အပိုင်း ၉၄၂
Viewers 53k

အခန်း ၉၄၂

အချိန်အတော်ကြာ မထွက်ပေါ်လာခဲ့သော ယာယီမစ်ရှင်


နဂါးဂိတ်ဝ၏ လက်ခံသူမှာ အသတ်ခံလိုက်ရပြီ ဖြစ်သည်။ နဂါးဂိတ်ဝသို့ ဝင်ရန် မည်သူမျှ တားဆီးနိုင်မည် မဟုတ်တော့ပေ။


ဤအခိုက်အတန့်တွင် သမုဒ္ဒရာမျိုးစိတ် ကျင့်ကြံသူများအားလုံး စိတ်လှုပ်ရှားစွာ နေကြသည်။ထိုနဂါးဂိတ်ဝသည် သူတို့၏ နှလုံးသားထဲတွင် အလွန်ထူးခြားပြီး ဖော်ပြ၍မရသော နေရာတစ်ခုဖြစ်သည်။


နဂါးဂိတ်ဝသည် အခွင့်အလမ်း၏ သင်္ကေတဖြစ်သည်။ နဂါးတံခါးကို ဖြတ်ကျော်ပြီးသည့် အဓိပ္ပါယ်မှာ ၎င်းတို့သည် ပို၍ပင် သန်မာလာရန် ရှားပါးသော အခွင့်အရေး ရရှိမည် သို့မဟုတ် ထာဝရအသက်ပင် ဖြစ်နိုင်သည်။


နဂါးဂိတ်ဝအတွင်းတွင် နဂါးအစစ်၏ ခန္ဓာကိုယ်သို့ အသွင်ပြောင်းနိုင်သော အခွင့်အရေးလည်း ရရှိမည်ဖြစ်သည်။


အဆုံးမဲ့ပင်လယ်ပြင်ပေါ်တွင် မူလက လွင့်မျောနေသော ကျင့်ကြံသူများ တစ်ခဏချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။


ဝုန်း...ဝုန်း...ဝုန်း...


တောင်ကုန်းငယ်တစ်ခုကဲ့သို့ လိပ်ခွံများကို သယ်ဆောင်လာသည့် ပင်လယ်လိပ်ကြီးများ အလင်းတံခါးဆီသို့ ကူးခတ်နေကြသည်။


ဝေလငါးကြီးများလဲ ကောင်းကင်သို့ အပြေးအလွှား ပြေးထွက်လာကြသည်။


အမျိုးမျိုးသော ပင်လယ်သတ္တဝါတို့သည် ဤအခိုက်အတန့်၌ ရယူလိုမှုတို့ဖြင့် ပူလောင်ကုန်၏။ သူတို့၏ အိပ်မက်များအတွက် အလင်းတံခါးဆီသို့ ပြေးသွားကြသည်။


အသန်မာဆုံး နတ်ဆိုးဘုရင်က ပင်လယ်မျက်နှာပြင်ပေါ်တွင် ရပ်ကာ ကောင်းကင်တွင်ရှိသည့် အလင်းတံခါးကို မော့ကြည့်ကာ ခဏတာ မှင်သက်သွားသည်။


လူအိုကြီးက ခေါင်းပေါ်ရှိ ဆံပင်ဖြူများကို ထိလိုက်ပြီး တခစ်ခစ် ရယ်မောကာ သူ၏မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို ဖွင့်လှစ်ထားပြီဖြစ်သည်။ ယခု သူသည် အဆင့်မြင့် ချက်ပြုတ်ခြင်း နည်းစနစ်များကို ရရှိနိုင်ပြီး ပို၍ပင် အားကောင်းသည့် နယ်ပယ်သို့ ရောက်ရှိနိုင်ပြီ ဖြစ်သည်။


စစ်သင်္ဘောပေါ်မှ နတ်ဆိုးဘုရင် ကျင့်ကြံသူများသည်လည်း အလွန်စိတ်လှုပ်ရှားနေကြသည်။


ငရဲကမ္ဘာ သင်္ဘောပေါ်တွင် ပုဖန်နှင့် ကျန်သူများက အေးအေးဆေးဆေး ရပ်နေကြသည်။


သမုဒ္ဒရာမျိုးစိတ် ကျင့်ကြံသူများ ပိုများကာ ထိုအလင်းတံခါးဆီသို့ ချဉ်းကပ်လာသည်နှင့်အမျှ အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သော အလင်းတံခါးသည် နောက်ဆုံးတွင် ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းတစ်ခုနှင့် ပေါက်ကွဲထွက်လာသည်။


ရွှေရောင်တောက်ပ၍ ကြီးမားသော လက်ဖဝါးကြီးတစ်ခုသည် ထိုအလင်းတံခါးမှ ပစ်ခတ်လိုက်ရာ ၎င်းမှ ကြောက်မက်ဖွယ်ရာ ဖိအားများသည် လေထုအတွင်း အသက်ရှုရခက်စေပုံရသည်။


မရေမတွက်နိုင်သော ပင်လယ်သတ္တဝါများသည် ကြောက်ရွံ့မှုအပြည့်ဖြင့် ဤမြင်ကွင်းကို ကြည့်ရှုခဲ့ကြသည်။


ကြီးမားသော ရွှေလက်ဖဝါးကြီးသည် အလျားလိုက် လွင့်စင်သွားကာ ပြိုင်ဘက်ကင်းသော ဖိအားကို ယူဆောင်လာသည်။


ဤရွှေလက်ဖဝါးနှင့် ထိတွေ့မိသော မည်သည့်သတ္တဝါမဆို ချက်ချင်းပေါက်ကွဲကာ ကောင်းကင်တစ်ခုလုံးကို သွေးမြူမှုန်ဖုံးလွှမ်းမှုများ ဖြစ်ပေါ်လာသည်။


သွေးစွန်းနေသော အလောင်းများစွာသည် ကောင်းကင်မှ ပြုတ်ကျကာ ပင်လယ်ထဲသို့ ပလုံခနဲ ကျကုန်သည်။ ဤအခိုက်အတန့်တွင် အဆုံးမဲ့ပင်လယ်သည် သွေးပင်လယ်ကဲ့သို့ထင်ရသည်။


ငရဲကမ္ဘာ သင်္ဘောဘေးရှိ ရေပေါ်တွင် ရပ်နေသော မဟူရာနဂါးဘုရင်က ဤမြင်ကွင်းကို မှင်တက်စွာ ကြည့်နေခဲ့သည်။


အောင်းပိုင်နှင့် ကျန်သူများ၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားကာ သူတို့၏ နှလုံးသားထဲတွင် အေးစက်စက် လှိုင်းလုံးများ ထွက်ပေါ်လာသည်။


ကံကောင်းစွာဖြင့် သူတို့၏ အကျိုးအတွက်ကို စဉ်းစားကာ ထိုနေရာသို့အလျင်အမြန် မတက်သွားခဲ့သည့်အတွက်‌ တော်သေးသည်။ မဟုတ်ပါက သေသူသည် သူတို့ပင် ဖြစ်နေမည်။


အသန်မာဆုံး နတ်ဆိုးဘုရင်၏ တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။ တောက်ပနေသည့် ရွှေလက်ဖဝါးကို ကြည့်လိုက်ကာ သူ၏ပါးစပ်ထောင့်မှ တဆတ်ဆတ်တုန်နေသည်။


လူအိုကြီး၏ ခေါင်းပေါ်ရှိ ဆံပင်ဖြူများသည် တဖျပ်ဖျပ်လွင့်နေသည်။ သူ၏အကြည့်များ စူးရှလာသည်နှင့်အမျှ မျက်နှာပေါ်ရှိ အပြုံးများသည် တဖြည်းဖြည်း အေးခဲလာသည်။


" မြန်မြန်ပြေးကြ..."


မရေမတွက်နိုင်သော ပင်လယ်သတ္တဝါများ အရူးအမူး အော်ဟစ်နေကြသည်။ အသတ်မခံရသေးသည့် ကျင့်ကြံသူများသည် အဆုံးမဲ့ပင်လယ်ထဲသို့ ပြန်လည်ဝင်ရောက်လာသော စွမ်းအင်သစ်များနှင့် ဝေးရာကို ပြေးနေကြသည်။


နဂါးဂိတ်ဝကတော့ တကယ့်ကို နဂါးဂိတ်ဝပါပဲ...ဤနေရာကိုဖြတ်သန်းရန် လူတစ်ယောက်သည် အသက်ကိုးသက်ရှိရန်နှင့် ဆက်လက်အသက်ရှင်နေ‌ရန် လိုအပ်သည်။


"ဘာလို့ ဒီလိုတွေ ဖြစ်နေရတာလဲ..."


မဟူရာနဂါးဘုရင်မှင်သက်စွာဖြင့် ကောင်းကင်တစ်ခုလုံး သွေးများဖြင့် ရွှဲရွှဲစိုနေသည်ကို ကြည့်နေမိသည်။ သေဆုံးသွားခဲ့သော အဆုံးမဲ့ပင်လယ်သတ္တဝါအများစုမှာ သူ၏လက်အောက်ငယ်သားများဖြစ်သည်။


မဟူရာနဂါးဘုရင်ဖြစ်သည့် သူ့အတွက်ဆိုလျှင် ထိုအရာသည် ကြီးမားသော ဆုံးရှုံးမှုဖြစ်သည်...


မဟူရာနဂါးဘုရင်၏ စကားအရ သူသည် သူ၏ကမ္ဘာကြီးကို ဆုံးရှုံးသွားပြီဖြစ်သည်။ အမှန်တွင် ထိုအရာသည် ချဲ့ကားပြောနေခြင်း မဟုတ်ခဲ့ပေ...


၎င်းတို့ထဲမှ အများအပြားသည် ၎င်းတို့ရရှိနိုင်မည့် အကျိုးကျေးဇူးများကို ခေါင်းထဲသို့ အလျင်စလို ထည့်ထားခဲ့ကြသည့်အတွက် ထိုသို့သော အကျိုး‌တရားများ၏ သွေးဆောင်မှုအောက်တွင်ပင် မလှုပ်မရှားဖြင့် အများအပြား ရှိနေကြသည်။


ထို့ကြောင့် မဟူရာနဂါးဘုရင်၏ ခွန်အားအတွက် ၎င်းတို့သည် ကြီးမားသော ဆုံးရှုံးမှုတစ်ခုသာ ဖြစ်ခဲ့သည်။


" မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ ဝင်ပေါက်မှာ လက်ခံသူ မရှိတော့ပေမယ့်... အဲ့ကိုသွားဖို့က မလွယ်ကူဘူး...မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က အဘိုးကြီးတွေက ဒီနေရာကို သေမျိုးတွေ ဝင်လို့မရအောင် စည်းကမ်းချက်တွေ သတ်မှတ်ထားတယ်..." 


ခွေးဘုရင်သည် အလင်းရောင်တံခါးကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည်။


လက်ခံသူမရှိလျှင်ပင် အခြားသော ကျင့်ကြံသူများက ဆက်လက်လုပ်ဆောင်နေဦးမည်ဖြစ်သည်။


နဂါးဘုရင် အံ့အားသင့်သွားသည်။ 


"ငါတို့ ဘယ်လိုလုပ် ဝင်ကြမလဲ..."


"ဘယ်လိုဝင်မလဲ ဟုတ်လား..."


မဟူရာနဂါးဘုရင်ကို တစ်ချက်ကြည့်လိုက်စဉ် ပုဖန်၏မျက်နှာ ဖြူဖျော့နေသေးသည်။ ခဏရပ်ပြီးနောက် သူက တည်ငြိမ်စွာပြောလိုက်သည်။ 


"ဒါပေါ့ ငါတို့တွေလမ်းကို သတ်ဖြတ်ပြီး ဝင်မှာပေါ့..."


"ဟမ်..."


မဟူရာနဂါးဘုရင် လန့်သွားသည်။


ပုဖန် ဒီစားဖိုမှူးလေး... သူ့ရဲ့သတ်ဖြတ်ချင်စိတ်က ဘာလို့အရမ်း ပြင်းထန်နေရတာလဲ... ငါတို့ဒီတိုင်းထိုင်ပြီး စကားပြောနေလို့ မရဘူးလား...


" ဒီရွှေလက်ဖဝါးက တကယ်ကို သန်မာပေမယ့် ခွေးဘုရင် ရိုက်နှက်လိုက်တဲ့ ငတုံးနဲ့ယှဉ်ရင် နည်းနည်းတော့ အားနည်းတယ်... အရိုက်ခံခဲ့ရတဲ့ ကျင့်ကြံသူတွေက အားနည်းလွန်းပါတယ်” 


ခွေးဘုရင်သည် ရှင်းပြလိုက်၏။


သင့်လျော်သော ကျင့်ကြံမှု မရှိပဲ ၎င်းတို့ရရှိနိုင်သော အရာထက် သာလွန်သော အရာများကို လိုချင်တပ်မက်ခြင်း၏ ပြစ်ဒဏ်သည် မသေးငယ်လှပေ။ 


ထိုအချိန်တွင် အသန်မာဆုံးနတ်ဆိုးဘုရင်သည် အော်ဟစ်လိုက်သည်။


သူ၏ရုပ်သွင် ပင်လယ်ပြင်ပေါ်တွင် ရပ်နေသောအခါ သူသည် အသွင်ပြောင်းကာ ပိုကြီးသထက်ကြီးလာသည်။


ဟိန်းဟောက်သံနှင့်အတူ အလင်းတံခါးဆီသို့ ဦးတည်၍ ကောင်းကင်ဆီသို့ အပြေးအလွှားသွားလေသည် သူ၏သွင်ပြင်သည် လင်းလက်တောက်ပနေပုံရသည်။


အုန်း...


ရွှေလက်ဖဝါးသည် နောက်တစ်ကြိမ် တိုက်ခိုက်ခဲ့သည်။


သို့သော်လည်း အသန်မာဆုံး နတ်ဆိုးဘုရင်သည် သွေးနီရောင်မျက်လုံးများဖြင့် မကြောက်မရွံ့ဘဲ ကြီးမားသောပုဆိန်ကိုကိုင်ဆောင်ကာ ထိုရွှေလက်ဖဝါးဆီသို့ ပြေးသွားလေသည်။


ဝုန်း...


လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် အသန်မာဆုံး နတ်ဆိုးဘုရင်နှင့် ထိုရွှေလက်ဖဝါးတို့ ထိပ်တိုက်တွေ့ကြသည်။


ထိတ်လန့်တုန်လှုပ်ဖွယ် လှိုင်းလုံးကြီးတစ်ခု ချက်ချင်း ပျံ့နှံ့သွားသည်။ အလင်းရောင်သည် အလွန်တောက်ပနေသဖြင့် မျက်လုံးများကို စူးစူးရဲရဲ ထိုးဖောက်လာပုံရသည်။


အထက်မှနေ၍ အသန်မာဆုံး နတ်ဆိုးဘုရင်၏ ဒေါသ

ဖြင့် ဟိန်းဟောက်သံများ ပဲ့တင်ထပ်လာသည်။


ခဏအကြာတွင်…


ရွှေလက်ဖဝါး ဆုတ်ပြဲသွားလေသည်...


အသန်မာဆုံး နတ်ဆိုးဘုရင် ခန္ဓာကိုယ်ကို သွေးများနှင့် ဖုံးအုပ်နေသည်။ အလင်းတံခါးဆီသို့ လျှောက်လာလေသည်သူ၏ အောင်ပွဲခံရယ်မောသံများ ကျယ်လောင်လာသည်။


"မင်းအလင်းတံခါးကို ဝင်ချင်ရင် မင်းလမ်းကိုလာရှုပ်သမျှလူတွေကို နွားသိုးလို သတ်ပစ်လို့ရတယ်..."


မဟူရာနဂါးဘုရင် အနည်းငယ် အံ့အားသင့်သွားသည်။ 


" အဲဒါတကယ် အဆင်ပြေရဲ့လား... ဒီနဂါးဘုရင်က ကမ္ဘာကြီးငြိမ်းချမ်းဖို့ပဲ ဆန္ဒရှိတယ်…"


သို့သော် ဤစကားကို သူပြောပြီးသည်နှင့် မျက်လုံးထဲတွင် မယိမ်းယိုင်သော ဆုံးဖြတ်ချက်များဖြင့် လူအိုကြီးကကောင်းကင်ဆီသို့ ပြေးသွားခဲ့သည်။


ပြင်းထန်သော အရှိန်အဟုန်ဖြင့် သူသည် လေထဲသို့ ပြန်ဆုတ်သွားသည်။


အလင်းတံခါးမှ ရွှေလက်ဖဝါးကြီးတစ်ဖန် လွင့်ထွက်သွားပြန်သည်။


လူအိုကြီးက သူ၏တစ်ကိုယ်လုံး ခွန်အားကို ထုတ်လွှတ်ကာ နောက်ဆုံးတွင် ထိုရွှေလက်ဖဝါးကို ဆုတ်ဖြဲပစ်လိုက်သည်။


လူအိုကြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏အဝတ်အစားများ အပိုင်းပိုင်းကွဲသွားကာ တင်ပါးကိုမူ ဖုံးကွယ်ထား၏ ။ လူတိုင်း၏ စူးစူးဝါးဝါး အကြည့်များအောက်တွင် သူသည် အလင်းတံခါးဆီသို့ လျှောက်သွားသည်။


“မင်းတို့ လုံလောက်တဲ့ ခွန်အားမရှိဘဲ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ထဲကို ဝင်ချင်တယ်ဆိုရင်တော့ အဲဒီပင်လယ်သတ္တဝါတွေလိုပဲ အဆုံးသတ်ရလိမ့်မယ်... ဒါပေမယ့် မင်းရဲ့ ခွန်အားက လုံလောက်ရင် မင်းလမ်းကို ပိတ်ဆို့နေတဲ့ လက်ဖဝါးကို ဆုတ်ဖြဲပစ်နိုင်တယ်..."


 ခွေးဘုရင်က ပြောလိုက်သည်။


ခဏအကြာတွင် ငရဲကမ္ဘာ သင်္ဘောသည် လွင့်ပျံလာသည်။


နောက်တစ်ခဏတွင် ငရဲကမ္ဘာ သင်္ဘောသည် အနက်ရောင်အလင်းတန်းတစ်ခုဖြင့် ထိုတံခါးဆီသို့ အပြေးထွက်လာသည်။


ခွေးဘုရင် နယ်သာရီ၏ တည်ကြည်လေးနက်သော မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းရှည်ကြီး ချလိုက်သည်။


ထင်တဲ့အတိုင်းပဲ...


ငရဲကမ္ဘာသင်္ဘောက မသေမျိုး ချက်ပြုတ်ခြင်းနယ်ပယ် အနီးသို့ ချဉ်းကပ်လာသည်နှင့်အမျှ ပြင်းထန်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။


အလင်းတံခါးအတွင်းမှ ရွှေလက်ဖဝါးကြီးတစ်ခု ထွက်ပေါ်လာပြီး ပုံရိပ်ယောင် ဟင်းလင်းပြင်ကို တုန်လှုပ်စေခဲ့သည်။


အုန်း...


ထိုရွှေလက်ဖဝါးကို ကျောက်စာများဖြင့် ဖုံးအုပ်ထားသည်။ ကျောက်စာများ လှည့်ပတ်လာသည်နှင့်အမျှ ၎င်းတို့သည် လျှို့ဝှက်ဆန်းကြယ်သော အတက်အကျလှိုင်းများကို ပေးနေသည်။


သို့သော် ဤရွှေလက်ဖဝါးကိုဆန့်ကျင်၍ ခွေးဘုရင်၏ လှပသောလက်ဖဝါးကို ညင်သာစွာ မြှောက်လိုက်သည်။ တစ်ခဏအတွင်း တောက်ပနေသော လက်ဖဝါးသည် အလွယ်တကူ ကွဲကြေသွားသည် ။


ဤလက်ဖဝါးသည် ခွေးဘုရင်ကို အနှောင့်အယှက်ပေးပုံမပေါ်ပေ။


ငရဲကမ္ဘာ သင်္ဘောသည် ဖြည်းညှင်းစွာ ရွေ့လျားသွားပြီး လူတိုင်း၏ အာရုံစူးစိုက်မှုအောက်တွင် အလင်းတံခါးထဲသို့ ဝင်ရောက်လာခဲ့သည်။


ပုဖန်သည် သင်္ဘောရှေ့တွင် ရပ်နေကာ မျက်ခုံးများ အနည်းငယ် တွန့်သွားသည် ။


သူ၏မျက်လုံးများအတွင်းမှ အလင်းတံခါးသည် ပို၍ကြီးမားလာသည်။


မကြာခင်မှာပင် ပုံမှန်မဟုတ်သော အမြှေးပါးအလွှာကို ဖြတ်သွားသကဲ့သို့ လူတိုင်း ယိမ်းနွဲ့ လှုပ်ရှားနေကြသည်။


ပုဖန်၏ အကြည့်များ ရပ်တန့်သွားသည်။ သူ၏နားထဲတွင် အချိန်အတော်ကြာ မကြားခဲ့ရသော စနစ်၏ အသံသည် ပဲ့တင်ထပ်နေသည်။


"ယာယီမစ်ရှင် ကြေညာချက် : ပိုင်ရှင်က မသေမျိုးချက်ပြုတ်ခြင်း နယ်ပယ်မှာရှိတဲ့ မသေမျိုးမြို့တော်မှာ တခြားဆိုင်ခွဲတစ်ခု ဖွင့်ရမယ် မစ်ရှင်ဆု...ဓားကိုင်နည်းစနစ်/ အင်မော်တယ် ‌ဖြတ်တောက်ခြင်းနည်းလမ်း ..."


ယာယီမစ်ရှင်...


ပုဖန်သည် အနည်းငယ် စိတ်ပျက်သွားသည်။ သူသည် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်သို့ ဝင်ရောက်လာချိန်တွင် စနစ်သည် ယာယီမစ်ရှင်တစ်ခုကို ကြေညာမည်ဟု မထင်ထားခဲ့ပေ။


ယာယီမစ်ရှင်ကိုကြားပြီးနောက် ပုဖန်သည် သူ၏နှလုံးသား ကျုံ့သွားသလို ခံစားလိုက်ရသည်။


နောက်တစ်ခဏတွင် အလင်းတံခါးအတွင်း၌ အရာအားလုံးသည် အလင်းကို ကျော်လွန်သွားသကဲ့သို့ ကျိုးပဲ့နေသောအရှိန်ဖြင့် ချီတက်နေပုံရသည်။


ပတ်ဝန်းကျင် ကောင်းကင်တစ်ခုလုံး ကြယ်ရောင်များဖြင့် ပြည့်နှက်ပြီး တောက်ပနေသည်။


...


အလင်းတံခါး၏ အပြင်ဘက် အဆုံးမဲ့ပင်လယ်


ဤအခိုက်အတန့်တွင် အလင်းတံခါးသည် လျှပ်တပြက် အလင်းရောင် ဖြာထွက်နေကာ အထက်တွင် ငြိမ်သက်စွာ ရပ်နေသည်။ သို့သော် မကြာမီ ကွယ်ပျောက်သွားမလို မှေးမှိန်စပြုလာသည်ကို လူတိုင်း ခံစားနိုင်သည်။


နဂါးဂိတ်ဝသည် ပိတ်နေပြီဖြစ်သည်။


"အရှင် မဟူရာနဂါးဘုရင်ကြီး နဂါးဂိတ်ဝက ပိတ်နေပြီ ထင်တယ်..."


ချီတုံချတုံဖြစ်နေသော မဟူရာနဂါးဘုရင်ကိုကြည့်လျက် အောင်းပိုင် သတိပေးလိုက်သည်။


မဟူရာနဂါးဘုရင် ခေါင်းကိုလှည့်၍ အောင်းပိုင်ကို အသက်မဲ့စွာ ကြည့်နေသည်။ သူ၏ ခေါင်းပြောင်ကြီးသည် အလင်းရောင်နှင့် ရောင်ပြန်ဟပ်နေပုံ ရသည်။


"ငါသိတယ်… အဆုံးမဲ့ပင်လယ်ရဲ့ အနာဂတ်ကို မင်းတို့ဆီ ငါလွှဲပေးခဲ့မယ် ... ဒီနဂါးဘုရင်က ဘုရင့်သမီးတော်နောက်ကို လိုက်ပြီးတော့ ပြန်ခေါ်လာခဲ့မယ်..."


နောက်တစ်ခဏတွင် သူ၏အသွင်သည် ကောင်းကင်ဆီသို့ ပြေးသွားတယ်။


မဟူရာနဂါးဘုရင်သည် အနက်ရောင်နဂါးကြီးအဖြစ်သို့ ပြောင်းလဲသွားသောအခါတွင် ကျယ်လောင်ပြတ်သားသော နဂါးအော်သံကြီး ထွက်ပေါ်လာသည်။


ပါးစပ်ကိုဖွင့်၍ လက်သည်းများကို လှုပ်ရှားပြီး လေထဲတွင် လှည့်ပတ်ပြီး အလင်းတံခါးဆီသို့ ပြန်သွားသည်။


သို့သော် သူသည် အလင်းတံခါးထဲသို့ ဝင်ခါနီးတွင်...


အနက်ရောင်ပုံသဏ္ဌာန်တစ်ခုသည် ဝှစ်ခနဲ မဟူရာနဂါးဘုရင်ရှေ့သို့ ဖြတ်ပြေးသွားသည်။


"ဘာလဲဟ... ဒီနဂါးဘုရင်က နဂါးဂိတ်ဝကို ဖြတ်သွားဖို့ လုပ်နေတာ မင်းမမြင်ဘူးလား...ယဉ်ကျေးတဲ့လူလို ဘယ်လိုတန်းစီရမလဲ မသိဘူးလား..."


ဒေါသတကြီး ကျိန်ဆဲလျက် မဟူရာနဂါးဘုရင်၏ မျက်နှာသည် မှုန်မှိုင်းသွားသည်။


အောက်တွင် မဟူရာနဂါးဘုရင်၏ နတ်ဘုရားပြကွက်ကို စောင့်မျှော်နေသော သမုဒ္ဒရာမျိုးစိတ် ကျင့်ကြံသူများသည် စကားမပြောနိုင်ဘဲ ၎င်းတို့၏မျက်နှာများကို အုပ်ထားကြသည်။


သူတို့သည် နဂါးဘုရင်အတု၏နောက်သို့ လိုက်ခဲ့ကြခြင်း ဖြစ်လိမ့်မညိ။


ရုတ်တရက် နဂါးဘုရင်၏ ကျိန်ဆဲခြင်းသည် ရပ်သွားသည်။


အဘယ်ကြောင့်ဆိုသော် သူ၏ရှေ့ရှိ အနက်ရောင်ပုံရိပ်သည် အင်အားမစိုက်ထုတ်ပဲ လက်ညိုးညွှန်ပြကာ ရွှေလက်ဖဝါးကို ကွဲအောင်လုပ်လိုက်သောကြောင့်ဖြစ်သည်။ ခွေးနက်နဲ့ ယှဉ်ရင် ဒီ အနက်ရောင် အကောင်က သာလွန်နေနိုင်တယ်...


အလှည့်ကျော်လာသူသည် ကြောက်စရာကောင်းသော ကျင့်ကြံသူ ဖြစ်နေခြင်းလား...


လက်ဖဝါးသည် အစိတ်စိတ်ကွဲသွားပြီးနောက် ထိုလူသည် ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ လှည့်လိုက်သည်။ သူ၏ မှုန်ကုပ်ကုပ် အကြည့်များက နဂါးဘုရင်ဆီကျရောက်နေသည်။


 " ညီနောင်ရေ တောင်းပန်ပါတယ်...ဒီဘုရင် အလျင်လိုနေလို့ သွားနှင့်မယ်နော်..."


ထိုစကားကို ပြောပြီးနောက် မှုန်ကုပ်ကုပ် မျက်နှာဖြင့် အလင်းတံခါးထဲသို့ ချက်ခြင်း ပြေးသွားခဲ့သည်။


မဟူရာနဂါးဘုရင် အံသြသွားသည်။


ဒီလို လှည့်စားမှုမျိုး တကယ်ရှိတာလား...


ပြီးတော့ အဲ့ဒီလူက ဘယ်သူလဲ...


ပုန်းကွယ်နဂါးတိုက်ကြီးမှ ဤအဆင့်ရှိတဲ့ ကျင့်ကြံသူ တစ်ဦးများလား...


မဟူရာနဂါးဘုရင်၏ မျက်နှာသည် ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေသည်။ ယခင်က သူသည်သန်မာသည်ဟု ထင်ခဲ့သော်လည်း ယခုကိစ္စများကို ကြည့်ခြင်းဖြင့် သူသည် အရမ်းအားနည်းနေပုံရသည်။


အလှည့်ကျော်လာသော ကြုံရာလူက သူ့ထက် ပိုသန်မာနေသည်။


ဝေါင်း...


နဂါးအော်သံနှင့်အတူ မဟူရာနဂါးဘုရင်သည် ကောင်းကင်ဘုံဆီသို့ ပြေးလာခဲ့သည်။ ဤတစ်ခါတွင် မည်သူမျှ မတားကြပေ။


မဟူရာနဂါးဘုရင်သည် အရူးအမူး လေချွန်ကာ လှိုင်းလုံးများဖြင့် ကောင်းကင်တစ်ခုလုံးကို နှိုးဆော်ထားသည်။ ထို့နောက် သူသည် ရွှေလက်ဖဝါးပေါ်သို့ လှိုင်းလုံးကြီးများကို လွှတ်လိုက်သည်။


ခဏအကြာတွင်...


အနက်ရောင် အကြေးခွံများစွာသည် ကောင်းကင်မှ လွင့်ပျံလာသည်။


ရွှေလက်ဖဝါးသည် အတွင်းမှ ထွက်လာသည်။


"သမီးလေး... မင်းရဲ့အဖေ မဟူရာနဂါးကြီး လာနေပြီ..."


မဟူရာနဂါးဘုရင်၏အော်သံနှင့်အတူ အလင်းတံခါးသည် တဖြည်းဖြည်းပျောက်သွားပြီး နောက်ဆုံးတွင် ပျောက်ကွယ်သွားသည်...



ငရဲကမ္ဘာ သင်္ဘောသည် အလင်း၏အမြန်နှုန်းကို ကျော်လွန်သွားသကဲ့သို့ လျင်မြန်စွာ ခုန်ဆင်းသွားသည်။ အရှိန်မလျှော့ခင်မှာပင် အချိန်အတော်ကြာအောင် ကုန်ဆုံးသွားသည်။


နောက်ဆုံးတွင် သူတို့၏ ခရီးသည် ပြီးဆုံးတော့မည်ဟု ထင်ရသည်။


ခွေးဘုရင် ငရဲကမ္ဘာ သင်္ဘောပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။ ဇက်ကျိုးသွားစေနိုင်သည့်အရှိန်မှာ သူ့အား နည်းနည်းလေးမျှ အနှောင့်အယှက်ဖြစ်ပုံမပေါ်ပေ။


တစ်ဖက်တွင် နယ်သာရီ၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့သွားခဲ့သည်။ သူမ၏ကိုယ်ကို မှီ၍ ရင်ဘတ်ကို အထပ်ထပ်အခါခါ ပွတ်သပ်နေသည်။


 ခွေးဘုရင်၏ပေါင်ကို ပွေ့ဖက်ထားသော ပန်းပွင့်လေးက မူးနောက်နောက် ခံစားနေရသည်။


အမှန်ပင် ဤအလင်းအမြန်နှုန်းဖြင့် ခရီးသွားခြင်းသည် စိတ်နှလုံးကို ထိခိုက်စေသည်။


ဤအချိန်ကို အခွင့်ကောင်းယူပြီး ပုဖန်သည် ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။


ဤအရာကိုမြင်လိုက်ရသောအခါ သူ၏မျက်ခုံးများ အလိုလို တွန့်ချိုးသွားသည်။


ငရဲကမ္ဘာသင်္ဘောသည် အစိမ်းရင့်ရောင် ရေကန်ကြီး၏ အလယ်တွင် လွင့်မျောနေသည်။


သူတို့၏ ပတ်ပတ်လည်တွင် နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ် အဆင့်ထက်နိမ့်သော ကျင့်ကြံသူများ၏ ကြောက်စရာကောင်းသော စွမ်းအင်များ ပျံ့နှံ့နေပြီး သူတို့ကို ဝိုင်းထားကြသည်။ လက်နက်များ ကိုင်ဆောင်လျက် ငရဲကမ္ဘာသင်္ဘောကို ဝိုင်းရံထားကြသည်။


ထိုလူများသည် ငွေရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ကြသည်။ သင်္ဘောကို စိုက်ကြည့်လျက် သူတို့မျက်နှာများ တင်းမာနေပုံရသည်။


ထိုလူတို့၏ ခန္ဓာကိုယ်မှ သတ်ဖြတ်ချင်စိတ်များကို ပုဖန် ခံစားမိသည်။