အပိုင်း ၇၇
Viewers 35k

Chapter 77





လေထုက တစ်ခဏခန့် ငြိမ်သက်သွားလေသည်။


ကျိယွီရှောင်က အဖေလင်း၊ ချန်ဖုန်းနှင့် လင်းလော့ကျင်းတို့၏ ဗိုက်နာနေသကဲ့သို့ ဖြစ်နေသောအမူအရာများကို ကြည့်လိုက်ပြီး အလွန်လန်းဆန်းသွားသည်။


သူ အချိန်အကြာကြီး တွေးခဲ့ရတဲ့စကားက တကယ်အစွမ်းထက်တာပဲ...သူ့အဖေနဲ့ နောက်တစ်ခါတွေ့ရင် ဒီစကားကို ပြောရမယ်...


သူ အနည်းငယ် ပြုံးလိုက်သည်။


"ဘာလို့ လူတိုင်း တိတ်ဆိတ်သွားတာလဲ...အရမ်းခံစားသွားရလို့လား...အဲ့လို မဖြစ်ပါနဲ့...နောက်ဆုံးတော့ ချင်းချင်းအတွက် ကျွန်တော့်အချစ်တွေက အရမ်းကျွမ်းနေပြီ...ကုလို့မရတော့ဘူး...အချစ်ကပြစ်မှုတစ်ခုဆိုရင် ကျွန်တော် တစ်သက်လုံး ထောင်ကျခံဖို့ ဆန္ဒရှိပါတယ်..."


'ဘာလို့ သေဒဏ်အကျမခံလိုက်တာလဲ...'


အဖေလင်း တွေးလိုက်မိသည်။


သူ ကျိယွီရှောင်၏‌သောကရောက်စေသည့် စကားများကို ထပ်နားမထောင်လိုသောကြောင့် စကားဖြတ်ပြောလိုက်သည်။


"ယွီရှောင် မင်း ဘာမှထပ်ပြောနေစရာ မလိုပါဘူး...လော့ချင်းအတွက် မင်းရဲ့ခံစားချက်တွေကို ငါတို့သိပါတယ်...အဖေတစ်ယောက်အနေနဲ့ ငါ တကယ် ခံစားရတယ်...ဒါပေမဲ့ မင်း အဲ့လိုလုပ်လို့ မရဘူးလေ...ကုမ္ပဏီကိစ္စတွေကို ဂရုမစိုက်ဘဲ ဒီလို‌ဖြစ်နေရင် လော့ချင်းကို ပိုကောင်းတဲ့ဘ၀ ဘယ်လိုလုပ် ပေးနိုင်မှာလဲ...လော့ချင်းအတွက် မင်းရဲ့အလုပ်ကို တန်ဖိုးထားသင့်တယ်...မာနမကြီးနဲ့တော့..."


“ကျွန်‌‌တော် အဆင်ပြေပါတယ်..."


လင်းလော့ချင်း လျင်မြန်စွာ ပြောလိုက်သည်။


"ဒီအတိုင်း‌လေးလည်း အဆင်ပြေပါတယ်...ကျွန်တော် သဘောကျတဲ့လူနဲ့ အတူရှိနေသရွေ့အရွက်တွေချည်း စားနေရလည်း ပျော်ပါတယ်...ကျွန်တော် အရင်က ရုပ်ဝါဒီဆန်ခဲ့တယ်...ဘ၀ရဲ့စစ်မှန်တဲ့အဓိပ္ပာယ်က ပစ္စုပ္ပန်ကို တန်ဖိုးထားဖို့ဆိုတာကို သဘောမ‌ပေါက်ခဲ့ဘူး...အခု ကျွန်တော်ယွီရှောင်နဲ့ပဲ ပျော်ပျော်ရွှင်ရွှင်နေချင်တော့တယ်..."


ထို့နောက် ကျိယွီရှောင်နှင့်အဖေလင်းကို ကြည့်လိုက်ပြီး ရိုးသားစွာ ပြောလိုက်သည်။


"အခု ကျွန်တော့်မှာ အဖေနဲ့ယွီရှောင် ရှိနေပြီလေ...မိသားစုရော၊အချစ်ရော ရှိနေပြီဆိုတော့ ကျွန်တော် တင်းတိမ်သင့်တယ်...''


သူ့ကို မတင်းတိမ်စေချင်သည့် အဖေလင်း:"..."


ဒါက ဘာလဲ...


ဘာလို့ သူ့သားက လက်ထပ်ပြီးတော့ အခြားလူ တစ်ယောက်လို ပြောင်းလဲသွားရတာလဲ...


ဒါက 'လက်ထပ်ပြီးရင် ရင့်ကျက်လာလိမ့်မယ်'လို့ ပြောကြတဲ့ဟာလား...


အဖေလင်း တစ်ခဏလောက် ပြောစရာစကားကင်းမဲ့သွားလေသည်။ သူ သူတို့ကို တတ်နိုင်အမျှ တိုက်တွန်းခဲ့သော်လည်း လင်းလော့ချင်းနှင့်ကျိယွီရှောင်က ဂရုမစိုက်ပေ။ သူတို့က အလွန် အကောင်းမြင်နေကြလေသည်။


သူ ချန်ဖုန်းကို ကြည့်လိုက်ပြီး ကူပြောပေးရန် လက်ဟန်ခြေဟန် ပြလိုက်သော်လည်း ချန်ဖုန်းက သူ့ကို အားပေးလာလေသည်။


ယခု သူတို့ရှေ့တွင် ကျိယွီရှောင်ရှိနေသည့်အတွက် ရှင်းရှင်းလင်းလင်း မပြောနိုင်ပေ။ ကျိယွီရှောင်ပြန်သွားသည့်အချိန်ကို စောင့်ပြီးမှ လင်းလော့ချင်းနှင့် သီးသန့်ပြောရမည်ဖြစ်သည်။ ထိုသို့တွေးပြီးနောက် သူ့အမူအရာက ချက်ချင်း တက်ကြွလာလေသည်။


"ဟုတ်သားပဲ...ဒီအကြောင်း ဆက်မပြောကြရအောင်...လော့လော့ သား ပြန်မလာတာ အတော်ကြာပြီ...ဒီနေ့ မပြန်‌နဲ့တော့...အန်တီ မင်းအခန်းကို လွန်ခဲ့တဲ့ရက်ကတည်းက သန့်ရှင်းပေးထားတယ်...ဒီည ဒီမှာအိပ်လိုက်..."


"အိပ်လို့ မရလောက်ဘူး..."


လင်းလော့ချင်း ငြင်းလိုက်သည်။


"ကလေးတွေကို ဒီနေ့စောစော ပြန်လာမယ်လို့ ပြောထားတာ...စကားပြောင်းပြောလို့ မကောင်းဘူး..."


“ဘာမှမဖြစ်ပါဘူး...ယွီရှောင် ပြန်သွားရင် ကလေးတွေကို ရှင်းပြပေးလိုက်လို့ရတာပဲ..."


"မကောင်းဘူး...သူက ကလေးတွေကို ဘယ်လိုလုပ် ဂရုစိုက်နိုင်မှာလဲ...ကလေးနှစ်ယောက်လုံး ထငိုနေလို့ သူ အခက်တွေ့နေဦးမယ်..."


ကျိယွီရှောင် ပြုံးလိုက်သည်။


"ဟုတ်တယ်...ချင်းချင်း ပြောတာမှန်တယ်...ကျွန်တော်ရော၊ ကလေးတွေရော သူမရှိရင် ဘာမှမလုပ်နိုင်ဘူး..."


သူတို့နှစ်ယောက်စကားကို နားထောင်နေသည့် လင်းလော့ကျင်းက နှလုံးသားထဲ ပိုမိုမီးတောက်လာလေသည်။


သူက အခြားတစ်ယောက်အတွက် မင်္ဂလာ၀တ်စုံ ကြိုးစားချုပ်ပေးခဲ့သလို ခံစားနေရလေသည်။


ဘာလို့ ကျိယွီရှောင်က လင်းလော့ချင်းကို အရမ်းကြိုက်ရတာလဲ...သူလိုမြင့်မြတ်တဲ့သူတစ်ယောက်က လင်းလော့ချင်းလို စိတ်ထားနိမ့်ကျတဲ့သူတစ်ယောက်ကို ကြိုက်တယ်လား...


လင်းလော့ချင်းလည်း အတူတူပဲ...လက်မထပ်ခင်တုန်းကတော့ အတင်းငြင်းနေပြီး အခု ဘာလို့ ကျိယွီရှောင်ကို အေးအေးဆေးဆေး လက်ခံလိုက်တာလဲ...


ကျိယွီရှောင်လို ဒုက္ခိတတစ်ယောက်နဲ့လက်ထပ်ရတာကို သူ ဒေါသမထွက်ဘူးလား...


သူ့နှလုံးသားက အ‌တွေးများစွာနှင့် ပြည့်နေလေသည်။ ထိုစဉ် လင်းလော့ချင်းက မတ်တပ်ရပ်လိုက်ပြီး သန့်စင်ခန်း ထသွားသောကြောင့် သူ ချက်ချင်း နောက်က လိုက်သွားလိုက်သည်။


"ကျွန်တော် လက်ဆေးလိုက်ဦးမယ်..."


လင်းဗီလာ ပထမထပ်ရှိ သန့်စင်ခန်းကို အများသူငှာသုံးရန် ဒီဇိုင်းဆွဲထားပြီး နေရာကန့်ထားသည့်အတွက် သူတို့နှစ်ယောက် မဆုံနိုင်ကြချေ။ သူတို့ ဘေစင်သို့ အတူလျှောက်သွားကြပြီး လင်းလော့ကျင်းက ဘုံ‌ဘိုင်ခေါင်းကို ဖွင့်လိုက်ကာ လက်ဆေး‌နေစဉ် တမင်တကာ ရယ်မောလိုက်သည်။


"မင်းက ဒုက္ခိတနဲ့ အဆင်ပြေနေတာပဲ...ငါ မင်းကို မင်းတို့နှစ်ယောက်က လိုက်ဖက်တယ်လို့ ပြောဖူးသားပဲ...ဘယ်လိုလဲ...ဒုက္ခိတနဲ့အတူတူနေရတာ ပျော်ဖို့ကောင်းတယ်မလား..."


လင်းလော့ကျင်းက သူ့ကို လှောင်ပြောင်ရန် ဤမျှ စိတ်အားထက်သန်လိုက်မည်ဟု မထင်ထားခဲ့ချေ။ လင်းလော့ကျင်းက ဒေါသကို မထိန်းနိုင်သည့်အတွက် သူ့အမေနှင့် မယှဉ်နိုင်ပေ။


"မင်း မနာလိုဖြစ်နေတာလား..."


သူ နူးညံ့စွာ မေးလိုက်သည်။


လင်းလော့ကျင်း လှောင်ရယ်လိုက်သည် 


"ငါက မနာလိုဖြစ်တယ်ဟုတ်လား...မင်း ဒုက္ခိတတစ်ယောက်နဲ့လက်ထပ်လိုက်တာကို ငါက မနာလိုဖြစ်ရမှာလား...မမေ့နဲ့...ငါက မင်းကို သူနဲ့လက်ထပ်ခွင့်ပေးလိုက်တဲ့သူ..."


လင်းလော့ချင်း ခေါင်းငြိမ့်လိုက်သည်။


"မမေ့ပါဘူး...ငါ့ကို ဒီအခွင့်အရေးပေးတဲ့အတွက် အရမ်းကျေးဇူးတင်တယ်...ဒါပေမဲ့ မင်း ငါ့ယောကျာ်းကို စိုက်ကြည့်နေတာကို ရပ်လိုက်ရင် ငါ မင်းစကားတွေကို ပိုယုံမိမှာ..."


လင်းလော့ကျင်း :"..."


"မင်း အိမ်ထဲ၀င်လာကတည်းက သူ့ဆီကနေ အကြည့်မလွှဲတော့ဘူး...လူတိုင်းက အလှအပကိုနှစ်သက်တယ်...ငါ့ယောကျာ်းက အရမ်းချောတဲ့အတွက် မင်း သူ့ကို သဘောကျပြီး အကြည့်မလွှဲနိုင်တာ ပုံမှန်ပဲ...ဒါပေမဲ့ မင်း သူ့ကို ကြိုက်ရင်တောင်မှ သူက ငါ့ယောကျာ်းဆိုတာကို သိသင့်တယ်..."


“မင်းက မင်းရဲ့လက်တွေနဲ့ သူ့ကို ငါ့ဆီ တွန်းပို့ပေးခဲ့တာလေ..."


လင်းလော့ကျင်းက ထိုစကားကို ထပ်ခါထပ်ခါ ကြားနေရသည့်အတွက် ဒေါသထွက်လာပြီးတစ်ဖက်လူ၏‌အင်္ကျီကော်လံကို ဆုပ်ကိုင်လိုက်သည်။


လင်းလော့ချင်းက တစ်ဖက်လူလက်ကို ဖမ်းဆုပ်လိုက်ပြီး ရယ်မောလိုက်လေသည်။


"ဘာလို့ ဒီလိုလုပ်တာလဲ...မင်း အရမ်းဒေါသထွက်နေတာပဲ...မင်း မနာလိုဖြစ်နေရုံသာမက နောင်တရနေပုံပါပေါ်တယ်..."


"ငါက ဘာလို့နောင်တရရမှာလဲ..."


လင်းလော့ကျင်း ထိတ်ထိတ်ပျာပျာ ပြောလိုက်သည်။


"သဘာ၀အရဆို ဒါကဖြစ်သင့်တာပဲလေ...နောက်ဆုံးတော့ မင်းလည်း အဲ့ဒါကို မြင်တာပဲ...သူက ငါ့ကို နှလုံးသားတစ်ခုလုံးနဲ့ရိုးရိုးသားသား ဆက်ဆံတယ်...သူ့နှလုံးသားထဲမှာ ငါပဲရှိတယ်...မင်း သူ့ကို တကယ်ကြိုက်တယ်ဆိုရင် မင်းကိုယ်မင်း ဖက်ပြီးသာ ငိုလိုက်‌တော့..."


လင်းလော့ကျင်း အံကြိတ်လိုက်သည်။


"ငါက ဒုက္ခိတတစ်ယောက်ကို မင်းလိုမျိုး ကြည့်နေနိုင်မယ်ထင်လို့လား…ဈေးပေါပြီး အသုံးမ၀င်တဲ့လူ‌တစ်ယောက်ကို မင်းကသာ ရတနာအဖြစ် မှတ်ယူနေတာ…တခြားလူတွေက သူ့ကို ကြိုက်မယ်လို့ထင်နေတာလား…ရယ်စရာကောင်းလိုက်တာ…မင်းက ကမ္ဘာကြီးကို မမြင်ဖူးသေးဘူးပဲ…"


လင်းလော့ချင်း၏မျက်၀န်းထဲမှ အပြုံးက ပိုမိုနက်ရှိုင်းလာပြီး တဖြည်းဖြည်းအေးစက်လာလေသည်။ ထို့နောက် သူက သွားများ၊ လက်သည်းများ ထုတ်ပြနေသည့် လင်းလော့ကျင်းကို အပြုံးရေးရေး ပြုံးပြလိုက်ပြီး ကန်ထည့်လိုက်လေသည်။


သတိလက်လွတ်ဖြစ်နေသည့် လင်းလော့ကျင်းက ရက်စက်စွာ အကန်ခံလိုက်ရပြီး ကြမ်းပြင်ပေါ်သို့ 'ဗုန်းခနဲ'ပြုတ်ကျသွားကာ ကျယ်လောင်သောအသံ ထွက်ပေါ်လာလေသည်။


သူ ဒေါသတကြီး ကျိန်ဆဲလိုက်သည်။


"‌ဖာ့ခ် မိုးမေလင်းလိုက်…လင်းလော့ချင်း မင်း ဘာလုပ်လိုက်တာလဲ…"


ပြောပြီးနောက် သူ လင်းလော့ချင်းထံ ပစ်၀င်လိုက်သည်။ သို့သော် လင်းလော့ချင်းက ရှောင်တိမ်းသွားပြီး ကျိယွီရှောင်ထံ တိုက်ရိုက်ပြေးသွားလေသည်။


လင်းလော့ကျင်း သူ့နောက်သို့ အလောတကြီး ပြေးလိုက်သွားလိုက်သည်။


အဖေလင်း ကျိယွီရှောင်နှင့် စကားပြောနေစဉ် ဆူညံပွက်လောရိုက်သံကြားလိုက်ရလေသည်။ စက္ကန့်ပိုင်းအတွင်း လင်းလော့ချင်းက သူတို့ထံ ထိတ်လန့်တကြား ပြေးလာပြီး လင်းလော့ကျင်းက သူ့နောက်မှ ဒေါသတကြီး ပြေးလိုက်လာသည်ကို မြင်လိုက်ရလေသည်။ သူက လင်းလော့ချင်းကို အနိုင်ကျင့်ချင်နေကြောင်းသိသာလှပေသည်။


အဖေလင်း ‌အလွန်ဒေါသထွက်သွားပြီး သူ့၏မိုက်မဲသောသားကို သတ်ချင်လာလေသည်။


သူက လင်းလော့ချင်းကို မကြိုက်တာကို သိပါတယ်…နေ့တိုင်း မကြည့်ချင်လောက်အောင် ဖြစ်နေရင်တောင် အဲ့ဒါကို အခုမပြသင့်ဘူးလေ…


ကျိယွီရှောင်က ဒီမှာရှိနေသေးတာကို မသိဘူးလား…


ကျိယွီရှောင်က လင်းလော့ချင်းကို ဘယ်လောက်ချစ်လဲ မသိဘူးလား…


မိုက်လိုက်တဲ့ သားမိုက်…


အဖေလင်း မတ်တပ်ရပ်လိုက်ပြီး အော်လိုက်သည်။


"လော့ကျင်း မင်း ဘာလုပ်နေတာလဲ…မင်းက ကလေးတစ်ယောက်လို လုပ်နေသေးတာလား…"


လင်းလော့ချင်း၏နှလုံးသားက တက်ကြွသွားလေသည်။ သူ ကျိယွီရှောင်ဘေးသို့ ပြေးလာပြီး သနားချင်စဖွယ်ကောင်းစွာ ကြည့်နေလေသည်။ သူ့မျက်လုံးထဲ၌ နာကျည်းမှုများ ပြည့်နေပြီး မျက်လုံးက နီရဲကာ ငိုတော့မလို ဖြစ်နေလေသည်။


“ပြန်ကြရ‌‌အောင်…” 


သူ ကျိယွီရှောင်၏ဝှီးချဲလ် လက်ကိုင်ကို ကိုင်လိုက်သည်။ 


"ငါတို့ ဒီကို နောက်တစ်ခါ ဘယ်တော့မှ ပြန်မလာတော့ဘူး…"


ထိုစကားများကို ကြားသောအခါ အဖေလင်းက လင်းလော့ချင်းအနိုင်ကျင့်ခံရကြောင်း သေချာသွားပြီး တစ်ကိုယ်လုံး ဒေါသထွက်လာလေသည်။


သူတို့က ဤနေရာတွင် စကားအကြာကြီးပြောခဲ့ကြသည်။ 


ကျိယွီရှေုာင်က သူတို့ကို သဘောကျရမှာလေ…


သို့သော် ရလဒ်အ‌နေနှင့် သူ့သား အိမ်ပြန်ရောက်သည်နှင့် ဖြိုချခံလိုက်ရလေသည်။ အဖေလင်း၏ အကြံအစည်များ ပျက်စီးသွားပြီဖြစ်၏။


သူက ဒေါသထွက်နေသည့် လင်းလော့ကျင်းကို ဒေါသတကြီး တားလိုက်သည်။


"ရက်ကောင်းမှာ ဘာပြဿနာရှာနေတာလဲ…အိမ်ကနေ ထွက်သွား…"


လင်းလော့ကျင်း အံ့ဩသွားသည်။


"အဖေ သူ ကျွန်တော့်ကို အနိုင်ကျင့်တယ်…"


အဖေလင်းက ထိုစကားကို မယုံကြည်ပေ။ လက်ရှိအနေအထားကို ခြေရာခံကြည့်လျှင် ဘယ်သူကဘယ်သူ့ကို အနိုင်ကျင့်ကြောင်း သိသာလှပေသည်။


“မင်းအစ်ကိုကို စွပ်စွဲနေတုန်းလား…မင်းက ညီလေးတစ်ယောက်လို မပြုမူနိုင်ဘူးလား…"


လင်းလော့ကျင်း တကယ် ဒုက္ခရောက်နေလေသည်။ သူက လင်းလော့ချင်းနှင့် ကျိယွီရှောင်၏ခွေးစာများကို အန်ထွက်လုနီးပါး စားရရုံသာမက လင်းလော့ချင်း ကန်သည်ကို ခံလိုက်ရပြီး သူ့အဖေပင် သူက လင်းလော့ချင်းကို အနိုင်ကျင့်ကြောင်း ပြောလာလေသည်။


သူ မွေးကတည်းက ထိုကဲ့သို့ တစ်ခါမှ မဖြစ်ဖူးခဲ့ပေ။ ကလေးဘ၀မှစ၍ အရွယ်ရောက်သည်အထိ သူနှင့် လင်းလော့ချင်း ပဋိပက္ခဖြစ်ကြတိုင်း သူ့အ‌ဖေက မတုံ့မဆိုင်း သူ့ဘက် ပါပေးခဲ့လေသည်။ သို့သော် ယခုအခါ သူ့အဖေက သူ့ကို မကူညီပေးရုံသာမက အဆူခံနေရလေသည်။ လင်းလော့ကျင်း ဒေါသထွက်နေပြီး မကျေမချမ်း ဖြစ်နေသောကြောင့် နေရာရွေ့ရန် ငြင်းဆန်လိုက်သည်။


ချန်ဖုန်းက သူ့သားအတွက် စိတ်မကောင်းဖြစ်သွားပြီး အပြောညက်စွာ ပြောလိုက်သည်။


"ရှင် ဘာပြောလိုက်တာ…ညီအစ်ကိုအချင်းချင်း အနိုင်ကျင့်ပါ့မလား…ကစားနေကြတာ ဖြစ်မှာပေါ့…ဘာလို့ သားအပေါ် ဒီလောက် ရက်စက်ရတာလဲ…"


"အိုကေ ရှောင်ကျင်း…သားအခန်းဆီ အရင်ပြန်သွားနား…အဖေနဲ့အ‌မေ သားအစ်ကိုနဲ့ ဆက်ဆွေးနွေးစရာ ရှိသေးလို့…"


သူ့အ‌မေက သူ့ကို ထိုသို့ပြောလာလိမ့်မည်ဟု မထင်ထားခဲ့အတွက် ပိုမို၀မ်းနည်းသွားလေသည်။


"ခဏနေဦး…"


သူ့စိတ်ထဲ၌ မကျေနပ်မှုများ ပြည့်နေစဉ် ကျိယွီရှောင်အသံကို ရုတ်တရက် ကြားလိုက်ရလေသည်။


"ဘာဖြစ်သွားတာလဲ…"


လင်းလော့ကျင်းက ကျိယွီရှေုာင်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။


'ကျိယွီရှေုာင်က သူ့ကို ဂရုစိုက်တာလား…သူက ဒဏ်ရာရပြီးနောက်ပိုင်းမှာ သူ့ကို လက်ထပ်ဖို့ ဆန္ဒရှိခဲ့တာပဲ…'


'သူ့အသက်ကို ဆုံးရှုံးလုနီးပါးဖြစ်သွားတဲ့အချိန် သူ့နှလုံးသားထဲမှာ အရေးကြီးဆုံးလူကို သေချာသိသွားလို့ဖြစ်မယ်…'


လင်းလော့ကျင်း၏မျက်လုံးများက တောက်ပလာလေသည်။ သူ ကျိယွီရှောင်ကို လှည့်ကြည့်လိုက်သောအခါ ကျိယွီရှောင်က လင်းလော့ချင်းကို နူးညံ့စွာ ကြည့်နေလေသည်။ သူ တွေးထားသကဲ့သို့ ဖြစ်မလာခဲ့ပေ။


လင်းလော့ကျင်း :"..."


လင်းလော့ကျင်း ပိုမိုဒေါသထွက်လာပြီး မကျေမနပ်ဖြစ်လာလေသည်။


"ဘာဖြစ်တာလဲ…"


ကျိယွီရှောင်. လင်းလော့ချင်းကို ထပ်မေးလိုက်သည်။


သူ လင်းလော့ချင်း၏အကြံအစည်ကို မသိသော်ငြားလည်း လင်းလော့ချင်းက ဒုက္ခမရောက်ခဲ့ကြောင်း မှန်းဆမိလေသည်။ လင်းလော့ချင်းက ဤကဲ့သို့သော ကိစ္စမျိုး‌တွင် သူ့ကိုယ်သူ ဒုက္ခပေးမည် မဟုတ်ချေ။


သူ လင်းလော့ချင်းက ဇာတ်ညွှန်းအသစ်ရလိုက်ကြောင်း ခံစားမိပြီး ပူးပေါင်းပါ၀င်ပေးလိုက်သည်။


အဖေလင်း ထိုစကားကို ကြားသောအခါ ကမန်းကတန်းမေးလိုက်လေသည်။


"ဟုတ်တယ်…လော့ချင်းက ဘာဖြစ်လို့ ရုတ်တရက် ထွက်သွားချင်တာလဲ…"


"ဟုတ်တယ်…သား အန်တီတို့နဲ့ ညစာအတူစားမယ်လို့ ပြောခဲ့တယ်လေ…"


ချန်ဖုန်းလည်း ဝင်ပြောလိုက်သည်။


'ညစာအတူစားဖို့ ဘယ်တုန်းက ပြောခဲ့လို့လဲ…အတွေးလေးက မိုက်တယ်…'


လင်းလော့ချင်း စိတ်ထဲတွင် ဝေဖန်လိုက်သည်။


သူ ချန်ဖုန်းနှင့် အဖေလင်းကို နာကျင်နေသကဲ့သို့ ၀မ်းနည်းစွာ ကြည့်လိုက်သည်။


“အ‌ဖေ ညီလေးက ကျွန်တော့်ကို မလေးစားတာ၊ မကြိုက်တာကို သိပါတယ်…ကျွန်တော် ဒါကို ဂရုမစိုက်ဘူး…ကိုယ့်ညီလေးက နှိမ့်ချတာ ရတယ်…ဒါပေမဲ့ သူက ဘယ်လိုလုပ် ကျိယွီရှောင်ကို နှိမ့်ချပြီး မလေးစားရတာလဲ…"


အဖေလင်း :"....."


အဖေလင်း ထိုစကားများကို ကြားသောအခါ လင်းလော့ကျင်းက ‌မပြောသင့်သည့်အရာတစ်ခုကို ပြောခဲ့ကြောင်း သိလိုက်သည်။ သူက လင်းလော့ကျင်းကို နှလုံးသားထဲတွင် ကြိမ်းမောင်းနေသော်လည်း တစ်ချိန်တည်းမှာ လင်းလော့ချင်းကို ဖြောင်းဖြလိုက်လေသည်။


"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…လော့ချင်း မင်း အတွေးလွန်နေပြီ…မင်းညီလေးက ယွီရှောင်ကို ဘယ်လိုလုပ် နှိမ့်ချမှာလဲ…သူက ငါတို့မိသားစုရဲ့အထူးဧည့်သည်ပဲလေ…သူ့ကို ငါတို့အားလုံး အရမ်းလေးစားကြပါတယ်…"


"ဒါပေမဲ့ သူက သိသိသာသာကို အဲ့လိုမပြောခဲ့တာ…"


အဖေလင်း : “...”


“သူက ဘာပြောလို့လဲ…” 


ကျိယွီရှောင် မေးလိုက်သည်။


အ‌ဖေလင်း၏နှလုံးသားက တင်းမာလာပြီး စိုးရိမ်တကြီးဖြတ်ပြောလိုက်သည်။


"ကောင်းပြီ...ကောင်းပြီ...ရှောင်ကျင်းက ကလေးငယ်လေးပဲရှိသေးတာ...ကိစ္စတွေကို နားမလည်သေးဘူး...ယွီရှောင် မစိုးရိမ်ပါနဲ့...သူက စနောက်‌ရုံပါ..."


ကျိယွီရှောင် ထေ့ငေါ့လိုက်သည်။ 


"သူက ငယ်‌သေးတယ်တဲ့လား...သူက ဧရာမကလေးကြီးဖြစ်မယ်...သူ ရှိုးပွဲမှာ ပါ၀င်နေတာကို မြင်ပါရစေ..."


အဖေလင်း :"..."


ချန်ဖုန်း :"..."


လင်းလော့ကျင်း :"..."


"အစ်ကိုရှောင်...မင်း ငါ့ကို ဘယ်လိုလုပ် ဒီလိုပြောရတာလဲ..."


လင်းလော့ကျင်း မကျေနပ်ပေ။


"ငါက မင်းရဲ့နှလုံးသားထဲမှာ အဲ့လိုမျိုးလား..."


ကျိယွီရှောင် အပြစ်ကင်းစင်စွာ ကြည့်လိုက်ပြီး အဖေလင်းကို ညွှန်ပြလိုက်သည်။


"ဒါက မင်းအဖေနှလုံးသားထဲက မင်းပုံရိပ်လေ...မင်း မကျေနပ်ရင် မင်းအဖေကို မေးသင့်တယ်..."


''အဖေက အဲ့လို ပြောချင်တာမှ မဟုတ်တာ..."


"ဒါဆို ဘာလဲ...မင်းက ဒီအသက်အရွယ်မှာ ငယ်သေးပြီး မသိနားမလည်သေးဘူးဆိုတော့ မင်းက ခန္ဓာကိုယ်ပဲ ဖွံ့ဖြိုးလာပြီး ဦးနှောက်က မဖွံ့ဖြိုးလာဘူးလား...အဲ့လိုဆို မင်းစနောက်ပြောတယ်ဆိုလည်း ငါလည်း အဲ့ဒါကို ဟာသတစ်ခုလို့ တွေးပေးမယ်လေ..."


လင်းလော့ကျင်း :"..."


လင်းလော့ကျင်း အလွန်ဒေါသထွက်လာပြီး လှည့်ထွက်သွားလိုက်သည်။


ကျိယွီရှောင် ကျေနပ်သွားပြီး အဖေလင်းကို ကြည့်လိုက်သည်။


"ညီလေးက ကျွန်တော့်ကို မကြိုဆိုတဲ့ပုံပေါ်တယ်...ကျွန်တော် အတွေးလွန်နေခဲ့တာဖြစ်မယ်... ကျွန်တော်တို့က မိသားစုဖြစ်နိုင်တယ်လို့ထင်ခဲ့တာ...ကျွန်တော် ဦးလေးတို့ကို အနှောင့်အယှက်ပေးမိသွားပြီ...လော့ချင်းနဲ့ကျွန်တော် အခုပြန်ပါတော့မယ်..."


ပြောပြီးနောက် သူ လင်းလော့ချင်းကို ကြည့်လိုက်သည်။


"သွားကြစို့..."


အဖေလင်းက သူ့ကို ချက်ချင်းတားလိုက်သည်။


"ယွီရှောင် မင်းစကားတွေ...ငါတို့က မိသားစု မဟုတ်ဘူးလား...ဒါက ရှောင်ကျင်းရဲ့အမှားပါ...ငါ သူ့ကို တောင်းပန်ခိုင်းလိုက်မယ်..."


အပေါ်တက်ရန် ပြင်နေသည့် လင်းလော့ကျင်း:"..."


လင်းလော့ကျင်း မယုံကြည်နိုင်စွာ အဖေလင်းကို အံ့ဩတကြီး စိုက်ကြည့်နေလေသည်။ 


သူက ဘာလို့ ကျိယွီရှောင်ကို တောင်းပန်ရမှာလဲ...


'"သူက ဘာလို့ ကျွန်တော့်ကို ‌တောင်းပန်မှာလဲ...သူက ကျွန်တော့်ကို ဘာမှမပြောခဲ့ဘူးလေ...လော့ချင်းကိုပဲ တောင်းပန်သင့်တယ်...''


ကျိယွီရှောင် ‌ပြောလိုက်သည်။


'အိမ်မက်မက်နေတယ်..."


လင်းလော့ကျင်း တွေးလိုက်သည်။


သို့သော် စက္ကန့်အနည်းငယ်ကြာပြီးနောက် သူ့အဖေ၏အသံကို ကြားလိုက်ရသည်ာ


"ရှောင်ကျင်းက သူ့အစ်ကိုကို အဲ့လိုမပြောသင့်ဘူး...ရှောင်ကျင်း မင်းအစ်ကိုကို အခု လာတောင်းပန်လိုက်...'


လင်းလော့ကျင်း :"...."


သူ ဒေါသတကြီး အော်လိုက်သည်။


"ကျွန်တော် မတောင်းပန်ချင်ဘူး..."


နောက်နေတာလား...သူ ကလေးဘ၀တည်းက လင်းလော့ချင်းကို တစ်ခုမှ မတောင်းပန်ခဲ့ဖူးဘူး...ဒါက မဖြစ်နိုင်ဘူး....


"ဒီကိုလာခဲ့..."


အဖေ

လင်း ဒေါသထွက်စွာ အမိန့်ပေးလိုက်သည်။ 


ချန်ဖုန်းက ယောကျာ်းနှင့်သားကြားကို ကြည့်နေကာ နောက်ဆုံးတွင် လင်းလော့ချင်းအတွက်ကုမ္ပဏီမှ နုတ်ထွက်ခဲ့သော ကျိယွီရှောင်ကို တွေးမိသွားကာ သူ့သားကို တိုက်တွန်းလိုက်သည်။


"ရှောင်ကျင်း သားအစ်ကိုကို လာတောင်းပန်ချေ..."


သူ သွေးလေခြောက်ခြားနေတာများလား....


သူ့အမေက ဘာတွေပြောနေတာလဲ...