အပိုင်း ၆၆
Viewers 25k

Chapter 66




"သူတို့က အပြင်မှာ တိုးတိုးလေးပြောနေကြတာနေမှာ..."

ကျိလဲ့ယွီက အတည်ပြုလိုက်သည်။ 


"အင်း..."

လင်းဖေးက တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။ 


ကျိလဲ့ယွီက ဒေါသနှင့် နှုတ်ခမ်းဆူလိုက်လေသည်။

"အဲ့ဒါဆိုရင်တောင် သားကို နားမထောင်ခိုင်းဘူးလား..."


သူက သိပ်မဝေးသည့် တံခါးကိုကြည့်ကာ သနားစရာကောင်းသည်ဟု ခံစားလိုက်ရသည်။ 

အဲ့ဒါက ဒီလောက် အကွားအဝေးသေးသေးလေးကို... အရမ်းနီးတယ်...


ပြီးတော့ တံခါးနောက်မှာ စကားစပြောတာက သူတို့လေ... 


စပြီးနားထောင်တာက ကျိလဲ့ယွီမှ မဟုတ်တာ...


လင်းဖေးက သူ့ပါးစပ်မှာ ဘဲကလေးတစ်ကောင်သဖွယ် ဖြစ်နေသည်ကိုမြင်ရာ ပျော်ရွှင်စွာ ဆွဲဆိတ်လိုက်သည်။ ထို့နောက် သူက ကျိလဲ့ယွီ၏ ခေါင်းကိုထိလိုက်ရာ ကျိလဲ့ယွီက မျက်လုံးပြူးသွားလေသည်။


"မင်းတော်တယ်~"


"ဟွန့်..."

ကျိလဲ့ယွီက မကျေမနပ် နှာမှုတ်လိုက်လေသည်။


လင်းဖေးက သူ့ကို ဖက်ထားလိုက်ပြီး သူ့ဆံပင်ကို ဆက်ထိနေလေသည်။


"တော်တယ်~"


သူက ယခုတွင် ကျိလဲ့ယွီကို ချော့မော့ရာတွင် အလွန်တော်ကာ အသားကျနေပြီ ဖြစ်သည်မှာ ရှင်းလင်းပေသည်။ 


ကျိလဲ့ယွီက ကျိယွီရှောင်၏ နာမည်ပြောင်းခြင်းကို သဘောတူပြီး နောက်နေ့တစ်ဝက်အထိ ဆက်တိုက်ခေါ်နေပေသည်။ လင်းလော့ချင်း၏ နှလုံးသားမှာ ချိုမြန်မှုများနှင့် ပျော်ဝင်သွားပြီး သူက ညစားစားရာ၌ ကျိလဲ့ယွီကို သူကြိုက်သော ဝက်ချိုချဉ်များစွာကို ပေးလိုက်လေသည်။ 


သူက အသားပေးပြီးနောက် သူ့မျက်လုံးများက လင်းဖေးဆီသို့ ရောက်သွားပြီး သူ့နှလုံးသားထဲမှ ပျော်ရွှင်မှုက အနည်းငယ် လျော့ကျသွားလေသည်။ 


သူက ယခုတွင် ကျိလဲ့ယွီမှာ သူ့အား 'ပါးပါး'ဟုခေါ်ကာ ကျိယွီရှောင်အား အမြဲလိုလို 'ပါးပါး'ဟုခေါ်ခဲ့သည်ကို အထိမခံနိုင်စွာ သဘောပေါက်သွားလေသည်။ ယခုတွင် သူကိုယ်တိုင်နှင့် သူတို့၃ဦးမှာ ရိုးရာထုံစံအတိုင်း မိသားစုတစ်ခု ဖြစ်လာပေသည်။ 


ထိုအချိန်တွင် လင်းဖေးမှာ ဆွေမျိုးဖြစ်သည့် သူ့တူသာဖြစ်သည်။ သူက မိသားစု မဟုတ်ပါပေ။ 


သူက ကွဲထွက်နေတယ်လို့ ခံစားရမှာလား...


သူ သက်သောင့်သက်သာ မဖြစ်လောက်တော့ဘူးလား...


သူဒီမှာနေရတာ ဧည့်သည်တစ်ယောက်လို ခံစားရမှာလား... 


လင်းလော့ချင်းမှာ ၄င်းကို တွေးလေလေ ကျိလဲ့ယွီက အခေါ်အဝေါ်ကို အလွန်မြန်မြန် မပြောင်းသင့်ဟု ပိုခံစားရလေလေဖြစ်လေသည်။ 


သို့သော် ကျိလဲ့ယွီက အခေါ်အဝေါ်ပြောင်းလိုက်ပြီး ဖြစ်သည်။ 

လင်းလော့ချင်းက သူ့ကို အရင်လို ရှုရှုလို့ပဲ ခေါ်ဖို့ပြောရင် ကျိလဲ့ယွီက သူက သူ့ပါးပါးမဖြစ်ချင်ဘူးလို့ ခံစားရလောက်မလား...


ထို့အပြင် ဤသည်မှာ ကျိယွီရှောင်၏ ဆန္ဒဖြစ်လေသည်။ သူက ကျိလဲ့ယွီကို လင်းလော့ချင်းအတွက် အခေါ်အဝေါ်ပြောင်းရန် ပြောခဲ့ပေသည်။ လင်းလော့ချင်းက ထိုအချိန်က ငြင်းဆန်ခဲ့ပါက ကျိယွီရှောင်၏ ရည်ရွယ်ချက်ကောင်းများကို စိတ်ပျက်စေမည် ဖြစ်ပေသည်။


၄င်းကို တွေးမိရာ လင်းလော့ချင်းက ရုတ်တရက် ဝက်ချိုချဉ်များကို ယူလိုက်ပြီး လင်းဖေး၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။


လင်းဖေးမှာ သူ့အား ဤကဲ့သို့ကိစ္စလေးများအတွက် ကျေးဇူးမတင်ရန် သင်ထားပြီး ဖြစ်လေသည်။ သူက တိတ်တဆိတ်စားလိုက်ကာ ကြော့မော့စွာ ပြုမူလိုက်သည်။ 


လင်းလော့ချင်းက သူ့ကို ကြည့်ကာ နောက်ထပ်အတွေးတစ်ခုက တဖြည်းဖြည်း ပေါ်လာလေသည်။ 


အခုဆို ကျိလဲ့ယွီက သူ့အခေါ်အဝေါ်ကိုပြောင်းမှာ မြေကြီးလက်ခတ်မလွဲပဲ... သူက ကျိလဲ့ယွီကို သူ့ကို ရှုရှုလို့ ထပ်ခေါ်အောင် လုပ်လို့မရရင် လင်းဖေးကို အခေါ်အဝေါ်ပြောင်းအောင် လုပ်လို့ရတာပဲ...


သူက ကျိယွီရှောင်ကဲ့သို့ လင်းဖေးကိုလည်း မွေးစား၍ ရပေသည်။ ဤနည်းဖြင့် လင်းဖေးက သူနှင့် ကျိယွီရှောင်ကို 'ပါးပါး'ဟုခေါ်ကာ ကျိလဲ့ယွီနှင့် အတူတူဖြစ်ပေမည်။


သူတို့က ရိုးရာအတိုင်း မိသားစုဝင် လေးဦးဖြစ်လာပေမည်။


လင်းဖေးက ပန်းကန်ထဲမှ ဝက်ချိုချဉ်များကို အပြီးသတ်လိုက်ပြီးနောက် လင်းလော့ချင်း သူ့ကို ကြည့်နေသည်ဟု ခံစားရကာ သံသယဖြင့် ခေါင်းမော့ကြည့်ကာ မေးလိုက်သည်။

"ဘာလို့လဲ..."


"ဘာမှမဟုတ်ပါဘူး..."

လင်းလော့ချင်းက ရယ်လိုက်သည်။ 


သူက လင်းဖေးအား သူတွေးမိသည်ကို မပြောခင်တွင် သူတို့နှစ်ယောက်တည်း ဖြစ်သည်အထိ စောင့်ရန် စီစဉ်ထားပေသည်။ 


သူက လင်းဖေးက အလိုရှိသလား မရှိသလားဆိုသည်ကို မသိသေးပါပေ။ လင်းဖေးက တစ်လျှောက်လုံး ဤရည်ရွယ်ချက် ရှိနေပုံမရပါပေ။ 


စားပြီးနောက် လင်းဖေးက သူ့အခန်းထဲသို့ပြန်လာပြီး သူမပြီးသေးသော ဝတ္ထုများကို ဆက်ဖတ်လိုက်လေသည်။ 


လင်းလော့ချင်းက အိပ်ခန်းထဲတွင် ထိုင်ကာ ခေတ္တစဉ်းစားလိုက်သည်။ သူက လင်းဖေးကို မေးသင့်သည်ဟု ခံစားနေရဆဲ ဖြစ်သည်။ လင်းဖေးက သူ့အခေါ်အဝေါ်ကို မပြောင်းလိုလျှင်ပင် လင်းလော့ချင်းက လင်းဖေး၏ လက်ရှိ စိတ်အခြေအနေနှင့် ကျိလဲ့ယွီ အခေါ်အဝေါ်ပြောင်းသည့်အပေါ် သူ၏ သဘောထားကို သွားကြည့်ရပေမည်။ 


သူက စဉ်းစားပြီးသွားလေသည်။ ထို့နောက် လင်းဖေး ရေချိုးချိန် ၉နာရီတွင် သူက လင်းဖေးကိုသွားရှာကာ သူ့ကို ရေချိုးဇလုံထဲသို့ ခေါ်သွားလိုက်သည်။


သူက လင်းဖေး၏ အမူအရာကို ဂရုတစိုက် လေ့လာကာ လင်းဖေး၏ ခံစားချက်များကို တွေးတောလိုက်သည်။


လင်းဖေး၏ စိတ်ခံစားချက်မှာ ယခင်အတိုင်းဖြစ်လေသည်။ ပျော်ရွှင်မှုများစွာကို မတွေ့ရသော်လည်း ဝမ်းနည်းမှုလည်း မရှိပါပေ။ ကျိလဲ့ယွီက လင်းလော့ချင်းကို 'ပါးပါး'ဟု အခေါ်အဝေါ်ပြောင်းသွားသည်က သူ့အပေါ် သက်ရောက်မှု မရှိသည့်ပုံရပေသည်။


လင်းလော့ချင်းက သူ့ကို ဤကဲ့သို့မြင်ရာ သူ့၏ ယခင်အတွေးကို မည်သို့ ပြောရမည်ကို မသိပါပေ။ 


သူက ကျောင်းပြီးနောက် လမ်းပေါ်ရှိ ထိုညနေကို အမြဲတမ်း အမှတ်ရပေသည်။ လင်းဖေးငယ်လေးက ခြေဖျားထောက်ရပ်နေကာ သူ့ခေါင်းကိုထိပြီး စကားလုံးများနှင့် ချော့မော့လိုက်သည်။

"ဒါဆို အရမ်း စိတ်မဆိုးပါနဲ့... ရှုရှုက တော်တယ်နော်..."


သူ့စိတ်မှာ အလွန် နူးညံ့ပြီး မရင့်ကျက်သေးပါပေ။ လင်းလော့ချင်းက စိတ်ပူနေပေသည်။ သူက ပြောလိုက်ပြီး လင်းဖေးက ဆန္ဒမရှိပါက လင်းဖေးက အပြစ်ရှိသည်ဟု ခံစားရမည် ဖြစ်ပေသည်။


"ဘာလို့လဲ..."


သူက ၄င်းကို တွေးတောနေစဉ်တွင် လင်းဖေး၏ တည်ငြိမ်သောအသံကို ရုတ်တရက် ကြားလိုက်ပေသည်။ 


ထိုအချိန်မှသာ လင်းလော့ချင်း၏ စိတ်က ပြန်ရောက်လာပေသည်။ သူက လင်းဖေး၏ လက်မောင်းကို တဘက်တစ်ထည်ဖြင့် သုတ်ပေးကာ ညင်သာစွာ ပြန်ဖြေလိုက်သည်။ 

"ဘာမှမဟုတ်ပါဘူး..."


လင်းဖေးက သူ့ကို မယုံသော်လည်း လင်းလော့ချင်းက ပြောချင်ပုံမရ၍ မမေးတော့ပါချေ။ သူက တည်ငြိမ်သော အသံဖြင့် ဆိုလိုက်သည်။

"ကျွန်တော်က ကိုယ့်ဘာသာကို ရေချိုးတတ်ပါတယ်... ရှုရှု တခြားလုပ်စရာရှိရင် သွားလုပ်လေ..."


လင်းလော့ချင်းက ပြုံးကာ သူ့ခေါင်းကို ထိလိုက်ပြီး ဆိုလိုက်သည်။

"မဟုတ်ပါဘူး... ရှုရှုက တစ်ခုခုကို တွေးနေလို့ပါ..."


သူက လင်းဖေး၏ ချောမောသော မျက်နှာလေးကို စိုက်ကြည့်ကာ အတန်ကြာအောင် တွေးလိုက်သည်။ ထို့နောက် သူက မမေးပဲ မနေနိုင်တော့ပါချေ။

"ရှောင်ယွီက ရှုရှုကို ပါးပါးလို့ခေါ်တယ်... သားအဲ့ဒါကို မပျော်မရွှင် ဖြစ်လား..."


လင်းဖေးက ခေါင်းခါလိုက်သည်။

"ရှုရှုနဲ့ ရှုရှုကျိက လက်ထပ်ထားတာပဲ... သူက ရှောင်ယွီရဲ့ ပါးပါးဆိုတော့ ရှုရှုကလည်း ရှောင်ယွီရဲ့ ပါးပါးပဲပေါ့..."


"အဲ့တော့..."

လင်းလော့ချင်း၏ အသံက နူးညံ့နေပေသည်။


သူက အနည်းငယ် စိတ်လှုပ်ရှားနေပေသည်။ သူ့မျက်တောင်များက သဘာဝမကျစွာ နိမ့်ကျသွားပြီး သာမန်ကာလျှံကာဖြစ်ဟန် ဆောင်လိုက်လေသည်။ 

"သားလည်း ရှုရှုကို ပါးပါးလို့ ခေါ်ချင်လား..."


လင်းလော့ချင်းက ပြောပြီးနောက် သူ့နှလုံးသားမှာ ဒရမ်တစ်လုံးကဲ့သို့ ခုန်နေပေသည်။ သူက တိတ်တဆိတ် မျက်လုံးပင့်ကာ လင်းဖေးကို မကြည့်ခင်အထိ အတန်ကြာပေသည်။ 


လင်းဖေး၏ မျက်လုံးများမှာ ကြည်လင်နေပြီး ယခင်အတိုင်း တည်ငြိမ်နေပေသည်။ 

"ရှုရှုက သားဦးလေးလေ..."


"ရှုရှုသိပါတယ်..."

လင်းလော့ချင်းက သူ့ကို ရှင်းပြလိုက်သည်။ 

"ဒါပေမဲ့ သားရဲ့ ရှုရှုက အရင်တုန်းက ရှောင်ယွီရဲ့ ရှုရှုပဲ ဟုတ်တယ်မလား... ရှုရှုက သားကို မွေးစားလိုက်ရင် သားက ရှောင်ယွီလိုပဲ ရှုရှုကိုရော ရှုရှုကျိကိုရော 'ပါးပါး'လို့ခေါ်လို့ရတယ်လေ... သားက ရှောင်ယွီနဲ့ အတူတူပဲ ဖြစ်လာမှာလေ..."


လင်းဖေးက တခြားသူ၏ မျက်လုံးများထဲမှ ဖြတ်သွားသည့် ပျော်ရွှင်မှုကို မြင်ကာ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ဘာပြောရမလဲ မသိတော့ပါချေ။


"သားမခေါ်ချင်ဘူးလား..."

လင်းလော့ချင်းက သူ့ကို မေးလိုက်သည်။


ထိုမေးခွန်းပြီးနောက် လင်းလော့ချင်းက ဤသည်ကြောင့် သူမပျော်မည်ကို စိုးရိမ်ကာ အလျင်အမြန် နှစ်သိမ့်လိုက်လေသည်။


"ရှုရှုက ဒီအတိုင်းပဲ ပြောတာပါ... သားစိတ်ပူစရာ မလိုဘူးနော်... အခုဆို ရှောင်ယွီက ရှုရှုကို 'ပါးပါး'လို့ခေါ်တာ ရှုရှု၏ သူနဲ့ပိုပြီး ရင်းနှီးသွားတယ်လို့ သားတွေးနေမှာ စိုးလို့... အဲ့ဒါကြောင့် သားက ရှုရှုကို အဲ့လိုခေါ်ချင်လားဆိုတာမေးတာ... တကယ်တော့ သားက ရှုရှုကို ဘယ်လိုခေါ်ခေါ် ရှုရှု အရမ်းပျော်တယ်... ရှုရှုပဲဖြစ်ဖြစ် ပါးပါးပဲဖြစ်ဖြစ် ငါတို့က မိသားစုတစ်ခုပဲ..."


လင်းဖေးက သူ့စကားများကို နားထောင်ပြီး သူ့မျက်လုံးထဲမှ ပျော်ရွှင်မှုများက ပျောက်သွားပုံရသည်ကို သတိထားမိပေသည်။


သူက လင်းလော့ချင်း၏ မျက်လုံးများကို တိတ်ဆိတ်ကာ လေးနက်သော အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။


လင်းလော့ချင်းက အကြောင်းပြချက်ကို နားမလည်၍ မေးလိုက်သည်။

"ဘာလို့လဲ..."


'ရှုရှု မပျော်ဘူး...'

လင်းဖေးက သူ့စိတ်ထဲတွင် တိတ်တဆိတ် တွေးလိုက်သည်။ 

'ရှုရှုက ခုဏလေးတင် အရမ်းပျော်နေတာလေ...'


သူက မျက်တောင်ခတ်ကာ သူ့စကားလုံးများကို စုစည်းနေပုံရပေသည်။ ထို့နောက် သူက လင်းလော့ချင်း၏ မျက်လုံးများကို ကြည့်ကာ ဆိုလိုက်သည်။


"ကျွန်တော့်မှာ အဖေမရှိဘူး..."


လင်းလော့ချင်းက လင်းဖေးက ယခုလောလောဆယ်တွင် အဖေမရှိသည်ကို ပြောချင်သည်လား သို့မဟုတ် မည်သည့်အခါမှ အဖေမရှိခဲ့သည်ကို ပြောချင်သည်လား မသိရာ လင်းလော့ချင်းက အသံတိုးတိုးနှင့်သာ ဖြေနိုင်ပေသည်။ 


"အင်း..."


"ကျွန်တော် ငယ်ငယ်က အဖေဆိုတာ မရှိခဲ့ဘူး..."

လင်းဖေးက သူ့ကို ရှင်းပြရန် ကြိုးစားလိုက်သည်။

"အဖေဆိုတာ ဘာလဲ ကျွန်တော် မသိဘူး..."


သူက ဆိုလိုက်သည်။

"ကျွန်တော်က ရှုရှုကို အဖေမဖြစ်စေချင်တာ မဟုတ်ပါဘူး... အဖေဆိုတာ ဘာလဲ ကျွန်တော်မသိတာ..."


သူက အဖေမရှိဘူးဆိုသည်နှင့် အဖေဆိုသည်မှာ ဘာလဲ မသိဟု ဆက်တိုက်ပြောနေလေသည်။ သူ့စကားလုံးများမှာ ရှင်းလင်းနေသည်ဟု ခံစားရသော်လည်း ရှင်းရှင်းလင်းလင်းမပြောလိုက်မိမှာကိုလည်း စိုးရိမ်နေပုံရပေသည်။ သို့ဖြစ်၍ သူက လင်းလော့ချင်းကို ဆက်တိုက်ရှင်းပြနေလေသည်။ 


လင်းလော့ချင်းက သူ့၏ ကြည်လင်သော်လည်း အနည်းငယ် စိတ်မအေးဟန် ဖြစ်နေသည့် မျက်လုံးများကို စိုက်ကြည့်လိုက်ကာ လင်းဖေး ဘာကိုဆိုလိုသည်ကို နားလည်လာပုံရသည်ဟု ခံစားရပေသည်။ 


သူ့ကမ္ဘာထဲတွင် မည်သည့်အခါမှ အဖေမရှိခဲ့၍ အဖေတစ်ယောက်ဆိုသည်မှာ ဘာလဲဆိုသည်ကို မသိပါပေ။ သူက လင်းလော့ချင်းကို သူ့ကမ္ဘာထဲတွင် မည်သည့်အခါမှ မရှိခဲ့ဖူးသလို မလိုအပ်တော့သည့် လူတစ်ယောက်အဖြစ် မပြုလုပ်လိုပါပေ။ 


သူက အမှတ်တံဆိပ်နှင့် စရိုက်များကို ရွေးချယ်ပြီးသား လူတစ်ယောက်ဖြစ်ပေသည်။ လင်းလော့ရှီးမှာ သူ့မိခင်ဖြစ်ကာ၊ လင်းလော့ချင်းက သူ့ဦးလေးဖြစ်ပြီး ကျိယွီရှောင်သည်လည်း သူ့ဦးလေးဖြစ်ကာ ကျိလဲ့ယွီမှာ သူ့၏ ညီလေးဖြစ်ပေသည်။ သို့သော် လင်းဖေး၏ ကမ္ဘာထဲတွင် အဖေမရှိသောကြောင့် အဖေဟူသည် မရှိပါပေ။ သူ့တွင် ထိုအမှတ်တံဆိပ် မရှိပါပေ။


သူက လင်းလော့ချင်းကို 'ပါးပါး'ဟု မခေါ်လိုခြင်း မဟုတ်ပါပေ။ သူ့တွင် ထိုအမှတ်တံဆိပ် သို့မဟုတ် အယူအဆ မရှိပါပေ။ သူက အဖေဆိုသည်မှာ ဘာလဲဆိုသည်ကို မသိ၍ လင်းလော့ချင်းကို သူ့အဖေ မလုပ်နိုင်ပါပေ။ 


လင်းလော့ချင်းက ခေါင်းညိတ်ကာ လင်းဖေးကို အပြုံးတစ်ခုနှင့် ကြည့်လိုက်လေသည်။ 

"ရှုရှုသိပြီ... သားက ရှုရှုကို မကြိုက်တာ မဟုတ်ဘူး... အဖေဆိုတာ ဘာလဲ မသိတာ... ဟုတ်တယ်မလား..."


လင်းဖေးက အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။ 


သူက လင်းလော့ချင်းကို မျက်လုံးထဲတွင် အပြစ်ရှိမှုများဖြင့် ကြည့်လိုက်လေသည်။


သူက အနည်းငယ် ခေါင်းမာပေသည်။ တခြားကလေးတစ်ယောက်ဆိုပါက ကျိလဲ့ယွီကဲ့သို့ပင် အလွန်ပျော်ရွှင်ကာ 'ပါးပါး'ဟု အလွယ်တကူ ခေါ်လာမည်ကို သိပေသည်။ 


၄င်းမှာ ကိစ္စကြီးတစ်ခု မဟုတ်ပါပေ။ ထို့အပြင် လင်းလော့ချင်းမှာ သူ့အပေါ် အလွန်ကောင်းပေသည်။ 


သို့သော် သူမလုပ်နိုင်ပါပေ။ 


သူက အဖေဆိုသည်က ဘာလဲဆိုသည်ကို မသိကာ အဖေက ဘာနှင့် တူသင့်သည်ဆိုသည်ကိုလည်း မသိပါပေ။ သူတွင် ထိုအယူအဆ မရှိပါပေ။


သူအလွန်ငယ်စဉ်က သူအဖေမရှိသည်ကို သဘောမပေါက်ခဲ့ချေ။ သိုဖြစ်၍ တခြားသူများက သူ့ကို သူ့အဖေအကြောင်း မေးလာရာ သူက လောကကြီးတွင် ထိုကဲ့သို့ စကားလုံးတစ်ခု ရှိသည်ကို မသိ၍ လင်းလော့ရှီးကို မေးချင်ပေသည်။ ထို့နောက် လင်းလော့ရှီးက သူ့အား ထိုလူက သေသွားပြီဟုပြောရာ 'အဖေ'ဟူသောစကားလုံးက သူ့ကမ္ဘာထဲမှ ထပ်မံ ဆွဲယူခြင်း ခံလိုက်ရပေသည်။ 


ယခုတွင် လင်းလော့ချင်းက ထိုစကားလုံးကို သူ့ကမ္ဘာထဲသို့ ထပ်မံ ပေါ်လာခွင့် ပြုနေပေသည်။ 


လင်းဖေးက အဖေဆိုသည်ကို မလိုအပ်၍ မည်သည့်အခါမှ စိတ်ကူးမယဉ်ခဲ့ပါပေ။ 


သို့ဖြစ်၍ သူက လင်းလော့ချင်းအပေါ်တွင် ဤကဲ့သို့ မရင်းနှီးသော၊ အယူအဆပေါ် အခြေခံပြီး၊ မသဲကွဲကာ ကွက်လပ်ဖြစ်နေသော စကားလုံးတစ်ခု ကပ်ရန် မဖြစ်နိုင်ပါပေ။ 


လင်းလော့ချင်းမှာ သူ့ဦးလေးဖြစ်သည်။ ဦးလေးဆိုသည်မှာ သူနှင့် အလွန် ရင်းနှီးပေသည်။ သူသည် ယခင်က လင်းလော့ချင်းကို မကြိုက်လျှင်ပင် ဤလူကို အနည်းငယ်စတင် ကြိုက်စပြုလာနေပြီ ဖြစ်သည်။


သူက အလွန်ထင်ရှားကာ ရင်းနှီးပေသည်။ လင်းဖေးက မျက်လုံးမှိတ်ထားလျှင်ပင် သူမည်သည်နှင့် တူသည်ကို သိပေသည်။ 


သူက ဘယ်လိုလုပ်ပြီး သူလုံးဝမသိခဲ့တဲ့ အဖေဖြစ်နိုင်မှာလဲ.. 


လင်းဖေးက လင်းလော့ချင်းအား ဤထူးဆန်းပြီး အဓိပ္ပာယ်မရှိသော အမည်ဖြင့် ခေါ်ဆိုရန် သူ့ကိုယ်သူ မသိမ်းသွင်းနိုင်ပါပေ။ 


လင်းဖေးက ဤသည်မှာ အနည်းငယ်လွန်မှန်းသိသော်လည်း သူ့ကိုယ့်သူ မသိမ်းသွင်းနိုင်ချေ။


သူက တိတ်တဆိတ် မျက်လုံးများ လှန်ကာ လင်းလော့ချင်းကို သတိတကြီး ကြည့်လိုက်လေသည်။ လင်းလော့ချင်း၏ မျက်နှာမှာ ငြိမ်ချမ်းနေပြီး ဒေါသထွက်ဟန် မရပါပေ။



သူက လင်းဖေး သူ့အား ခိုးကြည့်နေသည်ကို မြင်သောအခါ အနည်းငယ်ပင် ပြုံးလိုက်ကာ လင်းဖေး၏ မျက်နှာကို ညစ်လိုက်သည်။


"မင်းက ငါ့ကို ခိုးကြည့်နေတယ်ပေါ့..."


သို့သော် လင်းဖေးက အလွန် အပြစ်ရှိသည်ဟု ခံစားလိုက်ရပေသည်။