အခန်း ၉၄၁
ခွေးဘုရင်ဟု အသိအမှတ်ပြုခံထားရသောသူ...
ခွေးဝကြီးတစ်ကောင်ပါလား...
အလင်းရိပ်၏ မျက်လုံးများ ချက်ချင်း မှေးမှိန်သွားသည်။ ဒီမှာ ခွေးတစ်ကောင် ဘယ်လိုပေါ်လာတာလဲ... သူနှင့် ထိုသေမျိုးကြားတွင် လွင့်မျောနေသည့် ဤကြောက်မက်ဖွယ်ရာ စိတ်စွမ်းအင်ဖိအားကိုပင် ခံနိုင်ရည်ရှိနိုင်သည်လား...
ခွေးဘုရင် သူ၏အမြှီးကို လှုပ်ရမ်းနေပြီး ပါးစပ်တစ်ဝိုက်တွင် မသန့်ရှင်းရသေးသည့် အဆီများ ရှိနေသေးသည်။
သူ ကြောင်ကဲ့သို့ ခြေလှမ်းများကို ဆန့်တန်းလိုက်သောအခါ သူ၏တင်ပါးသည် အမြှီးနှင့် တွဲလျက် တုန်ခါနေသည်။
ပုဖန်၏ မျက်နှာ အနည်းငယ် ဖြူဖျော့သွားသည်။ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားနှင့် မဟူရာလိပ်ခုံးဒယ်အိုးတို့၏ ဝိညာဉ်လက်နက်ကို အတင်းအကြပ် ထိန်းချုပ်ထားခြင်းတို့ကြောင့် မထိန်းသိမ်းနိုင်တော့သည့် ခန္ဓာကိုယ်ကို အနည်းငယ် ထိခိုက်သွားစေသည်။
အောက်တွင် သမုဒ္ဒရာမျိုးစိတ် ကျင့်ကြံသူများသည် ပုဖန်ကို အံ့အားသင့်စွာဖြင့် စိုက်ကြည့်နေကြသည်။
ပုဖန်၏ စွမ်းအားက လူတိုင်း၏မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့သည်။ မဟူရာနဂါးဘုရင်သည်ပင် သူ့အား အံ့သြတကြီး မျက်နှာထားနှင့် ငေးစိုက်ကြည့်နေသည်။
စားဖိုမှူးတစ်ဦးဖြစ်သော ပိန်ပိန်ပါးပါး ပုဖန်သည် ထိုသို့သော ကျင့်ကြံမှု့ဖြင့် အမှန်တကယ် တိုးတက်လာနိုင်မည်ဟု မည်သူမျှ မထင်ခဲ့ပေ။
ပုဖန်၏ စစ်မှန်သော စွမ်းအင် ကျင့်ကြံမှုကို ကြည့်ကာ သူသည် နတ်ဘုရားမီးတောက်တစ်ခု ထွန်းညှိထားသည့် စိတ်ဝိညာဉ်သခင်သာ ဖြစ်သည်။
အလင်းရိပ်ဆီမှ တစ်ချက်ခန့် တိုက်ခိုက်ခံရသည်နှင့် သေဆုံးရန် လုံလောက်သည်။
သို့သော် ပုဖန်၏ စိတ်စွမ်းအင်သည် အမှန်တကယ်ပင် ကြောက်စရာကောင်းလှသည်။
စတင်ပေါက်ကွဲလာသောအခါ ၎င်းသည် သူတော်စင်ဂိုဏ်းချုပ် အဆင့်ဖြစ်သည်။ ထို့နောက်တွင်မူ ယခင်ကထက် ပိုမိုပြင်းထန်လာပြန်သည်။
ဒီကောင်က ဆေးတစ်ခုခု စားထားတာ ဟုတ်တယ်မလား...
ဝှစ်...
အကွာအဝေးတစ်ခုတွင် အသန်မာဆုံး နတ်ဆိုးဘုရင်နှင့် လူအိုကြီးသည် ပင်လယ်ထဲမှ တက်လာကြသည်။ သူတို့သည် ကောင်းကင်ယံ၌ ထိပ်တိုက်ရင်ဆိုင်မှုများကို ကြည့်ရန် ခေါင်းကိုမော့လိုက်ကြပြီး သူတို့၏ မျက်လုံးများသည် အလင်းရောင်များဖြင့် တောက်ပနေသည်။
" ဒီခွေးနက်ကြီး နောက်ဆုံးတော့ လှုပ်ရှားပြီပေါ့..."
အသန်မာဆုံး နတ်ဆိုးဘုရင်၏ မျက်နှာသည် လေးနက်နေသည်။ ထိုခွေးနက်သည် ငရဲကမ္ဘာတွင် အလွန်ပြင်းထန်သော ရိုက်ချက်ကဲ့သို့ပင် သူတို့ကို ခံစားချက်တစ်မျိုးကို ပေးသည်။
ဒါပေမဲ့... အဲ့ဒီရိုက်ချက်ကြီးက ဘာလို့ ပုန်းကွယ်နဂါးတိုက်ကြီးမှာ ပေါ်လာတာလဲ...
အကယ်၍ ခွေးနက်ကြီးသည် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ ထွက်လာသော တန်ခိုးကြီး သတ္တဝါကို အနိုင်ယူနိုင်ခဲ့ပါက ထိုခွေးနက်သည် ငရဲကမ္ဘာ၏ ကြီးမားသော ရိုက်ချက်ဖြစ်လာလိမ့်မည်။
အသန်မာဆုံး နတ်ဆိုးဘုရင်ဖြစ်သည့် သူသည်ပင် ထိုခွေးနက်ရှေ့၌ ခေါင်းငုံ့ထားရသည်။
အလင်းရိပ်က ခွေးနက်ကို မသိချင်ယောင်ဆောင်ကာ ကြည့်နေသည် ။ စိတ်ထဲတွင် ဒေါသထွက်နေသော်လည်း ပြုံးနေ၏။
“နောက်ထပ်သေမျိုးတစ်ယောက် ငါ့ကို ရန်စရဲပြန်ပြီ..."
သူ အေးစက်စွာဖြင့် ရယ်လိုက်သည်။ ခွေးတစ်ကောင်နဲ့ သေမျိုးတစ်ယောက် ဘယ်သူက သူ့ကိုတားဖို့ အခွင့်အရေး ပေးလို့လဲ...
ဝုန်း...
ထိုအလင်းရိပ်က ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းကို နောက်တစ်ကြိမ် လှုံ့ဆော်ပေးသည်။ ထောင်ပေါင်းများစွာသော စွမ်းအင်များသည် သူ၏ရှေ့တွင် လျင်မြန်စွာ ဆုံစည်းသွားသည်။ ဒုချွန်ပုံသဏ္ဍာန် တိုက်ခိုက်မှုတွင် စုစည်းမှုဖြင့် အသံလှိုင်းတစ်ခု ထွက်ပေါ်လာသည်။
ထိုဒုချွန်သဏ္ဌာန် တိုက်ခိုက်မှုသည် ပုဖန်နှင့် ခွေးဘုရင်ဆီသို့ တစ်ဟုန်ထိုး ပြေးလာသည်။
လူတိုင်း၏ စိတ်နှလုံးကို ထိတ်လန့်စေသည့် ဒုချွန်သဏ္ဌာန်တိုက်ခိုက်မှု့သည် ပုံရိပ်ယောင် ဟင်းလင်းပြင်ကို ကွဲကြေသွားစေပုံရသည်။
ပုဖန် မျက်မှောင်ကျုံ့လိုက်မိသည်။ ဤလှုပ်ရှားမှု့သည် ကပ်ဆိုက်သည်ဟူ၍ပင် အာရုံခံစားရသည်။
အနီရောင်ဝတ်ရုံသည် တွန်းလှန်နိုင်စွမ်းရှိသော်လည်း ဤလှုပ်ရှားမှုကို ခံနိုင်ရည်ရှိမရှိ သူမသိပါ။
တစ်ဖက်တွင် ခွေးဘုရင်က ငြိမ်သက်နေခဲ့သည်။၄င်းက အလင်းရိပ်ကို ပို၍ ဒေါသဖြစ်စေသည်။
သူ့ရဲ့ သေချာပေါက် သတ်ပစ်နိုင်တဲ့ တိုက်ခိုက်မှုကို ဆန့်ကျင်ပြီး ဒီခွေးနက်က ဘယ်လိုမျိုး အေးအေးဆေးဆေး နေရဲရတာလဲ...
၎င်း၏ ဒေါသကြီးမှု့ဖြင့်ဆိုလျှင် ဤအရှက်ကွဲမှုကို ခံနိုင်ရည်မရှိသည်မှာ သေချာသည်။
ခွေးဘုရင် သမ်းဝေလျက် လက်ဖဝါးကိုမြှောက်လိုက်သည်။
ထိုအမွှေးပွလက်ဖဝားလေးက တိုက်ခိုက်မှုကို တားဆီးလိုပုံရသည်။
နောက်တစ်ခဏအတွင်း အနီးသို့ရောက်ခါနီး ဒုချွန်ပုံ တိုက်ခိုက်မှုသည် ချက်ချင်းပိတ်ဆို့သွားခဲ့သည်။ ရှေ့ဆက်မတိုးနိုင်တော့ပေ။
လူတိုင်း အေးခဲသွားသည်။
အလင်းရိပ်၏ မျက်လုံးများ မှိန်သွားကာ ထိုခွေးကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။
အဲဒီလက်ဖဝါးက ဘယ်လိုကြီးလဲ...
သူက ဒါမျိုးတိုက်ခိုက်မှု့ကိုတောင် ပိတ်ဆို့နိုင်တာလား...
ဂျွတ်...
ပြောင်မြောက်လှသော လက်ဖဝါးဖြင့် တစ်ချက်ထိလိုက်ခြင်းဖြင့် ဒုချွန်ပုံ တိုက်ခိုက်မှုသည် ချက်ချင်း ကွဲအက်သွားသည်။
လက်ဖဝါးတစ်ဖက်သည် အလင်းရိပ်၏ သေချာသော သတ်ပစ်နိုင်သည်အထိ တိုက်ခိုက်မှုကို အဆုံးသတ်ခဲ့သည်။
ဤမြင်ကွင်းကို ကြည့်လျက် ပုဖန်၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။ ခွေးဘုရင်ကတော့ ခွေးဘုရင်ပါပဲ...
ငရဲကမ္ဘာသင်္ဘောပေါ်တွင် နယ်သာရီနှင့် ပန်းပွင့်လေးတို့သည် စိတ်လှုပ်ရှားစွာ အားပေးနေကြသည်။
ပန်းပွင့်လေးသည် သူမ၏လက်ဖြင့် တိုက်ခိုက်မှု့ကို ဖျက်ဆီးလိုက်သကဲ့သို့ စိတ်လှုပ်ရှား ပျော်ရွှင်စွာ ကခုန်နေသည်။
မဟူရာနဂါးဘုရင်သည် ရွှင်လန်းနေသော ပန်းပွင့်လေးကို ကြည့်ကာ သူ၏နှလုံးသား အောက်ခြေအထိ နစ်မြုပ်သွားခဲ့သည်။
ပြီးဆုံးသွားပြီ။ သူသည် ထိုခွေးနက်၏ စွမ်းရည်ကို ပြသခွင့်ပေးခဲ့မိသည်။
ယခု ထိုခွေးနက်သည် သမီးဖြစ်သူ၏နှလုံးသားထဲတွင် အကန့်အသတ်မရှိ မြင့်မားသော နေရာကို ပိုင်ဆိုင်ထားသည်။ ဖခင်တစ်ယောက်အနေနှင့် သူ့အတွက် နေရာရှိမရှိ မသိပေ။
ဒီလိုဖြစ်၍မရပေ။ ဤခွေးနက်ကြီးသာ ပေါ်လွင်နေ၍ မရပေ။သူ မဟူရာနဂါးဘုရင်သည်လည်း သမီးရှေ့တွင် လှုပ်ရှားမှုအချို့ကို ပြသရန် လိုအပ်သည်။
တောက်ပြောင်နေသော ခေါင်းကို ပွတ်လျက် မဟူရာနဂါးဘုရင်၏ အကြည့်သည် စူးရှလာသည်။ ခြေတစ်လှမ်းတည်းဖြင့် ခြေထောက်အောက်ရှိ ရေများ ပေါက်ကွဲသွားသည်။
"သမီးလေး... မင်းရဲ့အဖေက သူ့ရဲ့စွမ်းအားအစစ်တွေကို ဘယ်လိုသုံးလဲကြည့်လိုက်..."
ရှည်လျားသော လေချွန်သံနှင့်အတူ မဟူရာနဂါးဘုရင်၏ရုပ်ပုံသည် အမြောက်ကဲ့သို့ပစ်ခတ်ကာ အလင်းရိပ်ဆီသို့ တည့်တည့်တိုးဝင်ပြီး မိုးကုပ်စက်ဝိုင်းထဲသို့ ပြေးဝင်သွားသည်။
" ပုဖန် သူငယ်ချင်းလေး... မင်း အကြီးအကဲဖြစ်တာကို သက်သေပြပေးဖို့ လိုတယ်... ဒီနဂါးဘုရင်က မင်းနဲ့တူတူ လိုက်ပေးမယ်... ချီးပဲ...ဒီကောင့်မှာ ရိုက်ချက်အပြင်းစားတွေ ရှိနေသေးတယ်..."
မဟူရာနဂါးဘုရင်သည် စိတ်ဝိညာဉ်ဖြင့် ကောင်းကင်သို့ တက်သွားသော်လည်း နောက်တစ်ခဏတွင် ထိုအလင်းရိပ်သည် ဟိန်းဟောက်သံထွက်လာသည်ကို သူမြင်လိုက်ရပြီး ပမာဏများစွာသော ပုံသဏ္ဍာန်များ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ဒုချွန်ပုံ တိုက်ခိုက်မှုတိုင်းတွင် မဟူရာနဂါးဘုရင် အနည်းငယ်တုန်လှုပ်သွားအောင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုရှိသည်။ စွမ်းအင်တိုက်ခိုက်မှုများသည် ၎င်းပတ်ပတ်လည်တွင် အမှန်တကယ် ပေါ်လာခဲ့သည်။
သွားရမလား... မသွားရဘူးလား...
မဟူရာနဂါးဘုရင်သည် ခဏမျှ တုံ့ဆိုင်းသွားသည်။
ထို့နောက် နောက်ဆုံးတွင် "အိုင်းရိုး..."ဟူသော အသံဖြင့် ခါးမှကြွက်သားများ နာကျင်ဟန်ဆောင်လိုက်သည်။
" အိုင်းရိုး...ငါ့ခါးနာသွားပြီ..." မဟူရာနဂါးဘုရင် ခါးကိုကိုင်၍ လေထဲတွင် ငိုကြွေးနေခဲ့သည်။
အောင်းပိုင်၏ နှုတ်ခမ်းထောင့်မှာ လှုပ်ယမ်းသွားသည်။
အဆုံးမဲ့ပင်လယ်ကိုအုပ်စိုးသူသည် အမှန်တကယ်ပင် နှေးကွေးလှပေသည်။
အလင်းရိပ် အနည်းငယ် အေးခဲသွားသည်။ ယခုပင် ထူးထူးခြားခြား တစ်ခုခု ပြုတ်ကျသွားပုံရသည်။
သို့သော် အလင်းရိပ်သည် ၎င်းကို သိပ်ပြီး မစဉ်းစားခဲ့ပေ။
ဤခွေးနက်၏ လက်ဖဝါးတစ်ဖက်သည် သူ၏ ဒုချွန်ပုံသဏ္ဍာန် စွမ်းအင်တိုက်ခိုက်မှုကို ဖြိုခွဲနိုင်ခဲ့သည်။ ဒီခွေးနက်က တကယ်ကို တစ်ခုခုပဲ...
တစ်ခုကို ဖြိုခွဲနိုင်သောကြောင့် ထိုအလင်းရောင်သည် ဤခွေးနက်မည်မျှ ဖြိုခွဲနိုင်သည်ကို မြင်ချင်သည်။
ဤအချိန်၏ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကိုလက်ခံသူအနေဖြင့် ဤအလင်းရိပ်သည် မူလက အမျိုးမျိုးသော လေးစားမှုမျိုး ရနိုင်မည်ဟုထင်ခဲ့သည်။
သို့သော် သူ၏မျှော်လင့်ချက်များနှင့် သွေဖယ်ကာ ဤသေမျိုးများသည် အမှန်တကယ်ပင် သူ့အား အဖန်ဖန်ဆန့်ကျင်နေခဲ့သည်။
သူ့အား ဆန့်ကျင်ရုံမက ထိုသေမျိုးသည် မသေမျိုးစွမ်းအင်သော့ ကိုလည်းပျောက်ဆုံးသွားသည်။
ဆုံးရှုံးသွားသည်မှာ ပြဿနာတစ်ခုဖြစ်သော်လည်း သူသည် ဝင်ခွင့်ရရှိရန်အတွက် တိုက်ခိုက်ချင်သေးသည်။
ဒီခေတ် သေမျိုးတွေက အရမ်းရိုင်းကြတာပဲ...
ဗြီး...
မရေမတွက်နိုင်သော ဒုချွန်ပုံသဏ္ဍာန် တိုက်ခိုက်မှုများ ထွက်ပေါ်လာသည်။
ပထမတစ်မျိုးနှင့် နှိုင်းယှဉ်ပါက ဤဒုချွန်ပုံသဏ္ဍာန် စွမ်းအင်တိုက်ခိုက်မှုများသည် အလွန်သေးငယ်သော်လည်း ၎င်းတို့သည် ပမာဏများသည်။
ထိုတိုက်ခိုက်မှုများသည် ပမာဏများလွန်းသဖြင့် လူများ၏သွေးကို အေးခဲစေသည်။
ထိုအရာများနှင့် ထိမိပါက ဘာမျှကျန်မည် မဟုတ်ပေ။
မဟူရာနဂါးဘုရင်သည် ဤတိုက်ခိုက်မှုကို ခံရလျှင် ဆန်ခါပေါက်ကဲ့သို့ အဆုံးသတ်ရမည်ဟု အမှန်တကယ်ခံစားခဲ့ရသည်။ ထို့ကြောင့် သူသည် ကြွက်သားများ နာကျင်သကဲ့သို့ ပြုမူခဲ့သည်။
ခွေးဘုရင်သည် ကြီးမားသော စွမ်းအင်တိုက်ခိုက်မှုများကို တစ်ချက်ကြည့်လိုက်သည်။
အမှန်ပင် ဤတိုက်ခိုက်မှုများ များစွာရှိခဲ့သော်လည်း ခွေးဘုရင်သည် ၎င်းတို့အား တစ်ခုပြီးတစ်ခု ဖြိုခွဲရန် သူ၏ လက်ဖဝါးများ အသုံးပြုရမည်ကို ပျင်းရိလွန်းလှသည်။
ထို့ကြောင့် သူသည် အခြားနည်းလမ်းဖြင့် ရင်ဆိုင်လိုက်သည်။
သူသည် ပါးစပ်ကို ဟထားလိုက်သည်...
ချက်ချင်းပင် လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် ၎င်းသည် ပို၍ကြီးမားလာသည်။
နောက်ဆုံးတွင် ကောင်းကင်ကြီးကို မျိုချနိုင်မည် ဟုပင်ထင်ရသည်။ ထောင်ပေါင်းများစွာသော စွမ်းအင်လှိုင်းများစုပြီး ခွေးနက်၏ပါးစပ်အတွင်းသို့ ရောက်ရှိ မျိုချခံလိုက်ရသည်။
အလင်းရိပ် အံ့ဩလွန်း၍ စကားမဆိုနိုင်တော့ပေ။
ပွဲကြည့် ပရိသတ်များလည်း အံ့အားသင့်သွားကြသည်။
လှိုင်းပုတ်သံမှလွဲ၍ အဆုံးမဲ့ပင်လယ်တစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်သွားစေသည်။
အဲဒီခွေးက….
ဝေါ့...
ခွေးဘုရင် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ ဤအရသာကို သူ အနည်းငယ် မကျေမနပ်ဖြစ်ပုံရသည်။
ကောင်လေးပုဖန်၏ အတောင်ပံကင်နှင့် ယှဉ်လိုက်ပါက အရသာသည် ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင်။
ခွေးဘုရင်၏ သံလိုက်နှင့်တူသော အသံထွက်ပေါ်လာသည်။
" ဘယ်လိုတောင် ပျင်းဖို့ကောင်းတာလဲ... ခွေးဘုရင်က မင်းနဲ့စကားပြောဖို့တောင် ပျင်းတယ်..."
ခဏအကြာတွင် ခွေးနက်ကြီး သူ၏ရှေ့၌ ထွက်ပေါ်လာသည်ကို အလင်းရိပ် ရိပ်မိသွားသည်။
ဘုန်း...
သူ၏ခေါင်းပေါ်သို့ လက်ဖဝါးကြီး ကျလာသည်။ ကျယ်လောင်သော ဆုတ်ဖြဲသံများ ပဲတင့်လာသည်။
ကြယ်တံခွန်သည် မိုးကုတ်စက်ဝိုင်းကို ဖြတ်သွားသကဲ့သို့ အလင်းရိပ်သည် ကြီးမားသောလှိုင်းလုံးကြီးများဖြင့် အလင်းတံခါးမှ ပင်လယ်ထဲသို့ ရိုက်ချခံလိုက်ရသည်။
"ဟူး... လက်ဖဝါးကသူ့ကို မဆွဲဖြဲနိုင်ဘူးပဲ..."
ခွေးဘုရင်သည် အေးခဲသွားသည်။
ဝှစ်...
လှိုင်းလုံးများ ပွက်ပွက်ဆူလာသည် ။
ထိုအလင်းရိပ်က ပင်လယ်မျက်နှာပြင်မှ လွင့်စင်ထွက်လာပြီး သူ၏မျက်နှာတစ်ဝက်လောက် ယိုယွင်းသွားသည်။
ဤအလင်းရိပ်သည်အကေါင်အထည်မဟုတ်ပဲ ကိုယ်ပွားတစ်ခုသာဖြစ်သည်။
အဆုံးမဲ့ပင်လယ်၏ ကျင့်ကြံသူများအားလုံးသည် အေးစက်သောလေကို ရှုရှိုက်နေကြသည်။ ကိုယ်ပွားတစ်ခုကပင် အရမ်းသန်မာနေပြီ… ဒါဆို မူလခန္ဓာကိုယ်ကရော ဘယ်လိုလဲ...ဘယ်လောက်ထိ ကြောက်စရာကောင်းမလဲ ...
မဟူရာနဂါးဘုရင်သည်ပင် သူ၏ပြိုင်ဘက် မဖြစ်နိုင်ချေ...
"မဟူရာနဂါးဘုရင်က ပြိုင်ဘက်မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောလဲ... ဒီနဂါးဘုရင်ကြီးက ခါးကြွက်သားတွေ နာသွားရုံပါ... ခါးသာ ပြန်ကောင်းသွားရင် ဒီကောင့်ကို သေတဲ့အထိ ရိုက်ပစ်မယ်..."
မဟူရာနဂါးဘုရင်က အော်ဟစ်ပြီး ပြောင်လက်နေသည့် ဦးခေါင်းကို ပွတ်လျက် ပင်လယ်မျက်နှာပြင်ပေါ်တွင် လွင့်မျောနေသည်။
နယ်သာရီနှင့် ပန်းပွင့်လေးသည် ချက်ချင်း မျက်လုံးပြူးသွားသည်။
အသန်မာဆုံးနတ်ဆိုးဘုရင်နှင့် လူအိုကြီးတို့သည် တိတ်ဆိတ်နေကြ၏။
ဤအလင်းရိပ်က သူတို့ထက် သန်မာကြောင်းမှာ ထင်ရှားသည်။ ၎င်းသည် နတ်ဘုရားမီးတောက် ကိုးခု သို့မဟုတ် နတ်ဘုရားအာကာသနယ်ပယ် အတွက် အမှတ်အသားကိုးခုကို ထွန်းညှိပေးသည့် အဆင့်ဖြစ်လောက်သည်။
ထို့အပြင် ဤအလင်းရိပ်မှာ ကိုယ်ပွားပင်ွှိသေးသည်။
အသန်မာဆုံး နတ်ဆိုးဘုရင်၏ မျက်လုံးများသည် မီးတောက်များဖြင့် တောက်လောင်နေသည်။ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ... က တကယ်ကောင်းတဲ့ နေရာပဲ...
ဝုန်း... ဝုန်း...ဝုန်း...
ပင်လယ်မျက်နှာပြင်သည် အငွေ့ပျံသွားသည်။
ထိုအလင်းရောင်သည် အနည်းငယ် ထိုင်နေပြီး
နောက် ခဏအကြာတွင် ကောင်းကင်၌ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ခွေးဘုရင်ဆီသို့ ဦးတည်လာသည်။
သို့သော်...
နောက်ထပ် ပေါက်ကွဲသံတစ်ခု ကြားလိုက်ရသည်။
ပရိသတ်၏ အံသြဖွယ်ရာ အကြည့်အောက်တွင် ထိုအလင်းရိပ်သည် ခွေးလက်ဖဝါးဖြင့် တစ်ဖန် ရိုက်ခံရပြန်သည်။
ဘောလုံးကို ဖြည်းညှင်းစွာ ပုတ်၍ ကစားနေသကဲ့သို့ပင်...
အလင်းရိပ် ပင်လယ်ပြင်မှ တက်လာပြန်သည်။ ဤတစ်ခါတွင် သူ၏ ခန္ဓာကိုယ်တစ်ဝက်ခန့် ယိုယွင်းသွားသည်...
ဤမျှလောက် အစွမ်းကြီးသော တည်ရှိမှု ပုန်းကွယ်နဂါးတိုက်ကြီးတွင် မည်သို့ရှိနိုင်မည်နည်း...
သူနေရာ မှားသွားတာလား...
သူ အနည်းငယ် ပဟေဠိဖြစ်သွားသည်။
လှိုင်းပုတ်သံနှင့်အတူ ခွေးဘုရင် ဆင်းသက်လာစဉ် ပင်လယ်ရေမျက်နှာပြင်သည် လှိုင်းပုတ်ခြင်းမရှိဘဲ ငြိမ်သက်သွားသည်။
ရေပေါ်သို့ ခြေလှမ်းလိုက်ကာ အလင်းရိပ်ရှေ့တွင် ရပ်လျက် ပြောလိုက်သည်။
" အစကတော့ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က လူအိုကြီးတွေဆီမှာ အထင်ကြီးစရာကောင်းတဲ့ပုံမျိုး ချန်ထားမလို့ပဲ... ဒါပေမဲ့ မင်းပုံစံကိုက ရိုက်နက်ခံရဖို့ တောင်းဆိုနေတာပဲ..."
အလင်းရိပ်၏ မျက်နှာသည် ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေသည်။ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က လူအိုကြီးတွေဆီမှာ အထင်ကြီးစရာကောင်းတဲ့ပုံမျိုး ချန်ထားမလို့တဲ့လား...
ဒီခွေးနက်ရဲ့ စကားလုံးတွေက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်နဲ့ အရမ်းရင်းနှီးနေပုံရတယ်...
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် နဲ့ ရင်းနှီးတဲ့ ခွေးတစ်ကောင်...
နပေါဦး...
အလင်းရိပ်၏ မျက်လုံးများက သရဲမြင်လိုက်ရသကဲ့သို့ ချက်ချင်း ပြူးကျယ်သွားသည်...
"မင်း... မင်းက..."
"အမ်... နောက်ဆုံးတော့ ငါ့ကို အမှတ်ရသွားပြီပေါ့... ခွေးဘုရင်က အရမ်းဝလာပေမယ့် မင်းပြောနိုင်သေးတယ်ပေါ့..."
ခွေးဘုရင်သည် အံ့အားသင့်စွာ ပြောလိုက်သည်။
ထိုအလင်းရိပ် တုန်လှုပ်သွားပြီး ခွေးဘုရင်ကို ကြောက်ရွံ့ထိတ်လန့်စွာ ကြည့်နေ၏။
ရုတ်တရက်…
ခွေးဘုရင်သည် သူ၏ သေးငယ်သော လက်ဖဝါးကို မြှောက်လိုက်ပြီး ထိုအရိပ်၏ ခေါင်းကို ပုတ်လိုက်သည်။
" စကားတွေ မပြန့်စေနဲ့... ငါမသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို ရောက်ရင် ဘာစကားမှမပြောနဲ့... ငါဆိုတဲ့ ခွေးဘုရင်က တစ်ယောက်ချင်းစီကို လိုက်နှုတ်ဆက်မယ်..."
ထိုအလင်းရိပ်၏ တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။ ပါးစပ်ကိုဖွင့်လိုက်သောအခါ သနားစရာကောင်းသော အော်ဟစ်သံထွက်လာသည်။
ညည်းတွားသံများ ထွက်ပေါ်လာသည်နှင့်အမျှ အလင်းရိပ်၏ ပုံသဏ္ဍာန်သည် အလုံးအရင်းဖြင့် ပေါက်ကွဲသွားလေသည်။ ကောင်းကင်ကို အလင်းရောင်ဖြင့် ဆေးကြောလိုက်သလို ကောင်းကင်နှင့် မြေကြီးတစ်ခုလုံး အလင်းများ ပြန့်ကျဲနေသည်။
ဝှစ်...
"ကမ္ဘာမြေ"
ဟု ထွင်းထုထားသော တိုကင်တစ်ချပ်သည် ခွေးဘုရင်၏ လက်ဖဝါးထဲသို့ ရောက်နေသည်။
"မြေကမ္ဘာအင်မော်တယ် ရုပ်သေးလား...ဟို သံမဏိတုံးကောင်ကို ပေးလိုက်မယ်ဆို တော်တော်ကောင်းလိမ့်မယ်… ဒီသံမဏိတုံးက ထပ်ပြီး ဖွံ့ဖြိုးလာဦးမလားဆိုတာ ဘယ်သူသိမလဲ.."
ခွေးဘုရင်သည် တိုကင်ကို ပစ်တင်၍ ပါးစပ်နှင့်ဖမ်းလိုက်သည်။ ထို့နောက် သူ၏ ခွေးတင်ပါးကိုလိမ်ကာ ကြောင်တကောင်ကဲ့သို့ ခြေလှမ်း လှမ်းပြီး ငရဲကမ္ဘာ သင်္ဘောဆီသို့ ပြန်လာသည်။
ဝှိုက်တီ၏ တစ်ကိုယ်လုံး လျှပ်စီးလက်၍ ကုန်းပတ်ပေါ်တွင် ရပ်နေသည်။
ဝှိုက်တီ့ကိုမြင်သောအခါ ခွေးဘုရင် တိုကင်ကို ပစ်ပေးလိုက်သည်။
ဝှိုက်တီ၏ ဝမ်းဗိုက်ပေါ်တွင် တွင်းနက်တစ်ခု ပေါ်လာပြီး အလင်းရိပ်မှ ပြုတ်ကျလာသော တိုကင်ကို ၎င်းမှ မျိုချလိုက်သည်။
စူးရှသောအသံတစ်ခု ထွက်ပေါ်လာပြီး လူတိုင်း၏နားထဲတွင် ပဲ့တင်ထပ်နေသည်။
ခဏအကြာတွင်...
လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
ပုဖန် ငရဲကမ္ဘာသင်္ဘောပေါ်မှဆင်းသက်ပြီး ခွေးဘုရင်ကို တစ်ချက်ကြည့်လိုက်သည်။
မသေမျိုး ချက်ပြုတ်ခြင်းနယ်ပယ်၏ လက်ခံသူ အသတ်ခံလိုက်ရပြီ...
ကောင်းကင်ထက်တွင် တောက်ပသော အလင်းတံခါးတစ်ခုသာ ကျန်ရှိသည်။
အဆုံးမဲ့ပင်လယ်မှ ကျင့်ကြံသူများအားလုံး ကောင်းကင်ဘုံသို့ အလျင်အမြန် တက်လှမ်းလာသည်။ အားလုံးသည် စည်ကားနေသော လူအုပ်ကြီး ဖွဲ့ကာ ထိုအလင်းတံခါးဆီသို့ ပြေးသွားကြသည်။