Ch-29
Viewers 9k

Chapter-29


ထိုညတွင် ရွှီချင်းက လီချန်ဖုန်းကို ဂရုစိုက်မနေတော့ဘဲ တစ်ညလုံးအေးအေးချမ်းချမ်းအိပ်လိုက်ရသည်။ နောက်ဆုံးတော့... 


ရွှီချင်းမှာ ပင်မခန်းထဲတွင်ထိုင်ကာ တံစက်မြိတ်မှတစ်ဆင့် မိုးစက်တွေအဆက်မပြတ်ကျဆင်းနေတာကို ကြည့်နေခဲ့သည်။ ဒီနေ့မိုးကအရမ်းသည်းနေလိုက်တာ! မနက်စာစားပြီးနောက် လီချန်ဖုန်းက လယ်ကွင်းဆီသွားပြီ။ ဤမိုးမှာ ယခင်ကမစိုက်ပျိုးရသေးသောလယ်ကွင်းတွေအတွက် ကောင်းမွန်ပေမယ့် စိုက်ပျိုးပြီးသားမြေကွက်တွေအတွက်တော့ နည်းနည်းစိုးရိမ်စရာပင်။ လယ်ကွင်းများ၌ ရေဝပ်ခြင်းမှကာကွယ်ရန် လီချန်ဖုန်းက မိုးကာအင်္ကျီဝတ်ကာ လယ်ထဲဆင်းသွားခဲ့သည်။ 


အိမ်နောက်ဘက်ရှိပျိုးပင်များကို မိုးဒဏ်မှကာကွယ်နိုင်ရန် ဖုံးအုပ်ထားပြီးဖြစ်သည်။ မိုးများလွန်းလျှင် ပျိုးပင်များပျက်စီးလွယ်ပေသည်။ ကြက်ပေါက်လေးများကိုလည်း ကြက်လှောင်အိမ်ထဲ ပြန်ရွှေ့ထားခဲ့ပြီး မနေ့ကတည်းက ဝက်ကလေးရဲ့အစာကို လီချန်ဖုန်းက ပြင်ဆင်ထားခဲ့ပြီးဖြစ်၏။ ထိုအချိန်၌ ရွှီချင်းမှာ လုပ်စရာဘာမှမရှိသဖြင့် နာရီဝက်လောက် မိုးရွာနေတာကို ထိုင်ကြည့်နေရခြင်းပင်! 


ရွှီချင်းက မိုးရွာတာကိုသာ ကြည့်နေရ၍ ငြီးငွေ့နေချိန်တွင် အဒေါ်ကျန်းကတော့ ဆန့်ကျင်ဘက်ပင်။ သူက မိုးရွာသောနေ့များကို အကြိုက်ဆုံးဖြစ်၏။ အတင်းပြောဖို့ အချိန်ကောင်းပဲလေ! "အဘိုးကြီးရေ၊ ကျုပ် စွင်းမိသားစုဆီ သွားလည်လိုက်ဦးမယ်။ မွန်းတည့်ချိန်ကျ ချက်ပြုတ်ဖို့ပြန်လာမယ်နော်!" အဒေါ်ကျန်းက သစ်သားထွင်းထုနေသော သူ့ခင်ပွန်းဖြစ်သူ ဦးလေးကျန်းကိုပြောလိုက်ပြီး ထီးကိုယူကာ အဒေါ်စွင်းနေအိမ်သို့ သွားတော့သည်။ 


အဒေါ်စွင်းနဲ့သူ့ခင်ပွန်းတို့မှာ ကလေးနှစ်ယောက်ရှိ၏။ သားကြီးက အသက် ၂၁နှစ်ရှိပြီး သားအငယ်ကတော့ အသက် ၁၈နှစ်ရှိကာ နှစ်ယောက်စလုံးမှာ အိမ်ထောင်မပြုရသေးချေ။ အကြောင်းရင်းတစ်ခုမှာ မိသားစုတွင် ငွေကြေးအကျပ်အတည်းကြောင့်ဖြစ်ပြီး အခြားအကြောင်းရင်းမှာ သားနှစ်ယောက်လုံးက စရိုက်မကောင်းသောကြောင့်ပင်။ တစ်ယောက်က ကြွားလုံးထုတ်ရတာကို ကြိုက်ပေမယ့် တကယ်တမ်းကျတော့ ဘာမှမလုပ်တတ်။ နောက်တစ်ယောက်ကတော့ အတွေးအကြံတွေများနေသော်လည်း တစ်ခုမှမအောင်မြင်ချေ။ ရွာသားတွေရော အပြင်လူတွေပါ သူတို့ကို အထင်အမြင်သေးကြသည်။ နောက်ဆုံးအကြိမ်တွင် အဒေါ်စွင်းသည် ရွှီချင်းဆီကို သူ့သားတွေအတွက် အောင်သွယ်တော်မှတစ်ဆင့် လက်ထပ်ခွင့်တောင်းဆိုခဲ့သော်လည်း အဆင်မပြေသဖြင့် အနည်းငယ် စိတ်မချမ်းသာဖြစ်ခဲ့ရသည်။ 


"စွင်းမိသားစု၊ တံခါးဖွင့်ဦး။ ငါမင်းနဲ့စကားပြောဖို့လာတာ!" အဒေါ်ကျန်းရဲ့ အသံကျယ်ကျယ်မှာ စွင်းအိမ်ထဲ ပဲ့တင်ထပ်သွားပေမယ့် ဖိနပ်ခုံချုပ်နေသော အဒေါ်စွင်းတစ်ယောက်တည်းသာ အထဲမှာရှိနေခဲ့သည်။ မိသားစုထဲက ယောက်ျားတွေအားလုံး အနီးနားဆီ ထွက်သွားကြပေသည်။ 


တံခါးခေါက်သံကြားသောအခါ အဒေါ်စွင်းက ချုပ်လက်စဖိနပ်ကို ဘေးသို့ထားလိုက်ကာ သူ့အဝတ်အစားပေါ်ရှိ အတွန့်အခေါက်တွေကို သပ်ချ၍ ပင်မခန်းထဲမှ အမြန်ထွက်လာခဲ့ပြီး စောင့်နေသောအဒေါ်ကျန်းကို တံခါးဖွင့်ပေးလိုက်သည်။ "မင်းလာမယ်ဆိုတာ ငါသိနေတယ်။ အဲဒါကြောင့် အိမ်ကမထွက်ပဲနေနေတာလေ" 


အဒေါ်ကျန်း ပင်မခန်းထဲသို့ဝင်ပြီးနောက် ထီးအစိုကိုဘေးမှာချလျက် အဒေါ်စွင်းအနားတွင်ထိုင်လိုက်၏။ အဒေါ်စွင်းရဲ့ချုပ်လက်စဖိနပ်ခုံကို လှမ်းယူကာ "ဘာလို့ ဒီဟာကို ချုပ်နေသေးတာတုန်း။ ငါဆို ဝယ်ပဲဝယ်လိုက်တော့တယ်။ အချိန်နှင့်ခွန်အားကို သက်သာစေတာပေါ့! ပြီးတော့ အဲ့ဒါတွေက စျေးပေါတယ်လေ၊ ကြေးပြားနည်းနည်းပဲဟာကို!" 


အဒေါ်စွင်း မျက်လုံးလှန်ချင်စိတ်ကို မျိုသိပ်ကာ အံကြိတ်ပြီး ပြောလိုက်၏ "ငါ့ခင်ပွန်းက ငါချုပ်ပေးတာပဲကြိုက်လို့လေ။ အဲ့ဒါတွေကမှ ခိုင်ခံ့ပြီးအသုံးခံတယ်တဲ့!" 


အဒေါ်ကျန်း ဤကိစ္စကိုဆက်မပြောချင်တော့ပေ။ သူဒီကိုလာတာက ဖိနပ်ခုံချုပ်တဲ့အကြောင်းပြောဖို့လာတာမှမဟုတ်တာလေ။ ဖိနပ်ချုပ်နေသေးဆဲ အဒေါ်စွင်းကို တံတောင်ဖြင့်တွန်းကာ "ငါဘာအကြောင်းလာပြောတာလဲဆိုတာ မင်းသိတယ်မဟုတ်လား?" အဒေါ်စွင်းက သူ့ခေါင်းကိုမမော့ဘဲ ဖိနပ်ဆက်ချုပ်နေလျက် "မင်းငါ့ကိုမပြောရင် ငါဘယ်လိုလုပ်သိမှာတုန်း?"


အဒေါ်ကျန်းမှာ တစ်ဖက်လူရဲ့ ဂရုမစိုက်တဲ့သဘောထားကို မကြိုက်သော်လည်း သူ့စိတ်ထဲမှာ တစ်ခုခုရှိနေပါက မပြောရလျှင် စိတ်မသက်မသာခံစားရသည်။ "ဒီအကြောင်းကို ရွာသားတွေတောင် သိပ်မသိကြဘူး။ ဒါပေမယ့် ငါကဘယ်သူမို့လဲ။ ငါမင်းကိုပြောပြမယ် ရွာအစွန်က အဲ့ဒီမိသားစုလေ၊ သူတို့သားက မြို့ထဲမှာလက်ထပ်သွားတဲ့တစ်ယောက်လေ၊ မနေ့က ပြန်ရောက်နေတယ်!" 


"ဒီတော့ သူပြန်လာတော့ ဘာဖြစ်လို့လဲ။ သူ့မိသားစုဆီ ပြန်လာလည်ခွင့်မပေးထားလို့လား" အဒေါ်စွင်းသည် ဒီကိစ္စလေးက အသေးအဖွဲလေးပဲလို့ ထင်ခဲ့သည်။ ဒီလိုကိစ္စသေးသေးလေးကို လူအများကြီးသိဖို့လိုလို့လားဟ! 


အဒေါ်ကျန်းဟာ အခြားသူများအမူအရာပြောင်းသွားတာကို ကြည့်ရတာ နှစ်သက်ပေ၏။ အဲ့ဒါက သူ့ရဲ့သတင်းအချက်အလက်စုဆောင်းတဲ့စကေးက ပိုမိုကောင်းလာတယ်လို့ ခံစားရတယ်လေ။ "ဒီတစ်ကြိမ်ကတော့ အရင်လိုလာလည်ရုံပဲမဟုတ်ဘူးဟ!" သူက အဒေါ်စွင်းနားကပ်ကာ "ငါကြားခဲ့တာ သူတို့ကွာရှင်းလိုက်ကြပြီတဲ့!" 


"အား!" အဒေါ်စွင်းမှာ နားထဲရောက်လာတဲ့အသံကြောင့် ​ထိတ်လန့်သွားကာ သူ့လက်ချောင်းတွေကို အပ်ထိုးမိသဖြင့် နာကျင်သွားရ၏။ "မင်းရဲ့တုံ့ပြန်မှုကိုကြည့်စမ်း!" အဒေါ်ကျန်းက သူ့နှလုံးသားထဲတွင် ပြီးမြောက်သွားသလို ခံစားလိုက်ရသည်။ 


"တကယ်လား?! ဘယ်ကကြားခဲ့တာတုန်း။" အဒေါ်စွင်းက ဖိနပ်ခုံချုပ်နေတာကို ရပ်လိုက်ပြီး အဒေါ်ကျန်းအား အမောတကော မေးလိုက်သည်။ 


"မလောပါနဲ့၊ မလောပါနဲ့။ ငါလည်းခုနကမှကြားခဲ့တာပဲ၊ ဒါပေမယ့် နောက်ကွယ်က အကြောင်းရင်းကိုစပ်စုဖို့ အခွင့်အရေးမရသေးလို့!" သူက ရှဲ့မိသားစုအိမ်ကို အလည်သွားချင်တိုင်း ဘယ်သူမှသူနဲ့မလိုက်ပေးချေ။ အဒေါ်ရှဲ့နဲ့လည်း အဆက်အသွယ်သိပ်မရှိခဲ့ဘူးလေ။ သူတစ်ယောက်တည်းသွားဖို့ကလည်း ​မဖြစ်နိုင်ချေ။ အဲ့ဒီလူက အပြင်ပန်းတွေ့ရသလိုမျိုး နူးညံ့တဲ့သူမဟုတ်ဘူးလေ! 


"တကယ်လို့ ရှဲ့ယွီက တကယ်ပဲကွာရှင်းပြီး ပြန်လာခဲ့ရင် အခု သူကစင်ဂယ်ပြန်ဖြစ်ပြီပေါ့!" ရှဲ့ယွီမှာ သူ့သားနှစ်ယောက်ထက် အသက်ပိုကြီးပေမယ့်လည်း သူကကောတစ်ယောက်ပဲလေ မဟုတ်ဘူးလား? 


အဒေါ်ကျန်း လှောင်ပြုံးပြုံးကာ "ဟုတ်တာပေါ့၊ သူကစင်ဂယ်ဖြစ်သွားတာပေါ့။ ဒါပေမယ့် ဘယ်သူမှသူ့ကိုယူရဲမှာမဟုတ်ဘူးလို့ ငါထင်တယ်" 


"ဘာလို့ဒီလိုပြောတာလဲ?" ဇာတ်လမ်းတွေရှိသေးတာများလား? 


"ရှဲ့ယွီက အခုအချိန်အထိ ကလေးမရသေးဘူးလေ! ကွာရှင်းပြတ်စဲတာက အဲ့ဒါနဲ့သက်ဆိုင်နိုင်တယ်!" အဒေါ်ကျန်းသည် အဒေါ်စွင်းအတွက် အခြေအနေတစ်ချို့ကို ခွဲခြမ်းစိတ်ဖြာပေးခဲ့သည်။ 


*** 


အပြင်မှာ မိုးကပိုသည်းလာပြီး တံစက်မြိတ်က ရေတွေက လမ်းကြောင်းတစ်ခုဖြစ်လုနီးနီးပင်။ ဦးလေးရှဲ့က အပြင်မထွက်ဘဲ ပင်မခန်းထဲမှာထိုင်ရင်း ဆေးပေါ့လိပ်သောက်နေ၏။ ရှောင်ယွီအခန်းထဲမှ ဆေးပန်းကန်လုံးအလွတ်ကိုင်ရင်း အဒေါ်ရှဲ့ထွက်လာသည်ကို တွေ့လိုက်ရသည်။ ဦးလေးရှဲ့လည်း မတ်တပ်ရပ်ကာ ပန်းကန်လုံးကိုကြည့်၍ ပြုံးလျက် "သူသောက်လိုက်ပြီပေါ့" 


အဒေါ်ရှဲ့လည်း ပြုံးနေကာ "သူဆေးသောက်ပြီးသွားပြီ။ အခုမှ ကျုပ်လည်းနေလို့ကောင်းတော့တယ်။ ပြီးတော့ ကျုပ်ပြောရဦးမယ်၊ ချင်းကောအာယူလာပေးတဲ့ ဂေါ်ဖီချဥ်က ရှောင်ယွီရဲ့စားချင်စိတ်ကို ပိုကောင်းလာစေတာ။ အခုဆို ယာဂုတစ်ပန်းကန်စားရုံသာမကဘူး၊ ဆေးကိုလည်း အရင်ကထက် ကြိုးကြိုးစားစားသောက်လာပြီလေ" 


ဦးလေးရှဲ့က အဒေါ်ရှဲ့လက်ထဲမှ ပန်းကန်လုံးကိုယူလျက် "ဒါဆို မင်းဒီနေ့ ချင်းကောအာအိမ်ကိုသွားပြီး သူ့ကိုသေချာကျေးဇူးတင်လိုက်ပါဦးကွာ။ ပြီးရင် သူတို့မှာ ဂေါ်ဖီချဥ်တွေအပိုထပ်ရှိသေးရင် နည်းနည်းဝယ်ခဲ့လိုက်လေ။ ငါတို့သားရဲ့ပျော်ရွှင်မှုက တခြားအရာတွေထက် ပိုအရေးကြီးတယ်!" 


အဒေါ်ရှဲ့က သူ့ကို စူးစူးရဲရဲစိုက်ကြည့်ရင်း "ခင်ဗျား ကျုပ်ကိုပြောစရာမလိုပါဘူး။ ကျုပ်သိပါတယ်၊ ခင်ဗျားအိမ်စောင့်နေ။ ရှောင်ယွီက ဆေးသောက်ပြီး အိပ်ပျော်သွားပြီ။ အိမ်မှာရှုပ်ရှုပ်ရှက်ရှက်တွေမလုပ်နဲ့၊ သူ့ကိုလည်းမနှောင့်ယှက်နဲ့ဦး! တစ်ခုခုဖြစ်ရင် ခင်ဗျားကို အလွတ်မပေးဘူးနော်!" 


ရွှီချင်းမှာ နေ့လည်စာချက်ပြုတ်နေ၏။ သူတို့က ဒီရက်ပိုင်း ငါးပြုတ်ပဲစားနေရ၍ ယနေ့တော့ ငါးပေါင်းဖို့ စီစဥ်ထားသည်။ ငါးကို ရွှီချင်းစတင်ချက်ပြုတ်ကတည်းက လီချန်ဖုန်းသည် အနည်းငယ်ဖမ်းထားပေးကာ ငါးတွေကို ရေဖြည့်ထားတဲ့ပုံးတစ်ခုမှာ ထည့်ထားတတ်သည်။ သူတို့ချက်ချင်းမစားရင်တောင်မှ ငါးတွေကချက်ချင်းသေမှာမဟုတ်ဘူး။ လီချန်ဖုန်းသည် အစာစားချင်စိတ်ကြီးမားသောကြောင့် ရွှီချင်းမှာ ငါးကြီးကြီးနှစ်ကောင်ကို ရွေးချယ်ခဲ့သည်။ 


ရွှီချင်း ငါးကိုဓားဖြင့်ထုပြီးနောက် အကြေးခွံများခြစ်ထုတ်ကာ ဗိုက်ကိုဖွင့်၍ အတွင်းအင်္ဂါအားလုံးကို ဖယ်ရှားလိုက်သည်။ "ငါတို့အိမ်မှာ ခွေးတွေကြောင်တွေမရှိတာ သနားစရာပဲ" အတွင်းပိုင်းအူတွေကို ရှင်းထုတ်လိုက်ပြီးနောက် သည်းခြေအိတ်ကို ဂရုတစိုက်ဖယ်လိုက်၏။ ငါးကိုချက်တဲ့အခါ သည်းခြေအိတ်ကို မပျက်စီးစေဖို့ အရေးကြီးပေသည်။ မဟုတ်ပါက ငါးတစ်ကောင်လုံး ပျက်စီးသွားလိမ့်မည်ဖြစ်၏။ 


ရွှီချင်း ငါးကိုပြင်ဆင်ပြီးနောက် အသင့်ပြင်ဆင်ထားသော ဂျင်း၊ ကြက်သွန်နီနှင့် ငရုတ်ကောင်းမှုန့်အချို့ကို ငါးရဲ့ဝမ်းထဲသို့ ထည့်လိုက်သည်။ ထို့နောက် ငါးအသားပေါ် ဆားအနည်းငယ်ပွတ်ကာ မင်္ဂလာပွဲနေ့ကကျန်နေသေးသော ဆန်အရက်နည်းနည်းလောင်းချကာ ၁၅မိနစ်ခန့် နှပ်ထားလိုက်၏။ 


ရွှီချင်းမှာ အားလုံးပြင်ဆင်ပြီးနောက် မီးစမွှေးတော့မည့်အချိန်မှာပင် ခြံဝင်းတံခါးဆီမှ အဒေါ်ရှဲ့အသံကိုကြားလိုက်ရ၏။ "ချင်းကောအာရေ အိမ်မှာရှိလား။ ငါဝင်လာပြီနော်!" မိုးရွာနေတာကြောင့် လီချန်ဖုန်းက ခြံတံခါးကိုရိုးရိုးသာပိတ်သွားပြီး သော့မခတ်သွားခဲ့ချေ။ "ကျွန်တော်ရှိတယ်! ဝင်လာလေ အဒေါ်ရှဲ့!" ရွှီချင်းသည် အဒေါ်ရှဲ့လက်ထဲမှ ထီးကိုယူကာ တံစက်မြိတ်အောက်က နံရံတွင် သေသေသပ်သပ်ထားလိုက်ပြီး အဒေါ်ရှဲ့ကို မီးဖိုချောင်ထဲသို့ ခေါ်လိုက်သည်။ 


"နေ့လည်စာချက်နေတာလား?" မီးဖိုချောင်ထဲဝင်လိုက်သည်နှင့် အဒေါ်ရှဲ့က မီးဖိုပေါ်မှာ နှပ်ထားတဲ့ငါးနှစ်ကောင်ကို တွေ့လိုက်ရ၏။ 


"ဟုတ်တယ် မိုးရွာတဲ့နေ့တွေမှာ ဘာမှလုပ်စရာမရှိဘူးလေ။ ဒါကြောင့် နေ့လည်စာကို စောစောပဲ ပြင်ဆင်နေလိုက်တာ" ရွှီချင်းက အဒေါ်ရှဲ့ထိုင်ရန် သန့်ရှင်းသောထိုင်ခုံတစ်လုံးကို ထားပေးပြီးနောက် မီးဖိုရှေ့တွင် ငုတ်တုတ်ထိုင်ကာ မီးမွှေးလိုက်သည်။ ထို့နောက် မီးဖိုပေါ်သို့ အိုးတစ်လုံးတင်ကာ အိုးထဲသို့ ရေဖြည့်လိုက်ပြီးနောက် အဖုံးဖြင့် ဖုံးထားလိုက်သည်။ ဤရာသီဥတုအချိန်အခါမှာ လီချန်ဖုန်းပြန်လာရင် ရေနွေးဖြင့် ဆေးကြောခြင်းက သူ့အတွက် အဆင်ပြေစေမည်ဖြစ်သည်။ 


"ချန်ဖုန်းက လယ်ကွင်းကိုသွားနေတာပေါ့ ဟုတ်လား။ မနေ့က မင်းပေးတဲ့ဂေါ်ဖီချဥ်အတွက်ကျေးဇူးတင်ဖို့ လာတာလေ။ မင်းမသိဘူးနော်၊ မင်းရဲ့အစ်ကိုရှောင်ယွီက မနေ့နေ့လည်တုန်းက မင်းရဲ့ဂေါ်ဖီချဥ်နဲ့ ဂျုံယာဂုတစ်ပန်းကန်လုံး စားခဲ့တာလေ။ သူခါတိုင်းစားနေကျထက် ပိုစားပစ်လိုက်တာ!" အဒေါ်ရှဲ့လည်း သူတို့ရဲ့သားက ကောင်းကောင်းစားနိုင်သည့်အတွက် အလွန်ပျော်နေပြီး သူ့မျက်နှာမှာ ယမန်နေ့ကထက် ပိုမိုတောက်ပလာခဲ့၏။ 


"ကျေးဇူးတင်စရာမလိုပါဘူးဗျာ၊ ကျွန်တော့်မှာ အများကြီးရှိပါသေးတယ်။ ပြန်ရင် ယူသွားဦးနော်။ ပြီးတော့ လုပ်ပုံလုပ်နည်းပြောပြမယ်လေ။ နောက်ဆို အဒေါ်ကိုယ်တိုင်လုပ်လို့လည်းရတာပေါ့။ ဂေါ်ဖီချဥ်က စားရတာ ခံတွင်းတွေ့စေတယ်လေ" လီချန်ဖုန်းက ဂေါ်ဖီချဥ်ကို စားရတာကြိုက်သဖြင့် ရွှီချင်းက အများကြီးထပ်လုပ်ထားလိုက်သည်။ အဒေါ်ရှဲ့ကိုပေးလိုက်တဲ့ဟာက ပထမအသုတ်ထဲကပင်။ 


"ငါ့ကိုလုပ်နည်းပြောပြစရာမလိုပါဘူး။ ဒီစားစရာက အရမ်းကောင်းတာကို။ စျေးထဲမှာတောင် ရောင်းလို့ရနိုင်တယ်။ အဲ့ဒါက အပိုဝင်ငွေလေးလည်းရတာပေါ့။ ဒီမှာ၊ ဒီငွေတွေကို တိုကင်အဖြစ်ယူထားလိုက်နော်၊ အိမ်မှာစားဖို့ နည်းနည်းဝယ်လိုက်မယ်လေ။ မင်းပေးထားတဲ့တစ်ဘူးနဲ့ အခုဒီတစ်ဘူးသာဆိုရင် ရှောင်ယွီစားဖို့ လုံလောက်ပါပြီ" အဒေါ်ရှဲ့သည် ရွှီချင်းသူ့ဘာသာသူလုပ်တဲ့ဟင်းချက်နည်းဖြစ်တယ်လို့ ခံစားမိကာ လုပ်နည်းကိုလွယ်လွယ်လေးမယူနိုင်ပေ။ သူတို့က အသစ်စက်စက်စုံတွဲဖြစ်ကြရာ အသုံးစရိတ်တွေများဦးမှာပင်။ 


"ဒါက အဖိုးတန်တဲ့ဟင်းချက်နည်းမဟုတ်ပါဘူးဗျာ။ ယူသွားပြီး အိမ်မှာလုပ်ရုံပါပဲ။ ပိုက်ဆံပေးစရာမလိုပါဘူးနော်။ ကျွန်တော်ချက်တာတွေကို အစ်ကိုရှောင်ယွီသာကြိုက်ရင် သူ့အတွက် နောက်ထပ်နည်းနည်းလောက် ယူသွားပေးလိုက်နော်။ သူ့ကျန်းမာရေးသာပြန်ကောင်းလာရင် အရာအားလုံးအဆင်ပြေသွားမှာ။ ဒါကြောင့် ကျေးဇူးပြုပြီး ကျွန်တော့ကို ငွေစကားမပြောပါနဲ့ဗျာ။ မဟုတ်ရင် ကျွန်တော်က အဒေါ်တို့အိမ်ကို နောက်ထပ်မလာတော့ဘူးနော်!" ရွှီချင်း အဒေါ်ရှဲ့ထံမှ ပိုက်ဆံကို လက်မခံနိုင်ပေ။ အဒေါ်ရှဲရော ဦးလေးရှဲ့ပါ သူ့အပေါ် ဒီလောက်ကြင်နာကြတာကို၊ အစ်ကိုရှောင်ယွီရဲ့ကိစ္စကိုတောင် သူဘာမှမကူညီနိုင်၍ စိတ်မကောင်းဖြစ်နေရတာဖြစ်သည်။ ပိုက်ဆံယူရလောက်အောင် အရေမထူပါဘူးနော်! 


"အဓိပ္ပါယ်မရှိတာတွေ! မင်္ဂလာဆောင်ပြီးခါစစုံတွဲက ပိုက်ဆံမရှိဘဲ ဘယ်လိုနေနိုင်မှာလဲ။ ငါ့စကားကို နားထောင်ပြီး ပိုက်ဆံယူလိုက်!" ရွှီချင်းက ငယ်လွန်းသေးတယ်လို့ အဒေါ်ရှဲ့ထင်လိုက်၏။ စုံတွဲတစ်တွဲအိမ်ထောင်ပြုပြီးတဲ့အခါ နေရာတိုင်းမှာ ငွေကုန်ပေါက်ချည်းပဲလေ - အစားအသောက်၊ ထင်း၊ ဆီ၊ ဆား အစရှိသဖြင့် အားလုံးက ငွေလိုတယ်လေ။ အနာဂတ်မှာလည်း ကလေးရှိလာရင် ကုန်ကျစရိတ်က ပိုများလာဦးမှာပင်! 


ရွှီချင်းက သောက်သုံးရန်အတွက် အိုးထဲရှိ ပွက်ပွက်ဆူနေသောရေအချို့ကို ခပ်လိုက်ပြီး ကျန်တဲ့ရေတွေကိုတော့ ပုံးတစ်ခုထဲသို့ လောင်းထည့်ကာ သန့်ရှင်းတဲ့သစ်သားအဖုံးဖြင့် ဖုံးအုပ်လိုက်သည်။ "ဒါဆို ဂေါ်ဖီချဥ်လုပ်နည်းကိုထားလိုက်ပါတော့။ ဒါပေမယ့် ပိုက်ဆံတော့မပေးရဘူးနော်။ မဟုတ်ရင် အဒေါ့်အတွက် မလုပ်ပေးတော့ပဲနေမှာ!" 


"ကောင်းပါပြီ၊ ကောင်းပါပြီ။ မင်း ဒီလူဆိုးလေးကတော့!" အဒေါ်ရှဲ့လည်း ရွှီချင်းသဘောကို အတိအကျသိပေသည်။ ထို့ကြောင့် သူက ဤကြင်နာမှုကို လက်ခံရန်မှတပါး ရွေးချယ်စရာမရှိပေ။ အနာဂတ်တွင် ရွှီချင်းရဲ့ မိသားစုတစ်ခုခုလိုအပ်ပါက သူတတ်နိုင်သမျှ ကူညီပေးမည်ဟု ဆုံးဖြတ်ထားလိုက်တော့သည်။ 


"ဘာလို့ ရေထပ်တည်နေတာလဲ" ရွှီချင်း အိုးထဲသို့ ရေထပ်ထည့်လိုက်သည်ကို အဒေါ်ရှဲ့လည်း ဇဝေဇဝါဖြင့်ကြည့်နေ၏။ 


"ဒီနေ့ ငါးပေါင်းချက်မလို့လေ! ဒီမှာလာကြည့်၊ ကျွန်တော်လုပ်တာကိုကြည့်နော်။ နောက်ဆို အစ်ကိုရှောင်ယွီအတွက် စမ်းလုပ်ပေးကြည့်လို့ရတာပေါ့။ ဒါက ငါးပေါင်းဆိုတော့ သူ့အတွက် စားလို့အဆင်ပြေမှာပဲ" ထို့နောက် ရွှီချင်းက ငါးကို ဘယ်လိုဘယ်ပုံနှပ်ထားရကြောင်းကို တစ်ဆင့်ချင်းစီ ရှင်းပြလိုက်သည်။ အဒေါ်ရှဲ့က တစ်စုံတစ်ခုကို နားမလည်သောအခါ ရွှီချင်းလည်း စိတ်ရှည်ရှည်ဖြင့် ထပ်မံရှင်းပြလေသည်။ 


အိုးထဲကရေတွေ စတင်ဆူလာသည့်အခါ ရွှီချင်းက ရေမျက်နှာပြင်ပေါ်တွင် သန့်ရှင်းတဲ့ သစ်သားချောင်းရှည်ရှည်၄ချောင်းကို ကြက်ခြေခတ်သဏ္ဍာန်တင်ထားလိုက်၏။ ထို့နောက် အလုံပိတ်ရန် အဝတ်စသန့်သန့်နှင့် ပေါင်းအိုးကို တင်းတင်းကျပ်ကျပ်ထုပ်ထားလိုက်သည်။ ရေလုံးဝပွက်ပွက်ဆူလာပြီးနောက် ရွှီချင်းသည် နှပ်ထားတဲ့ငါးကို ပန်းကန်ပြားနှင့်အတူ ပေါင်းအိုးပေါ်တွင် ဂရုတစိုက်တင်လိုက်ပြီး အဖုံးကိုအုပ်ထားလိုက်သည်။ "ရေလုံးဝဆူဆူထဲမှာဆိုရင် ၁၅မိနစ်လောက်ကြာ ပေါင်းထားလိုက်ရုံပဲ။ ပြီးရင် အဆင်သင့်စားလို့ရပြီ။ အချိန်အကြာကြီး ပေါင်းထားတာက အသားအရသာကိုထိခိုက်နိုင်တယ်။" 


ရွှီချင်းက ဟင်းပွဲရဲ့အချက်အလက်တွေလွတ်သွားမှာစိုး၍ သေချာနားထောင်နေသော အဒေါ်ရှဲ့အား အချိန်ကိုက်ဖြစ်ဖို့ အရေးကြီးကြောင်းရှင်းပြလိုက်သည်။ မဟုတ်ပါက ဟင်းပွဲရဲ့အရသာကောင်းတော့မှာမဟုတ်ဘူးလို့ ပြောပြခဲ့သည်။ 


ငါးပေါင်းအဆင်သင့်ဖြစ်သောအခါ ရွှီချင်းက အပေါ်မှာ သေးသေးလေးလှီးဖြတ်ထားတဲ့ ကြက်သွန်မြိတ်နည်းနည်း ဖြူးလိုက်၏။ ထိုအခါ ငါးပေါင်းရဲ့ အနံ့လေးမှာ ပိုမွှေးကြိုင်လာလျက်။ 


"အနံ့မွှေးတယ်ဟုတ်?" 


အဒေါ်ရှဲ့ ထပ်ခါတလဲလဲ ခေါင်းညိတ်ပြလျက် "ဒါကကြည့်ကောင်းရုံတင်မကဘူး၊ အနံ့လည်းမွှေးနေရောပဲ။ ငါးပြုတ်နဲ့လုံးဝမတူဘူး! ရွှီချင်းရေ မင်းက တကယ်အရည်အချင်းရှိတာပဲ! လီချန်ဖုန်းတော့ မင်းကိုရလိုက်တာ အရမ်းကံကောင်းတယ်ဟေ့!" 


"မှန်တာပေါ့ဗျာ။ ဒီလိုဇနီးမျိုးကို လက်ထပ်ရတာ ကျွန်တော့်ဘဝအဆက်ဆက်ကလုပ်ထားတဲ့ကောင်းချီးပဲဖြစ်မှာ!" လီချန်ဖုန်း ပြန်ရောက်သည်နှင့် သူ့ဇနီးလေးအား အဒေါ်ရှဲ့ချီးကျူးနေတဲ့စကားတွေကို ကြားလိုက်ရ၏။ မီးဖိုချောင်မှထွက်လာသော မွှေးကြိုင်တဲ့ရနံ့ကို ရလိုက်သည်နှင့် သူ့ဇနီးလေးက အရသာရှိတာတစ်ခုခုချက်နေပြီမှန်း သူသိသွားခဲ့ပြီ။ 


ရွှီချင်းက လီချန်ဖုန်းရဲ့ဂုဏ်ယူနေတဲ့အမူအရာကို အာရုံထားမနေဘဲ သူ့ကိုယ်သူသန့်ရှင်းဖို့ အချက်ပြလိုက်ပြီး "အဒေါ်ရှဲ့ ညစာစားသွားဦးနော်။ ဟင်းတွေမြန်မြန်အပူပေးလိုက်မယ်၊ ပြီးရင် ကျွန်တော်တို့စားလို့ရပြီ"


အဒေါ်ရှဲ့ မြန်မြန်ခေါင်းခါလိုက်ပြီး "အရင်ကဆိုရင်တော့ ငါမင်းဖိတ်ကျွေးတာကို မတုံ့ဆိုင်းဘဲလက်ခံမှာပါ။ ဒါပေမယ့် ဒီနေ့တော့ မင်းရဲ့အစ်ကိုရှောင်ယွီကို ဂရုစိုက်ပေးဖို့ ပြန်သွားရမယ်။ မင်းရဲ့ဦးလေးရဲ့ ဟင်းချက်စွမ်းရည်ကိုလည်း မင်းသိပါတယ်။ သူလုပ်တဲ့ဟာက စားဖို့တောင်ခက်ခဲလိမ့်မယ်!"


xxx