အပိုင်း ၉၃၄
Viewers 53k

အခန်း ၉၃၄

အဆုံးမဲ့ပင်လယ်၏ မဟူရာနဂါးဘုရင်


ဂဏန်းတစ်ကောင်ကို ဘယ်လိုစားရမလဲ...


ပထမဆုံးဂဏန်းဥကို စားပါ။ ဂဏန်းအရသာပြင်းပြင်းဖြင့် ဂဏန်း၏အနှစ်သာရကို မြည်းစမ်းနိုင်မည်ဖြစ်သည်။ ထို့နောက် နူးညံ့သည့် ဂဏန်းသားကိုစားပါ။ အသားသည် ဂဏန်းတစ်ခုလုံး၏ ဝိညာဉ်နှင့်အူတိုင်ကို စုစည်းထားသောကြောင့်ဖြစ်သည်။ တစ်ပိုင်း စားပြီးသောအခါတွင် အငန်နှင့် နူးညံ့သောအရသာသည် ငှက်မွေးလေးပါးစပ်ထဲ ညှင်သာစွာခြစ်လိုက်သကဲ့သို့ လူများကို ယစ်မူးသွားစေနိုင်သည်။


ပန်းပွင့်လေးနှင့် နယ်သာရီတို့သည် ဂဏန်းစား၍ အလွန်ပျော်နေကြသည်။


အရသာရှိသော ဂဏန်းအသားသည် ပါးစပ်ထဲတွင် အရည်ပျော်သွားပြီး လူတို့၏လျှာကို မတော်တဆ နှောင်ဖွဲ့ မိသွားပုံရသည်။


ပုဖန် သူ၏အပိုင်းတစ်ဝက်ကို စားပြီးနောက် သန့်ရှင်းသော ဖြူပြာရောင်ကြွေဇွန်းကို ကောက်ယူပြီး ဂဏန်းဥများကို ညှင်သာစွာ ဇွန်းအပြည့် ခပ်ယူလိုက်သည်။


ဂဏန်းဥသည် အနည်းငယ် ပျစ်သော်လည်း သူ မီးကို ကောင်းစွာထိန်းထားသောကြောင့် လုံး၀ ပျစ်ခဲ မနေပေ။


လိ‌မ္မော်ဝါရောင် ဂဏန်းဥများကို ဇွန်းအပြည့် ခပ်ယူလိုက်ပြီးနောက် နယ်သာရီ၏ ကျန်ရှိသော ဂဏန်းအသားတစ်ဝက်ထဲသို့ လောင်းထည့်လိုက်သည်။


လိမ္မော်ဝါရောင် ဂဏန်းဥသည် နို့နှစ်ရောင် ဂဏန်းအသားတွင် ကပ်လျက် ကွဲပြားသော အလှတရားနှင့် ဆွဲဆောင်မှုတို့ကို ပြသလျက်ရှိသည်။ ဤမြင်ကွင်းမျိုးသည် လူများ၏ လက်ချောင်းများကို အလိုအလျောက် လှုပ်ရှားစေလိမ့်မည်။


ပန်းပွင့်လေးက သူမ၏ သုံးပန်လှ မြွေမျက်လုံးကို တဖျတ်ဖျတ်ခတ်နေသည်။ ဂဏန်းဥ၏ ရနံ့ကို လေထဲတွင် ရသောအခါ လက်ထဲရှိ ဂဏန်းအသားကို ကိုင်ကာ စိတ်လှုပ်ရှားသော အမူအရာ ကို ထုတ်ဖော်ပြလျက် သူမကိုလည်း တစ်ဇွန်းစာ ပေးရန် ပုဖန်ကို လက်ပြလိုက်သည်။


ပုဖန် သူမကိုလည်း ဂဏန်းဥ ထည့်ပေးလိုက်သည်။


သိပ်သည်းနေသော ဂဏန်းဥထဲတွင် ပျစ်ခဲနေသောအပိုင်းများ အနည်းငယ် ပါရှိသည်။ ဤအရာများကို ဂဏန်းသားပေါ်သို့ လောင်းချလိုက်သောအခါ ပန်းပွင့်လေးသွားရည်ယိုနေပေသည်။


အဆီများသော ဂဏန်းအသား နှင့် နူးညံ့ပြီး မွှေးကြိုင်သော ဂဏန်းဥများ... ဤပေါင်းစပ်မှုသည် ပန်းပွင့်လေး၏ အတွင်းအကျဆုံး ခံစားချက်ကို ဖမ်းစားနိုင်ခဲ့သည်။


နောက်အပိုင်းကို စားလိုက်သောအခါ လိမ္မော်ဝါရောင် ဂဏန်းဥသည် ပါးစပ်ထောင့်မှ ပြည့်လျှံလာပြီး ပြင်းပြသောရနံ့ဖြင့် လူကို လွန်စွာ ယစ်မူးစေသည်။


ပုဖန် သူ၏ ဂဏန်းအသားပေါ်တွင်လည်း ဂဏန်းဥများကို လောင်းချလိုက်သည်။


သိပ်မကြာခင်မှာပင် လူသုံးယောက်သည် ဂဏန်းအသားများ စားပြီးသွားသည်။


ပန်းပွင့်လေး၏မျက်နှာပေါ်တွင် မကျေနပ်သည့်အမူအရာဖြင့် လက်ချောင်းထိပ်များကို လျက်လိုက်သည်။ ဂဏန်းက ဤမျှအရသာရှိမည်ဟု သူမ မထင်ခဲ့ပေ။


ပုဖန်သည် လက်ဆေးပြီးနောက် နှင်းခါးမီးတောက် သိမြင်မှုဝိုင်ခွက်ကို မြှောက်လိုက်သည်။


တောက်ပသော မျက်လုံးများနှင့် တခြားနှစ်ယောက်သည်လည်း ခွက်များကို မြှောက်လိုက်သည်။


သင်္ဘောအပြင်ဘက်တွင် လေပြင်းများတိုက်ကာ မိုးသည်းထန်စွာရွာနေသည်။


သင်္ဘောအတွင်းတွင် ဂဏန်းသားများနှင့် ဝိုင်ကောင်းများဖြင့် လေထုကို သာယာစေသည်။ မတူညီသောအခြေအနေများတွင် အရသာရှိသော အစားအစာများ စားရခြင်းသည် ရှင်းလင်းစွာ ဖော်ပြရန် ခက်ခဲသောခံစားချက်တစ်ခုဖြစ်သည်။


ပုဖန် တူကို ကိုင်၍ ရေဘဝဲအပိုင်း တစ်ခုကို ပါးစပ်ထဲ ထည့်လိုက်သည်။


ရေဘဝဲအသားသည် အလွန်ချောမွေ့ပြီး နူးညံ့သည်။ ၎င်းသည် ပျော့ပျောင်းမှုအပြည့်ရှိပြီး ၎င်း၏အရသာမှာ ယခင်က နတ်ဆိုးဖားအသားနှင့် အနည်းငယ်ဆင်တူသည်။ သို့သော် နတ်ဆိုးဖားသားနှင့် ယှဉ်ပါကရေဘဝဲသည် အနည်းငယ် ဝါးရခက်သည်။


ပေါက်ကွဲမီးတောက် ငရုတ်သီးနှင့်မွှေကြော်ထားပြီး ငရုတ်ကောင်း၏ ရနံ့နှင့် ရောစပ်ထားသော ရေဘဝဲအသားသည် အထူးပင် အရသာရှိလှသည်။


နောက်ဆုံးတွင် လူသုံးဦးသည် ငရဲကမ္ဘာ သင်္ဘောပေါ်တွင် မျက်နှာချင်းဆိုင်ထိုင်ကာ ဝမ်းဗိုက်ကို ကျေနပ်သောမျက်နှာဖြင့် ပွတ်သပ်နေကြသည်။


အံ့သြစရာကောင်းသော စားသောက်ခြင်း အတွေ့အကြုံတစ်ခုပင်။


ပန်းပွင့်လေး၏ မျက်လုံးများသည် လခြမ်းများအဖြစ်သို့ ကျဉ်းသွားသည်အထိ မျက်နှာမှာ ပျော်ရွှင်မှုတွေဖြင့် ပြည့်နှက်နေသည်။


ရုတ်တရက် ပုဖန် မတ်တပ်ထရပ်ပြီး အပြင်ဘက် ကောင်းကင်ကြီးကို ကြည့်လိုက်သည်။


ကောင်းကင်တွင် လျှပ်စီးများဖြင့် ပြင်းထန်နေဆဲဖြစ်သည်။ ဝှိုက်တီ၏ တွင်းနက်ကြီးသည် လျှပ်စီးကြောင်းကို ခဏခန့်ကြာအောင် စုပ်ယူလိုက်ပြီးချိန်တွင် ဒဏ်မခံနိုင်ပဲ နောက်ဆုံးတွင် ကောင်းကင်မှ ဆင်းသက်လာခဲ့သည်။


အုန်း...


ဝှိုက်တီ ပင်လယ်ရေမျက်နှာပြင် အထက်တွင် ရပ်နေသည်။ လှိုင်းလုံးများက မရပ်တန့်ဘဲ ဝှိုက်တီ့ကို အပေါ်အောက် ရွေ့လျားနေစေသည်။


လျှပ်စီးကြောင်းများသည် ၎င်း၏ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားပြီး ဝှိုက်တီ၏ခွန်အားသည် ပို၍ပင် အားကောင်းလာသည်။


ဝုန်း...


ကျယ်လောင်သော အသံနှင့်အတူ လှိုင်းလုံးကြီးများ ပွင့်ထွက်ကုန်၏။ ဝှိုက်တီ၏ပုံသဏ္ဍာန်သည် ငရဲကမ္ဘာ သင်္ဘောဆီသို့ လျှင်မြန်စွာ‌ ပြေးလာကာ အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ခဏအကြာတွင် ကုန်းပတ်ပေါ်သို့ ရောက်သွားသည်။


ပုဖန် ဝှိုက်တီ့ကိုကြည့်ကာ နှုတ်ခမ်းထောင့်များ ကွေးညွှတ်၍ ပြောလ်ိုက်သည်။


 "မင်း ဗိုက်ဝသွားပြီလား..."


ဝှိုက်တီ၏ စက်ရုပ်မျက်လုံးများက တောက်ပစွာ ဝင်းလက်နေသည်။ ထို့နောက် ၎င်းသည် လက်ကိုမြှောက်ကာ ထိပ်တွင် လျှပ်စီးကြောင်းတစ်ခုက ဖြတ်သန်းနေသည့် ခေါင်းအဝိုင်းကို ထိလိုက်သည်။


ထို့နောက် ဝှိုက်တီ လှုပ်ရှားကာ ပုဖန်နောက်တွင် ငြိမ်သက်စွာ ရပ်နေလိုက်သည်။


ပုစွန်ပိစိက ရွှေရောင်အလင်းတန်းတခုအလား ဝှိုက်တီ၏ခေါင်းပေါ်သို့ချက်ချင်းရောက်သွားသည် သို့သော် ဝှိုက်တီ၏ ခေါင်းကိုထိလိုက်သည့်အခိုက်တွင် လျှပ်စီးကြောင်းတစ်ခု ထွက်ပေါ်လာပြီး သူ့ တစ်ကိုယ်လုံး တုန်ယင်သွားသည်


ရွဲ...


တစ်ဖန် လျင်မြန်သော အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်သကဲ့သို့ ပုဖန်၏ ပခုံးပေါ်သို့ ရောက်သွားသည်။ သူသည် ပခုံးပေါ်တွင် ကွေးလျက်နေကာ တစ်ကိုယ်လုံးတုန်ယင်နေပြီး ပူဖောင်းများမှုတ်ထုတ်လျက် ယခင်လောက် ဖျတ်လတ်တက်ကြွ မနေတော့ချေ။


ဤစိတ်ဝင်စားစရာကောင်းသော မြင်ကွင်းကို မြင်လိုက်ရသောအခါ ပန်းပွင့်လေး မထိန်းနိုင်ပဲ ရယ်မောပစ်လိုက်သည်။


ထိုအချိန်တွင် မုန်တိုင်းသည် တဟုန်ထိုး တိုက်ခတ်‌နေ ဆဲဖြစ်ကာ လှိုင်းလုံးများသည် မီတာရာနှင့်ချီ၍ တက်လာသော်လည်း ပို၍ပင် ပြင်းထန်လာသည်။ ၎င်းတို့သည် သင်္ဘောကို အပိုင်းပိုင်း ခွဲချင်နေသကဲသို့ ငရဲကမ္ဘာသင်္ဘောနှင့် တိုက်မိကြသည်။


ဝုန်း...


ငရဲကမ္ဘာ သင်္ဘောထဲသို့ ရေခိုးရေငွေ့များ တဟုန်ထိုး ပြေးဝင်လာပြီး သင်္ဘောသည် ကောင်းကင်သို့ တက်သွားသည်။


ကံကောင်းထောက်မစွာဖြင့် ငရဲကမ္ဘာသင်္ဘော၏ အပြင်ဘက်တွင် ပင်လယ်ရေဝင်ရောက်မှုကို သီးခြားခွဲထုတ်ထားသည့် မမြင်နိုင်သောအကာတစ်ခုရှိသည်။


ငရဲကမ္ဘာ သင်္ဘောသည် ပင်လယ်ပြင်ပေါ်သို့ တဖြေးဖြေးပြန်ကျလာသည်။


ဤမုန်တိုင်းသည် အချိန်မည်မျှကြာမည်ကို မသိနိုင်သော်လည်း ငရဲကမ္ဘာသင်္ဘော လေထဲတွင် အကြိမ်ကြိမ် လှည့်သွားသည်ကို ခံစားခဲ့ရသည်။


သို့သော်လည်း ဤမုန်တိုင်းသည် လုံးဝရပ်တန့်သွားခြင်းမရှိသဖြင့် ပုဖန်သည် ထူးဆန်းသည့်အရာတစ်ခု ဖြစ်ပေါ်နေသည်ဟု ခံစားလာရသည်။


တစ်ရက်ကုန်သွားသော်လည်း မုန်တိုင်းသည် လှိုင်းထန်နေဆဲပင်။ 


၎င်းတို့ပတ်ဝန်းကျင်တွင် လှိုင်းလုံးများ ရိုက်ခတ်နေသော်လည်း ပင်လယ်ရေထဲတွင် ဝိညာဉ်သားရဲများနှင့် သမုဒ္ဒရာမျိုးစိတ် ကျင့်ကြံသူများ၏ ဦးခေါင်းများကို ရေမျက်နှာပြင်မှ ထွက်ပေါ်လာသည်ကို မြင်တွေ့နိုင်သည်။ မုန်တိုင်းကြောင့် ထိုကျင့်ကြံသူများ စုရုံးလာပုံရသည်။


အမှန်တွင် ဤကိစ္စသည် ထူးဆန်း၏။ သာမာန်အားဖြင့် ပင်လယ်သတ္တဝါများသည် ထိုသို့သောမုန်တိုင်းဘေးမှ ပုန်းရှောင်ထွက်ပြေးလေ့ရှိကြသည်။


ရုတ်တရက်…


ငရဲကမ္ဘာသင်္ဘော ရပ်သွားသည်။


သင်္ဘောပတ်လည်ရှိ လိုင်းလုံးများသည် သင်္ဘောကို ထုတ်ပိုးနေသကဲ့သို့ မြင့်တက်လာသည်။


ကောင်းကင်ထက်တွင် မိုးကြိုးတိမ်များသည် ရေဝဲအဖြစ်သို့ ပြောင်းလဲသွားသည်။ အလယ်ဗဟိုရှိ အပေါက်မှ မိုးခြိမ်းသံနှင့် လျှပ်စီးကြောင်းတို့မှ အဆက်မပြတ် ပစ်ချလာသည်။


တုန်ခါမှုဖြင့် ပဲ့တင်ထပ်ကာ အပြန်အလှန်တုံ့ပြန်ပုံရသည်။


ပင်လယ်ထဲတွင် မရေမတွက်နိုင်သော ပင်လယ်သတ္တဝါများသည် ဤထူးဆန်းသောမြင်ကွင်းကို ကြည့်ရင်း မျက်လုံးများပြူးကျယ်လာကြသည်။


ဂျိန်း...


ပင်လယ်ရေ မြင့်တက်လာသည် နှင့်အမျှ ရေများ ပေါက်ကွဲသွားသည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပင်လယ်ကြမ်းပြင်မှ ဧရာမပုံသဏ္ဌာန်ကြီး ပြေးထွက်လာသည်။


ထိုအရာသည် မဟူရာနဂါးဖြစ်သည် ။၄င်းက ပုဖန်၏ စိတ်ဝိညာဉ် ပင်လယ်ရှိ ရွှေရောင်နတ်နဂါးနှင့် ကွဲပြားသည်။


ဤမဟူရာနဂါးတွင် ဦးချိုတစ်ဖက်သာရှိပြီး သူ၏ကြေးခွံများသည် အပေါ်မှ အောက်ခြေအထိ မဲနက်၍ လက်သည်းလေးချောင်းရှိသည်။ သူ၏မျက်လုံးများမှ စူးရှသော အလင်းရောင်များ ထွက်ပေါ်နေသည်ဟု ထင်ရသည်။


ဤမဟူရာနဂါးသည် ပင်လယ်ရေပြင်မှ ပြေးထွက်လာပြီး လေထဲတွင် လှည့်ပတ်နေသည်။ ၎င်း၏နဂါးဟောက်သံက ကျယ်လောင်လာကာ သမုဒ္ဒရာမျိုးစိတ် ကျင့်ကြံသူများနှင့် ပင်လယ်သတ္တဝါများကို တုန်လှုပ်စေခဲ့သည်။


ပုဖန် သင်္ဘောပေါ်တွင် ရပ်လျက် မျက်မှောင်များကြုတ်ကာ. ကြီးမားသော မဟူရာနဂါးကြီးကို ဂရုမစိုက်သော အမူအရာဖြင့် ကြည့်လိုက်သည်။


ပုဖန်မမှားပါက ကွေ့ကောက်နေသော ဤအနက်ရောင်နဂါးသည် သူ့အား အဆုံးမဲ့ပင်လယ်သို့ ဖိတ်ခေါ်ခဲ့သည့် မဟူရာနဂါးဘုရင် ဖြစ်ရမည်။


မဟူရာနဂါးဘုရင်... အဆုံးမဲ့ပင်လယ်ထဲတွင် အသန်မာဆုံးတည်ရှိမှု ။ ၎င်း၏ ခန္ဓာကိုယ်မှ ထွက်လာသော ဖိအားကို တွက်ချက်ကြည့်လျှင် ၎င်းသည် အမှန်တကယ် အစွမ်းထက်သည်။


ခွေးဘုရင် နှင့် ငရဲဘုရင်အာဟ မှလွဲ၍ ဤ မဟူရာနဂါးဘုရင်သည် အသန်မာဆုံး နတ်ဆိုးဘုရင်နှင့် နှိုင်းယှဉ်ပါက အားနည်းသည်မဟုတ်ပေ။


ပုန်းကွယ်နဂါးတိုက်ကြီးတွင် အမှန်တကယ် သန်မာသော သတ္တဝါများသည် ကျင့်ကြံခြင်းအဆင့် တစ်ခုသို့ ရောက်နေကြသည်မှာ ထင်ရှားသည်။


 ပုဖန်၏ဘေးတွင် ရပ်နေသော ပန်းပွင့်ကေ သူမလက်ကို မြှောက်လိုက်ပြီး လွှမ်းမိုးကြီးစိုးနေသော မဟူရာနဂါးဘုရင်ကို ကြည့်လိုက်ရာ သူမ၏မျက်လုံးများက အနည်းငယ်မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။


အုန်း...


ခပ်လှမ်းလှမ်း တစ်နေရာတွင် အောင်းပ်ိုင် ရုတ်တရက် ပေါ်လာသည်။ သူသည် ပုဖန်ကို ထပ်မံတွေ့ရသောကြောင့် စိတ်လှုပ်ရှားသွားသည်။


ပိုင်ရှင်ပုက အဆုံးမဲ့ပင်လယ်ကို တကယ်လာခဲ့တာပဲ... မကြာသေးမီက ရရှိထားသော သတင်းများကို မယုံကြည်နိုင်သေးပေ။


ယခု သူ၏ ကိုယ်ပိုင်မျက်လုံးများဖြင့် ပုဖန်ကို တွေ့ရသောအခါ ခန္ဓာကိုယ်သည် စိတ်လှုပ်ရှား၍ တုန်ယင်နေသည်။


အောင်းပိုင် ငရဲကမ္ဘာ သင်္ဘောဘက်သို့ လှိုင်းစီးလာခဲ့သည်။ ကျဉ်းမြောင်းသောမျက်လုံးများဖြင့် ပုဖန်၏ ပခုံးပေါ်တွင် ကွေးနေသော ပုစွန်ဘိုးဘေးကို ကြည့်လိုက်သည်။


"ပိုင်ရှင်ပု သင် ပုစွန်ဘိုးဘေးကို ပြန်ခေါ်လာတာလား.." သူ ပုဖန်ကို မျှော်လင့်တကြီးဖြင့် ကြည့်ကာ မေးလိုက်သည်။


ကုန်းပတ်ရှေ့တွင် ရပ်နေသည့် ပုဖန်က ရေမျက်နှာပြင်ပေါ် မတ်တပ်ရပ်နေသည့် အောင်းပိုင်ကို လှမ်းကြည့်လိုက်သည်။


" မင်းအတွေးတွေ များလွန်းနေပြီ...ပုစွန်ဘိုးဘေး ပြန်မလာတော့ဘူးလို့ မင်းကို အထူးတလည်ပြောဖို့ ဒီကိုလာခဲ့တာ..."


အောင်းပိုင်၏ မျက်နှာ အေးခဲသွားပြီး သူ၏မျက်နှာတွင် အဆင်မပြေသော အရိပ်အယောင်တချို့ ပေါ်လာသည်။


သူ ဘာမျှ ထပ်မပြောတော့ပေ ။ ပုစွန်. ဘိုးဘေးသည် ပုဖန်၏ စောင့်ရှောက်မှုအောက်တွင် ရှိနေသောကြောင့် သူဘာမျှမတတ်နိုင်ပေ။


အောင်းပိုင် သက်ပြင်းချလိုက်သည်။ အကယ်၍ သူသာ ရွှေပုစွန်မျိုးနွယ်စုတွင် ရှိနေပါက ပုစွန်ဘိုးဘေး ပြန်လာစေရန် အတတ်နိုင်ဆုံး ကြိုးစားသွားမည်ဖြစ်သည်။


သို့သော် သူသည် မဟူရာနဂါးဘုရင်၏ နယ်မြေတွင် ဧည့်သည်အဖြစ် သတ်မှတ်ခံရသောကြောင့် သူ့အား မဟူရာနဂါးဘုရင်၏ လက်အောက်ခံတစ်ဦးအဖြစ်လည်း မြင်လာရသည်။


အချို့ကိစ္စများသည် မည်သို့မျှ မတတ်နိုင်ပေ။


" ဒီမုန်တိုင်းက ဘယ်လိုဖြစ်တာလဲ..." ပုဖန် မျက်မှောင်ကြုတ်အောင်းပိုင်ကို မေးခွန်းထုတ်လိုက်သည်။


မုန်တိုင်းသည် အနည်းငယ် ထူးဆန်းသည်ဟု သူအမြဲတမ်း ခံစားခဲ့ရသော်လည်း မည်မျှကွဲပြားသည်ကို ပုဖန် တိတိကျကျ မဖော်ပြနိုင်ပေ။


"ပိုင်ရှင်ပုက အဆုံးမဲ့ပင်လယ်က သတ္တဝါ မဟုတ်တဲ့ အတွက် ဒီမုန်တိုင်းအကြောင်း မသိတာပါ... တကယ်တော့ ဒီမုန်တိုင်းက သာမန်မဟုတ်ဖူး...ဒီမုန်တိုင်းကို ရှားရှားပါးပါး နှစ်ထောင်နဲ့ချီပြီး မတွေ့ခဲ့ရဖူးဘူး…"


 အောင်းပိုင်သည် ရေပြင်ပေါ်၌ ရပ်နေစဉ် သူ၏ ရွှေရောင်ဆံပင်များက လေထဲတွင် အဆက်မပြတ် တဖျပ်ဖျပ်လွင့်နေကာ ရှင်းပြသည်။


ခဏအကြာတွင် သူထပ်မံပြောသည်။


"ဒီဟာက မကြာခင်ဖွင့်တော့မယ့် အဆုံးမဲ့ပင်လယ်နဂါးဂိတ်ဝပဲ... ဒီနဂါးဂိတ်ဝက အဆုံးမဲ့ပင်လယ်ရဲ့ အံ့ဖွယ်တစ်ခုဖြစ်ပြီး မရေမတွက်နိုင်တဲ့ ပင်လယ်သတ္တဝါတွေက ထိုဂိတ်ကို ဖြတ်ကျော်ဖို့ ကြိုးစားနေကြတယ်... မဟူရာနဂါးဘုရင်တောင်မှ စောင့်မျှော်နေတယ်… တစ်စုံတစ်ယောက်ဟာ နဂါးဂိတ်ဝကို ဖြတ်ကျော်ပြီးတာနဲ့ နဂါးအစစ်ဖြစ်လာဖို့ အခွင့်အရေးရလိမ့်မယ်လို့ ကြားဖူးတယ်..."


နဂါးအစစ် ဖြစ်လာမယ်တဲ့လား...


ပုဖန်သည် အေးစက်သော အသက်ရှုသံကို စုပ်ယူလျက် မျက်လုံးများ အနည်းငယ် မှိန်သွားသည်။


နဂါးဟိန်းဟောက်သံ ထွက်ပေါ်လာပြီး မကြာမီတွင် ကောင်းကင်၌ ကွေ့ကောက်နေသော နဂါးနက်ဘုရင်သည် အနက်ရောင်ဝတ်ရုံကို ၀တ်ဆင်ထားသည့် လူတစ်ယောက်အဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားသည်။


ဤယောကျာ်း၏ အသွင်အပြင်မှာ အလွန်ကြောက်စရာကောင်းပြီး ရက်စက်သည်။ ထိပ်ပြောင်သော ဦးခေါင်းဖြင့် သူ၏မျက်နှာတစ်ပြင်လုံးသည် ရဲရင့်သောအကြည့်ဖြင့် လူတစ်ယောက်ကိုပင် ကြောက်ရွံ့ထိတ်လန့်တုန်လှုပ်သွားစေသည်။


ပင်လယ်ပြင်ကို ဖြတ်၍ မျက်လုံးများ လှည့်ကြည့်လျက်ရှိကာ ဟင်းလင်းပြင်တွင် တိတ်ဆိတ်စွာ ရပ်နေ၏။ နောက်ဆုံးတွင် သူ၏အကြည့်များသည် ငရဲကမ္ဘာ သင်္ဘောပေါ် ရောက်သွားသည်။ အောင်းပိုင်ကို မြင်သောအခါ မျက်မှောင်ကျုံ့လိုက်သည်။


မျက်စိတစ်မှိတ်အတွင်းမှာပင် ထိပ်ပြောင်နှင့်လူသည် ပျောက်ကွယ်သွားပြီး အောင်းပိုင်အနားမှ ပြန်ပေါ်လာသည်။


"အောင်းပိုင်... ဒါက မင်းဒီဘုရင်ကို မကြာခဏပြောဖူးတဲ့ ပိုင်ရှင်ပု ဆိုတဲ့သူလား... ပုစွန်ဘိုးဘေးက သူ့လက်ထဲမှာလား..."


ထိပ်ပြောင်သောလူ၏ အသံသည် အနည်းငယ် ကြမ်းတမ်းသည်။ သူ၏ပါးစပ်ကို ဖွင့်လိုက်သည့်အခါတိုင်း ပြင်းထန်၍ ဆိုးရွားသော စကားများသာ ထွက်လာပုံရသည်။


သို့သော် သူ၏ ပြင်းထန်၍ ဆိုးရွားသော အသွင်အပြင်မှလွဲ၍ သူ၏အမူအရာနှင့် ပြောပုံမှာ ဖော်ရွေပုံပေါ်သည်။ ၎င်းသည် သူ၏ပထမအထင်အမြင်နှင့် အတော်လေး ကွာခြားနေသည်။


‌အောင်းပိုင်သည် မဟူရာ နဂါးဘုရင်ဘက်သို့ လှည့်ကာ ခေါင်းငြိမ့်လိုက်ပြီး အနည်းငယ်အံ့ဩနေလေသည်။


အဆုံးမဲ့ပင်လယ်တွင် အသန်မာဆုံး ကျင့်ကြံသူအဖြစ် မဟူရာနဂါးဘုရင်၏ ခွန်အား အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သည် သံသယရှိစရာ မလိုပေ။


ကြေးခေါင်းလောင်းကဲ့သို့ မဟူရာနဂါးဘုရင်၏ မျက်လုံးများ ကျယ်လာသည်။ ပုဖန်၏ရုပ်ရည်ကို စိုက်ကြည့်လျက် သူ၏မျက်လုံးများ လှုပ်ရှားသွားသည်။


ပုဖန်၏ အမူအရာကင်းမဲ့သော မျက်နှာသည် မဟူရာနဂါးဘုရင်၏ အာရုံကို ကြာရှည်စွာ မဖမ်းဆုပ်နိုင်ခဲ့ပေ။ မကြာမီတွင် ပုဖန်၏ပခုံးပေါ်တွင် လဲလျောင်းနေသော ပုစွန်ဆိတ်လေးကို သူတွေ့လိုက်ရသည်။


"တကယ်ကို ပုစွန်ဘိုးဘေးပဲ … အရင်တုန်းက ပုစွန်ဘိုးဘေးက ခံ့ညားပြီး အစွမ်းထက်တဲ့ တည်ရှိမှုတစ်ခုပဲ... တိမ်တွေကို လက်တစ်ဖက်တည်းနဲ့ ဖန်တီးနိုင်ပြီး မိုးကိုလည်း နောက်လက်တစ်ဖက်နဲ့ဖန်တီးနိုင်တယ်... ဒါပေမဲ့ အခုတော့ သူက ဝိညာဉ်ဉာဏ်ပညာကိုနိုးကြားခဲ့တဲ့ ပုစွန်သေးသေးလေး ဖြစ်နေပြီ... နဂါးဂိတ်ဝကို အမြန်သွားတဲ့ ရလဒ်က တကယ်ကို ကြောက်စရာကောင်းတယ်..."


ပုစွန်ဘိုးဘေးကို ကြည့်ပြီးနောက် မဟူရာနဂါးဘုရင်၏ မျက်လုံးများသည် ဦးတည်ချက်ပြောင်းကာ နယ်သာရီနှင့် ပန်းပွင့်လေးတို့ထံတွင် ရပ်တန့်လိုက်သည်။


နယ်သာရီကို ဦးစွာကြည့်လိုက်ပြီးနောက် သူ၏မျက်လုံးများသည် သူမ အလှကြောင့် အံ့အားသင့်သွားသည် ။


ထိုကဲ့သို့သော မိန်းမလှလေးသည် ရှားပါးလှသည်။


သို့သော် မဟူရာနဂါးဘုရင်၏ အကြည့်သည် ပန်းပွင့်လေးထံ ရောက်သွားသောအခါ သူအေးခဲသွားသည်။


" ခုနှစ်ရောင်ခြယ် ကောင်းကင်ဝါးမြိုစပါးအုံးလား ... ဝိုး... ဝိုး..." 


မဟူရာနဂါးဘုရင်သည် အေးစက်သောအသက်ရှုသံကို ရှူရှိုက်ရင်း အော်ပြောလိုက်သည်။


ပန်းပွင့်လေး၏ သုံးပန်လှမြွေမျက်လုံးများ ပွင့်လာသည်။ သူမ၏ ခေါင်းလေးကို မြှောက်ကာ မဟူရာနဂါးဘုရင်ကို စိုက်ကြည့်နေသည်။


ရုတ်တရက် မဟူရာနဂါးဘုရင်၏ ပုံရိပ်သည် လှုပ်ရှားသွားပြီး ပန်းပွင့်လေး၏ရှေ့တွင် အလင်းတဖျပ်ဖျပ်ဖြင့် ပေါ်လာသည်။


နယ်သာရီနှင့် ပုဖန်၏ ခန္ဓာကိုယ်များ တောင့်တင်းသွားသည်။


ဒီ မဟူရာနဂါးဘုရင် သူဘာလုပ်ချင်နေတာလဲ...


သို့သော်လည်း ခဏအကြာတွင် မဟူရာနဂါးဘုရင်ပြောလိုက်သည့်စကားကြောင့် နယ်သာရီနှင့်ပုဖန် ဘာပြောရမည်မသိ ဖြစ်သွား၏။ ပုဖန်နှင့် နယ်သာရီ သာမက ပတ်ဝန်းကျင်ရှိ ပင်လယ်သတ္တဝါများပါ အံ့အားသင့်ဖွယ် အသွင်အပြင်ကို ဖော်ပြနေကြသည်။


"မိန်းကလေး... ကျွန်ုပ်က အဆုံးမဲ့ပင်လယ်ထဲမှာရှိတဲ့ မဟူရာနဂါးနန်းတော်ရဲ့ မဟူရာနဂါးဘုရင်ပဲ... ဒီဘုရင်က မင်းမှာ အကန့်အသတ်မရှိ အလားအလာတွေ ရှိတယ်လို့ မြင်တယ်... ဒီဘုရင်ကို မင်းအဖေအဖြစ် အသိအမှတ်ပြုရင် ဘယ်လိုလဲ..."