အခန်း ၉၄၈
မသေမျိုးစားဖိုမှူးတစ်ယောက်ကို ဘယ်လိုရွေးမလဲ...
ကောင်းကင်ကမ္ဘာမြေမီးလျံသည် သာမန်ထက် သာလွန်သည်ဟု မယူဆနိုင်ပေ။
အဘယ်ကြောင့်ဆိုသော် ပုန်းကွယ်နဂါးတိုက်ကြီးနှင့် နှိုင်းယှဉ်ပါက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် စွမ်းအင်သည် ပိုမိုသိပ်သည်းနေသောကြောင့်ဖြစ်သည်။ တိုက်ကြီးတွင် ကောင်းကင်ကမ္ဘာမြေ မီးလျံကို မွေးဖွားပေးရန်အတွက် ဝိညာဉ်စွမ်းအင် ထောင်ပေါင်းများစွာ လိုအပ်သော်လည်း ဤနေရာတွင် ၎င်းသည် အဆင့်အနည်းငယ် ပိုမြင့်သော မီးတောက်တစ်ခုမျှသာ ဖြစ်သည်။
မသေမျိုးမီးဖိုချောင်အဆောက်အဦး၏ စမ်းသပ်မှုအောင်မြင်ပြီး အပြင်ဘက်စက်ဝိုင်းတွင် စားသောက်ဆိုင် ဖွင့်ခွင့်ရရှိခဲ့သော စားဖိုမှူး ရွှမ်ယွမ်ကျားဟွေ့သည် ပုဖန်၏ ကောင်းကင်ကမ္ဘာမြေမီးလျံ ထက်ပင် ပိုမိုအဆင့်မြင့်သော မီးတောက်တစ်ခုကို ပိုင်ဆိုင်ထားသည်။
သို့သော်လည်း သူ ပုဖန် အသုံးပြုနေသော မီးဖိုချောင်သုံးပစ္စည်းများကို ပို၍ သိချင်လာခဲ့သည်။
စားဖိုမှူးတစ်ဦး ချက်ပြုတ်သည့်အခါ မီးဖိုချောင်သုံး ကိရိယာများသည် မရှိမဖြစ်လိုအပ်ပြီး ကောင်းမွန်သော မီးဖိုချောင်သုံးကိရိယာသည် စားဖိုမှူးတစ်ဦးအတွက် အလွန်အရေးကြီးကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိခဲ့ကြသည်။
မသေမျိုးမြို့တော် အတွင်းတွင် မင်းမျိုးမင်းနွယ်မိသားစုများသည် ထိုမီးဖိုချောင်သုံးကိရိယာများရောင်းချခြင်းကို လက်ဝါးကြီးအုပ်ထားသောကြောင့် ထိုတစ်ခုတည်းနှင့်ပင် ၎င်းတို့၏အရေးပါမှုကို သိမြင်နိုင်သည်။
ရွှမ်ယွမ်ရွှမ်၏ မျက်လုံးများ တောက်ပလာသည်။ သူမသည် ငယ်စဉ်ကတည်းက ရွှမ်ယွမ်ရှားဟွေ့ ၏ ကြိုးစားအားထုတ်မှုကို မျက်မြင်တွေ့ခဲ့ပြီး ကြီးပြင်းလာချိန်မှစ၍ စားဖိုမှူးကောင်းများကို နှစ်သက်သဘောကျခဲ့သည်။ သူမတွင် စားဖိုမှူးတစ်ယောက်၏ အရည်အချင်းမရှိသော်လည်း အစ်ကိုဖြစ်သူသည် ထိုအရည်အချင်းများ ပိုင်ဆိုင်ထားသောကြောင့် သူတို့မိသားစုကို ထောက်ပံ့ပေးနိုင်ခဲ့သည်။
ထို့ကြောင့် ရွှမ်ယွမ်ရွှမ် သည် စားဖိုမှူးများကို လေးစားသည်။ သူမ၏ အနာဂတ်ခင်ပွန်းသည် မသေမျိုးစားဖိုမှူး ဖြစ်ရမည်ဟု သူမအစ်ကိုကိုပင် ပြောခဲ့ဖူးသည်။
ဒါ... သိပ်ကြီးကျယ်တဲ့ အိမ်မက်ပါပဲ...
ရွှမ်ယွမ်ရှားဟွေ့ သူမခေါင်းကို ပွတ်လျက် ပြုံးလိုက်သည်။
မသေမျိုးစားဖိုမှူးတိုင်းသည် ဂုဏ်ယူစရာဖြစ်သည့်အတွက် မသေမျိုးစားဖိုမှူး တစ်ယောက်ကို ရွေးချင်သူများအတွက် မည်သို့မျှမရိုးရှင်းနိုင်ပေ...
ထိုသို့မဟုတ်လျှင် မသေမျိုးစားဖိုမှူးဖြစ်ရန် သေချာနေသည့်လူကို ကြိုတင်ရွေးချယ်ထားခြင်းက ရွှမ်ယွမ်ရွှမ်၏ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်လိမ့်မည်။
ထိုအချိန်တွင်... ရွှမ်ယွမ်ရွှမ် ဤအတွေးအမြင်ကို အမှန်တကယ် သတိရသွားသည်။
ပုဖန်၏ဓား အလွန်လျင်မြန်လွန်းသဖြင့် ရွှမ်ယွမ်ရွှမ်၏ ကို မှင်တက်သွားစေခဲ့သည်။
သို့သော်လည်း ဤအမြန်နှုန်းသည် သူမအတွက် သာမန်မျှသာဖြစ်သည်။
သွေးကျောက်ပုစွန်များအားလုံးကို ပိုင်းဖြတ်ပြီးနောက် ပုဖန် ဟင်းခတ်အမွှေးအကြိုင်များကို ပြင်ဆင်သည်။
ခရမ်းရောင်ကြက်သွန်ဖြူကို အစိတ်စိတ်စိတ်အမွှာမွှာ လှီးဖြတ်ပြီးနောက် ပေါက်ကွဲမီးတောက်ငရုတ်သီးနှင့် သားအမိဂျင်းကို လှီးဖြတ်ကာ ပူပူနွေးနွေး အိုးထဲသို့ ထည့်ကာ အနံ့မွှေးလာစေရန် မွှေကြော်ပေးသည်။
ပုဖန် သွေးကျောက်ပုစွန်အစပ်ကို အကြိမ်များစွာ ပြုလုပ်ထားသောကြောင့် လုပ်ငန်းစဉ်နှင့် နည်းစန်စကို အတော်အတန် ရင်းနှီးလာခဲ့သည်။ ထို့ကြောင့် များများချက်ပြုတ်လေ အခြေခံသဘောတရားထဲသို့ ဝင်လာလေဖြစ်သည်။
"အနံ့လေးက အရမ်းမွှေးတာပဲ..."
"ဘာလဲဟ... သူက ဟင်းခတ်အမွှေးအကြိုင်တွေကို မွှေကြော်နေရုံပဲ ရှိသေးတယ်..."
" အင်း... ဒါပဲလား... ဒီအဘိုးကြီးက ပိုမွှေးတဲ့ ဟင်းပွဲတွေတောင် စားဖူးသေးတယ်..."
ထိုမြင်ကွင်းကို လာကြည့်ကြသော အနီးနားရှိ စားသောက်သူများသည် လေထဲတွင် မွှေးရနံ့ကို ရှူရှိုက်ရင်း ရင်ခုန်စိတ်လှုပ်ရှား စပြုလာကြသည်။
ဟင်းခတ်အမွှေးအကြိုင်များမှ ကနေ ထွက်လာသော ထိုရနံ့သည် နှာခေါင်းအတွင်းသို့ ဖောက်ထွင်းဝင်ရောက်လာသည်မှာ အလွန်ကို မှင်တက်စေသည်။
ထိုမှတ်ချက်များနှင့် ဝေဖန်သံများကို ကြားသောအခါ ပုဖန်မျက်ခုံးပင့်ကာ အနည်းငယ် ထိတ်လန့်သွားသည်။
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ဆိုတဲ့အတိုင်းပဲ... စားသုံးသူတွေရဲ့ အရသာခံမှုက အရမ်းကို ဇီဇာကြောင်တယ်...
ပုဖန် အတွေးထဲတွင် နစ်မွန်းသွားသည်။ နောက်တစ်ခဏတွင် မီးဖိုချောင်သုံး ဓားကို တစ်ချက်လှုပ်ခါလျက် သွေးကျောက်ပုစွန်များ အားလုံးကို ဒယ်အိုးထဲကို ထည့်လိုက်သည်။
ရွဲ...ရွဲ...
အငွေ့လှိုင်းတစ်ခု ချက်ချင်းထလာသည်။
ရွှမ်ယွမ်ရှားဟွေ့ က မဟူရာလိပ်ခုံးဒယ်အိုးထဲရှိ သွေးကျောက်ပုစွန်များကို စိုက်ကြည့်ကာ မျက်လုံးပြူးသွားသည်။ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ပထမအဆင့်တွင် ဤပါဝင်ပစ္စည်းအမျိုးအစားကို သူမတွေ့ရသေးပေ။
ထို့ကြောင့် သူ့စိတ်ထဲတွင် အလွန်သိချင်နေခဲ့သည်။
သူတင်မက ပတ်ဝန်းကျင်ရှိစားသုံးသူများသည်လည်း ငြိမ်သက်သွားကာ ဒယ်အိုးထဲသို့ သွေးကျောက်ပုစွန်များ ထည့်နေသည်ကို အံ့သြတကြီးနှင့် ကြည့်နေကြသည်။
သွေးကျောက်ပုစွန်များ ဒယ်အိုးထဲသို့ ထည့်လိုက်ပြီး မီးပူလာသည်နှင့် မွှေးပျံ့နေသော ရနံ့သည် ချက်ချင်းပင် သိပ်သည်းလာသည်။
ခဏအကြာ၌ သွေးကျောက်ပုစွန်အသား တင်းမာလာသည်...
သို့သော် ပုဖန်၏ ချက်ပြုတ်ခြင်းက မပြီးသေးပေ။ သူယောက်မကို ကိုင်၍ မဟူရာလိပ်ခုံးဒယ်အိုးကို လှန်လိုက်ပြီး ပါဝင်ပစ္စည်းများကို ကျွမ်းကျင်စွာ မွှေလိုက်သည်။
အိုးအတွင်းမှ သွေးကျောက်ပုစွန်များကို လေထဲသို့ အဆက်မပြတ် ပျံသန်းစေပြီးနောက် အိုးထဲသို့ ပြန်ဆင်းစေသည်။ ဤကဲ့သို့ ထပ်ခါထပ်ခါ လုပ်နေခဲ့သည်။
လေထဲတွင် သွေးကျောက်ပုစွန်များ၏ မွှေးရနံ့ကိုရနိုင်သည်။ ဝိညာဉ်စွမ်းအင်များက အလွန်သိပ်သည်းခြင်းမရှိသော်လဲ မွေးရနံက မျှော်လင့်ထားသည်ထက် ကောင်းမွန်လွန်းသည်။
ပုဖန် ပူစပ်စပ်ငရုတ်နှစ်ထည့်ထားသော သလင်းကျောက်ကရားငယ်လေးကို ထုတ်လိုက်သည်။ ထို့နောက် ယောက်ချိုထဲသို့ ထည့်ပြီး ဒယ်အိုးထဲသို့ လောင်းထည့်လိုက်သည်။
ပူစပ်စပ်ငရုတ်နှစ် ပြန့်ကျဲလာမည့်အချိန်ကို စောင့်ပြီးနောက် ဒယ်အိုးကို ဆက်လက်လှန်လိုက်သည်။
ခဏအကြာတွင် သူ အေးခဲကျောက်စိမ်းနှလုံးသားဝိုင် ပုလင်းကိုဖွင့်ကာ လောင်းထည့်လိုက်သည်။ သွေးကျောက်ပုစွန်များကို ပလုံခနဲအသံဖြင့် ရွှဲနစ်သွားစေပြီး မွှေးရနံ့များကိုလည်း ဖုံးအုပ်သွားသည် ။
ပုဖန် အတွေးတစ်ခုဖြင့် မဟူရာလိပ်ခုံးဒယ်အိုးကို ဖုံးကာ စတင်နှပ်လိုက်သည်။
ရွှမ်ယွမ်ရှားဟွေ့ လေထဲမှ ဝိုင်ရနံ့ကို ရှူရှိုက်ကာ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားပြီး အော်ပြောလိုက်သည်။
" ကောင်းလိုက်တဲ့ဝိုင်ပဲ..."
ပုဖန်အနည်းငယ် အေးခဲသွားပြီး ရွှမ်ယွမ်ရှားဟွေ့ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ကရားထဲတွင် သုံးပုံတစ်ပုံခန့်သာ ကျန်ရှိနေသော အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ကို ပစ်ပေးလိုက်သည်။
ပစ်ပေးလိုက်သည့် ဝိုင်ကရားကို ကြည့်လိုက်ကာ ရွှမ်ယွမ်ရှားဟွေ့၏ မျက်လုံးများ ချက်ချင်း တောက်ပလာသည်။ ဝိုင်ကရားကို သူ၏လက်ထဲသို့ လှမ်းယူပြီး စိတ်စွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။
အဖုံးကို ဖွင့်ပြီးနောက် သူသည် စိတ်လှုပ်ရှားစွာဖြင့် တစ်ကျိုက်တည်း သောက်လိုက်သည်။
ဂလု... ဂလု...
သိပ်သည်းသောဝိုင်သည် လည်ချောင်းမှစီးကျလာပြီး ဗိုက်ထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ သူ၏အာခေါင်ကို ဝိုင်၏မွှေးရနံ့ဖြင့် ဖုံးအုပ်
ထားသည်။
ရွှမ်ယွမ်ရှားဟွေ့ ကျန်ရှိသောဝိုင်ကို မော့သောက်လိုက်ပြီး အလွန်အမင်းကျေနပ်စွာဖြင့် ပါးစပ်သုတ်လိုက်သည်။
" ဒီဝိုင်က တကယ်ကိုပဲ မဆိုးလှပါဘူး... ဒီဝိုင်ကရားတစ်ခုက အင်မော်တယ် သလင်းကျောက်သုံးခု တန်တယ်... မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှာ အဆင့်မသတ်မှတ်ထားပေမယ့် ဒါဟာ သိပ်တော့မဆိုးပါဘူး..."
ရွှမ်ယွမ်ရှားဟွေ့၏ စကားကိုကြားပြီးနောက် ပုဖန် အေးခဲတောင့်တင်းသွားသည်။
အေးခဲကျောက်စိမ်း နှလုံးသားဝိုင်က မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ အဆင့်သတ်မှတ်ချက်တွေထဲတောင် မပါဘူးတဲ့လား...
သို့သော် ပုဖန်သည် ဤအရာကို ထူးဆန်းသည်ဟု မထင်ပေ ။ အေးခဲကျောက်စိမ်း နှလုံးသားဝိုင်သည် ပုန်းကွယ်နဂါးတိုက်ကြီး၏ လေအလင်းအင်ပါယာတွင် သူချက်ခဲ့သော အရာဖြစ်ပြီး သူ၏ကျင့်ကြံမှု တိုးလာသည်နှင့်အမျှ ဝိုင်ချက်ရန် အသုံးပြုသည့် ပါဝင်ပစ္စည်းများသည်လည်း ပြောင်းလဲသွားခဲ့သည်။
သို့သော်လည်းအဆုံးတွင် ၎င်းသည် အဆင့်မြင်ဝိုင် မဟုတ်ခဲ့ပေ။
နှင်းခါးမီးတောက်သိမြင်မှာဝိုင်အကြောင်း စဉ်းစားရုံမှတစ်ပါး မရှိပေ။ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် မည့်သည်အဆင့်တွင် ရှိနေမည်နည်း...
သူ့ထက်ပိုကောင်းသော တွယ်တာရာမဲ့ စမ်းချောင်းဝါဝိုင်ကရော ဘယ်အဆင့်ရှိလောက်မလဲ...
နှုတ်ခမ်းထောင့်ကို ကွေးညွှတ်၍ ပုဖန် မသိမသာ ပြုံးလိုက်သည်။
ခဏအကြာတွင် မဟူရာလိပ်ခုံးဒယ်အိုးကို အဖုံးဖွင့်လိုက်သည်။ အခိုးအငွေ့များနှင့်အတူ အဖြူရောင်အငွေ့များ လွင့်ပျံလာသည်။ အနှိုင်းမဲ့ မွှေးကြိုင်သော မွှေးရနံ့သည် နေရာတိုင်းသို့ ပျံ့နှံ့သွားသည်။
ထို့နောက် ပုဖန်သည် ဒယ်အိုးကိုလှန်ကာ သန့်ရှင်းသော ပန်းကန်လုံးတစ်ခုပေါ်သို့ လောင်းထည့်လိုက်သည်။ အမြှီးချွန်ကြက်သွန် ကိုထုတ်ယူကာ အပိုင်းပိုင်း လှီးဖြတ်ပြီး အပေါ်မှ ဖြန့်ကြဲလိုက်သည်။
မွှေးကြိုင်သော သွေးကျောက်ပုစွန်အစပ် ပြီးဆုံးသွားပြီဖြစ်သည်။
သေရာမှပြန်ရှင်လာမည့်ပုံနှင့် ထိုဟင်းပွဲသည် အနီရောင် တောက်ပနေသည်။ မွှေးပျံ့သောရနံ့များ သင်းပျံ့လာသည်နှင့်အမျှ သူတို့ပတ်ဝန်းကျင်ရှိ ထမင်းစားသူများ သက်ဝင်လှုပ်ရှားလာကြသည်။
" ဒီတစ်ခါ အနံ့က ပိုသိပ်သည်းတယ်..."
" ဘယ်လိုထူးဆန်းတဲ့ အနံ့လဲ... ငါတစ်ခါမှ ဒါမျိုးအနံ့ မရဖူးဘူး... ဒါပေမဲ့ ဒီအနံ့က ငါထင်ထားတာထက် ပိုကောင်းတယ်..."
"ဘယ်လိုတောင် ဆန်းကြယ်တာလဲ...ပါဝင်ပစ္စည်းရဲ့ ဝိညာဉ်စွမ်းအင်က အဲဒီလောက်မများပေမယ့် ချက်ပြုတ်လိုက်တဲ့အခါမှာတော့ တကယ်ကို မွှေးပျံ့သွားတာပဲ..."
ထိုစားသုံးသူများ အံ့သြလောက်အောင် တုန်လှုပ်သွားကြသည်။ သူတို့သာမက ရွှမ်ယွမ်ရှားဟွေ့၏ နှလုံးလည်း တုန်လှုပ်သွားသည် ။
ရွှမ်ယွမ်ရွှမ် အငွေ့တထောင်းထောင်းနှင့် အနီရောင်တောက်နေသည့် သွေးကျောက်ပုစွန်ကို စူးစမ်းစွာ ကြည့်နေသည်။ ထိုမျက်နှာအကြောသေနေသော လူသာ် ဤမျှကောင်းသော ဟင်းလျာကို ချက်ပြုတ်နိုင်မည်ဟု မတွေးခဲ့မိပေ။
" ဒီဟင်းလျာကို ရနံ့မွှေး သွေးကျောက်ပုစွန်အစပ်လို့ ခေါ်ပါတယ်... လာမြည်းကြည့်ကြပါဦး..."
ပုဖန်တည်ငြိမ်စွာ ပြောလိုက်သည်။ ထို့နောက်ချည်နှောင်ထားသော ဆံပင်များကိုဖြည်လိုက်ကာ ထောင်နဲ့ချီသော ဆံနွယ်များကို ဝဲကျနေစေလိုက်သည်။
" ဒီဟာ... အဲ့တာကို ဘယ်လိုစားသင့်သလဲ..."
ရွှမ်ယွမ်ရှားဟွေ့ မျက်ခုံးများ တွန့်ချိုးလိုက်သည်။
" အဟ... မင်းမသိဘူး ဟုတ်တယ်မလား...မင်းကို ဒီဘုရင် သင်ပေးဖို့ လိုနေသေးတာပဲ... ဒီဘုရင် ဘယ်လိုစားလဲဆိုတာ သေချာစောင့်ကြည့်ထား..."
ငရဲဘုရင်အာဟ၏ မျက်လုံးများသည် နီရဲတောက်ပလာခဲ့သည်။ ရနံ့မွှေး သွေးကျောက်ပုစွန်သည် သူစောင့်မျှော်နေသော ဟင်းတစ်ခွက်ဖြစ်သည်။
ဘယ်အချိန်ကမှန်းမသိသော်လည်း ငရဲဘုရင်အာဟသည် ရွှမ်ယွမ်ရှားဟွေ့ ရှေ့တွင်ပေါ်လာပြီး ပန်းကန်လုံးထဲရှိ သွေးကျောက်ပုစွန်များကို စိုက်ကြည့်နေသည်။
" ပထမဆုံး မင်းလက်တွေကို အုပ်ဖို့ အမြှေးပါးအလွှာတစ်ခုဖွဲ့စည်းဖို့ စွမ်းအင်အနည်းငယ်လိုတယ်... ပြီးသွားရင်တော့ သွေးကျောက်ပုစွန်ကို ကောက်ယူနိုင်ပြီ..."
ငရဲဘုရင်အာဟသည် ပန်းကန်လုံးထဲမှ သွေးကျောက်ပုစွန်ကို ယူကာ ပြောလိုက်သည်။
" ကဲ ကြည့်စမ်း... သွေးကျောက်ပုစွန်ခေါင်းကို ဒီပုံစံအတိုင်း လိမ်ကြည့်…"
ဂျွတ်ခနဲ အသံနှင့်အတူ သွေးကျောက်ပုစွန်ခေါင်းကို ငရဲဘုရင်အာဟ လိမ်လိုက်သည်။ ခဏအကြာတွင် လျှာက်ိုထုတ်၍ ပုစွန်ခေါင်းထဲမှ ထွက်လာသောအရည်များကို စားသုံးလိုက်သည်။
" အင်း... ဒီအရသာပဲ... ဒါက ဒီဘုရင် အိမ်မက် မက်နေခဲ့ရတဲ့ အရသာပဲ..."
သူ၏ မျက်နှာမှာ မှုန်ဝါးနေသည်။
ကျောက်ပုစွန်ခေါင်းကို စုတ်ယူပြီးနောက် အမြှီးဘက်သို့ လှည့်လိုက်သည်။
"ပုဖန်ကောင်လေးက ကျောက်ပုစွန်အခွံကိုဖွင့်ထားပြီးသားမို့ ဖြူဖွေးနူးညံ့တဲ့ပုစွန်အသားရဖို့အတွက် နောက်ဘက်အခွံကို ဆွဲထုတ်ပြီး မျိုချလိုက်ရုံပဲ...ဒီ သွေးကျောက်ပုစွန်က အရသာအရှိဆုံးပဲ... တစ်ခါစားပြီးတာနဲ့ ခံနိုင်ရည်ရှိဖို့ ခက်တယ်..."
ငရဲဘုရင်အာဟ ပြောလိုက်သည်။
ထိုစကားဆုံးသည်နှင့် သူသည် အခွံကို ဆုတ်ဖြဲကာ အဖြူရောင်နှင့် နူးညံ့သော ကျောက်ပုစွန်အသားကို ပေါ်လွင်စေပြီး ပူနွေးသော အငွေ့ကို ဖယ်ထုတ်လိုက်သည်။ ကြည့်ရသည်မှာ လှပသော ကျောက်စိမ်းတစ်လုံးကဲ့သို့ပင်...
ငရဲဘုရင်အာဟ ယစ်မူးစွာ စားသောက်နေသည်ကို ကြည့်ကာ အနီးနားရှိ စားသုံးသူများသည် ခံနိုင်ရည်ကင်းမဲ့စွာဖြင့် တံတွေးမျိုချမိကြသည်။
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် တွင် ဤဟင်းမျိုးကို မစားဖူးသေးပေ။ အသစ်အဆန်းဖြစ်ရုံသာမက ရနံ့သည်လည်း ခံနိုင်ရည်မရှိနိုင်လောက်အောင်ပင်။
"မြည်းကြည့်ကြစမ်းပါ... ဒီဘုရင် နောက်တစ်ခါ စားပြရဦးမလား..."
ငရဲဘုရင်အာဟသည် ပြောလျက် နောက်တစ်ခုဆီသို့ လက်လှမ်းလိုက်သည်။
သို့သော် ဤတစ်ကြိမ်၌ ပုဖန် သူ၏လက်ကို ရိုက်ချလိုက်သည်။
ငရဲဘုရင်အာဟ ရယ်လျက် ရှူးရှဲအစပ်ချောင်းကို ထုတ်လိုက်သည်။ ထို့နောက် ပါးစပ်ထဲထည့်ကာ ဘေးနားတွင် နေရခက်သည့်ပုံဖြင့် ထိုင်နေသည်။
ဒီလူတွေ ရနံ့မွှေး သွေးကျောက်ပုစွန်အစပ်က ဘယ်လောက်အရသာရှိလဲ မသိကြဘူး...
ရွှမ်ယွမ်ရှားဟွေ့ တစ်ကြိမ်ကြည့်လိုက်ရုံဖြင့် သွေးကျောက်ပုစွန်ကို မည်ကဲ့သို့ စားရမည်ကို သဘောပေါက်သွားသည်။ ခေါင်းငြိမ့်လျက် ငရဲဘုရင်အာဟ စားသည့် နည်းလမ်းကို ကူးယူလိုက်သည်။
သွေးကျောက်ပုစွန်ခေါင်းထဲမှ ထွက်လာသည့် အရည်ကို စုပ်ယူလိုက်ချိန်တွင် မွှေးကြိုင်သော်လည်း စပ်သည့် အရသာမှာ ရွှမ်ယွမ်ရှားဟွေ့၏ မျက်လုံးများကို ချက်ချင်း စက်ဝိုင်းပုံ ဖြစ်သွားစေသည်။
"ဒီအရသာက..."
ရွှမ်ယွမ်ရှားဟွေ့စိတ်ထဲတွင် အရှိန်အဟုန်ဖြင့် သွားနေသော ကြယ်တံခွန်တစ်ခု ရှိနေသကဲ့သို့ ခံစားရသည်။ ထိုအရာသည် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် မြည်းစမ်းခဲ့ဖူးသော အရသာများနှင့် လုံးဝကွဲပြားသည်။
ပုစွန်အသားကို စားလိုက်သည့်အခါ သူ၏ခန္ဓာကိုယ်ရော စိတ်ပါ တုန်လှုပ်သွားသည်။ ပါးစပ်ထဲရောက်သွားသောအခါ နူးညံ့သိမ်မွေ့မှုသည် သူတစ်ခါမျှ မစားဖူး အရသာမခံဖူးသောအရာတစ်ခုပင်။ ရိုးရိုးရှင်းရှင်းပြောရလျှင် ဤဟင်းသည် သူ့အား ယစ်မူးစေသည်။
ဤသည်မှာ ဟင်းလျာအသစ်ဖြစ်ပြီး မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် တစ်ခါမှမမြင်ဖူးသော ဟင်းလျာတစ်မျိုးဖြစ်သည်။
ရွှမ်ယွမ်ရှားဟွေ့ ဤသည်ကို အာမခံနိုင်သည် ။
ပုဖန်၏ဟင်းလျာသည် ရွှမ်ယွမ်ရှားဟွေ့အတွက် တံခါးအသစ်တစ်ခု ဖွင့်ပေးလိုက် သကဲ့သို့ပင်။
ပတ်ဝန်းကျင်ရှိ စားသုံးသူများသည် မခံမရပ်နိုင်ဖြစ်ခဲ့ကြပြီး အချို့မှာ ငရဲဘုရင်အာဟ၏ စားနည်းကို အတုယူကာ သွေးကျောက်ပုစွန်ကို တိတ်တဆိတ် ယူစားနေကြသည်။
ထိုခဏတာတွင် သင်းပျံ့သောရနံ့သည် စားသောက်ဆိုင် တစ်ခုလုံးကို ပျံ့နှံ့သွားသည်။
စားသုံးသူများ လေအေးများရှုရှိုက်နေသည်ကို ငရဲဘုရင်အာဟက ရှူးရှဲအစပ်ချောင်းစားလျက် ထိုင်ကြည့်နေသည်။
ဒီလူတွေ ကောင်လေးပုဖန် ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ မသိကြဘူးပဲ...
ရွှမ်ယွမ်ရွှမ်သည်လည်း ထိုကျောက်ပုစွန်ကို စားလိုက်သည်နှင့် မိန်းကလေးငယ်၏ နူးညံ့သိမ်မွေ့သော မျက်နှာသည် ချက်ချင်းပင် နီရဲလာခဲ့သည်။ သူမ၏နှုတ်ခမ်းများသည် သွေးထွက်လုနီးဖြစ်နေသကဲ့သို့ အနီရောင်တောက်တောက်ဖြစ်လာကာ သူမကို ပို၍ပင်လှပလာစေသည်။
ဒီလို အရသာမျိုးက...
ရွှမ်ယွမ်ရွမ် ပုဖန်ကို တောက်ပသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
မသေမျိုး စားဖိုမှူးတစ်ဦးကို ရယူလိုပါက ပျိုးပင်ငယ်စဉ်တွင် ခေါ်ယူရမည်ဖြစ်ပြီး မရင့်ကျက်သေးသော အခွင့်ကောင်းကို ရယူကာ သူမ၏လက်ထဲတွင် ဆုပ်ကိုင်ထားရန် လိုအပ်သည်ဟု သူမ၏အစ်ကိုက ပြောပြခဲ့သည်။
ဒီမျက်နှာ အကြောသေနေတဲ့သူက ရွေးချယ်မှုကောင်း ဖြစ်မယ့်ပုံပဲ...
ပုဖန်က ပရိသတ်များ၏ အံ့အားသင့်သော အသံများကို အသားကျနေပြီဖြစ်၍ မအံ့ဩတော့ပေ။
"ဒါက ငါတို့စားခဲ့တာအတွက် ပြန်ပေးဖို့ လုံလောက်တယ်မလား..."
ပုဖန် ရွှမ်ယွမ်ရှားဟွေ့ကို ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
" လုံလောက်ပါတယ်..."
ရွှမ်ယွမ်ရှားဟွေ့ပြောလိုက်သည်။
"ကောင်းပါပြီ... ရေစက်ရှိရင် အနာဂတ်မှာ ပြန်ဆုံကြတာပေါ့... မင်းရဲ့ဖော်ရွေပြူငှာမှုအတွက် ကျေးဇူးတင်ပါတယ်... သွားကြစို့..."
ပုဖန် ခေါင်းငြိမ့်လိုက်ပြီးနောက် စားသောက်ဆိုင်တွင်းမှ ထွက်လာသည်။
မဟူရာနဂါးဘုရင်နှင့် ကျန်သူအားလုံးသည် တောင့်တသောမျက်နှာများဖြင့် ရနံ့မွှေး သွေးကျောက်ပုစွန်ကို ကြည့်နေကြသည်။ သို့သော် နောက်ဆုံးတွင် သူတို့သည် ပုဖန်နောက်သို့ လိုက်သွားကြသည်။
" သူတို့ ဒီတိုင်းထွက်သွားကြတော့မှာလား..."
ရွှမ်ယွမ်ရွမ်၏နှုတ်ခမ်းများသည် အနီရောင်တောက်နေပြီး ပုဖန် ဝင်ပေါက်ဆီသို့ လျှောက်သွားသည်ကို အနည်းငယ် ထိတ်လန့်သောအမူအရာဖြင့် ကြည့်နေသည်။
"နပေါဦး..."
သူမ ခြေလှမ်းတစ်လှမ်း လှမ်းကာ အော်လိုက်သည်။
သူမပါးစပ်မှ ထိုစကားထွက်သွားသည်နှင့် အားလုံးတိတ်ဆိတ်ကုန်သည်။
ပုဖန်လည်း အေးခဲသွားပြီး စူးစမ်းစွာ လှည့်ကြည့်လ်ုက်သည်။
ပုဖန်၏ဘေးတွင် ရပ်နေသော နယ်သာရီ၏မျက်နှာက အေးစက်နေသည်။ သူမ၏အကြည့်များက ရွှမ်ယွမ်ရွှမ် ဆီသို့ ပစ်လွှတ်သော ရေခဲမြှားတစ်စင်းကဲ့သို့ပင်...
ယခုအချိန်တွင် ရွှမ်ယွမ်ရွမ်အနည်းငယ် ရှက်ရွံ့သွားသည်။ သို့သော် သူမ၏ မျက်လုံးများ လှည့်၍ ယွှမ်ရွမ်ရှားဟွေ့ကို စိုက်ကြည့်လိုက်သည်။
" ရှင်တို့ခဏနေကြပါဦး... ကျွန်မအစ်ကိုမှာ ပြောစရာရှိနေသေးတယ်..."
ဟူး.....
ပါးစပ်တွင် သွေးကျောက်ပုစွန်များနှင့် ပြည့်နေသော ရွှမ်ယွမ်ရှားဟွေ့ ချက်ချင်း အေးခဲသွားသည်။ သူ၏ မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးသောအကြည့်တစ်ခု ပေါ်လာသည်။
ဘာတွေဖြစ်ကုန်တာလဲ.....