အပိုင်း ၉၄၀
Viewers 53k

အခန်း ၉၄၀

အရည်အချင်းပြည့်မီရန် အနိုင်ရအောင်လုပ်ပါ


ပတ်ဝန်းကျင်သည် ထူးထူးခြားခြား ဘာမှမဖြစ်ခဲ့သကဲ့သို့ ရုတ်တရက် တိတ်ဆိတ်သွားသည်။


လှိုင်းပုတ်သံနှင့် လေလှိုင်းသံများကိုသာ ကြားနိုင်ပေသည်။


အလင်းတံခါးရှေ့တွင် ရပ်နေသည့်အရိပ်မှာ ဖြည်းညှင်းစွာ လှည့်လာပြီး ပုဖန်ကိုကြည့်လိုက်သည်။ ခန္ဓာကိုယ်တစ်ခုလုံး အလင်းရောင် ဖုံးလွှမ်းထား၍ ရှင်းရှင်းလင်းလင်း မြင်ရန် ခက်ခဲသော်လည်း ထိုအရိပ်မှ ထွက်လာသော ဒေါသကို လူတိုင်း ခံစားရနိုင်သည်။


"မင်းဘာတွေပြောလိုက်တာလဲ သေမျိုး... မင်း မသေမျိုးစွမ်းအင်သော့ကို ဆုံးရှုံးသွားပြီလား..."


အလင်းရိပ်၏ အသံသည် နိမ့်ပြီး ညီညာကာ ကောင်းကင်တွင် ပဲ့တင်ထပ်နေသော်လည်း ၎င်း၏ ဒေါသကို ထိန်းထားနိုင်သည်ကို ခံစားနိုင်သည်။


ပုဖန်ခေါင်းကိုမော့၍ ထိုအရိပ်ကို ကြည့်လိုက်ပြီး ခံစားချက်မဲ့စွာဖြင့် ပြောလိုက်သည်။


 "ဟုတ်တယ် ငါအဲ့တာကိုပျောက်သွားပြီ..."


"ငါ့ကို ငတုံးလို့များ ထင်နေလား... မသေမျိုးစွမ်းအင်သော့ကို ဘယ်လိုပျောက်ရတာလဲ... အဲ့တာဘယ်လိုပျောက်သွားလဲ ငါ့ကိုပြောစမ်း..." 


အလင်းရိပ်သည် အေးစက်စွာ ပြောလိုက်သည်။


မသေမျိုး စွမ်းအင်သော့ကို ခန္ဓာကိုယ်တွင် တိုက်ရိုက် ရိုက်နှိပ်ထားသောကြောင့် ၎င်းကို ဆုံးရှုံးရန် မဖြစ်နိုင်ပေ။ အခြားသူများ လုယူချင်လျှင်တောင်မှ မဖြစ်နိုင်ပေ။


သို့သော် ဤသေမျိုးသည် သူ၏ မသေမျိုးစွမ်းအင်သော့ကို ပျောက်သွားပြီဟု ပြောသည်။ ထိုသို့ဆိုလျှင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးလည်း ပျောက်သွားရမည်ဖြစ်သည်။


" ဒီတိုင်းပျောက်သွားတာပဲလေ... တခြားနည်းလမ်း ရှိသေးလို့လား..."


ပုဖန် နှုတ်ခမ်းကို မဲ့လိုက်သည်။ သူအမှန်ပင် အံ့ဩသွားခဲ့သည်။ မသေမျိုးစွမ်းအင် အနည်းငယ်သည် စနစ်ဆီသို့ စုပ်ယူခံလိုက်ရသည့်အတွက် သူ့တွင် ဖြေရှင်းစရာ စကားမရှိပေ။


မည်သို့ပင်ဖြစ်စေ ထိုမသေမျိုးစွမ်းအင်၏ တစ်စွန်းတစ်စသည် စနစ်အား အဆင့်မြှင့်တင်ကာ အချိန်ဇယားထက် စောစီးစွာ အဆင့်တက်စေခဲ့သည်။ ထို့ကြောင့် ၎င်းသည် ဤမျှဖြုန်းတီးမှုဟု မခံစားရပေ။ ပွင့်ပွင့်လင်းလင်းပြောရလျှင် ပုဖန်သည် ထိုမသေမျိုးစွမ်းအင်ကို အသုံးပြုရခြင်းအတွက် အလွန်ကျေနပ်ခဲ့သည်။


" ပျောက်သွားတယ်လို့ အခိုင်အမာ ပြောနေတုန်းပဲလား...ဒီသေမျိုးကောင် ... မင်းအရမ်းရဲတင်းနေတာပဲ...ဒီတစ်ခါ ကောင်းကင်ဘုံက ဘယ်လို အရူးမျိုးကို လွှတ်လိုက်တာလဲ..."  


အလင်းရိပ်သည် ဒေါသထွက်စွာဖြင့် အော်ဟစ်နေသည်။


ဝုန်း...


ပင်လယ်ရေသည် ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ခဏအကြာတွင် အသန်မာဆုံး နတ်ဆိုးဘုရင် ခုန်တက်လာသည်။ ပင်လယ်ရေမျက်နှာပြင်ပေါ် ခြေလျင်လျှောက်လာစဉ် လှိုင်းလုံးများ ဘေးပတ်ပတ်လည်သို့ စင်သွားသည်။


" မင်းငါ့ကို ရိုက်ရဲတယ်ပေါ့..."


သူ၏ ဧရာမပုဆိန် အနီရောင်ကို ကိုင်ဆောင်ကာ အသန်မာဆုံး နတ်ဆိုးဘုရင်သည် သွေးရောင် မျက်လုံးများဖြင့် အလင်းဆီသို့ ပြေးသွားသည် ။


ထိုဧရာမပုဆိန်ကြီးနှင့် အလင်းရိပ်ကို ခုတ်ချလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ မြေကွက်လပ်များ စုတ်ပြတ်သွားသည် ဟုထင်ရသည်။


နတ်ဆိုး အမှတ်အသားများသည် ရုတ်တရက် ပေါ်လာကာ အသန်မာဆုံး နတ်ဆိုးဘုရင်၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ပျံ့နှံ့သွားပြီး တစ်ခဏချင်းပင် သူ၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။


ဂရား...


"ငရဲကမ္ဘာ ပျက်သုဉ်းခြင်း အကျဉ်းထောင်က နတ်ဆိုးလား..."


အလင်းရိပ် မျက်မှောင်ကျုံ့လိုက်သည်။အသန်မာဆုံး နတ်ဆိုးဘုရင်၏ တိုက်ခိုက်မှုကို စိတ်ဝင်စားသွားဟန် ရှိသည်။


ဤနေရာတွင် ပျက်သုဉ်းအကျဉ်းထောင်မှ နတ်ဆိုးတစ်ယောက် လာရောက်တိုက်ခိုက်မည်ဟု မထင်ထားပေ။ ပုန်းကွယ်နဂါးတိုက်ကြီးကို ပျက်သုဉ်းခြင်းအကျဉ်းထောင်က ကျူးကျော်လာသည်လား...


ဝီ...


ထိုအလင်းရိပ်သည် အသန်မာဆုံး နတ်ဆိုးဘုရင်ကို စိုက်ကြည့်နေသည်။ ထို့နောက် လက်တစ်ဖက်ကို မြှောက်ကာ ထိုပုဆိန်ကို လက်တစ်ချောင်းဖြင့် ကိုင်လိုက်၏။ တစ်ခဏချင်းမှာပင် ပုဆိန်သည် အပိုင်းပိုင်းကွဲသွားသည်။


ဤဆိုးရွားသော ဖိအားကို ဆန့်ကျင်၍ အသန်မာဆုံးနတ်ဆိုးဘုရင်သည် ကောင်းကင်မှပြုတ်ကျကာ အဆုံးမဲ့ပင်လယ်ထဲသို့ တစ်ဖန်ပြန်ကျသွားသည်။ လှိုင်းလုံးကြီးများသည် နေရာအနှံ့ ပြန့်ကျဲနေသည်။


အလင်းရိပ်က ခေါင်းကို အနည်းငယ် စောင်းပြီး အေးစက်သော အသံဖြင့် ပြောသည် ။ 


" အိုး... မင်းသေချင်နေတာလား... ငါကူညီပေးပါရစေ..."


ရုတ်တရက် အလင်းရိပ်သည် ကောင်းကင်ကို လွှမ်းခြုံကာ ငုံ့ကြည့်လိုက်သည်။


ခပ်လှမ်းလှမ်းတစ်နေရာရှိ လူများအားလုံး လေအေးတချက် ရှိုက်လိုက်မိကြသည်။


ဒီအလင်းရိပ်က ဘယ်လိုဖြစ်လို့ ဒီလောက်စွမ်းအား ကြီးနေတာလဲ...


မဟူရာနဂါးဘုရင်သည် နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။ သူ အလျင်အမြန် မထွက်လာခဲ့သည်မှာ တော်သေးသည်။ သို့မဟုတ်ပါက အရိုက်ခံရသူမှာ သူသာလျှင် ဖြစ်လိမ့်မည်။


သို့သော်လည်း မဟူရာနဂါးဘုရင်သည် မဝေးလှသော နေရာတွင် လဲလျောင်းနေသော ခွေးနက်ကို ကြည့်လိုက်သည်။ မဟူရာနဂါးဘုရင်သည် ဤခွေးနက်၏ စွမ်းအားသည် ထိုအလင်းရိပ်ထက် အားကောင်းသည်ဟု အမြဲလိုလို ခံစားမိသည်။


ဒုန်း...


ဒေါသတကြီး ဟိန်းဟောက်သံနှင့်အတူ အသန်မာဆုံး နတ်ဆိုးဘုရင်သည် အဆုံးမဲ့ပင်လယ်ထဲသို့ တစ်ဖန် ပစ်ချခံရပြန်သည်။


ထိုအလင်းရိပ်သည် ပုရွက်ဆိတ်ကို ရိုက်လိုက်သကဲ့သို့ပင် လက်ကိုနောက်ပစ်ထားသည်။ ထို့နောက် သူ၏အကြည့်များ ရွေ့လျားလာပြီး ပုဖန်ပေါ်သို့ ရောက်သွားခဲ့သည်။


ပုဖန် မျက်မှောင်ကျုံ့လိုက်သည်။ ရုတ်တရက်ပင် ပြင်းထန်သည့် စိတ်စွမ်းအင်တစ်ခုသည် သူ၏ခန္ဓာကိုယ်ကို ဝင်ရောက်လာသည်။


"မသေမျိုးစွမ်းအင် တကယ်ကို မရှိတာပဲ... မင်း တကယ်ကို မသေမျိုးစွမ်းအင်သော့ ပျောက်သွားတာလား..."


ထိုအလင်းရိပ်သည် ပြောစရာစကားများ ပျောက်ရှသွားသလို ခံစားလိုက်ရသည်။


" မသေမျိုးစွမ်းအင်သော့ ပျောက်သွားကတည်းက မသေမျိုး ချက်ပြုတ်ခြင်းနယ်ပယ်ကိုဝင်ဖို့ မင်းမှာ အရည်အချင်းမပြည့်မီဘူး... ဘယ်လိုတောင် သနားစရာကောင်းတာလဲ...သေမျိုးကောင် မင်းရဲ့လျစ်လျူရှု့မှုနဲ့ တုံးအမှုတွေကြောင့် အခွင့်အရေးကောင်း တစ်ခု ဆုံးရှုံးသွားပြီ..."


အလင်းရိပ်သည် မထီမဲ့မြင့် အမူအရာဖြင့် ပြောလိုက်သည်။


အလင်းရိပ်၏ မျက်လုံးများတွင် ပုဖန်သည် သော့ပျောက်ဆုံးသွားသောကြောင့် အခြားလူသားများကဲ့သို့ ပုရွက်ဆိတ်တစ်ကောင်ပင်။ ပုဖန်ကို ဂရုမစိုက်တော့ပေ။


ထိုအလင်းရိပ်၏ စကားများကို ကြားသောအခါ ပုဖန် မျက်မှောင်ကျုံ့လိုက်သည်။


ဒီကောင့်စကားတွေက ကြားရတာ စိတ်ညစ်စရာကောင်းတာပဲ...


မသေမျိုးစွမ်းအင် တစ်စိတ်တစ်ပိုင်း မရှိရင် မသေမျိုး ချက်ပြုတ်ခြင်းနယ်ပယ်ကို ဝင်လို့မရဘူးလား...


သူအမှန်တကယ်ကို သွားချင်သည်။ တခြားနည်းလမ်း မရှိသည်မှာ သေချာပြီလား...


ပုဖန်အသက်ကို ရှုရှိုက်၍ ခေါင်းကိုမော့ကာ အသက်မဲ့စွာဖြင့် အလင်းရိပ်ကို ပြောလိုက်သည်။


" တကယ်လို့ ကျွန်တော်က မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို တကယ်သွားချင်တယ် ဆိုရင်ရော..."


"မင်းကသွားဖို့ အရည်အချင်း မပြည့်မီဘူး... ငါဒီမှာ ရှိနေသရွေ့ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ထဲက်ို မင်းဝင်ဖို့ မဖြစ်နိုင်ဘူး... မသေမျိုးစွမ်းအင်သော့ကို ပျောက်သွားကတည်းက မင်းအခွင့်အရေးက ပျောက်ဆုံးသွားပြီ...ဒီဘဝမှာတော့ ‌တုံးအတဲ့ သေမျိုးအဖြစ်ပဲ နေလိုက်တော့..." 


အလင်းရိပ်သည် အထက်စီးဆန်သော လေသံဖြင့် ပြောလိုက်သည်။


သမုဒ္ဒရာမျိုးစိတ် ကျင့်ကြံသူများအားလုံးသည် ထိုအလင်းရိပ်မှ ကြီးမားသောဖိအားကို ခံစားခဲ့ရသည်။ ဤသည်မှာ အထင်ကြီးလောက်သော နဂါးဂိတ်ဝ သတ္တဝါ၏ ဖိအားများလား...


ပုဖန် နှုတ်ခမ်းကို စေ့လိုက်သည်။ ကြည့်ရတာ သူတကယ် ရွေးစရာ မရှိတော့ဘူးပဲ...


ရုတ်တရက်...


ကျယ်လောင်သော ရယ်သံကြီးတစ်ခုကို အဝေးတစ်နေရာမှ ကြားလိုက်သည်။


လူအိုကြီးသည် လက်နှစ်ဖက်ကို နောက်တွင်ထားလျက် ဆံပင်ဖြူများသည် လေထဲတွင် တဖျပ်ဖျပ် လွင့်နေကာ လှိုင်းလုံးများပေါ်မှ အားရပါးရအော်၍ ရောက်လာသည်။ 


" မသေမျိုး ချက်ပြုတ်ခြင်းနယ်ပယ်ရေ လူအိုကြီးရောက်လာပြီ..."


လူအိုကြီးသည် လှိုင်းများပေါ်သို့နင်းကာ သူ၏ခန္ဓာကိုယ်မှာ ကောင်းကင်သို့ ရုတ်တရက် ပျံတက်သွားသည်။


" ဘယ်လိုအသက်ရှင်ပြီး ဘယ်လိုသေရမှန်းမသိတဲ့ နောက်ထပ်အရူးတစ်ကောင် ရောက်လာပြန်ပြီ..." 


အလင်းရိပ်က သရော်လိုက်သည်။


ထို့နောက် ကောင်းကင်တွင် လွင့်ပျံနေသော လူအိုကြီးကို ရိုက်ချရန် လက်ချောင်းများ ရွယ်လိုက်သည်။


ဝုန်း...


ထိုအတောအတွင်းတွင် အဆုံးမဲ့ပင်လယ်သည် တစ်ဖန် ပေါက်ကွဲထွက်လာပြီး အသန်မာဆုံး နတ်ဆိုးဘုရင်၏ သွေးထွက်သံယိုပုံရိပ် ထွက်ပေါ်လာကာ သူ၏မျက်လုံးများတွင် လူသတ်ချင်စိတ်များ ပြည့်နှက်နေသည်။


" ငါဘယ်မှ မသွားဘူးကွ...ငါ့အသက်ကိုစွန့်ပြီး မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကိုဝင်ဖို့ မင်းရဲ့ ဓားအစင်းတစ်ထောင်ကို ခံလိုက်မယ်..."


အသန်မာဆုံး နတ်ဆိုးဘုရင်၏ အငွေ့အသက်များ တဟုန်ထိုး တက်လာပြီး လူအိုကြီးနှင့်အတူ အလင်းရိပ်ရှေ့တွင် ပေါ်လာသည်။


ထိုအချိန်တွင် စွမ်းအားကြီးသော ကျင့်ကြံသူနှစ်ဦး ချဉ်းကပ်လာသည်။


လူအိုကြီး၏ ခန္ဓာကိုယ်ထက်တွင် စစ်မှန်သော စွမ်းအင်များက ကောင်းကင်သို့ ပျံတက်သွားပြီး နတ်ဘုရားမီးတောက်တစ်ခု ပေါ်လာသည်။


နတ်ဘုရား ယဇ်ပလ္လင်ထက်၌ အဆက်မပြတ် တောက်လောင်နေသော နတ်မီးလျှံ ရှစ်မျိုးရှိသည်။ ၎င်းမှ ထွက်ပေါ်လာသော ခံ့ညားသော အော်ရာသည် မယုံကြည်နိုင်လောက်သည့် ပုံပေါက်သည်။


ထိုအလင်းရိပ်သည် အနည်းငယ် အံ့သြသွားသော်လည်း ထိတ်လန့်ခြင်းမရှိပေ။


မမြင်နိုင်သော စွမ်းအင်လှိုင်းတစ်ခုသည် အလင်းရိပ်၏ ခန္ဓာကိုယ်မှ ရုတ်တရက် ပျံ့နှံ့သွားသည်။


လူအိုကြီးနှင့် အသန်မာဆုံး နတ်ဆိုးဘုရင်သည် ရုတ်တရက် စိတ်ရှုပ်ထွေးသွားသည်။ သူတို့သည် အလင်းရိပ်၏ လက်ချောင်းများဖြင့် ပစ်မချမီ ခဏတာ အေးခဲသွားသည်။


"မင်းတို့က အရမ်းအားနည်းတယ်..." 


အလင်းရိပ်က မထီမဲ့မြင်ပြောပြီးနောက် ထပ်မံပြောလိုက်သည်။ 


" မင်းတို့မှာ မသေမျိုးစွမ်းအင်သော့ မရှိရင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို ဝင်လို့မရဘူး... ဒါကစည်းကမ်းချက်ပဲ..."


ထို့နောက် တောက်ပသော တံခါးဆီသို့ ပြန်လှည့်မထွက်ခင် ပုဖန်ကို ကြည့်လိုက်သည်။


၎င်း၏အချိန် ပြည့်သွားပြီဖြစ်သည်။ မသေမျိုး ချက်ပြုတ်ခြင်းနယ်ပယ်သို့ ပြန်သွားပြီနောက် ဝင်ပေါက်ပိတ်သွားမည် ဖြစ်သည်။


သို့သော် ပြန်လှည့်မည့်အချိန်တွင် အေးစက်သောအသံ နောက်ကွယ်မှ ထွက်ပေါ်လာသည်။


"ခဏနပေါဦး..."


ပုဖန်သည် အလင်းရိပ်ကို ကြည့်လျက် လက်ကို မြှောက်လိုက်သည်။


အလင်းရိပ်သည် ဖြည်းညှင်းစွာ လှည့်မလာမီ မျက်ခုံး တွန့်သွားသည်။


" မသေမျိုးစွမ်းအင်သော့ မရှိရင် ဘယ်သူမှ မသေမျိုး ချက်ပြုတ်ခြင်း နယ်ပယ်ကို ဝင်လို့မရဘူး..."


" ဒါပေမဲ့ ကျွန်တော် ဝင်ချင်တယ်..."


" မင်းကအရည်အချင်း မပြည့်မီဘူး..."


" ဒါဆို မင်းကိုငါနိုင်ရင် အရည်အချင်း ပြည့်မီမှာလား..." ပုဖန်လေးနက်စွာ ပြောသည်။


အလင်းရိပ်သည် ခဏမျှ ကြောင်အသွားပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သိပ်မကြာခင်မှာပင် သူ၏ခန္ဓာကိုယ်ထဲမှ ကြောက်စရာကောင်းသော အငွေ့အသက်များ ထွက်လာသည်။


ထိုအချိန်တွင် ပြင်းထန်သော မုန်တိုင်းသည် ရပ်တန့်သွားကာ လှိုင်းလုံးကြီးသည် ငြိမ်သက်သွားလေသည်။


"မင်း... မင်းတကယ် လုပ်နိုင်လို့လား...မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က တစ်စုံတစ်ယောက်ကို အနိုင်ယူဖို့ မင်းမှာ ခွန်အားရှိလို့လား..." 


အလင်းရိပ်သည် ပုဖန်ကို အထင်သေးစွာ ကြည့်နေသည်။


"ငါတို့ မကြိုးစားကြည့်ရင် ဘယ်လိုသိမှာလဲ..."


 ပုဖန် သာမန်ကာလျှံကာ ပြောလိုက်သည်။


အားလုံး ပြောစရာစကား ပျောက်ကုန်ကြသည်။


ပုဖန်သည် နဂါးဂိတ်ဝမှ သတ္တဝါကို စိန်‌ခေါ်ရဲမည်ဟု မထင်ထားကြပေ။


မဟူရာနဂါးဘုရင်ပင်လျှင် မပြုလုပ်ရဲပေ...


အလင်းရိပ်၏ ကြီးမားသောဖိအားအောက်တွင် လှုပ်ရှားရန်ခက်ခဲနေသော မဟူရာနဂါးဘုရင်သည် ပုဖန်ကို လှည့်ကြည့်လိုက်သည်။


ထိုအကြည့်သည် လေးစားမှုအပြည့်နှင့်ပင်။ အမှန်ပင် သူသည် ပုဖန်၏ မကြောက်မရွံ့သော စိတ်ဓာတ်ကို သဘောကျသည်။


အမှန်တွင် နဂါးဂိတ်ဝ၌ သော့တစ်ခု‌လိုကြောင်း သိလိုက်ရချိန်တွင် သူ အလွန် စိတ်ဓာတ်ကျသွားသည်။ အရင်တုန်းက သူ့အဖေနဂါးဂိတ်ဝ ထဲဝင်သွားတဲ့အချိန်က သူ့မှာအဲဒီ မသေမျိုး စွမ်းအင်သော့ ရှိတာလား...


သေရော... အဲ့ဒီအဘိုးကြီးက သူ့ကိုဘာမှ မပြောပြခဲ့ဘူး...သူ့ကိုဒီနေရာမှာ အရူးလို စောင့်နေရအောင် လုပ်သွားတယ်...


ယခု သူ့တွင် နဂါးဂိတ်ဝကို ဖြတ်သန်းရန် အခွင့်အရေး မရှိပေ။


ထိုအလင်းရိပ်သည် အလွန်အစွမ်းထက်သည်။ ‌အဆုံးတွင် သူသည် နဂါးဂိတ်ဝ သတ္တဝါဖြစ်သည့်အတွက် ရင်ဆိုင်ရန် ခက်ခဲလှသည်။


ပုဖန်သည် ရဲရင့်သော်လည်း ထိုကောင်လေးသည် ထိပ်တိုက်ရင်ဆိုင်ရန် တုံးအလွန်းသည်။


မဟူရာနဂါးဘုရင်သည် ပါးစပ်ကိုဖွင့်၍ ပုဖန်အား အကြံပေးသင့်သည်ဟု တွေးလိုက်သည်။ အဆုံးတွင် ပုဖန်နှင့် သူ၏သမီးတို့သည် ကောင်းမွန်သောဆက်ဆံရေးရှိသည်ပင်။


ပုဖန်သာ ထိုအလင်းရိပ်၏ သတ်ဖြတ်ခြင်း ခံရပါက သူ၏သမီး ဝမ်းနည်းလိမ့်မည် ဖြစ်သည်။


မဟူရာနဂါးဘုရင် စကားပြောရန် ပြင်နေစဉ်မှာပင် ပုဖန်၏ အော်ရာက ပြောင်းလဲသွားသည်။


သူ၏ဆံပင်များ တဖျပ်ဖျပ်လွင့်နေပြီး အနီရောင်ဝတ်ရုံသည်လည်း လေထဲလွင့်နေသည်။


ပုဖန် ကောင်းကင်ပေါ်သို့ တဖြည်းဖြည်း တက်သွားသည်နှင့် ဓားရှည်ကဲ့သို့ စူးရှသော အင်အားတစ်ခုသည် အလင်းရိပ်၏ စွမ်းအင်ဒိုင်းကို ဆုတ်ဖြဲပစ်လိုက်သည်။


အလင်းရိပ်၏ မျက်လုံးများ အနည်းငယ်ပြူး သွားကာ ဤမထင်မှတ်ထားသော လှုပ်ရှားမှုကို အနည်းငယ် ကြောက်လန့်သွားသည်။


တခြားသူများ မျက်လုံးများပြူးလျက် ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြသည်။


မဟူရာနဂါးဘုရင်သည်လည်း ပါးစပ်ကို ကျယ်လောင်စွာဖွင့်ကာ ခေါင်းပြောင်ကိုပွတ်လျက် အံ့အားသင့်နေသည်။


ပုဖန်၏ စိတ်စွမ်းအင်သည် သူတော်စင်ဂိုဏ်းချုပ်တစ်ဦးထက် အားနည်းသည်မဟုတ်ပေ။ အပြင်လောကတွင်နေလျှင် သူသည် သူတော်စင်ဂိုဏ်းချုပ် ကျင့်ကြံသူကိုပင် ချေမှုန်းနိုင်သည်။


သို့သော်လည်း ဤစိတ်စွမ်းအင်သည် အလင်းရိပ်၏ ကြီးမားသော စိတ်စွမ်းအင်နှင့် နှိုင်းယှဉ်လျှင် အမှန်တကယ် မလုံလောက်ပေ။


သို့သော်...


ပုဖန်၏ ဝိညာဉ်ပင်လယ်ထဲတွင် ကြီးမားသောလှိုင်းလုံးကြီးများ တက်လာပြီး နောက်အခိုက်အတန့်တွင် နဂါးဟိန်းဟောက်သံ ထွက်ပေါ်လာသည်။သူ့ မျက်လုံးများ တောက်ပလာပြီး သူ၏နောက်တွင် ရွှေရောင်နတ်နဂါးကြီး ထွက်ပေါ်လာသည်။


သူ့လက်ထဲမှ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားသည် ပိုကြီးလာသည်။ ဓားကိုကိုင်ဆောင်လျက် ရွှေရောင်အလင်းတန်းများ လင်းလက်လာသည်။


ပုဖန်သည် သူ၏ စိတ်စွမ်းအားကို လွှတ်ပေးလိုက်သည်။ လှံရှည်ကြီးအား ကောင်းကင်သို့ ပစ်လွှတ်လိုက်သည့်အတိုင်း အလင်းရိပ်ဆီသို့ ရောက်သွားသည်။


အလင်းရိပ်သည် ပို၍ ပို၍ကြောက်လန့်လာသည်။ သူသည် ပုဖန်၏ စိတ်စွမ်းအားကို မနှိမ်နင်းနိုင်ပုံရသည်။


မထင်မှတ်ဘဲ ဤသေမျိုး၏ စိတ်စွမ်းအားသည် အလွန်ပြင်းထန်ခဲ့သည်။


မဟုတ်ဘူး...အားကောင်းရုံတင်မကဘူး... ထူးဆန်းတယ်...


" ဒါက မသေမျိုးလက်နက် တစ်ခုရဲ့အော်ရာပဲ... မင်းလိုသေမျိုးတစ်ယောက်မှာ မသေမျိုးလက်နက် ရှိတယ်တဲ့လား..." 


အလင်းရိပ်သည် ထိတ်လန့်တကြား ဟိန်းဟောက်လိုက်ပြီး မျက်မှောင်များကျုံ့သွားသည်။


ပုဖန်၏ စိတ်စွမ်းအင်သည် စစ်မှန်သောစွမ်းအင်နှင့် ပေါင်းစပ်ထားသောကြောင့် သူ၏စွမ်းအားသည် ပို၍ပို၍ ကျစ်လျစ်သည်၊၊ ယခုအခါ အလင်းရိပ်နှင့် တန်းတူဖြစ်သည်။


" မင်းမှာ မသေမျိုး လက်နက်ရှိတော့ရော ဘာဖြစ်လဲ...မင်းငါ့ကို အာခံရဲတယ်ဆိုတည်းက သေရမှာပဲ... မသေမျိုးစွမ်းအင်သော့ မရှိရင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို ဝင်လို့မရဘူး..."


ထိုသူ အော်ဟစ်လိုက်သည်။


ဂျိန်း...ဂျိန်း...


ပုဖန် သူ၏ စိတ်စွမ်းအင်ကို အမူအရာမဲ့စွာဖြင့် လွှတ်ပေးလိုက်သည်။ သူ၏ စွမ်းအားသည် အလင်းရိပ်၏ အားများနှင့် တိုက်မိသွားကာ နားအူစေသော တဂျိန်းဂျိန်း မြည်သံများဖြင့် သူတို၏ပတ်ဝန်းကျင်တွင် တဟုန်ထိုး တုန်လှုပ်သွားစေသည်။


ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား၏ ဝိညာဉ်ထံမှ ချေးငှားယူထားသော စိတ်စွမ်းအင်များသည် ဖြည်းညှင်းစွာ လျော့ပါးလာသည်ဟု ခံစားလာရသည်။


ဒါက မသေမျိုး ချက်ပြုတ်ခြင်းနယ်ပယ် ကျင့်ကြံသူရဲ့ စိတ်စွမ်းအင်တွေလား...


အကယ်၍ သူသာ ထိုကဲ့သို့ စိတ်စွမ်းအင်ကို ချက်ပြုတ်ရာ၌ သုံးလျှင် ဖြစ်နိုင်ချေများသည် အဆုံးမဲ့ဖြစ်သည်။ မသေမျိုး ချက်ပြုတ်ခြင်းနယ်ပယ် စားဖိုမှူးတွေချက်တဲ့ ဟင်းလျာတွေက ပိုကောင်းတယ်လို့ ဟိုခွေးငပျင်းပြောတာ မမှားပါဘူး...


သို့သော်...


ပုဖန်၏ အတွေးတစ်ချက်နှင့်ပင် မဟူရာလိပ်ခုံးဒယ်အိုး တစ်ခဏချင်း ပေါ်လာပြီး သူနှင့် မနီးမဝေးတွင် လွင့်ပျံလာသည်။


နီညိုရောင် အရိပ်တစ်ခု လင်းလက်လာသည်။


ပုဖန်၏ နောက်ကွယ်တွင် အေးအေးဆေးဆေး နိုးထလာသည့် ရှေးသတ္တဝါ တစ်ကောင် ရှိပုံရသည်။


ရွှေ‌ရောင်နတ်နဂါး ပြီးနောက် တောင်နှင့်တူသော အခွံပါသည့် လိပ်နက်ကြီးလည်း ပေါ်လာသည်။


ပုဖန်၏ စိတ်စွမ်းအင်သည် ကန့်သတ်ချက်သို့ ရောက်သွားပြီဖြစ်သည်။


သူ၏မျက်နှာသည် ရုတ်တရက် အနည်းငယ် ဖြူဖျော့လာသည်။ ဤအခိုက်အတန့်တွင် သူ၏ စိတ်စွမ်းအားသည် ခန္ဓာကိုယ်၏ ကန့်သတ်ချက်ထက် ကျော်လွန်သွားခဲ့သည်။


အလင်းရိပ်သည် အမှန်တကယ် ပို၍ကြောက်လန့်လာသည်။


ဒီသေမျိုးကောင်မှာ မသေမျိုးလက်နက် တကယ်ရှိတာပဲ...


ဒီ‌သေမျိုးကောင်ရဲ့ နောက်ခံအင်အားက ဘာလဲ... သူက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ဆရာသခင်ရဲ့တရားမဝင် ကလေးလား...


ဒါပေမယ့် နောက်ခံအင်အားဆိုတာ ကိစ္စမရှိပါဘူး… ဒီအချိန်မှာ သူက သခင်ပဲ!


" မင်းက မသေမျိုး ချက်ပြုတ်ခြင်းနယ်ပယ်ကို ဝင်ချင်တယ်ဟုတ်လား... အိမ်မက်ထဲမှာပဲ ရမယ်..."


၎င်း၏ စိတ်စွမ်းအားသည် ထိုမသေမျိုးထက် မသာလွန်သောကြောင့် တိုက်ခိုက်ရန် ၎င်း၏စွမ်းအားကို အသုံးပြုမည်ဖြစ်သည်။  


အလင်းရိပ်၏ မျက်လုံးများတွင် ပုဖန်၏ တိုက်ခိုက်နိုင်စွမ်းသည် ပုရွက်ဆိတ်တစ်ကောင်နှင့် မကွဲပြားပေ။


ဝုန်း...


စိတ်စွမ်းအင်များ ကောင်းကင်ကို လွှမ်းခြုံသွားသည်။ ထို့နောက် ထိုအလင်းရိပ်သည် လက်ညှိုးကို မြှောက်ကာ ပုဖန်ဆီကို ညွှန်ပြနေသည်။


ကြောက်စရာကောင်းသည့် စွမ်းအင်များ စုစည်းနေသည်။ ဤလက်နှင့် ထိမိပါက ပုဖန် ပြာပုံဖြစ်သွားနိုင်သည်။


ပုဖန် မျက်မှောင်ကျုံ့သွားသည် ။ တိုက်ပွဲဝင်ရန် ပြင်ဆင်နေစဉ် အနီရောင်ဝတ်ရုံသည် အလင်းတန်းများ လင်းလက်လာသည်။


သို့သော် ထိုလက်ချောင်းများ ပုဖန်၏ခန္ဓာကိုယ်ဆီသို့ ညွှန်ပြလိုက်သည့် အခိုက်အတန့်တွင် အလင်းရိပ် ရုတ်တရက် အေးခဲသွားသည်။


အ‌ဘယ့်ကြောင့်ဆိုသော် ပုဖန်၏ရှေ့တွင် မည်သည့်နေရာက ရောက်လာမှန်းမသိသည့် ခွေးဝကြီးတစ်ကောင် ပေါ်လာသောကြောင့်ပင်...