အပိုင်း ၅၆
Viewers 12k

ဒီလိုစိတ်ဓာတ်နှင့် လုပ်ရပ်မျိုးက အသက် ၁၈ နှစ်အရွယ် ကလေးတစ်ယောက်မှာရှိတာ ရှားသည်။
ပထမ၌ ယွီရွှမ်ဝမ်သူ့ကို ရိုက်ကူးရေးတွင် ပါဝင်ခွင့်ပြုရန် ရွေးချယ်ရသည့်အကြောင်းအရင်းမှာ သူ့တွင်ကောင်းမွန်သည့်ပုံရိပ်ရှိပြီး သူကကောလိပ်ဝင်ခွင့်စာမေးပွဲ၌လည်း ရမှတ်အကောင်းဆုံးဖြစ်ကြောင့်ဖြစ်သည်။ ယွီရွှမ်ဝမ်က သူက X university မှာ ပညာသင်ကြားနေဆဲဖြစ်တာကြောင့် သူ့ပုံရိပ်နှင့်လိုက်ဖက်သည်ဟု ခံစားရခြင်းပင်။ သူ့ရဲ့သရုပ်ဆောင်စွမ်းရည်ကိုလည်း မစစ်ဆေးခဲ့သလို စကားတွေအများကြီးလည်းမပြောခဲ့ဘဲ တိုက်ရိုက်သာ စာချုပ်ချုပ်ဆိုခဲ့သည်။
သို့ပေမယ့် ယခုမူ၊ ယွီရွှမ်ဝမ်က သူ့ကို အနည်းငယ်မျှပို၍ ကျေးဇူးတင်မိသလို လေးစားမိသည်။
ဝမ်မင်ယီသာ ဤလောက၌ ပို၍တိုးတက်လာဖို့ ရည်ရွယ်ချက်ရှိလျှင် သူကအမှန်ပင် အလားအလာရှိသည်ဟု ယွီရွှမ်ဝမ် ထင်မိသည်။ သူက အတော်လေး ကြည့်ကောင်းပြီး ကင်မရာနှင့်ပတ်သက်လျှင်လည်း အတော်လေးအထိမခံဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူ့တွင်အလွန်ကောင်းမွန်သော လှုပ်ရှားမှုနှင့် ပြဿနာကို ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းလည်းရှိသည်။ စမတ်ကျပြီး တစ်ချိန်တည်းမှာလည်း ကြင်နာတတ်သေးသည်။ ထိုသို့သောလူမျိုးက အလွန်တန်ဖိုးရှိပြီး နှစ်သက်ဖို့ကောင်းတာကို ယွီရွှမ်ဝမ်သိသည်။
"မင်းမှာ ထိပ်ဆုံးနံပါတ်၁ဆိုတဲ့ အရှိန်အဝါရှိတယ်"
ယွီရွှမ်ဝမ် ရိုးသားစွာပြောလိုက်သည်။
"မင်းသာ အလယ်အလတ်ကျောင်းသားတစ်ယောက်ဆို ငါမင်းကိုယုံကြည်ခဲ့မှာမဟုတ်ဘူး၊ ပြီးတော့ ရှောင်ဝမ် မင်းအိမ်က ချမ်းသာတာလား၊ မင်းကပိုက်ဆံတွေကို တစ်ရှူးတွေလိုပဲ ပြောနေလိုက်တာ၊ မင်းရဲ့သဘောထားကိုကြည့်ပြီးတဲ့နောက်တော့ မင်းအဖေက ကမ္ဘာပေါ်မှာ အချမ်းသာဆုံးဖြစ်မယ်ထင်တယ်..."
ဝမ်မင်ယီက ရှက်ရွံ့စွာ ပြုံးလိုက်သည်။
ကမ္ဘာ့အချမ်းသာဆုံးလူဆိုတာ မဖြစ်နိုင်တာတော့ အသေအချာပဲ။ ဒါပေမယ့် သူ့အဖေက တကယ်ချမ်းသာတယ်။
ယွီရွှမ်ဝမ်က သူ့ကိုစနောက်ပြီးနောက် အတည်ပေါက်ပြောလာသည်။
“ဒီတစ်ခါ မင်းက ငါနဲ့ ငါ့အဖွဲ့သားတွေကို ကြင်ကြင်နာနာ ဆက်ဆံပေးခဲ့တယ်၊ နောင်ကို သင့်တော်တဲ့ အခန်းတစ်ခုခုရှိရင် ငါမင်းကို မမေ့ပါဘူး...”
ဝမ်မင်ယီမှာ အံ့အားသင့်သွားရသည်။
"ဒါဆို ကျွန်တော် ခင်များကို ကျေးဇူးတင်ရမှာပေါ့..."
"ရပါတယ် ၊ မင်းနဲ့ထိုက်လို့ပါ..."
ယွီရွှမ်ဝမ် ပြုံးလိုက်သည်။
သူ ဒီလောကမှာ လူများစွာရဲ့ အတက်အကျကို မြင်တွေ့ခဲ့ရသလို သူတို့ရဲ့အရှိန်အဝါနှင့် သူတို့ရဲ့ကိုယ်ပိုင်စရိုက်လက္ခဏာတွေ ဆုံးရှုံးသွားတဲ့ လူအများအပြားကို တွေ့မြင်ခဲ့ရသည်။
ယခု သူ့ကို ဝမ်မင်ယီက သူ့ဖြတ်ထိုးဥာဏ်တွေ၊ ကြင်နာမှုတွေနှင့် ကယ်တင်နိုင်ခဲ့တာကြောင့် ဝမ်မင်ယီအား ထိုစိတ်ဓာတ်ကို အမြဲထိန်းသိမ်းထားနိုင်ဖို့ မျှော်လင့်မိသည်။ ခက်ခဲပေမယ့် အနည်းဆုံးတော့ သူကူညီနိုင်မယ့်အရာအချို့ကို လုပ်နိုင်မှာပါ။
ဥပမာပြောရရင် ဝမ်မင်ယီကို သူ့ရဲ့ကိုယ်ပိုင်ရုပ်ရှင်တွင် သရုပ်ဆောင်ခွင့်ပေးခြင်းလိုပေါ့။
ဝမ်မင်ယီ ယွီရွှမ်ဝမ်နှင့် စကားပြောနေစဉ် ဖုန်းတုန်ခါလာသည်ကို ရုတ်တရက်ကြားလိုက်ရသည်။ message တွေက "တတူတူ"မြည်ရင်း ဝင်လာသည်။ သူဖုန်းကို ချက်ချင်း ငုံ့ကြည့်လိုက်သည်။ လိုင်းမိနေပြီ။
ဝမ်မင်ယီ စစ်ကျွင်းတောက်ကို ဖုန်းခေါ်ရန်အတွက် lockဖြည်လိုက်စဉ် စစ်ကျွင်းတောက်ထံမှ ဖုန်းဝင်လာသည်။
သူကအလျင်အမြန်ကိုင်လိုက်ပြီး စစ်ကျွင်းတောက် ဘာမှမပြောမှီ သူကပြောလိုက်သည်။
"ကျွန်တော် အဆင်ပြေတယ် ၊ ကျွန်တော် အခုလုံလုံခြုံခြုံပဲ၊ လူတိုင်းအဆင်ပြေတယ်၊ ကျွန်တော်တို့အခုရွာမှာမဟုတ်ဘူး၊ နယ်မြို့လေးတစ်ခုမှာရောက်နေတာ၊ ကျွန်တော် ကောကိုဆက်သွယ်လို့မရခဲ့ဘူး၊ ဘာလို့လဲဆိုတော့ ဒီမတိုင်ခင်က ဖုန်းလိုင်းတွေမရသေးလို့၊ ကော စိတ်ပူဖို့မလိုပါဘူး..."
စစ်ကျွင်းတောက် တုန့်ဆိုင်းသွားရသည်။ထိုအခိုက်အတန့်လေးတွင် သူ၏ တင်းမာသော စိတ်များ ပြေလျော့သွားရသည်။ သူကဖုန်းကိုကိုင်းထားရင်း စကားပြောချင်ခဲ့ပေမယ့် သူ့လည်ချောင်းက ခြောက်သွေ့ပြီး ချဉ်နေခဲ့သည်။ သူကမျက်လွှာချလိုက်ရင်း စကားမပြောမှီ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။
"ဘာမှမဖြစ်ရင်.. ဒါဆို ကောင်းတယ်၊ အဲဒါကောင်းတယ်"
"ဒါဆို ကျွန်တော့်ကို စိတ်မပူပါနဲ့၊ ကျွန်တော်က ကောစိတ်ပူနေမှာကို ကြောက်နေခဲ့တာ..."
"အမ်း" စစ်ကျွင်းတောက်ကပြန်ဖြေသည်။
ဝမ်မင်ယီ တစ်ခုခုပြောဖို့ စီစဉ်လိုက်ပေမယ့် ဖုန်းဝင်လာတာကို ကြားလိုက်ရသည်။ အဲဒါက သူ့ကို စိတ်ပူနေပုံရသည့် လုယွင်ဖေးဆီမှပင်။
သူက စစ်ကျွင်းတောက်ကိုပြောလိုကိသည်။
"ကျွန်တော် အခြားဖုန်းကို ကိုင်လိုက်ဦးမယ်၊ ယွင်ဖေး ကျွန်တော့်ကိုခေါ်နေတယ်၊ ကြည့်ရတာ သူငလျင်သတင်းကြည့်ပြီး ကျွန်တော့်ကို စိတ်ပူနေပုံပဲ..."
“ကောင်းပြီ”
စစ်ကျွင်းတောက်၏ လေသံမှာ တည်ငြိမ်နေ၏။
ဝမ်မင်ယီ အခြားလိုင်းကို ပြောင်းလိုက်ပေမယ့် စစ်ကျွင်းတောက်က ဖုန်းမချခဲ့ပေ။ သူက ခေါင်းမော့လိုက်ပြီး ကျုံးရန်ကိုကြည့်ကာ နွေးထွေးစွာဆိုသည်။
"သူ အဆင်ပြေနေတယ်"
ကျုံးရန်မှာ မသိစိတ်က သက်ပြင်းတစ်ချက်ချလိုက်မိသည်။
ကောင်းကင်နှင့်မြေကြီးကို ကျေးဇူးတင်ပါတယ်။ ဝမ်မင်ယီ အဆင်ပြေနေတယ်။ မဟုတ်ရင် စစ်ကျွင်းတောက် ဘာဖြစ်လာမလဲ သူမသိတော့ဘူး။တက္ကသိုလ်ကို လေးနှစ်လုံးအတူတက်လာတဲ့အချိန် သူ စစ်ကျွင်းတောက်ရဲ့ပုံစံမျိုးစုံကိုမြင်ဖူးပေမယ့် ဒီလိုပုံစံကိုမြင်ရတာကတော့ ပထမဆုံးပဲ။သူ့တစ်ကိုယ်လုံး တင်းမာမှုတွေ၊ စိတ်ဓာတ်ကျမှုတွေနှင့် ပြည့်နေတယ်။ ကျုံးရန်သူ့ကိုမြင်နေရတာကိုက နောက်စက္ကန့်အတွင်း လဲပြိုတော့မလိုပဲ။
သူ စစ်ကျွင်းတောက်ရဲ့ပုခုံးကိုပုတ်လိုက်ရင်း နှစ်သိမ့်လိုက်သည်။
"ဘာမှမဖြစ်ရင် ကောင်းတယ်၊ အရမ်းကောင်းတယ် "
စစ်ကျွင်းတောက်က အသာအယာ ခေါင်းညိတ်ပြသည်။
"မင်းပြန်တော့လေ၊ ငါတစ်ယောက်တည်းသွားလို့ရတယ်၊ မင်းအလုပ်ပြန်သွားလိုက်ပါ"
ကျုံးရန် မူလက သူနှင့်လိုက်ချင်ပေမယ့် သူ့ကို ဒီလိုမြင်လိုက်ရသည်နှင့် စစ်ကျွင်းတောက် သူ့စိတ်သူ ထိန်းနိုင်သွားတာကို သိလိုက်သည်။ ဒါကြောင့် ကျုံးရန် သူ့ကို မဆွဲဆောင်တော့ချေ။ သူက စစ်ကျွင်းတောက်အကြောင်းကို ကောင်းကောင်းသိ၏။
အဲဒါက ဝမ်မင်ယီထံတွင် ဖြစ်လာသည့်အချိန်၌ သူက ဘယ်လိုအကြံဉာဏ်ကိုမှ နားမထောင်ဘဲ သူ့နည်းသူ့ဟန်ဖြင့် အခိုင်အမာလုပ်ဆောင်ခဲ့သည်။ တောင်ဘက်တံတိုင်းကြီးရှိနေရင်တောင် နောက်မလှည့်ပဲ ဖြိုဖျက်မည့်လူပင်။ ဒါကြောင့် သူ စစ်ကျွင်းတောက်ကို အချိန်နှင့် နေရာပေးဖို့ လိုအပ်သည့်အတွက် ထွက်လာခဲ့သည်။
"မင်းအဲဒီ့ကိုရောက်ရင် ငါ့ကိုဖုန်းခေါ်လိုက်..."
စစ်ကျွင်းတောက် ခေါင်းညိတ်လိုက်သည်။
လေယာဉ်ဆိုက်တော့မည်။ စစ်ကျွင်းတောက်က ဖုန်းချလိုက်ပြီး WeChat မှတစ်ဆင့် ဝမ်မင်ယီကို သူ့မှာ လုပ်စရာတစ်ခုရှိလို့ အရင်ဖုန်းချလိုက်တော့မယ့်အကြောင်း စာစောင်တစ်ခုပို့လိုက်သည်။
သူက ဖုန်းကို ပိတ်လိုက်ပြီး မျက်နှာကို အုပ်ဖို့ လက်ကို မြှောက်လိုက်စဉ် သူ့တစ်ကိုယ်လုံး ချွေးတွေထွက်နေတာကို ခံစားလိုက်ရသည်။ သူ့ကျောပြင်တစ်ခုလုံး အေးစက်နေခဲ့၏။
ကံကောင်းစွာဖြင့် ဝမ်မင်ယီ ဘာမှမဖြစ်ချေ။ သူအသက်ရှင်နေတုန်းပဲ။ သူကောင်းကောင်းအသက်ရှင်နေတယ်။
လက်ရှိတွင် ဝမ်မင်ယီက လုယွင်ဖေးနှင့် စကားပြောနေဆဲဖြစ်သည်။
ထိုအချိန်က လုယွင်ဖေးသည် ပြန့်ကျင့်ယွမ်နှင့် အိမ်တွင် စကားပြောနေရင်း ရုတ်တရက် ငလျင်သတိပေးချက်ကို ရရှိခဲ့သည်။ ပထဝီအနေအထားကို မြင်ပြီးနောက် သူ အလွန်ထိတ်လန့်သွားခဲ့ပြီး တစ်ကိုယ်လုံး နေထိုင်မကောင်းတော့ပေ။
သူ ပြန့်ကျင့်ယွမ်နှင့်ပြောနေတာကို ရပ်လိုက်ပြီး ဝမ်မင်ယီထံ ခေါ်လိုက်သည့်တိုင် ဘယ်သူမှ ပြန်မဖြေခဲ့ချေ။
နောက်ဆုံး ခေါ်ဆို၍ရသွားချိန်တွင် လုယွင်ဖေးတစ်ယောက် တိုက်ရိုက်မေးလိုက်တော့သည်။
"အဆင်ပြေရဲ့လား၊ မင်းရဲ့နေရာမှာ ငလျင်လှုပ်သွားတယ်၊ မင်းအဆင်ပြေနေရဲ့လား"
"ငါ အဆင်ပြေပါတယ်"
ဝမ်မင်ယီ သူ့ကို နှစ်သိမ့်လိုက်သည်။
"ငာ့ရဲ့ ပထဝီပညာက တကယ်ကိုကောင်းတယ်၊ တစ်ခုခုမှားနေတာသတိထားမိတာနဲ့ ငါ အားလုံးကို ချက်ချင်း ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းလိုက်တာပဲ”
လုယွင်ဖေးက သူ့အကြောင်းပြချက်ကို မယုံကြည်ချေ။ သို့သော်လည်း အရာအားလုံးက အဆင်ပြေနေမှတော့ သူစိတ်သက်သာရာရပြီဖြစ်သည်။
"မင်းအခုဘယ်မှာလဲ၊ အဲ့နေရာက လုံခြုံရဲ့လား"
“အဆင်ပြေနေပါသေးတယ်၊ ငလျင်လှုပ်တဲ့နေရာနဲ့ တော်တော်ဝေးတယ်၊ ငလျင်လှုပ်ချိန်မှာ လှုပ်တာကို ခံစားခဲ့ရပေမယ့် အရမ်းမပြင်းဘူး၊ လောလောဆယ်တော့ ကားက အပြင်ကို မောင်းနေတယ်”
"ကောင်းတယ်၊ ငါတော့ လန့်သေတော့မလို့"
"ငါအဆင်ပြေပါတယ် "
ဝမ်မင်ယီပြုံးလိုက်ရင်း သူ့နှလုံးသားလေးပင် လှုပ်ရှားသွားရသည် ။ သူက စိတ်ပူပန်မှုတွေကို ဖြေလျှော့ဖို့ ကြိုးစားရင်း
“ငါက ဘယ်လိုလုပ် လွယ်လွယ်နဲ့ ဒုက္ခရောက်နိုင်မှာလဲ၊ စိတ်မပူပါနဲ့"
ငါ့ဘဝကို ပြန်ရဖို့အတွက် အရမ်းခက်တဲ့ဟာ၊ ငါဒီမှာ ဘယ်လိုလုပ် လွယ်လွယ်နဲ့ သေနိုင်မှာလဲ။
ခဏလေး။ ဝမ်မင်ယီ သူ့ယခင်ဘဝက ယခုအချိန်တွင် မသေသေးကြောင်းကို ရုတ်တရက် သတိရလိုက်သည်၊၊ ဘာလို့များ သူအဲဒါကို မေ့နေရတာလဲ။
ဝေးလံခေါင်သီတဲ့ ဒေသမှာ ဒီလို သဘာဝဘေးအန္တရာယ်မျိုး ကြုံခဲ့ရပြီး သေဆုံးဒဏ်ရာရသူတွေ အများကြီးမရှိခဲ့ရင်တောင် သူဂရုမစိုက်ပါဘူး။
တကယ်လို့ ယွီရွှမ်ဝမ်နှင့် ခန်းကျယ်က ဒီနေရာမှာ ရိုက်ကူးရေးလုပ်ရင်း အဆုံးမှာ သူတို့အသက်ကိုဆုံးရှုံးလိုက်ရရင်တောင် သတင်းတွေမှာ ပါလာပြီး hot search မှာပဲ အတော်ကြာအောင် ရှိနေမှာပင်။
သို့ပေမယ့် သူ့တွင် အထင်ကြီးစရာတော့မရှိပါချေ။ သူမသေဆုံးခင်က ယွီရွှမ်ဝမ် နှင့် ခန်းကျယ်က ဒီလိုဘေးအန္တရာယ်နဲ့ မကြုံတွေ့ရဘဲ အသက်ရှင်ခဲ့ကြတယ်ဆိုတာကို သူမှတ်မိသေးသည်။
ဘာတွေဖြစ်နေတာလဲ
ဝမ်မင်ယီ သူ၏နောက်ဆုံးဘဝတွင် ယခုအချိန်တွင် သူဘာတွေလုပ်နေသလဲဆိုတာကို အမြန်ပြန်စဉ်းစားလိုက်သည်။ ကျန့်ဖုန်းနှင့်အတူ နိုင်ငံခြားကိုသွားပြီး လေ့ကျင့်မှုလုပ်ကာ တရုတ်နှစ်သစ်ကူးပြီးချိန်အထိ သူပြန်မလာခဲ့ပေ။
ထို့ကြောင့် ငလျင်က ယခင်ဘဝနှင့် အလားတူဖြစ်ခဲ့လျှင် သက်ရောက်မှုကြီးမားမည်မဟုတ်သလို ပေါက်ကွဲမှုများလည်းဖြစ်ပေါ်မည်မဟုတ်ချေ။ သူက နိုင်ငံရပ်ခြားကို ရောက်နေခဲ့တာကြောင့် သူအဲဒါနှင့် မကြုံရသည်မှာ ပုံမှန်သာဖြစ်၏။ ဒါပေမယ့် ယွီရွှမ်ဝမ်နှင့် ခန်းကျယ်အကြောင်းကိုရော သူဘယ်လိုများရှင်းပြနိုင်မလဲ။
ဝမ်မင်ယီက ယွီရွှမ်ဝမ်ကို သူ့ကို စောစောကပြောလိုက်တဲ့ စကားကို တွေးမိသည်။
"ရိုက်ကူးရေးအတွက် ပထမဆုံးရွေးချယ်ခဲ့တာက ဒီနေရာမဟုတ်ဘူး၊ ရိုက်ကူးရေးမလုပ်ခင်လေးမှာ ဒီနေရာကို ပြောင်းလဲလိုက်တာ”
တစ်နည်းအားဖြင့် သူ့အရင်ဘဝတွင် ယွီရွှမ်ဝမ်၏ ရိုက်ကူးရေးနေရာမှာ သူပထမရွေးချယ်ထားသည့် နေရာဖြစ်ရမည်။ ယခုဘဝတွင် သူက တခြားရွေးချယ်မှု ပြုလုပ်ခဲ့တာကြောင့် ဤနေရာကို လာခဲ့ရခြင်းပေ။
မဖြစ်နိုင်တာတော့မဟုတ်ပေ။ သူ၏ ပြန်လည်မွေးဖွားခြင်းက လိပ်ပြာတစ်ကောင်ကို တောင်ပံခတ်ရန် လှုံဆော်ခြင်းနှင့်ညီသည်။ အကြောင်းအရာတစ်ခုခုကြောင့် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ သူ၏လိပ်ပြာကို အကျိုးသက်ရောက်မှုများ ဖြစ်သွားစေနိုင်သည်။ ဝမ်မင်ယီကိုယ်တိုင် ရှင်းရှင်းလင်းလင်းမပြောနိုင်သော်လည်း ယခင်ဘဝကတော့ ဤနေရာတွင် မရိုက်ကူးခဲ့ဖူးပေ။
ယခုမူ သူက ယွီရွှမ်ဝမ်နှင့်အတူ ရိုက်ကူးရေးအဖွဲ့တွင် ပါဝင်ခဲ့သည်။ ၄င်းမှာ အရာအားလုံးက လိပ်ပြာအကျိုးသက်ရောက်မှု၏ ရလဒ်များဖြစ်ကြောင်း ဆိုလိုနေသည်။
ဝမ်မင်ယီ အရာအားလုံးကို နားလည်သွားပြီးနောက် သူ့နှလုံးသားက တည်ငြိမ်သွားသည်။
သူနာရီကို ကြည့်လိုက်သည်။ ည8:10 ဖြစ်သည်။
"ဒါရိုက်တာယွီ ၊ ကျွန်တော်တို့ ဒီညနားကြဦးမှာလား''
ဝမ်မင်ယီက မေးလိုက်သည်။
''ငါတို့ အနားယူသင့်တယ်လို့ထင်တယ်၊ လူတိုင်းက တစ်နေ့လုံး စိတ်တွေပင်ပန်းထားကြတာ၊ အခုအချိန်မှာ ညဘက်ကားမောင်းရတာလည်း အန္တရာယ်များတယ်၊ နောက်ဆက်တွဲငလျင်တွေရှိရင်တောင် အဲဒါတွေက အားနည်းရင် အကြောင်းမဟုတ်ပေမယ့် အဲ့ဟာတွေသာ ပြင်းထန်နေရင် အနည်းဆုံးတော့ အခန်းထဲမှာဆို အမိုးအကာရှိပေမယ့် ကားထဲမှာတော့ မရှိဘူး"
ယွီရွှမ်ဝမ် သူပြောတာတွေက ကျိုးကြောင်းဆီလျော်တယ်လို့ ခံစားမိပြီး ဒရိုင်ဘာကိုပြောလိုက်သည်။
"အနားယူဖို့ အနီးအနားမှာ ဟိုတယ် ရှာကြရအောင်"
ဝမ်မင်ယီ၏ နောက်ဆုံးစိုးရိမ်မှုများ ပျောက်ကွယ်သွားသည်။ သူက စစ်ကျွင်းတောက်ကို ထပ်မံ၍ ဖုန်းခေါ်လိုက်ပေမယ့် ဖုန်းထဲက အမျိုးသမီးအသံထွက်လာသည်။
"လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ စက်ပိတ်ထားပါသဖြင့်၊ နောက်တစ်ကြိမ်မှ ထပ်ခေါ်ပေးပါ..."
ဝမ်မင်ယီ : "…"
ဝမ်မင်ယီ သူ့နဖူးသူ တိတ်တဆိတ်သာ ထိလိုက်မိတော့သည်။
သူစစ်ကျွင်းတောက်စိတ်ထဲက သူ့နေရာကို သေချာသိသည်။ ဤအချိန်တွင် စစ်ကျွင်းတောက်၏ဖုန်းကိုပိတ်သွားစေနိုင်သည့်တစ်ခုတည်းသောအရာမှာ ဘက်ထရီမကျန်တော့သောကြောင့်မဟုတ်သလို အစည်းအဝေးများစွာကြောင့်လည်း မဟုတ်ပါချေ။ အခြေအနေတစ်ခုသာရှိ၏။ — သူ့ကို အလွန်အမင်း ကာကွယ်ပေးချင်နေတဲ့ သူ့ကောကောက လေယာဉ်ပေါ်ရောက်နေပြီ။သူက သေချာပေါက် သူ့ဆီလာနေပြီ။
ဝမ်မင်ယီ သူ့လုပ်ရပ်တွေက တကယ်ကို ပြတ်သားလွန်းတယ်လို့ ခံစားရသည်။ ဒီလူက အရမ်းကို ဟန်ဆောင်နိုင်လွန်း၏။
သူတို့ ဖုန်းပြောတုန်းက စစ်ကျွင်းတောက်၏လေသံမှာ အလွန်နည်ငြိမ်နေခဲ့သည်။ ဝမ်းနည်းစရာ၊ ပျော်ရွှင်မှုဆိုတာ သိပ်မရှိသလိုပင် အားလုံး အဆင်ပြေတယ်ဆို ကောင်းတယ် ဟူ၍ပင်ပြောလိုက်သေးသည်။ ဒါပေမယ့် အခုတော့ အချက်ပြလိုင်းရပြီး နှစ်မိနစ်အတွင်းမှာပဲ စစ်ကျွင်းတောက်က လေယာဉ်ပေါ်တက်ပြီး သူ့အနားကို လာနေပြီ။
တကယ်ကို သတ္တိရှိလွန်းတယ်
ယာဉ်မောင်းက အနီးနားရှိ ဟိုတယ်တစ်ခုတွင် ကားကို ရပ်ထားခဲ့ပြီး ဝန်ထမ်းများက ညှိနှိုင်းဆောင်ရွက်ပေးကာ အခန်းကတ်ကို လူတိုင်း ရရှိခဲ့သည်။
ဝမ်မင်ယီက လီယွမ်ချင်း၏ မက်ဆေ့ခ်ျကို တုံ့ပြန်ပြီးပြီဖြစ်သည်။ တံခါးဖွင့်ကာ အခန်းထဲဝင်သွားပြီးနောက် သူက ချန်လုကို ပြောလိုက်သည်။
"ကျွန်တော် အိပ်တော့မယ်၊ တစ်ခုခုဆိုရင် WeChat မက်ဆေ့ခ်ျပို့လိုက်ပါ"
"ကောင်းပြီ"
ဤမတော်တဆမှုအပြီးတွင် သူ့အပေါ်သူမ၏နှစ်သက်မှုတွေကြား လေးစားမှုကိုပါ ထပ်ပေါင်းထည့်လိုက်သည်။သူမက လက်ကိုမြှောက်ကာ သူ့ခေါင်းကို ကိုင်လိုက်ရင်း အစ်မကြီးတစ်ယောက်လို ပြောလိုက်သည်။
"ကောင်းကောင်းအနားယူ၊ မင်းဒီနေ့ အလုပ်ကြိုးစားခဲ့တယ်"
ဝမ်မင်ယီ ပြုံးကာပြန်ပြောလိုက်သည်။
"အစ်မရောပဲ"
ပြီးနောက် သူ့အခနိးထဲဝင်ကာ တံခါးကိုလော့ခ်ချလိုက်သည်။
ထိုအရာက သာမန် အိပ်ခန်းတစ်ခုမျှသာဖြစ်ပြီး အရင်က သူနေဖူးတဲ့ ဟိုတယ်လ်တွေနှင့်မတူချေ။ သို့ပေမယ့် ဤအချိန်တွင် ထိုအကြောင်းနှင့်ပတ်သက်ပြီး သူဂရုမစိုက်နိုင်ပါချေ။ ဝမ်မင်ယီ အချိန်ကိုစစ်ကြည့်ပြီးနောက် ရေကိုအပြင်းအထန်ချိုးလိုက်ကာ ညဝတ်ကိုလဲပြီး ကုတင်ပေါ်တက်လှဲနေလိုက်သည်။
သူက စစ်ကျွင်းတောက်ကို ဟိုတယ်လ်၏တည်နေရာနှင့် အခန်းနံပါတ်ကို ပြောပြရန် WeChatမှ စာတစ်စောင် ပေးပို့ခဲ့ပြီး သူ၏တက်ဘလက်၊ ကြောင်ကီးဘုတ်၊ ခွေးကီးဘုတ်တို့ကို ထုတ်ကာ အသုံးပြုရန် အချိန်တော်တော်ကြာအောင် ပြင်ဆင်နေခဲ့သည်။
ချန်လုရဲ့ကျေးဇူးကြောင့်ဟု ဝမ်မင်ယီ တွေးလိုက်မိသည်။ သို့မဟုတ်လျှင် ထိုအရာတွေကို သူကျန်နေခဲ့လိမ့်မည်။
ငလျင်ဖြစ်နိုင်တယ်ဆိုတာကို သူသတိပြုမိပြီးနောက် ထိုအကြောင်းကို မစဉ်းစားဘဲ ယွီရွှမ်ဝမ်ဆီ သူပြေးသွားခြင်းဖြစ်သည်။ ယွီရွှမ်ဝမ်ထံမှလော်စပီကာဖြင့် သတိပေးချက်ကိုကြားပြီးနောက် ချန်လု၏ပထမဆုံးတုံ့ပြန်မှုမှာ သူ့ကိုဆက်သွယ်ရန်ဖြစ်သည်။
သူမကံကောင်းသည်။ ဖုန်းကဝင်သွားပြီး ဝမ်မင်ယီက အခြေအနေတစ်ခုလုံးကို အလျင်အမြန် ရှင်းပြကာ သူမကိုလာဖို့ခေါ်ခဲ့သည်။
ချန်လုအံ့အားသင့်သွားပြီးနောက် သူမက အစ်မကျန်းအိမ်ကိုဖြတ်၍ အစ်မကျန်းကိုခေါ်ကာ ဝမ်မင်ယီထားခဲ့သည့် အိပ်ယာပေါ်မှ ကျောပိုးအိတ်ကို ယူလာခဲ့သည်။
ဒီကျောပိုးအိတ်ထဲမှာ ဘာတွေပါလဲ သူမတကယ်မသိပေမယ့် ဝမ်မင်ယီက အလွန်တန်ဖိုးရှိသလို သူနဲ့အတူ အမြဲယူသွားတာကြောင့် ချန်လုက သူမထွက်လာချိန်၌ သူ့အတွက် ယူပေးခဲ့တာဖြစ်သည်။
ဝမ်မင်ယီက သူ့ကိုယ်ပိုင်ကီးဘုတ်ကို ကြည့်ပြီး သူပြန်ရောက်ရင် တရုတ်နှစ်သစ်ကူးပွဲ ရောက်သည်နှင့် ချန်လုကို စာအိတ်အနီအကြီးကြီး ပေးပစ်မယ်ဟု တွေးလိုက်မိသည်။ တရုတ်နှစ်သစ်ကူးအတွက် အိမ်ပြန်ဖို့ စာအိတ်အနီလေး ထုပ်ထားရင် အဆင်ပြေမှာပါ။
ထိုအကြောင်းကို စဉ်းစားနေရင်း နောက်တစ်စက္ကန့်တွင် သူ့လက်တွေက ရင်းနှီးနေသည့် ဟက်စကီးရဲ့ခြေသည်းများအဖြစ် ပြောင်းသွားတာကို တွေ့လိုက်ရသည်။ သိသိသာသာပင် ကိုးနာရီထိုးနေပြီ။
စစ်ကျွင်းတောက် လေယာဉ်ပေါ်မှ ဆင်းလာချိန်တွင် ဝမ်မင်ယီပို့ထားသည့် WeChatမှစာကို လက်ခံလိုက်ရပြီး သူ၏လေးလံနေသော နှလုံးသားမှာ ပေါ့ပါးသွားခဲ့သည်။
သူက ဝမ်မင်ယီမသိလောက်ဘူးဟု ထင်ခဲ့သော်လည်း မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သည်။
သူ ဝမ်မင်ယီတည်းနေသည့်ဟိုတယ်လ်ကို တက္ကစီတစ်စီး ငှားသွားလိုက်သည်။ သူဝမ်မင်ယီပေးထားသည့် အခန်းနံပါတ်ရှေ့ရောက်သည်နှင့် တံခါးခေါက်လိုက်သည်။
တံခါးနောက်မှ ကုတ်ခြစ်သံကိုကြားလိုက်ရသည်။ သူ ခဏစောင့်နေလိုက်၏။ တံခါးပွင့်သွားပြီး သူတံခါးကိုတွန်းဖွင့်ကာဝင်သွားချိန်တွင် တံခါးနောက်တွင်ရပ်နေသည့် ကြီးမားသောဟက်စကီးကို တွေ့လိုက်ရလေသည်။
သူ့ကိုမြင်သောအခါ ဟက်စကီး၏ မျက်လုံးများက တောက်ပလာပြီး သူ့ဆီကို ပြေးဝင်လာသည်။
စစ်ကျွင်းတောက် တံခါးကိုပိတ်လိုက်ပြီး သူ့ကို ပွေ့ဖက်ကာ သူ့သားမွေးတွေကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် သူက သူနှင့်ရင်းနှီးသောပုံစံဖြစ်နေသည်။ ဒဏ်ရာတွေမရှိချေ။ မတော်တဆမှုမှ လွတ်မြောက်လာပုံမပေါ်ဘဲ သူ့ရှေ့တွင် အသက်ရှင်လျက် ရပ်နေသည်။
စစ်ကျွင်းတောက် တုန်ယင်စွာဖြင့် သူ့ခေါင်းကို စောင်းလိုက်ကာ ဟက်စကီးကို မနမ်းပဲမနေနိုင်တော့ချေ။ သူက လှိုက်လှဲစွာဆိုလိုက်သည်။
"ဘာမှမဖြစ်လို့ ကောင်းလိုက်တာ"
ဝမ်မင်ယီက သူ့မျက်နှာကို ပွတ်သပ်ကာ သူ့ကို ထပ်မံ နမ်းလိုက်ပြီး အဆက်မပြတ် နှောင့်ယှက်နေလိုက်သည်။
စစ်ကျွင်းတောက် မတ်တက်ထရပ်ကာ ခွေးတစ်ကောင်လုံးကို ကောက်ပွေ့လိုက်သည်။
ဝမ်မင်ယီ အံ့သြသွားပြီး သူက စစ်ကျွင်းတောက်ကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။
သူကအရမ်းလေးလို့ သူဟက်စကီးဖြစ်နေချိန်ဆို မပွေ့ဖက်ချင်ဘူးမလား။ ဘာလို့ သူ့ကို ဒီနေ့ပွေ့ချီထားရတာလဲ။
ဝမ်မင်ယီက စစ်ကျွင်းတောက်ကို သူ၏အံ့သြနေသော ခွေးမျက်နှာဖြင့် မျက်တောင်မခတ်ပဲကြည့်နေသည်မှာ သူ့ကိုအိပ်ယာပေါ် တင်ပေးလိုက်သည်အထိပင်။
စာရေးသူမှာ ပြောစရာရှိပါတယ် :
ကောကော : ငါ ဟက်စကီးကိုချစ်တယ် !
ဟက်စကီးမင်မင် : ခွေးတော့ လေပေါ်မြောက်နေပြီလို့ ခံစားရတယ်! နမ်း.. နမ်း.. ဖက်ပေးပါ.. မြင့်မြင့်မြှောက်ပေး.. မိုက်လိုက်တာ ! !