Chapter 107
ဂီတနုတ်ကို ယခင်က အနည်းနှင့်အများ ဆွေးနွေးခဲ့ပြီး ယခုအခါ ပြေလည်လုနီးပါးဖြစ်နေပြီဖြစ်၏။ နောက်တဆင့်မှာ သီချင်းစာသားများကို ဖြည့်စွက်ရန်ဖြစ်သည်။
ကျန့်ယွီယန်က ဟာသလုပ်လေသည်။
"ငါတို့က ဂီတကို ကြိုးကြိုးစားစား လုပ်နေချိန်မှာ ကျားရီနဲ့ရှောင်ချီက စားသောက်ပြီး ပျော်နေတယ်...မတရားဘူးမလားဝေ့"
ဝေချင်ကဆိုသည်။
"ဟုတ်တယ်...မတရားဘူး"
"ဟေ့ကောင် ငါမင်းကိုပြောနေတာ"
ကျန့်ယွိယန်က ချီရှင်းချန်ကို လက်ညိုးထိုးလိုက်သည်။
"စပျစ်သီးစားတာကို ရပ်လိုက်...ငါတို့ကို အကြံဥာဏ်ကူထုတ်ပေး"
"ကောင်းပြီ"
ချီရှင်းချန် သူ့ဖင်ကို လက်ဖြင့်ခါပြီး မတ်တပ်ရပ်လိုက်၏။
"ဘယ်နေရာမှာ ကျွန်တော်တို့ကိုလိုအပ်တာလဲ"
ကျန့်ယွီယန်က ဘာမှ မပြော။ သူ့ဖုန်းကို ထုတ်ပြီး တေးသွားတစ်ခုဖွင့်ပြသည်။
"နင်တို့ ဒီသီချင်းကို လုပ်ထားတာလား"
ချန်ကျားရီက မေးသည်။
"ဟုတ်တယ်"
"ကောင်းပြီ ...ကောင်းကောင်း နားထောင်"
"အခု သီချင်းစာသားကို ဖြည့်ဖို့ လိုတယ်"
ဝေချင်က ပြောသည်။
"ကျဲ ...လိုင်းနည်းနည်းလောက် စဉ်းစားပေးပါဦး"
ထို့နောက် သူက ခေတ္တရပ်လိုက်သည်။
"ချီလောင်ရှီး မင်းမှာ အကြံဥာဏ်တွေ ရှိရင်၊ ဆွေးနွေးမှုမှာ မင်းလည်း ပါဝင်နိုင်တယ်"
ဝေချင်က ချန်ကျားရီကို "ကျဲ" ဟု ခေါ်ပေမဲ့ သူ့ကို "ချီလောင်ရှီး" ဟု ခေါ်ခဲ့၏။ သူက ချန်ကျားရီးအား သီချင်းစာသားဖြည့်စွက်ရန် အကူအညီတောင်းခဲ့သော်လည်း သူ့ကိုမူ "အကြံဥာဏ်များရှိပါက ဆွေးနွေးမှုတွင် ပါဝင်ပါ" ဟု ခိုင်းခဲ့သည်။
ချီရှင်းချန်ကို သူတို့လေးယောက်ထဲက ဖယ်ထုတ်လိုက်သည်မှန်း ထင်ရှား၏။
သို့သော် သူ မမှားပါချေ။ချီရှင်းချန်၏အထောက်အထားမှာ နည်းပြမဟုတ်ဘဲ ကြယ်အလင်းတန်းအကဲဖြတ်သူဖြစ်သည်။
ရှိူးအစတွင် လူကြိုက်များစေရန်အတွက် သူ့ကို အမြောက်စာအဖြစ် သတ်မှတ်ခဲ့သည်။
ထိုစကားကိုကြားသောအခါ ကျန့်ယွီယန် နှင့် ချန်ကျားရီတို့က ဆိုလိုရင်းကို ချက်ချင်းသဘောပေါက်ပြီး သူတို့မျက်နှာပေါ်တွင် ရှက်ကိုးရှက်ကန်း အမူအရာများပေါ်လာသည်။၎င်းနောက် သူတို့၏အမူအရာကို ပုံမှန်အတိုင်း ပြန်ပြောင်းလိုက်ကြသည်။ကျန့်ယွီယန်က ရယ်မောပြီး ဝင်ညှိပေးလေသည်။
"ရှောင်ချီရဲ့ဖရီးစတိုင်က မဆိုးပါဘူး...လိုင်းနည်းနည်းလောက်ဖြည့်ဖို့က သူ့အတွက်ကိစ္စမရှိလောက်ဘူး... မြန်မြန်လေး အဆုံးသတ်ကြရအောင်"
"ဟုတ်တယ်...ဟုတ်တယ်"
ချန်ကျားရီက သံယောင်လိုက်သည်။
"ဒီသီချင်းမှာ ရက်ပ်ပါလား...ဒါမှမဟုတ် ရှောင်ချီက ရက်ပ်အပိုင်းကို ကိုင်လို့ရတယ်လေ"
ဝေချင်က အေးစက်စွာပြောလိုက်သည်။
"ရက်ပ်အပိုင်းက ရဲ့ကောရဲ့ အပိုင်း...ကျွန်တော် သူ့ကို မပေးနိုင်–"
"ကောင်းပြီ"
ပိုင်ရဲ့က သူတို့ပြောသည်ကို အမူအရာမဲ့စွာနားထောင်နေရာမှ ဤအခိုက်အတန့်တွင် မျက်မှောင်ကြုတ်ကာ ဝင်ဖြတ်ပြောလိုက်သည်။
"ကျွန်တော်တို့ငါးယောက်ကို အုပ်စုနှစ်စုခွဲမှာ...ဝေချင်၊ယွီယန်ကောနဲ့ နှင့် ကျားရီကျဲတို့က တစ်ဖွဲ့...ရှင်းရှင်းနဲ့ ကျွန်တော်က တခြားအဖွဲ့မှာ ရှိမယ်...အဖွဲ့တစ်ဖွဲ့စီက အဓိကသီချင်းအတွက် တာဝန်ယူမှာဖြစ်ပြီးတော့ သံပြိုင်အပိုဒ်ကို အတူတူ ဆွေးနွေးမယ်... ရက်ပ်အပိုင်းကို... ရှင်းရှင်းကို ပေးမယ်...သူကောင်းကောင်းရေးနိုင်မယ်လို့ ကျွန်တော်ယုံကြည်တယ်"
အုပ်စုဖွဲ့သည့်ပုံစံကိုကြားသောအခါ ဝေချင်၏မျက်နှာပျက်သွားသည်။
ပိုင်ရဲ့: "ဒါဆို အဆင်ပြေလား"
ကျန့်ယွီယန် နှင့် ချန်ကျားရီတို့က သဘာဝအတိုင်း သဘောတူခဲ့ကြသည်။ ပထမဆုံးရိုက်ကူးမှုကတည်းက ဝေချင်နှင့် ချီရှင်းချန်က အဆင်မပြေဘူးဆိုသည်ကို သူတို့ သိလိုက်ရသည်။ စာသားတွေ အတူတူ ရေးရင် တုတ်တွေဓားတွေနဲ့ ခုတ်လားထစ်လားဖြစ်ကုန်မှာပေါ့...သူတို့ ထိန်းနိုင်ပါ့မလား...
ပိုင်ရဲ့၏ အကြံပြုချက်သည် လက်ရှိအခြေအနေအတွက် အသင့်တော်ဆုံးဖြစ်သည်။
ထို့အပြင် ပိုင်ရဲ့က ချီရှင်းချန်ကို ခုခံကာကွယ်ပေးနေကြောင်း သူတို့ပြောနိုင်သည်။ သူတို့အားလုံးက ပါးနပ်သူတွေဖြစ်ပြီး သူတို့ နှလုံးသားထဲမှာ တွက်ချက်မှုအသေးစားလေးတွေကို ချက်ချင်းလုပ်ခဲ့ကြသည်။
ပိုင်ရဲ့က ပြောပြီးပြီဆိုကတည်းက ဝေချင် ရိုက်ကူးရေးလုပ်နေသောကြောင့် သူ့ကို ငြင်း၍မရပါချေ။ သူက မျက်နှာမည်းကြီးဖြင့် တေးဂီတခန်း၏ထောင့်တစ်နေရာသို့ ကျန့်ယွီယန်၊ချန်ကျားရီတို့နှင့်အတူ လျှောက်သွားခဲ့သည်။
ပိုင်ရဲ့က ချီရှင်းချန်ကို အခြားထောင့်သို့ ခေါ်သွားပြီး ကင်မရာ မကြားနိုင်သော အသံဖြင့် သူ့ကို နှစ်သိမ့်ပေးလိုက်သည်။
"စိတ်တိုမနေပါနဲ့...မတန်ဘူး"
ချီရှင်းချန် :"ကျွန်တော် စိတ်မတိုပါဘူး"
ပိုင်ရဲ့က သူက ခေါင်းမာနေသည်ဟု ထင်ကာ နှစ်သိမ့်ရန် သူ့လက်ကောက်ဝတ်ကို ညှစ်ပေးချင်ခဲ့သည်။
ချီရှင်းချန်က ရယ်မောလိုက်သည်။
"ကျွန်တော် သူ့ကို သင်ခန်းစာပေးလိုက်ရင် သူ့မျိုးရိုးနာမည်ကိုတောင် မှတ်မိတော့မှာမဟုတ်ဘူး"
"…"ပိုင်ရဲ့ မရယ်နိုင်တော့ပေ။
ဒီဖန်လေးက Kevin ကို ထိပ်တိုက်ရင်ဆိုင်နိုင်တဲ့သူဆိုတာ သူမေ့လုနီးပါးပဲ... ဝေချင်ကို သူဘယ်လိုလုပ်ကြောက်မှာလဲ...
သေချာသည်ပင်၊ ဆက်ပျင်းနေ၍မရတော့သည့် ချီရှင်းချန်တစ်ယောက် နုတ်စာအုပ်ကိုယူပြီး ဘောပင်ကို ကိုင်လိုက်သည်။ သူက စိတ်ကူးစိတ်သန်းများ ပြည့်နှက်နေပြီး စာရွက်ပေါ်ရှိ ဘောပင်၏ "ခုန်သံ" ကိုပင် ကြားနိုင်သည်။
ပိုင်ရဲ့ တစ်ချက် ခိုးကြည့်လိုက်သည်။ စာအရေးအသားက မရင့်ကျက်သေးသော်လည်း အသစ်များထဲတွင် ထိပ်တန်းကစားသမားအဖြစ် သတ်မှတ်ခံရနိုင်သည်။
သူက ချီရှင်းချန်ကို ရက်ပ်အပိုင်းပေးလိုက်ပြီး သီချင်း၏ကိုယ်ထည်အပိုင်းကို သူကိုယ်တိုင်ရေးခဲ့သည်။ကိုယ်ထည်အပိုင်းနှင့် ရက်ပ်က အလေးချိန်ချင်းတူသည်။ နာရီဝက်အကြာတွင် သူနှင့် ချီရှင်းချန် တစ်ချိန်တည်းတွင် စာရေးခြင်းကို ရပ်လိုက်သည်။
တစ်ဖက်မှာ သူတို့ထက်မြန်သည့်လူ သုံးယောက်ရှိနေသည်။ကျန့်ယွီယန်က လေချွန်လိုက်သည်။
"လာ...ရလဒ်တွေကို စစ်ဆေးဖို့အချိန်ရောက်ပြီ... မင်းတို့တွေ အရင်သီချင်းဆိုချင်သလား... ငါတို့အရင်စရမလား"
ပိုင်ရဲ့က လူကြီးလူကောင်းတစ်ယောက်လိုပြော၏။
"ကောတို့အရင်သွားပါ"
အသံနည်းပြတစ်ယောက်ဖြစ်နေသဖြင့် ကျန့်ယွီယန်၏သီဆိုမှုသည် အကောင်းဆုံးဖြစ်သည်။ သူ အလွန်အမင်း မတွေးဘဲ သဘာဝအတိုင်း ရှေ့ကို လှမ်းလိုက်သည်။
"ယွီယန်ကော"
ဝေချင်က သူ့ကို တားလိုက်သည်။
"ကျွန်တော် ဆိုပါရစေ"
"အိုး ရတယ်လေ"
ကျန့်ယွီယန် နောက်ပြန်ဆုတ်သွားသည်။
ဝေချင်က အခန်းအလယ်သို့ လျှောက်သွားကာ စတီရီယိုဖွင့်ကာ မိုက်ခရိုဖုန်းကို စမ်းသည်။ သူ့အသံကို ချိန်ညှိပြီး ပဓာနသီချင်း၏ ပထမအပိုဒ်ကို သီဆိုခဲ့သည်။
ကျန့်ယွီယန်က အချစ်သီချင်းများ၏ဘုရင်အဖြစ် လူသိများသူဖြစ်သောကြောင့် ၎င်း၏စာသားများသည် ခံစားချက်နှင့် မဆီမဆိုင်ဖြစ်နေသည်။ယင်းက အစောပိုင်းမှာ ပိုင်ရဲ့ဆင်ထားသော "ထောင်ချောက်"အတွက် အလွန်သင့်လျော်၏။
ဝေချင်၏ ပျင်းတွဲ့တွဲ့အသံက ဤအပိုင်းကို အဓိပ္ပာယ်ဖွင့်ဆိုရန် ပို၍သင့်လျော်လေသည်။ သူသီချင်းဆိုသည့်အခါ သူ့အကြည့်တွေက ယခင်အတိုင်းပဲ၊ ပိုင်ရဲ့ အပေါ်မှာ မသိမသာကျရောက်လျက်ရှိနေသည်။
ဤအချစ်သီချင်းက ပိုင်ရဲ့အတွက် သီဆိုနေသလိုပါပင်။
ချီရှင်းချန် အသက်ပြင်းပြင်းရှူလိုက်သည်။
ပဓာနသီချင်း၏ ပထမအပိုဒ်က မကြာပါချေ။ ဝေချင် သီချင်းဆိုသည်က မြန်မြန်ပြီးသွား၏။ လူတိုင်းက သူ့ကို ယဉ်ယဉ်ကျေးကျေး ချီးကျူးကြပြီး ယခုဆိုလျှင် ပိုင်ရဲ့နှင့် ချီရှင်းချန်တို့၏ အလှည့်ရောက်လာပြီဖြစ်၏။
ချီရှင်းချန်က ရှေ့တက်ပြဿနာရှာရန်မစောင့်နိူင်အောင်ဖြစ်နေသည်။ပိုင်ရဲ့က ခေါင်းခါပြီး သူ့ကို တားလိုက်၏။
"ကိုယ် သွားမယ်"
"… ကောင်းပြီ"
သူ နောက်ပြန်ဆုတ်သွားခဲ့သော်လည်ူ မတရားခံရသလို ခံစားလိုက်ရ၏။
ပိုင်ရဲ့က မိုက်ခရိုဖုန်းကို စမ်းပြီးနောက် သီချင်းစာရွက်ကို ထုတ်ယူလိုက်သည်။ချီရှင်းချန် ခုနက သူ့ဘာသာသူရေးနေခဲ့သဖြင့် ပိုင်ရဲ့ဘာရေးထားသည်ကို သိချင်နေခဲ့သည်။
နှစ်စက္ကန့်အကြာတွင် ပိုင်ရဲ့က ချီရှင်းချန်ရှိရာကိုကြည့်ကာ ပထမစာကြောင်းကို အပြုံးတစ်ပွင့်ဖြင့်သီဆိုလိုက်သည်။
"မင်းနဲ့တွေ့ဆုံရတာက ကံအကောင်းဆုံးသော မတော်တဆမှုလေးပါပဲ..."
ဝေချင်၏မျက်နှာ ဖြူဖျော့သွားလေသည်။
........
ကိုယ်ပိုင်ဟန်က သင်တန်းသားများ၏ အလုံးစုံ အရည်အသွေးကို အများဆုံး စမ်းသပ်သည့် အပိုင်းဖြစ်သည်။ သူတို့သည် ဂီတသီအိုရီ၊ ကခုန်ခြင်းတို့တွင် ကျွမ်းကျင်ရန် လိုအပ်ပြီး ဂီတအပေါ်မှာ စိတ်ကူးစိတ်သန်းနှင့် လေးမြတ်မှုအဆင့်တစ်ခုရှိရန် လိုအပ်လေသည်။ ဤသည်မှာ သင်တန်းသားများအတွက် ကျော်ဖြတ်ရန် အခက်ခဲဆုံးအဆင့်ဖြစ်သော်လည်း အလွန်ကောင်းမွန်သော လေ့ကျင့်ရေးဖြစ်သလို အရည်အချင်းများကို စစ်ထုတ်ခြင်းပင်ဖြစ်သည်။
Win-Win ပူးပေါင်းဆောင်ရွက်မှုသည် ဤတစ်ကျော့အတွက် ပရိုဂရမ်အဖွဲ့၏ ဒီဇိုင်းအဓိကအကြောင်းအရာများထဲမှ တစ်ခုဖြစ်သည်။ အပြန်အလှန်ယုံကြည်မှု နှင့်အချင်းချင်း လိုက်ပါအဖော်ပြုပေးမှု၊ အဆုံးမရှိသော ဆွေးနွေးမှုများနှင့် စကားများရန်ဖြစ်မှုများ၏ နေ့ရက်များသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ အားလုံး၏ နေ့ရောညပါ ကြိုးစားအားထုတ်မှုတွေနှင့် ပြိုင်ပွဲနေ့ကိုရောက်လာခဲ့သည်။သင်တန်းသားများသည် ပရိသတ်အတွက် အမြင်အာရုံပိုင်းနှင့်အကြားအာရုံပိုင်းဆိုင်ရာ ဖျော်ဖြေမှုများကို တင်ဆက်ခဲ့သည်။
သေချာသည်ပင်၊ စင်မြင့်နောက်ကွယ်မှာ နှုတ်ဆက်ပွဲရှိ၏။ ယခုအကြိမ်တွင် သင်တန်းသား ၁၉ ဦးကို ဖယ်ရှားခဲ့ပြီး ၂၅ ဦးသာ ကျန်ရှိတော့သည်။ ဤလူ ၂၅ ဦးကို အုပ်စုငါးစုဖြင့် ခွဲထားသည်။ အဖွဲ့တစ်ဖွဲ့စီကို နည်းပြအကူအညီဖြင့် နောက်တစ်ဆင့်တက်ရန် နည်းပြက ဦးဆောင်မည်ဖြစ်သည်။
နည်းပြကူညီပေးသည့် အဆင့်တွင် လူငါးဦးကို ဖယ်ထုတ်မည်ဖြစ်ပြီး ပွဲဦးထွက်ပွဲတော်ညအတွက် ပြင်ဆင်ရန် နောက်ဆုံးလူ 20 ဦးကို ချန်ထားကာ ပွဲဦးထွက်ရန် ခြောက်နေရာစာအတွက် ယှဉ်ပြိုင်မည်ဖြစ်သည်။
နည်းပြများက အဓိကအားဖြင့် လမ်းညွှန်ပေးသူများဖြစ်သောကြောင့် ဤအပိုင်းသည် ဖျော်ဖြေမှုနှင့် ရသခံစားနိုင်မှုဆိုင်ရာ ပြင်းထန်သော ခံစားမှုတစ်ခုရှိသော်လည်း အခြေအနေတစ်ခုလုံးအပေါ် သက်ရောက်မှုအများကြီးရှိမှာ မဟုတ်ပါချေ။
လူငါးဦးက ဆက်နေရမည် သို့မဟုတ် ထွက်ခွာရမည်ကို အွန်လိုင်းမဲပေးခြင်းမှ စုဆောင်းရရှိသော ကျော်ကြားမှုဖြင့် အခြေခံအားဖြင့် ဆုံးဖြတ်မည်ဖြစ်သည်။
သို့သော်လည်း အဖွဲ့များ ခွဲဝေပေးသောအခါတွင် သင်တန်းသားများက ထိုသို့ ထင်မြင်ပုံမပေါ်ပေ။
ပရိုဂရမ်အဖွဲ့၏ အုပ်စုဖွဲ့မှုအစီအစဉ်သည် သီချင်းငါးပုဒ်ကို ထုတ်ဝေရန်ဖြစ်ပြီး သင်တန်းသားများသည် ရလဒ်အစီအစဥ်အရ အမြင့်ဆုံးမှ အနိမ့်ဆုံးကို မျက်စိစုံမှိတ်ရွေးချယ်မည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင်၊ကျန့်ယွီယန်က အနှေးသီချင်းများကိုသီဆိုရာတွင် ကျွမ်းကျင်သည်၊ချန်ကျားရီက အဆိုနှင့်အကမရဘဲ ဖျော်ဖြေတင်ဆက်မှုပဲလုပ်နိုင်သည် အစရှိသည့် နည်းပြများ၏ ကိုယ်ရည်ကိုယ်သွေးလက္ခဏာများကို ရှောင်ရှားရန်အတွက် သီချင်းငါးပုဒ်က အတော်လေး တူညီသည်။ ရွေးချယ်ပြီးနောက် အခြေအနေအလိုက် လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်သည်။
သင်တန်းသားများသည် ၎င်းတို့၏ ရွေးချယ်မှုတွင် အလွန်သတိထားခဲ့ကြသည်။နည်းပြများက သီချင်းများကို ထုတ်ဖော်သောအခါ ချီရှင်းချန်ကို ရွေးချယ်မိသူများက အနည်းငယ်စိတ်ပျက်သွားကြသည်ကို သာမန်မျက်စိဖြင့်ပင် ထင်ရှားစွာ မြင်တွေ့ရသည်။
ပိုင်ရဲ့ကို ရွေးမိသူတွေ အလွန်ပျော်သွားကြသည်။
ပိုင်ရဲ့၏ ကျော်ကြားမှုအရ သူတို့အဖွဲ့ထဲကို ဝင်ခဲ့မည်ဆိုလျှင် ပိုင်ရဲ့ဖန်တွေ၏အကူအညီဖြင့် နောက်တကျော့မှာ နေရာတစ်နေရာရလိမ့်မည်ဟု အာမခံချက်တစ်ခုရထားသလိုဖြစ်နေသည်။
အခြားနည်းပြများအတွက်မူ ဝေချင်၏ ဘက်စုံအင်အားက သန်မာသည်။ကျန့်ယွီယန်၏L4Eက ကူးစက်နိုင်သည်။ချန်ကျားရီ၏အဖွဲ့က
သင်တန်းသားများ၏ စင်ပေါ်ကဖျော်ဖြေတင်ဆက်မှုအပေါ် အဓိကအားကိုးသည်။ သူတို့သည် သူတို့၏မျက်နှာများကို ပြသရန် အခွင့်အရေးများ ပိုများပြီး နည်းပြများ၏ လွှမ်းမိုးမှုကို ခံရမည်မဟုတ်ပေ။
ချီရှင်းချန်က မတူပေ။ သီချင်းဆိုခြင်းနှင့် ကခြင်း၏ အခြေခံများကို သူပြသခဲ့သော်လည်း သီချင်းဆိုခြင်းနှင့် ကခြင်း ပေါင်းစပ်ခြင်းသည် အခြားကိစ္စတစ်ခုဖြစ်သည်။ယခင်က သူ့ကို စင်ပေါ်မှာ ဘယ်သူမှ မတွေ့ဖူးသေးသည့်အတွက် သူ သီချင်းဆိုနိုင်လား၊ ကနိုင်လား၊ စင်မြင့်ကို ထိန်းနိုင်မလားဆိုသည်ကို ဘယ်သူမှ မသိနိုင်ပါချေ။
လူတိုင်းက နည်းပြနောက်သို့ လိုက်ကာ နည်းပြ၏ လက်မှတ်ဖြင့် လေ့ကျင့်ရေးအခန်းဆီသို့ လျှောက်သွားကြသည်။ချီရှင်းချန်ကလည်း အဖွဲ့ကို လေ့ကျင့်ရေးခန်းရှာဖွေရာတွင် ဦးဆောင်ခဲ့ပြီး ပိုင်ရဲ့ကို ကြည့်လိုက်သည်။
သူနှင့် ပိုင်ရဲ့တို့က ဘယ်အစွန်နှင့် ညာအစွန်တွင် အသီးသီးရှိကြသည်။
သူ မပျော်ပေ။
အားလုံးက လေ့ကျင့်ရေးခန်းထဲ ဝင်သွားကြသည်နှင့် ချီရှင်းချန် အမိန့်ပေးလိုက်သည်။
"ရှဲ့ယွမ် တံခါးပိတ်လိုက်"
ရှဲ့ယွမ် အမည်ရှိ သင်တန်းသားက တံခါးကိုပိတ်လိုက်သည်။
ချီရှင်းချန်က သူ၏ နူးညံ့သိမ်မွေ့သော အမူအရာကို ဖယ်ရှားလိုက်သည်။ သင်တန်းသားငါးယောက်က သူစကားပြောတော့မည်ဆိုသည်ကို သိပြီး သတိနှင့် တန်းစီရပ်နေကြသည်။
"ငါ့ကိုရွေးမိတာက မင်းတို့မမြင်ချင်ဆုံးရလဒ်ဆိုတာ ငါသိတယ်"
ချီရှင်းချန်က ခဏရပ်လိုက်သည်။
"မင်းတို့အခု အရမ်းစိတ်ပျက်နေနိုင်တယ်"
သူတို့ငါးယောက် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။သူ ပြောင်ပြောင်တင်းတင်းပွင့်ပွင့်လင်းလင်းပြောလာလိမ့်မည်ဟု မမျှော်လင့်ထားမိကြပေ။
"ဒါပေမဲ့ ဒါက မင်းတို့ရဲ့ပြိုင်ပွဲ၊ ငါ့ရဲ့ပြိုင်ပွဲမဟုတ်ဘူးဆိုတာကို မင်းတို့ သတိရရမယ်...စင်ပေါ်မှာ အတွေ့အကြုံရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဘယ်လိုပဲ ဖျော်ဖြေပါစေ၊ မင်းတို့ကိုယ်တိုင်ပဲ ရပ်တည်နေမှာ...ငါက ကိတ်မုန့်ပေါ်က အလှဆင်သကာသက်သက်ပဲ...မင်းတို့ကမှ တကယ့် 'ကိတ်မုန့်' "
သင်တန်းသားတွေက အကြည့်ချင်းဖလှယ်ကြသည်။ချီလောင်ရှီး အပြစ်လွှဲချတော့မည်ကို သူတို့အားလုံး နှလုံးသားထဲတွင် သိနေကြသည်။
သူတို့အဖွဲ့၏ရလဒ်တွေ မကောင်းသည့်အခါ ချီလောင်ရှီးက ယင်းသည် သင်တန်းသားတွေ၏ အရည်အချင်းမရှိမှုဖြစ်ပြီး သူ့ကိုယ်ပိုင် ပြဿနာမဟုတ်ဘူးဟုပြောနိုင်သည်။
"ဒါပေါ့"
ချီရှင်းချန်က ခဏရပ်လိုက်သည်။
"ဒါကို မင်းတို့ကြားလိုက်တာနဲ့ ငါကအပြစ်လွဲချနေတာလို့ မင်းတို့ထင်ကောင်းထင်လိမ့်မယ်"
သင်တန်းသားများ: "…"
ချီလောင်ရှီးက သူတို့ဗိုက်ထဲက ပုဏ္ဏားလေးများလား... အကုန်လုံးကို သူဘယ်လိုလုပ် သိနေတာလဲ...
သူက ဆက်ပြောလိုက်သည်။
"ငါ အပြစ်လွဲချနေတာလားဘာလားဆိုတာကို ကောက်ချက်မချပါနဲ့... မြင်းလား လာူလား အရင် စမ်းကြည့်ရအောင်...မင်းတို့က ငါ့ထက် စင်မြင့်အတွေ့အကြုံအများကြီး ပိုရှိတယ်...ငါလိုလူသစ်တစ်ယောက်ဆီကနေ အများကြီးအကျောမခံနဲ့ အိုကေ... မင်းတို ငါ့ထက် ပိုကောင်းအောင် လုပ်နိုင်လား"
ဘယ်သူမှ အသံမထွက်ရဲကြပေ။
သို့သော် သူတို့အားလုံး စိတ်နှလုံးထဲတွင် အဖြေပေးခဲ့ကြသည်-ဟုတ်ကဲ့
သီချင်းဆိုပြီး မကသည်နှင့် ကပြီးမဆိုသည်က နှစ်ခုစလုံးသည် အရူးများ ဖြစ်သည်။ စင်ပေါ်မှာ တစ်ခါမှ မရောက်ဖူးသူတွေအတွက်က စာရွက်ပေါ်မှာလမ်းလျှောက်နေရသလိုပင်။စင်ပေါ်မှာ ရပ်လိုက်သည့်အခါ သူတို့လေ့ကျင့်ခဲ့တဲ့ အကွက်အားလုံးကို မေ့သွားနိုင်၏။
ချီရှင်းချန် သူတို့ ပြောရမှာ ရှက်နေမှန်း သိသောကြောင့် သူ ဆက်မမေးတော့ပေ။ သူက ရှဲ့ယွမ်ခေါ်လိုက်သည်။
" 'Somebody' ဆိုတဲ့ ဗီဒီယိုကို ဖွင့်ကြည့်လိုက်... အတူတူကြည့်ရအောင်"
သူတို့အဖွဲ့ရွေးသည့်သီချင်းကို "Somebody" ဟု ခေါ်သည်။ သန်မာသော စည်းချက်ဖြင့် ကခုန်ရသော သီချင်းဖြစ်သည်။ချီရှင်းချန်က တက်ဘလက်ကို ဖွင့်လိုက်သည်။ သင်တန်းသားများက ချီရှင်းချန် နှင့် အသက် အတူတူပင် ဖြစ်သည်။ သူတို့ကြားမှာ အကွာအဝေးထားရမည်ဆိုသည့် ခံစားချက်မရှိပေ။ သူနှင့်အတူ တက်ဘလက်ရှေ့ ကြမ်းပြင်ပေါ်တွင် ထိုင်ကြသည်။
သုံးမိနစ်နှင့် စက္ကန့်လေးဆယ်ကြာသောအခါ သီချင်းက ပြီးသွား၏။ချီရှင်းချန် ပြိုင်ပွဲအစကတည်းက သူအသုံးပြုနေသည့် မှတ်စုစာအုပ်ငယ်ကို ထုတ်ယူခဲ့သည်။ထိုထဲတွင် သင်တန်းသားတစ်ဦးစီ၏ စွမ်းဆောင်ရည်ကို မှတ်တမ်းတင်ထားခဲ့သည်။
အမှန်တွင်၊ ဤရှိုးကို အချိန်အကြာကြီး ရိုက်ကူးပြီးနောက် ချီရှင်းချန် သင်တန်းသားတစ်ယောက်ချင်းစီကို ဘယ်သူက ဘာတော်သည်၊ဘာအားနည်းသည်ကို အနည်းနှင့်အများ မှတ်မိနိုင်ခဲ့သည်။ခေါင်းထဲမှတ်ထားသည်က လွဲသွားမှာကိုစိုးသဖြင့် မှတ်စုစာအုပ်ကို ကြည့်လိုက်၏။
ကင်မရာမင်းကလည်း သူ့မှတ်စုစာအုပ်ကို အမြဲလိုလို သိချင်နေခဲ့သည်။သူလည်း စာမျက်နှာကို အာရုံစိုက်နေ၏။
ပြွတ်သိပ်နေအောင်ရေးထားသည်ကို သူမြင်ရပြီး မှတ်စုစာအုပ်တစ်ခုလုံး ပြည့်လုနီးပါးဖြစ်နေပြီဖြစ်၏။
ငါးမိနစ်ခန့် စဉ်းစားပြီးနောက်၊ချီရှင်းချန် စပြောလိုက်သည်
"အရင်ဆုံး 'Somebody' ကို ဘယ်လို လိုက်လျောညီထွေဖြစ်အောင် လုပ်ရမလဲဆိုတာ ဆွေးနွေးကြည့်ရအောင်...အချိန်က ကြပ်တယ်... ငါ့အမြင်ကို အရင်ပြောမယ်...မင်းတို့နောက်မှထပ်ထည့်လို့ရတယ်"
သူတို့ငါးယောက် အံ့ဩသွားကြသည်။
အများအားဖြင့်၊ ချီလောင်ရှီးက အလွန်လွယ်သည်ဟု သူတို့ထင်မြင်ကြသည်။ သူက ဂိမ်းကစားရန်ခေါ်ပါက ဘယ်တုန်းကမှ ငြင်းဆန်ခဲ့ခြင်းမရှိပေ။ လုပ်ငန်းစလာသောအခါတွင် ဤမျှ တိကျပြီး ပြတ်သားလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။
"မင်းတို့ငါးယောက်ထဲမှာ လုကျိနန်နဲ့ရှဲ့ယွမ်က ကတာကောင်းတယ်...ရန်ရွယ်ရင်က အနိမ့်သံအားကောင်းတယ်...မုန့်မုန့်က စွယ်စုံရပြီး... အဓိကအကသမားကျန်းယန်ရက်ပ်က အရမ်းကောင်းတယ်... ခွဲခြမ်းစိတ်ဖြာပြီးတဲ့နောက် ငါတို့အဖွဲ့မှာ စွမ်းဆောင်ရည်မြင့်တဲ့ အသံမရှိဘူး...အဲဒါကို သဘောတူလား"
ဘုရားရေ...ချီလောင်ရှီးက အဲဒါတွေကို သေသေချာချာ ခွဲခြမ်းစိတ်ဖြာခဲ့တာလား...
သူတို့ငါးယောက်က အံ့သြစွာ ခေါင်းညိတ်လိုက်ကြသည်။
"ဒါဆို ရစ်သမ်ကို အရှိန်မြှင့်ပြီး ပိုပြင်းထန်တဲ့ အကသီချင်းအဖြစ် ပြောင်းလိုက်ပါ...အမြင့်သံဆိုရတဲ့ အပိုင်းတွေကို ရှောင်ပါ...အဲဒါက ငါတို့အဖွဲ့အတွက် အသင့်တော်ဆုံးပဲ... မင်းတို့သဘောတူလား"
ချီရှင်းချန်က ၎င်းတို့၏ စရိုက်လက္ခဏာများကို ပြောပြပြီးနောက်တွင် ၎င်းတို့တွင် ဤအကြံဥာဏ်များ ရရှိလာခဲ့သည်။ သူတို့သည် ဆန်စေ့ကောက်သည့် ကြက်ကလေးများကဲ့သို့ ခေါင်းအထပ်ထပ်အခါခါညိတ်ကြလေသည်။
"ဒါဆို ငါ စီစဉ်ပေးမဲ့ ဆရာတွေကို သွားရှာလိုက်မယ်...ရန်ရွယ်ရင်နဲ့ ကျန်းယန်တို့နှစ်ယောက်က သီချင်
းကို သင်ယူပြီး နုတ်တွေ သေချာကြည့်... ကျန်တဲ့ သုံးယောက်ကိုက ခွဲယူလို့ရတယ်...မင်းတို့တစ်ယောက်ချင်းစီက အကတွေရေးရမယ်...ငါက နှစ်နာရီ သုံးနာရီလောက်ကြာမှ ပြီးမှာ... ငါပြန်လာတဲ့အခါ မင်းတို့ရဲ့ရလဒ်တွေမြင်ရဖို့ ငါမျှော်လင့်တယ်"
"… ကောင်းပါပြီ"