Chapter 108
ချီရှင်းချန်က ၎င်းတို့၏ စရိုက်လက္ခဏာများကို ပြောပြပြီးနောက်တွင် ၎င်းတို့တွင် ဤအကြံဥာဏ်များ ရရှိလာခဲ့သည်။ သူတို့သည် ဆန်စေ့ကောက်သည့် ကြက်ကလေးများကဲ့သို့ ခေါင်းအထပ်ထပ်အခါခါညိတ်လိုက်ကြသည်။
"ဒါဆို ငါ စီစဉ်ပေးမဲ့ ဆရာတွေကို သွားရှာလိုက်မယ်...ရန်ရွယ်ရင်နဲ့ ကျန်းယန်တို့နှစ်ယောက်က သီချင်းကို သင်ယူပြီး နုတ်တွေ သေချာကြည့်... ကျန်တဲ့ သုံးယောက်ကိုက ခွဲယူလို့ရတယ်...မင်းတို့တစ်ယောက်ချင်းစီက အကတွေရေးရမယ်...ငါက နှစ်နာရီ သုံးနာရီလောက်ကြာမှ ပြီးမှာ... ငါပြန်လာတဲ့အခါ မင်းတို့ရဲ့ရလဒ်တွေမြင်ရဖို့ ငါမျှော်လင့်တယ်"
"… ကောင်းပါပြီ"
"ဒါနဲ့"
ချီရှင်းချန်က တစ်စုံတစ်ခုကို သတိရသွားပုံရသည်။
"ဒီဖျော်ဖြေပွဲအတွက် သတ်မှတ်ထားတဲ့ စင်တာ မရှိဘူး... မင်တို့နဲ့ကိုက်ညီမှုပေါ်မှုတည်ပြီး သီချင်းကိုယ်ထည်ရဲ့တစ်ပိုင်းစီရလိမ့်မယ်... အားလုံးက သံပြိုင်အပိုဒ်မှာ အလှည့်ကျ ဦးဆောင်ကရမယ်... အားလပ်ချိန်မှာ ဘယ်အပိုင်းကို လိုချင်လဲဆိုတာကို ဆွေးနွေးလို့ရတယ်...ငါပြန်လာတဲ့အထိစောင့်..."
ထို့နောက် ချီရှင်းချန် ၎င်းတို့၏ တုံ့ပြန်မှုကို မစောင့်ဘဲ ထုတ်လုပ်ရေးအခန်းသို့ ပြေးသွားခဲ့သည်။
သူ မြန်မြန်သွားလေ၊ သူ တည်းဖြတ်နိုင်မှုက မြန်လေပါပင်။ထိုမှသာ လူတိုင်းက ဂီတနှင့် စောစောစီးစီး ကျင့်သားရမှာဖြစ်၏။ နောက်ကျသွားပါက တေးကွက်ဖော်ဆရာက တခြားအဖွဲ့တွေကို အရင်ကူညီလိမ့်မည်ပင်။ယင်းက အချိန်ဖြုန်းရာကျပေလိမ့်မည်။
သူအတော်လေး အမျှော်အမြင်ရှိခဲ့သလိုပင်။ သူမှလွဲ၍ ထုတ်လုပ်ရေးအခန်းတွင် အခြားနည်းပြများ မရှိပါချေ။ တေးကွက်ဖော်ဆရာထံ တောင်းဆိုပြီးနောက် အသေးအဖွဲဖြစ်၍စိတ်မပူရန် ပြောပြီး သူ့ကိုခဏစောင့်ခိုင်းလေသည်။
ထို့ကြောင့် သူ ဘေးနားတွင် နာခံစွာထိုင်ကာ အကဗီဒီယိုကို ကြည့်နေခဲ့သည်။နည်းပြတွေက သင်တန်းသားတွေထက် နှစ်ရက်စောပြီး သီချင်းရသည့်အတွက် ကြိုပြီး လေ့ကျင့်ထားသည်။ အကကို ကြိုလေ့ကျင့်ရာမှာ အခြေခံအားဖြင့်အဆင်ပြေပေမဲ့ အဆိုလေ့ကျင့်ရန် မလုံလောက်ပေ။
သီချင်းကို ပြန်စီရသည်က မခက်ပါချေ။ ခက်ခဲသောအပိုင်းမှာ ဆက်သွယ်ရေးလုပ်ငန်းစဉ်ဖြစ်သည်။တေးကွက်ဖော်ဆရာက သီချင်းကိုအနည်းငယ်ပြောင်းပြီး ချီရှင်းချန်ကို နားထောင်ခိုင်းကာ သူကျေနပ်သည်အထိ ပြင်ပေးခဲ့သည်။ ထို့နောက် နောက်တစ်ပိုင်းသို့ ဆက်သွားခဲ့သည်။ ထိုသို့သံသရာလည်နေရင်း မသိလိုက်ပါဘဲ နှစ်နာရီကြာသွားခဲ့သည်။
ဤအတောအတွင်း သူ ငြီးငွေ့ပြီး ပိုင်ရဲ့ကိုလွမ်းလာသော်ငြားလည်း ချီရှင်းချန် ပိုင်ရဲ့ကိုမက်ဆေ့ခ်ျပို့ရန်ဟူသော စိတ်၏စေ့ဆော်မှုကိုငြင်းဆန်ခဲ့သည်။
အလုပ်က အလုပ်ဖြစ်ပြီး အချစ်က အချစ်ဖြစ်၏။ပိုင်ရဲ့သည် သူ၏အလုပ်ကို အလွန်အလေးအနက်ထားသူတစ်ဦးဖြစ်သည်။ သူ၏တစ်ကိုယ်ကောင်းဆန်သည့် ဆန္ဒတွေအတွက်နှင့် ဤအခိုက်အတန့်မှာ သူ့ကို အနှောင့်မယှက်ပေး၍မဖြစ်ပါချေ။
သို့သော် ဘုရားသခင်သည် သူ၏အတွေးများကို ကြား၍ဖြစ်မည်။ သိပ်မကြာခင်မှာပဲ သူလွမ်းနေသည့် ပုံရိပ်က ထုတ်လုပ်ရေးအခန်းထဲမှာ ပေါ်လာ၏။
ချီရှင်းချန်ကိုတွေ့သောအခါ ပိုင်ရဲ အံ့အားသင့်သွားပြီး မေးလိုက်သည်။
"ကိုယ့်ထက်စောရောက်နေတာလား"
"အခွင့်အရေးကိုအရယူတာလေ"
ချီရှင်းချန်က ပြောလိုက်၏။
"ကော ကျွန်တော့်ကို မနိုင်ဘူးဟုတ်တယ်ဟုတ်"
"ဟုတ်တယ်...ကိုယ် မင်းကို မနိုင်ခဲ့ဘူး... မင်းက အမြော်အမြင်အရှိဆုံးပဲ"
ပိုင်ရဲ့က တေးကွက်ဖော်ဆရာ၏ဖန်သားပြင်ကို ကြည့်ပြီး ချီရှင်းချန်ကို ထောက်ခံလိုက်၏။
တေးကွက်ဖော်ဆရာ သူတို့စကားပြောသည်ကို နားထောင်ပြီး အံ့သြသွားသည်။
ပိုင်ရဲ့နှင့် အချိန်အတော်ကြာအောင် အလုပ်တွဲလုပ်ပြီးနောက် ပိုင်ရဲ့က သတိကြီးမှန် သူ သိခဲ့ရသည်။တစ်ဖက်လူက မည်သူပင်ဖြစ်ပါစေ၊ သူက စည်းအနည်းငယ်ခြားထားဆဲဖြစ်၏။
ကျန့်ယွီယန်၊ ဝေချင် နှင့် အခြားသူများကိုလည်း အလားတူပင်။သီချင်းကို အတူတူ ဆွေးနွေးကြသည်။ အပေါ်ယံမှာ အတော်လေး သဟဇာတဖြစ်ပုံရပေမဲ့ တကယ်တမ်းကျတွင် သူတို့က စည်းဘောင်အတွင်းမှာဖြစ်ပြီး ဆက်ဆံပုံအလွန် ယဉ်ကျေးကြ၏။
ပိုင်ရဲ့က တခြားသူကို မနိုင်သည့်ပုံစံ အလိုလိုက်သည့်လေသံဖြင့် ပြောသည်ကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။
ပိုင်ရဲ့ နှင့် ချီရှင်းချန်တို့မှာ ကောင်းမွန်သော ဆက်ဆံရေးရှိကြောင်း အင်တာနက်ပေါ်မှာ ကောလဟာလများရှိနေသည်။ကြည့်ရသည်မှာ ချီရှင်းချန် နာမည်ကြီးအောင်တမင်လုပ်ယူနေခြင်းဟုတ်ပုံမရပေ။
ယင်းက တကယ့်ကို ကောင်း၏။
တေးကွက်ဖော်ဆရာကပြောသည်။
"ရှင်းချန်က မကြာခင် ပြီးတော့မယ်...ပြီးရင် မင်းအတွက် ငါလုပ်ပေးမယ်"
"ကောင်းပါပြီ"
ပိုင်ရဲ့က ထိုင်ခုံကိုဆွဲထုတ်ပြီး ချီရှင်းချန်၏ညာဘက်မှာ ထိုင်လိုက်သည်။
"ကျွန်တော် အလျင်မလိုပါဘူး။း"
ချီရှင်းချန် ရင်းနှီးနေသော ကိုယ်သင်းရနံ့ဖြင့် ဝန်းရံခံလိုက်ရသောအခါ မနေနိုင်ဘဲ ရှူရှိုက်မိ၏။ ၎င်းနောက် တစ်ဖက်လူက သူ့နှင့် လက်မောင်းတစ်ဝက်လောက်အကွာမှာ ထိုင်နေသည်ကို သူသိလိုက်ရသည်။
တေးကွက်ဖော်ဆရာ၊ လက်ထောက်နှင့် အခြားသူများကို သူ တိတ်တိတ်လေး ကြည့်လိုက်သည်။ သူတို့အားလုံးက သီချင်းကို အာရုံစိုက်နေကြပြီး သူ့ကို မည်သူမှ ဂရုစိုက်မနေကြောင်း တွေ့လိုက်ရသည်။
ထို့ကြောင့် သူ ထိုင်ခုံ၏ဘေးနှစ်ဖက်ကိုဆွဲမကာ ညာဘက်သို့ အနည်းငယ်တိုးလိုက်သည်။ ထို့နောက် နောက်ထပ် ခြေလှမ်းသေးသေးလေးတစ်လှမ်းနှင့် နောက်ထပ် ခြေလှမ်းသေးသေးလေး တစ်လှမ်းကို ထပ်တိုးလိုက်ပြန်သည်။ထို့နောက် တစ်ခါ ထပ်တိုး၏။
အဆုံးတွင် သူ အကွာအဝေးကို လက်သီးတစ်ဆုပ်စာထက်နည်းအောင် အောင်မြင်စွာလျော့ချနိုင်ခဲ့သည်။
ပိုင်ရဲ့က သူ၏ လှုပ်ရှားမှုများကို ကြည့်ကာ မျက်ခုံးပင့်လိုက်သည်။
အကွာအဝေးက ပိုနီးလာပေမဲ့ ချီရှင်းချန် မမေးရဲသေးပါချေ။ သူ့ဖုန်းကို ထုတ်လိုက်သည်။
[ဘယ်အချိန်လောက်ထိ လေ့ကျင့်မှာလဲ]
ပိုင်: [မသိသေးဘူး...တိုးတက်မှုအပေါ် မူတည်တယ်...တိုးတက်မှု မြန်ရင် ဆယ်နာရီ ဝန်းကျင်]
ရှင်းရှင်း: [ကြောင်လေး
ကြမ်းပြင်ကို ကုတ်ခြစ်နေသည်.jpg]
ပိုင်: [ဘာဖြစ်နေတာလဲ]
ရှင်းရှင်း: [ဘာမှမဟုတ်ပါဘူး]
ရှင်းရှင်း : [ကျွန်တော် သူတို့နဲ့ ခဏလောက် လေ့ကျင့်ချင်တယ်...အရမ်းနောက်ကျနေလိမ့်မယ်...ဟိုတယ်ကို ပြန်ပြီးအနားယူ...ကျွန်တော့်ကိုမစောင့်နဲ့]
မကြာသေးမီက ချီရှင်းချန်က ... အနမ်းလေ့ကျင့်ရန် အကြံပြုပြီးနောက် သူတို့နှစ်ဦးသည် တစ်နေ့တစ်ကြိမ် နမ်းရန် အချိန်ရှာခဲ့ကြသည်။
ယခုချိန်မှာ သူတို့နှစ်ယောက်မှာ မတူညီသည့် အချိန်ဇယားတွေရှိနေသဖြင့် နမ်းသည်ထက် ကျန်းမာရေးက ပိုအရေးကြီး၏။ချီရှင်းချန် နမ်းရန်အတွက်လေးနှင့် ဘယ်သောအခါမှ ပိုင်ရဲ့ကို မအိပ်ဘဲ သူ့ကို စောင့်မျှော်ခိုင်းမည်မဟုတ်ပေ။
ပိုင်ရဲ့က တခြားဘာမှ မပြောပေ။ သူက ယခုလိုသာပြောသည်။
[ကောင်းပြီ...ကိုယ်အခြေအနေကိုကြည့်ကြည့်မယ်]
သူတို့ နှစ်ယောက်က အလွန်ကို နီးကပ်နေသဖြင့် စာရိုက်ရန် ခေါင်းကို နှိမ့်လိုက်သောအခါ အချင်းချင်း တစ်ဖက်လူ၏ ဖုန်းများကို မြင်ရမည်မှာ မလွဲမသွေပင်။ဤအခိုက်အတန့်မှာ တစ်ယောက်ယောက်က ပိုင်ရဲ့ကို မက်ဆေ့ခ်ျပို့တလာသည်။ ပိုင်ရဲ့က ပြန်ဖြေရန် စကားပြောခန်းထဲမှထွက်လိုက်သည်။ချီရှင်းချန် ပိုင်ရဲ့က WeChat မက်ဆေ့ချ်တစ်ခုကို ပင်ချိတ်ထားသည်ကို တွေ့လိုက်ရသည်။
ပင်ချိတ်ထားသည့် သူငယ်ချင်း၏အမည်မှာ အဝါရောင်ကြယ် သင်္ကေတလေး(⭐)ဖြစ်သည်။
ချီရှင်းချန် နှစ်စက္ကန့်ကြာ တွေးတောပြီးနောက် ယင်းက သူမှန်း သိလိုက်ရသည်။
"…"
ဘုရားသခင်...ပိုင်ရဲ့က သူ့ကို ဘယ်တုန်းက ပင်ချိတ်ထားတာလဲ...
သူဘာလို့မသိတာလဲ...
ဖော်မပြနိုင်သော ရွှင်လန်းမှုနှင့် ပျော်ရွှင်မှု ခံစားချက်က သူ့နှလုံးသားထဲသို့ ပြေးဝင်လာသည်။ချီရှင်းချန် ပေါက်ကွဲတော့မတတ် ပျော်နေသည်။ အပြင်မှာ အကြိမ် ၂၀လောက်ပတ်ပြေးရန် မစောင့်နိုင်တော့ပေ။
သူက ပြေးနေရင်းဖြင့် ယခုလိုအော်မည်။
"ငါက ပိုင်ရဲ့ရဲ့ တစ်ဦးတည်းသော ပင်ချိတ်ထားတဲ့ သူငယ်ချင်း...ငါက ပိုင်ရဲ့ရဲ့ တစ်ဦးတည်းသော ပင်ချိတ်ထားတဲ့သူငယ်ချင်း"
သူတွေးနေရင်းဖြင့် ခြေထောက်များကို လက်နှစ်ဖက်ဖြင့် ပွတ်သပ်ရုံမှတပါး မတတ်နိုင်ပေ။ ထို့နောက် အခြားအရာတစ်ခုကို သူသဘောပေါက်လိုက်သည်။
ပိုင်ရဲ့က သူ၏ပင်ချိတ်ထားသောသူငယ်ချင်း ဖြစ်နေသည်မှာ ကြာပြီ ဖြစ်ပေမဲ့ ပိုင်ရဲ့၏ နာမည်ကို သူ ဘယ်တုန်းကမှ မပြောင်းလဲခဲ့ပါချေ။ ပထမ ပိုင်ရဲ့၏ ပရိုဖိုင်ပုံက မှတ်မိလွယ်လွန်းသည်။ နာမည်ပြောင်းလျှင်ပင် မှတ်မိနေဦးမှာဖြစ်သည်။ ဒုတိယအချက်မှာ၊ သူ၏နှလုံးသားထဲတွင် ပိုင်ရဲ့အပေါ် ချစ်သလောက် လေးစားလည်းလေးစားသည်။
သူက ပိုင်ရဲ့နှင့်ပတ်သက်သည့် အရာအားလုံးကို လေးစားပြီး နာမည်မပြောင်းခဲ့ပေ။ သို့သော် ယခု ပိုင်ရဲ့က သူ့နာမည်ကို ပြောင်းလိုက်သောကြောင့် ...သူလည်း ပိုင်ရဲ့နှင့် ကာပယ်နာမည်ပြောင်းသည်မျိုး လုပ်ချင်သည်။
ချစ်မိသွားခါစလူတွေက သည်လိုပါပင်။ သူတို့က တခြားသူနှင့် မတူကြောင်း ပြသရန် အပိုဆာပလာ ရိုးရာလေးတစ်ခုကို အမြဲပြုလုပ်ချင်ကြ၏။
ခဏလောက်စဉ်းစားပြီး သူ့လက်ချောင်းတွေကို ရွှေ့ပြီး ပိုင်ရဲ့၏ နာမည်ကို လသင်္ကေတ(🌕)အဖြစ် ပြောင်းလိုက်သည်။
တိုက်တိုက်ဆိုင်ဆိုင် ပိုင်ရဲ့ကလည်း သူ၏WeChat မှာ စာပြန်ပြီးသွားခဲ့သည်။ သူ့လုပ်ရပ်ကိုမြင်သောအခါ သူကအသံတိုးတိုးဖြင့် မေးလိုက်သည်။
"ဘာလို့ ကိုယ့်ကို လလို့ပြောင်းလိုက်တာလဲ"
သူ့နာမည်ထဲက "ည" ကိုရည်ညွှန်းဖို့ လကို အသုံးပြုခဲ့တာလား...
ချီရှင်းချန် ပြောစရာစကားမဲ့နေသည်။
သူဘယ်လိုလုပ် ဖမ်းမိသွားတာလဲ...
သူ အရှက်မဲ့စွာ ငြင်းခဲ့သည်။
"မပြောပြပါဘူး"
ပိုင်ရဲ့က စပ်စုလိုစိတ်ရှိသူမဟုတ်သော်လည်း ဖန်လေး၏ အပြုအမူအားလုံးက သူ့စိတ်ဝင်စားမှုကို နှိုးဆွပေးနိုင်သည်မှာ အံ့ဩစရာပင်။ သူက ထပ်မေးလိုက်၏။
ချီရှင်းချန်က အရှက်မဲ့စွာ ဆက်လက်ဘူးခါသည်။
"မပြောပြပါဘူးနော်"
ဖန်လေးက ပြောချင်စိတ်မရှိသည်ကို မြင်လိုက်ရသောအခါ ပိုင်ရဲ့ ၎င်းကိုစိတ်ထဲသိမ်းထားရန်ပဲ ရွေးချယ်ရုံတတ်နိုင်ခဲ့သည်။တေးကွက်ဖော်ဆရာက ငါးမိနစ်အကြာတွင် နောက်ဆုံးဗားရှင်းကို နားထောင်ခိုင်းသည်။ချီရှင်းချန် ၎င်းကို နားထောင်ပြီး အတော်လေးကျေနပ်သွား၏။
သူ ပိုင်ရဲ့ကို နှုတ်ဆက်ပြီး ထွက်သွားခဲ့သည်။
သခင်လေးပိုင် အနည်းငယ် စိတ်ဓာတ်ကျသွားသည်။
သူ့ချစ်သူက အီမိုဂျီကြောင့် စိတ်ခုနေပြီမှန်း ချီရှင်းချန် မသိပဲ လေ့ကျင့်ရေးအခန်းထဲ ခုန်ဝင်သွားခဲ့၏။ ထိုအချိန်တွင် ချီလောင်ရှီး ပေးသော တာဝန်ကို ပြီးမြောက်သွားသော သင်တန်းသားများသည် နံရံကိုမှီကာ စကားစမြည်ရင်း အနားယူနေကြသည်။
ရန်ရွယ်ရင်ကဆို၏။
"ချီလောင်ရှီးက 'ဖျော်ဖြေမှုမှာ စင်တာမရှိဘူး' လို့ ပြောတာကို မင်းတို့နားလည်လား"
"စင်တာ" သည် ဖျော်ဖြေမှုတစ်ခု၏ အလယ်တွင် ရပ်နေသူကို ရည်ညွှန်းသည်။မုန့်မုန့်က ခန့်မှန်းလိုက်သည်။
"လူတိုင်းကို မျက်နှာကို ပြခွင့်ရစေချင်တာ ဖြစ်နိုင်တယ်"
ရှဲ့ယွမ်: "ယုတ္တိဗေဒအရပြောရရင်...နည်းပြက ဖျော်ဖြေမှုရဲ့စင်တာ လုပ်ပြီး အဖွဲ့ညွှန်ကြားရင်းပံ့ပိုးပေးရမှာ... အဖွဲ့ရဲ့တာဝန်က နည်းပြထက် သာလွန်နေဖို့ပဲ...ပြီးခဲ့တဲ့ရာသီက အဲဒီလိုမျိုးလုပ်တာ"
လုကျိနန်: "ငါက တခြားအဖွဲ့တွေကို မေးကြည့်တယ်... သူတို့နဲ့သူတို့ နည်းပြတွေက နည်းပြက စင်တာ တိတ်တဆိတ်သဘောတူထားကြတယ်... သူတို့ရဲ့အားသာချက်အရ အပိုင်းတွေကို ခွဲနေတယ်"
ရှဲ့ယွမ် : "မင်းဘယ်နှစ်ဖွဲ့မေးတာလဲ"
လုကျိနန်: "ချန်လောင်ရှီးရဲ့အဖွဲ့ကလွဲလို့အကုန်"
ချန်ကျားရီ၏ နောက်ခံကပြဇာတ်ရုံဖြစ်ပြီး စင်တာအဖြစ် မသတ်မှတ်ထားပေ။
၎င်းကိုကြားသော တခြားသူတွေက ဘာပြန်ပြောရမှန်းကို မသိဖြစ်သွားကြသည်။ လေ့ကျင့်ရေးအခန်းက ရုတ်တရက် တိတ်ဆိတ်သွားသည်။
စက္ကန့်သုံးဆယ်အကြာတွင် မုန့်မုန့်က တိတ်ဆိတ်မှုကို ပထမဆုံးချိုးဖျက်နိုင်ခဲ့သည်။
"အင်း... ချီလောင်ရှီးက တကယ်ကောင်းတယ်လို့ငါထင်တယ်"
"ငါ သူလုပ်တဲ့ကိုင်တဲ့ပုံစံကို ကြိုက်တယ်"
လုကျိနန်က သဘောတူသည်။
"ပြီးခဲ့တဲ့ အပိုင်းတွေမှာတော့ သူ့မှာ အဆိုနဲ့ အကရဲ့ အခြေခံရှိတယ်... သူက သီချင်းဆိုတာနဲ့ အကတွေကို ပေါင်းစပ်ဖို့ပဲလိုတယ်...ငါတို့က သူ့ကို ပြပေးလို့ရတယ်"
"ဟုတ်တယ်...စင်ပေါ်က အတွေ့အကြုံအတွက်ကတော့ သူသေချာပေါက် စင်ကြောက်မှာမဟုတ်ဘူး...သူ့နေရာကို မှတ်မိနိုင်ပြီး အမှားမလုပ်သရွေ့တော့ အဆင်ပြေသွားမှာပါ"
ရှဲ့ယွမ်က ကောက်ချက်ချသည်။
"ချီလောင်ရှီးက တခြားနည်းပြတွေနဲ့ ဘာကွာခြားမှုမှရှိပုံမရဘူး... ဒါဆို သူ့ဆီကနေ ကောင်းကောင်း သင်ယူကြရအောင်"
"ဟုတ်တယ်"
တခြားသူတွေက ခေါင်းညိတ်သည်။
"ချီလောင်ရှီးက အရမ်း ဉာဏ်ကောင်းတယ်... သူ့ကို ကောင်းကောင်း သင်ပေးလိုက်ရအောင်...သူ့ကို ကျွမ်းကျင်အောင် လုပ်ဖို့ အချိန်သိပ်ကြာမှာမဟုတ်ဘူး"
သူတို့ငါးယောက် ချက်ချင်းဆိုသလို သူတို့အဖွဲ့အပေါ် ယုံကြည်မှုအပြည့်ရှိလာခဲ့သည်။ သူတို့ ထ၍ လေ့ကျင့်ကြသည်။
ချီရှင်းချန် တံခါးကို တွန်းဖွင့်ပြီး ဝင်လာခဲ့ချိန် ကလေးတွေက လေးလေးနက်နက် အလုပ်လုပ်နေသည်ကို မြင်သောအခါ သူကချီးကျူးလိုက်သည်။
"မဆိုးဘူး...မင်းတို့ဘယ်လောက်ထိရောက်ပြီလဲ"
"မင်းတို့ရဲ့တာဝန်က အခြေခံအားဖြင့် ပြီးသွားပြီ... မင်တို့က အဲဒါနဲ့ ရင်းနှီးလာနေပြီ...အခု မင်းတို့ဘယ်လိုသင်ပေးရမလဲစဥ်းစားကြရအောင်"
"ကောင်းပြီ...ပြုပြင်ထားတဲ့ သီချင်းကို အရင်ဆုံး နားထောင်ရအောင်...ပြီးရင် အကရဲ့ပထမဆုံးရှစ်သံတွဲလေးခုကို လေ့လာကြည့်ရအောင်"
သူတို့ငါးယောက်က ဂရုတစိုက်နားထောင်ခဲ့ကြပြီး ချီမွမ်းမှုအပြည့်ရှိနေကြသည်။
"အိုးမိုင်ဂေါ့... ဒါက အခုလေးတင်မှ ကျွန်တော့်ခေါင်းထဲမှာ ပေါ်လာတဲ့တွဲဖက်ပုံပဲ"
ချီရှင်းချန်: "ငါတို့ ဦးနှောက်လှိုင်းတွေချင်း ချိတ်ဆက်နေတာများလား"
"ဟားဟားဟားဟား ....ကျွန်တော်က အမှန်တိုင်းပြောနေတာပါ...ဒီဗားရှင်းက ကျွန်တော်တို့အဖွဲ့အတွက် အသင့်တော်ဆုံးပဲ... မယုံရင် သူတို့ကို မေးလို့ရတယ်"
"ကျွန်တော်တို့လည်း အဲဒီလိုပဲထင်တယ်ဗျ" အားလုံးက ပြုံးပြုံးရွှင်ရွှင်နှင့် ဖြေကြသည်။
အားလုံးကျေနပ်ကြသည်ကိုတွေ့လိုက်ရသဖြင့် ချီရှင်းချန် ခုနကသုံးနာရီက အချည်းနှီးမဟုတ်ဟု ခံစားရသည်။ သူ့အဝတ်အစားတွေကို စိတ်အားတက်ကြွစွာဖြင့် ချွတ်လိုက်ပြီး ပါးလွှာပြီး ဖြူဖွေးနေသည့် လက်မောင်းတွေကို ထုတ်ဖော်လိုက်၏။
ထို့နောက် သင်တန်းသားများ အလွန်ဝမ်းနည်းစရာကောင်းသော အရာတစ်ခုကို တွေ့ရှိခဲ့သည်။
သူတို့၏အမြင်တွင် "သင်ပေးရန်" လိုအပ်သော ချီလောင်ရှီးက သူ့ကို ပြစရာ လုံးဝမလိုအပ်ပါချေ။
စကားတစ်ခွန်းမှပင် မပြောဘဲ သူက သူတို့ကို သင်ပြလမ်းညွှန်ပေးခဲ့သည်။
အတိအကျပြောရလျှင် သူတို့ငါးယောက်က "Somebody" အကြောင်းကို ပဏာမနားလည်ပြီးနောက် ချီရှင်းချန်က သူတို့ကို အက၏ရှစ်သံတွဲလေးခုကို ဖြိုခွဲရန် သင်ပေးခဲ့သည်။ ထို့နောက် သူတို့အား တီးလုံးမပါဘဲ သီဆိုခိုင်းသည်။
ဤသည်က တိုးတက်မှုကို အရှိန်မြှင့်ပေးလိမ့်မည်။
သူတို့ငါးယောက်က သူတို့၏ အရိုးသားဆုံး သံသယတွေကို ပြသခဲ့သည်။
"ဒါဆို လောင်ရှီးရဲ့ခွန်အားနဲ့ ဘာလို့ ကြယ်အလင်းတန်း အကဲခတ်ဖြတ်သူလုပ်နေရတာလဲ"
"နည်းပြလုပ်လိုက်တာ ပိုကောင်းတယ်မဟုတ်လား"
.....
သူမျှော်လင့်ထားသည့်အတိုင်း ယနေ့ ညဆယ့်နှစ်နာရီထိုးခါနီးအထိ သူတို့လေ့ကျင့်ခဲ့ကြသည် ။
အကြောင်းမှာ ယနေ့က "Somebody" ကို သင်ယူခြင်း၏ ပထမဆုံးနေ့ဖြစ်ပြီး ချေဖျက်စရာတွေ အများကြီးရှိနေ၍ပါပင်။ချီရှင်းချန် သင်တန်းသားတွေကို အညှာအတာမဲ့သည့်လေ့ကျင့်ရေး မလုပ်ခင်မှာ သူတို့၏ ဦးနှောက်တွေကို အရင်ဆုံး ချေဖျက်ရန် လိုလားသောကြောင့် သူတို့ကို စောစောပြန်ရန် တမင်တကာ ခိုင်းခဲ့သည်။
သင်တန်းသားတွေက ရှုပ်ထွေးနေကြပြီး ပြန်ရန်ပြင်ကြသည်။ချီရှင်စချန်လည်း အိပ်မောကျကာ ဟောက်နေသော လောင်ချင်ကို နှိုးပြီး ဟိုတယ်သို့ ပြန်လာခဲ့သည်။
သို့သော် တံခါးပိတ်လိုက်သည်နှင့် တစ်စုံတစ်ယောက်က ရုတ်တရက် သူ့ကို အနောက်မှ ပွေ့ဖက်လာသည်။
ချီရှင်းချန် လန့်သွားသည်မှာ ဝိညာဥ်လွင့်မတတ်ပင်ဖြစ်သွားသည်။ ခဏအကြာတွင် သူ ပိုင်ရဲ့နှင့်တွေ့ရ လွယ်ကူစေရန်နှင့် တံခါးခေါက်သံကြောင့် တခြားသူတွေအနှောက်အယှက်မဖြစ်စေရန်အတွက် အန်းရန်ဆီက အခန်းကတ်ကို တောင်းပြီး ပိုင်ရဲ့အား ပေးလိုက်သည်ကိုအမှတ်ရသွား၏။
ပိုင်ရဲ့က ယင်းကို အကြိမ်အနည်းငယ်လောက် မသုံးခဲ့ပေ။ ဒီည သူ့ကိုခြောက်ဖို့ သုံးမယ်လို့ ဘယ်သူသိမှာလဲ...
"ဘာလို့... ဘာလို့ဘာမှမပြောတာလဲ"
ချီရှင်းချန်
၏ အသံက သေးငယ်သွားသည်။ "သူခိုးလို့ ထင်သွားတာ"
ပိုင်ရဲ့: "ကြောက်လား"
"… ဟုတ်"
"ကြောက်ရမယ်လေ"
ပိုင်ရဲ့က သူ့မေးစေ့ကို ချီရှင်းချန်၏ခေါင်းပေါ် ပွတ်လိုက်သည်။
"လရဲ့အဓိပ္ပါယ်ကို ကိုယ့်ကိုမပြောနဲ့လို့ မင်းကိုဘယ်သူကခိုင်းလို့လဲ"