အပိုင်း ၁၁၄
Viewers 38k

Chapter 114




ပွဲဦးထွက်ပါတီ မစမီတစ်ရက်တွင်  ချီရှင်းချန် ဟန်ချင်းဆီသို့သွားခဲ့သည်။ ယခင် နည်းပြများကူသည့်အဆင့်အပြီးတွင် သူက အဆင့်ခုနစ်တွင် ရပ်တည်ခဲ့ပြီး ပွဲဦးထွက်စာရင်းအပြင်ရောက်နေသည်။ဟန်ချင်း စိတ်ဓာတ်က သွေဖည်သွားမှာကို သူကြောက်သည့်အတွက် သူ့ကို ပွဲအကြို အကြံဉာဏ်ပေးရန် ပြင်ဆင်ခဲ့သည်။ဟန်ချင်းကို သူမြင်ရသောအခါတွင် ကောင်းမွန်သောအခြေအနေရှိမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ချီရှင်းချန် အတော်လေးပို၍ စိတ်သက်သာရာရလိုက်သည်။


 "စိတ်မလှုပ်ရှားဘူးလား" 


"ဟင့်အင်း... ငါဒီလောက်ထိအောင်ရောက်နိုင်ခဲ့လို့ အရမ်းကျေနပ်နေပြီ"


ဟန်ချင်းက ပြုံးလိုက်သည်။ 

"ကံကောင်းရင် ပွဲဦးထွက်နိုင်မယ်...ငါကျရှုံးရင်  ပြန်သွားပြီး လေ့ကျင့်မှု ဆက်လုပ်မှာပါ"


ချီရှင်းချန် အံ့သြသွားသည်။ 

"မင်းက တစ်နေရာပဲ ဝေးနေတာ...မင်းနောင်တမရဘူးလား"


"မရဘူး...မင်းငါ့ကို ဒီလိုလေ့ကျင့်ဖို့ အခွင့်အရေးမပေးခဲ့ရင် ငါ လက်လျှော လိုက်ရနိုင်တယ်..."


ဟန်ချင်းက မူလပိုင်ရှင်နှင့် အသက်အတူတူဖြစ်ပြီး 21 နှစ်ကျော်ခန့်သာ ရှိသေးသည်။ဤအသက်အရွယ်မှာ သူ့မိသားစုအခြေအနေက ပျမ်းမျှသာဆိုလျှင် သူ့မိသားစုက သူ့အိမ်မက်ကို ဆက်ပြီးအကောင်အထည်ဖော်ရန် သူ့ကို ပံ့ပိုးပေးမှာမဟုတ်ပေ။လက်တွေ့ဘဝ၏ ဖိအားအောက်တွင် သူသည်သူ၏ အားကစားဝတ်စုံကို ချွတ်၊ သားရေဖိနပ်နှင့်အလုပ်ဝတ်စုံ ပြောင်းဝတ်၍ လုပ်သားစုဆောင်းရေးစင်တာသို့ သွားပြီး သူ၏ ကိုယ်ရေးအကျဉ်းကို ဝဘ်ဆိုဒ်အမျိုးမျိုးသို့ ပေးပို့ကာ အလုပ်သွား၊ အိမ်ဝယ်၊ လက်ထပ်၊ ကလေးမွေးလုပ်နေမည်ပင်။


ဒီလိုဘဝမျိုးက ပျော်စရာမကောင်းဘူးလား... 

အလွန်ပျော်စရာကောင်းသည်မျိုးလည်းဖြစ်နိုင်ပါ၏၊စင်စစ်အားဖြင့် လူတိုင်းက သူတို့၏ဘဝတွေကို ယခုလိုပုံစံနှင့်နေထိုင်ခဲ့ကြသည်မဟုတ်ပါလော။


ဒါဆိုရင် သူနောင်တရမှာလား...


ရေသောက်သလိုပဲ ပူသလား အေးသလား သူပဲ သိလိမ့်မည်။ ထိုကနဦးအိပ်မက်များသည် ဇနီးနှင့်သားသမီးများ၏နေ့စဉ်ဘ၀တွင် တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ် သွားပေလိမ့်မည်။သို့ပေမဲ့ အငြိမ်းစားယူပြီးသည့် တစ်နေ့မှာ သူ့မြေးလေးကို ပွေ့ချီပြီး ငယ်ငယ်က ဓာတ်ပုံတစ်ပုံကို ထုတ်ယူကာ အဝေးကို ငေးကြည့်ရင်း ပြောမည်။


"အဘိုးက ငယ်ငယ်တုန်းက သီချင်းဆိုတာ ကတာ ဝါသနာပါတယ် ...စကလိုက်ပြီဆိုတာနဲ့ မရပ်နိုင်တော့ ဘူး"


သူက မငယ်တော့ပေမဲ့ သူ့ဝါသနာကို အမြဲအမှတ်ရနေမှာဖြစ်၏။၎င်းကိုကြားပြီး သူ့လည်ချောင်းထဲမှာ ဆို့နင်လာရသည်။သို့ပေမဲ့ ပြိုင်ပွဲမစခင် ဟန်ချင်း၏ အခြေအနေကို မထိခိုက်စေချင်သောကြောင့် အသက်ပြင်းပြင်းရှူပြီး သူ့ကို အားပေးခဲ့၏။ 


"မဲတွေကို မြင်တယ်မလား...မင်းနဲ့ ဆဋ္ဌမနေရာကြားက ကွာဟချက်က အရမ်းနည်းတယ်...မင်းရဲ့ဖန်တွေက သေချာပေါက် ခဲယမ်းမီးကျောက်တွေ စုဆောင်းထားမှာ...မင်း ပွဲဦးထွက်ဖို့ အခွင့်အလမ်းကမြင့်တယ်... မနက်ဖြန်မှာ ကောင်းကောင်းဖျော်ဖြေပါ...တုန်ချန်နဲ့ စာချုပ်ချုပ်ဖို့ ငါစောင့်နေမယ်"


အွန်လိုင်းမဲပေးမှုတွင် ပရိသတ်များသည် များသောအားဖြင့် နောက်ဆုံးပြိုင်ပွဲအတွက် မဲအရေအတွက်ကို စုဆောင်းထားလေ့ရှိသည်။ဟန်ချင်းမှာ ဖန်ဘယ်လောက်ရှိလဲ သူ မသိသလို ဆဋ္ဌမနေရာက ဖန် ဘယ်လောက်ရှိသည်ကိုလည်း သူ မသိပါချေ။သို့ပေမဲ့ သူတို့နှစ်ယောက်ကြားက ကွာဟချက်က တကယ့်ကို သေးငယ်ပြီး တစ်ယောက်နှင့်တစ်ယောက် ကျော်တက်ရန် အခွင့်အလမ်းလည်း များသည်။


"နားလည်ပြီ... မင်းလိုပဲ ငါအကောင်းဆုံးလုပ်မယ်... ကျန်တာကတော့ ကံပဲပေါ့"


ဟန်ချင်းင သူ၏ကျားသွားလေးကို ထုတ်ပြလာသည်။

" မြန်မြန်ပြန်တော့... သူများတွေ မြင်သွားရင် မကောင်းဘူး"


ချီရှင်းချန်က ခေါင်းညိတ်လိုက်သည်။ "ကံကောင်းပါစေကွာ"


ထိုညက ဘယ်သူမှ ကောင်းကောင်းအိပ်မပျော်ပေ။သင်တန်းသားများက ၎င်းတို့၏အနာဂတ်အတွက် စိုးရိမ်နေကြသလို ချီရှင်းချန်ကလည်း ဟန်ချင်း၏အနာဂတ်အတွက် စိတ်ပူနေခဲ့သည်။


ည 11:30 တွင် ချီရှင်းချန် သူ၏စောင်အောက်တွင် ပုန်းနေပြီး  ပိုင်ရဲ့ထံသို့ မက်ဆေ့ချ်ပို့ရန် ကြိုးစားခဲ့သည်။

[အိပ်ပျော်နေပြီလား...]


ငါးမိနစ်လောက်ကြာသောအခါ ပိုင်ရဲ့က စာပြန်လာသည်။

[တံခါးဖွင့်]


ချီရှင်းချန် မတ်မတ် ထထိုင်ကာ ကုတင်ပေါ်မှ ဆင်းလိုက်သည်။ တံခါးကိုဖွင့်ပြီး ပတ်၀န်းကျင်ကို ဘေးဘယ်ညာကြည့်လိုက်သည်။ စင်္ကြံမှာ ဘယ်သူမှမရှိသည်ကို သူတွေ့မှပဲ ပိုင်ရဲ့ကို ဝင်ခွင့်ပြုလိုက်၏။


ပိုင်ရဲ့မှာ ရယ်ရမှန်းမသိ ငိုရမှန်းမသိဖြစ်သွား၏။ 

"ကိုယ်တို့နှစ်ယောက်လုံးက ယောက်ျားတွေပါကွာ...ကိုယ် မင်းအခန်းထဲဝင်သွားတာကို ဓာတ်ပုံရိုက်ခံလိုက်ရရင်တောင် တခြားသူတွေက ဘာမှ ခန့်မှန်းလို့ မရဘူး... မင်းကြောက်နေစရာ မလိုဘူး"


သူ သူ့ကို ပိုသဘောကျလာလေလေ ပိုသတိထားလေလေပါပင်။ချီရှင်းချန် သူ၏လိင်တူချစ်စိတ်အတွက်နှင့် ပိုင်ရဲ့အတွက် ပြဿနာဖြစ်စေလိုပေ။သူ အူကြောင်ကြောင် ပြုံးပြလိုက်ပြီး ဘာမှ မပြောခဲ့။


သူက ယနေ့တွင် အဖြူအမည်းအစင်းမြင်းကျားပုံစံ ညအိပ်ဝတ်စုံဝတ်ထားသည်။ပိုင်ရဲ့က ညအိပ်ဝတ်စုံ၏ခေါင်းစွပ်ပေါ်က အနက်ရောင်နားရွက်ကို ဆွဲကိုင်လိုက်ပြီး စိတ်ဝင်တစားနှင့် ပြောလိုက်သည်။

"မင်း အရင်က ဒါကိုဝတ်တာ ကိုယ်မတွေ့ဖူးပါဘူး"


တစ်ချိန်က ချီရှင်းချန်က တီရှပ်တစ်ထည်ကို ဆွဲဝတ်ပြီး အိပ်ပျော်သွားတတ်သည်။ နောက်ပိုင်းတွင် သင်တန်းသားများ၏ အိပ်ဆောင်သို့သွားသောအခါ ယောက်ျားလေးများက ညဝတ်အင်္ကျီ အမျိုးမျိုးဝတ်ထားသည်ကို တွေ့ရှိရသည်။ သူတို့က ချစ်ဖို့ကောင်းပြီး အသက်ဝင်တက်ကြွကာ အထူးသဖြင့် တောက်ပပြီးပျော်စရာကောင်းပုံရသည်။


ပိုင်ရဲ့လည်း ထိုကဲ့သို့ဝတ်စားဆင်ယင်မှုမျိုးကို ကြိုက်မည်ဟု ထင်သည့်အတွက် အန်းရန် ကို အထူးတလည် ဝယ်ခိုင်းခဲ့သည်။


"ကျွန်တော် အခုမှဝယ်ထားတာ" 

သူနည်းနည်းရှက်သွား၏။ 

"ကြည့်ကောင်းလား"


ပိုင့်ရဲ့ : "မင်းက ကိုယ်အတွက် အထူးတလည် ဝတ်ထားတာလား"


ချီရှင်းချန်: "..."


အရာအားလုံးကို သူဘယ်လိုလုပ်သိနေတာလဲ...


သူ့အမာခံဖန်လေး စကားမပြောသည်ကို မြင်လိုက်ရသဖြင့် ပိုင်ရဲ့ သူ့မှန်းဆချက်မှန်သည်ကို သိလိုက်သည်။ သူက စိတ်ရင်းမှန်နှင့် ချီးကျူးလိုက်၏။ 

"ကြည့်ကောင်းတယ်"


ချီရှင်းချန်: "ဟီးဟီး"


ခဏတာ ပျော်ရွှင်ပြီးနောက်တွင် ပိုင်ရဲ့က တံခါးဝတွင် ရပ်နေဆဲဖြစ်သည်ကို သူသတိထားမျလိုက်သည်။ ဆိုဖာကို အမြန် ဖုတ်ဖတ်ခါလိုက်သည်။ 

"ထိုင်"


ပိုင်ရဲ့က ထိုင်လိုက်သည်။ 

"အိပ်လို့မပျော်ဘူးလား"


"ဟုတ်"


"ဟန်ချင်းအတွက် စိတ်ပူနေတာလား"


"ဟုတ်တယ်" 


သူက ပိုင်ရဲ့၏ဘေးမှာထိုင်ပြီး ခေါင်းအုံးတစ်လုံးယူကာ ပိုက်လိုက်၏။ 


"ကျွန်တော်က ရှောင်ချင်းနဲ့ အချိန်အကြာကြီး လေ့ကျင့်ခဲ့တာ...သူက သေချာပေါက် debut လုပ်နိုင်စွမ်းရှိတယ်ဆိုတာ ကျွန်တော်သိတယ်...သူ debut မလုပ်နိုင်ရင် ဘယ်လောက် သနားစရာကောင်းလိုက်မလဲ"


ပိုင်ရဲ့ ခေါင်းအုံးက မျက်စိစပါးမွှေးစူးစရာကောင်းသည်ဟု ရုတ်တရက်ခံစားလိုက်ရသည်။


သူက လက်ဆန့်ပြီး ခေါင်းအုံးကို အတင်းဆွဲဖယ်လိုက်၏။


ချီရှင်းချန်၏လက်များ ဗလာဖြစ်သွားသည်။ ပွေ့ဖက်စရာ ဘာတစ်ခုမှ မရှိသည့် ခံစားချက်ကို သူ ကျင့်သားမရခဲ့ပေ။


"ဒီမှာရော့" 


ပိုင်ရဲ့က တံတောင်ကို ယမ်းပြီး သူ့ကို အမူအရာပြလိုက်သည်။


ခေါင်းအုံးကိုတောင် မနာလိုဖြစ်နေတာပဲ...သို့သော် ပိုင်ရဲ့၏လက်မောင်းကို ပွေ့ဖက်ခြင်းသည် ခေါင်းအုံးကို ပွေ့ဖက်ခြင်းထက် ပိုအဆင်ပြေသည်။  ချီရှင်းချန် ပိုင်ရဲ့၏လက်ဖျံကို လက်နှစ်ဖက်ဖြင့် ပတ်ထားပြီး သူ့ခန္ဓာကိုယ်ဖြင့် တင်းတင်းကြပ်ကြပ် ဖိထားလိုက်သည်။


ပိုင်ရဲ့ နောက်ဆုံးမှာ ကျေနပ်သွားပြီး နဖူးကို နမ်းကာ နှစ်သိမ့်ပေးလိုက်သည်။ 

"မင်း သူ့အတွက် မင်းတတ်နိုင်သလောက် လုပ်ခဲ့ပြီးပြီပဲ... ကျန်တာတွေအတွက် သူကိုယ်တိုင်တိုက်ပွဲဝင်ရမယ်...ကောင်းကောင်းအိပ်စက်ပြီး သူ့အတွက် အားသွန်ခွန်စိုက် အားပေးလိုက် ဟုတ်ပြီလား...နော်"


ညအမှောင်က လူတွေကို ရဲရင့်စေ၍ဖြစ်နိုင်သလို သူ့ရှေ့ကလူက နူးညံ့ညင်သာလွန်းနေ၍လည်းဖြစ်နိုင်သည်၊ချီရှင်းချန်၏ ညံ့ဖျင်းသည့်လှည့်ကွက်လေးတွေက အဆင်သင့်ဖြစ်နေလေပြီ။ မျက်ဆံနက်နက်များကို ဟိုရွေ့သည်ရွေ့လုပ်ပြီး ပြောလိုက်သည်။ 


"ကျွန်တော် နားလည်ပါတယ်...ဒါပေမဲ့ တကယ်အိပ်လို့မပျော်ဘူး" 


"ဒါဆို ဘယ်လိုလုပ်မှ အိပ်ပျော်မှာလဲ" 

ပိုင်ရဲ့က ပြုံးကာဆိုလိုက်သည်။


"ကျွန်တော့်ကိုထပ်နမ်း" 


ချီရှင်းချန် သူ၏ နှင်းဖြူရောင် မေးစေ့လေးကို မော့လိုက်ပြီး ပိုင်ရဲ့၏ မျက်လုံးမားရှေ့တွင် လက်ညှိုးကို ဝှေ့ယမ်းလိုက်သည်။ 

"ကျွန်တော့်ကိုထပ်နမ်းရင် ကျွန်တော်အိပ်ချင်သွားမှာ"


ချီရှင်းချန်၏အသားအရေက အလွန်ဖြူသည်။ ထို့အပြင် သူသည် ငယ်စဉ်ကတည်းက ပိုးမွေးသလိုအမွေးခံထားရသောကြောင့် သူ၏အသားအရေက အလွန်နူးညံ့သည်။


သူ့လက်ချောင်းတွေကလည်း အတူတူပါပဲင်။ အလင်းရောင်အောက်မှာ သူ့အဆစ်နားက အပြာရောင်သွေးကြောမျှင်တွေကိုပင် မြင်နေရသည်။ သူ့လက်ချောင်းထိပ်တွေက လုံးဝန်းပြီး ကျန်းမာသန်စွမ်းသည့် ပန်းနုရောင်လေးဖြစ်သည်။


ပိုင်ရဲ့ သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သူ့လက်ချောင်းတွေကို ဆုပ်ကိုင်လိုက်ကာ လက်မကနေ သူ့လက်ဖမိုးဆီတလျှောက် တစ်ဆင့်ပြီးတစ်ဆင့်နမ်းသွားလိုက်၏။


"တစ်ခါနမ်းရင် ငါးခါဖရီးရမယ်... မနက်ဖြန်မနက်ထိ မင်းအိပ်ဖို့ လုံလောက်ရဲ့လား"


ချီရှင်းချန်: "!!!" 

လုံလောက်တာထက် ပိုတယ်...


ပိုင်ရဲ့ကို အခန်းပြင်လိုက်ပို့ပြီးသည်နှင့် သူ ရှက်ပြီး မျက်နှာနီနီဖြင့် ကုတင်ပေါ် တက်၊လက်ကို ကိုင်ကာ အိပ်လိုက်သည်။


မနက်မိုးလင်း၍ မျက်နှာသစ်ချိန်၌ ပိုင်ရဲ့နမ်းထားသည့်လက်ကို သူဆေးပင် မဆေးချင်ပေ။

.


ပြင်းထန်သော လေ့ကျင့်မှု နှစ်လ၊ ပြိုင်ဆိုင်မှု၏ ဖိအားနှစ်ဆကို ခံယူကာ မိသားစုသူငယ်ချင်းများနှင့်ခွဲခွာခဲ့ရပြီး ချွေးနှင့် မျက်ရည်များ ကျခဲ့ရသည်မှာ ယနေ့အတွက်ပင် ဖြစ်သည်။


နောက်တစ်နေ့ ညနေ ရှစ်နာရီတွင် "My Time" ၏ နောက်ဆုံးအပိုင်းကိုတိုက်ရိုက်ထုတ်လွှင့်မှုကနေ ကြည့်ရှုသူ သန်းရာနှင့်ချီ၍ရှိခဲ့သည်။


တိုက်ရိုက်ကြည့်ရှုသူ ပရိတ်သတ်နှစ်ထောင်ကျော်၊ ကုမ္ပဏီများမှ ဒိုင်ငါးဆယ်၊ ပုံနှိပ်မီဒီယာ၊ သတင်းမီဒီယာစသည်ဖြင့် စုဝေးခဲ့ကြသည်။ ဂီတနည်းပြ၊ အကနည်းပြ၊ ဖျော်ဖြေရေးနည်းပြနှင့် ကြယ်အလင်းတန်းအကဲဖြတ်သူတို့ကလည်း နည်းပြထိုင်ခုံတွင် ထိုင်ကြသည်။ "My Time"၏ ပရိုမိုတာ ပိုင်ရဲ့က အစီအစဥ်တင်ဆက်သူအဖြစ် တာဝန်ယူခဲ့သည်။


ကြမ်းတမ်းသော ပြိုင်ဆိုင်မှုတစ်ခု စတင်ခဲ့သည်။ မဲပေးမှုတွင် ပါဝင်သည့် ပရိသတ်တိုင်းသည် idol ခေတ်သစ်၏ မျက်မြင်သက်သေဖြစ်သလို ဒိုင်များလည်းဖြစ်ကြသည်။


ကံအားလျော်စွာ၊ သုံးနာရီကြာ မဲပေးပြီးနောက်၊ အဆုံးတွင် ဟန်ချင်းက နှာတစ်ဖျားအသာဖြင့် ဆဋ္ဌမနေရာကို အနိုင်ယူကာ ပွဲဦးထွက်စာရင်းထဲသို့ တက်လာခဲ့သည်။


ရလဒ်များကြေညာပြီးသည့်အခိုက်တွင်


ဟန်ချင်း၏ ပထမမဆုံးတုံ့ပြန်မှုသည် ကျေးဇူးတင်ရှိမှုအပြည့်ရှိသောအကြည့်ဖြင့် ချီရှင်းချန်ကိုကြည့်ခြင်းပင်ဖြစ်သည်။ချီရှင်းချန်၏ မျက်လုံးများမှာလည်း နီရဲနေပြီး ကောင်းချီးများဖြင့် တုံ့ပြန်ခဲ့သည်။


သူက မျက်ရည်များကို ထိန်းကာ အင်တာဗျူးစင်မြင့်သို့ လျှောက်သွားခဲ့သည်။ပိုင်ရဲ့က လုပ်ထုံးလုပ်နည်းအတိုင်း မိုက်ခရိုဖုန်းကို ပေးလိုက်သည်။ 


"ရှောင်ချင်း...မင်းရဲ့အဆင့်ခြောက်နေရာမှာ အောင်မြင်တဲ့ပွဲဦးထွက်အတွက် ကွန်ဂယက်ကျူလေးရှင်းပါ...မင်းရဲ့ပရိသတ်တွေ၊ မိသားစုနဲ့ သူငယ်ချင်းတွေကို ပြောစရာရှိလား"


ဟန်ချင်းက မိုက်ခရိုဖုန်းကို ယူလိုက်သည်။ 


"ကျွန်တော် ပွဲဦးထွက်ဖို့ မမျှော်လင့်ထားပါဘူး၊ ဒါကြောင့် ဆုလက်ခံတဲ့ မိန့်ခွန်းကို ကြိုမပြင်ဆင်ခဲ့ရဘူး... မဟုတ်ဘူး ဆုလက်ခံတဲ့ မိန့်ခွန်းမဟုတ်ဘူး... ပွဲဦးထွက်မိန့်ခွန်း...ကျွန်တော် တအားစိတ်လှုပ်ရှားနေလို့... တောင်းပန်ပါတယ်..."


"ပထမဆုံးအနေနဲ့ ကျွန်တော့်ရဲ့ ပရိသတ်တွေကို ကျေးဇူးတင်ချင်ပါတယ်...သူတို့က အလုပ်ကြိုးစားပြီး ကျွန်တော့်ကို ဒီနေရာအတွက် မဲပေးခဲ့တာ...သူတို့မရှိရင် ကျွန်တော် ဒီနေ့ ဒီနေရာမှာရှိနေမှာ မဟုတ်ပါဘူး"


သူက စကားပြောနေစဉ်တွင် ကင်မရာဆီသို့ လေးလေးနက်နက် ဦးညွှတ်လိုက်သည်။ 

"မင်းတို့ရဲ့ကြိုးစားမှုအတွက်ကျေးဇူးတင်ပါတယ်... အနာဂတ်မှာ ကျွန်တော် ပိုကြိုးစားပြီး ပိုကောင်းတဲ့မျက်နှာနဲ့ မင်းတို့ကိုရင်ဆိုင်ပါ့မယ်...ကျေးဇူးတင်ပါတယ်"


"ဒုတိယအနေနဲ့ မိဘတွေကို ကျေးဇူးတင်ချင်ပါတယ်... သင်တန်းသားဖြစ်ဖို့ ဆုံးဖြတ်တုန်းက ကျွန်တော့်ကို မတားခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်... ကျွန်တော် ဘာမှမဖြစ်မြောက်နိုင်ခင်မှာ ကျွန်တော့်ကို မလှောင်ပြောင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်...ဒီနေ့အထိ ကျွန်တော့်ကို အားပေးနှစ်သိမ့်ပြီး ပွဲဦးထွက်စင်မြင့်ပေါ် တက်လှမ်းခွင့်ပြုခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"


"နောက်ဆုံးမှာ တစ်ယောက်ယောက်ကို ကျေးဇူးတင်ချင်ပါတယ်"


ထိုအချိန်တွင် သူ့အသံက ပိုပို၍ ဆို့နင့်လာကာ ထိန်းမနိုင်သိမ်းမရ မျက်ရည်များ ကျလာသည်။


ပိုင်ရဲ့က ဟန်ချင်း၏လက်ထဲသို့ တစ်ရှူးတစ်ရွက်ကို ထည့်ပေးလိုက်သည်။ဟန်ချင်းက ရှိုက်ရင်း ခဏလောက်ရပ်ပြီး တည်ငြိမ်အောင်လုပ်ပြီးမှဆိုသည်။


"သူက ကျွန်တော့်ကို ဒီအခွင့်အရေးကို ပေးပြီးတော့ လေ့ကျင့်ပေးတဲ့သူပါ...သူက ကျွန်တော့်ကို အမြဲအားပေးတယ်...အဲဒါကြောင့် ကျွန်တော် ဒီနေ့ ဒီနေရာမှာ ရပ်နိုင်ခဲ့တယ်"


"ဟုတ်ပါတယ်" 

သူက ခေတ္တရပ်ပြီး နည်းပြထိုင်ခုံဆီသို့ လှမ်းကြည့်လိုက်သည်။ 

"သူက ကျွန်တော့်ရဲ့သူဌေး၊ ကျွန်တော့်ရဲ့သူငယ်ချင်း၊ ကျွန်တော့်ရဲ့လောင်ရှီး ချီရှင်းချန်ပါ"


"'My Time'ကို မရောက်ခင်မှာ သူက ကျွန်တော့်ကို ငရဲခန်းသင်တန်းထဲ တစ်လလောက် ဆွဲခေါ်သွားတယ်...ဘယ်လောက်ထိငရဲဆန်သလဲ ကျွန်တော်ပြပါရစေ"


သူက သူ့ဖုန်းကိုထုတ်ကာ ဓာတ်ပုံအယ်လ်ဘမ်ကိုဖွင့်လိုက်ပြီး ကင်မရာက၎င်းကို အနီးကပ် ချဲ့ပြသည်။


ယင်းက အတန်းချိန်ဇယားတစ်ခုဖြစ်၏။


ချီရှင်းချန် ၎င်းကို ဖန်တီးသူဖြစ်သောကြောင့် အလွန်ရင်းနှီးသည်။


"နေ့တိုင်း ကျွန်တော်တို့ ပြင်းထန်တဲ့ လေ့ကျင့်ရေးဆယ့်လေးနာရီ၊ ကိုယ်ပိုင်လေ့လာချိန် နှစ်နာရီ စုစုပေါင်း လေ့ကျင့်ချိန် ဆယ့်ခြောက်နာရီကိုထိန်းထားရတယ်...စားတာအိပ်တာကလွဲလို့ ကျွန်တော်တို့ ကျွန်တော်တို့ရဲ့ အချိန်တွေအားလုံးကို လေ့ကျင့်ရေးအခန်းထဲမှာ ကုန်ဆုံးခဲ့ပြီး အဲဒါက တစ်လတိတိကြာခဲ့တယ်"


"သင်တန်းသားတစ်ယောက်အနေနဲ့ ကိုယ့်အသက်ကိုရင်းပြီး လေ့ကျင့်ဖို့က ပုံမှန်ပဲလို့ ထင်ကောင်းထင်နိုင်ပေမဲ့..." 


သူက အသက်ပြင်းပြင်းရှူလိုက်သည်။ 

"ချီရှင်းချန်က သင်တန်းသား မဟုတ်ပါဘူး၊ သူက နည်းပြပါ... ဒါကို မလုပ်ဖို့ ရွေးချယ်နိုင်ပေမဲ့ သူ မလုပ်ခဲ့ပါဘူး"


"ဒါကြောင့် ခင်ဗျားတို့ သူ့အင်အားကို ဘယ်လိုပဲ မေးခွန်းထုတ်နေပါစေ...ကျွန်တော့် နှလုံးသားထဲမှာ သူက ကျွန်တော့်ရဲ့လောင်ရှီးပါပဲ"


သူစကားပြောပြီးသည်နှင့် ဟန်ချင်းက နည်းပြထိုင်ခုံဆီသို့ လေးလေးနက်နက် ဦးညွှတ်လိုက်သည်။


"ရှောင်ချင်း မင်း..." 

ချီရှင်းချန်က ဘာပြန်ပြောရမှန်းမသိဘဲ အမြန်ထရပ်လိုက်သည်။


သို့ပေမဲ့ ဟန်ချင်းကဆက်ပြော၏။

"ငါ့ကို မတားပါနဲ့... ငါတို့က တစ်ယောက်နဲ့တစ်ယောက် အရမ်းရင်းနီးကြတယ်...ပုံမှန်အတိုင်းဆို ငါတို့ ဒါကို မပြောနိုင်ဘူး... ဒီနေရာမှာပဲ ပြောလို့ရတာ... ကျေးဇူးတင်ပါတယ်၊ မင်းကြောင့်ပဲ ငါဒီနေရာမှာ ရပ်နေနိုင်တာပါ"


"ဒီစင်မြင့်က ငါ့အတွက်ရောမင်းအတွက်ရောပါပဲ"


.


ပြုစုပျိုးထောင်မှုစွမ်းရည်စစ်ပွဲတစ်ခုအနေဖြင့် ပွဲဦးထွက်ပြီးနောက် အဖွဲ့၏အင်တာဗျူးများသည် နည်းပြများနှင့် ဘာမှမဆိုင်ပါချေ။


ယနေ့တွင် ဖယ်ထုတ်ခံရသော သင်တန်းသားများအားလုံး ရောက်ရှိလာပြီး မြင်ကွင်းမှာ ရင်ခုန်စိတ်တစ်ဝက်နှင့် ဝမ်းနည်းတစ်ဝက် ဖြစ်ခဲ့သည်။တုန်ချန်က အခြေအနေ ထိန်းမရတော့မည်ကို ကြောက်သောကြောင့် အခမ်းအနား ပါတီကို မပြင်ဆင်ကြပေ။ အဖွဲ့လိုက် အင်တာဗျူးပြီးနောက်တွင် သင်တန်းသားများနှင့် ကန့်သတ်ချက်များကို ဆွေးနွေးခဲ့ပြီး ၎င်းတို့ကို


နောက်ထပ် တစ်ညနေခွင့်ပေးခဲ့သည်။ နောက်နေ့မှာ သက်ဆိုင်ရာ ကုမ္ပဏီတွေကို ပြန်ပို့ပြီး စာချုပ်ချုပ်ပြီးသည်နှင့် ပွဲအတွက် အစီအစဉ်တွေ ရေးဆွဲကြမှာ ဖြစ်သည်။


ဟိုတယ်ကို နည်းပြများအတွက် နောက်ထပ် တစ်ရက် သီးသန့်ထားခဲ့သည်။ပိုင်ရဲ့နှင့်ခွဲရတော့မှာဖြစ်၍ ချီရှင်းချန် အိပ်မပျော်နိုင်ပေ။ သူက ဟန်ချင်းကိုပင် လျစ်လျူရှုကာ ဖုန်းကိုပိတ်လိုက်ပြီး ပိုင်ရဲ့ နှင့် ဆိုဖာပေါ်တွင် တစ်ညလုံး စကားပြောနေခဲ့သည်။


သူတို့ထွက်ခွာရမည့်အချိန်တွင် ပိုင်ရဲ့က သူ့ကို နာနီကားထဲထိ လိုက်ပို့သည်။ချီရှင်းချန် တည်ငြိမ်ဟန်ဆောင်ပြီး မေးလိုက်သည်။

"ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်တော်တို့ရဲ့ သဘောတူညီချက်က အကျုံးဝင်သေးလား" 


ပိုင်ရဲ့ သူပြောနေသည့် "သဘောတူညီချက်" က နေ့တိုင်း ဗီဒီယိုကောလ်ပြောရန်မှန်း သိသဖြင့် သူက သဘာဝအတိုင်း သဘောတူလိုက်၏။ 

"အကျုံးဝင်နေတုန်းပဲ"


"ကောင်းပြီ" 

ချီရှင်းချန် ခေါင်းညိတ်လိုက်သည်။ 

"ကျွန်တော်သွားနှင့်ပြီ... လေဆိပ်ရောက်ရင် ကျွန်တော့်ကိုပြော...ဂရုစိုက်နော်"


ထိုသို့ပြောပြီးနောက် ပိုင်ရဲ့က ထွက်သွားရန်ဆန္ဒမရှိမည်ကိုစိုးသလို သူကိုယ်တိုင်က ထွက်ခွာရန် ဆန္ဒမရှိမည်ကိုလည်း စိုးသဖြင့် ရက်စက်စွာ ကားတံခါးကိုပိတ်ကာ ထွက်ခွာလာခဲ့သည်။


အန်းရန်က သူတို့၏ ပဟေဠိဆန်သော စကားကြောင့် စိတ်ရှုပ်ထွေးသွားသည်။ ဆယ်မိနစ်လောက် ကားမောင်းပြီးသည့်နောက်မှာ သူမကမေးလိုက်သည်။

 "ရှင်းရှင်း...ရဲ့ကောနဲ့

ဘာသဘောတူထားတာလဲ"


" ဘာမှ မဟုတ်ပါဘူး" 


ချီရှင်းချန် သူ့ကိုယ်သူ စောင်ငယ်ဖြင့် ခြုံလိုက်ပြီး ကားပြတင်းပေါက်ကို မျက်နှာမူလိုက်သည်။ သူ့အသံက အနည်းငယ် တုန်ယင်သွားသည်။ 


"အစ်မ အန်းရန်...ခဏလောက်အိပ်ဦးမယ်...အိမ်ပြန်ရောက်ရင် နှိုးပါ"


.