အပိုင်း ၉၃၈
Viewers 53k

အခန်း ၉၃၈

အတောင်ပံကင် ကျက်သွားပြီ... နဂါးဂိတ်တံခါးလည်း ပွင့်ပြီ...


စစ်သင်္ဘောပေါ်တွင် အသန်မာဆုံးနတ်ဆိုးဘုရင်က အသက်ဆက်မရှင်လိုတော့သော ပုံစံဖြစ်နေသည့် သိမ်းငှက် နတ်ဆိုးဘုရင်ကိုကြည့်ကာ သူ၏ခက်ထန်နေသောအမူအယာပင် အနည်းငယ် တုန်ရီသွားသည်။


"ငါ မင်းတို့ကို အစားကြူးတောင်ကြားကို မကျူးကျော်ကြပါနဲ့လို့ မပြောဘူးလား... မင်းတို့ကဘာလို့ နားမထောင်လဲ..."


အသန်မာဆုံးနတ်ဆိုးဘုရင် အေးစက်စွာ ပြောလိုက်သည်။ သူ၏အသံတွင် ဖိအားကြီးတစ်ခုပါဝင်နေကာ ကျန်နတ်ဆိုးဘုရင်များကို အနည်းငယ် တုန်ရီသွားစေသည်။


သူတို့ လုံးဝမှားသွားခဲ့သည်။ မူလက အသန်မာဆုံးနတ်ဆိုးဘုရင် တံခါးပိတ်မကျင့်ကြံခင် သူတို့ကို ထိုသို့ပြောသွားခဲ့သော်လည်း နားမထောင်ခဲ့ကြပဲ ကိုယ့်ဘာသာ လှုပ်ရှားခဲ့ကြသဖြင့် အကြီးအကျယ်ရှုံးနိမ့်ခဲ့ကြခြင်းဖြစ်သည်။


နတ်ဆိုးမျက်လုံးနတ်ဆိုးဘုရင် ပေါက်ကွဲသွားကာ မျက်လုံးတစ်လုံးသာကျန်တော့သည်။ ဖားနတ်ဆိုးဘုရင် အသတ်ခံလိုက်ကာ ပါဝင်ပစ္စည်းတစ်ခု ဖြစ်သွားခဲ့သည်။


သူတို့၏ ပျက်သုဉ်းခြင်း အကျဉ်းထာင်မှ နတ်ဆိုးဘုရင်များက ထိုကဲ့သို့တစ်ခါမျှ မခံစားဖူးသဖြင့် သူတို့ ခေတ္တမျှတိတ်ဆိတ်သွားကြသည်။


"နတ်ဆိုးမျက်လုံးဘုရင်က ပေါက်ကွဲသွားတယ်... ဖားနတ်ဆိုးဘုရင်က အပိုင်းပိုင်းအခုတ်ခံရပြီး ချက်စားခံနေရတယ်... အခုတော့ သိမ်းငှက် နတ်ဆိုးဘုရင်တောင် အတောင်ပံအဖြုတ်ခံလိုက်ရပြီ... မင်းတို့ကတကယ်ပဲ နတ်ဆိုးဘုရင်တွေ ဟုတ်ကြရဲ့လား..."


အသန်မာဆုံးနတ်ဆိုးဘုရင် အေးစက်စက်ပြောလိုက်ပြီး အခြားနတ်ဆိုးဘုရင်များ၏ စိတ်ထဲတွင် ခါးသက်သက် ဖြစ်သွားစေခဲ့သည်။


သူတို့ ထိုသို့မဖြစ်ချင်ခဲ့သော်လည်း သူတို့ မည်မျှပင် ဂရုစိုက်၍ အစီအစဉ်ဆွဲသည်ဖြစ်စေ အရာအားလုံးက သူတို့မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာခဲ့ပေ။


"အသန်မာဆုံးနတ်ဆိုးဘုရင်... နတ်ဆိုးသိမ်းငှက်နတ်ဆိုးဘုရင်ရဲ့ အတောင်ပံက ဟိုးဘက်က တစ်ယောက်ယောက်က ဆွဲဖြုတ်သွားတာ... အဲ့တာ ပင်လယ်မျိုးစိတ် သတ္တဝါတစ်ကောင်ပဲ..."

နတ်ဆိုးဘုရင်များထဲမှတစ်ယောက် ပြောလိုက်သည်။


သူ သူတို့၏နတ်ဆိုးဘုရင်များကို စော်ကားဝံ့သူကို အသန်မာဆုံးနတ်ဆိုးဘုရင်က လက်စားခြေပေးမည်ဟု မျှော်လင့်ခဲ့သည်။


သို့သော် သူတို့၏ မျှော်လင့်ချက်များ ပြာကျသွားတော့သည်။


အဘယ်ကြောင့်ဆိုသော် အသန်မာဆုံးနတ်ဆိုးဘုရင်က သူတို့အတွက် ကူညီကလဲ့စားခြေပေးရန် စိတ်ကူးပင်မရှိ၍ ဖြစ်သည်။


"မင်းတို့ မုန်တိုင်းကိုမြင်ကြတယ်မလား... အဲ့တာ အခွင့်အရေး ထွက်ပေါ်လာတော့မယ်ဆိုတဲ့ လက္ခဏာပဲ... အစားကြူးတောင်ကြားထဲက စားဖိုမှူးလေးလည်း ရောက်လာပြီဆိုတော့ အဲ့တာ ကျုပ်ခန့်မှန်းချက် မှန်တယ်ဆိုတာပြနေတာပဲ..."


ခဏကြာရပ်လိုက်ပြီး အော်ပြောလာသည်။


"သိမ်းငှက်ရဲ့အတောင်ပံတွေကြောင့်နဲ့ ငါ့အကြံအစဉ်တွေကို ဘယ်သူမှ လာတားလို့မရဘူးကွ..."


နတ်ဆိုးဘုရင်များ ထိတ်လန့်သွားကြကာ လေအေးတစ်ချက်ရှူရှိုက်လိုက်မိသည်။ ၎င်းတို့၏မျက်လုံးများက မြေပြင်ပေါ်တွင်လဲနေသော နတ်ဆိုးသိမ်းငှက်နတ်ဆိုးဘုရင်၏ သနားစဖွယ်အသွင်အပြင်ကို စာနာစွာကြည့်နေကြသည်။


အသန်မာဆုံးနတ်ဆိုးဘုရင် လက်နောက်ပစ်၍ စစ်သင်္ဘောထိပ်တွင်ရပ်နေသည်။ ထို့နောက် မျက်မှောင်ကြုတ်၍ လေထဲရှိ မုန်တိုင်းကို ကြည့်လိုက်သည်။


ဒီမုန်တိုင်းတိုက်နေတာ အတော်ကြာပြီပဲ... ကြည့်ရတာ မကြာခင် အံ့ဖွယ်တစ်ခုခု ထွက်လာတော့မယ့် ပုံပဲ...



ရွဲ


အနက်ရောင် မီးခိုးငွေ့တို့ ကောင်းကင်ပေါ် တလူလူတက်နေသည်။


ရေစက်တို့ မီးညွန့်များပေါ် ကျသွားသောအခါ အငွေ့ပျံသွားပြီး တရှဲရှဲမြည်သံများ ထွက်ပေါ်လာသည်။


အသားရနံ့လွင့်ပျံလာကာ လူတိုင်း၏ အနံ့ခံအာရုံကို ကျီစယ်နေသည်။ အကုန်လုံး မနေနိုင်တော့ပဲ ရနံ့တို့ လွင့်ပျံလာရာနေရာကို ကြည့်လိုက်ကြသည်။


မဟူရာနဂါးဘုရင်က ရေနံရံပေါ်တွင်ရပ်နေဆဲဖြစ်ကာ သူ၏လက်နှစ်ဖက်လုံးက ငရဲကမ္ဘာသင်္ဘော၏လက်ရမ်းများကို တင်းတင်းကိုင်ထားသည်။ သူ့ပါးစပ်က အဟောင်းသားပွင့်နေကာ သွားရည်များ တောက်တောက်ကျနေသည်။


"အတောင်ပံကင် အနံ့လေးက အရမ်းကောင်းတာပဲ.."


ခဏအကြာတွင် ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ နဂါးဘုရင်၏ လက်အောက်ငယ်သားများ ထွက်ပေါ်လာပြီး နဂါးဘုရင်ဘေးတွင် ပေါ်လာကြသည်။


ထိုလက်အောက်ငယ်သားများက နဂါးဘုရင်ကို ဦးညွတ်ကာပြောလိုက်ကြသည်။


"နဂါးဘုရင် ကျွန်တော်တို့ကို ရှာဖို့အမိန့်ပေးထားတဲ့ ပါဝင်ပစ္စည်းတွေ ရှာတွေ့ပါပြီ...


မဟူရာနဂါးဘုရင်၏ မျက်လုံးများတောက်ပသွားသည်။

နောက်ထပ် ပါဝင်ပစ္စည်းတွေလား...


သူ့ငယ်သားထံမှ ယောက်သွားတစ်ကောင်ယူကာ စိတ်ဖြင့်အမိန့်ပေးလိုက်သောအခါ ယောက်သွားခွံပွင့်သွားသည်။ ထို့နောက် အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး ငရဲကမ္ဘာသင်္ဘောကုန်းပတ်ပေါ် ပါဝင်ပစ္စည်းအပုံကြီး ရောက်လာသည်။


စိုစွတ်နေသော ပါဝင်ပစ္စည်းများက ပင်လယ်ရနံ့ပြင်းပြင်းကို ထုတ်လွှတ်နေသည်။


အတောင်ပံကင်နေသော ပုဖန်ပင် မျက်မှောင်ကြုတ်သွားသည်။


သူ ပါဝင်ပစ္စည်းတစ်ပုံကြီးကို တစ်ချက်ကြည့်လိုက်ပြီး အတွေးတစ်ချက်ဖြင့် ထိုပါဝင်ပစ္စည်းများကို ကောင်းကင်နှင့်ကမ္ဘာမြေ လယ်ယာမြေထဲသို့ ထည့်လိုက်သည်။


မည်သို့ပင်ဆိုစေ နျိုဟန်ဆန်းက ကောင်းကင်နှင့်ကမ္ဘာမြေ လယ်ယာမြေထဲတွင်ရှိနေပြီး ထိုနွားသိုးက သူ့ကိုထို ပါဝင်ပစ္စည်းများကို ကိုင်တွယ်ပေးပေ လိမ့်မည်။


ပုဖန် လတ်လတ်ဆတ်ဆတ်ကမာနှစ်ကောင်ကိုယူလိုက်ပြီး ကင်ရန်အစီအစဉ်ဆွဲနေသည်။


သို့သော် ယခုလက်ရှိတွင် ပုဖန် အတောင်ပံကင်ကို အရင်ပြီးအောင် လုပ်ရပေမည်။


အတောင်ပံများက မဟူရာလိပ်ခုံးဒယ်အိုးပေါ်ရှိ အကင်ဇကာပေါ်တွင် ရွှေရောင်ရင့်ရင့် ကောင်းကင်ကမ္ဘာမြေမီးလျှံဖြင့် ကင်ခြင်းခံနေရသည်။ တဖြေးဖြေး ဖြူဖျော့ဖျော့အတောင်ပဲမှ ရွှေဝါရောင်သန်းလာတော့သည်။


ပုဖန်က အပူရှိန်ကို ဂရုတစိုက်ချုပ်ထိန်းနေပြီး အတောင်ပံများကို မီးကျွမ်းသည့်ဘေးမှကာကွယ်နေသည်။


ဝုန်း ဝုန်း


ကောင်းကင်ယံတွင် မိုးခြိမ်းသံထွက်ပေါ်လာပြီး လေထုတစ်ခုလုံး ကြောက်မက်ဖွယ်ဖိအားဖြင့် ပြည့်သွားကာ လူတိုင်း အသက်ရှူရန်ပင်ခက်ခဲနေကြသည်။


နဂါးဂိတ်တံခါး ပွင့်ခါနီးပြီဖြစ်သည်။


ဒါပေမယ့် သူငယ်ချင်းလေးပုဖန် အတောင်ပံကင်မပြီးမချင်း နဂါးဂိတ်တံခါး မပွင့်လောက်သေးဘူးမလားဟင်...


ဒီနဂါးဘုရင်ကို မျက်နှာသာ နည်းနည်းလောက်ပေးပါကွာ..


မဟူရာနဂါးဘုရင်၏ မျက်နှာတစ်ခုလုံး မဲမှောင်နေသည်။ သူ၏ ကတုံးပြောင်ပြောင်ဦးခေါင်းသည်လည်း တောက်ပနေကာ သူအတောင်ပံကင် မပြီးမချင်း နဂါးဂိတ်တံခါး မပွင့်ပါစေနဲ့ဟု ကြိတ်ဆုတောင်းနေသည်။


ပုဖန်က ဂရုပင်မစိုက်ချေ။ သူ့အတွက် နဂါးဂိတ်တံခါးဟုခေါ်သော အရာက သူချက်နေသောဟင်းပွဲလောက် အရေးမကြီးပေ။


နဂါးအရိုးမီးဖိုချောင်သုံးဓားကိုဆွဲကိုင်၍ အတောင်ပံများကို ဖြေးဖြေးချင်း လှီးလိုက်ရာ အသားများကို ပဲ့သွားစေသည်။ ထို့နောက် မွှေးရနံ့ကလည်း ပိုမိုထူထဲလာသည်။


ရွှေရောင်ဆီအနည်းငယ် သုတ်လိမ်းလိုက်သောအခါ အတောင်ပဲကင်များက တောက်ပသွားပုံပေါ်ကာ ရွှေရောင်တလက်လက် တောက်နေသည်နှင်ပင် တူနေသည်။


အတောင်ပံကင်နေစဉ်တွင် ပုဖန် စားပွဲပေါ်တင်ထားသော ကမာကောင်များကို ကြည့်လိုက်သည်။


ထက်မြိလှသော နဂါးအရိုးမီးဖိုချောင်သုံးဓားကို သူ့လက်တွင်တွင် လှည့်လိုက်ပြီး ခုတ်ချလိုက်သည်။ ချက်ချင်းပင် ကမာခွံတို့ပွင့်သွားကာ အတွင်းရှိ ကမာကောင်အသား လတ်လတ်ဆတ်ဆတ်တို့ ထွက်ပေါ်လာသည်။


ပုဖန် လတ်ဆတ်လှသော ကမာသားအစိမ်းကိုယူ၍ ဆေးကျောသန့်စင်လိုက်သည်။


ကမာကင်ခြင်းက အလွန်လွယ်ကူလေသည်။ အရသာထည့်သည့် ဆော့စ်ပြုလုပ်ရသည်ကလွဲ၍ကျန်နေသောအဆင့်များက ရှုပ်ထွေးမှုမရှိပေ။ ဆော့စ်ကသာ အရသာကိုဆုံးဖြတ်ပေးသည့် အရာဖြစ်သည်။


သူ ခရမ်းရင့်ကြက်သွန်ဖြူကို ထုတ်လိုက်ပြီး လှီးဖြတ်လိုက်ကာ သားအမိဂျင်းအချို့ ထည့်လိုက်သည်။ ထို့နောက် ပေါက်ကွဲမီးတောက်ငရုတ်သီးအမှုန့်အချို့၊ ရနံ့မွှေး ရှာလကာရည်၊ ဟင်းချက်ဝိုင်နှင့် အခြားဟင်းခတ်အမွှေးအကြိုင်များကိုထည့်၍ ရောမွှေလိုက်သည်။


ဆော့စ်ပြုလုပ်၍ပြီးသွားပြီဖြစ်သည်။ ခရမ်းရင့်ကြက်သွန် အနည်းငယ်များနေသဖြင့် ကမာအစိမ်း၏ ရနံ့များကို ဖယ်ရှားပေးသည်။


သူ ကမာအသားကို ကမာခွံပေါ်တင်လိုက်ပြီး ထိုအပေါ်ကို ဆော့စ်တစ်ဇွန်းထည့်လိုက်သည်။ ကမာများကို ကင်ရန်ပြင်ဆင်ပြီးသွားသောအခါ အတောင်ပံနှင့်အတူတူ ကင်လိုက်သည်။


ကမာများကို ပြင်ဆင်ပြီးနောက်တွင် ပုဖန် အတောင်ပံကင်ဘက်သို့ တစ်ဖန် ပြန်လည်အာရုံစိုက်နိုင်ပြီဖြစ်သည်။ 


အတောင်ပံကင်နှင့် ယှဉ်လျှင် ကမာကင်က ပြုလုပ်ရလွယ်လေသည်။


နဂါးဘုရင်၏ ငယ်သားများ ယူလာခဲ့သော ကမာများက အလွန်ကြီးမားလေသည်။ ထိုကမာများက အသားအပြည့်ဖြစ်နေကာ စားချင်စဖွယ်ဖြစ်နေသည်။ ထို့အပြင် ဆော့စ်ထည့်ပြီးနောက်တွင် အရသာကနှစ်ဆတက်သွားမည်ဖြစ်သည်။


ရွဲ


အတောင်ပံကင်နှစ်ခုပေါ်တွင် ဆီများက တစ်စက်စက်ကျနေသည်။ ထိုအတောင်ပံများက နတ်ဆိုးဘုရင်အဆင့် ပါဝင်ပစ္စည်းများဖြစ်၍ ချက်ပြုတ်ရာတွင် အချိန် ပိုမိုလိုအပ်လေသည်။


အချိန်တစ်ချို့ကုန်ဆုံးသွားသောအခါ ကမာကင်က စတင်ဆူပွက်လာသည်။ ကမာအစိမ်း၏ အသားလတ်လတ်ဆတ်ဆတ်တို့က ဆော့စ်ဆူပွက်လာ၍ တုန်ခါနေသည်။


ပုဖန် ကမာများ နေရာတကျချက်ပြုတ်ခံနေကြောင်း သေချာစေရန် အနီးသို့ကပ်သွား၍ သေချာကြည့်လိုက်သည်။


ခဏအကြာတွင် သူ၏စိတ်စွမ်းအင်ကို ထုတ်လွှတ်လိုက်ကာ ကမာတစ်ကောင်ကိုမ၍ မဟူရာနဂါးဘုရင်ထံ ပို့ပေးလိုက်သည်။


"ဒါကမာကင်လေ.. မြည်းကြည့်ပါဦး..."


ပုဖန် မဟူရာနဂါးဘုရင်ကို လှည့်ကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။


မဟူရာနဂါးဘုရင် အံ့အားသင့်သွားပြီး ပုဖန်ပေးသော ကမာကင်ကိုဖမ်းယူလိုက်သည်။


မဟူရာနဂါးဘုရင်၏ အရေပြားက ထူထဲလှသဖြင့် အပူလောင်မြည်ကိုမကြောက်ပဲ ကမာခွံအပူကြီးကို ဖမ်းလိုက်ခြင်းဖြစ်သည်။ သူ ကမာကင်ကို လေမှုတ်လိုက်ပြီး အနည်းငယ် အေးသွားအောင် ပြုလုပ်လိုက်သည်။


ကမာခွံအထဲတွင် ကမာသားနှင့်ဆော့စ်တို့ ပေါင်းစပ်နေကြသည်။ သန်မာအားကောင်းလှသော ရနံ့များလည်းထွက်နေကာ ပေါက်ကွဲမီးတောက်ငရုတ်သီး၏ အစပ်ရနံ့ကြောင့် ရနံ့များက ပိုမိုပြင်းထန်နေသည်။


ထိုကဲ့သို့သော ကလူမြှူစွယ်နေသော ရနံ့ကြောင့် နဂါးဘုရင် တံတွေးပင်မြိုချလိုက်ရသည်။


အဏ္ဏဝါမျိုးစိတ်ကျင့်ကြံသူများစွာ၏ အကြည့်အောက်တွင် ကမာခွံကိုပါးစပ်တွင်တေ့၍ ကမာသားကို စုပ်ယူလိုက်ကာ သူ့ပါးစပ်ထဲသို့ ပြွတ်ကနဲ ဝင်သွားလေသည်။


သူ့ပါးစပ်ထဲတွင် ကမာသားဖြင့် ပြည့်နေပြီး မဟူရာနဂါးဘုရင် ချက်ချင်း မြိုချလိုက်မိသည်။


တစ်ကိုက်ကိုက်ရုံဖြင့် ကမာသားအတွင်းရှိ အရည်များနှင့် ဆော့စ်များ ပေါက်ကွဲထွက်လာကာ သူ့ပါးစပ်ထဲတွင် ပြည့်သွားစေသည်။ မဟူရာနဂါးဘုရင်၏ မျက်လုံးများ ပြူးကျယ်သွားကာ စိတ်လှုပ်ရှားမှုတို့ ပြည့်နေသည်။


အရမ်း အရသာရှိတာပဲ...


ဘာလို့ အဲ့လောက်တောင် အရသာရှိနေရတာလဲ...


မဟူရာနဂါးဘုရင် အံ့ဩထိတ်လန့်သွားကာ ယစ်မူးနေသလိုဖြစ်နေသည်။ သူ့ပါးစပ်ထဲတွင်ရှိသော အသားက မည်မျှအရသာရှိကြောင်း တွေးပင်မတွေးကြည့်နိုင်ပေါ မဟူရာနဂါးဘုရင်က သူ့တွင်အရာအားလုံးရှိပြီး အရာအားလုံးကို မြည်းစမ်းကြည့်ဖူးသည်ဟု ထင်ခဲ့သော်လည်း သူမှားနေကြောင်းသိလိုက်ရသည်။ သူ ယခုအချိန်အထိ ခွေးတစ်ကောင်လိုနေနေခဲ့ရခြင်း ဖြစ်သည်။


သူ ဤ ပူပြင်းကာ အရသာရှိလှသောဟင်းပွဲကို မြည်စမ်းပြီး ၎င်း၏အရသာက သူ၏ပါးစပ်ထဲတွင် ပြည့်လျှံနေ၍ သူ၏နှလုံးသားထဲတွင် ဖော်ပြရန် မစွမ်းသာသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ သူဤကဲ့သို့သောအရသာနှင့် ခံစားချက်မျိုးကို တစ်ခါမျှ မခံစားဖူးခဲ့ပေ။


သို့သော် ပုဖန်သာ သူ၏အတွေးကိုကြားလျှင် ရယ်မောကာ ပြောပေလိမ့်မည်ဖြစ်သည်။


‌ခွေးတစ်ကောင်ကတောင် ခင်ဗျားထက် ပိုအဆင့်မြင့်တဲ့ပုံနဲ့ သက်တောင့်သက်သာနေရသေးတယ်ဆိုတာ ယုံနိုင်မှာကိုမဟုတ်ဘူး...


ထိုခွေးက နေ့တိုင်း စားလိုက်အိပ်လိုက်သာလုပ်နေသည်။ သူဗိုက်ပြည့်အောင်စားပြီးလျှင် အိပ်သွားမည်ဖြစ်သည်။ ထို့အပြင် ပုဖန်ချက်သော နံရိုးချိုချဉ်ကြော်ကို တစ်ချိန်လုံးစားနေရပြီး ထိုနံရိုးချိုချဉ်ကြော်က ကမာကင်ထက် မနိမ့်ပေ။


ထို့ကြောင့် ပုဖန်က မဟူရာနဂါးဘုရင် သူ့ကိုယ်သူ ခွေးတစ်ကောင်လို နေရသည်ဟုတွေးသည်ကို သဘောမတူခြင်းဖြစ်သည်။


နောက်ဆုံးတွင် ယောက်သွားအသားကင် တစ်ခုလုံးကို ဝါးမျိုချပြီးဖြစ်ကာ သူ့ခန္ဓာကိုယ်တစ်ခုလုံး စိတ်ကျေနပ်မှုတို့ လွှမ်းခြုံသွားသည်။ သူ ပုဖန်၏အစားအသောက်ထဲတွင် လုံးလုံးလျားလျားနစ်မြုပ်သွားပြီဖြစ်သည်။


ထိုအချိန်တွင် အတောင်ပံကင်က ကျက်လုနီးပါးဖြစ်နေပြီဖြစ်သည်။


ပုဖန် ကမာကင်ကိုယူကာ ကမာအသားနှင့်ဆောစ့်များကို သူ့ပါးစပ်လောင်းထည့်လိုက်သည်။


အလွန်ကောင်းမွန်လှသော အရသာများ ပေါက်ကွဲထွက်ကာ ပုဖန်၏မျက်လုံးများကိုပါ တောက်ပသွားစေသည်။


ပုဖန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ပင်လယ်ရနံ့သင်းပျံ့ပျံ့ကြောင့် သူအတော်လေးသဘောကျနေသည်။


ပန်းပွင့်လေးနှင့် နယ်သာရီတို့ ပုဖန်နှင့် မဟူရာနဂါးဘုရင်တို့ကိုကြည့်နေကြကာ ထိုသူနှစ်ဦး ကမာကင်စားသည်ကို မြင်သောအခါ သွားရည်ပင်ယိုလာတော့သည်။


မဟူရာနဂါးဘုရင် ပန်းပွင့်လေသွားရည်ယိုနေသည်ကို မြင်သောအခါ အလန့်တကြားဖြစ်သွားသည်။


"သူငယ်ချင်းလေးပုဖန်... ငါ့သမီးလေးအတွက်ရော ကမာကင်ပေးလို့ရမလား..."


မဟူရာနဂါးဘုရင် ပုဖန်ဘက်လှည့်၍ ပြောလိုက်သည်။


သို့သော် ပုဖန်က ရယ်သာရယ်လိုက်သည်။


"ကလေးမက ကမာကင်စားဖို့ မစောင့်နိုင်တော့ဘူးထင်ပါတယ်..."


ပုဖန် မထူးခြားဟန်ပြောလိုက်သည်။


မဟူရာနဂါးဘုရင် ပန်းပွင့်လေးကို ကူကယ်ရာမဲ့နေဟန်သာ ကြည့်လိုက်နိုင်သည်။ သူ ပုဖန်ကို ဘာလုပ်ရမည်ဟု တွန်းအားမပေးနိုင်ပေ။


"အတောင်ပံကင်ပြီးသွားရင် ပန်းပွင့်လေး အရင်စားပါလိမ့်မယ်..."


မဟူရာနဂါးဘုရင်၏မျက်နှာ ချက်ချင်းပင် တင်းမာသွားသည်။ သူ ပုဖန်ကို သွေးအန်လုမတတ်စိတ်ဓာတ်ကျနေဟန် ကြည့်လိုက်သည်။


ဒီလူ ခုဏကအဲ့လိုမပြောခဲ့ပါဘူး... သူပြောတာက ဒီနဂါးဘုရင်ကို အတောင်ပံကင်ကို ပထမဆုံး မြည်းစမ်းစေရမယ်ဆို...


သို့သော် သူပုဖန်ကို မတွန်းလှန်နိုင်ပေ။

သူ ပုဖန်စကားကိုကြားပြီး ပန်းပွင့်လေးရဲ့ မျက်နှာပြောင်းသွားတာကို မြင်လိုက်ရတယ်လေ...


အချစ်ကြီးပြီးအလိုလိုက်သည့် အဖေတစ်ယောက်အနေနဲ့ မဟူရာနဂါးဘုရင် သူ၏သမီးကို ဝမ်းမနည်းစေဝံ့ပေ။


ထိုစဉ် ကောင်းကင်ပေါ်ရှိ တိမ်လွှာများဖြင့် ဖုံးလွှမ်းနေသော လေဝဲကြီးက ပိုပြီး လျှင်လျှင်မြန်မြန် လည်ပတ်နေသည်။ မိုးကြိုးလျှပ်စီးများ အဆက်မပြတ် မြည်ဟီးလာသည်။


မဟူရာနဂါးဘုရင် ရုတ်တရက်ကြီး သတိအပြည့်ဖြစ်သွားကာ ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်သည်။


"စတော့မှာလား..."


မဟူရာနဂါးဘုရင် အသက်ပြင်းပြင်းရှူလိုက်သည်။


သို့သော် သူအသက်ရှူလိုက်ချိန်တွင် အတောင်ပံကင်ရနံ့များကို ရှူသွင်းမိလိုက်သဖြင့် အကြိမ်ရေအနည်းငယ်မျှ ချောင်းဆိုးသွားသည်။



အဝေးတွင် ပျက်သုဉ်းခြင်းအကျဉ်းထောင်၏ စစ်သင်္ဘောပေါ်တွင် အသန်မာဆုံးနတ်ဆိုးလုရင်က အနက်ရောင် ဝဲကတော့ကြီးကို ကြည့်မေသည်။ ထိုအထဲတွင် အလင်းတန်းများကို တွေ့လိုက်ရ၍ သူ့မျက်နှာပေါ်ရှိ အပြုံးက ပိုမိုတောက်ပလာသည်။


"ငါအချိန်အကြာကြီး စောင့်ခဲ့ပြီးလို့... နောက်ဆုံးတော့ ငါ့ရဲ့အခွင့်အရေးကြီး ရောက်လာခဲ့ပြီ..."



အဆုံးမဲ့ပင်လယ်၏ အဝေးတစ်နေရာတွင်


ပုံရိပ်တစ်ခုက လှိုင်းလုံးများအပေါ် နင်းလျှောက်လာသည်။


၎င်း၏ အလျှင်က အလွန်လျှင်မြန်နေကာ ခြေတစ်လှမ်းလှမ်းပြီးတိုင်း လှိုင်းလုံးတစ်ခုမြင့်တက်လာကာ သူနင်းလိုက်ပြီးတိုင်း ပြန်ကျသွားသည်။


ထိုပုံရိပ်သည် လူအိုကြီးတစ်ယောက်၏ ပုံရိပ်ဖြစ်သည်။ သူက လက်နောက်ပစ်ထားကာ သူ၏ဆံပင်ဖြူလက်တစ်ဆုပ်က လေထဲတွင် မျောလွင့်နေသည်။


လူအိုကြီးက အဝေးရှိ ကောင်းကင်ကို ငေးကြည့်နေကာ သူ့မျက်လုံးများကလည်း တောက်ပနေသည်။



ဝုန်း ဝုန်း


မိုးခြိမ်းသံတို့က ကောင်းကင်တစ်ခွင်ကို ဖြန့်ကျက်သွားသည်။ စိတ်ဝိဉာဉ်စွမ်းအင်များကလည်း ထိုအနက်ရောင်တိမ်ဝဲကတော့ကြီးမှ ထွက်ပေါ်နေသည်။


အဏ္ဏဝါမျိုးစိတ်သတ္တဝါများ ပိုမိုစိတ်လှုပ်ရှားကြကာ အံ့အားတသင့် အော်ဟစ်နေကြသည်။


ထို့နောက် လူတိုင်း၏ စူးစူးဝါးဝါးစိုက်ကြည့်နေသော အကြည့်အောက်တွင် အနက်ရောင်ဝဲကတော့ကြီးထဲတွင် သန်မာလှသောအော်ရာများကို ထုတ်လွှတ်နေသည့် ဧရာမတံခါးကြီးတစ်ချပ် ဖြေးဖြေးချင်း ထွက်ပေါ်လာသည်။


၎င်းက အဆုံးမဲ့ပင်လယ်အထက်တွင် ပေါလောမျောနေပြီး ပင်လယ်ရေလှိုင်းများကို နှစ်ခြမ်း ကွဲသွားစေသည်။


ပုဖန် လက်ရမ်းလိုက်ပြီး ဟင်းခတ်အမွှေးအကြိုင်များဖြူးလိုက်သည်။ မွှေးရနံ့များက နေရာအနှံ့သို့ ဖြန့်ကျက်သွားသည်။


"ပုရန်ရဲ့ လျှို့ဝှက်နည်းနဲ့ကင်ထားတဲ့ အတောင်ပံကင် ပြီးပြီ..."


အတောင်ပံကင်ပြီးသွားပြီး နဂါးဂိတ်တံခါး ထွက်ပေါ်လာခဲ့သည်။


ခဏအကြာတွင် စုတ်ပြဲသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။


ငရဲကမ္ဘာသင်္ဘောပေါ်တွင် လေဟာနယ်အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။


ထိုအက်ကွဲကြောင်းမှ ခွေးဝတုတ်တစ်ကောင်က ကြောင်တစ်ကောင်ကဲ့သို့ ကျက်သရေရှိရှိ လမ်းလျှောက် ထွက်လာသည်။