အခန်း ၉၄၄
မသေမျိုးစားဖိုမှူး၊ ချီလင်းစားဖိုမှူးနှင့် နတ်ဘုရားစားဖိုမှူး
" အစပ်ချောင်း ခုနစ်ချောင်းလား... ဒါဆို အပေးအယူ ဖြစ်ပြီ..."
ပုဖန်ဆီမှ ခေါင်းညိတ်ပြီး သဘောတူကြောင်း ကြားလိုက်သည်နှင့်တစ်ပြိုင်နက် ငရဲဘုရင်အာဟသည် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ရွှင်မြူးမှုကို ထုတ်ဖော်လိုက်ရာ သူ၏မျက်လုံးများ တောက်ပလာသည်။ အချိန်မဖြုန်းပဲနှင့် သူ၏ပုံရိပ်မှာ ချက်ချင်းဆိုသလို ရှေ့သို့ တိုးလာသည်။
ငရဲဘုရင်အာဟ ဟာရီကိန်းမုန်တိုင်းတစ်ခုကဲ့သို့ ဖြတ်ကျော်သွားသည်ကို မြင်လိုက်ရပြီးနောက် မဟူရာနဂါးဘုရင်၏ ပြောင်နေသောဦးခေါင်း အေးစက်သွားသည်။
ဘယ်လိုကြီးလဲ...
မဟူရာနဂါးဘုရင် ထူးထူးဆန်းဆန်း ကြည့်နေသည်။
ဒီကောင့်ကို အမှန်တကယ် စိတ်လှုပ်ရှားအောင် လုပ်သွားတဲ့ ရှူးရှဲအစပ်ချောင်းဆိုတာ ဘာကြီးလဲ...
ငရဲဘုရင်အာဟ၏ ခြေဖဝါးများသည် ရေကန်၏မျက်နှာပြင်ပေါ်သို့ နင်းသွားကာ သူ၏ပုံရိပ်သည် ထိုငွေရောင်သံချပ်ကာနှင့် ကျင့်ကြံသူများဆီသို့ ညှင်သာစွာပျံဝဲသွားသည်။
ငွေသံချပ်ကာနှင့် ခေါင်းဆောင်၏ မျက်လုံးများ တင်းမာသွားပြီးနောက် ဒေါသလှိုင်းများ ပျံ့နှံ့လာသည်။
"သေစမ်း..."
ငွေသံချပ်ကာနှင့် ခေါင်းဆောင်၏ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအင်များသည် အလွန်လျင်မြန်စွာ မြင့်တက်လာပြီး ပူလောင်သော နေရောင်တစ်ခုကဲ့သို့ ဖြစ်သွားသည်။
ရှည်လျားသောလှံကို ငရဲဘုရင်အာဟဆီသို့ ချိန်ရွယ်၍ ထောင်ပေါင်းများစွာသော ရေများလွှင့်စင်စေလျက် ထိုးချလိုက်သည်။
သို့သော် ငရဲဘုရင်အာဟအတွက် ဤလူများသည် ရှူးရှဲအစပ်ချောင်းရရှိစေမည့် အလဲအလှယ်ပစ္စည်းများသာ ဖြစ်သည်။
ပုဖန်၏ အပြောအရ သူတို့ကို ရိုက်နှက်ခြင်းသည် အဆင်ပြေ၏။
အနက်ရောင် ငရဲစွမ်းအင်များ တစ်ဟုန်ထိုး တက်လာပြီး သူ၏လက်နှစ်ဖက်ကို လှည့်ပတ်နေသည်။ နောက်အခိုက်အတန့်တွင် ငရဲဘုရင်အာဟသည် အနက်ရောင်အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
"ငရဲဘုရင်ရဲ့အဝတ်ချွတ်လက်ချောင်း... အဝတ်တွေကို ချွတ်ဖို့ လက်တစ်ချောင်း..."
ငရဲဘုရင်အာဟဆီမှ တင်းမာပြီး လေးနက်သောအသံ ထွက်ပေါ်လာသည်။
ခဏခန့် ငွေသံချပ်ကာ ကျင့်ကြံသူများ စိတ်ရှုပ်ထွေးသွားသည်။
အဝတ်အစားချွတ်တဲ့ လက်ချောင်းတဲ့လား... အဲ့တာဘယ်လို ဟာသကြီးလဲ...
အနက်ရောင် ကြယ်တံခွန်တစ်ခု ဖြတ်သန်းသလို ထင်လိုက်ရပြီးနောက် ငွေရောင်သံချပ်ကာ ကျင့်ကြံသူများက ၎င်းအား အဝတ်ချွတ်ခြင်းဟုခေါ်သည့် အကြောင်းရင်းကို လျင်မြန်စွာ နားလည်သဘောပေါက်ခဲ့ကြသည်။
ဤသည်မှာ စင်စစ်အားဖြင့် မနှစ်မြို့ဖွယ်ကောင်းသော နည်းလမ်းဖြစ်သည်။
ထိုကျင့်ကြံသူများ၏ ငွေရောင်ချပ်ဝတ်တန်ဆာသည် ကွဲကြေသွားကာ ၎င်းတို့၏ ဗလာကိုယ်ထည်များကို ဖော်ထုတ်ပြသလိုက်သည်။
သူတို့အပေါ် သို့ အေးစက်စက်လှိုင်းများ မှုတ်ထုတ်လိုက်ချိန်တွင် ငွေရောင်သံချပ်ကာ ကျင့်ကြံသူများသည် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေသည့် မျက်နှာများနှင့် သူတို့၏ ခြေထောက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကြသည်။
" ချီးပဲ...ဒီလူက တကယ့် အဖျက်သမားကြီးပဲ..."
နဂါးဘုရင် စကားမဆိုနိုင်လောက်အောင် အလွန်တုန်လှုပ်သွားခဲ့သည်။
ဒီလိုနည်းလမ်းမျိုးကို သုံးပြီး တိုက်ခိုက်လို့ ရတယ်ပေါ့...
နပေါဦး...
မဟူရာနဂါးဘုရင်သည် တစ်ခုခုကို တွေးနေပုံရပြီး ပန်းပွင့်လေးကို ကြည့်ရန် ခေါင်းကို လှည့်လိုက်သည်။
"သမီးလေး... မြန်မြန် မျက်လုံးကိုပိတ်ထား... ဒီမြင်ကွင်းက ကလေးတွေအတွက် မသင့်တော်ဘူး..."
ပန်းပွင့်လေး ကြားသောအခါ အလိုအလျောက်ပင် လက်နှစ်ဖက်ကို မြှောက်၍ မျက်လုံးကို အုပ်ထားလိုက်သည်။ သို့သော် အနည်းငယ် တွေးတောပြီးနောက် စိတ်ဝင်တစားဖြင့် လက်များကြားထဲမှ ကြည့်လိုက်သည်။
ငရဲဘုရင်အာဟက ပန်းများကြားတွင် ကခုန်နေပုံရသည်။ သူ၏ လက်ချောင်းတိုင်းသည် ကျင့်ကြံသူတိုင်း၏ သံချပ်ကာကို ကွဲကြေစေလိမ့်မည်။
စစ်သေနာပတိနယ်ပယ်မှ ကျင့်ကြံသူ၏ မျက်နှာသည် ချက်ချင်းပင် မည်းမှောင်သွားသည်။
သူ၏လက်အောက်ငယ်သားများ… အမှန်တကယ်ပင် ဤနည်းဖြင့် ဆုတ်ခွာပေးလိုက်ရသည်။
သူ၏လှံရှည်ဖြင့် ထိုးဖောက်ပြီး ၎င်းပတ်ပတ်လည်တွင် လှည့်ပတ်နေသော နဂါးအရိပ်တစ်ခု ရှိနေပုံရသည်။
ဤ စစ်သေနာပတိနယ်ပယ်မှ ကျင့်ကြံသူကြောင့် ငရဲဘုရင်အာဟ အနည်းငယ် လေးလေးနက်နက်ဖြစ်လာတယ်။ သို့သော် သူသည် လက်ချောင်းတစ်ချောင်းကို သာ အသုံးပြုနေဆဲဖြစ်သည်။
ငရဲဘုရင်အာဟ၏ မျက်နှာသည် တင်းမာလာသည်။ သူသည် စစ်သေနာပတိနယ်ပယ်မှ ကျင့်ကြံသူကို လေးစားမှုပြသရန် ဤတစ်ခုတည်းသောလက်ချောင်းကို အသုံးပြုမည်ဖြစ်သည်။
ဝုန်း...
သူ၏လက်ချောင်းသည် လှံရှည်နှင့် ထိသွားသည်။ စစ်သေနာပတိနယ်ပယ် ခေါင်းဆောင်၏ ကျုံ့နေသော မျက်လုံးများအောက်တွင် သူ၏ လှံရှည်သည် စက္ကန့်ပိုင်းအတွင်း လိမ်သွားသည်။
ထိပ်ပိုင်းအထိ လိမ်နေပြီးနောက် ကျိုးသွားသည်။
ဘုန်း...
ထိုလှံရှည် ချက်ခြင်း ကွဲအက်သွားကာ စစ်သေနာပတိနယ်ပယ်ရှိ ကျင့်ကြံသူ၏ ချပ်ဝတ်တန်ဆာနှင့် အဝတ်များလည်း ပေါက်ကွဲသွားသည်။
သူ နောက်ပြန်ဆုတ်သွားပြီး လေထဲ၌ လှည့်ပတ်၍ တုန်ခါသွားကာ ရေကန်ထဲသို့ ပြင်းပြင်းထန်ထန် ရိုက်ချခံလိုက်ရသည်။
ငရဲဘုရင်အာဟ၏ မျက်နှာသည်လည်း ရှုံ့မဲ့သွား၏။ လက်ညိုးကို လှမ်းဆွဲလိုက်ကာ မျက်နှာသည်လည်း တုန်လှုပ်နေ၏ ။
စစ်သေနာပတိနယ်ပယ်၏ ကျင့်ကြံသူဆိုသည့်အတိုင်းပင်... ထိုလှံရှည်သည် သူ၏လက်ချောင်းကို အနည်းငယ် နာကျင်စေသည်။
ဝှစ်...
ရေကန်အတွင်းမှ အဝတ်မပါသော ကျင့်ကြံသူခေါင်းဆောင်သည် အနက်ရောင်မျက်နှာဖြင့် တွားသွားကာ ထွက်လာသည်။
သူ ငရဲဘုရင်အာဟကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်။ ဤလူအုပ်စုကြားတွင် ဤမျှ စွမ်းအားကြီးသော တည်ရှိမှုမျိုး ရှိလိမ့်မည်ဟု မည်သူက ထင်မည်နည်း...
ဤကျင့်ကြံမှု… ဤပုဂ္ဂိုလ်သည် စစ်မှန် မသေမျိုးနယ်ပယ်သို့ ရောက်နှင့်ပြီးသွားသည်လား...
ဒီလိုဖြစ်ပုံရတယ်… တကယ်ပဲ အမှန်ဆိုရင် သခင်ကြီး ထုံချန်းကို ချက်ချင်းအကြောင်းကြားရမယ်...
လူအုပ်စုတစ်စုတွင် စစ်မှန်သော မသေမျိုးနယ်ပယ်မှ ကျင့်ကြံသူတစ်ဦး ရှိမည်ဆိုသည်မှာ ... စိတ်ကူးရခက်သည်။
ကျင့်ကြံသူခေါင်းဆောင်သည် ဆက်လက် မတိုက်ခိုက်တော့ပေ။
အကယ်၍ ငရဲဘုရင်အာဟသည် စစ်မှန်သော မသေမျိုးနယ်ပယ်မှ တည်ရှိမှုတစ်ခု ဖြစ်ခဲ့ပါက ၎င်းတို့အဖွဲ့ ဤသေမျိုးများကို ဖယ်ရှားလိုခြင်းသည် အိမ်မက်တစ်ခုသာ ဖြစ်လိမ့်မည်။ ဤနေရာတွင် သူတို့၏အသက်ကိုစွန့်မည့်အစား သခင်ကြီးထုံချန်းအား သတင်းပို့ရန်လည်း ပြန်သွားရမည်။
ထို့ကြောင့် စစ်သေနာပတိနယ်ပယ်မှ ကျင့်ကြံသူသည် စကားတစ်ခွန်းမျှ မပြောဘဲ သူ၏ခန္ဓာကိုယ်ကို လှည့်ကာ အမိန့်ထုတ်ပြီးနောက် သူ၏တင်ပါးဗလာဖြင့်အဝေးသို့ ပြေးသွားခဲ့သည်။
အခြားကျင့်ကြံသူများလည်း ချက်ချင်းပင် တုံ့ပြန်လိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်များကို လှည့်ကာ ဖြူဖွေးသောတင်ပါးများ တလှုပ်လှုပ်နှင့် ထွက်ပြေးသွားကြသည်။
အမ်... သူတို့ ဒီလိုပဲ ပြေးသွားတာလား...
စိတ်ဝင်စားစရာလည်း မကောင်းဘူး... မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်သည် သူတွေးထားသလောက် မထူးခြားပေ။
ငရဲဘုရင်အာဟ အရူးအမူးပြေးနေသော လူအုပ်စုကို ကြည့်ကာ ဆံပင်များကို သပ်တင်လိုက်သည် ။
ဘုန်း...
ရုတ်တရက် ငရဲဘုရင်အာဟ အေးခဲသွားပြီး ရှေ့ကို မယုံနိုင်စွာ စိုက်ကြည့်လျက် သူ၏မျက်လုံးများ ပြူးထွက်သွားသည်။
အကွာအဝေးတစ်ခုတွင်
ကောင်းကင်တစ်ခုလုံးပြည့်နေသော ငရဲစွမ်းအင်များသည် ပုံရိပ်ယောင် ဟင်းလင်းပြင်ကြီးထဲတွင် ပေါင်းစပ်သွားပြီး ကြီးမားသော ခွေးလက်ဖဝါးအဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုလက်ဖဝားသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ဆုပ်ကိုင်ထားကာ ပုံရိပ်ယောင် ဟင်းလင်းပြင်ကို တုန်လှုပ်သွားစေခဲ့သည်။
ထိုအရာ၏ အောက်တွင်ရှိသော အဝတ်ဗလာနှင့် ကျင့်ကြံသူများသည် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေသည်။
စစ်သေနာပတိနယ်ပယ် ခေါင်းဆောင်၏ မျက်လုံးများ ပြူးသွားကာ သူ၏အသွင်သည် နေရာတွင်ပင် အေးခဲသွားသည်။
ဘုန်း...
ထိုခွေးလက်ဖဝါးသည် ပုရွက်ဆိတ်သာသာ ကျင့်ကြံသူများကို ရိုက်နှက်ဆုံးမသည်ကို လုံးဝမတွန့်ဆုတ်ခဲ့ပေ။
ပရိသတ်များ၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် ထိုကျင့်ကြံသူများသည် သွေးစွန်းနေသော ပျော့ဖတ်များကဲ့သို့ ရိုက်ချိုးပစ်လိုက်ကြသည်။ သံသယမရှိဘဲ သူတို့အားလုံး ချက်ချင်း အသတ်ခံခဲ့ရသည်။
ပုဖန်နှင့် ကျန်သူများသည် ထိုကျင့်ကြံသူအုပ်စုကို ကြောင်အအဖြင့် စိုက်ကြည့်နေကြသည်။ ထို့နောက် သူတို့သည် ခက်ခက်ခဲခဲ ခေါင်းလှည့်ကာ ကုန်းပတ်ပေါ်တွင် လှဲနေပြီး လက်ဖဝါးကို ဖြည်းညှင်းစွာ ပြန်ဆုတ်သွားသော ခွေးဘုရင်ကို ကြည့်ကြသည်။
ခွေးဘုရင်သည် လက်သည်းများကို လျက်နေသည်။ မျက်လုံးများကိုရွေ့လျားလျက် သံလိုက်ကဲ့သို့ဆွဲဆောင်မှုရှိသော အသံနှင့် ပြောလိုက်သည်။
" မသေမျိုး ချက်ပြုတ်ခြင်းနယ်ပယ် မှာဆိုရင် ပေါင်းပင်စိုက်တဲ့အခါမှာ အမြစ်တွေကို ဖယ်ရှားရမယ်… မဟုတ်ရင် အများကြီး ဒုက္ခဖြစ်စေလိမ့်မယ်..."
ပေါင်းပင်စိုက်ပျိုးရာတွင် အမြစ်များကို ဖယ်ရှားခြင်း...
အားလုံးက အေးစက်သောလေကို ရှုရှိုက်ရင်း ခေါင်းညိတ်လိုက်ကြသည်။
" ကောင်လေးပုဖန် မင်းဒီ ခွေးဘုရင်ကို နဂါးနံရိုး ချိုချဉ် အကြွေးတင်သွားပြီ..."
ခွေးဘုရင်က ပြောလိုက်သည်။
သူပြောနေသည့် အချိန်တွင် ပါးစပ်များကို ကျယ်လောင်စွာ ဖွင့်ထားသော မဟူရာနဂါးဘုရင်ကို အဓိပ္ပါယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်သည်။
မဟူရာနဂါးဘုရင်သည် သူ၏ ခန္ဓာကိုယ်တွင်ရှိသော ကြေးခွံများပင် ကျုံ့သွားသည်ဟု ခံစားလိုက်ရသည်။
ငပျင်းခွေး... ဒီနဂါးဘုရင်ကို မင်းဘာကြည့်တာလဲ... မင်းမှာ တခြားလုပ်စရာ မရှိဘူးလား... ဒီဘုရင်က စားစရာ မဟုတ်ဖူး...
နဂါးဘုရင်သည် စိတ်ထဲတွင် အော်ဟစ်မြည်ကြွေးနေသည်။
ဒီခွေးနက်က တကယ်ပြောနေတာလား...
ဒီခွေးက ဘယ်လို မသေမျိုးသူတော်စင်လဲ...
ငရဲဘုရင် သူ၏လက်ချောင်းများကို ပွတ်သပ်ကာ ခွေးဘုရင် သတ်ခဲ့သော လူအုပ်စုကို စူးစူးစိုက်စိုက် ကြည့်နေသည်။ မတူညီသည့် ကမ္ဘာများတွင် မတူညီသော အခြေအနေများ တကယ်ကို ရှိသည်ပင်...
နောက်ဆုံးတွင် ခွေးဘုရင်သည် ယခင်က မသေမျိုး ဟင်းချက်ပြုတ်ခြင်းနယ်ပယ်တွင် နေထိုင်ခဲ့သည်။ ထို့ကြောင့် ဤသို့သော အခြေအနေမျိုးတွင် သူ၏စကားသည် ပို၍ လေးနက်လာသည်။
ပေါင်းပင်များ၏ အမြစ်များကို ဖယ်ထုတ်ရန် လိုအပ်သည်ဟု သူပြောခဲ့သောကြောင့် သူ့တွင် သဘာဝအလျောက် အကြောင်းပြချက်များ ရှိလိမ့်မည်။
ကြည့်ရတာ… ဒီဘုရင်ဟာ အနာဂတ်မှာ ပေါင်းပင်တွေရဲ့ အမြစ်ကို ဖယ်ရှားဖို့ သင်ယူရမဲ့ ပုံပါပဲ...
ငရဲဘုရင်အာဟသည် လေးနက်သော အတွေးများ ရှိခဲ့သည်။ သို့သော် သူရခဲ့သော ရှူးရှဲအစပ်ခုနစ်ချောင်း အကြောင်း တွေးလိုက်သောအခါတွင် သူ၏နှလုံးသားမှာ ပီတိဖြစ်ခဲ့ရသည်။
ပုဖန်သည်လည်း အတွေးထဲ နစ်မြုပ်နေသည်။ ထိုလူများကို ခွေးဘုရင်သည် သူ့သဘောနှင့်သူ သတ်ပစ်ခဲ့ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ထိုလူများသည် ပြန်သွား၍ သတင်းပို့မည်ဆိုပါက အမှန်ပင် ဒုက္ခရောက်ကြလိမ့်မည်။
မသေမျိုး ချက်ပြုတ်ခြင်းနယ်ပယ်သည် ခွေးဘုရင်ကို စိတ်အနှောက်အယှက်ဖြစ်စေမည့် ကမ္ဘာတစ်ခုဟု ထင်ရသည်။
...
မသေမျိုး ချက်ပြုတ်ခြင်းနယ်ပယ်သည် အနှိုင်းမဲ့ ကျယ်ပြောပြီး ထူးခြားလှသည်။
ငါးကျော့ကောင်းကင်ဘုံ ဟုခေါ်သော အလွှာငါးခုရှိပြီး ၎င်းတို့သည် ကြီးမားသော ကွန်ရက်ကြီးငါးခုကို ပေါင်းထားသကဲ့သို့ ဖြစ်နေသည်။
ကွန်ရက်တိုင်းသည် တိုက်ကြီးတစ်ခုဖြစ်ပြီး တိုက်ကြီးငါးခုသည် ၎င်းတို့အားလုံးကို ဖြတ်သန်းဆက်နွယ်နေသော နတ်သစ်ပင်ကြီးတစ်ခုဖြင့် ချိတ်ဆက်ထားသည်။
မသေမျိုး ချက်ပြုတ်ခြင်းနယ်ပယ်မှ လူများက ထိုသစ်ပင်ကို မသေမျိုးသစ်ပင်ဟု ခေါ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုသစ်ပင်တွင် ပါဝင်ပစ္စည်းများ အမျိုးအစားများစွာ ပေါက်ရောက်သောကြောင့်ဖြစ်သည်။
မှန်ပါသည်... ပါဝင်ပစ္စည်းများသည် ထိုသစ်ပင်ပေါ်၌ ပေါက်ရောက်ကြသည်။
ဝိညာဉ်အသီးများ သာမက အသားအမျိုးအစား ပါဝင်ပစ္စည်းများပါရှိပြီး ၎င်းတို့အားလုံးတွင် မသေမျိုးစွမ်းအင်များပါရှိသည်။ ချက်ပြုတ်ပြီးမှသာ ထိုပါဝင်ပစ္စည်းများအတွင်းမှ မသေမျိုးစွမ်းအင်ကို စုပ်ယူနိုင်ပြီး ပြုစုပျိုးထောင်ရန်အတွက် အသုံးပြုနိုင်မည် ဖြစ်သည်။
ထို့ကြောင့် မသေမျိုး ချက်ပြုတ်ခြင်းနယ်ပယ်တွင် စားဖိုမှူးများသည် ပင်မရေစီးကြောင်းဖြစ်သည်။
ထို့အပြင် မသေမျိုးသစ်ပင်မှ ပါဝင်ပစ္စည်းများကို ချက်ပြုတ်နိုင်သော စားဖိုမှူးများသည် မရေမတွက်နိုင်သော လူများ နောက်မှလိုက်ခြင်း ခံရမည်ဖြစ်သည်။
မသေမျိုး ချက်ပြုတ်ခြင်းနယ်ပယ်တွင် စားဖိုမှူးများသည် မတူညီသောအဆင့်များ ရှိကြပြီး မသေမျိုး မြို့တော် တိုင်းတွင် စားဖိုမှူးများအား အဆင့်ပေးခြင်းအတွက် အထူးပြုလုပ်ထားသော နေရာသည် မသေမျိုး မီးဖိုချောင် အဆောက်အဦး ဖြစ်သည်။
မသေမျိုး မီးဖိုချောင် အဆောက်အဦး၏ အသိအမှတ်ပြုမှုကို ရရှိသော စားဖိုမှူးများသာ လုပ်ငန်းဖွင့်ခွင့်နှင့် မသေမျိုးသစ်ပင်မှ ပါဝင်ပစ္စည်းများကို ရယူပိုင်ခွင့်ရှိသည်။
မသေမျိုး ချက်ပြုတ်ခြင်းနယ်ပယ်တွင် စားဖိုမှူးများ၏ အဆင့်များသည် အလွန်ရှုပ်ထွေးခြင်းမရှိပေ။
အနိမ့်မှ အမြင့်အထိ—ပထမအဆင့် မသေမျိုးစားဖိုမှူး ဒုတိယအဆင့် မသေမျိုးစားဖိုမှူး တတိယအဆင့် မသေမျိုးစားဖိုမှူး ချီလင်းစားဖိုမှူး နှင့် ဒဏ္ဍာရီလာ နတ်ဘုရားစားဖိုမှူးများ ဖြစ်သည်။
ပထမအဆင့် မသေမျိုးစားဖိုမှူး ချက်ပြုတ်ထားသော ဟင်းလျာများတွင် မသေမျိုး စွမ်းအင်စီးကြောင်းတစ်ကြောင်း ပါဝင်နေသည်ဟုဆိုလိုသည်။ ဒုတိယအဆင့် မသေမျိုးစားဖိုမှူးချက်ပြုတ်ထားသော ဟင်းလျာတွင် မသေမျိုး စွမ်းအင်စီးကြောင်း နှစ်ခု ပါဝင်သည်။
ချီလင်း စားဖိုမှူးများမှာ ၎င်းတို့၏ ဟင်းလျာများအတွင်း ပါဝင်သော အရာများသည် မသေမျိုး စွမ်းအင် မဟုတ်တော့ဘဲ စစ်မှန်သော ဥပဒေသများကြောင့် မသေမျိုး စွမ်းအင်များ၏ ကန့်သတ်ချက်များကို ကျော်သွားသည်ဟု ဆိုကြသည်။
ဟင်းတစ်ခွက်သည် ကောင်းကင်နှင့် မြေကြီးကိုပင် လွှမ်းမိုးနိုင်သည်။
နတ်ဘုရားစားဖိုမှူးများ... ထိုသို့ထူးခြားသူများ မသေမျိုး ချက်ပြုတ်ခြင်းနယ်ပယ်တွင် မပေါ်ထွန်းလာသေးပေ။
မသေမျိုး ချက်ပြုတ်ခြင်းနယ်ပယ်ရှိ ချီလင်း စားဖိုမှူးများသည် မသေမျိုး မြို့တော်ကြီးငါးခု၏ မြို့အရှင်သခင်များဖြစ်သည်။ ၎င်းတို့သည် မသေမျိုး ချက်ပြုတ်ခြင်း နယ်ပယ်မှ ချီလင်း စားဖိုမှူးကြီးငါးဦးလည်းဖြစ်သည်။
ဤငါးယောက်သည် အဆင့်နိမ့် ချီလင်းစားဖိုမှူးများသာဖြစ်သည်။ တစ်ယောက်တည်းသောအဆင့်မြင့် ချီလင်းစားဖိုမှူးမှာ မသေမျိုးချက်ပြုတ်ခြင်း နယ်ပယ်၏ဘုံသခင်ဖြစ်သည်။
နယ်ပယ်၏ဘုံသခင်သည် နှစ်ထောင်နှင့်ချီ၍ ပေါ်မလာတော့ခြင်း တစ်ခုသာ...
ငရဲကမ္ဘာ သင်္ဘောသည် ဖြည်းညှင်းစွာ မျောပါလာသည်နှင့်အမျှ ခွေးဘုရင်သည် မသေမျိုး ချက်ပြုတ်ခြင်းနယ်ပယ်၏ အခြေအနေကို ပြောပြခဲ့သည်။
မဟူရာနဂါးဘုရင် စေ့စပ်စွာ နားထောင်လျက် ဘေးတွင် လှဲနေသည်။ ဤမျှ ကြီးကျယ်ခမ်းနားသော အတိုင်းအတာဖြင့် ဖြန့်ကျက်ထားသော ကမ္ဘာတစ်ခုဖြစ်သည်။
မသေမျိုးစားဖိုမှူး ချီလင်းစားဖိုမှူး နတ်ဘုရား စားဖိုမှူး ... သူတို့အားလုံးသည် သာမန်ဖြစ်ဟန် မတူပေ။
ဧကန်စင်စစ် ဤသည်မှာ ဒဏ္ဍာရီများဖော်ပြခဲ့သော သုခဘုံ ဖြစ်ပြီး အရသာရှိသော ဟင်းလျာများရှိရာ နေရာဖြစ်သည်။
မဟူရာနဂါးဘုရင်နှုတ်ခမ်းများကို လျက်လိုက်သည်။ ပုဖန် အစောပိုင်းမှ ကင်ထားသော ကမာကောင်များ အကြောင်းတွေးကာ စိတ်မထိန်းနိုင်တော့ပေ။
ရုတ်တရက် မဟူရာနဂါးဘုရင်က ခွေးဘုရင်ကို ကြည့်၍ ပြောလိုက်သည်။
" ခွေးဘုရင် မသေမျိုးချက်ပြုတ်ခြင်း နယ်ပယ်မှာ ပုဖန်က ဘယ်အဆင့်လဲ..."
ဤမေးခွန်းကို မေးသောအခါ ငရဲကမ္ဘာ သင်္ဘောပေါ်ရှိ လေထုသည် ချက်ချင်းပြောင်းလဲသွားသည်။
လူတိုင်း၏ မျက်လုံးများသည် ခွေးဘုရင်ထံ ရောက်သွားကြပြီး အချို့က အနည်းငယ် စပ်စုကာအချို့က လေးနက်နေကြသည်။
ပုဖန်သည်လည်း ခဏတာ တွေဝေသွားသည်။ သူ ခွေးဘုရင်၏ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်အကြောင်း ရှင်းပြချက်များတွင်သာ နစ်မြုပ်နေပြီး ထိုမေးခွန်းကို မစဉ်းစားမိချေ။
မဟူရာနဂါးဘုရင်က ထိုမေးခွန်းကို မေးပြီးသောအခါ သူသည်လည်း အနည်းငယ် သိချင်သွားသည်။
ခွေးဘုရင် ပုဖန်ကို တစ်ချက်ကြည့်ပြီးနောက် သမ်းဝေလိုက်သည်။ ထို့တောက် ငရဲကမ္ဘာ သင်္ဘောပေါ်တွင်လှဲကာ ငိုက်မျည်းလျက် ပြောလိုက်သည်။
"ဒီကောင်လေးပုဖန်က အများကြီး လိုအပ်နေသေးတယ်... သူက ပထမအဆင့် မသေမျိုး စားဖိုမှူးတောင် မဖြစ်သေးဘူး..."
သူ၏အဖြေကို ကြားပြီးနောက် အားလုံးငြိမ်သက်သွားသည်။
ပထမအဆင့် မသေမျိုးစားဖိုမှူးတောင် မဖြစ်သေးဘူးတဲ့လား...
ဟုတ်ပါတယ် ပုဖန်၏ အချက်အပြုတ်ကျွမ်းကျင်မှုကို အားလုံး ကောင်းကောင်းသိကြသည်။ သို့သော် သူ၏အရည်အချင်းသည် ပထမအဆင့် မသေမျိုးစားဖိုမှူးအဆင့်မှာပင် မရှိခဲ့ဘူးဆိုလျှင် ဤမသေမျိုး ချက်ပြုတ်ခြင်းနယ်ပယ်မှ စားဖိုမှူးများသည် မည်မျှ တော်ကြသနည်း...
ပုဖန် သက်ပြင်းရှည်ကြီး ချလိုက်သည်။ ခွေးဘုရင်ပြောသည်မှာ အမှန်ဖြစ်ကြောင်း သူသိသည်။
ပထမအဆင့် မသေမျိုးစားဖိုမှူး ချက်ပြုတ်ထားသော ဟင်းလျာများတွင် မသေမျိုး စွမ်းအင်စီးကြောင်းတစ်ကြောင်း ပါဝင်ရန်လိုအပ်ပြီး ၎င်းကို ယခုလက်ရှိတွင် သူမပြုလုပ်နိုင်သေးပေ။
သို့သော် ယနေ့သူ မလုပ်နိုင်ခြင်းသည် အနာဂတ်တွင်လည်း မလုပ်နိုင်ဟု မဆိုလိုပေ။
သူသည် ဤဆန်းကြယ်သောကမ္ဘာ အစားအသောက်ကွင်းဆက်၏ အထွတ်အထိပ်တွင် ရပ်တည်သော ဟင်းချက်နတ်ဘုရားဖြစ်မည့်သူဖြစ်သည်။ သူဒီမှာ ဘယ်လိုလုပ် ရပ်တန့်နိုင်မလဲ...
ဟင်းချက်သည့်လမ်းကြောင်းတွင် ပုဖန်သည် ဘယ်တော့မှ ရပ်တန့်မည် မဟုတ်ပေ။
သို့သော် သူဖြေရှင်းရန် ပထမဆုံးလိုအပ်သောအရာမှာ မသေမျိုး မြို့တော်တွင် ဆိုင်ခွဲဖွင့်ရန် ဖြစ်သည်။ ထိုအရာသည် စနစ်၏ ယာယီမစ်ရှင်ဖြစ်ပြီး အောင်မြင်လျှင် ဆုရရှိမည်ဖြစ်သည်။
မစ်ရှင်ဆုမှာ ဓားကိုင်နည်းစနစ် အင်မော်တယ် ဖြတ်တောက်ခြင်းနည်းလမ်း ဖြစ်သည်။
လက်ရှိအချိန်တွင် သူ၏အရည်အချင်းများကို မြှင့်တင်ရန် လိုအပ်နေသည်။ ထို့ကြောင့် ဤဓားကိုင်နည်းစနစ်သည် သူ့အတွက် အလွန်အရေးကြီးပါသည်။
ငရဲကမ္ဘာ သင်္ဘောသည် ကောင်းကင်ထက်တွင် ဆက်လက် ပျံသန်းခဲ့သည်။ မကြာခင် တောင်တန်းများ ဝန်းရံထားသည့် ကြီးကျယ်ခမ်းနားသော မြို့တစ်မြို့ကို တွေ့လိုက်ရသည်။
ထိုမြို့ကြီးသည် အလွန်ကျယ်ဝန်းပြီး နယ်နိမိတ်များကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မမြင်နိုင်ပေ။ မြို့တော်အတွင်းတွင် အိမ်တန်းများ တန်းစီလျက်ရှိပြီး… အလယ်တွင် ကောင်းကင်ဘုံသို့ တက်သွားသည့် အနှိုင်းမဲ့ ထူထပ်သောသစ်ပင်၏ ပင်စည်ကြီး ရှိသည်။၎င်း၏အကိုင်းအခက်များတွင် အရွက်များ ပေါများပြီး ဝိညာဉ်စွမ်းအင်လှိုင်းလုံးများဖြင့် ဖုံးအုပ်ထားသည့် ထိုသစ်ပင်၏ပင်စည်မှ မရေမတွက်နိုင်သော အကိုင်းအခက်များ ထွက်နေသည်။ ၎င်း၏ ပတ်ပတ်လည်တွင် တိမ်များနှင့် မြူများ လှည့်ပတ်နေသဖြင့် ၎င်းကို မသေနိုင်သော အရာတစ်ခုကဲ့သို့ ဖျတ်ခနဲ ခွဲခြားသိမြင်စေနိုင်သည်။
ထိုနေရာသည် မသေမျိုး မြို့တော်၏ ပထမဆုံးအလွှာဖြစ်ပြီး သစ်ပင်ကြီးမှာ မသေမျိုးသစ်ပင်ဖြစ်သည်။
မသေမျိုးသစ်ပင်၏ ပင်စည်ပတ်လည်တွင် တည်ဆောက်ထားသည့် မသေမျိုး မြို့တော်သည် ဂုဏ်ကျက်သရေရှိပြီး စည်ပင်ဝပြောလှသည်။
ထိုဂုဏ်ကျက်သရေရှိ၍ စည်ပင်ဝပြောသော မြို့တွင် ပုဖန် သူ၏ကိုယ်ပိုင် ဆိုင်ခွဲတစ်ခု ဖွင့်လှစ်ရန် လိုပေသည်။