အခန်း ၉၄၅
မသေမျိုးမြို့တော်ရှိ စားသောက်ဆိုင်
မသေမျိုးသစ်ပင်သည် မသေမျိုး မြို့တော်၏ အလယ်၌ တည်ရှိသည်။ ကောင်းကင်ထက်မှ တက်လာပြီး တိမ်ပင်လယ်ထဲသို့ ငုပ်လျှိုးနေသော တိမ်တိုက်များက သစ်ပင်ကို ရစ်ပတ်နေသဖြင့် ထိုမသေမျိုးသစ်ပင်သည် ပို၍ပင် မှုန်မှိုင်းနေပုံပေါ်သည်။
ငရဲကမ္ဘာသင်္ဘောသည် မြို့နှင့်ပိုနီးလေလေ မသေမျိုးသစ်ပင်၏ ကြီးမြတ်မှုကို ပို၍ခံစားရလေဖြစ်သည်။ ဧရာမဘီလူးကြီးသည် ကောင်းကင်နှင့်မြေကြီးကို ထောက်မကာ မသေမျိုးမြို့တော်၏ မြေတစ်ဝက်ကို သိမ်းပိုက်ထားသကဲ့သို့ပင် ထင်ရသည်။
မသေမျိုးမြိုတော် ပတ်လည်တွင် ကြီးကျယ်ခမ်းနားသော မြို့ရိုးတစ်ခုရှိသည်။ မြို့ရိုးများသည် ရိုးရှင်း၍ တန်ဆာဆင်ထားခြင်းမရှိသော အချိန်ကာလ၏ အငွေ့အသက်နှင့် ပြည့်နေသည်။
မြို့ရိုးများပေါ်တွင် ရေညှိများပေါက်နေသည်။ စိမ်းလန်းစိုပြေမှုနှင့်အတူ မြို့ရိုးသည် အလွန်ဟောင်းနွမ်းနေပုံလည်း ပေါ်သည်။
သို့သော် ထိုရှေးဟောင်းမြို့ရိုးပေါ်တွင် အမှတ်အသားများစွာ ရေးထိုးထားသည်။ ထိုအမှတ်အသားများသည် လျှို့ဝှက်ဆန်းကြယ်သော မှော်အခင်းအကျင်းတစ်ခု ဖြစ်ပြီး မသေမျိုးမြို့တော်ကို ကာကွယ်သည်။
" ပုန်းကွယ်နဂါးတိုက်ကြီးကို အမှန်တကယ်ဆို မသေမျိုးချက်ပြုတ်ခြင်း နယ်ပယ်ရဲ့ သာမန်တိုက်ကြီးအဖြစ်ပဲ သတ်မှတ်တယ်... မသေမျိုး ချက်ပြုတ်ခြင်းနယ်ပယ်မှာ တိုက်ကြီးတစ်ခုစီမှာ နာမည်တွေရှိကြတယ်...ဒါပေမဲ့ တော်တော်များများကတော့ မေ့နေလောက်ပါပြီ..."
ခွေးဘုရင်က ငရဲကမ္ဘာ သင်္ဘောပေါ်တွင် လှဲနေရင်း မသေမျိုး ချက်ပြုတ်ခြင်းနယ်ပယ်အကြောင်း ဆက်လက်၍ အသိပညာ ဖြန့်ဝေပေးခဲ့သည်။
အမှန်တွင် သူအိပ်ချင်နေသော်လည်း စူးစမ်းချင်စိတ်များ ပြည့်နှက်နေသည့် မျက်လုံးများကို မြင်လိုက်ရသောအခါ ဆက်လက်ရှင်းပြနေခဲ့သည်။
ပုန်းကွယ်နဂါးတိုက်ကြီးကို မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှာ သာမန်အဆင့် အဖြစ်ပဲ သတ်မှတ်ထားတာလား...
ပုဖန် ခေါင်းငြိမ့်လိုက်သည်။ မသေမျိုး ချက်ပြုတ်ခြင်းနယ်ပယ်ရှိလူများ သူတို့ကိုဘာကြောင့် သေမျိုး ဟုခေါ်သည်ကို အနည်းငယ် ရှင်းလင်းသွားပြီဖြစ်သည်။
ဤမသေမျိုး ချက်ပြုတ်ခြင်းနယ်ပယ်သည် သူ၏ယခင်ကမ္ဘာမှ ဝတ္ထုတစ်ခု၏နေရာတစ်ခုနှင့်တူသည် ကောင်းကင်ဘုံသို့တက်သွားသည်နှင့် သာမန်လူများမြင်နိုင်သည့်ကမ္ဘာတစ်ခုဖြစ်သည်။
အမှန်တွင် ပုဖန် အနည်းငယ် သိချင်နေသေးသည် ။ မသေမျိုး ချက်ပြုတ်ခြင်းနယ်ပယ်မှ စားဖိုမှူးများသည် ထိုမသေမျိုးသစ်ပင်မှ ထုတ်ယူထားသော ပါဝင်ပစ္စည်းများကို ချက်ပြုတ်နိုင်မှုအရ အကဲဖြတ်ခြင်းခံရသည်ဟု ခွေးဘုရင်က ပြောကြားခဲ့သည်။
ဒါပေမယ့် ပါဝင်ပစ္စည်းတွေအားလုံး အဲဒီမသေမျိုးသစ်ပင်ကနေ ထွက်လာဖို့ဆိုတာ မဖြစ်နိုင်ဘူးမလား...
" မသေမျိုးချက်ပြုတ်ခြင်း နယ်ပယ်မှာရှိတဲ့ မသေမျိုးမြို့တော် မြို့ရိုးတွေ မြင့်မားအောင် တည်ဆောက်ထားခြင်းက ရက်စက်ကြမ်းကြုတ်တဲ့ ဘီလူးတွေ ကျူးကျော်ဝင်ရောက်တာကနေ ကာကွယ်ဖို့ပဲ... မသေမျိုး ချက်ပြုတ်ခြင်းနယ်ပယ်မှ စားဖိုမှူးအချို့က မသေမျိုးမြို့တော် အပြင်ဘက်ကို ထွက်ခွာပြီး ရက်စက်ကြမ်းကြုတ်တဲ့ ဘီလူးတွေကို ရှာကြတယ်... ဒါပေါ့ မသေမျိုး မြို့တော်တိုင်းမှာ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးနိုင်တဲ့ လယ်ကွင်းတွေရှိတာကြောင့် သူတို့ဟာ ပါဝင်ပစ္စည်းတွေကို ယူဖို့သွားကြတာ..."
ခွေးဘုရင်က ပြောလိုက်သည်။
ခွေးဘုရင်၏ ရှင်းပြချက်ကိုကြားပြီးနောက် ပုဖန်နားလည်သွားသည်။ ဒါက ဒီလိုကိုး...
သူတို့ စကားစမြည်ပြောနေကြစဉ် ငရဲကမ္ဘာ သင်္ဘောသည် ယခုအခါ မသေမျိုးမြို့တော်ဆီသို့ ချဉ်းကပ်လာကာ ၎င်းနှင့် ပို၍ နီးကပ်လာသည်။
ဒုန်း...
နောက်ဆုံးတွင် သင်္ဘောကို ဆင်းသက်လိုက်သည်။
ခပ်လှမ်းလှမ်းတွင် မသေမျိုးမြို့တော်၏ မြို့တံခါးသည် မျှော်စင်မြင့်မြင့်နှင့် မားမားမတ်မတ်ရှိနေပြီး အပြင်ဘက်တွင် သံချပ်ကာဝတ် ကျင့်ကြံသူများစွာ မတ်တပ်ရပ်နေကြသည်။
" သူတို့က မြို့စောင့်တပ်သားတွေပဲ...သူတို့က မြို့တော်သခင်ရဲ့ အုပ်ချုပ်မှုအောက်က အစောင့်အကြပ်တွေနဲ့ သက်ဆိုင်တယ်…”
ခွေးဘုရင်သည် ဤခရီးစဉ်၌ ဤထာဝရကာလတစ်ခုလုံးအတွက် လုံလောက်သောစကားများ ပြောပြီးပြီဟု ခံစားမိသည်။ သူနည်းနည်းပိုဝလာသော်လည်း အေးစက်၍ မြင့်မြတ်သူဖြစ်နေဆဲဖြစ်၍ သူစကားပြောတိုင်း စာကြောင်းတစ်ကြောင်း သို့မဟုတ် နှစ်ကြောင်းသာ အမြဲပြောသည်။
"သူတို့တွေက ငါတို့ကိုသတ်ဖို့ ကြိုးစားတဲ့သူတွေနဲ့ မတူဘူး... ဒီလူတွေက ရွှေရောင်သံချပ်ကာ ဝတ်ထားတယ်..."
မဟူရာနဂါးဘုရင်က သူ၏ပြောင်လက်နေသော ခေါင်းကိုပွတ်တာ ပြောလိုက်သည်။
အားလုံး မျက်လုံးလှန်မိ သွားသည်။
သိသာနေတာပဲလေ မမြင်တဲ့သူ ရှိလို့လား...
"အစောပိုင်းက ငါတို့ကိုသတ်ဖို့ ကြိုးစားတဲ့သူတွေက မသေမျိူးမြို့တော်က သူကောင်းမျိုးတွေရဲ့ အစောင့်တွေ ဖြစ်နိုင်တယ်... မသေမျိုးမြို့တော် တစ်ခုတည်းမှာတောင် သူကောင်းမျိုးတွေက အများကြီးရှိတယ်... အဲ့ဒီမိသားစုတွေက မြို့တော်သခင်နဲ့တူတူ ဒီမြို့ကိုတူတူစီမံ အုပ်ချုပ်ကြတယ်... မသေမျိုးမြို့တော်မှာ သယံဇာတတွေ အများကြီးရှိတဲ့အတွက် ဘယ်သူမှ ဟန်ချက်မထိန်းနိုင်ရင် မြို့တော်သခင်က အမှန်တရားကို လူအများဆီကနေ ဖုံးကွယ်ထားလိမ့်မယ်...အကယ်၍ သူက သဘာဝအမိန့်ကို ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ရင် အဲဒါက ကြီးမားတဲ့ အပြောင်းအလဲနဲ့ ဖရိုဖရဲတွေ ဖြစ်စေနိုင်တယ်..." ခွေးဘုရင်က ပြောလိုက်သည်။
"အဲ့တာကြောင့် သူကောင်းမျိုး မိသားစုတွေတိုင်းမှာ သူ့အင်အားနဲ့သူ ရှိကြတယ်... အဲ့ဒါကြောင့် ခွေးဘုရင်ဆိုတဲ့ငါက ပေါင်းပင်တွေရဲ့ အမြစ်ကို ဖယ်ရှားချင်နေတာ... မသေမျိုးမြို့တော်ရဲ့ သူကောင်းမျိုး မိသားစု ဖြစ်ဖို့ဆိုရင် အဲ့ဒီ မိသားစုကို ကြီးကျပ်တဲ့ ကျင့်ကြံသူတစ်ယောက် ရှိဖို့လိုတယ်... အဲ့ဒီကျင့်ကြံသူရဲ့ အချက်အပြုတ် ကျွမ်းကျင်မှုက မြို့တော်သခင် လောက်မတော်ရင်တောင် တိုက်ခိုက်ရေးစွမ်းရည်မှာ သေချာပေါက် မဆုံးရှုံးရဘူး..."
ပုဖန်ှင့် အခြားသူများ ခေါင်းငြိမ့်လိုက်ကြသည်။
မသေမျိုးချက်ပြုတ်ခြင်း နယ်ပယ်သည် အမှန်တကယ်ပင် ပုန်းကွယ်နဂါးတိုက်ကြီးနှင့် ကွာခြားလှသည်။ ပုန်းကွယ်နဂါးတိုက်ကြီး၏ အသန်မာဆုံး တိုက်ခိုက်ရေး စွမ်းရည်သည် ဤနေရာ၌ အခြေခံမျှသာဖြစ်သည်။
မသေမျိုးချက်ပြုတ်ခြင်း နယ်ပယ်မှလူများ ပုန်းကွယ်နဂါးတိုက်ကြီးမှ လူများကို သေမျိုးဟု သတ်မှတ်သည်မှာ မဆန်းပေ။
မြို့သို့ရောက်သောအခါ နယ်သာရီသည် ငရဲကမ္ဘာသင်္ဘောကို ထိန်းသိမ်းထားပြီး မသေမျိုးမြို့တော်ဘက်သို့ လမ်းလျှောက်သွားသော ကျန်သူများ နောက်ကို ဖြည်းညှင်းစွာ လိုက်လာခဲ့သည်။
မြို့ဂိတ်တံခါးများကို အလွန်ကျယ်သော လမ်းမပေါ်တွင် ဖွင့်ထားပြီး ထိုလမ်းပေါ်တွင် လူများစွာ ရှိနေသည်။ ဤလူများထဲမှ အချို့သည် ဟင်းသီးဟင်းရွက် ခြင်းတောင်းများကို ကိုင်ဆောင်ကြပြီး ထိုခြင်းတောင်းများအတွင်းတွင် အလွန်သည်းသည်းသော ဝိညာဉ်စွမ်းအင်များ ပြန့်ကျဲနေသည့် ဝိညာဉ် အသီးအနှံများရှိသည်။
အချို့က ကျောက်စိမ်းနှင့်တူသော ဝိညာဉ်ဝါးများဖြင့် ပြုလုပ်ထားသည့် ခြင်းတောင်းကို သယ်ထားကြသည်။
မေးခွန်းထုတ်စရာမလိုဘဲ ဤလူများသည် သာမန်လူများပင် ဖြစ်သည်။ သို့သော် သာမန်လူများပင်ဖြစ်သော်လည်း ဤလူများ၏ ကျင့်ကြံမှုသည် မသေမျိုးခန္ဓာအဆင့်သို့ ရောက်ရှိခဲ့သည်။
မြို့တစ်မြို့တွင် ကျင့်ကြံသူများသာမက သာမန်လူများလည်း ရှိရမည်မှာ ပုံမှန်ပင်ဖြစ်သည်။ ထိုသို့မဟုတ်ပါက ပုဖန်နှင့် အခြားသူများ အလွန်သံသယဖြစ်ကြလိမ့်မည်။
မသေမျိုးမြို့တော်၏ ဂိတ်ဝမှ အစောင့်များသည် ပုဖန်နှင့် အခြားသူများ ဝင်လာခြင်းကို မဟန့်တားကြပေ။ နေ့စဉ်နေ့တိုင်း လူမျာစွာသည် ဤမြို့ဂိတ်ဝမှ ဝင်ထွက်သွားလာနေကြသည် ဖြစ်ရာ တစ်ခါတစ်ရံ သူတို့လည်း မထိန်းသိမ်းနိုင်ကြပေ။ ထို့အပြင် မသေမျိုး မြို့တော်၌ မည်သူမျှ ဒုက္ခမပေးဝံ့ကြဟု သူတို့ယုံကြည်ကြသည်။
မသေမျိုးမြို့တော် အမှန်တကယ် ရင်ဆိုင်နေရသော အန္တရယ်သည် မြို့တော် အပြင်ဘက်မှ ရိုင်းစိုင်း ကြမ်းကြုတ်သည့် ဘီလူးအုပ်စုပင် ဖြစ်သည်။
ကြမ်းကြုတ်သော ဘီလူးကြီးများသည် မသေမျိုးသစ်ပင်ဆီမှ ပါဝင်ပစ္စည်းများကို လာရောက်လုယူလို၍ မသေမျိုးမြို့တော်ကို အုပ်စုဖွဲ့၍ လာရောက်တိုက်ခိုက်ကြသည်။
မသေမျိုးသစ်ပင် ရင့်မှည့်လာချိန်တိုင်း သားရဲသတ္တဝါ အုပ်စုကြီးကို ဖြစ်လာစေပြီး ထိုအချိန်သည် အစောင့်များ သတိအထားရဆုံးအချိန်ပင် ဖြစ်သည်။
ထို့ကြောင့် ပုဖန်နှင့် ကျန်သူများ မသေမျိုးမြို့တော် သို့ အောင်မြင်စွာ ဝင်လာနိုင်ခြင်းဖြစ်သည်။
မဟူရာနဂါးဘုရင်သည် မူလက နဂါးဂိတ်ဝ၏ ကမ္ဘာအတွင်း၌ သူ၏နတ်တန်ခိုးအစွမ်းကို ပြသရန် ရည်ရွယ်ထားသော်လည်း အနီးကပ်ကြည့်ရှုပြီးနောက် မြို့စောင့်များသည်ပင် သူ့ထက် အားနည်းသည်မဟုတ်ပေ။ သူလုပ်ချင်သေးသည့် အရာများရှိသေးသော်လည်း လောလောဆယ်တွင် အမြှီးကိုသိမ်းထား၍ နဂါးတစ်ကောင်အဖြစ်သာ နေလိုက်သည်။
မသေမျိုးမြို့တော်အတွင်း ဝင်လာသောအခါ မြို့တော်အတွင်းရှိ စကားသံများသည် ပုဖန်တို့အားအလွန် အံ့ဩသွားစေခဲ့သည်။
မသေမျိုးမြို့တော်သည် တကယ်ပင် ကြွယ်ဝချမ်းသာလှသည်။ အဆောက်အဦးတစ်ခုစီတိုင်းသည် တုနှိုင်းမရစွာ လက်ရာမြောက်ပြီး လမ်းဘေးနှစ်ဖက်စလုံးတွင် ဈေးရောင်းသူများနှင့် စားသောက်ဆိုင်များဖြင့် ပြည့်နေပါသည်။
လမ်းကျယ်ကြီးပေါ်၌ လမ်းလျှောက်လာချိန်တွင် လူပိုများလာသည်။
မသေမျိုးမြို့တော်ကို အတွင်းစက်ဝိုင်းနှင့် အပြင်စက်ဝိုင်းဟူ၍ ခွဲခြားထားသည်။ အပြင်စက်ဝိုင်းတွင် သာမန်လူများနေထိုင်ပြီး အတွင်းစက်ဝိုင်းတွင် သူကောင်းမျိုး မိသားစုများနှင့် မြို့တော်သခင်တို့ နေထိုင်သည်။
ထိုတည်ရှိမှု့များမှ ကင်းလွတ်ခွင့်ရသည့် တစ်ခုတည်းသောနေရာသည် မသေမျိုးမီးဖိုချောင် အဆောက်အဦး ဖြစ်သည်။
ဤမသေမျိုးမီးဖိုချောင် အဆောက်အဦးသည် အတွင်းစက်ဝိုင်းနှင့် အပြင်စက်ဝိုင်းကို ဆက်သွယ်ထားသော နယ်နိမိတ်ပေါ်တွင် တည်ဆောက်ထားသည်။ ထိုအဆောက်အဦး၏ နောက်တွင် မြို့တော်သခင် နေထိုင်ရာအိမ် ရှိသည်။
မသေမျိုးမြို့တော်တွင် စားသောက်ဆိုင်များကို အများအားဖြင့် မြင်တွေ့ရသည်။ မှန်ပါသည် တခြားဆိုင်များရှိသော်လည်း အများစုမှာ အစားအသောက်နှင့် သက်ဆိုင်သည်။
ထို့အပြင် အပြင်ဘက်စက်ဝိုင်းရှိ စားသောက်ဆိုင်အားလုံးနီးပါးသည် ကြီးမြတ်သော သူကောင်းမျိုး မိသားစုအချို့၏ စီမံခန့်ခွဲမှုအောက်တွင် ရှိနေသည်။ အကြောင်းမှာ ကိစ္စအများစုတွင် စားဖိုမှူး၏ သယံဇာတ အရင်းအမြစ်များသည် သူကောင်းမျိုး မိသားစုများနှင့် သက်ဆိုင်သောကြောင့် ဖြစ်သည်။
မသေမျိုးမြို့တော်၌ စားသောက်ဆိုင်ဖွင့်ခွင့်ရရှိရန် ဦးစွာ မသေမျိုး မီးဖိုချောင်အဆောက်အဦးသို့ ဝင်ရောက်ပြီး စားဖိုမှူးအဆင့်ရရှိရန် လိုအပ်သည်။
မသေမျိုးမီးဖိုချောင် အဆောက်အဦးမှ အကဲဖြတ်ခြင်းကို ရရှိခဲ့သော စားဖိုမှူးများသည် ထိုနေရာမှထွက်လာသည့်အခါ သူကောင်းမျိုးမိသားစု၏ ခေါ်ယူခြင်းခံရပြီး သူကောင်းမျိုးမိသားစုဝင်များ ဖြစ်လာကြသည်။
မသေမျိုးမြို့တော်တွင် စားဖိုမှူးများထံမှ သဘာဝသယံဇာတများသည် အကောင်းဆုံးဖြစ်သည်။
ဤနည်းအားဖြင့် အပြင်စက်ဝိုင်းရှိ စီးပွားရေးလုပ်ငန်းမှရရှိသော အရင်းအမြစ်များနှင့် ကွင်းဆက်စီးပွားရေးလုပ်ငန်းစုများ ဖွဲ့စည်းထားသော စားသောက်ဆိုင်များသည် သူကောင်းမျိုးမိသားစုများလက်သို့ ကျရောက်မည်ဖြစ်သည်။
သူကောင်းမျိုး မိသားစုများသည် အမြဲတမ်း သူကောင်းမျိုးများသာဖြစ်သည်။ သာမန်လူများ အမြင့်သို့တက်ရန် အခွင့်အရေး ရရှိရန်မှာ ခက်ခဲလှသည်။
သူကောင်းမျိုးမိသားစုများ ရပ်တည်နေသော အတွင်းစက်ဝိုင်းတွင် သာမန်လူများ စားသောက်ဆိုင်ဖွင့်ရန် မဖြစ်နိုင်ပေ။ စားသောက်ဆိုင်တိုင်းမှ စာဖိုမှူးများသည် မသေမျိုးအဆင့်ဖြစ်ကြသည်။
အမှန်တကယ်တွင် အများစုမှာ ပထမအဆင့် သို့မဟုတ် ဒုတိယအဆင့် မသေမျိုးစားဖိုမှူးများ ဖြစ်ကြသည်။
တတိယအဆင့် မသေမျိုးစားဖိုမှူးများသည် စီးပွားရေးအတွက် ဆိုင်ဖွင့်ရန် ထွက်လာမည်မဟုတ်ပေ။ သူတို့သည် ချီလင်းစားဖိုမှူးအဆင့်ကို အလျင်အမြန် တက်ရောက်လိုကြပြီး အများစုသည် သူတို့၏ အချက်အပြုတ်ပညာကို အဆက်မပြတ် လေ့ကျင့်နိုင်မည့် မသေမျိုးသစ်ပင် အောက်၌သာရှိနေကြသည်။
ထို့ကြောင့် မသေမျိုးသစ်ပင်နှင့် နီးလေ စားဖိုမှူးများ ပိုများလေဖြစ်သည်။
ပုဖန် ယခုအချိန်တွင် သဘာဝကျကျ မတွေးခေါ်နိုင်သေးပေ။ ယခုအချိန် မသေမျိုးမြို့တော်၌ ဆိုင်ခွဲဖွင့်ရန်နှင့် ပတ်သက်၍ ခေါင်းကိုက်နေသည်။
ခွေးဘုရင်၏အဆိုအရ မသေမျိုးမြို့တော်၌ စားသောက်ဆိုင်ဖွင့်လိုပါက မသေမျိုးမီးဖိုချောင်အဆောက်အဦးတွင် အရင်ဆုံး စမ်းသပ်၍ သက်ဆိုင်ရာ စားဖိုမှူးအခွင့်အရေးကို ရယူရမည်ဖြစ်သည်။
စားဖိုမှူး အခွင့်အရေး မရှိပါက စားသောက်ဆိုင် ဖွင့်ခွင့်မရှိပေ။
လက်ရှိတွင် ပုဖန်သည် မသေမျိုးမြို့တော်မှ အရာအားလုံးနှင့် အကျွမ်းတဝင် မရှိသေးသဖြင့် အရာအားလုံးကို သိမြင်ချင်ပြီး စစ်ဆေးမှု့ကို ရွှေ့ဆိုင်းလိုက်သည်။
လူအုပ်စုကြီးသည် မသေမျိုး မြို့တော်ထဲသို့ ဝင်လာကြသည်။
ပန်းပွင့်လေးကို မဟူရာနဂါးဘုရင်မှ ချီပြီး ဂုတ်ပိုးတွင်စီးခိုင်းထားသည်။
နယ်သာရီနှင့် ငရဲဘုရင်အာဟတို့သည် ပုဖန်၏ ဘေးမှလိုက်ကြသည်။ ငရဲဘုရင်အာဟ လက်ထဲတွင် ရှူးရှဲအစပ်ချောင်းတစ်ချောင်းကို ကိုင်ဆောင်ကာ ရွှင်မြူးသောအမူအရာဖြင့် ပါးစပ်ထဲသို့ ထည့်လိုက်သည်။
ခွေးဘုရင်က ကြောင်တကောင်ကဲ့သို့ ခြေလှမ်းများဖြင့် ပြေပြစ်စွာ လျှောက်သွားသည်။ ခြေလှမ်းတိုင်းသည် မမြန်သော်လည်း ပုဖန်နှင့် အခြားသူများကို အမှီလိုက်နိုင်ဆဲပင်။
" သူငယ်ချင်းလေးပုဖန် ငါတို့အဝေးကြီးလျှောက်ပြီးပြီပဲ...ဘာလို့စားသောက်ဆိုင် တစ်ဆိုင်ကိုဝင်ပြီး ထမင်းမစားကြတာလဲ... ရည်ရွယ်ချက်မရှိ လျှောက်သွားနေတာ ဖြေရှင်းချက် မဟုတ်ဖူး..."
မဟူရာနဂါးဘုရင်က လေထဲတွင် ဝဲနေသော မွှေးရနံ့ကို ရှူရှိုက်လိုက်ပြီး သူ၏ သွားရည်များ ယိုစိမ့်နေပြီဖြစ်သည်။
အရသာရှိသော အစားအစာများနှင့် ပတ်သက်လာလျှင် နဂါးဘုရင်သည် ထိန်းချုပ်နိုင်စွမ်း မရှိပေ။ အဆုံးမဲ့ပင်လယ်ထဲတွင် ပင်လယ်စာအစိမ်းများကိုသာ စားခဲ့ရသောကြောင့် ချက်ပြုတ်ထားသော အစားအစာ၏ မွှေးရနံ့ကို ရှူမိသောအခါ သူ့ကိုယ်သူ မထိန်းနိုင်တော့ပေ။
စားသောက်ဆိုင် တစ်ဆိုင်ကို သွားရမယ်တဲ့လား...
ပုဖန်သည် နဂါးဘုရင်၏ အကြံပြုချက်ကို ကြားသောအခါတွင် သူ၏ နက်နဲသော အတွေးမှ ပြန်လည် လွတ်မြောက်သွားသည်။
အမှန်ပင် ဤကဲ့သို့ ခြေဦးတည့်ရာ လျှောက်သွားနေခြင်းထက် စားသောက်ဆိုင်ကို တိုက်ရိုက်သွားကြည့်တာ ပိုကောင်းသည်။
ထို့ကြောင့် အားလုံး ခပ်လှမ်းလှမ်းမှ စားသောက်ဆိုင်ဆီသို့ လျှောက်လာကြသည်။
"ဒီစားသောက်ဆိုင်က နာမည်မရှိဘူးလား..."
စားသောက်ဆိုင်နာမည်ကို ခဏခန့်ရှာဖွေပြီးနောက် ပုဖန်သည် လူအားလုံးကို အတွင်းသို့မခေါ်မီ မျက်ခုံးပင့်လိုက်သည်။
ပုဖန်၏ နောက်တွင်ရှိသော ခွေးဘုရင်က ရှေ့သို့ သတ္တိရှိရှိ ချီတက်နေသော ပုဖန်ကြည့်ကာ သူ၏ပါးစပ်ကိုသူ ရိုက်လိုက်မိသည်။ ထို့နောက်ကြောင်ကဲ့သို့ ခြေလှမ်းလေးများဖြင့် ညှင်သာစွာ လျှောက်လှမ်းကာ ရှင်းပြလိုက်သည်။
" မသေမျိုးစားဖိုမှူး မရှိတဲ့ စားသောက်ဆိုင်တွေက ဆိုင်နာမည်ဆိုင်းဘုတ် ထားခွင့်မရှိဘူး..."
စားသောက်ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် အတွင်းတွင် ပျားပန်းခတ်မျှလှုပ်ရှားနေသော လေထုသည် ပုဖန်နှင့် ကျန်လူများကို စွဲဆောင်သွားစေသည်။
စားသောက်ဆိုင်အတွင်းပိုင်းသည် အလွန်ရိုးရှင်းသည်။ နံရံများတွင် အပြာရောင်အုတ်များနှင့် အနီရောင်တိုင်များ စီခြယ်ထားပြီး ထမင်းစားခန်းအတွင်း စားပွဲရှစ်လုံးကို လေးထောင့်ပုံစံ ခင်းထားသည်။
နေရာမှာ ကျယ်ဝန်းသည်။ စားသောက်ဆိုင် အပြင်ဘက်မှ ကြည့်လျှင် သေးငယ်သော်လည်း အထဲသို့ လှမ်းဝင်လိုက်သည်နှင့် အထဲတွင် အမှန်တကယ် ကောင်းကင်နှင့် မြေကြီး ရှိနေသကဲ့သို့ ဖြစ်နေသည်။
စားပွဲပေါင်း ဒါဇင်အနည်းငယ်ခန့်ရှိ၍ စားပွဲတိုင်းတွင် လူများ စားသောက်နေကြသည်။
ဟင်းသီးဟင်းရွက်ရနံ့ အရက်နံ့ ဟင်းခတ်အမွှေးအကြိုင်ရနံ့တို့သည် လေထဲတွင် ဝဲနေ၏။ အနံ့မျိုးစုံ၏ ရောစပ်မှုသည် ပုဖန်နှင့်ရင်းနှီးသော အနံ့တစ်ခု ဖြစ်လာသည်။
"မသေမျိုးချက်ပြုတ်ခြင်း နယ်ပယ်မှာ အိမ်တိုင်းက အစားအသောက်ချက်နည်းတွေ မသိကြဘူး... အဲ့တာကြောင့် အစားအသောက်နဲ့ ပတ်သက်လာရင် စားသောက်ဆိုင်ကို အမြဲသွားစားကြတယ်... အရသာရှိတဲ့ အစားအသောက်တွေကိုတောင် လေ့ကျင့်မှုနေရာမှာ အစားထိုး အသုံးပြုကြတယ်... ခွေးဘုရင်က ပြောလိုက်သည်။
ပုဖန် ခေါင်းငြိမ့်လိုက်သည်။
အချိန်အတော်ကြာ စောင့်ပြီးနောက် စားပွဲလွတ်တစ်လုံးတွေ့သည်နှင့် ဝင်ထိုင်လိုက်ကြသည်။
ထိုအချိန်တွင် စားပွဲထိုးတစ်ဦး ရောက်လာပြီး သူတို့ကို နှုတ်ဆက်သည်။
သူတို့အား နှုတ်ဆက်သူမိန်းကလေးသည် ဆံပင်ကိုအသားလုံးကဲ့သို့ ညှပ်ထားသည်။ ပုဖန်ကိုကြည့်၍ ပြုံးကာပြောလိုက်သည်။
" ကြိုဆိုပါတယ်... ဘာများ မှာချင်ကြပါသလဲ..."
" မင်းတို့စားသောက်ဆိုင်မှာ ဘာတွေရလဲ..."
အားလုံးသည် ပုဖန်ကိုကြည့်၍ သူ့ကိုသာ မှာစေချင်ကြသည့်ပုံနှင့် ကြည့်နေပြီး ဘာမှဝင်မပြောကြပေ။
ထိုမိန်းကလေးသည် အနည်းငယ် အေးခဲသွားသည်။ တာဝန်ခံသူသည် ဤအမူအရာကင်းမဲ့သော လူငယ်ဖြစ်မည်ဟု သူမ မထင်ခဲ့ပေ။
သို့သော်လည်း မည်သူက တာဝန်ခံသည်ဖြစ်စေ အရေးမကြီးပေ။ ဤလူအားလုံးသည် စားသောက်ဆိုင်သို့ လာစားကြသူများဖြစ်၍ မည်သို့ပင်ဖြစ်ဖြစ် သူမ ဂရုမစိုက်ပေ။
မိန်းကလေးသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး သူမယူလာသည့် သစ်သားမီနူးတစ်ခုကို ပုဖန်ဆီသို့ပေးကာ ပြောလိုက်သည်။
" ဒါက စားသောက်ဆိုင်ရဲ့မီနူးပါ ကျွန်မတို့ရဲ့ ဟင်းလျာတွေကို တစ်ချက်ကြည့်ကြည့်ပါ..."
မီနူးတဲ့လား...
ပုဖန် မီနူးကို ရရှိပြီးနောက် ၎င်းကို ကြည့်လိုက်သည်။
သို့သော်လည်း သူ၏အကြည့်များ မီနူးပေါ် ရောက်သွားသည်နှင့် မျက်လုံးများ ချက်ချင်းပြူးကျယ်သွားသည်။
ရသာထူးကဲမျှစ်မွှေကြော်တစ်ပွဲ အင်မော်တယ်သလင်းကျောက်တစ်ခု ခေါင်းနှစ်လုံး မီးမြွေနှပ်အင်မော်တယ်သလင်းကျောက် နှစ်ခု...