးဖြင့် သူတို့ဘာမှယူမလာမိသည့်အကြောင်းကို ထပ်ကာထပ်ကာ ဆွေးနွေးနေကြ၏။
ရွာလူကြီးကအော်ခဲ့သည်။
"ငါသာမင်းတို့ကို ယူခွင့်ပေးနေရင် မင်းတို့က အိမ်မှာ အခုထိထုပ်ပိုးနေကြဦးမှာ၊ အဲဒါတွေက အဲ့လောက်ထိ တန်ဖိုးရှိနေတာလည်းမဟုတ်ဘူး၊ ထပ်ပြီးမတွေးကြနဲ့တော့"
ထိုအရာက အမှန်ပင် ။ ထို့ကြောင့် တွတ်ထိုးနေကြသူများက ပါးစပ်ကိုပိတ်ကာသာ ကားအရှိန်မြင့်လာသည်နှင့်အမျှ ကားပြတင်းပေါက်မှမြင်နေရသည့် ရင်းနှီးနေသော မြစ်ချောင်းတောင်တန်း၊ရှုခင်းများကိုသာ ကြည့်နေကြတော့သည်။
ဝမ်မင်ယီက သူ့လက်ထဲရှိခွေးဝါလေးကို မေးလိုက်သည်။
"ကြောက်နေသေးလား"
ခွေးဝါလေးက ခေါင်းကိုခါယမ်းရင်း
"မကြောက်တော့ဘူး"
ဝမ်မင်ယီ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူကပြတင်းပေါက်အပြင်ဘက်ကို ကြည့်နေခဲ့သည်။ လမ်းတစ်လျှောက်လုံးက တောင်တွေနှင့်သစ်ပင်များသာရှိသည်။ ကံကောင်းတယ်ဟူ၍ ဝမ်မင်ယီတွေးလိုက်မိသည်။ လမ်းတစ်လျှောက်၌ အခြားရွာများမရှိချေ။ အခြားဘယ်သူမှ ထိခိုက်ဒဏ်ရာရသလို သေကြေမည်မဟုတ်။
လူသားတွေက သဘာဝဘေးအန္တရာယ်ကိုရင်ဆိုင်ဖို့အတွက် အားနည်းလွန်းသည်။
အားနည်းလွန်းသဖြင့် ဝမ်မင်ယီမှာ သေမတတ် ထိတ်လန့်ကြောက်ရွံ့စွာ ခံစားခဲ့ရသည်။
ကားကို မြို့အစွန်အဖျားအထိ မောင်းနှင်ပြီးသည့်အခါ ယာဉ်မောင်းက ဓာတ်ဆီဆိုင်၌ ရပ်နားခဲ့သည်။ အခြားလူတွေကလည်း လေကောင်းလေသန့်ရှူဖို့ ထွက်လာကြသည်။
သူတို့ရိုက်ကူးရေးလုပ်သည့်ရွာနှင့် အတော်လေးကွာဝေးနေချေပြီ။ သို့ပေမယ့် ဝမ်မင်ယီက အခြားသောမတော်တဆမှုများကိုကြောက်သဖြင့် ပို၍ဝေးဝေးသွားချင်ခဲ့သည်။
ရုတ်တရက် မြေကြီးက စတင်တုန်ဟည်းလာပြီး တောင်တွေလည်း တုန်ခါကုန်သည်။ ကားတွင်းကားပြင်ရှိခွေးများက စတင်ဟောင်ကြတော့သည်။ ဝမ်မင်ယီ အော်သံများကိုကြားရပေမယ့် ဂရုမစိုက်နိုင်ပါချေ။ သူ့ခြေထောက်အောက်ကမြေပြင်က ခါယမ်းနေတာကို ခံစားလိုက်ရသည်။
သူ့ပထဝီဆရာသင်ပေးခဲ့ဖူးတာတွေကို ပြန်သတိရလာခဲ့သည်။ ငလျင်လှုပ်လျှင် ဒေါင်လိုက်လှိုင်းများ အရင်လာပြီးမှ ဖြတ်လှိုင်းများလာသည်ဆိုတာပင်။
ပထမဆုံးအကြိမ်အဖြစ် ဝမ်မင်ယီ သူ့ဘဝတွင် ထိုအသိပညာကို အသုံးချခြင်းပင်။