အပိုင်း ၁၀၉
Viewers 29k

Chapter 109



ချီရှင်းချန် ထိုအကြောင်းကို မေ့လုမတတ်ဖြစ်နေပြီပင်။သူ ရယ်ရမလား ငိုရမလားမသိဖြစ်သွားသည်။ပိုင်ရဲ့က သူ့ကိုခြောက်ရန် သူ့အခန်းထဲမှာ တမင်တကာ ပုန်းနေသည်။ တကယ်တမ်းတွင် သူ့၏"ဖုံးကွယ်ထားမှု" အတွက် လက်စားချေရန်ဖြစ်လေသည်။


ကလေးဆန်လိုက်တာ...


ချီရှင်းချန် သူနှင့်အတူ ကစားချင်ခဲ့သည်။ သူ့ IQ ကို ပိုင်ရဲ့နှင့် အတူတူ ကလေးဆန်သည့် အဆင့်အထိ လျှော့ချလိုက်သည်။ 

"ကျွန်တော့်ကို လက်စားချေရဲတယ်ပေါ့... ဒါဆို ကောကို မပြောပြဘူးပဲ"


ပိုင်ရဲ့ : "တကယ်ပြောတာလား"


"ဟုတ်တယ်"


"ဒါဆို အပြစ်ပေးတဲ့နည်းလမ်းကို ပြောင်းရမှာပေါ့"


"ဘာ–"


ချီရှင်းချန် "ဘာ"မဆုံးခင်မှာ သူ့နောက်ကလူက သူ့မေးစေ့ကိုဆွဲကိုင်ပြီး မျက်နှာကို ဘေးဘက်ကို ဆွဲလှည့်လိုက်သည်။


နောက်အခိုက်အတန့်တွင် ပိုင်ရဲ့က ခေါင်းငုံ့ကာ သူ့ကိုနမ်းလာသည်။


လေ့ကျင့်မှုအပြီးတွင် ချီရှင်းချန် အသက်ကောင်းကောင်းမရှုတတ်သေးပေ။ သို့သော် မည်သို့တုံ့ပြန်ရမည်ကို သူသင်ယူခဲ့သည်။ သူက သူ့လျှာဖျားကို ထုတ်လိုက်ပြီး ပိုင်ရဲ့လျှာကို အသေအချာ ထိလိုက်သည်။


ပိုင်ရဲ့က တစ်ဖက်လူ၏ခါးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။တစ်ဖက်လူ၏ဖိတ်ခေါ်မှုအရ သူကျူးကျော်ဝင်ရောက်လေတော့သည်။


ညဉ့်နက်နေပြီဖြစ်၏။ နာရီသံ တချောက်ချောက်မှလွဲ၍ နမ်းစုပ်သံခပ်တိုးတိုးကိုသာ ကြားနေရသည်။ အနမ်းအဆုံးမှာ ပိုင်ရဲ့၏ အသက်ရှူသံက ဖရိုဖရဲဖြစ်နေသည်။ သူ့ခန္ဓာကိုယ်ကို ချီရှင်းချန်နှင့် လက်မအနည်းငယ်အကွာကို ဆွဲခွာလိုက်ပြီး အနမ်းကို အချိန်မတိုင်မီ အဆုံးသတ်လိုက်သည်။


သူ့နှုတ်ခမ်းများ ရုတ်တရက် ဗလာဖြစ်သွားသဖြင့် ချီရှင်းချန် အနည်းငယ် မကျေမနပ်ဖြစ်နေသည်။ သူက မျက်လုံးကို မှိတ်ထားပြီး ပိုင်ရဲ့ကို ဆက်နမ်းချင်ခဲ့သည်။


သို့ပေမဲ့ ပိုင်ရဲ့ကပြောသည်ကို သူကြားလိုက်ရသည်။

"ခဏလေး...ကိုယ့်ကိုလာမစွနဲ့"


ချီရှင်းချန် ဘာကြောင့်မှန်း မသိပေမဲ့ ပိုင်ရဲ့က တစ်ခုခုပြောနေသမျှ သူ နားထောင်ပြီး လိမ်လိမ်မာမာ ရပ်နေမှာဖြစ်၏။

သူတို့နှစ်ယောက် ခဏမျှ တိတ်ဆိတ်သွားကြသည်။ယင်းက ပိုင်ရဲ့၏ မျက်လုံးများ ကြည်လင်လာသည်အထိဖြစ်လေသည်။သူက သူ့ဒေါသတွေကိုပုံချချင်သလိုမျိုး သူ့အမာခံဖန်လေး၏ ပါးကို ညစ်ကာ "မြန်မြန်ပြော" ဟုဆိုသည်။


ချီရှင်းချန် အကူအညီမဲ့နေခဲ့သည်။ 

"တကယ် သိချင်နေတာလား"


"ဟုတ်တယ်"


"… ကောင်းပြီ" 

ချီရှင်းချန် အနည်းငယ်ရှက်သွားသည်။ သူက အသံကို လျှော့ပြီး ပြောလိုက်သည်။

"အရင်က ကဗျာတစ်ပုဒ် ဖတ်ဖူးတယ်...ကောကြားဖူးသလားတော့ မသိဘူး"


ကဗျာလား...


ပိုင်ရဲ့ ပို၍ပင် သိချင်သွားသည်။

"ကိုယ့်ကိုရွတ်ပြလေ"


"အဲဒါက ဖန်ချန်တရဲ့ ကဗျာပါ" 

ချီရှင်းချန်က ခေါင်းငုံ့လိုက်ကာ သူ၏ သွယ်လျပြီး ဖြူဖွေးသော လည်ကုပ်လေးကိုဖော်ပြလာသည


"ကိုယ်က ကြယ်လေးတစ်စင်း... မင်းကတော့ လမင်းကြီးလို... နှစ်ကိုယ်တူ အလင်းရောင် ထိန်ထိန်လင်းသည်က ညစဥ်တိုင်း"


ကိုယ်က ကြယ်လေးတစ်စင်း... မင်းကတော့ လမင်းကြီးလို... နှစ်ကိုယ်တူ အလင်းရောင် ထိန်ထိန်လင်းသည်က ညစဥ်တိုင်း...


ပိုင်ရဲ့ ဤကဗျာစာကြောင်းတွင်ပါရှိသော ခံစားချက်များကို ချက်ချင်းသဘောပေါက်သွားခဲ့သည်။ သူ့ရင်ဘတ်က နာကျင်လာပြီး ရှေ့တူရှူသို့ အနည်းငယ် ညွတ်ကိုင်းလိုက်သည်။


ထို့နောက်တွင်ကား တစ်ဖက်သား၏လည်တိုင်ထက်ဝယ် အဖိုးတန်အနမ်းတစ်ပွင့် စိုက်ပျိုးလိုက်လေတော့သည်။


(T/N– တိတ်ဆိတ်ပေမဲ့ထာဝစဥ်တည်မည့်ချစ်ခြင်း။အမြဲအတူတူရှိနေကာ တစ်ခုကို တစ်ခု အလင်းပေးလမ်းပြနေကြသည့် ကြယ်နှင့်လကဲ့သို့ တစ်ယောက်ကိုတစ်ယောက်အဖော်ပြုကာ ထောက်ကူပံ့ပိုးပေးကြသည့်ချစ်သူနှစ်ဦး။)


မနက်စောစောတွင် ချီရှင်းချန်တစ်ယောက် အိပ်ချင်မူးတူးဖြစ်နေဆဲဖြစ်သည်။ ကားပေါ်သို့ ရောက်သည်နှင့် အန်းရန်၏ အော်သံကြောင့် သူ လန့်နိုးသွားသည်။သူက နို့တစ်ငုံသောက်ပြီးမေးလိုက်သည်။

"ဘာဖြစ်တာလဲ အစ်မအန်းရန်"


"ဘာလို့ ကော်လာအထောင်နဲ့အင်္ကျီဝတ်ထားတာလဲ" 

အန်းရန်က စိတ်ဝင်တစား မေးသည်။ 

"ဒီနေ့ 30 ဒီဂရီလောက်ရှိတယ်... ပူမှာကို မကြောက်ဘူးလား... ဒါကြီးနဲ့ ကရတာ အဆင်မပြေဘူးမလား"


ချီရှင်းချန် ပြောစရာစကားမဲ့နေသည်။


သူ့အတတ်နိုင်ဆုံး ဖုံးကွယ်ရန်ကြိုးစားခဲ့သည်။ 


"မနေ့ညက လေအေးပေးစက်ပိတ်ဖို့ မေ့သွားတယ်... လည်ပင်းက နည်းနည်းအေးတာ...အဲဒါကြောင့် ဒီနေ့ ကော်လာအထောင်နဲ့အင်္ကျီဝတ်ထားတာ"


"ဘုရားရေ ....နင်အအေးမိသွားတာတော့မဟုတ်ပါဘူးနော်" 

အန်းရန်က စိုးရိမ်တကြီးနှင့် ကြည့်သည်။ 

"ငါကြည့်ဦးမယ်"


သူတို့ နှစ်ယောက်အလုပ်တွဲလုပ်နေသည်က ကြာပြီဖြစ်၏။အန်းရန်အတွက်၊ချီရှင်းချန်က မောင်ငယ်တစ်ဦးနှင့် မခြားပါချေ။ထို့ကြောင့် သူမက သူဂုတ်ကို ထိရန် လက်ဆန့်လိုက်သည်။


ချီရှင်းချန် သူမကို အမြန်တားလိုက်သည်။ "မဟုတ်ဘူး... အဲဒါက ပြဿနာကြီး မဟုတ်ဘူး"


"တကယ်လား"


"တကယ် ပြဿနာရှိရင် သေချာပြောပြမယ်"


"ကောင်းပြီ" 

အန်းရန် သူမထိုင်ခုံဆီသို့ တုံ့ဆိုင်းစွာ ပြန်သွားသည်။ 


အကျပ်အတည်းကိုဖြေရှင်းပြီးနောက်၊ ချီရှင်းချန် သက်ပြင်းတစ်ချက်ချကာ အိပ်ရန် မျက်လုံးများကိုမှိတ်ထားလိုက်သည်။ သို့သော် လေ့ကျင့်ရေးအခန်းသို့ သူရောက်လာသောအခါတွင် ကြက်ပေါက်လေးငါးကောင်ထံမှ နောက်ထပ် စစ်ဆေးမေးမြန်းမှုကို ခံခဲ့ရပြန်သည်။

"ချီလောင်ရှီးရဲ့အင်္ကျီက အရမ်းလှတယ်နော်... ဝတ်ထားတာ မပူဘူးလား"


ချီရှင်းချန်က ဝတ်ကျေတမ်းကျေဖြေလိုက်သည်။ "ဒါက စတိုင်တစ်ခုပဲ... စင်ပေါ်မှာ နွေရာသီမှာသားမွှေးအင်္ကျီဝတ်ပြီး ဆောင်းရာသီမှာ ဘောင်းဘီတို ဝတ်ထားတဲ့သူတွေ အများကြီးရှိတယ်...ငါလည်း အဲဒီလိုပဲ"


အိုး၊ဟုတ်သလိုလိုပဲ... ကြက်ပေါက်များ ရှုပ်ထွေးသွားပြီး သူ့ဆီက အလွယ်တကူ အလိမ်ခံလိုက်ရသည်။


ချီရှင်းချန် ကြိတ်ပျော်လိုက်ပြီး အားလုံးကို ပြန်နွှေးရန် စီစဉ်ပေးခဲ့သည်။


ပြန်နွှေးနေရင်း တစ်ဝက်လောက်မှာ ရှဲ့ယွမ်က ရုတ်တရက်ဆိုသည်။

 "ဒါနဲ့ ချီလောင်ရှီး...ကျွန်တော်တို့ မနေ့ညက ပြဿနာတစ်ခု တွေ့ခဲ့တယ်"


"ဘာလဲ"


"အိပ်ဆောင်ကို ပြန်ရောက်ပြီးတဲ့နောက် တခြားသင်တန်းသားတွေကို ပတ်မေးခဲ့တယ်" 

ရှဲ့ယွမ်က ခဏ ရပ်လိုက်သည်။ 


"ဝေလောင်ရှီးရဲ့ အုပ်စုက ကျွန်တော်တို့နဲ့ လမ်းကြောင်းအတူတူ လိုက်ကြတယ်...သူကလည်း အကကိုအဓိကထားတာတာ"


ချီရှင်းချန်က ခေါင်းညိတ်လိုက်သည်။ သူ မအံ့သြပေ။ဝေချင်၏ အကစွမ်းရည်က သူ၏ အသံစွမ်းရည်ထက် ပိုမိုအားကောင်းသောကြောင့် သဘာဝအတိုင်း အကကို အာရုံစိုက်ရသည်ပင်။


"အုပ်စုသုံး ရဲ့ သီချင်းကို ကြားပြီးပြီလား" 

ဝေချင်က အုပ်စုသုံးတွင်ဖြစ်သဖြင့် ချီရှင်းချန်က မေးလိုက်သည်။


"မကြားဖူးဘူး...မနေ့က အသံညှိပြီး ဒီနေ့ သီချင်းကို ပြန်စီစဉ်ကြတာ"


ရန်ရွယ်ရန်က ဝင်ဖြတ်ပြောသည်။

 "ဒါက ငါတို့ထက် တစ်ရက်ခွဲနောက်ကျတာနဲ့ အတူတူပဲ"


မုန့်မုန့်: "မှန်တယ်...ငါ သိသလောက်တော့ ငါတို့အသင်းက အမြန်ဆုံးပဲ"


၎င်းကိုကြားသောအခါ တခြားသူတွေ ချီရှင်းချန်ကို မကြည့်မိဘဲ မနေနိုင်ကြပါချေ။သူက ပြန်လည်ပြင်ဆင်မှု၏ ဦးတည်ရာကို လျင်မြန်စွာနှင့် ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့၍သာ မဟုတ်ပါက နေ့တစ်ဝက်အချိန်ကို လုယူနိုင်မည်မဟုတ်ပေ။


နေ့တစ်ဝက်က တိုတောင်းသည်ဟု ထင်ရသော်လည်း စုစုပေါင်းပြင်ဆင်ချိန် ခြောက်ရက်အောက်၌ ပြဿနာများစွာကို ဖြေရှင်းနိုင်သည်။


ကံမကောင်းစွာပဲ၊ ချီရှင်းချန်က သူတို့၏မျက်လုံးများထဲရှိ ကျေးဇူးတင်မှုနှင့် ကြည်ညိုမှုကို သတိမပြုမိခဲ့ပေ။ဝေချင်ကို ဘယ်လိုရှောင်ရမလဲ ဆိုသည်ကို သူ စဉ်းစားနေ၏။


အထူးသဖြင့် သူတို့သာတူညီသောသီချင်းနှင့် အကအမျိုးအစားကို ဖျော်ဖြေမည်ဆိုလျှင် ၊သူတို့သာ တစ်ယောက်က တတိယအုပ်စုနှင့်တစ်ယောက် စတုတ္ထအုပ်စုထဲမှာဖြစ်ခဲ့လျှင် ပရိသတ်က အုပ်စုနှစ်စုကို မလွဲမသွေ နှိုင်းယှဉ်မှာဖြစ်သည်။


နှိုင်းယှဥ်ပြီးသည်နှင့် သူတို့အဖွဲ့က အနိုင်ရရန် အခွင့်အလမ်းမရှိသည်က သေချာ၏။


Weibo တစ်ခုတည်းပေါ်တွင်တင်ထားသော ဖန်အရေအတွက်အပေါ်အခြေခံ၍ ဝေချင်၏ကျော်ကြားမှုက သူ့ထက်နှစ်ဆပိုများသည်။ဝေချင်က စွမ်းရည်စစ်ရှိုးမှ တက်လာခြင်းဖြစ်ပြီး လက်တွေ့ အတွေ့အကြုံများစွာရှိခဲ့သည်။


သူ့(ချီရှင်းချန်)ကို အနိုင်ယူရန်က ပုရွက်ဆိတ်ကိုအနိုင်ယူကဲ့သို့ ဖြစ်လိမ့်မည်။


အံဖွယ်တစ်ခုခုရှိမှသာ သူ(ချီရှင်းချန်)နိုင် နိုင်လိမ့်မည်။


ချီရှင်းချန် ၎င်းကို စဉ်းစားပြီး အဖွဲ့၀င်များကို စုစည်းလိုက်သည်။ သူက တစ်စုံတ်ရာ စဉ်းစားပြီးပြောလိုက်သည်။

"ငါ ကကွက်တွေ ပြောင်းချင်တယ်..."


ချီရှင်းချန်၏ အကြံပြုချက်ကို ကြားပြီးနောက်၊ အဖွဲ့၀င်များအားလုံး လက်ထောင်ပြပြီး သဘောတူခဲ့ကြသည်။ ထို့ကြောင့် ဆယ်မိနစ်ခန့် အချိန်ယူပြင်ဆင်ပြီးနောက် အသင်းက လေ့ကျင့်ရေးတွင် ဆက်လက်နှစ်မြှုပ်နေခဲ့သည်။


နေ့ခင်းဘက်တွင် ချီရှင်းချန်တစ်ယောက် ပိုင်ရဲ့ နှင့် နေ့လည်စာစားရမလား သို့မဟုတ် အဖွဲ့သားများနှင့် အတူစားရမလား တစ်ကိုယ်တော် အခြေအတင် ဆွေးနွေးနေသည်။ သူ မဆုံးဖြတ်ခင်မှာ ပိုင်ရဲ့က စာပို့လာသည်။

[နေ့လည်စာ ဘာစားချင်လဲ]


ချီရှင်းချန်ကပြန်မေးလိုက်သည်။

[ကော ဘာစားချင်လဲ]


ပိုင်: [ငါ မင်းစကားကို နားထောင်မယ်]


ချီရှင်းချန် မနေ့ညကကိစ္စ သတိရသွားပြီး အနည်းငယ် စိတ်ဆိုးသွားသည်။ သူက စိတ်တိုတိုဖြင့် ပြောလိုက်သည်။

 [ကျွန်တော် အဖွဲ့သားတွေနဲ့ အတူတူစားချင်တယ်]


သို့သော် သုံးစက္ကန့်ကြာသောအခါ သူနောင်တရသွားသည်။


ပိုင်ရဲ့က သူ့ကို ယုံသွားပြီး သူနဲ့ အတူ မစားချင်တော့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ...


ချွေးသုတ်ရန် သုံးနေသည့်ဘတစ်ရှူးကို လွှင့်ပစ်လိုက်ပြီး မက်ဆေ့ခ်ျကို အမြန် ဖျက်ပစ်ချင်နေမိသည်။


ထို့နောက် ဖန်သားပြင်ပေါ်တွင် နောက်ထပ် မက်ဆေ့ချ်နှစ်ခု ပေါ်လာသည်။


ပိုင်: [ကောင်းပြီ]


ပိုင်: [ကိုယ်သိပြီ]


ချီရှင်းချန်: "???"


...ဘာကောင်းတာလဲ...ဘာသိတာလဲ...


ကျွန်တော် အရမ်းစိတ်တိုနေတယ်...အရမ်းစိတ်တိုနေတယ်လို့...


လုရွှင်က ခြေဖဝါးပေါ်ရှိ အရည်ကြည်ဖုများက မိမိဘာသာမိမိ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု တစ်ချိန်က ပြောခဲ့ဖူးသည်။ သူပြောသည် မှန်၏။ချီရှင်းချန် အတော်လေးနောင်တရနေသည်။ခုနက သူပိုင်ရဲ့ကို ဘာလို့ဒီလောက်ဒေါသထွက်မိခဲ့တာ... ပိုင်ရဲ့နဲ့ မစားချင်ဘူးလို့ ဘာလို့ပြောခဲ့မိတာလဲ...


ပြိုင်ပွဲက ဤတစ်ကျော့ပြီးလျှင် နောက်ဆုံး တစ်ကျော့သာကျန်တော့သည်။ ရှိုးက မကြာခင်မှာ ပြီးဆုံးတော့မှာ ဖြစ်ပြီး သူနှင့် ပိုင်ရဲ့ ကိုယ့်လမ်းကိုယ်လျှောက်ရတော့မှာဖြစ်သည်။


ထိုအချိန်ရောက်လျှင် ပိုင်ရဲ့၏အလုပ်တစ်ပုံလိုက်ကြီးကြောင့် သူတို့ တစ်ယောက်ကိုတစ်ယောက် အကြာကြီးမတွေ့နိုင်တော့ပေ။


တစ်ယောက်နှင့်တစ်ယောက်တွေ့ရန်က မလွယ်တော့သဖြင့် တစ်ယောက်ကိုတစ်ယောက် ချစ်ချစ်ခင်ခင်ဖြင့် ရှိနေချိန်လေးကိုတန်ဖိုးထားရမည်ပင်။


သူ စိတ်ဆိုးလွန်း၍ အစာစားချင်စိတ် ပျောက်သွား၏။ မှန်ဆီသို့ တိတ်တိတ်လေး ပြန်လာပြီး နာရီဝက်ကြာမှ ထမင်းစားရန်အကြောင်းတွေးရန် ပြင်လိုက်သည်။


သို့ပေမဲ့ သီချင်းမဖွင့်ခင်မှာ လေ့ကျင့်ရေးအခန်းတံခါးကိုတစ်စုံတစ်ယောက်က လာခေါက်ပြီး ပိုင်ရဲ့၏ နားဝင်ပီယံရှိလှစွာသောအသံ ထွက်ပေါ်လာသည်။ 


"ငါတို့ဝင်လာလို့ရမလား"


ငါတို့...


လူဘယ်လောက်များတာလဲ...


ပရိုဂရမ်အဖွဲ့က ဒီနေရာမှာ ရိုက်ကူးမလို့များလား


သင်တန်းသားများက သူတို့၏အသွင်အပြင်ကို အမြန်ပြင်ဆင်ပြီး ချီရှင်းချန်ကို မျက်လုံးများဖြင့် လှမ်းမေးသည်။


ချီရှင်းချန်က မျက်နှာသေဖြင့်ပြောလိုက်သည်။ "ကောင်းပြီ...ဝင်ခဲ့ပါ"


သူပြောပြီးသည်နှင့် တံခါးက တွန်းဖွင့်ခံလိုက်ရသည်။ပိုင်ရဲ့က လေ့ကျင့်ရေးအခန်းထဲသို့ လျှောက်လာကာ... သင်တန်းသားငါးယောက်က နောက်က တန်းစီပါလာသည်။


သူတို့အားလုံးက အုပ်စုတစ် ၊ပိုင်ရဲ့၏ အဖွဲ့၀င်တွေဖြစ်၏။


ချီရှင်းချန် တံခါးအပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ ကင်မရာမင်း၏အရိပ်အယောင်ကို မတွေ့ရပေ။


ကင်မရာမင်း ဘယ်မှာလဲ"

သူက မေးလိုက်၏။


ပိုင်ရဲ့ ကြောင်သွားသည်။ 

"ဘာလို့ သူ့ကိုရှာနေတာလဲ"


"... ခင်ဗျား ရိုက်ကူးဖို့ လာတာ မဟုတ်ဘူးလား"


စကားအနည်းငယ်ပြောပြီးနောက် ပိုင်ရဲ့ ဖန်လေး နားလည်မှုလွဲသွားသည်ကို သိလိုက်သည်။


ဖန်လေး၏ ဦးနှောက်ပတ်လမ်းက အဘယ်ကြောင့် လုံးဝခြားနားသော ဦးတည်ရာသို့ ပြောင်းလဲသွားသည်ကို သူ သိချင်နေသည်။ တစ်ချိန်တည်းမှာပင် အုပ်စုလေးမှ သင်တန်းသားများကို လှမ်းပြောလိုက်သည်။ "လေ့ကျင့်ချိန်ပြီးခါနီးပြီ...လေ့ကျင့်တာကို ရပ်လိုက်ပါ...ငါ မင်းတို့ကို နေ့လည်စာကျွေးမယ်"


"တကယ် တကယ်လား...ရေး ဟေး ဟေး--" လေ့ကျင့်ရေးအခန်းက ချက်ချင်း အော်သံတွေနှင့် ပြည့်လာသည်။


ပိုင်ရဲ့က မည်သူနည်း။ သီဆိုကခုန်မှုလမ်းကြောင်းကို လျှောက်လှမ်းခဲ့ကြသည့် အနုပညာရှင်များ၏ အထွတ်အထိပ်ပုဂ္ဂိုလ်၊ သင်တန်းသားအားလုံး မော်ကြည့်ရသည့်သူဖြစ်သည်။


အထွတ်အထိပ်နှင့် အနီးကပ်ထိတွေ့ခွင့်ရလို့ ပျော်ကြမှာလား...


အဓိပ္ပါယ်မရှိဘာတွေမေး...သေချာပေါက် ပျော်ကြမှာပေါ့!!!


ချီရှင်းချန် အနည်းငယ် စိတ်ရှုပ်သွားသည်။ သူ မတုံ့ပြန်ခင်မှာ ရှဲ့ယွမ်နှင့် တခြားသူတွေ၏ လေ့ကျင့်ရေးအခန်းကနေ တွန်းထုတ်ခြင်းခံခဲ့ရသညိ။



အုပ်စုလေး၏လေ့ကျင့်ရေးအခန်းတွင် တပ်စွဲထားသော ကင်မရာသမားသည် ရိုက်စရာရှိနေသည်ကို မြင်လိုက်ရပြီးနောက် နောက်ကနေ တောက်လျှောက် ပြေးလိုက်သွားခဲ့သည်။


သိပ်မကြာခင်မှာပဲ ချီရှင်းချန် အသိ ပြန်ဝင်လာသည်။ သူ ပိုင်ရဲ့၏ နံဘေးကို တိုးသွားပြီး မသိစိတ်ကနေ လက်မောင်းကို လှမ်းဆွဲလိုက်သည်။

"သင်တန်းသားအကုန်လုံးက သီးသန့်တံခါးပိတ်လေ့ကျင့်နေကြတာလေ...သူတို့ကို ဘယ်လိုလုပ်အပြင်ခေါ်ထုတ်လို့ရမှာလဲ"


"ကိုယ် ပရိုဂရမ်အဖွဲ့ကို ပြောပြီးပြီ"


"ပရိုဂရမ်အဖွဲ့က သဘောတူမှာလား"


"သဘောမတူရင်တောင် သဘောတူရမယ် နောက်ပြီး… "

ပိုင်ရဲ့ သူ့နောက်က ကင်မရာသမားနှစ်ယောက်ဆီကို မျက်စာပစ်ပြလေသည်။

"သူတို့လည်း အကျိုးကျေးဇူးတွေ ရနိုင်တယ်လေ"


ချီရှင်းချန် သူ့ပတ်ဝန်းကျင်တွင် ကြက်ပေါက်တစ်အုပ်သာမက စောင့်ကြည့်ကင်မရာနှစ်လုံးပါရှိနေကြောင်း နောက်ကျမှသိလိုက်ရသည်။သူပိုင်ရဲ့၏လက်ကို ဒေါသတကြီး လွှတ်ချလိုက်သည်။


နောက်အခိုက်အတန့်တွင် ပိုင်ရဲ့က သူ၏စိတ်ပျက်မှုကို ခံစားမိပုံရပြီး တံတောင်ကို သူ့ပခုံးပေါ် ညင်သာစွာ တင်လိုက်သည်။


သူတို့နှစ်ယောက်က ဆက်ဆံရေးကောင်းသေယကြောင့် တစ်ယောက်ကိုတစ်ယောက် ပုခုံးဖက်နေရသည်ကို ကြိုက်သည့် အထက်တန်းကျောင်းသားလေးတွေလိုပါပင်။


သို့ပေမဲ့ ပိုင်ရဲ့ သရုပ်ဆောင်သည်ကလွဲ၍ ဘယ်သူ့ကိုမှ ယခုလိုရင်းနှီးသည့်အဆင့်ကို တစ်ခါမှ မပြဖူးဘူးဆိုသည်ကို လူတိုင်းသိ၏။ အနည်းဆုံး ကင်မရာရှေ့မှာပင်။


သင်တန်းသား ဆယ်ယောက်က အကြည့်ချင်းဖလှယ်လိုက်ကြပြီး ချက်ချင်းပင် မိသားစုဖြစ်လာသည်။


ဤနေရာတွင် ရိုက်စရာပစ္စည်းရှိနေသည်ကို မြင်လိုက်ရသဖြင့် ဘယ်ဘက်ရှိ ကင်မရာမင်းက ပြေးလိုက်လာသည်။ 

"ပိုင်လောင်ရှီးက ချီလောင်ရှီးကို ဒီလိုမျိုး မကြာခဏ ပခုံးဖက်လေ့ရှိတာလား"


အနက်ရောင်ကင်မရာကို မြင်လိုက်ရသောအခါ ချီရှင်းချန် ပိုင်ရဲ့၏လက်မောင်းကို ခါချရန် ကြိုးစားရင်း သူ့ပခုံးကို ခါယမ်းလိုက်သည်။


သူတို့ကို တစ်ယောက်ယောက်က ရှာတွေ့သွားမှာကို သူကြောက်၏။


သို့သော် ပိုင်ရဲ့၏တံတောင်ဆစ်က မြဲမြဲ ဖိထားပြီး သူ့ပခုံးကို တင်းတင်းကြပ်ကြပ်ဖက်ကပ်ထားသည်။

"မကြာခဏတော့ မဟုတ်ပါဘူး... ကျွန်တော်တို့က မျက်နှာချင်းဆိုင် ပြောဆိုဆက်ဆံတာက ပိုများပါတယ်..."


ချီရှင်းချန် ၎င်းတို့၏ ညစဉ်ညတိုင်း လေ့ကျင့်မှုကို မတွေးမိဘဲမနေနိုင်ပေ ... အမှန်ပင်၊ မျက်နှာချင်းဆိုင် ပြောဆိုဆက်ဆံခြင်းက ပို၍ အဖြစ်များသည်။


သူ့နားတွေ အထိန်းအကွပ်မရှိ ပူလောင်သွား၏။


ကင်မရာမင်းက ၎င်းတို့နှင့်ပတ်သက်သည့် နောက်ထပ်မေးခွန်းအချို့ကို မေးခဲ့ပြီး ပိုင်ရဲ့က အမှားမရှိဘဲချောချောမွေ့မွေ့ ဖြေခဲ့သည်။ ခဏကြာသောအခါ ကားပါကင်ကို ရောက်သွား၏။ပိုင်ရဲ့က သင်တန်းသားတွေကို စုစည်းပြီး ပရိုဂရမ်အဖွဲ့၏မီနီဘတ်စ်ပေါ်ကို တစ်ယောက်ပြီးတစ်ယောက် တက်ခိုင်းလိုက်သည်။


ချီရှင်းချန်က နောက်ဆုံးကရေလျှင်ဒုတိယမြောက်လူဖြစ်သည်။ သူ့နောက်မှာ ထိုင်ခုံမရှိတော့သည့်အတွက် ဒုတိယတန်းမှာ ထိုင်ခဲ့သည်။


ပိုင်ရဲ့က နောက်ဆုံးတက်သူဖြစ်သဖြင့် သဘာဝအတိုင်းသူ့ဘေးမှာ ဝင်ထိုင်လေသည်။


ကင်မရာမင်းက သူတို့၏လှုပ်ရှားမှုများကို ရိုက်ကူးပြီးသောအခါ နောက်ဆက်တွဲအတွက် နောက်တန်းသို့သွားခဲ့သည်။ မီနီဘတ်စ်စတင်ထွက်သောအခါ၊ချီရှင်းချန် အသံကို လျှော့ကာစိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"ဘာလို့ သင်တန်းသားတွေကို ထမင်းကျွေးချင်ရတာလဲ" 


ပိုင်ရဲ့ သူ့ကိုကြည့်လာသည်။

"ကိုယ် သင်တန်းသားတွေကို ထမင်းမကျွေးချင်ပါဘူး"



"ဒါဆို လူတွေအများကြီးကို ဘာလို့ဆွဲထုတ်လာပြီး ပရိုဂရမ်အဖွဲ့ကို မီနီဘတ်စ်ငှားခိုင်းတာလဲ... ခင်ဗျားမှာ ဇာတ်ညွှန်းရှိတာလား"


"ဘာဇာတ်ညွှန်းလဲ..." 

ပိုင်ရဲ့က သက်ပြင်းချပြီး ကူကယ်ရာမဲ့ ပြောလိုက်သည်။

"ကိုယ် မင်းကို ထမင်းကျွေးချင်လို့လေ"  


ခေတ္တရပ်ပြီးနောက် သူက ဒေါသကိုဖွင့်ထုတ်သလိုမျိုး တိုးညှင်းစွာ ဆိုလာသည်။

"အရူး"


အရူးချီရှင်းချန်ကမူ နားမလည်သေး။ရသစုံရှိူးအကျိုးသက်ရောက်မှုအတွက်မဟုတ်ပါက၊ သင်တန်းသားများကို ယခုလိုကြီးကြီးမားမားနည်းလမ်းဖြင့် အပြင် းဆွဲထုတ်ရခြင်း၏ရည်ရွယ်ချက်မှာ အဘယ်နည်း။


ပိုင်ရဲ့က မေးခွန်းအမှတ်အသားတွေနှင့် ပြည့်နေသည့် သူ့မျက်နှာလေးကို ကြည့်ပြီး စိတ်ရှည်ရှည်နှင့်ရှင်းပြသည်။ 

"မင်းက သင်တန်းသားတွေနဲ့ အတူစားချင်တယ်... ကိုယ်ကလည်း မင်းနဲ့ အတူစားချင်တယ်... ဒါကြောင့် ကိုယ့်မှာ အကုန်လုံးကို ခေါ်သွားရုံပဲတတ်နိုင်တယ်"


… လက်စသတ်သည့်အခါ သူ သူ့ဒေါသအတွက် ပေးဆပ်နေရခြင်းပင်။ချီရှင်းချန် ရှက်စိတ်ဖြင့် သူ့နှာခေါင်းဖျားကို ပွတ်သပ်လိုက်မိသည်။


ပိုင်ရဲ့၏ စားသောက်မှု အလေ့အထကြောင့်ပဲ ဖြစ်စေ၊ သင်တန်းသားတွေကို စိတ်ကျေနပ်အောင် ပဲဖြစ်စေ ပိုင်ရဲ့အနေဖြင့် သူတို့ကို ကောင်းကောင်း ကျွေးမွေး ကျွေးမွေးရမှာ ဖြစ်သည်။


လူဆယ်ယောက်ကျော်အတွက် အစားအသောက်ကောင်းကောင်းတစ်နပ်စာက ပိုက်ဆံအများကြီးကုန်မည်ပင်


ချီရှင်းချနိ အလွန်စိတ်မကောင်းဖြစ်ပြီး ရှက်ရွံ့သွားသည်။ သူ လျှို့ဝှက်စွာ ကျိန်ဆိုခဲ့သည်။


"စိတ်ဆိုးတဲ့ စကားကို ဘယ်တော့မှ မပြောတော့ဘူးးးး"


ပိုင်ရဲ့က သူဘာတွေတွေးနေမှန်းမသိပေ။ သူက နားကြပ်ကိုထုတ်ကာ တစ်ဖက်ကို ချီရှင်းချန်ကိုပေးကာ တစ်ဖက်ကို သူယူ၍ သီချင်းကို ငြိမ်သက်စွာ နားထောင်နေလိုက်သည်။