အခန်း ၉၄၆
အလကားစားပြီးထွက်ပြေးရမှာလား...
" အင်မော်တယ် သလင်းကျောက်..."
ပုဖန်သည် အချိန်အတော်ကြာ တိတ်ဆိတ်သွားသည်။ မီနူးကိုကြည့်လိုက်သည့်အခါ မှင်တက်သွားမိသည်
ဤနေရာသည် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ဖြစ်သည်။ ပုန်းကွယ်နဂါးတိုက်ကြီးနှင့် နေရာကွာခြားသောကြောင့် ၎င်းတို့၏ငွေကြေးသည်လည်း ကွဲပြားသည်။ ပုန်းကွယ်နဂါးတိုက်ကြီးတွင် သလင်းကျောက် ကိုသာအသုံးပြုသော်လည်း မသေမျိုးချက်ပြုတ်ခြင်း နယ်ပယ်တွင် အင်မော်တယ် သလင်းကျောက်များ အသုံးပြုကြသည်။
သလင်းကျောက်များသာ ဖြစ်လျှင် ပုဖန်တွင် လုံလောက်စွာ ရှိသည်။
သို့သော် အင်မော်တယ် သလင်းကျောက်များဖြစ်နေသည်…
ပုဖန်၏နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားသည်။ ထိုမိန်းကလေးကို တစ်ချက်ကြည့်လ်ိုက်ပြီးနောက် လေထုသည် အနည်းငယ် နေရခက်စရာ အခြေအနေ ဖြစ်နေသည်။
မဟူရာ နဂါးဘုရင်နှင့် ကျန်သူများသည် ပုဖန်၏ အကြည့်ကို သဘောမပေါက်ပဲ သူ့အား စူးစမ်းစွာကြည့်၍ အစားအသောက်များမှာရန် အချက်ပြနေကြသည်။
သူတို့သည် မီနူးထဲမှ အင်မော်တယ် သလင်းကျောက်များကို မမြင်သည့်အတွက် ပုဖန် အဘယ့်ကြောင့် စိုးရိမ်နေသည်ကို မသိကြပေ။
ပုဖန်က ဤနေရာရှိ မီနူးအား အထင်သေးနေသည်ဟုသာ ထင်နေကြသည်။ ပိုင်ရှင်ပု၏ ချက်ပြုတ်နည်းအဆင့်ဖြင့်ဆိုလျှင် ဤနေရာရှိ ဟင်းလျာများကို အထင်သေးရန် ဖြစ်နိုင်သည်ဟု တွေးနေကြသည်။
ဤနေရာသည် မသေမျိုးချက်ပြုတ်ခြင်း နယ်ပယ် ဖြစ်သော်လည်း မည်သည့်စားသောက်ဆိုင်တွင်မဆို မသေမျိုးစားဖိုမှူးကို တွေ့ဆုံနိုင်သည်ဟု မဆိုလိုပေ။
မှာရမှာလား မမှာရဘူးလား...
ပုဖန်သည် စိုးရိမ်နေသော်လည်း ထိုအမူအရာကို မျက်နှာတွင် မပြပေ။ သူ၏မျက်နှာမှာ ပုံမှန်ကဲ့သို့ အမူအရာမဲ့လျက်သာရှိနေသည်။
သို့သော် သူ၏စိတ်အတွင်း၌ ဤပဋိပက္ခသည် ကြာရှည်မခံပေ ။ သူတို့ စားချင်နေတယ်ဆိုလည်း စားလိုက်ကြတာပေါ့...
အင်မော်တယ် သလင်းကျောက်များနှင့် ပြဿနာကို စားပြီးချိန်မှ ပြောကြမည်။
ထို့အပြင် ပုဖန်သည် ဤအင်မော်တယ် သလင်းကျောက်ပြဿနာကို ဖြေရှင်းရန် နည်းလမ်းတစ်ခုရှိသင့်သည်ဟု ခံစားမိသည်။
"ဒါဆို ဒီဟင်းသုံးမျိုး..."
ပုဖန်၏ မျက်နှာသည် ဟင်းများမှာသည့်အချိန်တွင် ဗလာဖြစ်နေပြီး အနည်းငယ် စိုးရိမ်ပူပန်မှုနှင့် အဆင်မပြေမှုတို့ကို မပြသခဲ့ပေ။
ထို့ကြောင့် အသားလုံးနှင့်တူသည့် ဆံပင်ရှိသော မိန်းကလေးငယ်သည် အာရုံစူးစိုက်မှု သိပ်မရှိပေ။
"ကောင်းပါပြီ... စားသုံးသူများ ခဏလောက် စောင့်ပေးကြပါရှင်..."
မိန်းကလေးသည် ခေါင်းကိုငြိမ့်၍ ပုဖန်ကို ယဉ်ကျေးစွာ ပြုံးပြလိုက်ပြီး ပုဖန်ကိုင်ထားသော မီနူးကိုယူ၍ မီးဖိုချောင်ဘက်သို့ လှည့်ထွက်သွားသည်။
ထိုမိန်းကလေး ထွက်သွားပြီးနောက် ကျန်သူများ စားသောက်ဆိုင်ကို အကဲခတ်နေကြသည်။
အမှန်တွင် ဤစားသောက်ဆိုင်မှာ ရိုးရှင်းသည်။ လှပသော အလှဆင်မှုများ မရှိသော်လည်း လေထဲတွင် မွှေးပျံ့နေသည့် ရနံ့သည် အလွန် ထူထဲနေသည်။
ထိုရနံ့သည် စားသောက်ဆိုင်များ၏ ထူးခြားသည့်ရနံ့ဖြစ်ပြီး ပုဖန်နှင့် အလွန်ရင်းနှီးသည့် ရနံ့လည်းဖြစ်သည်။
လေထဲမှ ဟင်းလျာရနံ့များကို အနံ့ခံလိုက်ရုံဖြင့် ဤစားသောက်ဆိုင်ထဲရှိ ဟင်းပွဲများ အလွန်အရသာရှိနိုင်သည်။ အနည်းဆုံး စားဖိုမှူး၏ အရည်အချင်းသည် သူ့ထက် မနည်းပေ။
မဟူရာနဂါးဘုရင်နှင့် ကျန်လူများ စူးစမ်းကြည့်ရှု့နေချိန် အနီးနားရှိ လူများ ၎င်းတို့၏ ဟင်းလျာများကို အရသာရှိရှိ စားသောက်ကြသည်ကို ကြည့်နေကြသည်။
ထိုစားသုံးသူများကိုကြည့်၍ သူတို့သည်လည်း ဆာလောင်လာကြသည်။
ဟင်းလျာများကို မြည်းစမ်းကြည့်ရန် မစောင့်နိုင်တော့ပေ...
ဟင်းလျာများကို လာရောက် မတည်ခင်းသေးသည့်အတွက် ပုဖန်၌ လုပ်စရာမရှိပေ။ နေရာတွင်သာထိုင်လျက် မျက်စိကိုမှိတ်ပြီး အတွေးထဲ နစ်နေသည်။
ခဏအကြာတွင်...
ထိုမိန်းကလေးသည် သူမ၏လက်ထဲတွင် ကြီးမားသော ဗန်းကြီးကိုသယ်လာပြီး ဗန်းပေါ်တွင် အငွေ့တထောင်းထောင်းဖြင့် ဟင်းလျာသုံးပွဲ ရှိနေသည်။ အငွေ့များသည် သူတို့ ပတ်ပတ်လည်တွင် ဝဲပျံနေပြီး သင်းပျံ့သော မွှေးရနံ့တစ်ခုပြန့်နှံ့နေသည်။
မိန်းကလေးသည် စားပွဲရှေ့ရောက်လာပြီး ပန်းကန်များကို ဂရုတစိုက်ထုတ်ကာ စားပွဲပေါ်တင်ထားလိုက်သည် ။
"မှာထားတဲ့ ခေါင်းနှစ်လုံးမီးမြွေနှပ် ရှစ်ဂျိုသမင်သားငရုတ်နှပ် ရသာထူးကဲမျှစ်ကြော်တို့ ရပါပြီ..."
မိန်းကလေးသည် ဟင်းပွဲများကို အားရပါးရ မိတ်ဆက်ပေးလျက် ပန်းကန်များကို ချလိုက်သည်။
မဟူရာနဂါးဘုရင်နှင့် ငရဲဘုရင်အာဟ တို့သည် ထိုပန်းကန်များကို စိုက်ကြည့်၍ လက်ဖဝါးများကို ပွတ်သပ်ကာ မစောင့်နိုင်တော့ပေ။ သူတို့သည် ပါးစပ်မှ သွားရည်များ ယိုစိမ့်ထွက်လုဆဲဖြစ်နေသည်။
နယ်သာရီ၏ မျက်နှာသည် အေးစက်သွားသည်။ ဤဟင်းသုံးမျိုးအား စိုက်ကြည့်ကာ မျက်လုံးများ အနည်းငယ် မာကျောလာသည်။
ပုဖန် အသက်ပြင်းပြင်းရှူလိုက်သည်။ ဤဟင်းသုံးမျိုးသည် အလွန်ရိုးစင်းပုံပေါက်သော်လည်း ပန်းကန်တစ်ခုစီမှ ထွက်သော ဝိညာဉ်စွမ်းအင် ပမာဏသည် သူတို့မြင်ရသလို မရိုးရှင်းကြောင်း ညွှန်ပြနေပါသည်။
ပါဝင်ပစ္စည်းများအတွင်းမှ ဝိညာဉ်စွမ်းအင်ကို အမြင့်ဆုံးအထိ အသုံးပြုထားပြီး အသွင်အပြင်နှင့် အပူကို ထိန်းချုပ်နိုင်မှုမှာ အလွန်ကောင်းမွန်သည်။
ဟုတ်ပါသည် ထိုအရာသည် မျက်နှာပြင်မှ ပုဖန် မြင်နိုင်သည့်အရာပင်။ ဟင်းလျာကို ကိုယ်တိုင်ကိုယ်ကျ စမ်းကြည့်ပြီးမှသာ အလုံးစုံ စီရင်ချက်ချနိုင်မည်ဖြစ်သည်။
ထို့ကြောင့် ပုဖန်သည် ဤအရာကို စိတ်ထဲတွင် တွေးတော၍ တူများကိုကောက်ကိုင်ကာ ခေါင်းနှစ်လုံး မီးမွှေနှပ်ကို ဦးစွာစားရန် ရွေးချယ်ခဲ့သည်။
အသားနှပ်သည် ပုဖန်ကျွမ်းကျင်သော ဟင်းပွဲဖြစ်သော်လည်း ဤခေါင်းနှစ်လုံး မီးမြွေနှပ်သည် အနည်းငယ်ကွဲပြားသည်။
မီးမြွေနှပ် သည် မီးတောက်များကို ပြင်းပြင်းထန်ထန် ထိန်းချုပ်ရန် လိုအပ်ပြီး အမှားအယွင်းရှိလျှင် မြွေသားသည် အလွန်မာကျောပြီး ၎င်း၏ ပျော့ပျောင်းမှုဆုံးရှုံးသွားမည်ဖြစ်သည်။
သူ၏ပန်းကန်ထဲမှ မြွေသားတစ်ပိုင်းကို ကောက်ကိုင်လိုက်ကာ ပုဖန်၏ မျက်ခုံးများ မြင့်တက်သွားသည်။ စားဖိုမှူး၏ ဓားကိုင်နည်းမှာ တော်တော်ကောင်းသည်။ အနည်းဆုံး သူနှင့် နှိုင်းယှဉ်ရင် သိပ်မပျော့ပေ။
မြွေအသားထဲမှ အရိုးများကို ဖယ်ထားသော်လည်း အရသာမှာ မဆိုးလှပေ။ ထို့အပြင် မြွေသားကို မှန်ကန်စွာ လှီးဖြတ်ထားသောကြောင့် အသားတိုင်းသည် အရသာအလုံအလောက် ရရှိစေပါသည်။
မြွေသား ပါးစပ်ထဲဝင်သွားသောအခါ သူ၏ပျော့ပျောင်းမှုကို ခံစားရပြီး တခြားပါဝင်ပစ္စည်းများနှင့် မြွေသား၏ရနံ့မှာ ချက်ချင်းပေါက်ကွဲသွားသည်။
နူးညံ့သော မြွေသားသည် ပုဖန်၏ ဝါးခြင်းကို အလိုအလျောက် အရှိန်မြှင့်စေသည်။ ပျော့ပျောင်းနူးညံ့သောအသားသည် ယှဉ်၍မရလောက်အောင် အရသာရှိပြီး သူ၏ပါးစပ်ထဲသို့ ရောက်သွားသော အပူသည် ပါဝင်ပစ္စည်းကိုယ်တိုင်၏ အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်သည်။
ပုဖန်သည် ဤဟင်းတစ်မျိုးတည်းကြောင့် အနည်းငယ် ထိတ်လန့်သွားသည်ဟု ဆိုရမည်ဖြစ်သည်။
ထိုမျှသာမက ယခု သူရောက်နေသော စားသောက်ဆိုင်သည် မသေမျိုးမြို့တော်၏ အပြင်ဘက်စက်ဝိုင်းတွင်ရှိသော သာမန်စားသောက်ဆိုင်တစ်ခုသာဖြစ်ပြီး ဤစားသောက်ဆိုင်တွင်ရှိသော စားဖိုမှူးသည်လည်း မသေမျိုးစားဖိုမှူး မဟုတ်ပေ။
ထိုလူသည် မသေမျိုးစားဖိုမှူး မဟုတ်သော်လည်း ပုဖန် ချက်ပြုတ်ထားသောဟင်းလျာသည် ထိုလူထက် အားနည်းနေပေသည်။
"မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က တော်တော်စိတ်ဝင်စားစရာ ကောင်းတာပဲ..."
ပုဖန် မြွေသားကို ဝါးနေစဉ်တွင် သူ၏ ပါးစပ်ထောင့်များသည် အလိုအလျောက် ကွေးညွှတ်သွားခဲ့သည်။
မဟူရာနဂါးဘုရင်.. ငရဲဘုရင်အာဟနှင့် ကျန်လူများသည်လည်း ဟင်းပွဲများကို စတင်မြည်းစမ်းနေပြီဖြစ်သည်။
ဟင်းလျာကို ပုဖန် သဘောကျနေသည်ကို မြင်သောအခါ သူတို့၏စိတ်ထဲမှ သိချင်စိတ်များ ပြင်းထန်လာသည်။
ပါးစပ်တွင်းသို့ မြွေသားရောက်သွားသောအခါ အကုန်လုံး အံ့ဩသွားကြသည်။
ရသာထူးကဲမျှစ်ကြော်ကို ဝါးလိုက်သောအခါတွင် တကျွတ်ကျွတ်အသံများ ထွက်လာသည်။
ရှစ်ဂျိုသမင်သား ငရုတ်နှပ်၏ နူးညံ့ပျော့ပျောင်းမှုသည် ပြိုင်ဘက်ကင်းလှသည်။ သမင်အသားကို တူနှင့်ကိုင်လိုက်ချိန်တွင် ၎င်း၏နူးညံ့မှုသည် တို့ဖူးကို ကိုင်ထားသကဲ့သို့ပင်။
လှီးထားသည့် ငရုတ်သီး၏ အရသာသည်လည်း အလွန်ကောင်းလှသည်။ ဟင်းခတ်အမွှေးအကြိုင်များကို ရှင်းထုတ်ရန် သင့်တော်သည့် ပမာဏပင်။
" မင်းသိလား... ဒီငရုတ်သီးက ကောင်လေးပုဖန်သုံးနေကျ ငရုတ်သီးနဲ့ ယှဉ်ကြည့်ရင် တစ်ခုခုလိုနေသလိုပဲ..."
ငရဲဘုရင်အာဟသည် ငရုတ်သီးကို ပါးစပ်ထဲထည့်လျက် ပြောလိုက်သည်။
မဟူရာနဂါးဘုရင်သည် ကောင်းကင်ကမ္ဘာမြေ လယ်ယာမြေတွင် ပုဖန်စိုက်ပျိုးခဲ့သော ပေါက်ကွဲမီးတောက်ငရုတ်သီးကို တစ်ခါမျှမစားဖူးသောကြောင့် သဘာဝအတိုင်း ခြားနားချက်မသိခဲ့ပေ။ မြိန်ရည်ယှက်ရည်စားလျက် လက်မကိုထောင်ပြီး ပြောလိုက်သည်။
" ဟင်းပွဲအကုန်လုံး စားကောင်းတယ်... အရသာလည်းရှိတယ်..."
ငရဲဘုရင်အာဟ၏ စကားများကို ကြားပြီးနောက် နယ်သာရီသည် သဘောတူသည့်အနေနှင့် ခေါင်းငြိမ့်လိုက်သည်။
ပုဖန်၏ ပေါက်ကွဲမီးတောက်ငရုတ်သီးသည် ထူးခြားသော ဆွဲဆောင်မှုတစ်ခုရှိသည်။ အရသာကောင်းပြီး စပ်သည့်အရသာကို ခံနိုင်ရည်ရှိရန် ခက်ခဲလှသည်။
သွေးကျောက်ပုစွန်အစပ် သို့မဟုတ် သွေးကျောက်ပုစွန်နှပ် ပြုလုပ်ရာတွင် အသုံးပြုသည်ဖြစ်စေ ပါဝင်ပစ္စည်းတိုင်းအတွက် အလွန်ကောင်းမွန်ပါသည်။
ထိုအချိန်တွင် လူတစ်ဦးသည် သူတို့နှင့် မနီးမဝေးတွင် ဗန်းကိုကိုင်၍ ရပ်နေကာ အပြုံးများဖြင့် စားသောက်နေသူများကို ကြည့်နေသည်။
မြင့်မားသော ကောင်းကင်ကြီးကဲ့သို့ အစားအသောက်များကို ချီးကျူးနေသော စားသုံးသူများ၏ မျက်နှာများအား သူမမြင်ရသည်ကို သဘောကျသည်။ အဘယ်ကြောင့်ဆိုသော် ထိုဟင်းများချက်သူမှာ သူမ၏အစ်ကိုဖြစ်သောကြောင့်ပင်။
သူမသည် အစ်ကိုဖြစ်သူ၏ ကျွမ်းကျင်မှုကို အမြဲယုံကြည်ခဲ့ပြီး တစ်နေ့နေ့တွင် မသေမျိုးစားဖိုမှူးတစ်ဦးဖြစ်လာလိမ့်မည်ဟု ခံစားမိသည်။ ထိုအချိန်တွင် သူတို့နှစ်ဦးသည် မသေမျိုးမြို့တော်၏ အတွင်းစက်ဝိုင်းသို့ ပြောင်းရွှေ့ပြီး ထိုနေရာတွင် စားသောက်ဆိုင်ဖွင့်နိုင်မည်ဖြစ်သည်။
"ပေါက်ကွဲမီးတောက် ငရုတ်သီးကလွဲပြီး တခြားဟင်းပွဲတွေမှာ ဘာမှသိပ်မကွဲပြားဘူး...ဒါပေမဲ့ ကောင်လေးပုဖန်ရဲ့ဟင်းလျာတွေက တခြားသူတွေကို စိတ်လှုပ်ရှားစေနိုင်တယ်..."
ငရဲဘုရင်အာဟသည် ပါးစပ်ထဲတွင် စားစရာများအပြည့်ဖြင့် ပြောလိုက်သည်။
အသားလုံးဆံပင်ပုံနှင့် မိန်းကလေး ကြားသောအခါ မျက်နှာနီမြန်းပြီး ဒေါသထွက်သွားသည်။
မှန်ပါသည်။ ထိုမိန်းကလေး ယခု ဒေါသထွက်နေပြီဖြစ်သည်။
မာနကြီးတဲ့ လူတွေ… သူတို့သည် အစားအသောက်ကို နှစ်သက်ကြပုံပေါ်သော်လည်း ပါးစပ်မှ ချီးကျူးစကားများအစား ကဲ့ရဲ့ရှုံ့ချကြသည်။
သူမအစ်ကို၏ ဟင်းလျာများကို တစ်ခါမျှမကြားဖူးသည့် စားဖိုမှူးတစ်ဦး၏အမည်နှင့် နှိုင်းယှဉ်ကြည့်ရန်မှာ သူမအစ်ကို၏ အချက်အပြုတ်ကျွမ်းကျင်မှုကို စော်ကားလိုက်ခြင်းပင်။
ပုဖန် စားနေစဉ် မျက်နှာက တည်ငြိမ်နေ၏။ ငရဲဘုရင်အာဟကို တစ်ချက်ကြည့်လိုက်ပြီးနောက် တိုးတိုးပြောသည်။
"အသံကိုလျှော့ပြော..."
သို့သော်လည်း ငရဲဘုရင်အာဟ ပြောသည်မှာ တကယ်ကို အဓိပ္ပါယ်ရှိသည်။ ဤဟင်းသည် မဆိုးသော်လည်း ပုဖန်သူ၏ ကျွမ်းကျင်မှုကို ပိုယုံကြည်လာသည်။
ယခုဟင်းလျာများကို သူ၏ကိုယ်ပိုင် ဟင်းလျာများနှင့် နှိုင်းယှဉ်ပါက အလွန်ကွဲပြားမှု မရှိပေ။ သို့သော် ဤဟင်းလျာများသည် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ပါဝင်ပစ္စည်းများကို အသုံးပြုထားသည်။
ပုန်းကွယ်နဂါးတိုက်ကြီးနှင့် နှိုင်းယှဉ်ပါက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ပါဝင်ပစ္စည်းများသည် သာလွန်ကောင်းမွန်ပါသည်။
အကယ်၍ ထိုပါဝင်ပစ္စည်းများကို ညီမျှစွာ အသုံးပြုပါက ပုဖန်၏ ကျွမ်းကျင်မှုမှာ ထိုစားဖိုမှူးများထက် အနည်းငယ် ပိုအားကောင်းသည်ဟု ခံစားမိသည်။
နောက်ဆုံးတွင် ဟင်းပွဲများ စား၍ပြီးသွားကြသည်။
စားပွဲပေါ်ရှိ ညစ်ပတ်နေသော ပန်းကန်ပြားများနှင့် ပန်းကန်လုံးများကို ကြည့်လိုက်ကာ မိန်းကလေးသည် သူမ၏ နှလုံးသားထဲမှ မကျေမနပ်မှုများကို ဖယ်ရှားလျက် အသက်ပြင်းပြင်းရှူလိုက်သည်။
သူမ၏ မျက်နှာပေါ်တွင် မူလရှိနေသည့်အပြုံး ပျောက်ကွယ်သွားသည်မှာ ကြာခဲ့ပြီ။
စားပွဲနားသို့ လျှောက်သွား၍ ပုဖန်ကို မကျေမချမ်းကြည့်ကာ ပြောလ်ိုက်သည်။
" စုစုပေါင်း အယ်မော်တယ် သလင်းကျောက် ၇ခုပါ ကျေးဇူးတင်ပါတယ်..."
အမှန်တွင် သူမသည် ဒေါသသံကို ဖုံးကွယ်၍မရပေ။
သို့သော် ထိုစကားများကို သူမပြောသည့်အခိုက်တွင် သူမကိုယ်တိုင် အံ့ဩသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့စားနေစဉ် အဆက်မပြတ် ဝေဖန်ခဲ့သော ဤလူများ၏ မျက်နှာပေါ်ရှိ အမူအရာများက သူမကို အနည်းငယ် ထူးဆန်းသွားစေသောကြောင့် ဖြစ်သည်။
ဘာလို့ သူတို့တွေ အရမ်းအံ့ဩသွားတာလဲ...
သူတို့မျက်နှာပေါ်က အမူအရာတွေက ဘယ်လိုတွေဖြစ်နေတာလဲ...
အင်မော်တယ် သလင်းကျောက်၇ခုက အရမ်းများသွားလား...
မဟူရာနဂါးဘုရင်၏ ပါးစပ် လှုပ်ယမ်းသွားသည်။ လက်ကိုမြှောက်ကာ ပြောင်နေသောခေါင်းလေးကိုပွတ်ကာ ပြောလိုက်သည်။
" အင်မော်တယ် သလင်းကျောက်ဆိုတာ ဘယ်လို ကစားစရာမျိုးလဲ..."
ငရဲဘုရင်အာဟသည်လည်း မှုန်ဝါးဝါးဖြင့် ခေါင်းယမ်းသည်။
" ဒီဘုရင်သိတာ သလင်းကျောက်တွေပဲရှိတယ်... အိုး ပြီးတော့ ရှူးရှဲအစပ်ချောင်းတွေ..."
"အင်မော်တယ် သလင်းကျောက်... မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ ငွေကြေးကို ပြောတာများလား..."
အစောပိုင်းတွင် ပုဖန်ဘာကြောင့်ထူးဆန်းနေသည်ကို နယ်သာရီနားလည်သွားသည်။
ပုန်းကွယ်နဂါးတိုက်ကြီးမှ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို ယခုမှရောက်လာသည် ဖြစ်ရာ အင်မော်တယ်သလင်းကျောက်သည် သူတို့ထံတွင် မရှိပေ။
သူတို့မှာ အင်မော်တယ် သလင်းကျောက် မရှိပဲနဲ့ ပုဖန် က ဘာကြောင့် ဟင်းပွဲတွေကို မှာလိုက်ရတာလဲ... နယ်သာရီ အနည်းငယ် ပဟေဠိဖြစ်သွားသည်။
မိန်းကလေးသည် မဟူရာနဂါးဘုရင်ကိုကြည့်သည် ထို့နောက် ငရဲဘုရင်အာဟကိုကြည့်ပြန်သည် နောက်ဆုံး၌ သူမ၏အကြည့်များမှာ ပုဖန်ထံသို့ ရောက်သွားသည်။
အဘယ်ကြောင့်ဆိုသော် ပုဖန်သည် ဤလူတစ်စု၏ ခေါင်းဆောင်မှန်း သိသည့်အတွက်ပင်။
" ရှင်တို့တွေမှာ အင်မော်တယ် သလင်းကျောက်မရှိတာတော့ မဟုတ်ပါဘူးနော်..."
ထိုမိန်းကလေး၏ မျက်နှာသည် မည်းမှောင်လာပြီး သူမစကားပြောလိုက်တိုင်း ရုပ်ပိုဆိုးလာသည်။
မဟူရာနဂါးဘုရင်သည် ခေါင်းပြောင်ကြီးကို ပွတ်လျက် မိန်းကလေးကိုကြည့်ကာ ပြောလိုက်သည်။
" အရုပ်ကလေးရေ ငါတို့ကို အင်မော်တယ် သလင်းကျောက်က ဘာလဲဆိုတာပဲ ရှင်းပြစမ်းပါ..."
ဘန်း...
မဟူရာနဂါးဘုရင်၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ထိုမိန်းကလေးသည် ဒေါသတကြီးဖြင့် လက်ထဲမှ ဗန်းကို ထမင်းစားပွဲပေါ်သို့ ရိုက်ချလိုက်သည် ။
"အင်မော်တယ် သလင်းကျောက်တွေ မရှိဘူး ဟုတ်လား... ဒါဆို ရှင်တို့က ဒီကိုဝင်လာပြီး အလကား စားသွားတာပေါ့...စားပြီးထွက်ပြေးဖို့ ကြံစည်ရုံမကဘူး စားဖိုမှူးရဲ့ ဟင်းတွေကိုပါ အပြစ်ရှာသေးတယ်..."
မိန်းကလေး၏ ထိန်းချုပ်ထားသော ဒေါသသည် နောက်ဆုံးတွင် ပေါက်ကွဲထွက်သွားသည်။
ဘယ်လိုအရည်အသွေးနဲ့ ငရုတ်သီးက မကောင်းတာလဲ... ဘယ်စားဖိုမှူးရဲ့ ချက်ပြုတ်နည်း ကျွမ်းကျင်တာက သူတို့ပါးစပ်နဲ့ အရသာမတွေ့တာလဲ...
မဟူရာနဂါးဘုရင်နှင့် ကျန်လူများ သူတို့မှားမှန်းသိသောကြောင့် ချက်ချင်းပင် ခေါင်းငုံ့လိုက်ကြသည်။
အနီးနားရှိ စားသောက်သူများ အားလုံးသည် သူတို့ထံမှ စူးစူးဝါးဝါးအော်သံများ ကြားနေရသဖြင့် ပုဖန်၏ စားပွဲကို လှည့်ကြည့်နေကြသည်။
စားပြီးထွက်ပြေးမလို့လား...
မသေမျိုးမြို့တော်၏ စားသောက်ဆိုင်များသည် သူကောင်းမျိုးများ၏ အုပ်ချုပ်မှုအောက်တွင်ရှိနေပြီး ထိုလူများသည် ထမင်းစားပြီးသည်နှင့် ထွက်ပြေးရန် ကြံနေကြသည်။
သူတို့ သေချင်နေတာလား...
ပုဖန်မှာ သူတို့ကြုံတွေ့နေရသောအခက်အခဲကို သိပ်စိတ်မ၀င်စားဘဲ ထရပ်ကာ ထိုမိန်းကလေးကို အေးအေးဆေးဆေးကြည့်ကာ ပြောသည် ။
" ငါ့မှာ အင်မော်တယ် သလင်းကျောက် မရှိဘူး ဒါပေမဲ့ ဟင်းလျာတွေအတွက် ပါဝင်ပစ္စည်းတွေနဲ့ ပေးဖို့ခွင့်ပြုလား..."
ပါဝင်ပစ္စည်းတွေကို အင်မော်တယ် သလင်းကျောက်အစားပေးမယ်တဲ့လား...
ပုဖန်၏ မျက်နှာအမူအရာကင်းမဲ့သော မျက်နှာကို ကြည့်လိုက်သောအခါ ထိုမိန်းကလေး အံ့ဩသွားသည်။
အချိန်အတန်ကြာပြီးနောက် သူမပြန်ဖြေသည်။
" လာနောက်နေတာလား...ရှင့်မှာ ပါဝင်ပစ္စည်းကောင်းတွေရှိရင် ဘာလို့ အင်မော်တယ် သလင်းကျောက်တွေ မရှိရတာလဲ... ရှင်တို့အကုန်လုံး အလကားစားပြီး ထွက်ပြေးချင်နေတာမလား..."
မိန်းကလေး၏ စကားကြောင့် ပုဖန်အနည်းငယ် အေးခဲသွားသည်။ သူမပြောသည့်စကားသည် အဓိပ္ပာယ်ရှိသည်။
အမှန်တွင် မသေမျိုးမြို့တော်မှ လူများသည် အင်မော်တယ် သလင်းကျောက်ကို ပါဝင်ပစ္စည်းများ ရောင်းချရာမှ အဓိက ရရှိခြင်းဖြစ်သည်။
အကယ်၍ သူတို့ထံတွင် ပါဝင်ပစ္စည်းကောင်းများ ရှိလျှင် သူတို့ထံ၌ အင်မော်တယ်သလင်းကျောက်များ ပြတ်လပ်နေမည် မဟုတ်ပေ။
ပုဖန်သည် စကားလုံးများဖြင့် ရှင်းပြရခက်သည်ဟု ခံစားမိသောကြောင့် တုံ့ပြန်မှုအနေဖြင့် လက်ကိုဝှေ့ယမ်းလိုက်သောအခါ ပါဝင်ပစ္စည်းများ ချက်ချင်းပေါ်လာသည်။
သူ၏ဘယ်ဘက်လက်တွင် ဖားနတ်ဆိုးအသားကို ကိုင်ထားပြီး ညာဘက်တွင် သွေးကျောက်ပုစွန်တစ်ကောင်ရှိသည်။ သူ၏လည်ပင်းတစ်ဝိုက်တွင် ပေါက်ကွဲမီးတောက်ငရုတ်သီး ကြိုးတစ်ချောင်းပင် ရှိသေးသည်...
ပုဖန် ရယ်စရာအသွင်အပြင်ဖြင့် ထိုမိန်းကလေးကို ကြည့်လိုက်သည်။
" ဒီပါဝင်ပစ္စည်းတွေကို ကြည့်လိုက်ပါဦး... သူတို့က အဆင်ပြေရဲ့လား...မပြေရင် ငါနောက်တစ်သုတ် သွားယူလိုက်မယ်..."