Chapter 110
မိနစ်နှစ်ဆယ်ကြာသောအခါ သူတို့ စားသောက်ဆိုင်ကို ရောက်သွား၏။ချီရှင်းချန် "Japanese Style Barbecue" ဟူသော စကားလုံးကို ကြည့်ပြီး ဆင်းရဲတွင်းနက်မှုကြောင့် မျက်ရည်ကျမိသည်။
မနက်ခင်းကတည်းက ပိုင်ရဲ့က ကြိုပြီး ဘွတ်ကင်ယူထားသည်။ယင်းက သီးသန့်အခန်းကြီးတစ်ခု ဖြစ်သည်။ သီးသန့်အခန်းတွင် စားပွဲနှစ်လုံးရှိပြီး အကြီးတစ်လုံးနှင့် အသေးတစ်လုံးဖြစ်သည်။ စားပွဲငယ်က လူလေးယောက်ထိုင်နိုင်ပြီး စားပွဲကြီးမှာ ပိုရှည်ပြီး လူဆယ့်လေးယောက်ခန့် ထိုင်နိုင်သည်။
ကင်မရာမင်းကလည်း နေ့လယ်က မစားရသေးပေ။ပိုင်ရဲ့က သူတို့နှစ်ယောက်ကို အတူတူစားရန် ဖိတ်ခေါ်သောအခါ စားပွဲသေးသေးလေးမှာ ဝင်ထိုင်လိုက်ကြသည်။ပိုင်ရဲ့၊ချီရှင်းချန်နှင့် သင်တန်းသားတွေက စားပွဲကြီးမှာ ထိုင်ကြသည်။
ဤအသားကင်ဆိုင်က ရိုးရာမီးသွေးမီးဖိုကို အများဆုံးအသုံးပြုသည်။ စားပွဲရှည်ပေါ်တွင် စုစုပေါင်း မီးဖိုလေးလုံးရှိသည်။ မှာယူပြီးနောက်၊ Wagyu Beef (ဝဂယူအမဲသား)၊ Snowflake Beef(ဆီနှင်းပွင့်) နှင့် Frost Beef(ဆီးနှင်းခဲ)တို့ကို lအဆက်မပြတ်တည်ခင်းလာသည်။
ချီရှင်းချန် တစ်ပန်းကန်လျှင် ခြောက်ဖတ်ပါပြီး ၃၉၈ ယွမ် ကျသင့်သည့်Wagyu ကိုကြည့်ကာ သူ့နှလုံးသားက သွေးယိုနေသည်။
အသားကင်လုပ်နည်းကို သိသော သင်တန်းသားများက စားပွဲထိုးများအဖြစ် ဆောင်ရွက်ကြသည်။သူတို့၏စိတ်ရှည်ရှည်ကင်မှုအောက်တွင်၊ Wagyu ၏ရနံ့က သီးသန့်ခန်းကို လွှမ်းခြုံထားသည်။ဒကာခံသူကို ကျေးဇူးတင်ရန်အတွက် သင်တန်းသားတွေက အသား၏အကောင်းဆုံးအပိုင်းကို ကောက်ယူပြီး ပိုင်ရဲ့၏ ပန်းကန်ပြားပေါ်မှာ တင်လိုက်ကြသည်။
"ပိုင်လောင်ရှီး...ကျွန်တော်တို့ကို အသားကင်ကျွေးတာ ကျေးဇူးတင်ပါတယ်ဗျ"
"ရပါတယ်"
ပိုင်ရဲ့ အသားကို ချီရှင်းချန်ထဲသို့ တည်ငြိမ်စွာ ပြောင်းထည့်ကာဆိုလေသည်။
"စားပွဲထိုးတွေဆီက လိုချင်တာကို မှာလိုက်ပါ..."
လူတိုင်းက သူ့လုပ်ရပ်ကိုကြည့်ပြီး နှုတ်ခမ်းစုပ်သတ်ကာ ကျေးဇူးတင်စကားဆိုကြသည်။
ချီရှင်းချန် တ"ကျစ် ကျစ်" အသံများကြောင့် စိတ်လှုပ်ရှားသွားပြီးသူ့နားထိပ်ကို ထိလိုက်သည်။
အသက် ဆယ်နှစ်ကနေ နှစ်ဆယ်အရွယ်သည် များစွာစားနိုင်သောအရွယ် ဖြစ်သည်။ဤကောင်လေးတွေက အသားမစားသည်ကကြာပြီဖြစ်၏။ အသားတွေ ကျက်တော့မည်ကို တွေ့လျှင် ပန်းကန်ထဲခေါင်းမြုပ်ပြီး စားတော့သည်။
ချီရှင်းချန် သူတို့ ဝါးနေသည့် အသံများကို နားထောင်ပြီး သူ့စိတ်ထဲမှာ ဤအသံတွေနှင့် ပြည့်နှက်နေသည်–သူတို့က ပိုင်ရဲ့ရဲ့ ပိုက်ဆံကို စားနေကြတာ...ပိုင်ရဲ့ ရဲ့ ပိုက်ဆံကို စားနေကြတာ...ပိုင်ရဲ့ရဲ့ ပိုက်ဆံကို စားနေတာ...
သူ့ပန်းကန်ထဲက အသားက မမွှေးတော့ပေ။
ပိုင်ရဲ့က ဘယ်တုန်းမှ အစာစားချင်စိတ်အလွန်ကြီးမရှိခဲ့ပေ။သူက အသားကို တူနှင့်ထိုးမွှေနေသည်မြင်သောအခါ မျက်မှောင်ကြုတ်လိုက်သည်။
"မစားချင်ဘူးလား"
"ဟင့်အင်း...ဗိုက်သိပ်မဆာလို့"
ပိုင်ရဲ့ မနေ့ညက သူ့ခါးကို လက်တစ်ဖက်တည်းနှင့် ပွေ့ဖက်ထားနိုင်သည့် ခံစားချက်နှင့် ယခုနက သူ့ပခုံးကအရိုးကြောင့် မိမိလက်မောင်းနာသွားသည်ကို ပြန်သတိရမိသည်။
"ဗိုက်မဆာရင်တောင် များများစား...မင်းက ပိန်လွန်းတယ်"
ချီရှင်းချန်: "အသားတစ်ပိုင်းကို ယွမ် ၆၀ ကျော်ကျတယ်"
ပိုင်ရဲ့: "…"
သူက သူ့ မျက်ခုံးများကြားက နေရာလွတ်ကို လက်ညှိုး နှင့်လက်မဖြင့် ညစ်ကာဆိုင်လိုက်သည်။
"ကောင်းကောင်းမစားရင် ကိုယ်မင်းကိုခွံ့ကျွေးမှာနော်"
ချီရှင်းချန်၏ မျက်နှာ ရုတ်တရက် နီရဲသွားသည်။
ပိုင်ရဲ့ ခွံ့ကျွေးမှာကို သူတကယ်လိုချင်သည်။
သို့သော် သူ ထိုအကြောင်းကို တွေးရုံသာတွေးဝံ့သည်။ယခုအချိန်မှာ လူများစွာရှိနေသည်။ပိုင်ရဲ့ကသာ သူ့ကို တကယ်ခွံ့ကျွေးလျှင် မိနစ်ပိုင်းအတွင်း ခေါင်းစီးသတင်းဖြစ်သွားမှာကို ကြောက်မိသည်။
ပိုင်ရဲ့၏ "မဖွယ်မရာအာဏာအောက်တွင်"ချီရှင်းချန် အသားအနည်းငယ်နှင့် သံပုရာဆော့တစ်ဝက်ကို စတိသဘော စားခဲ့သည်။
စားနေရင်း တစ်ဝက်လောက်မှာ သူတို့ ဗိုက်ထဲက အစာတွေနှင့်အတူ သင်တန်းသားတွေက သူတို့၏ တက်ကြွလာသော စိတ်ဓာတ်ကို ထိန်းမထားနိုင်ခဲ့ပါချေ။သူတို့က သူတစ်ခွန်း ကိုယ်တစ်ခွန်း၊သူက လိုက်ဖမ်း ကိုယ်ကလိုက်ဖမ်း၊သူရိုက်ပြေး ကိုယ်ရိုက်ပြေးဖြင့် ရှုပ်ထွေးလာသည်။
ပိုင်ရဲ့က တိတ်ဆိတ်ခြင်းကို နှစ်သက်ပြီး သူတို့၏ ဆူညံသံကို နားမထောင်ချင်ပေ။ ကင်မရာမင်းက စားပြီးသည်နှင့် သင်တန်းသားများကို ရိုက်ကူးတော့မည်ကို မြင်လိုက်ရသဖြင့် သူ စားပွဲငယ်လေးဆီသို့ တိတ်တဆိတ် ရွှေ့လိုက်သည်။
သူက တစ်လက်စတည်း ဖန်လေးကိုပါ ဂုတ်ကနေပေါ်တင်မပြီးခေါ်လာလိုက်သည်။
သူက စားပွဲထိုးကို အသားနှင့် အသီးအရွက် အနည်းငယ် ထပ်ထည့်ခိုင်းလိုက်၏။
ချီရှင်းချန်က သူ့ကို အမြန်တားလိုက်သည်။
"လူတိုင်းဗိုက်ပြည့်လုနီးနီးဖြစ်နေပြီလို့ထင်တယ်... ဘာလို့ အစားအသောက်တွေ မှာနေတာလဲ"
"မင်းစားဖို့လေ"
ချီရှင်းချန်: "ကျွန်တော်က ပြည့်ပြီ..."
ပိုင်ရဲ့က ပြန်ဖြေရန် စိတ်မ၀င်စားပေ။ သူက ဖန်လေးကို တချိန်လုံး ကြည့်နေခဲ့သည်။ဖန်လေး ဘယ်လောက်စားပြီးပြီလဲနှင့် ဗိုက်ပြည့်မပြည့်ကို သူ့ထက်ပိုပြီး ဘယ်သူမှ မသိနိုင်ပေ။
မျက်လွှာချရင်း မီးသွေးမီးဖိုကို ကြည့်လိုက်သည်။ ဟင်းလျာများ ချပြီးသောအခါ သူက ညှပ်တစ်ခုကို အသုံးပြု၍ ပုစွန်နှင့် အသားများကို ကောက်ယူကာ ဆန်ခါပေါ်တွင် တင်ထားလိုက်သည်။ သူ့လှုပ်ရှားမှုတွေက အလေ့အကျင့်မရှိမှန်းသိသာသည်။
ချီရှင်းချန် ခဏလောက် စောင့်ကြည့်နေပြီးမှ ပိုင်ရဲ့က အသားကင်နေမှန်း သိလိုက်ရသည်။
… ငယ်ငယ်ကတည်းက အဆင့်သင့်လက်ဆေးစားခဲ့ရတဲ့ ပိုင်သခင်လေးက တကယ်တော့ သူ့အတွက် အသားကင်နေတာပဲ...
"မလိုပါဘူး...မလိုဘူး...ကျွန်တော်ဘာသာကျွန်တော်လုပ်မယ်...ကိုယ့်ဘာကိုယ် ကင်လို့ရတယ်"
သူ ပိုင်သခင်လေးကို အမြန်တားလိုက်သည်။
ပိုင်ရဲ့က တည်ငြိမ်စွာဆို၏။
"လိမ်လိမ်မာမာထိုင်နေ...ကိုယ် မင်းအတွက် ကင်ပေးမယ်"
ချီရှင်းချန်: "ကျွန်တော်…"
ပိုင်ရဲ့က မျက်လွှာပင့်ကာ အကြည့်တစ်ချက်ဖြင့် သူ့ကို ရပ်စေခဲ့သည်။ချီရှင်းချန် လိမ်လိမ်မာမာဖြင့် စောင့်ရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။
ကံကောင်းစွာဖြင့် အသားကင်က လုပ်ရန် မခက်ခဲပါချေ။ပိုင်ရဲ့၏ ပြီးမြောက်မှုနှုန်းက မဆိုးပါချေ။ထောပတ်ဖြင့်ကင်ထားသည့် ပုဇွန်ကို သူ ကောက်ယူလိုက်၏။ ဂရုတစိုက်ကြည့်ရှုပြီးနောက် ကျက်လောက်ပြီဟုထင်ရသည်။သူက ဦးခေါင်းနှင့် အရေခွံကို ဖယ်ရှားပြီး ချီရှင်းချန်၏ ပါးစပ်နားတေ့ပေးလိုက်သည်။
ချီရှင်းချန်: "!!!"
'သူ...သူ...သူတကယ်ခွံ့ကျွေးတာပဲ!'
"တစ်ယောက်ယောက်...တစ်ယောက်ယောက်က ကြည့်နေတယ်"
ချီရှင်းချန်၏ စကားများထစ်နေသည်။
"ချလိုက်ပါ"
ပိုင်ရဲ့က စားပွဲရှည်ကြီးကို မျက်နှာမူထားပြီး ချီရှင်းချန်ကကျောပေးထားသည်။ထို့ကြောင့် ပိုင်ရဲ့က သင်တန်းသားများ၏ အခြေအနေကို အလွယ်တကူ မြင်နိုင်သည်။
"စား...ရတယ်...ဘယ်သူမှ မကြည့်ဘူး"
တစ်ယောက်ယောက် ကြည့်နေသည်ဖြစ်စေ မကြည့်နေသည်ဖြစ်စေ ဤအခြေအနေက အာရုံစူးစိုက်မှုကို ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်သည်။ချီရှင်းချန် အံကြိတ်ပြီး ပုဇွန်ကို စားလိုက်သည်။
ထို့နောက် ခွံ့ကျွေးခံရခြင်းရန်မှ ကာကွယ်ရန် ချီရှင်းချန် လိမ်လိမ်မာမာဖြင့် ကိုယ့်ဗိုက်ကိုယ် ဖြည့်ရတော့သည်။
ပိုင်ရဲ့က နောက်ဆုံးမှာ ကျေနပ်သည့်အမူအရာကို ပြလိုက်သည်။ချီရှင်းချန် သူ့ပါးစပ်ကို သုတ်လိုက်သည်ကို ကြည့်ပြီးနောက် သူကဖျတ်ခနဲ ပြုံးလိုက်သည်။
"မျက်နှာကဘာလို့ဒီလောက်နီနေတာလဲ"
"... အခန်းထဲမှာ အရမ်းပူနေတယ်... အကင်ဖိုတွေလည်းရှိနေလို့"
"ဒါနဲ့...ကိုယ် မင်းကို မမေးရသေးဘူး"
ပိုင်ရဲ့က တစ်ခုခုကို တွေးနေပုံရသည်။
"ဒီနေ့အရမ်းပူတာကို ...ကော်လာအထောင်နဲ့အင်္ကျီဝတ်ထားရတာ မပူဘူးလား"
ချီရှင်းချန်၏မျက်နှာ နီရဲသွားပြီး သွေးထွက်တော့မတတ်ဖြစ်လာသည်။
"ဒါတွေအားလုံး ကောကြောင့်ပဲ…"
သူက ကိုးရိုးကားယားပြောလိုက်သည်။
"မနေ့ညက သူများလည်ပင်းကို နမ်းပြီး စတော်ဘယ်ရီအမှတ်တွေ ထားခဲ့တယ်"
ပိုင်ရဲ့ ခဏလောက်ကြောင်သွားသည်။ သူက လက်လှမ်းပြီး ချီရှင်းချန်၏ကော်လာကို ဆွဲဖွင့်လိုက်သည်။သေချာသည်ပင်၊ဖန်လေး၏လည်ပင်း ဘယ်ဘက်ခြမ်းမှာ ခပ်ဖျော့ဖျော့ စတော်ဘယ်ရီ အမှတ်အသားတစ်ခု ရှိနေသည်။
မနေ့ညက သူစိတ်ပြင်းပြနေချိန် နမ်းလိုက်ပေမဲ့ ခွန်အားကို သိပ်မသုံးခဲ့ပေ။
ဖန်လေး၏ အသားအရေက အလွန်ဖြူဖွေးနူးညံ့သည်။ ထိမိလိုက်သည်နှင့် ကြာရှည် အမှတ်အသားပြုရန် လွယ်ကူသည်။
ဥပမာအားဖြင့် သူ လွန်ခဲ့သော နှစ်ရက် ဖန်လေး၏ ခါးကို ညစ်ခဲ့သည်။ အဆုံးတွင် ဖန်လေးကနေချိန်မှာ ခါးဘေးတွင် လက်ချောင်းရာများ အမှတ်မထင်တွေ့ရှိခဲ့သည်။
… ဒါက ဘယ်လို ခန္ဓာကိုယ်မျိုးလဲ...
ပိုင်ရဲ့ သူ့လက်ကိုလွှတ်လိုက်ပြီး ကော်လာကို ပြင်ပေးလိုက်သည်။ဖန်လေး၏ မကျေနပ်သည့် မျက်နှာကို မြင်လိုက်ရသဖြင့် တိုးညှင်းသော အသံဖြင့် တောင်းပန်လိုက်သည်။
"ကိုယ်မှားပါတယ် ... နောက်တစ်ခါ လည်ပင်းကို မနမ်းတော့ဘူးနော်"
ချီရှင်းချန်၏ အမည်းရောင်မျက်နှာက မေးခွန်းအမှတ်အသားများဖြင့် ပြည့်နေသည်။
ဘာလဲကွာ... လည်ပင်းကို မနမ်းတော့ဘူးလား...
လည်ထောင်အင်္ကျီက ဘယ်လောက်ရှိတာမလို့လဲ...သူ မတတ်နိုင်တာမျိုး မဟုတ်ဘူးလေ...
ပိုင်ရဲ့က သူဘာတွေတွေးနေမှန်း မမှန်းဆနိုင်ပေ။ သူ့ကို ချော့သည့်နည်းကို ပြောင်းလိုက်၏။
"ကိုယ်တို့ကားပေါ်ရောက်ရင် ကိုယ်မင်းကိုပွတ်ပေးမယ်...အမှတ်ကိုပြန့်သွားအောင်လို့"
…တော်လောက်ပြီထင်တယ်... တကယ်ကို တော်လောက်ပြီ ....
ချီရှင်းချန် အလွန်ကို စိတ်ပျက်အားငယ်သွားသည်။
သူ ကိုယ့်ဘာကိုယ် တိုက်ပွဲဝင်ရဦးမည့်ပုံရသည်။ သူက နှုတ်ခမ်းကို ဖိထားပြီး စက္ကန့်အနည်းငယ်ကြာအောင် ရုန်းကန်နေခဲ့သည်။ ထို့နောက် သူ သတ္တိကို စုစည်းကာ "အာ့"ခနဲပြုလိုက်၏။
"ရဲ့ကော... မျက်လုံးထဲကို မီးသွေးစ စင်သွားသလိုပဲ...အရမ်းနာတယ်...ကျွန်တော့်ကို ကြည့်ပေးပါဦး"
ပိုင်ရဲ့က စားပွဲပေါ် လက်နှစ်ဘက်ထောက်ပြီး ကုန်းကြည့်လိုက်သည်။
သို့သော် ဖန်လေးမျက်လုံးထဲ ဘာဝင်သွားသည်ကို ရှာမတွေ့နိုင်မီတွင်၊ သူ ရုတ်တရက် သူ့လည်ပင်းတွင် စိုစွတ်သောခံစားမှုတစ်ခုနှင့် နာကျင်မှုအနည်းငယ်ကို ခံစားလိုက်ရသည်။
ချီရှင်းချန် မေးမော့ပြီး ပိုင်ရဲ့၏လည်စေ့ကို အမြန်ကိုက်လိုက်သည်။
"ကောင်းပြီ...အခု ကျွန်တော်တို့က အတူတူဖြစ်သွားပြီ"
......
ပိုက်ဆံချေပြီး အရက်စာရင်းအရှည်ကြီးကိုကြည့်ပြီးနောက်၊ ချီရှင်းချန် သူ၏စိန်တွင်းကို ခိုးယူခံရသည်ထက်ပင် ပိုဆိုးသလို ခံစားခဲ့ရသည်။
ထို့ကြောင့် သူ သူ၏နှလုံးသားဝေဒနာကို ဝမ်းနည်းပူဆွေးသောကနှင့် ဒေါသအဖြစ်သို့ ပြောင်းလဲကာ သူ၏အဖွဲ့သားများအပေါ် ဒေါသကို ဖွင့်ထုတ်ခဲ့သည်။ ရက်အနည်းငယ်ကြာအောင် သနားစရာကောင်လေးတွေခင်မျာ သူ၏လေ့ကျင့်ရေးကိုစွဲလမ်းလာသည်အထိ အမောင်းခံခဲ့ရသည်။ သူတို့သည် အချိန်မရွေး ဗုဒ္ဓဖြစ်လာနိုင်သကဲ့သို့ နေ့တိုင်း ညဥ့်နတ်သူငယ်များအဖြစ်နိုးလာကြသည်။
ဖျော်ဖြေပွဲမစမီ တစ်ရက်အလိုတွင် သူ နောက်ဆုံးတွင် သူ၏ဒေါသကို ဖွင့်ထုတ်၍ပြီးသွားကာ ကောင်လေးများကို ပြန်အနားယူစေခဲ့သည်။
ဖျော်ဖြေပွဲနေ့မှာ ချီရှင်းချန်၏အဖွဲ့က စင်နောက်မှာရှိနေကြသည်။ အားလုံး၏မျက်လုံးတွေက တောက်ပပြီးကြည်လင်နေခဲ့ကြသည်။ တစ်ညလုံး ကောင်းကောင်းအိပ်ခဲ့ကြသည်မှန်း ထင်ရှား၏။
ချီရှင်းချန်က သင်တန်းသားတွေနှင့်အတူတူမိတ်ကပ်မလိမ်းပေမဲ့ သူ့ပုံစံက သူ့အဖွဲ့၀င်တွေနှင့် အတူတူပါပင်။ သူတို့အားလုံးသည် လုံးဝကိုကွဲထွက်နေသည့် ဆန့်ကျင်ဘက် အနီရောင်နှင့် အနက်ရောင်ကိုတွဲ၍ ဟစ်ဟော့စတိုင်လ် ၀တ်ဆင်ထားရာ ၎င်း၏ အမြင်အာရုံသက်ရောက်မှုမှာ အလွန်အားကောင်းသည်။
နဖူးထိပ်တတစ်ဝိုက်တွင် အနီရောင်ခေါင်းစည်း ကြိုးတစ်ချောင်းကို ချည်နှောင်ထားပြီး သူ၏ ဆံပင်များကို လုံးလုံးလျားလျား အနောက်သို့ လှန်သိမ်းထားကာ သူ၏ ပြီးပြည့်စုံပြီး ကြည်လင်သော မျက်နှာအသွင်အပြင်ကို ပေါ်လွင်စေသည်။ သူ့မျက်လုံးမိတ်ကပ်က သင်တန်းသားတွေလောက် မထူပေ။မျက်လုံးထောင့်များကို အနီရောင် အိုင်းရှဲဒိုးဖြင့် အုပ်ထားကာ အရောင်က သိပ်မသိသာပေ။ မက်မွန်ပွင့်ဖတ်တစ်ဖတ် ကြွေကျပြီး သူ့မျက်နှာပေါ် မတော်တဆ ပြုတ်ကျနေသလိုပါပင်။
၎င်းသည် တောက်ပပြီး လှပနေသလို ကျော့ရှင်းကာ တက်မက်ဖွယ်ကောင်းသောအရိပ်အယောင်လည်း ပါရှိသည်။
"ရှောင်ချီလောင်ရှီး စင်တင်မိတ်ကပ်လိမ်းထားတာ ဒါပထမဆုံးအကြိမ် မြင်ဖူးတာပဲ...ဒီလောက်တောင် လိုက်ဖက်ပြီးကြည့်ကောင်းမယ်လို့ မမျှော်လင့်ထားဘူး...ရှောင်ချီလောင်ရှီး နောက်တစ်ခါ အဆိုတော်တစ်ယောက်အနေနဲ့ ပွဲဦးထွက်သင့်တယ်...အဲဒီအချိန်ကျရင် ကျွန်တော်တို့ လောင်ရှီးပေါင်ကို ဖက်ပြီးလိုက်ရမယ်...လောင်ရှီးက ကျွန်တော်တို့ကို ပျံသန်းဖို့ခေါ်သွားပေးနော်"
သင်တန်းသားများ၏ ဟာသလုပ်သံကို နားထောင်ရင်း ချီရှင်းချန်ကလည်း သူတို့ကို ရယ်မောလိုက်သည်။
"ငါ မင်းတို့ကိုခေါ်ပြီး ပျံသန်းနိုင်မလား မနိုင်မလားက မင်းတို့ရဲ့ စွမ်းဆောင်ရည်ပေါ်မှာ မူတည်တယ်"
"ဟဲဟဲ...ဒါဆို ကျွန်တော်တို့ သေချာကြိုးစားပြီးလောင်ရှီးကို သိမ်းသွင်းနိုင်ဖို့ ကြိုးစားပါ့မယ်... ဟေး ပိုင်လောင်ရှီး လာပြီ...မင်္ဂလာနေ့လည်ခင်းပါ ပိုင်လောင်ရှီး...လောင်ရှီး ဒီနေ့အရမ်းချောနေတယ်နော်"
သင်တန်းသားများ၏ ပါးစပ်များက ပျားရည်ဖြင့် လိမ်းကျံထားသကဲ့သို့ဖြစ်နေသည်။ပိုင်ရဲ့က သူတို့ကို ပြုံးပြပြီး အားပေးပြီးနောက် ချီရှင်းချန် ဘက်လှည့်လိုက်သည်။
"အကြောလျော့ထား... သတိထားပါ...ကြွက်သားတွေကို မထိခိုက်စေနဲ့"
"ကျွန်တော်လျော့ပြီးပါပြီ"
ပိုင်ရဲ့က ခေါင်းညိတ်လိုက်၏။
"ပြီးရင် ကံကောင်းပါစေ"
"ကောင်းပြီ"
ချီရှင်းချန်က လေးနက်စွာ ပြန်ဖြေသည်။
"ကျွန်တော် အကောင်းဆုံးလုပ်မယ်"
စင်နောက်မှာ လူတွေပြည့်နေသဖြင့် စကားပြောရန် သိပ်မသင့်တော်ပါချေ။ပိုင်ရဲ့က သူ့ကို နူးညံ့စွာ တစ်ချက်ကြည့်ပြီး သူ့အဖွဲ့ဆီ ပြန်သွားလိုက်သည်။
ဤအရာအားလုံး ဝေချင်၏မျက်လုံးထဲသို့ ရောက်သွားသည်ကို သူအနည်းငယ်မျှပင် မသိခဲ့ပေ။
ယခင်တုန်းက ပိုင်ရဲ့က ချီရှင်းချန်ကို ကြိုက်သည်ဟု သူသံသယရှိခဲ့သည်။
သို့ပေမဲ့ ပိုင်ရဲ့သီချင်းဆိုနေသည့်အချိန် သူမြင်လိုက်ရသည့် ပိုင်ရဲ့၏မျက်လုံးထဲရှိအကြည့်က ပိုင်ရဲ့က ချီရှင်းချန်ကို တကယ်သဘောကျကြောင်း သူ့ကို ဝန်မခံချင်ပါဘဲ ဝန်ခံလိုက်ရစေသည်။
ဒါပေမဲ့ ပိုင်ရဲ့က ဘာလို့ ဒီကလေးကို ကြိုက်ရတာလဲ...
သန်မာမှုအရ၊ သူက ချီရှင်းချန်ထက် အဆများစွာ သန်မာသည်။
ပင်ကိုယ်စရိုက်အရ၊ သူက ချီရှင်းချန်ထက် ပို၍ ပြေပြစ်ပြီး သီးသန့်ဆန်သည်။
ပိုင်ရဲ့အနား ရောက်ရှိလာမှုအရပင်၊ သူက ပိုင်ရဲ့ကို ချီရှင်းချန် မတိုင်မီ နှစ်နှစ်ကျော်ကတည်းက သိခဲ့သည်။
ပိုင်ရဲ့က သူ့ကို လျစ်လျူရှုပြီး သူ့မိသားစုမှာ ပိုက်ဆံနည်းနည်းရှိရုံဖြစ်တဲ့ ကောင်ငယ်လေးကို ဘယ်လိုလုပ် ချစ်မိသွားတာလဲ...
သူ မယုံဘူး...
"My Time"က ပြီးဆုံးတော့မည်။ ပွဲဦးထွက်ည၏ဒိုင်များသည် တိုက်ရိုက်အကဲဖြတ်သူများနှင့် အွန်လိုင်းမှဘုတ်များဖြင့် ဖွဲ့စည်းထားပြီး နည်းပြများနှင့် ဘာမှမဆိုင်ပါချေ။
ယနေ့က ပိုင်ရဲ့ကိုပြန်ရရန် သူ၏နောက်ဆုံးအခွင့်အရေးပဲဆိုသည်ကို သူရှင်းရှင်းလင်းလင်းသိသည်။
ပိုင်ရဲ့က သန်မာသည့် အနုပညာရှင်တွေကို သဘောကျ၏။ ယနေ့ ပိုင်ရဲ့ကို တစ်စုံတစ်ခု သက်သေပြရန် သူ၏ဝှက်ဖဲတွေအားလုံးကို အသုံးပြုမှာဖြစ်သည်။
သူက ချီရှင်းချန်ထက် ပိုကောင်းသည်။ သူက ချီရှင်းချန်ထက် ပိုကောင်းကြောင်းကိုပိုင်ရဲ့သိစေရမည်။
ဝေချင်က ချီရှင်းချန်ကို ဆိုးယုတ်စွာ စိုက်ကြည့်နေသည်။
ချီရှင်းချန်က တစ်ခုခုကို ခံစားမိသွားပုံရပြီး အုပ်စုသုံးကို လှည့်ကြည့်လိုက်၏။