အခန်း ၉၃၅
မသေမျိုးအချက်အပြုတ်နယ်မြေဝင်ပေါက်...ထွက်ပေါ်လာပြီ
"ကောင်မလေး.. ငါကအဆုံးမဲ့ပင်လယ်က မဟူရာနဂါးနန်းတော်ရဲ့ မဟူရာနဂါးဘုရင်ပါ... ဒီဘုရင်ကို မင်းရဲ့အဖေအဖြစ်သတ်မှတ်လိုက်ရင်ရောဘယ်လိုလဲ..."
မဟူရာနဂါးဘုရင်သည် အလွန်အမင်းစိတ်လှုပ်ရှားနေပြီး ပန်းပွင့်လေးရှေ့တွင် ပေါ်ထွက်လာခဲ့သည်။ သူထိုစကားများကိုပြောနေစဉ်တွင် မျက်လုံးများကတောက်ပနေလျက်ရှိပြီး သူ၏ကတုံးပြောင်ပြောင်ခေါင်းကလည်း ပြောင်လက်နေလျက်ရှိသည်။
ပတ်ပတ်လည်ရှိလူများ စိတ်ရှုပ်ထွေးသွားကြသည်။
အောင်းပိုင်၏နှုတ်ခမ်းထောင့်များတွန့်လိမ်သွားကာ သူ့လက်ကိုမြှောက်ပြီး မျက်နှာတစ်ခြမ်းကို အုပ်ကိုင်လိုက်သည်။
မဟူရာနဂါးဘုရင်ရေ.. ခင်ဗျားရဲ့ ကိုယ်ကျင့်သိက္ခာတွေဘယ်ရောက်သွားတာလဲဗျာ..
မနေမတွက်နိုင်တဲ့ ပင်လယ်သတ္တဝါတွေကို အမိန့်ပေးနိုင်တဲ့ အဆုံးမဲ့ပင်လယ်ရဲ့ မြင့်မြတ်လှတဲ့ မဟူရာနဂါးဘုရင်က... ဘယ်လုပ်... ဘယ်လိုလုပ်ပြီး ကလေးမလေးကိုပြန်ပေးဆွဲဖို့ ချိုချဉ်နဲ့မြှူဆွယ်နေတဲ့ ထူးဆန်းတဲ့ ဦးလေးကြီးဖြစ်သွားရတာလဲ..
ပုဖန်သည်လည်း မဟူရာနဂါးဘုရင်ကို မျက်နှာသေဖြင့်ကြည့်နေပြီး တစ်ဖက်လူ၏ အပြုအမူကြောင့် ပြောစရာစကားပင်ရှာမတွေ့သလိုဖြစ်သွားသည်။
မူလက သူ မဟူရာနဂါးဘုရင်ကို လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိပြီး သတ်ဖြတ်လိုစိတ်အပြည့်နှင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေမည်ဟု ထင်ထားခဲ့သော်လည်း ယခုတွင် ထိုလူက ငရဲဘုရင်အာဟကဲ့သို့ လူပြက်တစ်ယောက်ဖြစ်နေမှန်းသိသွားခဲ့ရသည်။
နယ်သာရီ မျက်မှောင်ကြုတ်လိုက်ကာ လက်ဆန့်လိုက်ပြီး ပန်းပွင့်လေးကို သူမနောက်သို့ပို့လိုက်သည်။ ပန်းပွင့်လေးက နယ်သာရီပေါင်ကိုဖက်ထားပြီး သူမ၏ခေါင်းသေးသေးလေးကို နယ်သာရီနောက်မှထုတ်၍ သိချင်စိတ်ပြင်းပြစွာကြည့်နေသည်။
ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ မဟူရာနဂါးဘုရင်က သနားစဖွယ်ကောင်းသည်ဟု ရုတ်တရက်ကြီး ခံစားသွားရသည်။ သူ နယ်သာရီကိုမော့ကြည့်လိုက်ပြီး သူ့မျက်လုံးများကမှေးမှိန်သွားသည်။
"ငရဲကမ္ဘာအမျိုးသမီး..."
မဟူရာနဂါးဘုရင် သူ့နှုတ်ခမ်းထောင့်တွင် ပြုံးနေဟန်ပေါ်အောင် အတင်းအကြပ်လုပ်ယူပြီး ပြောလိုက်သည်။
သို့သော် စကားပြောနေစဉ်တွင်ပင် မဟူရာနဂါးဘုရင်က နယ်သာရီနောက်တွင် ပုန်းနေသောပန်းပွင့်လေးကို မကြာခဏချောင်းကြည့်နေတတ်သည်။ သူ ပန်းပွင့်လေးကို မကြာခဏမျက်စိမှိတ်ပြ၍ စ နေသေးသည်။
ပန်းပွင့်လေး စိတ်ရှုပ်သွားသလို ခံစားလိုက်ရကာ ထိုလူက အမှန်တကယ်အရူးတစ်ယောက်ဖြစ်နေမည်ကို ကြောက်ရွံ့မိသွားသည်။
"လာပါဦး... ငါ့သမီးလေးရယ်... ပါပါးဆီလာပါဦး.."
မဟူရာနဂါးဘုရင် ပန်းပွင့်လေးကိုကြည့်ရင်း သူ့လက်တွေကိုဝေ့ယမ်းပြနေလိုက်သည်။
အစောပိုင်းက သူ ပန်းပွင့်လေးကို ရှေးဦးစိတ်ဝိဉာဉ်သားရဲဖြစ်သည့် ခုနစ်ရောင်ခြယ်ကောင်းကင်ဝါးမျို စပါးအုံးမြွေဖြစ်ကြောင်း အာရုံခံလိုက်မိသည်။ ခုနစ်ရောင်ခြယ်ကောင်းကင်ဝါးမျို စပါးအုံးမြွေတစ်ကောင် အထွတ်အထိပ်သို့ရောက်ရှိသွားလျှင် ၎င်းသည် ဇာမဏီများနှင့် နတ်နဂါးများထက်ပင် အားမနည်းသည့် ထိပ်တန်းနတ်သားရဲတစ်ကောင်ဖြစ်လာလိမ့်မည်ဖြစ်သည်။
သူသာ ထိုအင်အားကြီးမားသည့်တည်ရှိမှုတစ်ခု၏ အဖေဖြစ်ပါက အပြင်တွင်အရှက်မရှိ ဝံ့ကြွားကာနေလိုက်မည်ဖြစ်သည်။ ကလေးမလေးက အခုမှ ကလေးတစ်ယောက်သာဖြစ်သောကြောင့် သူ့ကို အဖေအဖြစ်အသိအမှတ်ပြုအောင် မြန်မြန်လုပ်လိုက်မှဖြစ်မည်။
အောင်းပိုင်နှင့် အခြားသော အဏ္ဏဝါမျိုးစိတ်ကျင့်ကြံသူများစွာ၏ နှုတ်ခမ်းများ တွန့်လိမ်သွားခဲ့သည်။
သူမက သဘောမတူရသေးဘူးလေ... အရှက်မရှိ ကိုယ့်ကိုကိုယ် ကောင်မလေးရဲ့အဖေအဖြစ်သတ်မှတ်လိုက်ရလား...
ပတ်ပတ်လည်ရှိလူများက ၎င်းတို့၏စိတ်ထဲရှိသောအရာများကို ထုတ်ဖော်ပြနေစဉ်တွင် မဟူရာနဂါးဘုရင်က နယ်သာရီနောက်တွင်ပုန်းနေဆဲဖြစ်သော ပန်းပွင့်လေးကို ဆက်လက်ချော့မြူနေကာ သူနှင့်ကလေးမလေး၏ တောက်ပနေသောအနာဂတ်အကြောင်း စိတ်ကူးယဉ်နေသည်။
မဟူရာဂါးဘုရင်၏ အရှက်မရှိသောအပြုအမူများကိုကြည့်ရင်း ပုဖန် မျက်ဆံလှန်လိုက်မိသည်။
ပန်းပွင့်လေးက နယ်သာရီ၏ဝတ်စုံကိုဆွဲထားပြီး နယ်သာရီထံမှသင်ထားသည့်အမူအယာအတိုင်း မျက်ဆံလှန်လိုက်သည်။
"ဟေး.. ကလေးမလေး 'ဖေဖေ'လို့ခေါ်လိုက်စမ်းပါကွာ... ဒါမှလိမ္မာတဲ့ကောင်မလေးဖြစ်မှာလေ.."
မဟူရာနဂါးဘုရင် ခါးကုန်းလိုက်ပြီး မျက်နှာပေါ်တွင်အပြုံးများအပြည့်ဖြင့် ချော့မြူနေသည်မှာ လူကုန်ကူးသူတစ်ယောက်နှင့်ပင် တူနေတော့သည်။
"ပန်းပွင့်လေးက စကားမပြောနိုင်သေးဘူး..."
ပုဖန် အေးစက်တည်ငြိမ်သောအသံဖြင့်ပြောလိုက်သည်။
မဟူရာနဂါးဘုရင် အံ့အားသင့်သွားကာ သူ့မျက်နှာရှိအပြုံးကြီးတောင့်ခဲသွားသည်။
"မင်းပြောတာမှန်တယ်.... ဒီကောင်မလေးက အရောင်နှစ်ရောင်ပဲရှိသေးတော့ ကလေးပေါက်စနလေးပဲရှိသေးတာပဲ..."
မဟူရာနဂါးဘုရင် အပြုံးနှင့်ပြောလိုက်သည်။
ခုနစ်ရောင်ခြယ်ကောင်းကင်ဝါးမျိုစပါးအုံးမြွေတွင် အရောင်ခုနစ်ရောင်လုံးပြည့်စုံသွားပါက လုံးဝအရွယ်ရောက်သွားပြီဖြစ်သည်။ ထိုအချိန်တွင် ၎င်း၏စွမ်းအင်သည် ဇာမဏီသို့မဟုတ် နတ်နဂါးများနှင့် ယှဉ်နိုင်သည့် ပြိုင်ဘက်ကင်းစိတ်ဝိဉာဉ်သားရဲတစ်ကောင် ဖြစ်လာမည်ဖြစ်သည်။
လက်ရှိတွင် ပန်းပွင့်လေး၌ အရောင်နှစ်ရောင်ရှိနေပြီဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူမက နေ့တိုင်းခွေးဘုရင်နားတွင်နေပြီး ခွေးဘုရင်၏စွမ်းအင်များဖြင့် လွှမ်းမိုးခံရ၍ အလျှင်အမြန်တိုးတက်လာခြင်းဖြစ်သည်။
ပုံမှန်အခြေအနေအောက်တွင် ခုနစ်ရောင်ခြယ်ကောင်းကင်ဝါးမျိုစပါးအုံးများက ကလေးဘဝကို အချိန်အကြာကြီးဖြတ်သန်းရလေ့ရှိသည်။ အဘယ့်ကြောင့်ဆိုသော် အရောင်တစ်ရောင်ရလာရန်အတွက် နှစ်တစ်ထောင်နီးပါးကြာမြင့်တတ်ခြင်းကြောင့် ဖြစ်သည်။
အရောင်တစ်ရောင်ထွက်ပေါ်လာတိုင်း နောက်တစ်ရောင်ထွက်ပေါ်လာရန် ပိုကြာတတ်သည်။ ထို့ကြောင့် ၎င်းပိုမိုတိုးတက်လာလေလေ နောက်တစ်ရောင်ရလာရန်အချိန်ပိုမိုလိုအပ်လေလေဖြစ်တတ်သည်။
မဟူရာနဂါးဘုရင် ခေါင်းခါလိုက်သည်။ သူ ပန်းပွင့်လေးကို မျက်စိဆက်မှိတ်ပြနေသော်လည်း ပန်းပွင့်လေးကို သူ့ကို'အဖေ'ဟုခေါ်ရန် ဆက်မပြောတော့ပေ။
ကောင်းကင်ယံတွင် တိမ်မဲများစုဝေးနေဆဲဖြစ်ကာ မုန်တိုင်းဆက်တိုက်နေဆဲဖြစ်သည်။
ကောင်းကင်အောက်ရှိ ပင်လယ်ပြင်တွင် လှိုင်းလုံးများက ကောင်းကင်အထိဆန်တက်ကာ ပင်လယ်ပြင်က ဒေါသထွက်နေသော သားရိုင်းကြီးတစ်ကောင်နှယ် အဆက်မပြတ် လှိုင်းထန်ကာဟိန်းဟောက်နေသည်။
ပဲစေ့များကဲ့သို့ကြီးမားသော မိုးရေစက်များ ရွာချလာပြီး ပင်လယ်ရေနှင့်ရောနှောသွားသည်။ မိုးရေစက်တို့ ကောင်းကင်ယံမှ ဖြန်းပက်လာပြီး ပင်လယ်ပြင်ကိုထိုးနှက်ကြသဖြင့် ရေမျက်နှာပြင်ပေါ်တွင် စက္ကန့်ပိုင်းမျှ ချိုင့်ခွက်အသေးစားများထွက်ပေါ်လာကြသည်။
မိုးသံနှင့်အတူ ရေလှိုင်းသံများရောနှောနေပြီး ဆူညံနေသည်။
မိုးခြိမ်းသံထွက်ပေါ်လာကာ လေထုကပိုမိုလေးလံသွားသည်။
ပုဖန်ဘေးတွင် ရပ်နေသော အောင်းပိုင်တစ်ယောက် ခေါင်းမော့၍ ကောင်းကင်တွင်ရှိသော လေဝဲကိုကြည့်၍ သူ့မျက်နှာအမူအယာက ပိုမိုလေးနက်လာသည်။
"နဂါးဂိတ်တံခါးပွင့်သွားပြီထင်တယ်..."
"နဂါးဂိတ်တံခါး... အဲ့တာဘာကြီးလဲ."
ပုဖန် သိချင်စိတ်အပြည့်ဖြင့်မေးလိုက်သည်။
ထိုနဂါးဂိတ်တံခါးဆိုသောအရာက အဏ္ဏဝါမျိုးစိတ်များအတွက် အရေးကြီးသည်ဟုဆိုသော်... လူသားများအတွက်လည်းအသုံးဝင်မည်လား။
၎င်းကအသုံးမဝင်ပါက ပုဖန်အိမ်ပြန်ရန်ပင် ပြင်ဆင်ပြီးပြီဖြစ်သည်။ မည်သို့ပင်ဆိုစေ သူ့အတွက်အသုံးလိုသည့်အရာ ဘာမှမရှိသော ဂိတ်တံခါးပွင့်ရန် စောင့်နေရမည်ဆိုပါက ရယ်စရာပင်ကောင်းနေပြီး အချိန်ဖြုန်းသလိုသာဖြစ်နေမည်ဖြစ်သည်။
"နဂါးဂိတ်တံခါးက... နဂါးဂိတ်တံခါးပဲလေ... ဟိုနေရာမှာရှိတယ်... နဂါးဂိတ်တံခါးတစ်ခါပွင့်တိုင်း မင်းတစ်ခါဝင်တာနဲ့ အခွင့်အလမ်းကြီးတစ်ခုကိုပိုင်ဆိုင်ရတတ်တယ်လို့ ပြောကြတယ်... နဂါးဂိတ်တံခါးကိုတစ်ကြိမ်ဖြတ်သန်းသွားတာနဲ့ အစစ်အမှန်နဂါးတစ်ကောင်အဖြစ်ပြောင်းလဲသွားလိမ့်မယ်.. ပြီးတော့ နဂါးဂိတ်တံခါးအတွင်းမှာ မသေမျိုးစွမ်းအင်တွေရနိုင်လို့လည်း ကြားသေးတယ်..."
အောင်းပိုင် ရှင်းပြလိုက်သည်။
အောင်းပိုင်ပြောသည်ကိုနားထောင်ပြီး ပုဖန်အတွေးနက်သွားသည်။
အခွင့်အလမ်းကြီး... အဲ့ထဲမှာ မသေမျိုးစွမ်းအင်ရှိတယ်တဲ့လား...
မသေမျိုးစွမ်းအင်ဟုခေါ်သော အရာအကြောင်းပြောရလျှင် ပုဖန်က၎င်းနှင့်မစိမ်းပေ။ မူလက ကြေးနန်းတော်တွင် သူ မသေမျိုးစွမ်းအင်အမျှင်လေးတစ်ခုကို စုပ်ယူခဲ့ဖူးသည်။ ထိုစွမ်းအင်အမျှင်လေးကို စနစ်ကစုပ်ယူသွားပုံပေါ်သည်။
ထိုမသေမျိုးစွမ်းအင်ကြောင့် သူ့တာဝန်ကိုအချိန်မတိုင်ခင်ပြီးမြောက်ခဲ့ပြီး သူ၏ကျင့်ကြံခြင်းအဆင့်လည်းမြင့်တက်သွားကာ အဆင့်မြင့်စားဖိုမှူးတစ်ယောက် ဖြစ်လာခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် အောင်းပိုင် မသေမျိုးစွမ်းအင်အကြောင်းပြောလာသောအခါတွင် ပုဖန်၏မျက်လုံးများတောက်ပသွားခြင်းဖြစ်သည်။
သူသာ မသေမျိုးစွမ်းအင်လာရမယ်ဆိုရင် စနစ်ကသူ့ကို အဆင့်ထပ်မြှင့်ပေးမှာလား...
တကယ်သာအဲ့လိုဆိုရင် သူအချိန်ကုန်သက်သာ သွားလောက်မှာပေါ့...
ယခုတွင် ပုဖန်နဂါးဂိတ်တံခါးပွင့်လာသည်ကို ကြည့်လိုက်သည်။
မဟူရာနဂါးဘုရင်က ပုဖန်ကို မျက်စိစွေကြည့်ကာ ပြောလိုက်သည်။
"နဂါးဂိတ်တံခါးဆိုတာ ငါတို့အဏ္ဏဝါမျိုးစိတ်တွေခေါ်တဲ့ နာမည်ပဲ... မင်းတို့ကုန်းမကြီးပေါ်မှာဆိုရင် တခြားနာမည်နဲ့ခေါ်ကြတာ... ငါမှတ်မိတာသာမမှားရင် မသေမျိုးအချက်အပြုတ်နယ်မြေဝင်ပေါက်လို့ ခေါ်ကြတယ်..."
သူစကားပြောနေရင်း သူ၏ ကတုံးပြောင်ဖြစ်နေသော ဦးခေါင်းကိုထိကာ အမှားပါသွားမည်စိုးနေဟန်ဖြင့် ခပ်ဖြေးဖြေးပြောလာသည်။
မဟူရာဂါးဘုရင်ပြောသည့် နောက်ဆုံးစာကြောင်းကိုကြားသောအခါ ပုဖန်နှင့်နယ်သာရီတို့ ကြောင်အမှင်သက်သွားကြသည်။
ပုဖန် မဟူရာနဂါးဘုရင်ကို ကြောက်တက်တက်နှင့်ကြည့်လိုက်သည်။
ဒီလူဘာပြောလိုက်တာ...
မသေမျိုးအချက်အပြုတ်နယ်မြေရဲ့ ဝင်ပေါက် ဟုတ်လား...
ဒီနဂါးဂိတ်တံခါးက မသေမျိုးအချက်အပြုတ်နယ်မြေရဲ့ ဝင်ပေါက်တဲ့လား...
ပြီးတော့ ဒီဝင်ပေါက်က အဆုံးမဲ့ပင်လယ်ထဲမှာ အမြဲတမ်းရှိနေခဲ့တာပေါ့လေ...
ဒီ...
ပုဖန် ဘာဆက်ပြောရမလဲမသိတော့ပေ။ သို့သော် အသေအချာစဉ်းစားပြီးနောက်တွင် ၎င်းကအဓိပ္ပါယ်ရှိနေလေသည်။
သူ ကြေးနန်းတော်မှ ထွက်လာသည်မှာ သုံးနှစ်ခန့်ကြာမြင့်ခဲ့ပြီဖြစ်သည်။
ထိုအချိန်က မသေမျိုးအချက်အပြုတ်နယ်မြေမှ စာဖိုးမှူးက မသေမျိုးအချက်အပြုတ်နယ်မြေဝင်ပေါက်သည် နောက်သုံးနှစ်ကြာတွင်ပွင့်မည်ဟု ပြောခဲ့သည်။ ယခုတွင် ထိုအချိန်သို့ကွက်တိရောက်နေခြင်းဖြစ်နိုင်သည်။
သို့သော် ပုဖန်အနည်းငယ် အံ့အားသင့်နေဆဲဖြစ်သည်။
မသေမျိုးအချက်အပြုတ်နယ်မြေဝင်ပေါက်က... ဘယ်လိုလုပ်ပြီး သန့်စင်လက်ဆတ်တဲ့ ပုံသဏ္ဍာန်မရှိရတာလဲ...
"မင်းသိလား... အရင်တစ်ခေါက် နဂါးဂိတ်တံခါးပွင့်တုန်းကဆိုရင် ဒီနဂါးဘုရင်က နဂါးပေါက်စလေးပဲရှိသေးတာ... အဲ့အချိန်တုန်းက ငါ့အဖေက ကန့်သတ်ချက်တွေကိုဖြတ်ကျော်ပြီး နဂါးဂိတ်တံခါးထဲကို ချိုးဖောက်ဝင်ရောက်သွားခဲ့တာကိုကြည့်ပြီး ငါအရမ်းကိုလေးစားအားကျသွားခဲ့တာပဲ... အခုတော့ ငါက အဖေ့ခြေရာကိုနင်းပြီး နဂါးဂိတ်တံခါးရဲ့အတားအဆီးတွေကိုဖြတ်ကျော်ပြီး အစစ်အမှန်နဂါးတစ်ကောင်ဖြစ်ဖို့ အခွင့်အရေးရလာခဲ့ပြီ..."
မဟူရာနဂါးဘုရင် သူ၏ ကတုံးပြောင်ပြောင် ဦးခေါင်းကို ပွတ်ရင်း ပြောလိုက်သည်။
ခဏကြာရပ်သွားပြီး ဆက်ပြောလာသည်။
"အခြေအနေကိုကြည့်ရသလောက်ကတော့ ဒီမုန်တိုင်းက ရက်အတော်ကြာလောက်တယ်.. မုန်တိုင်းပြီးသွားတာနဲ့ နဂါးဂိတ်တံခါးလည်း ပေါ်လာလိမ့်မယ်.."
မဟူရာနဂါးဘုရင်၏စကားကိုကြားသောအခါ ပုဖန်မျက်မှောင်သာကြုတ်မိလိုက်သည်။
ကောင်းပြီလေ.. နောက်ထပ်ရက်နည်းနည်းလောက်စောင့်ရတာပေါ့....
…
အစားကြူးတောင်ကြားတွင်
အစားကြူးနတ်ဘုရားအဆောက်အအုံ၏ မီးဖိုချောင်ထဲတွင် အစားကြူးတောင်ကြား၏ပထမဆုံးတောင်ကြားသခင်သည် ထိုင်ခုံပေါ်တွင် ပျင်းတိပျင်းတွဲခြေချိတ်ထိုင်နေသည်။ သူ့ဆံပင်ဖြူခပ်ကျဲကျဲတို့သည်လည်း လေနှင့်အတူလွင့်ပျံနေလျက်ရှိသည်။
သူ့အနီးတွင် ချက်ပြုတ်နေသောရှောင်ယကိုကြည့်လိုက်ပြီး သူ၏ဆံပင်ဖြူဖြူတို့ကို သပ်လိုက်ရင်း အပြုံးလေးဖြင့်ပြောလိုက်သည်။
"ကောင်မလေး... မင်းအစ်ကိုကြီးပုဖန်လို စားဖိုမှူးကြီးတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် ကောင်းကောင်းလေ့ကျင့်ဖို့လိုတယ်နော်... မင်းမှာသာ ကောင်းမွန်ကျစ်လျစ်တဲ့ အခြေခံရှိနေရင် မင်းရဲ့အချက်အပြုတ်ကျွမ်းကျင်မှုကလည်း ပိုကောင်းလာလိမ့်မယ်..."
ရှောင်ယ၏မျက်လုံးများက ပြတ်သားကြည်လင်နေကာ မီးဖိုချောင်သုံးဓားကိုဆွဲကိုင်ရင်း ပါဝင်ပစ္စည်းများကို ကျွမ်းကျွမ်းကျင်ကျင်လှီးဖြတ်နေသည်။
အစ်ကိုကြီးပုဖန်၏ ဟင်းချက်ကျွမ်းကျင်မှုကို မျက်မြင်ကြုံတွေ့ခဲ့ရပြီး သူ၏ဟင်းပွဲများကိုမြည်းစမ်းခဲ့ရပြီးနောက်တွင် သူ၏စိတ်ထဲတွင် အတွေးတစ်ခုသာပေါ်လာခဲ့သည်။ ၎င်းသည် အစ်ကိုကြီးပုဖန်ကဲ့သို့ စားဖိုမှူးကြီးတစ်ယောက်ဖြစ်လာရန်ဖြစ်သည်။
သူမ အရသာရှိသော ဟင်းပွဲများကိုချက်ပြုတ်ပြီး လူတိုင်းကိုပျော်ရွှင်စေချင်သည်။
၎င်းသည် သူမဘဝ၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်ပေသည်။
အစားကြူးတောင်ကြား၏ပထမဆုံးတောင်ကြားသခင် ဖြစ်သူ လူအိုကြီးတွင် အလွန်ကောင်းမွန်လှသော ဟင်းချက်စွမ်းရည်ရှိသည်။ သူက အစ်ကိုကြီးပုဖန်ထက် ကျွမ်းကျင်မှုအရာတွင်နိမ့်ကျခြင်းမရှိဟု ပြောခဲ့သောကြောင့် သူ့ထက်မှချက်ပြုတ်နည်းများကို သင်ကြားနေခြင်းဖြစ်သည်။
လူအိုကြီး၏မျက်လုံးများ ကျဉ်းမြောင်းသွားကာ သူ့လက်ထဲရှိ စိတ်ဝိဉာဉ်သစ်သီးကို တစ်ကိုက် ကိုက်လိုက်သည်။ ဂျွတ်ကနဲမြည်သံနှင့်အတူ စိတ်ဝိဉာဉ်သစ်သီး၏ အရည်များက သူ့ပါးစပ်ကိုပေပွသွားစေသည်။
၎င်းသည် ချိုချိုချဉ်ချဉ်အရသာရှိသော စိတ်ဝိဉာဉ်သစ်သီးတစ်လုံးဖြစ်သည်။ တစ်ကိုက်ကိုက်လိုက်သည်နှင့် လူအိုကြီး၏မျက်နှာတွင် ကျေနပ်နှစ်သိမ့်သွားသာ အမူအယာဖြစ်သွားသည်။
ရုတ်တရက် လူအိုကြီး၏နှလုံးသားအတွင်းမှ တစ်စုံတစ်ခုကိုခံစားလိုက်ရပုံနှင့် သူ့တစ်ကိုယ်လုံးတောင့်ခဲသွားကာ သူ့လက်ထဲရှိ စိတ်ဝိဉာဉ်သစ်သီး ကြမ်းပြင်ပေါ်ပြုတ်ကျကာ လိမ့်သွားသည်။
ရှောင်ယ သူမလုပ်လက်စအရာကို ရပ်လိုက်ကာ လူအိုကြီးကို လှမ်းကြည့်လိုက်သည်။
"ကောင်မလေး ဒီလူအိုကြီး မင်းကိုအခုမသင်ပေးနိုင်သေးဘူး... ငါ့မှာပုဖန်ကို ဖိနှိပ်ဖို့အရေးကြီးတဲ့ တာဝန်တစ်ခုရှိနေပြီ... ငါသွားနေတုန်းကိုယ့်ဘာသာလေ့ကျင့်ထားလိုက်တော့..."
လူအိုကြီး ဤသုံးနှစ်အတွင်းပိုမိုလှပလာသော ရှောင်ယကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။
ရှောင်ယ အံ့အားသင့်သွားသည်။
လူအိုကြီး ဘာတွေပြောနေတာလဲ...
"ဒီလူအိုကြီး နှစ်ထောင်ပေါင်းများစွာကြာအောင်စောင့်ခဲ့ရတဲ့ အခွင့်အလမ်းနောက်ကို လိုက်တော့မယ်..."
သူ၏ စိတ်လှုပ်ရှားနေသော အသံနှင့်ခြားနားစွာ လူအိုကြီး၏အမူအယာက တည်ငြိမ်နေပြီး သူ့မျက်လုံးများက အတွေးနက်နေဟန် ပေါ်နေသည်။
ရှောင်ယ ဆွံ့အသွားခဲ့သည်။
သို့သော် ခဏအကြာတွင် သူ့မ မျက်လုံးမှိန်ဖျော့သွားသည်။
လူအိုကြီးမတ်တတ်ထရပ်လိုက်ကာ ပြေးထွက်သွားခဲ့သည်။ သူ့ရှေ့တွင် အစားကြူးနတ်ဘုရားအဆောက်အဦး၏ သလင်းကျောက်တုံးများဖြင့် ပြုလုပ်ထားသော ဖောက်ထွင်းမြင်နိုင်သည့် နံရံတစ်ခုရှိနေသည်။
သဘာဝအားဖြင့် နံရံကအလွန်မာကျောလှသော်လည်း လူအိုကြီးကစိတ်ထဲပင်မထားပဲ ဖောက်ထွက်သွားကာ နံရံပေါ်တွင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာစေသည်။
သူ၏ပုံရိပ်သည် အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားကာ မျက်စိတစ်မှိတ်အတွင်း မိုးကုတ်စက်ဝိုင်းထဲတွင် ပျောက်ကွယ်သွားသည်။
…
ထောင်တျဲစားသောက်ဆိုင်ထဲတွင်
ခွေးဘုရင်သန်းဝေကာ သူ့ခေါင်းကိုမော့လိုက်သည်။ သူ့မျက်လုံးများက ငိုက်မြည်းနေဆဲဖြစ်ကာ နိုးထချင်နေသေးပုံမပေါ်ပေ။
"သုံးနှစ်ဆိုတာ မြန်မြန်ကြီးကုန်သွားတာပဲ... မသေမျိုးအချက်အပြုတ်နယ်မြေဝင်ပေါက် ပွင့်သွားပြီလား... ကြည့်ရတာတော့ ခွေးဘုရင် မသေမျိုးအချက်အပြုတ်နယ်မြေထဲ နောက်တစ်ကြိမ်ထပ်သွားရတော့မယ့်ပုံပဲ... အဲ့ကလူတွေဒီဘုရင်ကို ကြိုဆိုကြပါဦးမလား..."
…
ပုန်းကွယ်နဂါးတိုက်ကြီး၏ မိုင်ပေါင်းများစွာဝေးကွာလှသော နေရာတွင်
ပိန်းပိတ်အောင်နက်မှောင်နေသော တောင်တစ်ခုပေါ်တွင် ၎င်းတောင်ပေါ်မှထွက်ပေါ်နေသော အော်ရာက သိပ်သည်းသည်ထက် သိပ်သည်းလာသည်။ ကောင်းကင်ယံတွင် တိမ်မဲများစုဝေးနေကာ အဆက်မပြတ်ရွေ့လျားနေသည်။
တောင်ထိပ်တစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော အသန်မာဆုံးနတ်ဆိုးဘုရင်၏မျက်လုံးများ ရုတ်တရက်ပွင့်သွားခဲ့သည်။ သူ့မျက်လုံးများက လျှပ်စီးများလက်နေသလိုဖြစ်နေပြီး သူ့ရှေ့ရှိ လေဟာနယ်ကိုဆုတ်ဖြဲလိုက်သည်။
အသန်မာဆုံးနတ်ဆိုးဘုရင်၏အော်ရာက တောင်တစ်ခုလုံးကို ဖျက်ခြေပစ်ချင်သည့်နှယ်ဖြစ်နေကာ ၎င်းကိုတုန်ရီနေသွားစေသည်။
ဝုန်း ဝုန်း
အသန်မာဆုံးနတ်ဆိုးဘုရင် မတ်တတ်ထရပ်ကာ လည်ပင်းကိုချိုးလိုက်ပြီး သူ၏ကြွက်သားများနှင့် အရိုးများကို ဖြေလျော့လိုက်သည်။
ဘုန်း
ခဏအကြာတွင် တောင်တစ်ခုလုံးတုန်ခါသွားပြန်သည်။
ဘုန်းဟူသောမြည်သံနှင့်အတူ အသန်မာဆုံးနတ်ဆိုးဘုရင် တောင်ပေါ်မှထွက်ခွာသွားကာ အနက်ရောင်အလင်းတန်းတစ်ခုအဖြစ်ပျံထွက်သွားသည်။ ကောင်းကင်ပေါ်တွင် ဝံ့ကြွားစွာရပ်နေပြီး သူ့ခန္ဓာကိုယ်အတွင်း ကြောက်မက်ဖွယ်စွမ်းအင်တို့ လည်ပတ်နေသည်။
သူ့ပါးစပ်ကိုဖွင့်လိုက်သောအခါ အနက်ရောင်စွမ်းအင်များထွက်လာပြီး စကားပြောလိုက်သည်။
"သုံးနှစ်တောင်ကြာခဲ့ပြီပဲ... နောက်ဆုံးတော့ ငါအခွင့်အရေးရခဲ့ပြီ... ဒီတစ်ကြိမ်တော့ ဟိုသောက်လူသားကို ငါ့ရမယ်အရာကို ယူခွင့်မပေးနိုင်ဘူး... ဒီဘုရင်ရဲ့လမ်းမှာလာပိတ်သမျှကို အကုန်သတ်ပစ်မယ်..."