အပိုင်း ၉၃၉
Viewers 53k

အခန်း ၉၃၉

မသေမျိုး အချက်အပြုတ်နယ်မြေ ဝင်ခွင်သော့


"ဟေး ကောင်လေးပုဖန်... အရသာရှိလိုက်တဲ့ အနံ့လေးပါလားကွ..."


ခွေးဘုရင်၏ မျက်လုံးများကျဉ်းမြောင်းသွားကာ တစ်လှမ်းခြင်းလှမ်း၍ ငရဲကမ္ဘာသင်္ဘောပေါ့ ဆင်းသက်လိုက်သည်။


ပုဖန် အံ့ဩသွားခဲ့သည်။

ဒီခွေးငပျင်းက ဘယ်လိုလုပ်ပြီးပေါ်လာရတာလဲ...


အတောင်ပံကင် အနံ့ရသွားလို့လား... တကယ်ကြီးပေါ့လေ အစားအသောက်ကလွဲလို့ ဒီခွေးငပျင်းကို ဘာနဲ့မှ ဆွဲဆောင်လို့ မရပါလား...


ပန်းပွင့်လေးနှင့် နယ်သာရီတို့ ခွေးဘုရင်ကို မြင်လိုက်ကြသည်။


ပန်းပွင့်လေး၏မျက်လုံးများ တောက်ပသွားကာ လေးလေးစားစားခေါင်းငြိမ့်ပြလိုက်သည်။ စိတ်လှုပ်ရှားနေသော အမူအယာဖြင့် ခွေးဘုရင်နားပြေး၍ ခွေးဘုရင်၏ ခြေထောက်တုတ်တုတ်ကိုဖက်လိုက်သည်။


အဝေးရှိ ရေတံတိုင်းပေါ်တွင် မတ်တတ်ရပ်နေသော မဟူနဂါးဘုရင်က ထိုမြင်ကွင်းကိုမြင်သောအခါ မျက်ဆံလှန်လိုက်မိသည်။


"ဟိုနားက ခွေးနက်ကြီး... ငါ့သမီးကို လွှတ်လိုက်စမ်း..."


မဟူရာနဂါးဘုရင် ခွေးဘုရင်ကိုအော်ပြောလိုက်ပြီး စိုက်ကြည့်နေသည်။


ခွေးဘုရင် အံ့ဩသွားကာ မဟူရာနဂါးဘုရင်ကို လှည့်ကြည့်လိုက်ပြီး သူ၏မျက်လုံးများ တောက်ပသွားသည်။


"နဂါးတစ်ကောင်... သွေးသန့်နဂါးတစ်ကောင်ပါလား.. ပုဖန်ရေ ခွေးဘုရင် နဂါးနံရိုးချိုချဉ်ကြော်စားချင်တယ်..."


ခွေးဘုရင် ပါးစပ်ဟကာ လျှာထုတ်လိုက်ပြီး အလွန်အမင်း ပျော်ရွှင်နေဟန် ပြနေသည်။


မဟူရာနဂါးဘုရင် စိတ်ရှုပ်သွားသည်။

နဂါးနံရိုးချိုချဉ်ကြော်တဲ့လား... အဲ့တာဘာကြီးလဲ...


ခဏအကြာတွင် မဟူရာနဂါးဘုရင် သတိပြန်ဝင်လာပြီး ခွေးဘုရင်ပြောသည်ကို နားလည်လိုက်သည်။


"မင်း... ခွေးစုတ်... ဒီမဟူရာနဂါးဘုရင်ကိုစားချင်နေတာတဲ့လား..."


မဟူရာနဂါးဘုရင် ကတုံးပြောင်ပြောင်ဦးခေါင်းမှ သွေးကြောများပင် ထောင်ထလာအောင် အော်ဟစ်လိုက်သည်။


ပုဖန်သည်လည်း စိတ်ရှုပ်ထွေးသွားတော့သည်။


ဘာဖြစ်သွားတာလဲ...

ခွေးဘုရင်နဲ့ မဟူရာနဂါးဘုရင်တို့က အခုမှတွေ့ဖူးကြတာလေ... ဘာလို့ တိုက်ခိုက်နေကြတာလဲ...


"နဂါးနံရိုးချိုချဉ်ကြော်ဆိုတာ ပုဖန်ရဲ့အကောင်းဆုံး ဟင်းပွဲပဲ... အရမ်းအရသာရှိပြီး နဂါးအသားကလည်း ကြွပ်ရွနေတာပဲ..."

ခွေးဘုရင် မဟူရာနဂါးဘုရင်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။


မဟူရာနဂါးဘုရင် ဒေါသပေါက်ကွဲ ခါနီးနေပြီဖြစ်သည်။


"မင်းကလည်း ခွေးဝကြီးတစ်ကောင်ဆိုတော့ ဒီနဂါးဘုရင်က မင်းကိုစားပစ်မယ်.. ခွေးသားကအရမ်းကို စားကောင်းတာ... သူငယ်ချင်းလေးပုဖန်ရဲ့ ကမာကင်ထက်ကို ပိုပြီးအရသာရှိသေးတယ်..."


ပန်းပွင့်လေးနှင့် နယ်သာရီတို့ အချင်းချင်းအော်ပွဲဆင်နွှဲနေကြသော နဂါးနှင့်ခွေးကို အမူအယာမဲ့စွာကြည့်နေကြသည်။ သူတို့ ယခုအခြေအနေကို လုံးဝနားမလည်တော့ပေ။


ခွေးဘုရင် သူရောက်ရောက်ချင်း ယခုလို စကားများရမည်ဟု မထင်ထားခဲ့ပေ။ သူ ကောင်းကင်ပေါ်ရှိ ကြောက်မက်ဖွယ်အော်ရာတို့ ရစ်ဝဲနေသော တံခါးကြီးကိုကြည့်၍ နှာမှုတ်လိုက်သည်။


ရုတ်တရက် ခွေးဘုရင်၏ လက်ဖဝါးတစ်ဖက်က ငရဲကမ္ဘာသင်္ဘော၏ ကုန်းပတ်ပေါ်ကို ထိလိုက်ပြီး မဟူရာနဂါးဘုရင်ဆီ အလင်းတန်းတစ်ခုနှယ် ပြေးဝင်သွားသည်။


မဟူရာနဂါးဘုရင်၏ မျက်လုံးများ ကျုံ့ဝင်သွားသည်။ သူထိုခွေးဝတုတ်ကြီးက ဤမျှမြန်မည်ဟု မထင်ခဲ့ပေ။


"ဒီတော့ ခွေးသားစားချင်တယ်ဆိုတာ မင်းလား..."


ခွေးဘုရင် အေးစက်စွာ ပြောလိုက်သည်။


မဟူရာနဂါးဘုရင် မဲ့ပြုံးပြုံးလိုက်ကာ ပြန်ပြောရန်ပြင်လိုက်သည်။ သို့သော် ခွေးဘုရင်က သူ၏လက်ဖဝါးကိုမြှောက်၍ အနက်ရောင်နဂါးဘုရင်၏ ကတုံးပြောင်ပြောင်ဦးခေါင်းကို ပုတ်လိုက်သည်။ ထိုရိုက်ချက်လေးက နဂါးဘုရင်ကို တုန်ရီသွားစေပြီး အဆုံးမဲ့ပင်လယ်ထဲသို့ ဥက္ကာခဲတစ်ခုနှယ် ဝုန်းကနဲ ထိုးဆင်းသွားသည်။


ပင်လယ်ရေ မျက်နှာပြင် ကွဲထွက်သွားပြီး လှိုင်းလုံး အချို့ကို ထွက်ပေါ်လာစေသည်။


ရုတ်ချည်းပင် ပင်လယ်ထဲမှ ပိန်းပိတ်အောင်နက်မှောင်နေသော ရှည်မျောမျောနဂါးတစ်ကောင် ထွက်ပေါ်လာပြီး နားကန်းလုနီးပါးအသံဖြင့် ဟိန်းဟောက်၍ ခွေးဘုရင်ကို စိုက်ကြည့်လိုက်သည်။


သို့သော် မဟူရာနဂါးဘုရင် သူ့ကိုယ်သူ တည်ငြိမ်အောင် မလုပ်နိုင်မီ ခွေးဘုရင်က သူ၏နူးညံ့သော လက်ဖဝါးလေးကို နောက်တစ်ခေါက် ဝေ့ယမ်းလိုက်ပြန်သည်။ ထိုလက်ဖဝါးလေးက အောက်သို့ကျဆင်းလာကာ မဟူရာနဂါးဘုရင်ကို ပင်လယ်ထဲသို့ ဘမ်းကနဲကျသွားအောင် ရိုက်ချလိုက်သည်။


ပင်လယ်ရေများ နေရာအနှံ့သို့ လွင့်စင်သွားပြီး နဂါးဘုရင်ကိုယ်တိုင်လဲ စိတ်ရှုပ်ထွေးသွားသည်။


လူတိုင်း အံ့အားသင့်သွားကြသည်။ အထူးသဖြင့် အဏ္ဏဝါမျိုးစိတ်ကျင့်ကြံသူများအားလုံး ကြောင်အမှင်သက်နေကြဆဲဖြစ်သည်။


သူတို့၏ ခေါင်းဆောင် မဟူရာနဂါးဘုရင်က ခွေးတစ်ကောင်ထံမှ ပြန်မခုမခံနိုင်အောင် အရိုက်ခံနေရသည်။


သူ ရေထဲမှပြန်တက်လာသည့်သည့် အချိန်တိုင်း ခွေးဘုရင်က ရေထဲကျအောင် ထပ်ရိုက်နေလေသည်။



အဝေးတစ်နေရာတွင် အနက်ရောင်စစ်သင်္ဘောတစ်စင်း ဖြေးဖြေးချင်း ရွက်လွှင့်နေသည်။


အဏ္ဏဝါမျိုးစိတ်သတ္တဝါတစ်ကောင်က ပင်လယ်ထဲမှထွက်လာကာ ထိုသင်္ဘောကိုနှောင့်ယှက်လေသည်။


သို့သော် ၎င်းကို အင်အားအပြည့်တိုက်ခိုက်ချက်တစ်ခုဖြင့် တိုက်ခိုက်ခံလိုက်ရပြီး ရေမျက်နှာပြင်ပေါ်တွင် သွေးများ စွန်းထင်းသွားစေသည်။


အဏ္ဏဝါမျိုးစိတ် ကျင့်ကြံသူများစွာက ထိုသင်္ဘောကို သတိအပြည့်ဖြင့် ကြည့်နေကြသည်။


စစ်သင်္ဘောရှေ့တွင် သန်မာတောင့်တင်းကာ အရပ်ရှည်သော ပုံရိပ်တစ်ခုက လက်နောက်ပစ်၍ရပ်နေသည်။ ကြောက်မက်ဖွယ် ငရဲစွမ်းအင်များက အသန်မာဆုံးနတ်ဆိုးဘုရင် ခန္ဓာကိုယ် ပတ်ပတ်လည်တွင် တောက်လောင်နေပြီး သူ၏မျက်လုံးများက အရှေ့သို့ရှေးရှူနေသည်။


သူ ကောင်းကင်ပေါ်ရှိ အလင်းတံခါးကြီးကို ခံစားချက်အပြည့်ဖြင့် ကြည့်နေသည်။


နောက်ဆုံးတော့ သူနှစ်တစ်သောင်းလောက် စောင့်ခဲ့ရတဲ့ အခွင့်အရေးကြီးက သူ့ရှေ့ကို ရောက်လာခဲ့ပြီ...


ဒီတစ်ကြိမ်တော့ လုံးဝမလွဲစေရတော့ဘူး.... အဲ့တံခါးကို ဖျက်ဆီးပစ်ရမယ်ဆိုရင်တောင် လုပ်ရမှာပဲ... သူ အခွင့်အရေးရကို ရရမယ်...


မဟူရာနဂါးဘုရင် နောက်ဆုံးတွင် အရှုံးပေးလိုက်ရသည်။ သူ ထိုခွေးကို မနိုင်သည့်အကြောင်း မပြောချင် ပြောချင်ဖြင့် ဝန်ခံလိုက်ရသည်။


အဲ့ခွေးဘယ်ကလာလဲ ဘယ်သူသိမှာလဲ... အဲ့ခွေးရဲ့ အစွမ်းနဲ့အင်အားက အတော်ကြီးကို လွန်ကဲနေတာပဲ... သူ့မှာ လက်ဖဝါးလေးတစ်ခုကိုတောင် မလွန်ဆန်နိုင်ဘူး..


ကံကောင်းစွာဖြင့် မဟူရာနဂါးဘုရင်၏ အရေပြားက ထူထဲကာအဆီတို့ဖုံးနေသဖြင့် မည်သည့်ဒဏ်ရမှမရရှိခဲ့ပေ။


မဟူရာနဂါးဘုရင် သူ့ကိုယ်သူ ရှုံးနိမ့်ကြောင်း ဝန်ခံလာသည့်အခါတွင် ခွေးဘုရင်က ငရဲကမ္ဘာသင်္ဘောပေါ် ကျက်သရေရှိစွာ ပြန်တက်လာသည်။


ပုဖန် ခွေးဘုရင်နှင့် နဂါးဘုရင်ကို ကြည့်ရုံသာကြည့်လိုက်ပြီး နဂါးအရိုး မီးဖိုချောင်သုံးဓားကို ထုတ်လိုက်၍ အကင်ဇကာပေါ်ရှိ အတောင်ပံကင်ကို လေးခြမ်းခြမ်းလိုက်သည်။


အတောင်ပံကင်ကို နှစ်ချက်ခုတ်ဖြတ်လိုက်၍ စုစုပေါင်းလေးပိုင်း ပိုင်းသွားသည်။


ပုဖန် တစ်ပိုင်းကို သူ့အတွက်ယူပြီး တစ်ပိုင်းကိုပန်းပွင့်လေးဆီပေးကာ နောက်တစ်ပိုင်းကို နယ်သာရီဆီပေးပြီး နောက်ဆုံးအပိုင်းက...


ခွေးဘုရင် ပါးစပ်ထဲရောက်သွားပြီ ဖြစ်သည်။ သူ ငရဲကမ္ဘာသင်္ဘောကုန်းပတ်ပေါ်တွင် လှဲချကာ အရှက်မရှိ စစားနေပြီဖြစ်သည်။


မဟူရာနဂါးဘုရင် မျက်လုံးပြူးကာ ပါးစပ်ဟပြဲဖြင့် အသံတိတ်အော်ဟစ်လိုက်သည်။ သူ၏ တောက်ပနေတတ်သော ကတုံးပင် ပုံမှန်ထက်မှိန်ဖျော့သွားပုံ ပေါ်လေသည်။ သူ သူ့ဘဝလေးသူ ဆက်မချစ်နိုင်တော့ဟု ခံစားနေရသည်။


သူ့ရဲ့ အတောင်ပံကင်... အဲ့တာ သူ့ရဲ့ အတောင်ပံကင်လေ.. ဒါပေမယ့် အရှက်မရှိတဲ့ ခွေးကယူစားသွားတယ်...


မဟူရာနဂါး ခံပြင်းလွန်း၍ ရူးတော့မလိုဖြစ်နေသည်။


သို့သော် အခြားသူများက ဆက်စားနေကြဆဲဖြစ်ကာ မဟူရာနဂါးဘုရင်ကို ဂရုပင်မစိုက်ကြချေ။


၎င်းက နတ်ဆိုးဘုရင်အဆင့် ပါဝင်ပစ္စည်းဖြစ်သည်။ ရွှေဝါရောင်ဖြစ်အောင် အကင်ခံလိုက်ရပြီး ကြွပ်ရွနေမည့်ပုံပေါ်သော အတောင်ပံကင်မှ ရွှေရောင်အလင်းများပင် ထုတ်လွှတ်နေဟန် ပေါ်နေသည်။


အတောင်ပံကင်မှ အငွေ့တလူလူထွက်နေကာ ဟင်းခတ် အမွှေးအကြိုင်ရနံ့မျိုးစုံကို စုပ်ယူထားသဖြင့် အကင်ခံလိုက်ရသောအခါ လူတိုင်း၏ စားချင်စိတ်ကို မြင့်တက်နေစေသည်။


အတောင်ပံကင်ကို ယူကာ အလုပ်ကြီးကြီးကိုက်လိုက်သောအခါ ဆီများနှင့်အသားရည်များထွက်လာသည်။ ထိုကောင်းမွန်လှသော အရသာက ပုဖန်ကို မျက်စိများပင် မှေးမှိတ်သွားစေကာ သူ့နှုတ်ခမ်းထောင့်ပင် ကွေးညွတ်သွားပြီး စိတ်ကျေနပ်နေသော အပြုံးလေးဖြစ်ပေါ်နေသည်။


အတောင်ပံပေါ်ရှိ အရေခွံကိုကိုက်လိုက်သောအခါ နူးညံ့အိစက်သော အရေခွံက ပါးစပ်ထဲဝင်သွားပြီး ပါးစပ်ထဲတွင်ခုန်နေသည်။


အရေခွံကွာသွားသောအခါ ဆူဖြိုးလှသော အသားလွှာထွက်လာပြီး ဆီတရွှဲရွှဲဖြင့် ပြောင်လက်နေသည်။


"အနံ့အရသာ၊ အစပ်အရသာ၊ ကြွပ်ရွမှု... အရသာရှိတယ်..."


ပုဖန် ပြောလိုက်သည်။


ပန်းပွင့်လေး၏ ပါးစပ်တွင် ဆီတို့စွန်းပေနေပြီး သူမ၏ နှုတ်ခမ်းလေးကိုဆူထုတ်လိုက်ကာ အရိုးများကို ထွေးထုတ်လိုက်သည်။


နယ်သာရီက အရသာထဲတွင် နစ်မျောပျော်ဝင်နေ၍ ပတ်ဝန်းကျင်ရှိ အရာအားလုံးကိုပင် မေ့နေသည်။


ခွေးဘုရင်က ဝမ်းလျားမှောက်ကာ အတောင်ပံကင်ကို တမြုံ့မြုံ့လွေးနေသည်။ မွှေးပျံ့လှသော ဆီရည်များက တစ်စက်စက်စီးကျနေသော သူ၏ အမွှေးများကို စွန်းပေနေသည်။


မဟူရာနဂါးဘုရင်သည် အခြားသူများ အတောင်ပံကင်စား၍ အလုပ်ရှုပ်နေသည်ကိုကြည့်ပြီး နှလုံးထဲတွင် သွေးစိမ်း ရှင်ရှင်ထွက်နေပြီဖြစ်သည်။ သူ ငရဲကမ္ဘာသင်္ဘောကုန်းပတ်ပေါ်တွင် လဲကျသွားပြီး အသက်ဆက်မရှင်နိုင်တော့သယောင် ဖြစ်နေသည်။


သူကိုယ်တိုင် အမဲလိုက်ခဲ့ရတဲ့ အတောင်ပံကင်လေးကို... မြည်းတောင် မမြည်းလိုက်ရဘူး...


ရုတ်တရက် မဟူရာနဂါးဘုရင်၏ မျက်လုံးများ တောက်ပသွားသည်။


သူအဝေးရှိ စစ်သင်္ဘောကို လှည့်ကြည့်လိုက်သည်။ ထိုစစ်သင်္ဘောပေါ်တွင် ရင်းနှီးနေသော အော်ရာတစ်ခုကို ခံစားလိုက်ရသည်။


"အတောင်ပံကင်ရဲ့ အော်ရာပဲ..."


သူ၏ အသက်မဲ့နေသော ခန္ဓာကိုယ် ရုတ်တရက် အသက်ဝင်လာဟန်ဖြင့် မဟူရာနဂါးဘုရင် ရေနံရံ တက်ကြွစွာ ခုန်တက်လိုက်ပြီး အဝေးမှ စစ်သင်္ဘောကို လှမ်းကြည့်လိုက်သည်။


ထိုအချိန်တွင် သိမ်းငှက်နတ်ဆိုးဘုရင်က အသန်မာဆုံးနတ်ဆိုးဘုရင် နောက်တွင် ပေါ်လာချိန်ဖြစ်သည်။ အဝေးရှိ မဟူရာနဂါးဘုရင်၏ တောက်ပနေသော မျက်လုံးများကို ကြည့်လိုက်မိသောအခါ သူအလွန်အမင်း ကြောက်ရွံ့သွားခဲ့သည်။


သောက်ကျိုးနည်း... ငါ့မှာအတောင်ပံတွေ မရှိတော့ပါဘူးဟ...


လေထဲတွင်လွင့်ပျံနေသော အတောင်ပံကင်၏အနံ့ကို ရှူရှိုက်လိုက်မိသောအခါ သိမ်းငှက် နတ်ဆိုးဘုရင်၏ မျက်နှာ မဲသဲသွားသည်။


၎င်းသည် သူ၏ အသည်းနှလုံးကို ကင်နေသည်နှင့် တူနေသည်။


ထိုအချိန် အခြားသော နတ်ဆိုးဘုရင်များ တောင့်ခဲသွားကြသည်။ ၎င်းတို့အားလုံး နတ်ဆိုးသိမ်းငှက် နတ်ဆိုးဘုရင်ကို ထူးဆန်းလှသော အကြည့်များဖြင့် ကြည့်နေသည်။


သိမ်းငှက် နတ်ဆိုးဘုရင်ရဲ့ အသားကိုကင်ထားတာက အရမ်းမွှေးတာပဲ... မိုက်လိုက်တာ...


အနံ့လေးက ဒီလောက်ကောင်းမှတော့ အရသာဆို ပိုကောင်းလောက်မယ်မလား...


ဝုန်း ဝုန်း


သို့သော် အသန်မာဆုံးနတ်ဆိုးဘုရင်၏ အာရုံက ထိုအရာများတွင် ရှိမနေပဲ သူတို့ရှေ့ရှိအလင်းတံခါးကြီးတွင်သာ ရှိနေသည်။ သူ၏ ခေါင်းထိပ်မှ ထူထဲလှသော အော်ရာများ ထွက်ပေါ်နေသည်။


ခွေးဘုရင် အတောင်ပံကင် စားပြီးသောအခါ လျှာထုတ်လိုက်ပြီး သူ၏ လက်ဖဝါးများကို လျက်လိုက်ကာ သူ့အမွှေးများပေါ်ရှိ ဆီရည်များကိုပါ လျက်လိုက်ပြီး တစ်စက်မှ အလေအလွင့်မဖြစ်စေခဲ့ပေ။


ထို့နောက်... အလင်းတံခါးကို မော့ကြည့်လိုက်သည်။


ပုဖန်သည်လည်း စား၍ပြီးသွားပြီဖြစ်သည်။ သူ ထိုအလင်းတံခါးကြီးကို လေးလေးနက်နက် စူးစိုက်ကြည့်နေသည်။


အဲ့တာ မသေမျိုးအချက်အပြုတ်နယ်မြေရဲ့ ဝင်ပေါက်လား...


သူ ထိုဝင်ပေါက် ပေါ်လာရန် သုံးနှစ်စောင့်ခဲ့ရသည်။

ဒဏ္ဍာရီတွေထဲက မသေမျိုး အချက်အပြုတ် နယ်မြေဆိုတာ ဘယ်လိုမျိုးလဲ...


ခွေးဘုရင်က ထို မသေမျိုးအချက်အပြုတ်နယ်မြေထဲတွင် စားဖိုမှူးများစွာ ရှိကြပြီး ထိုစားဖိုမှူးများထက် ပုဖန်က နောက်ကောက်ကျနေသည်ဟု ပြောခဲ့သည်။ ထို့ကြောင့် သူ အမှန်တကယ် သွားကြည့်ချင်နေသည်။


သို့သော် ရုတ်ချည်းပင် ပုဖန်တစ်ယောက် တစ်စုံတစ်ခုကို အမှတ်ရသွားသည်။ ကြေးနန်းတော်မှ စားဖိုမှူးက ပုဖန် မသေမျိုးအချက်အပြုတ်နယ်မြေထဲ ဝင်ချင်လျှင် အသိအမှတ်ပြု အမှတ်အသားဖြစ်သည့် ထိုသူ့ထံမှ လက်ခံထားသော မသေမျိုး စွမ်းအင် အမျှင်လေးရှိရမည်ဟု ပြောခဲ့သည်။


ကံဆိုးစွာဖြင့် ထိုမသေမျိုးစွမ်းအင်အမျှင်လေးကို စနစ်မှစုပ်ယူသွားခဲ့၍ လက်ရှိတွင် ပုဖန် ၎င်းကို မထုတ်ယူနိုင်ပေ။


ထိုသည်က ပုဖန် မသေမျိုးအချက်အပြုတ်နယ်မြေကို ဝင်ရန် သော့ပျောက်သွားသည်နှင့်ပင် တူနေသည်။


ဒါဆို ဘာလုပ်ရတော့မလဲ...


ပုဖန်၏ နှလုံးသားထဲတွင် နာကျင်မှုလှိုင်းလေး ဖြတ်ပြေးသွားသည်။


ဒါဆို သူ အခွင့်အရေးကိုစောင့်ပြီး အမိအရဆုပ်ကိုင်ထားရမှာပေါ့...


၎င်းကသာ သူ့အတွက် တစ်ခုတည်းသော နည်းလမ်းဟု တွေးလိုက်သည်။


ပုဖန် ဝင်ရန်နည်းလမ်းကို တွေးတောနေစဉ် အသန်မာဆုံးနတ်ဆိုးဘုရင်က ပြေးထွက်သွားပြီဖြစ်သည်။


ဘုန်း


အသန်မာဆုံးနတ်ဆိုးဘုရင် မြှားတစ်စင်းနှယ် ကောင်းသို့ ပြေးထွက်သွားသည်။ သူရပ်နေခဲ့သော စစ်သင်္ဘောသည်ပင် နစ်မြှုပ်သွားလုမတတ် ဖြစ်သွားသည်။


အသန်မာဆုံး နတ်ဆိုးဘုရင်သာမက...


အဆုံးမဲ့ပင်လယ်အတွင်းရှိ သတ္တဝါတိုင်း အလင်းတန်းဆီ ပြေးထွက်သွားကြသည်။


"နဂါးဂိတ်တံခါးပွင့်သွားပြီး.. မြန်မြန်သွားကြ..."


ရေပေါ်တွင် ရပ်နေကြသော ကျင့်ကြံသူများစွာက ပင်လယ်ပြင်မှခုန်ထွက်ပြီး ကောင်းကင်ရှိ အလင်းတံခါးထံ ပြေးထွက်သွားကြသည်။


သူတို့ နဂါးဂိတ်တံခါးကို ဖြတ်သွားလိုက်နိုင်တာနဲ့ အစစ်အမှန် နတ်နဂါးတွေ ဖြစ်သွားကြမှာ...


သို့သော် နဂါးဂိတ်တံခါးသို့ ဖြတ်ရန် ထိုမျှ မလွယ်ကူပေ။ ခုန်သွားသည်မှာ တစ်ဝက်ပင်မရောက်သေးသော်လည်း အဏ္ဏဝါမျိုးစိတ်ကျင့်ကြံသူများအားလုံး ရေထဲသို့ ပြန်ကျသွားကြသည်။


ဘုန်း ဘုန်း ဘုန်း


ထို အဏ္ဏဝါမျိုးစိတ် ကျင့်ကြံသူများက ရေရေမျက်နှာပြင် ပေါ်ကို ပြန်ခုန်တက်လာကြပြန်သည်။


ဧရာမပုံရိပ်ကြီးများက လေထဲတွင် လူသားပုံစံအဖြစ် ပြောင်းလဲသွားကြသည်။ သူတို့အားလုံး အလင်းတံခါးဆီ မျှော်လင့်ချက်အပြည့်ဖြင့် ပြေးသွားကြသည်။


"အဲ့တာ အကျင့်မကောင်းတဲ့ ငါးရှည့်ကောင်မလား... သူက နဂါးဂိတ်တံခါးကိုတောင် ခုန်ထွက်ချင်သေးတာပေါ့လေ... အိုး အဲ့တာပင်လယ်လိပ်အိုကြီးမလား... ငါဖြင့် သူသေပြီတောင် ထင်နေတာ..."


မဟူရာနဂါးဘုရင် သူ၏သူငယ်ချင်းဟောင်းများကို ပြန်တွေ့နေရသဖြင့် မျက်လုံးများ တောက်ပနေသည်။


တကယ်ကြီးလား... နဂါးဂိတ်တံခါးပွင့်သွားတာက ဒီသူငယ်ချင်းဟောင်းတွေကို အဲ့လောက် စိတ်မရှည်ဖြစ်နေကြတာလား...


"ငါ့လမ်းက ဖယ်စမ်း... ဒီအခွင့်အရေးက ငါနဲ့ပဲဆိုင်တယ်..."


အသန်မာဆုံးနတ်ဆိုးဘုရင် အလင်းတံခါးနှင့် ခြေတစ်လှမ်းစာသာဝေးသော‌ ကောင်းကင်ပေါ်တွင် ဝင့်ကြွားစွာရပ်နေသည်။ 


"မင်းက ဘယ်ကသောက်ကောင်လဲ... ငါတို့ကို ဒီလို အမိန့်ပေးရအောင် မင်းကဘာကောင်လဲ..."


လျှပ်စစ်ငါးရှဉ့်မှ လူအသွင်ပြောင်းထားသော လူက သူ၏ ချွန်ထက်နေသော အစွယ်များကို ပြရင်း အော်လိုက်သည်။


ထိုလူ၏ခန္ဓာကိုယ်ပေါ်တွင် လျှပ်စီးကြောင်းများ ပတ်ပြေးနေကာ ကောင်းကင်ပေါ် ပျံတက်သွားသည်။


ပင်လယ်လိပ်မှ အသွင်ပြောင်းထားသော လူအိုကြီးက အသန်မာဆုံးနတ်ဆိုးဘုရင်ကို လျစ်လျူရှုကာ နဂါးဂိတ်တံခါးထံ ပြေးသွားနေသည်။


"သေချင်နေတာလား..."


အသန်မာဆုံးနတ်ဆိုးဘုရင်၏ မျက်လုံးများ ကျုံ့ဝင်သွားကာ နားကန်းလုမတတ် အသံကြီးဖြင့် အော်လိုက်သည်။ ခဏအကြာတွင် သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများ ဖောင်းကားလာကာ သွေးကြောများလည်း ထောင်ထလာသည်။


အသန်မာဆုံး နတ်ဆိုးဘုရင်၏ လက်ထဲတွင် ကြက်သွေးရောင် ပုဆိန်ကြီးထွက်ပေါ်လာသည်။ ထိုပုဆိန်ကြီးက လျှပ်စီးများ ပစ်လွှတ်နေသော လျှပ်စစ် ငါးရှဉ့်ကြီးကို နှစ်ခြမ်းခြမ်း ချလိုက်သည်။


လတ်ဆတ်လှသော သွေးများက ကောင်းကင်ပေါ်တွင် ပြန့်ကျဲသွားသည်။


လိပ်အိုကြီးလည်းမလွတ်ပဲ ပုဆိန်ကြီးနှင့် အခုတ်ခံလိုက်ရသည်။


အသန်မာဆုံးနတ်ဆိုးဘုရင် ပုဆိန်ကြီးကို လွှဲရမ်းနေသည်။ ထိုပုံမှာ ထောင်သောင်းချီလှသော သတ္တဝါများ နဂါးဂိတ်တံခါးကို မဖြတ်ကျော်နိုင်အောင် စောင့်ရှောင့်နေသော ဂိတ်စောင့်နှင့်ပင် တူနေသည်။


ရုတ်တရက်


အသန်မာဆုံးနတ်ဆိုးဘုရင်၏ အနောက်ဘက်ရှိ အလင်းတံခါးပွင့်လာပြီး ပြင်းထန်လှသော အော်ရာတစ်ခု ထွက်ပေါ်လာသည်။


ရွှေရောင်အလင်းများဖြင့် လွှမ်းခြုံထားသော ပုံရိပ်တစ်ခုက အလင်းတံခါးမှ ထွက်လာကြသည်။


အလင်းအရိပ်က အသန်မာဆုံးနတ်ဆိုးဘုရင်ကို ငုံကြည့်လိုက်ပြီး လက်ညှိုးထိုးလိုက်သည်။


စက္ကန့်ပိုင်းအတွင်း အသန်မာဆုံးနတ်ဆိုးဘုရင် အဆုံးမဲ့ပင်လယ်သို့ ပြန်ပို့ခံလိုက်ရပြီး လှိုင်းလုံးများ ထလာစေသည်။


အလင်းအရိပ်က လူတိုင်းကို ကြည့်လိုက်သည်။


ခဏအကြာတွင် တည်ငြိမ် အေးစက်ကာ ရှင်းလင်းလှသော အသံဖြင့် ပြောလာသည်။


"မသေမျိုးအချက်အပြုတ်နယ်မြေကို ဝင်ခွင့် အမှတ်အသားရှိတဲ့ သေမျိုးကဘယ်မှာလဲ... ထွက်လာခဲ့..."


မသေမျိုးအချက်အပြုတ်နယ်မြေရဲ့ ဝင်ခွင့်အမှတ်အသားလား...


အဏ္ဏဝါမျိုးစိတ်ကျင့်ကြံသူများအားလုံး ကြောင်တောင်တောင်ဖြစ်ကုန်ကြသည်။


ထို့နောက်...


အဏ္ဏဝါမျိုးစိတ်ကျင့်ကြံသူများ၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် ငရဲကမ္ဘာသင်္ဘောပေါ်တွင် ရပ်နေသောပုဖန်က ရှေ့သို့ ဖြေးဖြေးချင်း ထွက်လာခဲ့သည်။


"ဒီမှာပါ..."


ပုဖန် မျက်နှာသေဖြင့်ပြောလိုက်သည်။


"ကောင်းတယ်... ငါနဲ့အတူ မသေမျိုးအချက်ပြုတ်နယ်မြေထဲ လိုက်ဝင်လှည့်..."


အလင်းအရိပ် နောက်လှည့်လိုက်ကာ အလင်းတံခါးဆီ ပြန်ဝင်သွားရန်ပြင်လိုက်သည်။


သို့သော် ခြေတစ်လှမ်း လှမ်းပြီးသည်နှင့် သူ၏ခန္ဓာကိုယ် တောင့်ခဲသွားတော့သည်။


အဘယ်ကြောင့်ဆိုသော် သူ ပုဖန်ဆီမှ မမျှော်လင့်ထားသော အရာတစ်ခုကို ကြားလိုက်ရ၍ ဖြစ်သည်။


"ဒါနဲ့... မသေမျိုး အချက်အပြုတ်နယ်မြေကို ဝင်ရမယ့် အဲ့ဒီ့ မသေမျိုးစွမ်းအင်အမျှင်လေးကို... ငါပျောက်သွားပြီထင်တယ်..."