အပိုင်း ၉၃၇
Viewers 52k

အခန်း ၉၃၇

သိမ်းငှက်နတ်ဆိုးဘုရင် သူ့ဘဝလေးသူမချစ်နိုင်တော့ဘူး


အတောင်ပံကင်လား...


မဟူရာနဂါးဘုရင်၏မျက်လုံးများ တောက်ပလာကာ သူ၏ကတုံးပြောင်ပြောင်ဦးခေါင်းသည်လည်း မှန်တစ်ချပ်လိုတောက်ပြောင်လာသည်။ သူကောင်းကင်ပေါ် မော့ကြည့်လိုက်တော့သည်။


ထိုနေရာတွင် အတောင်ပံတဖျပ်ဖျပ်ခတ်၍ ကောင်းကင်တွင် ပျဲဝဲနေသော ပုံရိပ်တစ်ခုရှိနေသည်။


မုန်တိုင်းတိုက်ခတ်နေပြီး လေပြင်းများအဆက်မပြတ်တိုက်ခတ်နေသော်လည်း လေပြင်းများအောက်တွင်ပင် ထိုပုံရိပ်က အေးဆေးသက်သာစွာရှိနေသည်။


သိမ်းငှက်နတ်ဆိုးဘုရင် ငရဲကမ္ဘာသင်္ဘော အဆုံးမဲ့ပင်လယ်တွင်ရောက်နေမည်ဟု မထင်ခဲ့ပေ။ ထို့အပြင် အစားကြူးတောင်ကြားမှ ထိုစားဖိုမှူးကလည်း ရောက်နေပြန်သည်။


သူတို့ သရဲခြောက်ခံနေရတာများလား... ဘယ်လိုဖြစ်ပြီးတော့ အဲ့လူတွေက သူတို့ဘယ်သွားသွား သရဲတစ်ကောင်လို လိုက်လာနေရတာလဲ...


နတ်ဆိုးဖားနတ်ဆိုးဘုရင် ပါဝင်ပစ္စည်းအဖြစ် အဆုံးသတ်သွားသည်ကို မြင်လိုက်ရသည်မှာ အမှန်တကယ်နာကျင်ဖွယ်ရာဖြစ်သည်။ အခြား နတ်ဆိုးဘုရင်များသာထိုအကြောင်းကြားပါက စိတ်မကောင်းဖြစ်ကြသည်မှာ အသေအချာပင်ဖြစ်သည်။


သိမ်းငှက် နတ်ဆိုးဘုရင်သူ့ရဲဘော် ရဲဘက်အတွက် လက်စားချေချင်သော်လည်း သူကအင်အားမရှိကြောင်းသိနေသည်။


အဲ့စားဖိုမှူးကောင်ရဲ့ နောက်ခံက တကယ်တောင့်တာလေ...


ဒါနဲ့... နတ်ဆိုးမျက်လုံးဘုရင်နဲ့ ဖားနတ်ဆိုးဘုရင်တို့ ဘယ်လိုလုပ်ပြီး အသတ်ခံလိုက်ရတာပါလိမ့်...


"သေစမ်း... အဲ့စားဖိုမှူးရောက်နေပြန်ပြီ... ငါတခြားလူတွေကို ပြန်ပြီး သတိပေးရမယ်..."


သိမ်းငှက်နတ်ဆိုးဘုရင် တောင့်ခဲသွားကာ အတောင်ပံခတ်၍ ပြန်လှည့်သွားသည်။ ယခုမှစ၍ ပျက်သုဉ်းခြင်းအကျဉ်းထောင်မှ နတ်ဆိုးဘုရင်များအားလုံး အသင့်ပြင်ကာ သူတို့ကိုယ်သူတို့ကာကွယ်ပြီး ပြန်ပေးဆွဲခံရကာ အချက်မခံရအောင်ကြိုးစားရတော့မည်ဖြစ်သည်။


သို့သော် သူပျံသွားခါနီးတွင် သူ့အောက်မှ နဂါးဟိန်းသံကြားလိုက်ရသည်။


ကတုံးပြောင်ပြောင်နှင့်လူက သူ့ကိုစိတ်လှုပ်တရှားကြည့်နေသည်။ ၎င်းသည် အလွန်အရာသာရှိသောဟင်းပွဲတစ်ခုကို ကြည့်နေသည်နှင့် တူနေသည်။


နေပါဦး အရသာရှိတယ်တဲ့လား...


မင်းတို့တစ်မိသားစုလုံးပဲ အရသာရှိနေလိုက်...


ငါဆိုတဲ့ လူတကာလေးစားရတဲ့ နတ်ဆိုးသိမ်းငှက်နတ်ဆိုးဘုရင်က ပါဝင်ပစ္စည်းတစ်ခုမဟုတ်ဘူးကွ...


သိမ်းငှက် နတ်ဆိုးဘုရင်၏ ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေသွားကာ ကြောက်လွန်း၍ သေးပင်ထွက်ချင်နေပြီဖြစ်သည်။


သူက ဖားနတ်ဆိုးဘုရင်မှ မဟုတ်တာ.. ဘယ်လိုလုပ် ပါဝင်ပစ္စည်းတစ်ခုဖြစ်လာရမှာလဲ...


သူကြောက်လန့်တကြား အတောင်ပံခတ်လိုက်သောအခါ အမွှေးအတောင်အချို့ကျွတ်ကျလာသည်။ ထို့အပြင် သူ့ပုံရိပ်က အနက်ရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းသွားကာ အမြန်ဆုံးနှုန်းနှင့် ပျံပြေးလေတော့သည်။


မဟူရာနဂါးဘုရင် သွားရည်တောက်တောက်ကျနေသည်။ သူ ပုဖန်ချက်ပြုတ်ထားသော ဟင်းပွဲများထံမှဆွဲဆောင်ခံခဲ့ရ၍ သူ၏အစားစားချင်စိတ်က အတော်လေးမြင့်နေသည်။


အခု... အရသာရှိတဲ့အတောင်ပံကင်တစ်စုံက သူ့ရှေ့ရောက်လာပြီလေ... အလွတ်ပေးလို့ ဘယ်ဖြစ်မလဲ...


ခုဏက သူ အံ့ဩဖွယ်ဖားသားကင်ကို လွဲချော်ခဲ့ရပြီးဖြစ်၍ သူထိုအတောင်ပံကင်များကို လက်မလွှတ်ချင်တော့ပါ။ သူနောက်ထပ် နောင်တမရချင်တော့ချေ။


ဘုန်း


မဟူရာနဂါးဘုရင်၏ ခန္ဓာကိုယ်က အမြှောက်ဆန်တစ်ခုနှယ် ဆန်တက်သွားကာ သူ၏ကတုံးပြောင်ပြောင်ဦးခေါင်းက မီးသီးတစ်လုံးနှယ်လင်းလက်၍ နတ်ဆိုးသိမ်းငှက် နတ်ဆိုးဘုရင်ထံ ဦးတည်သွားသည်။


သိမ်းငှက် နတ်ဆိုးဘုရင် စိတ်သောကရောက်နေရသည်။

အဲ့လူ ဘာလို့ဒီလောက်မြန်နေရတာလဲ...


သူ့အတောင်ပံကို နောက်တစ်ကြိမ် မြန်မြန်ခတ်လိုက်ပြန်၍ အတောင်ပံများမှ အမွှေးအတောင်များထပ်မံကျွတ်ကျလာပြန်သည်။ ထို့နောက် မရေမတွက်နိုင်သော ဓားသွားများနှယ် အောက်သို့သက်ဆင်းလာကြသည်။ 


သိမ်းငှက်နတ်ဆိုးဘုရင်က မဟူရာနဂါးဘုရင်ကို နောက်ဆုတ်သွားစေချင်သည်။


သို့သော် မဟူရာဂါးဘုရင်၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အစစ်အမှန်စွမ်းအင်များထွက်ပေါ်လာကာ ဒိုင်းကာတစ်ခုလိုဖြစ်ပေါ်လာသည်။ ထိုအကာအရံက နတ်ဆိုးသိမ်းငှက်နတ်ဆိုးဘုရင် ပစ်လွှတ်လိုက်သော ငှက်မွှေးများကို ကာရံလိုက်သည်။


"အတောင်ပံကင်လေးရယ်... မသွားပါနဲ့.."


"မင်းမေလင်ကို အတောင်ပံကင်နေလိုက်..."


သိမ်းငှက်နတ်ဆိုးဘုရင် ဒေါသတကြီးပြန်အော်လိုက်သည်။


သူ့ခန္ဓာကိုယ်ပေါ်တွင် ငရဲစွမ်းအင်များ ဝန်းရံကာ စုဝေးလာပြီး စွမ်းအင်လုံးများဖြစ်ပေါ်လာသည်။ ထိုစွမ်းအင်လုံးများက အနက်ရောင်နဂါးဘုရင်ကို ထွင်းဖောက်သွားစေချင်သည့်နှယ် ပြေးထွက်သွားသည်။


သို့သော် ထိုငရဲစွမ်းအင်လုံးများနှင့်ရင်ဆိုင်နေရသော်လည်း နဂါးဘုရင်က မဲ့ပြုံးပင်ပြုံးနေလိုက်သေးသည်။


လက်သည်းတစ်ခုထွက်ပေါ်လာပြီး လေဟာနယ်ကိုပင် ဆုတ်ဖြဲသွားတော့မည့်နှယ်ဖြစ်နေသည်။


ထို လက်သည်းနှင့်ဆုံသောအခါ ငရဲစွမ်းအင်လုံးများစွာ ကွဲအက်သွားကြသည်။


ဝုန်း ဝုန်း


နတ်ဆိုးသိမ်းငှက်နတ်ဆိုးဘုရင်၏ မျက်နှာတွင် မယုံကြည်နိုင်မှုများ လွှမ်းခြုံသွားသည်။


အဲ့ လက်သည်းတွေက သူ့ရဲ့တိုက်ခိုက်မှုကို ဖျက်ဆီးနိုင်တယ်တဲ့လား...


ကတုံးနဲ့လူကြီးက ဘယ်လောက်တောင်သန်မာတာလဲ...


နတ်ဆိုးသိမ်းငှက်နတ်ဆိုးဘုရင် စားဖိုးမှူးလေးနှင့် ပတ်သတ်ဆက်နွယ်သော လူတိုင်း အလွန်ကြောက်ဖို့ကောင်းသည်ကို သတိထားမိသွားသည်။ သူတို့၏ ကျင့်ကြံခြင်းအဆင့်များကလည်း အလွန်အင်အားကြီးကြလေသည်။


ဒီစားဖိုမှူးက...တကယ်ကို အဆိပ်လိုကောင်ပဲ...


ထိုအချက်ကို သတိပြုမိပြီးနောက်တွင် သိမ်းငှက် နတ်ဆိုးဘုရင် ဆက်လက် မတိုက်လိုက်တော့ရန် ဆုံးဖြတ်လိုက်သည်။ သူ လင်းယုန်တစ်ကောင်အော်သံနှင့် တူသော အော်သံတစ်ခုကို ပြုလုပ်လိုက်သည်။ ခဏအကြာတွင် သူ့ခန္ဓာကိုယ်သည် ကြီးမားလှသော သိမ်းငှက်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။


သိမ်းငှက်နတ်ဆိုးဘုရင် အတောင်ပံဖြန့်၍ ပျံသွားလိုက်စဉ်တွင် ကောင်းကင်တစ်ခုလုံးကိုပင် ဖုံးလွှမ်းသွားလုမတတ် ဖြစ်သွားသည်။


မဟူရာနဂါးဘုရင် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်သွားလေသည်။ သူ သွားရည်ပိုကျလာသဖြင့် သူ့သွားရည်များက လေနှင့်အတူမျောလွင့်နေလေသည်။


သူ လေဟာနယ်ပေါ် ခြေဆောင့်နင်းလိုက်ပြီး အလင်းတန်းတစ်ခုနှယ်ပြေးထွက်သွားကာ ဧရာမနတ်ဆိုးသိမ်းငှက်ကြီး၏ ကျောပေါ်ခုန်တက်လိုက်သည်။


သိမ်းငှက်နတ်ဆိုးဘုရင် အလွန်ကြောက်လန့်သွားကာ သေးထွက်ကျလုမတတ်ဖြစ်သွားသည်။


ဒီကတုံးနဲ့လူကြီး ဘာလုပ်ချင်ပြန်တာလဲ..


သိမ်းငှက် နတ်ဆိုးဘုရင် လိမ်စောင်းသလို ပြောင်းပြန်လည်းပျံပြီး ရှုပ်ထွေးပွေဘီသော ပျံသန်းနည်းအမျိုးမျိုးဖြင့် ပျံသန်းပြီး အနက်ရောင်နဂါးဘုရင်ကို အောက်ဘက်ရှိ ပင်လယ်ထဲသို့ ခါချလိုက်သည်။


သို့သော် သူမည်မျှပင် လိမ်စောင်း၍ပျံသန်းနေသော်လည်း အနက်ရောင်နဂါးဘုရင်က သူ့နောက်ကျောပေါ်တွင် ရှိနေဆဲဖြစ်ကာ လုံးဝခါချ၍ မရပေ။


နတ်ဆိုးသိမ်းငှက် နတ်ဆိုးဘုရင် အလွန်ဒေါသထွက်သွားသော်လည်း တစ်ချိန်တည်းတွင် အနည်းငယ် စိတ်ရှုပ်နေသည်။


"ငါ့ကျောပေါ်ကဆင်းစမ်း..."


နတ်ဆိုးသိမ်းငှက်နတ်ဆိုးဘုရင် အော်လိုက်သည်။


"ဟေး... ငှက်ကြီး... ဒီနဂါးဘုရင်ကို မင်းရဲ့အတောင်ပံတွေငှားမလား..."


မဟူရာနဂါးဘုရင်၏ ခြေသည်းများက နတ်ဆိုးသိမ်းငှက်ကြီး၏နောက်ကျောကိုဖောက်ဝင်သွားသည်။ ထိုခြေသည်းများက အသားများအထိစိုက်ဝင်သွားကာ နတ်ဆိုးသိမ်းငှက်နတ်ဆိုးဘုရင်ကို အလွန်အမင်းနာကျင်သွားစေသည်။


ငါ့အတောင်ပံတွေငှားချင်တယ်ဟုတ်လား...


လာနောက်နေတာလား...


"ဒီနတ်ဆိုးသိမ်းငှက်နတ်ဆိုးဘုရင်ရဲ့ အကြီးမြတ်ဆုံးဂုဏ်သရေက ငါ့အတောင်ပံတွေကွ... ငါသာ အတောင်ပံတွေငှားပေးလိုက်ရင် ဒီဘုရင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက အမွှေးတွေနှုတ်လိုက်တာနဲ့ ဘာကွာတော့မှာလဲ.. ပြီးတော့ မင်းကငါ့အတောင်ပံတွေကို ပြန်ပေးဖို့တောင် အစီအစဉ်မရှိပဲနဲ့.."


နတ်ဆိုးသိမ်းငှက်နတ်ဆိုးဘုရင်က အရူးမဟုတ်ပေ။


အဲ့လူက အရမ်းကြောက်ဖို့ကောင်းတယ်...


"သွားစမ်း..." 


နတ်ဆိုးသိမ်းငှက် နတ်ဆိုးဘုရင် အော်ဟစ်လိုက်သည်။


သိမ်းငှက်နတ်ဆိုးဘုရင်၏ စကားများကိုကြားသောအခါ မဟူရာနဂါးဘုရင်က နောင်တအပြည့်နှင့် ခေါင်းခါလိုက်ကာ တီးတိုးရေရွတ်လိုက်သည်။


"ကြည့်ရတာ ငါ့ဘာသာပဲလုပ်ရတော့မယ့်ပုံပဲ... ငါမင်းကိုအမှန်အတိုင်းပြောပေမယ့် မင်းကနားမှမထောင်တာ..."


ခဏအကြာတွင် သူ့မျက်နှာတင်းမာလာကာ ခန္ဓာကိုယ်ပါရှည်ထွက်လာပြီး အရေပြားပေါ်တွက် အနက်ရောင်ကြေးခွံတို့ပေါ်ထွက်လာသည်။ ခဏချင်းပင် သူသည် ကြောက်မက်ဖွယ်ကောင်းသော ကြီးမားလှသည့်အနက်ရောင်နဂါးကြီးဖြစ်သွားကာ နတ်ဆိုးသိမ်းငှက်နတ်ဆိုးဘုရင်ကို ရစ်ခွေလိုက်သည်။


သူ၏ နဂါးပါးစပ်ကြီးကို ဖွင့်လိုက်ကာ ထပ်မြနေသောသွားများကိုပြ၍ သိမ်းငှက် နတ်ဆိုးဘုရင်၏ အတောင်ပံကို ကိုက်ချလိုက်သည်။


အောက်ဘက်ရှိ ပင်လယ်ပြင်မှ များစွာသော အဏ္ဏဝါမျိုးစိတ် ကျင့်ကြံသူများက မနေနိုင်တော့ပဲ လေထဲရှိ တိုက်ပွဲကို မော့ကြည့်လိုက်ကြသည်။


အိုး... ဘယ်လိုတောင် တစ်ဖက်သတ်ဆန်တဲ့ တိုက်ပွဲလဲ...


ဘယ်လိုလုပ် သိမ်းငှက်ကြီးက မဟူရာနဂါးဘုရင်ရဲ့ ပြိုင်ဘက်ဖြစ်နိုင်ပါ့မလဲ...

သူ့ခန္ဓာကိုယ်ကို ရစ်ခွေလိုက်ပြီး သိမ်းငှက်ကြီး၏အတောင်ပံကို အရှင်လတ်လတ်ဆွဲနှုတ်လိုက်သည်။


နတ်ဆိုးသိမ်းငှက်နတ်ဆိုးဘုရင်၏ သနားစဖွယ်အော်သံနှင့်အတူ သူ၏ငှက်မွှေးများနှင့် သွေးများက ကောင်းကင်တစ်ခုလုံး ပြန့်ကျဲနေသည်။


သိမ်းငှက်နတ်ဆိုးဘုရင် အလွန်နာကျင်နေ၍ သူ့ခန္ဓာကိုယ်တစ်ခုလုံး တွန့်လိမ်နေသည်။


သို့သော် အနက်ရောင်နဂါးဘုရင်က မကျေနပ်သေးပဲ နောက်ထပ်အတောင်ပံတစ်ဖက်ကိုပါ ဆွဲနှုတ်လိုက်ပြန်သည်။


ဖောက်


အတောင်ပံပြုတ်သွား၍ နောက်ထပ်တစ်ကြိမ် သွေးများ ပြန့်ကျဲသွားပြန်သည်။


နတ်ဆိုးသိမ်းငှက်နတ်ဆိုးဘုရင် အလွန်စိတ်ဓာတ်ကျနေကာ သွေးပင်အန်လုမတတ်ဖြစ်နေသည်။ အနက်ရောင်သွေးများက သူ၏ဟက်တက်ကွဲနေသော အသားပေါ်မှ ယိုစီးကျနေသည်။


အတောင်ပံများရသွားသောအခါ အနက်ရောင်နဂါးဘုရင် စိတ်ကျေနပ်သွား၍ နတ်ဆိုးသိမ်းငှက်နတ်ဆိုးဘုရင်ကို ချုပ်ကိုင်ထားသည်ကို ဖြေလျော့လိုက်သည်။ သူကတုံးပြောင်ပြောင်နှင့်လူကြီးအဖြစ် ပြန်ပြောင်းသွားကာ လက်တစ်ဖက်တွင် အတောင်ပံတစ်ခုကိုင်ထား၍ ပြုံးနေလေသည်။


ထိုအချိန် နတ်ဆိုးသိမ်းငှက်နတ်ဆိုးဘုရင်က သူ၏အတောင်ပံများကို ဆုံးရှုံးလိုက်ရ၍ ယာယီဟန်ချက်ပျက်သွားကာ ကောင်းကင်ပေါ်မှ ထိုးကျလာသည်။


သို့သော် သိမ်းငှက်နတ်ဆိုးဘုရင်က သူ၏အတောင်ပံများကိုသာ ဆုံးရှုံးလိုက်ရခြင်းဖြစ်ပြီး သူ၏ကြံကြံခြင်းအဆင့်ကို ဆုံးရှုံးလိုက်ရခြင်းမဟုတ်ပေ။ သူ လူသားအသွင်ပြန်ပြောင်းပြီးနောက်တွင် လေထဲတွင် ပြန်ရပ်နိုင်သွားပြီဖြစ်သည်။


နာကျည်းမုန်းတီးမှုတို့ပြည့်နေသော မျက်လုံးအစုံဖြင့် နဂါးဘုရင်ကို စိုက်ကြည့်လိုက်သည်။ နတ်ဆိုးသိမ်းငှက်နတ်ဆိုးဘုရင် သူအလွန်အမင်းကံဆိုးမှုနှင့် ကြုံနေရသည်ဟု ခံစားလိုက်ရသည်။


ရှင်းရှင်းပြောရရင် ကတုံးနဲ့လူကြီးကပဲ ဘာမပြောညာမပြောနဲ့ သူ့အတောင်ပံကိုဆွဲဖြုတ်သွားတာလေ....


သူဘာလုပ်မိလို့လဲ... သူ သူတို့ကိုမနှောင့်ယှက်ခဲ့သလို ဘာမှလဲမလုပ်ခဲ့ရပါဘူး... သူလာကြည့်ရုံလေး ကြည့်မိတာပါ...


သူတွေးလေလေ သူ့နှလုံးသားလေး နာကျင်လာလေလေဖြစ်သည်။ သူ ကတုံးနှင့်လူကြီးကိုကြည့်ပြီး သူထံမှဆွဲဖြုတ်ထားသော သူ၏လှပသောအတောင်ပံလေးများကို ကြည့်လိုက်သည်။ သူ့နှလုံးသား ကွဲကြေသွားသလိုပင် ခံစားလိုက်ရသည်။


ဒီကတုံးနဲ့လူကြီး ဓားနဲ့အကြိမ်တစ်ထောင်လောက် အခုတ်ခံသင့်တယ်...


"ချီးပဲ... အဆုံးမဲ့ပင်လယ်ရဲ့ မဟူရာနဂါးဘုရင်... မင်းစောင့်နေလိုက်တော့..."


သိမ်းငှက်နတ်ဆိုးဘုရင် ခါးခါးသီးသီးဒေါသထွက်နေ၍ ထိုကဲ့သို့ရဲရင့်လှသော ခြိမ်းခြောက်စကားများကိုပြောမိလိုက်ခြင်းဖြစ်သည်။ သို့သော် မဟူရာနဂါးဘုရင်၏ စူးရှကာအေးစက်သော အကြည့်နှင့်ဆုံလိုက်သောအခါ ဘာမှမပြောရဲတော့ပဲ အမြန်ဆုံးလှည့်ပြေးတော့သည်။


မဟူရာနဂါးဘုရင်က သူ၏အတောင်ပံများကိုသာ လိုအပ်ခြင်းဖြစ်သည်။ သူသိမ်းငှက်နတ်ဆိုးဘုရင်ကို လုံးဝဂရုမစိုက်ပေ။


"မြေးလေးက... ပြေးတာတကယ်မြန်တာပဲ..."


မဟူရာနဂါးဘုရင် သူ့နှုတ်ခမ်းတို့ ကွေးညွတ်ကာ ပြုံးလိုက်သည်။ ထိုလူက အဆုံးမဲ့ပင်လယ်၏ နဂါးဘုရင်ကိုပင် ခြိမ်းခြောက်ရဲနေသည်။ ထိုလူ ဝက်ဝံနှလုံးနှင့် ကျားသစ်သည်းခြေစားခဲ့၍ ဖြစ်ရပေမည်။

(Note: ဝက်ဝံနှလုံးနဲ့ ကျားသစ်သည်းခြေစားလာတယ် ဆိုတာက အရမ်းသတ္တိရှိနေတာလို့ပြောတာပါ)


ခဏအကြာတွင် သူ့ခန္ဓာကိုယ်က အောက်သို့ပြန်ဆင်းလာသည်။


မဟူရာဂါးဘုရင် ရေတံတိုင်းပေါ်ပြန်ရောက်လာသောအခါ ပုဖန်ကို ကြီးမားလှသောနတ်ဆိုးသိမ်းငှက်အတောင်ပံများကို ပေးလိုက်သည်။ 


"သူငယ်ချင်းလေးပုဖန်... ကြည့်လိုက်ပါဦး ဒီအတောင်ပံတွေကမဆိုးဘူးမလား..."


ပုဖန်၏ နှုတ်ခမ်းထောင့်များ တွန့်လိမ်သွားသည်။ မမျှော်လင့်ထားစွာ မဟူရာနဂါးဘုရင်က နတ်ဆိုးသိမ်းငှက်နတ်ဆိုးဘုရင်၏ အတောင်ပဲကို တကယ်ကြီး ဆွဲနှုတ်လာခဲ့သည်။


သူ အမှုမဲ့အမှတ်မဲ့ ပြောလိုက်သောစကားကို အတိအကျကြီးလိုက်လုပ်ခဲ့သည်။


သူစိတ်ထဲတွင် နတ်ဆိုးသိမ်းငှက်နတ်ဆိုးဘုရင်အတွက် ဖယောင်းတစ်တိုင်ထွန်းပေးလိုက်ကာ ခေတ္တငြိမ်သက်ပေးလိုက်သည်။


သို့သော် ပုဖန်ထိုနတ်ဆိုးသိမ်းငှက် အတောင်ပံများကိုရလိုက်၍ အတော်လေးပျော်နေခဲ့သည်။ ယခုသူ့တွင် နတ်ဆိုးဘုရင်အဆင့်ရှိ ပါဝင်ပစ္စည်းအသစ်ရသွားခဲ့ပြီ ဖြစ်သည်။


မဟူရာနဂါးဘုရင် သူ၏ကတုံးပြောင်ပြောင်ခေါင်းကိုပွတ်၍ ပြုံးလိုက်သည်။ ထို့နောက် ပန်းပွင့်လေးကိုကြည့်၍ ဂုဏ်ယူစွာဖြင့် မျက်ခုံးပင့်၍ ပြောလိုက်သည်။


"သမီးလေး... သမီးအဖေက အရမ်းမိုက်တယ်နော်..."


ပန်းပွင့်လေး၏ သုံးပန်လှမြွေမျက်လုံးတို့ လှုပ်ရှားသွားကာ သူ့ကို ခံစားချက်မဲ့စွာကြည့်လိုက်သည်။



ကောင်းကင်ယံတွင် တိမ်လွှာများထူထဲလာကာ အနက်ရောင်တိမ်တိုက်များ ရစ်ဝဲလာသည်။


ရုတ်တရက် လေပြင်းများ တိုက်ခတ်လာကာ အဆုံးမဲ့ပင်လယ်ကို လှိုင်းထန်သွားစေသည်။


စစ်သင်္ဘော၏ကုန်းပတ်ပေါ်တွင် နတ်ဆိုးဘုရင်များစွာရပ်နေပြီး နတ်ဆိုးသိမ်းငှက်နတ်ဆိုးဘုရင်ကို စောင့်နေကြသည်။ လှိုင်းလုံးကြီးများက ပြင်းပြင်းထန်ထန်ရိုက်ပုတ်နေ၍ စစ်သင်္ဘောကြီးက အဆက်မပြတ် မြင့်ချည်နိမ့်ချည်ဖြစ်နေသည်။


သင်္ဘောပေါ်တွင် လိုက်ပါလာကြသော ပျက်သုဉ်းခြင်းအကျဉ်းထောင်မှ ကျင့်ကြံသူများက သင်္ဘောလက်ရမ်းများတစ်လျှောက် အော့အန်နေကြသည်။


ထိုပျက်သုဉ်းခြင်းအကျဉ်းထောင်မှ ကျင့်ကြံသူများက ပင်လယ်ကိုပင်မမြင်ဖူးကြသဖြင့် လှိုင်းမူးနေကြခြင်းဖြစ်သည်။


"ဘာလို့ဒီလောက်ကြာနေရတာလဲ..."

နတ်ဆိုးဘုရင်တစ်ပါးက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။


"မင်းပြောချင်တာ မတော်တဆဖြစ်နေတယ်လို့ပြောချင်တာလား... ဟုတ်တာတော့ဟုတ်တယ်... ဒီအဆုံးမဲ့ပင်လယ်ကြီးက ထူးတော့ထူးဆန်းနေတယ်..."


"အတွေးလွန်မနေကြပါနဲ့... သိမ်းငှက်နတ်ဆိုးဘုရင်ရဲ့ ကျင့်ကြံဆင့်ကမြင့်ပါတယ်... ပုန်းကွယ်နဂါးတိုက်ကြီးမှာဆို ဘယ်သူမှ သူနဲ့ယှဉ်နိုင်မှာမဟုတ်ဘူး..."


နတ်ဆိုးဘုရင်များက စိတ်စွမ်းအင်းချင်းဆက်သွယ်၍ ပြောဆိုနေကြခြင်းဖြစ်သည်။


ရုတ်တရက် အမြင်အာရုံစူးရှလှသော နတ်ဆိုးဘုရင်တစ်ပါးက ကောင်းကင်တွင်လူးလွန့်နေလေသော နတ်ဆိုးသိမ်းငှက်နတ်ဆိုးဘုရင်ကို မြင်လိုက်သည်။


"ဟိုကို မြန်မြန်ကြည့်လိုက်ကြ... နတ်ဆိုးသိမ်းငှက်နတ်ဆိုးဘုရင်ပြန်လာပြီ... မြင်လား... ဘာမှမဖြစ်ပါဘူးလို့ ငါပြောပါတယ်..."


နတ်ဆိုးဘုရင်တစ်ပါးက ပြုံးပြုံးကြီးပြောလိုက်သည်။


သို့သော် သူ့မျက်နှာပေါ်ရှိ အပြုံးကြီး တောင့်ခံသွားရသည်။


သိမ်းငှက်နတ်ဆိုးဘုရင်က လေထဲတွင် အရူးမူးနေသလိုဟိုဟိုသည်သည် ယိမ်းထိုးနေသည်။ နောက်ဆုံးတွင် စစ်သင်္ဘောနှင့် သိပ်မဝေးသောနေရာသို့ ရောက်လာတော့သည်။


သိမ်းငှက်နတ်ဆိုးဘုရင်ကို ထိုပုံနှင့်မြင်လိုက်သောအခါ နတ်ဆိုးဘုရင်အားလုံး ထိတ်လန့်သွားကြသည်။


သိမ်းငှက်နတ်ဆိုးဘုရင်က... ဘာလို့သနားစရာကောင်းနေရတာလဲ..


သူဘယ်လိုတောင် လူသားမဆန်တဲ့ ဆက်ဆံမှုကိုခံခဲ့ရတာလဲ...


သိမ်းငှက်နတ်ဆိုးဘုရင်၏ မျက်နှာက သေမလိုဖြူဖျော့နေသည်။ သူချောင်းဆိုးလိုက်သောအခါ သူ့နောက်ကျောမှ သွေးများက အဆက်မပြတ်ယိုစီးကျနေသည်။


အသက်ခပ်မျှင်းမျှင်းရှူနေကာ သူ့မျက်နှာတွင် အသက်ဝင်နေသော အမူအယာပင် မရှိတော့ချေ။ သူ့မျက်လုံးများက မှုန်မှိုင်းနေကာ ကမ္ဘာလောကကြီးတစ်ခုလုံးအပေါ် ချစ်ခင်မှုတို့ ပျောက်ဆုံးသွားဟန်ပေါ်နေသည်။


ဘန်း


သိမ်းငှက်နတ်ဆိုးဘုရင် နောက်ဆုံးတွင် စစ်သင်္ဘောပေါ်ကျလာကာ သူ့ခန္ဓာကိုယ်တစ်ခုလုံး တွန့်လိမ်နေသည်။


နတ်ဆိုးဘုရင်တစ်ပါးက ပင့်သက်ရှိုက်မိလိုက်သည်။


"သိမ်းငှက်နတ်ဆိုးဘုရင်ရဲ့ အတောင်ပံတွေ... မရှိတော့ဘူးလား..."


ဘုရားရေ...


ဘာတွေဖြစ်ခဲ့တာလဲ... သိမ်းငှက်နတ်ဆိုးဘုရင်ရဲ့ အတောင်ပံတွေက ဘယ်လိုလုပ်ပျောက်သွားရတာလဲ... ဘယ်သူလုပ်လိုက်တာလဲ...


အတောင်ပံတွေက လုံးဝဆွဲနှုတ်ခံထားရတာပဲ... အဲ့လောက်ရက်စက်တဲ့သူက ဘယ်သူလဲ...


"ငါ့အသက်... အသက်ရှင်ဖို့ အကြောင်းပြချက်မရှိတော့ဘူး..."


နတ်ဆိုးသိမ်းငှက်နတ်ဆိုးဘုရင်၏ မျက်လုံးများ အသက်မဲ့သွားကာ ခါးသီးလှသော မျက်ရည်များ ကျဆင်းလာသည်။


သူ့ရဲ့အတောင်ပံတွေကို ယူသွားကြပြီ....


သိမ်းငှက် နတ်ဆိုးဘုရင်က ဖြစ်သမျှအကြောင်း အကုန်ပြောပြလာသောအခါ ကျန်နတ်ဆိုးဘုရင်များအားလုံး စိတ်ရှုပ်သွားကြသည်။


ငရဲကမ္ဘာသင်္ဘောက သူတို့ရှေ့ရောက်နေပြီး.. အစားကြူးတောင်ကြားက စားဖိုမှူးလည်းရောက်နေတယ်...


နတ်ဆိုးဘုရင်များ အချင်းချင်းကြည့်လိုက်ကြကာ သေဒဏ်ကျခံလိုက်ရသလို ခံစားလိုက်ရသည်။ သူတို့ဘာပြောရမလဲ မသိတော့ပေ။


"ဘာလို့ အဲ့စားဖိုမှူးက ငါတို့သွားသမျှလိုက်နေတဲ့ ဝိဉာဉ်လိုဖြစ်နေရတာလဲ... ငါတို့ အစားကြူးတောင်ကြားကို လက်လျော့ပြီး အဆုံးမဲ့ပင်လယ်ကိုတောင် ရောက်နေကြပြီလေ.."


"ဘာလုပ်ကြမလဲ... ငါတို့ဆက်သွားကြဦးမှာလား..."


နတ်ဆိုးဘုရင်များ ရင်ထဲတင်းကြပ်သွားသလို ခံစားလိုက်ရကာ တစ်ခုခုနင်နေသလိုဖြစ်သွားကြသည်။


ဝုန်း ဝုန်း


နတ်ဆိုးဘုရင်များ ထိုအသံကိုကြားလိုက်သောအခါ ကြောက်လန့်တကြားခေါင်းမော့ကြည့်လိုက်ကြသည်။


ခေါင်းမော့လိုက်သည်နှင့် သူတို့ စစ်သင်္ဘောအပေါ်တွင် လေဟာနယ် အက်ကွဲကြောင်းတစ်ခု ရှိနေသည်ကို မြင်လိုက်ရသည်။


အရပ်ရှည်ရှည်ခပ်တောင့်တောင်အပုံရိပ်တစ်ခုက ထိုထဲမှထွက်ပေါ်လာကာ လေထုတစ်ခုလုံး ကြောက်မက်ဖွယ်အော်ရာတို့ လွှမ်းခြုံသွားသည်။


"ဒါပေါ့... ဆက်သွားသင့်တာပေါ့... ငါနှစ်တစ်ထောင်လုံးစောင့်ခဲ့ရတဲ့ အခွင့်အရေးကြီးက အခုမှထွက်ပေါ်လာတာလေ..."


ထို အက်ကွဲကြောင်းထဲမှ အသန်မာဆုံးနတ်ဆိုးဘုရင်ထွက်လာပြီး မဲ့ပြုံးပြုံး၍ အောက်ဘက်ရှိလူများကို ကြည့်လိုက်သည်။


အသန်မာဆုံးနတ်ဆိုးဘုရင်၏ အတုမရှိပိုမိုသန်မာလာသော ပုံကိုကြည့်ပြီး မူလကထိတ်လန့်နေကြသော နတ်ဆိုးဘုရင်များအားလုံး စိတ်လှုပ်ရှားလာကြသည်။


နောက်ဆုံးတော့ အသန်မာဆုံးနတ်ဆိုးဘုရင် ထွက်လာပြီ....


နောက်ဆုံးတော့ သူတို့ ပျက်သုဉ်းခြင်း အကျဉ်းထောင်ရဲ့အင်အားကို လူတိုင်းကိုပြလို့ရပြီ...