အပိုင်း ၉၃၆
Viewers 53k

အခန်း ၉၃၆

လူအိုကြီးမဟူရာရေ.... ကောင်းကင်ပေါ်မှာ အတောင်ပံကင်နှစ်ခုကိုမြင်လား


အဆုံးမဲ့ပင်လယ်တွင် အနက်ရောင်စစ်သင်္ဘောတစ်စင်း ဖြေးဖြေးချင်း ရွက်လွှင့်နေသည်။ ပတ်ပတ်လည်ရှိ ပင်လယ်ရေများကိုလွင့်စင်သွားစေကာ ရှေ့သို့ဆက်သွားနေသည်။


စစ်သင်္ဘော၏ရှေ့တွင် နတ်ဆိုးဘုရင်ခြောက်ပါးက စက်ဝိုင်းသဏ္ဍာန်ဝိုင်းပတ်၍ ရပ်နေကြသည်။ သူတို့၏လက်များကို နောက်သို့ပစ်၍ တိမ်မဲများဖြင့်ပြည့်နေသော ကောင်းကင်ကိုကြည့်ပြီး သူတို့၏မျက်နှာများက လေးနက်နေကြသည်။


"ဒါက အဆုံးမဲ့ပင်လယ်ထဲက မုန်တိုင်းပေါ့လေ... တကယ်ကြောက်ဖို့ကောင်းတာပဲ... ဒီလိုစိတ်ဓာတ်ကျဖို့ကောင်းတဲ့ လေထုက လူတိုင်းကိုအသက်မရှူနိုင်အောင်ကို ဖိနှိပ်နေတာပဲ..."


နတ်ဆိုးဘုရင်တစ်ပါး ပြောလိုက်သည်။


နတ်ဆိုးဘုရင်တစ်ပါးအနေဖြင့် ၎င်းတို့၏သန်မာမှုသည် အမှတ်ရှစ်ခုရှိသည့် နတ်ဘုရားအာကာသအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။ ၎င်းတို့က ကောင်းကင်နှင့်မြေပြင်ရှိအရာအားလုံးကို သုတ်သင်နိုင်သည်ဖြစ်ရာ သာမန်မုန်တိုင်းတစ်ခုက ၎င်းတို့အတွက်ဘာမှမဟုတ်ပေ။


သို့သော် ဤမုန်တိုင်းက ၎င်းတို့ကို စိုးရိမ်ပူပန်စေသည်။


"ဟိုကိုကြည့်လိုက်ဦး... အဲ့နားလေးမှာ သက်ရှိတစ်ကောင်ကောင်ရှိနေတယ်ထင်တယ်..."


သိန်းငှက်နတ်ဆိုးဘုရင်က ၎င်း၏အတောင်ပံကိုဖြန့်၍ ကောင်းကင်သို့ပျံတက်သွားသည်။ သူအဝေးကိုလှမ်းကြည့်လိုက်သောအခါ လှိုင်းလုံးကြီးများအပြင် ပင်လယ်သတ္တဝါများစွာကာ ပင်လယ်ထဲမှထွက်ပေါ်နေသည်ကို မြင်လိုက်ရသည်။


ဘာဖြစ်နေတာလဲ...


ပင်လယ်ထဲကနေ ပင်လယ်သတ္တဝါတွေအများကြီးဘာလို့ထွက်လာနေရတာလဲ...


နတ်ဆိုးဘုရင်များ အနည်းငယ် သံသယဖြစ်နေကြသည်။


ကောင်းကင်ယံတွင် မိုးကြိုးတို့ထစ်ချုန်းနေကြကာ နားကန်းလုမတတ်မြည်ဟိန်းနေ၍ နတ်ဆိုးဘုရင်များအားလုံး ထိတ်လန့်သွားကြသည်။


၎င်းတို့ အဆုံးမဲ့ပင်လယ်ထဲ အချိန်အကြာကြီးရွက်လွှင့်နေခဲ့သော်လည်း ဘာမှမတွေ့ခဲ့ရပေ။ နောက်ဆုံးတော့ ဒီအကြိမ်တွင် သတ္တဝါအချို့ကိုတွေ့ခဲ့ပြီဖြစ်၍ လမ်းမေး၍ရသွားပြီဖြစ်သည်။


သိန်းငှက်နတ်ဆိုးဘုရင်၏ အတောင်ပံများတဖျပ်ဖျပ်ခတ်နေကာ အခြားနတ်ဆိုးဘုရင်များကိုလှည့်ကြည့်၍ ပြောလိုက်သည်။


"ငါ့ရဲ့နတ်ဆိုးဘုရင်တို့... ဒီမှာနေပြီး ငါ့ဆီကသတင်းကောင်းကိုစောင့်ကြပေတော့..."


ဘုန်း


ခဏအကြာတွင် သူ၏ပုံရိပ်က အဝေးသို့ပျံသန်းသွားကာ သူ၏အတောင်ပံခတ်သံသဲ့သဲ့ကိုသာ ကြားရတော့သည်။



နဂါးဂိတ်တံခါး ရက်အနည်းအတွင်းပွင့်တော့မည်ဖြစ်၍ ပင်လယ်မျိုးစိတ်ကျင့်ကြံသူများ ပို၍ပို၍ထွက်ပေါ်လာကြသည်။ ၎င်းတို့က ရေပြင်ထက်မှခေါင်းပြူထွက်နေကြကာ ကောင်းပင်ရှိမုန်တိုင်းကို စိတ်လှုပ်ရှားမှုပြည့်နေသော အကြည့်များဖြင့် ကြည့်နေကြသည်။


ပုဖန် ငရဲကမ္ဘာသင်္ဘောပေါ်တွင် ခြေချိတ်ထိုင်နေပြီး သေမတတ်ပျင်းရိနေသည်။


ပန်းပွင့်လေးက နယ်သာရီပေါင်ကိုဖက်၍ နယ်သာရီအပေါ်မှီရင်း အိပ်ပျော်နေသည်။


မဟူရာနဂါးဘုရင်က ငရဲကမ္ဘာသင်္ဘောနှင့် သိပ်မဝေးသောနေရာတွင်ရှိသည့် ရေတံတိုင်းပေါ်တွင်ရပ်နေသည်။ သူ့မျက်နှာကိုလက်ဖြင့်အုပ်ကာ ပန်းပွင့်လေးအိပ်နေသည့်ပုံကို ချစ်မြတ်နိုးမှုပြည့်နေသော မျက်လုံးများဖြင့် ခဏခဏခိုးကြည့်နေသည်။


နေပါဦး.... သူကတကယ်ကြီး တုန်နေအောင်ချစ်တဲ့အမူအယာကြီး ပြဖို့လိုလို့လား...


ဒီမဟူရာနဂါးဘုရင်က သူ့ကိုယ်သူ ပန်းပွင့်လေးရဲ့အဖေများထင်နေတာလား...


ပုဖန် မဟူရာနဂားဘုရင်ကိုကြည့်ပြီး သူ့နှုတ်ခမ်းထောင့်များ တွန့်လိမ်သွားသည်။


မဟူရာနဂါးဘုရင် ပုဖန်၏အကြည့်ကို ခံစားမိပုံနှင့် လှည့်၍ ပြုံးပြလိုက်သည်။


ပုဖန် မျက်ဆံသာလှန်လိုက်တော့သည်။ သူ့အတွေးတစ်ချက်နှင့် ကောင်းကင်နှင့်ကမ္ဘာမြေလယ်ယာမြေထဲဝင်ရောက်လိုက်သည်။


သူသေမလိုပျင်းနေမှတော့ ကောင်းကင်နှင့်ကမ္ဘာမြေ လယ်ယာမြေထဲသွားပြီး အလုပ်လုပ်နေတာပိုကောင်းတာပေါ့...


မြက်ခင်းပြင်ပေါ်တွင် ရှစ်လေးအနည်းငယ်ဝဖြီးလာပြီဖြစ်သည်။ ၎င်းက အဆက်မပြတ် တကျော်ကျော်အော်မြည်နေရင် ခပ်မြန်မြန်ပြေးလွှားနေသည်။


မျက်လုံးသုံးလုံးခြင်္သေ့ရိုင်းက ရှစ်လေးနောက်ကလိုက်နေပြီး ၎င်း၏လည်ဆံမွှေးများက ခပ်ဖြေးဖြေးလွင့်ပျံနေကာ ရှစ်လေးနောက်ကို စစနောက်နောက်လိုက်ဖမ်းနေခြင်းဖြစ်သည်။


ပုဖန် ကောင်းကင်နှင့်ကမ္ဘာမြေ လယ်ယာမြေထဲသို့ရောက်ရှိလာသည်နှင့် လယ်ယာမြေ၏အခြားဧရိယာများ ဖွံ့ဖြိုးတိုးတက်လာကြောင်း နျိုဟန်ဆန်း၏ စိတ်အားထက်သန်သော အစီရင်ခံစာနှင့် မိတ်ဆက်သွားခဲ့သည်။


ယခုတွင် ကျားခေါင်းငါးမန်းနိုးနေပြီဖြစ်ကာ မြစ်ထောင့်စွန်းလေးတွေ ကြောက်လန့်တကြား အမူအယာနှင့် ပုန်းအောင်းနေသည်။


နျိုဟန်ဆန်းက အပြုံးလေးနှင့်ပြောလာသည်။


"ဒီကောင်နိုးလာတုန်းကလေ အော်ဟစ်နေပြီး ကျွန်တော့်ကိုစားဖို့လုပ်နေတာ... ကျွန်တော်လည်း လှဲမနေချင်တာနဲ့ တစ်ခေါက်လောက်ရိုက်ပစ်လိုက်တယ်လေ... အာ မဟုတ်သေးပါဘူး နှစ်ခေါက်လောက်များလား..."


နျိုဟန်ဆန်း၏ကျင့်ကြံခြင်းအဆင့်က ကျားခေါင်းငါးမန်းနှင့်ယှဉ်လျှင် အတော်လေးမြင့်မားလေသည်။ ထို့ကြောင့် ခန့်မှန်းထားသည့်အတိုင်း ကျားခေါင်းငါးမန်းက ဆိုးဆိုးရွားရွားအရိုက်ခံလိုက်ရခြင်းဖြစ်သည်။


ပုဖန် မြစ်ကမ်းပါးနားကပ်၍ လမ်းလျှောက်လာချိန်တွင် ကျားခေါင်းငါးမန်းကပိုမိုကြောက်ရွံ့လာတော့သည်။ ၎င်းက မြစ်၏အခြားတစ်ဖက်ကိုတိုးကပ်သွားပြီး မြစ်ကမ်းပါးပေါ် တက်သွားလုမတတ်ဖြစ်နေသည်။


ဗွမ်း


ရေထဲတွင် ရေဘဝဲက အော်ဟစ်လိုက်ကာ ပုဖန်ထံ သူ၏လက်တံတစ်ချောင်းကို ပစ်လွှတ်လိုက်သည်။ ယခင်က ပုဖန် ၎င်း၏လက်တံများထဲမှတစ်ချောင်းကို ဖြတ်တောက်ခဲ့သဖြင့် ပုဖန်ကိုပို၍မုန်းတီးနေခြင်းဖြစ်သည်။


နဂါးအရိုးမီးဖိုချောင်သုံးဓား ရုတ်တရက်ထွက်ပေါ်လာကာ ခဏအကြာတွင် ပုဖန်က ရေဘဝဲလက်တံတစ်ချောင်းကို ချက်ချင်းပင်ဖြတ်ချလိုက်သည်။


ဘုန်းဟူသောမြည်သံနှင့်အတူ ရေဘဝဲက မြေပြင်ပေါ်ပြုတ်ကျသွားပြီး တွန့်လိမ်နေလေသည်။


ရေဘဝဲလက်တံကို စနစ်သိုလှောင်အိတ်ထဲ ထည့်ပြီးသည်နှင့် ပုဖန်လက်နောက်ပစ်ကာ ရေဘဝဲကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် လယ်ကွက်များထဲသို့ လှည့်ထွက်သွားသည်။


ရေဘဝဲ၏ နှလုံးသားထဲတွင် အတော်လေး ခါးသီးသွားသလိုခံစားလိုက်ရသည်။

ဒီလူ သူ့ရဲ့လက်တံတစ်ချောင်းကိုဖြတ်သွားပြန်ပြီ... ဘယ်လိုလုပ်ပြီး အကြင်နာတရားမရှိ ဖြတ်သွားနိုင်ရတာလဲ...


ဘယ်လိုတောင် ရက်စက်တဲ့လူသားလဲ...


ဟင်းသီးဟင်းရွက်စိုက်ခင်းကို ပတ်ကြည့်ပြီးသည်နှင့် ပုဖန် ဟင်းသီးဟင်းရွက်များမှ စိတ်ဝ်ဉာဉ်စွမ်းအင်များ ထွက်ပေါ်နေသည်ကို ခံစားလိုက်ရသည်။ ထိုအရာကိုသတိပြုမိသောအခါ ကျေကျေနပ်နပ် ခေါင်းငြိမ့်လိုက်တော့သည်။


ယခုတွင်ကောင်းကင်နှင့်ကမ္ဘာမြေ လယ်ယာမြေတွင် အသက်စွမ်းအင်များ ပြည့်နှက်နေပြီဖြစ်ကာ ပုဖန်အလွန်စိတ်ကျေနပ်လျက်ရှိသည်။ သူတစ်ခါရောက်လာတိုင်း ရောက်လာတိုင်း စိတ်ဝိဉာဉ်စွမ်းအင်များ များသည်ထက်များလာနေသည်။


အဘယ့်ကြောင့်ဆိုသော် သူက စိတ်ဝိဉာဉ်ဆေးပင်များနှင့် အခြားဆေးဘက်ဝင်အပင်ပေါင်း များစွာတို့ကို စိုက်ပျိုးထား၍ ထိုဟင်းသီးဟင်းရွက်များက စိတ်ဝိဉာဉ်စွမ်းအင်များစွာကို ထုတ်လွှတ်နေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် လယ်ယာမြေထဲရှိ စိတ်ဝိဉာဉ်စွမ်းအင်တို့မှာ ပိုမိုသန်မာလာရသည်။


အခြားသူများအတွက်မူ ဤလယ်ယာမြေသည် ကျင့်ကြံခြင်းအတွက် အထွတ်အမြတ်ထားရာနယ်မြေ ဖြစ်ပေလိမ့်မည်။ 


သို့သော် ပုဖန်၏ ကျင့်ကြံဆင့်သည် ဤစွမ်းအင်များကို စုပ်ယူရန် မလိုသဖြင့် ဤစိတ်ဝိဉာဉ်စွမ်းအင်များက သူ့အတွက်အသုံးမလိုပေ။ သူ၏လိုအပ်ချက်က ထိုမျှမြင့်မနေပဲ သူအသီးအရွက်များနှင့် သစ်သီးဝလံများကို စိုက်နေသ၍ ကျင့်ကြံခြင်းအဆင့်တိုးတက်လာမည်ဖြစ်သည်။


ခဏအကြာတွင် ပုဖန် ငရဲကမ္ဘာသင်္ဘောကိုပြန်ရောက်လာသည်။ မဟူရာနဂါးဘုရင်က သူ၏ပျောက်ကွယ်သွားမှုကြောင့် အနည်းငယ် အံ့ဩနေလျက်ရှိသည်။


သို့သော် ပုဖန်ကရှင်းပြရန် ပျင်းရိနေ၍ မဟူရာနဂါးဘုရင်ကို ခေါင်းသာငြိမ့်ပြလိုက်သည်။


ခဏအကြာတွင် လူတိုင်း၏ အံ့အားသင့်နေသော အကြည့်အောက်တွင် သူ ရှယ်လျားဝဖြီးသော ရေဘဝဲလက်တံတစ်ခုကို ထုတ်လိုက်သည်။


ရေဘဝဲလက်တံသာမကာ သူစနစ်သိုလှောင်အိတ်ထဲ ဂရုတစိုက်ထိန်းသိမ်းထားသော နတ်ဆိုးဖားအသားကိုလည်း ထုတ်လိုက်သည်။


နတ်ဆိုးဖားအသားသည် နတ်ဆိုးဘုရင်တစ်ပါးထံမှရသော အဆင့်မြင့် ပါဝင်ပစ္စည်းဖြစ်၍ ညီအစ်ကိုရေဘဝဲ၏လက်တံနှင့်ယှဉ်ပါက ပိုမိုသာလွန်လေသည်။


ပုဖန်က သူတို့နဂါးဂိတ်တံခါးပွင့်သည်ကိုစောင့်ရင်း အရသာရှိသော အစားအစာများကိုစားနေသင့်သည်ဟု ထင်သည်။


မည်သို့ပင်ဆိုစေ သူတို့ကိုယ်သူတို့ ဝမ်းဟာနေအောင် ပစ်မထားသင့်ပေ။ 


ရုတ်ချည်းပင် မဟူရာလိပ်ခုံးဒယ်အိုး၊ ဟင်းချက်ဆီ၊ ဟင်းခတ်အမွှေးအကြိုင်၊ ကြက်သွန်မြိတ်၊ ခရမ်းရင်ကြက်သွန်ဖြူ၊ ဟင်းချက်ဝိုင် နှင့် ရနံ့မွှေးရှာလကာရည်တို့ ထွက်ပေါ်လာသည်။


ပုဖန် ပါဝင်ပစ္စည်းတစ်ခုထုတ်လိုက်တိုင်း ပတ်ပတ်လည်ရှိအကြည့်များက ပိုမိုထူးဆန်လာတော့သည်။


အဆုံးမဲ့ပင်လယ်သို့လာကြသော အခြားသူများက သန်မာအားကောင်းလှသော ရန်သူများဖြင့်ရင်ဆိုင်ရမည်ဖြစ်၍ သတိကြီးကြီးထားနေကြသော်လည်း ထိုပုဖန်ဆိုသူက အဆုံးမဲ့ပင်လယ်ကို စားသောက်ရန်သာ လာခဲ့သည်လော။


ပုဖန် အဆုံးမဲ့ပင်လယ်ကို ဝင်ရောက်လာကတည်းက စားဖွယ်မျိုးစုံကို အဆက်မပြတ်စားသောက်လာကြောင်း ထိုအဏ္ဏဝါမျိုးစိတ်ကျင့်ကြံသူများသိပါက အံ့ဩဆွံ့အသွားကြမည်ဖြစ်သည်။


အကင်စင်ကို တပ်ဆင်ပြီးနောက်တွင် ပုဖန်ပါးစပ်ကိုဟ၍ ကောင်းကင်ကမ္ဘာမြေမီးတောက်ကို မှုတ်ထုတ်လိုက်သည်။ ဆန်းကျယ်လှသောမီးတောက်က မဟူရာလိပ်ခုံးဒယ်အိုးထဲသို့ကျရောက်သွားချိန်တွင် ဒယ်အိုးအတွင်းရှိအပူရှိန်ကို ရုတ်ချည်းဆိုသလို မြင့်တက်သွားစေသည်။


ဒယ်အိုးပေါ်ရှိ အကင်ဇကာက အပူရှိန်မြင့်လာသည်နှင့်အမျှ ပိုမိုရဲရဲနီလာကာ လေထုကိုပင် တွန့်လိမ်သွားစေသည်။


ပုဖန် ရေဘဝဲလက်တံကို အပိုင်းပိုင်းခုတ်ဖြတ်လိုက်သောအခါ ၎င်း၏လတ်ဆတ်ကာ အရည်ရွှမ်းသောအသားကို လူတိုင်းကိုပြလိုက်သလိုဖြစ်သွားသည်။ ရေဘဝဲသားကို ရေဆေးလိုက်ပြီး ဟင်းခတ်အမွှေးအကြိုင်တစ်ချို့ကို ဖြူးကာ အရသာများစိမ့်ဝင်စေရန် ခဏမျှလင်ဗန်းပေါ်တင်ထားလိုက်သည်။


မဟူရာနဂါးဘုရင်နှင့် အခြားပင်လယ်သတ္တဝါများက ပုဖန်ကို အံ့အားသင့်နေသော အကြည့်များဖြင့် ကြည့်နေကြသည်။


သူတို့ ထိုမျှ မျက်စိပဒေသာဖြစ်စေသော ဟင်းချက်နည်းကို မတွေ့ဖူးကြပေ။


မဟူရာနဂါးဘုရင်၏ နန်းတော်တွင် ဟင်းချက်နည်းဟူ၍ မယ်မယ်ရရမရှိပဲ အစိမ်းလိုက်သာ စားကြခြင်းဖြစ်သည်။


အဲ့လို ကင်ထားတဲ့ ပစ္စည်းတွေက စားလို့ရောရရဲ့လား...


ရွဲ


ပုဖန် အရသာတို့သေချာစိမ့်ဝင်သွားပြီဖြစ်သော ရေဘဝဲကို အကင်ဇကာပေါ်တင်လိုက်သောအခါ တရှဲရှဲမြည်သံများထွက်ပေါ်လာပြီး ပုဖန်ကိုကြည့်နေကြသော အဏ္ဏဝါမျိုးစိတ်ကျင့်ကြံသူများကို ထိတ်လန့်သွားစေသည်။


တကယ်ကြီး အသံထွက်လာတယ်... ပြီးတော့ ဘာလို့အရမ်းမွှေးနေရတာလဲ...


ဆူဖြိုးကာအရည်ရွှမ်းသော ရေဘဝဲကိုချက်ပြုတ်လိုက်သောအခါ မွှေးပျံ့သောရနံ့ကို ထုတ်လွှတ်လာသည်။


ငရဲကမ္ဘာပေါ်မှ ထွက်ပေါ်လာသော ထိုမွှေးရနံ့က ပတ်ပတ်လည်ရှိ ပင်လယ်သတ္တဝါများစွာကို ချက်ချင်းပင် ဆွဲဆောင်လိုက်နိုင်သည်။


ရွဲ


ရေဘဝဲအသားပေါ်ကို ရွှေရောင်သမ်းနေသော ဆီအချို့သုတ်လိမ်းလိုက်ပြီး တစ်ဖက်သို့လှန်လိုက်သောအခါ ၎င်း၏အရည်များက ကောင်းကင်ကမ္ဘာမြေမီးတောက်ပေါ် ကျဆင်းသွားသည်။ ထိုအရည်များက မျက်စိတစ်မှိတ်အတွင်းပင် အငွေ့ပျံသွားကာ မတူညီသောရနံ့တစ်ခုကို ထုတ်လွှတ်လာပြန်သည်။


မဟူရာဂါးဘုရင် အကင်ဇကာကို အံ့အားတသင့်စိုက်ကြည့်နေသည်။


"ညီလေးပုဖန်.. မင်းဘာတွေလုပ်နေတာလဲ..."


နဂါးဘုရင် အတော်လေးသိချင်နေမိသည်။


ပိုင်ရှင်ပု၏ ကျွမ်းကျင်မှုတို့ကို မျက်မြင်ကြုံတွေ့ဖူးသော အောင်းပိုင်က ပုဖန်ဟင်းချက်တော်ကြောင်း သိပေသည်။


အောင်းပိုင်က မဟူရာနဂါးဘုရင်နှင့်လည်း ရင်းနှီးနေသည်ဖြစ်ရာ နဂါးဘုရင်ပါးစပ်ဖွင့်လိုက်သည်နှင့် ထိုကျိုးကြောင်းဆီလျော်မှုမရှိသောနဂါးဘုရင်က စားသောက်ရရန် လှည့်ပတ်၍ပြောတော့မည်ဖြစ်ကြောင်း သိလေသည်။


ပုဖန် ရေဘဝဲကို အကင်ဇကာပေါ်တွင် ဟိုဘက်သည်ဘက် လှည့်ပေးနေရင်း အပူရှိန်ကိုမြှင့်လိုက်သောအခါ မီးခိုးငွေ့များထွက်ပေါ်လာပြီး ငရဲကမ္ဘာသင်္ဘောပေါ်တွင် ဝေ့ဝဲနေသည်။ သို့သော် ထိုမီးခိုးငွေ့များက လေကြောင့် ချက်ချင်းပင် ပျံ့ကြဲသွားတော့သည်။ 


ပန်းပွင့်လေးက ဟင်းရနံ့များကြောင် နိုးထလာခဲ့သည်။ သူမ ပုဖန်နှင့်သိပ်မဝေးသည့်နေရာတွင် ဆောင့်ကြောင့်ထိုင်နေပြီး မျက်လုံးလေးများက တောက်ပနေသည်။


ပုဖန် အကင်ဇကာပေါ်က ဆူဖြိုးလှသော ရေဘဝဲကိုစိုက်ကြည့်နေသော ပန်းပွင့်လေးကိုကြည့်ကာ သူ့နှုတ်ခမ်းထောင့်စွန်းတို့ မြင့်တက်သွားပြီး အပြုံးတစ်ခုထွက်ပေါ်လာသည်။


သူ့လက်ကိုလှုပ်လိုက်ပြီး ရေဘဝဲအပိုင်းတစ်ခုကို ပျံသန်းသွားစေသည်။ ၎င်း၏ ဟင်းခတ်အမွှေးအကြိုင်များ ဖြူးထားခြင်းခံရသော ရွှေဝါရောင်အရည်များက လှုပ်ခါသွားပြီး လေထဲတွင် မွှေးရနံ့များဖြင့် ပြည့်နှက်သွားစေသည်။


ထိုရနံ့ကိုရှူရှိုက်မိသည့်သူတိုင်း မထိန်းနိုင်ပဲ တုန်ရီသွားကြသည်။


"ပထမဆုံးအပိုင်းက မင်းအတွက်ပဲ ကောင်မလေး..."


ပုဖန်ပြောလိုက်သည်။


ပုဖန်ပြောသည်ကို တုံ့ပြန်သည့်အနေဖြင့် ပန်းပွင့်လေးက အပျော်လွန်နေသော အမူအယာကိုပြသလာသည်။ သူမ မတ်တတ်ထရပ်လိုက်ကာ ပူပူလောင်လောင်ကင်ထားကာစဖြစ်သော ရေဘဝဲအသားကို ဖမ်းယူလိုက်သည်။


၎င်းက ပူလွန်နေသေးသောကြောင့် ပန်းပွင့်လေးက လေနှင့်မှုတ်ပြီးမှ တစ်ကိုက် ကိုက်လိုက်သည်။


အသား၏အရည်များက သူမ၏ပါးစပ်ထောင့်မှစီးကျလာသည်။ ရွှေဝါရောင်အရည်များစီးကျလာစဉ်တွင် ပါးစပ်ထဲတွင် အသားအရသာတို့က ဖုံးလွှမ်းသွားတော့သည်။


ပုဖန်၏ အကင်များသည် လူတိုင်းကို လုံးဝစွဲသွားစေမည်ဖြစ်သည်။


သူ ကျန်နေသေးသော နတ်ဆိုးဖားသားနှင့် ရေဘဝဲသားများကို ထုတ်ယူကာ အကင်ဇကာပေါ်တင်၍ ဆက်ကင်လေသည်။ တရှဲရှဲမြည်သံများထွက်ပေါ်လာပြီး မွှေးရနံ့တို့နှင့်အတူပေါင်းစပ်၍ လေထဲတွင်မျောလွင့်လာလေသည်။


ရေဘဝဲကင်တစ်ပိုင်းကိုစားပြီးနောက်တွင် ပန်းပွင့်လေးက ဆက်စားချင်နေဆဲဖြစ်ကာ ပုဖန်ကထပ်ကင်ပြီး သူမကို နောက်ထပ်တစ်ပိုင်းထပ်ပေးလာရန် မျှော်လင့်နေမိသည်။


ပန်းပွင့်လေးသည် နတ်ဆိုးဖားသားကို မြည်းစမ်းပြီးပြီဖြစ်ရာ နတ်ဆိုးဖားပြုတ်သားကင်တစ်ပိုင်းလည်းလိုချင်နေသည်မှာ ပုံမှန်သာဖြစ်သည်။ အဆုံးတွင် နတ်ဆိုးဘုရင်အဆင့် အဆင့်မြင့်ပါဝင်ပစ္စည်းက လူများကို အဆက်မပြတ်စားသောက်ချင်အောင် ပြုလုပ်လေသည်။


မဟူရာနဂါးဘုရင် ဆာလောင်လာပုံပေါ်ကာ သွားရည်ပင် တောက်တောက်ကျနေသည်။


အနံ့လေးက အရမ်းကောင်းတာပဲ..


အရမ်းကို အရမ်းကို ကောင်းတာ...


အရသာရှိသော ရနံ့များက လေထဲတွင် ပျံ့နှံနေသည်ဖြစ်ရာ နဂါးဘုရင်၏ အစာအိမ်ကို အဆက်မပြတ် အော်မြည်နေစေသည်။ ၎င်းက ချိုမြိန်သောရနံ့က လူများ၏ဝိဉာဉ်ကိုပင် ယူဆောင်သွားဟန်နှင့်တူနေသည်။


"သူငယ်ချင်းလေး ပုဖန်ရေ... ဒီနဂါးဘုရင်ကိုလည်း အသားလေးတစ်ပိုင်းလောက် ပေးလို့ရမလားကွာ... အဲ့အသားတွေက အရမ်းကိုစားလို့ကောင်းမယ့်ပုံပဲ..."

မဟူရာနဂါးဘုရင် ပြောလိုက်သည်။


နတ်ဆိုးဖားသားကို ပါးစပ်အပြည့်ဆီတရွှဲရွှဲနှင့်စားနေသော ပန်းပွင့်လေးကိုကြည့်ရင်း သူ၏နှလုံးသားကို လက်သည်းပေါင်းထောင်ချီနှင့် ကုတ်ခြစ်နေသလို ခံစားနေရသည်။


ရွဲ


ပုဖန် နောက်ဆုံး နတ်ဆိုးဖားအသားကို လှန်ပြီးနောက်တွင် ကင်နေသည်ကိုရပ်လိုက်တော့သည်။


သူ့တူတစ်စုံကိုကိုင်လိုက်ကာ ပူနေသေးသော နတ်ဆိုးဖားင်ကိုညှပ်၍ သူ့ပါးစပ်ထဲထည့်လိုက်သည်။ ထို့နောက် အနက်ရောင်နဂါးဘုရင်ကိုကြည့်လိုက်သည်။


ပုဖန် နတ်ဆိုးဖားသားကို မျိုချပြီးနောက်တွင် ပြောလိုက်သည်။


"ခင်ဗျားရောစားချင်လို့လား.. ပါဝင်ပစ္စည်းတွေကမလောက်တော့ဘူးလေ... ဒါပေမယ့် ကျုပ်ကိုသာပါဝင်ပစ္စည်းအချို့ပေးနိုင်ရင် ခင်ဗျားအတွက်ကင်ပေးနိုင်ပါတယ်.. အိုး ဒါနဲ့ ဘယ်ပါဝင်ပစ္စည်းမဆိုလက်ခံတယ်နော်... ပင်လယ်စာဖြစ်ဖြစ် ငှက်ဖြစ်ဖြစ် ကိစ္စမရှိဘူး... ဒါနဲ့ ခင်ဗျားမှာ ကမာကောင်တွေရှိလား... ကမာကင်က တကယ့်ကိုအရသာရှိတာ..."


မဟူရာဂါးဘုရင် စိတ်လှုပ်ရှားသွားသည်။ ပါဝင်ပစ္စည်းများရှာဖွေခြင်းဟူသည်မှာ အလွန်လွယ်ကူသော ကိစ္စတစ်ရပ်ဖြစ်သည်။


မဟူရာနဂါးဘုရင်သည် အဆုံးမဲ့ပင်လယ်၏အနက်ရောင်နဂါးနန်းတော်၏ဘုရင်ဖြစ်သောကြောင့် သူ့တွင် မည်သည့်ပါဝင်ပစ္စည်းမဆိုရှိနေသည်။


ကမာကောင်တွေလား...


ပုဖန်သာ ကမာကောင်ကြီးတွေ လိုချင်ရင် သူလိုသလောက်ကိုရှာပေးနိုင်တယ်...


ထို့ကြောင့် မဟူရာနဂါးဘုရင်က သူ၏လက်အောက်ငယ်သားများကိုခေါ်၍ ပုဖန်ပြောသော ပါဝင်ပစ္စည်းတိုင်းကို ရှာပေးရန် အမိန့်ပေးလိုက်သည်။


ထိုအချိန် ကောင်းကင်ယံတွင် နတ်ဆိုးသိမ်းငှက် နတ်ဆိုးဘုရင်က သူ၏အတောင်ပံကိုခတ်ကာ ခပ်မြန်မြန်ပျံသန်းနေသည်။ သူ၏အတောင်ပံများက ကြီးမားလှသည်မှာကောင်းကင်ကိုပင် အုပ်မိုးလုမတတ်ဖြစ်နေသည်။


သိမ်းငှက်နတ်ဆိုးဘုရင် ငရဲကမ္ဘာသင်္ဘောကိုမြင်သောအခါ ထိတ်လန့်သွားပြီး သူ့နှလုံးသားတွင် မတည်မငြိမ်ဖြစ်လာသည်။


ငရဲကမ္ဘာသင်္ဘောလား.. 


ငရဲကမ္ဘာသင်္ဘောက ဒီကို ဘယ်လိုလုပ်ရောက်နေရတာလဲ... အဲ့တာက အစားကြူးတောင်ကြားထဲမှာရှိနေသင့်တာမဟုတ်ဘူးလား...


နတ်ဆိုးသိမ်းငှက် နတ်ဆိုးဘုရင်၏မျက်လုံးများ မှေးမှိန်သွားသည်။ ထို့နောက် သင်္ဘောကုန်းပတ်မှ မီးခိုးငွေ့များထွက်နေကာ ရင်းနှီးနေသော ရနံ့များကို ရှူရှိုက်လိုက်မိသည်။


ဒီအနံ့က... ဘုရားရေ... အဲ့တာနတ်ဆိုးဖားပဲ... ဒီလောက်အင်အားကြီးခဲ့တဲ့ နတ်ဆိုးဖားနတ်ဆိုးဘုရင်က... နောက်ဆုံးတော့.. ဟင်းပွဲအဖြစ် အဆုံးသတ်သွားခဲ့ရတာလား...


နတ်ဆိုးသိမ်းငှက်နတ်ဆိုးဘုရင်၏ နှလုံးသားတစ်ခုလုံး တုန်ယင်သွားခဲ့သည်။


ရုတ်တရက် နတ်ဆိုးသိမ်းငှက်သည် သင်္ဘောပေါ်ရှိ စားဖိုမှူးမှ သူ့ကိုကြည့်နေသည်ကိုမြင်လိုက်ပြီး သူ့ရှေ့ရှိ ကတုံးပြောင်ပြောင်နှင့်လူကို စကားလှမ်းပြောလိုက်သည်။


ကတုံးပြောင်နှင့်လူက ခေါင်းမော့လိုက်ကာ သူ့ကိုရတနာတစ်ခုကို ကြည့်နေသလို မျက်လုံးများတောက်ပစွာ ကြည့်နေသည်။


နတ်ဆိုးသိမ်းငှက် နတ်ဆိုးဘုရင်၏နှလုံးသားထဲ မလွယ်ကူသော ခံစားချက်အချို့ ခံစားလိုက်ရသည်။


ပုဖန် နတ်ဆိုးသိမ်းငှက်နတ်ဆိုးဘုရင်ကိုကြည့်ပြီး အပြုံးလေးနှင့် မဟူရာနဂါးဘုရင်ကိုပြောလိုက်သည်။


"လူအိုကြီးမဟူရာ ခင်ဗျား ကောင်းကင်ပေါ်က အတောင်ပံတစ်စုံကိုမြင်လား... ခင်ဗျားသာ အဲ့အတောင်ပံတွေရအောင်ယူလာနိုင်ရင် ကျုပ်ခင်ဗျားကို အရသာရှိတဲ့ အတောင်ပံကင်ဆိုတာ ဘာလဲဆိုတာ မြည်းစမ်းခွင့်ပေးမယ်..."