အပိုင်း ၃၁
Viewers 8k


🐹 အခန်း ၃၁

 ဝူယိလေးရဲ့ လုံခြုံမှုက အားလုံးအပေါ် မူတည်နေတယ် 



ချစ်စဖွယ်အရာလေးအား ပိုင်ဆိုင်ထားသူ နျဲ့ရှောင်အားကြည့်ရင်း ထိုနေရာတွင် ရှိနေကြသူများမှာ သံပုရာသီးစားရသည့် မျက်နှာများနှင့် တူလာကြသည်။


အာ.. ဒီဒယ်ဒီက အရမ်းကံကောင်းတာပဲ..


ချဉ်လိုက်တာနော်..


ဆန်မုန့်လုံးလေး၏ “ပွေ့ဖက် နမ်းရှုံ့ခြင်း” လုပ်ငန်းစဉ်များ ပြီးဆုံးသွားသည့်အခါတွင် နျဲ့ရှောင်သည် သူ၏လက်ဖဝါးအား ဆန့်ကာ ဆန်မုန့်လုံးလေးအား သူ၏ပုခုံးထက်မှ ဆင်းစေပြီး ပင့်ချီ မြှောက်ချီ ပြုလုပ်ပေးနေသည်။


ထို “ပွေ့ဖက်၊ နမ်းရှုံ့၊ ပင့်မြှောက်” ဖြစ်စဉ် တစ်ခုလုံးအား ဆက်တိုက်ပြုလုပ်ပေးပြီးနောက် အငိုအိတ်ကလေး၏ မျက်ရည်များ ရပ်တံ့သွားပြီး နျဲ့ရှောင်၏ ရင်ဘတ်ပေါ်တွင် နာခံလိုက်နာသည့် အမူအရာဖြင့် ချစ်စဖွယ်ကောင်းစွာ ထိုင်နေလေသည်။


အပြစ်ရှိတဲ့ ဒယ်ဒီ့ကို လုံးဝ ခွင့်လွှတ်ပေးလိုက်ပြီ..


ဤအချိန်တွင်မူ အခြားသူများသည် သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်စွမ်း မရှိတော့သည့်အတွက် အနားသို့ ရောက်ရှိလာကြသည်။ သူတို့သည် နျဲ့‌ရှောင်၏ ရင်ဘတ်ပေါ်ရှိ ဆန်မုန့်လုံးလေးအား စူးစမ်းလိုစိတ်ဖြင့် ကြည့်နေကြပြီး ဟမ်းစတားလေးအနားတွင် ဝိုင်းအုံလျက် ရှိနေကြသည်။


ဟမ်းစတားလေးသည် ကြီးမားသည့် မျက်နှာကြီးများအား ကြည့်လိုက်ပြီးနောက် သူ၏ လျှို့ဝှက်ချက်သေးသေးလေးမှာ ဖော်ထုတ်ခံလိုက်ရပြီကို နားလည်သဘောပေါက်သွားလေသည်။ ချက်ချင်းပင် ကြောက်ရွံ့မှုကြောင့် မျက်ရည်များကျဆင်းလာပြီး နျဲ့ရှောင်၏ အင်္ကျီအိတ်ထဲသို့ ဝင်ပုန်းလေသည်။


ချိဝူးးးးး ပေါင်ပေါင်းကို နတ်သားလေးလိုမျိုး ခေါ်သွားပြီး ဆက်ဆံကြတော့မှာ.. QAQ


နျဲ့ရှောင်သည် ထိုအချိန်တွင် ကောင်ငယ်လေး၏ အတွေးလေးများအား ကြားနေသကဲ့သို့ သူ၏ အင်္ကျီလက်ထဲမှ တုန်ယင်နေသည့် အမွေးလုံးလေးအား ထိလိုက်သည်။


“အဆင်ပြေတယ်နော်.. မကြောက်ပါနဲ့ ပေါင်ပေါင်းရယ်.. ဒယ်ဒီက ပေါင်ပေါင်းကို ကာကွယ်ပေးမှာမို့လို့ လူဆိုးတွေက ပေါင်ပေါင်းကို သုတေသနဌာနကို ဖမ်းခေါ်သွားနိုင်မှာ မဟုတ်ပါဘူး..”


ထိုစကားအား ကြားသည့်အခါ မျက်ရည်လည်ရွဲနှင့် ဟမ်းစတားလေးသည် တုံ့ဆိုင်းမှုတစ်ဝက်ဖြင့် နျဲ့ရှောင်၏ အင်္ကျီလက်အတွင်းမှ ခေါင်းကလေး ပြူထွက်လာပြီး ရှဲ့ကျွင်းနှင့် အခြားသူများအား သတိအနေအထားဖြင့် ကြည့်လိုက်သည်။


ရှဲ့ကျွင်းထံသို့ သနားစဖွယ်အကြည့်လေး ရောက်ရှိလာသည့်အခါ သူ၏ ဝိညာဉ်မှာ ကောင်းချီပေးခံလိုက်ရသလိုပင်။ ဟမ်းစတားလေးရှေ့သို့ လက်ချောင်းတစ်ချောင်း ဆန့်ထုတ်လိုက်သည်။


“ရှောင်ဘော့စ်ရေ.. စိတ်မပူပါနဲ့နော်.. ကျွန်တော်တို့ကလည်း ကာကွယ်ပေးမှာပါ.. လူဆိုးတွေ ဖမ်းဖို့ကို လုံးဝ ခွင့်မပြုဘူး.. ကတိပေးတယ်..”


“ဟုတ်တယ်.. ဟုတ်တယ်.. အားလုံး ကတိပေးတယ်..”


အခြားသူများသည်လည်း ပြိုင်တူ ခေါင်းညိတ်လာကြသည်။ သူတို့၏ မျက်လုံးများမှာ ‌တောက်ပနေပြီး နတ်သားလေးထံမှ အကြည့်မခွာနိုင်ဘဲ ရှိနေကြကာ အသက်ရှူဖို့ရန်ပင် မေ့လျော့နေမိကြသည်။


အရမ်းချစ်စရာကောင်းပြီးသား ကောင်ငယ်လေးက ပိုပြီးတောင် ချစ်စရာကောင်းလာဦးမယ်လို့ လုံးဝ ထင်မထားဘူးနော်.. သေတော့မှာပဲ.. အားး အားးး အားးးး


လူတိုင်းထံမှ အာမခံချက် ရရှိလိုက်သော ဟမ်းစတားလေးသည် ချက်ချင်းပင် စိတ်သက်သာရာရပြီး ယုံကြည်စိတ်ချသွားလေသည်။ ရှက်ရွံ့စွာဖြင့် လက်ကလေးအား ဆန့်ကာ ရှဲ့ကျွင်း၏ လက်ချောင်းထိပ်ဖြင့် ထိလိုက်သည်။


“ချိ!”


အဲလိုပဲ ဖြစ်သွားပြီနော်.. ဒီပေါင်ပေါင်းကို လုံးဝ လုံးဝ လိမ်လို့မရဘူးမှတ်..


လက်ကလေးဖြင့် ဖွဖွကလေး ထိပုတ်ခံလိုက်ရသော ရှဲ့ကျွင်းသည် ရုတ်တရက်ဆိုသလို ဒူးများပင် ညွှတ်ခွေကျသွားလေသည်။ ချစ်စရာဆန်မုန့်လုံးလေး၏ ခပ်ဖွဖွထိပုတ်ခံထားရသည့် သူ၏လက်ချောင်းအား ကိုင်ကာ နှလုံးခုန်နှုန်းများပင် မြန်ဆန်လာပြီး အသက်ရှူရ ခက်ခဲလာသည်။


လူတိုင်းသည် ရှဲ့ကျွင်း၏ လည်ပင်းနှင့် လက်ကောက်ဝတ်ပေါ်မှ ပေါ်ထွက်နေသည့် တက်တူးများအား ကြည့်လိုက်ပြီး ဤလူကြမ်းကြီးများ၏ ဝါသနာမှာ သူတို့၏ သွင်ပြင်နှင့် လုံးလုံးလျားလျား ဆန့်ကျင်လျက်ရှိသည့် တစ်ဘက်ခြမ်းအား မြင်လိုက်ကြရလေသည်။


လက်မောင်းတွင် တက်တူးများပြည့်နေသည့် ရှဲ့ကျွင်းသည် ယနေ့တွင် မျက်ရည်ဖြိုင်ဖြိုင် ကျဆင်းလျက်ရှိသည်။


လျှိုတာ့ရှန်နှင့် ကျန်ညီငယ်လေးမှာများမှာ သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ ရင်ဘတ်များအား လက်ဖြင့်အုပ်လိုက်ကြရသည်။


ဒီလို နူးနူးညံ့ညံ့ အမွေးဖွားဖွားလေးတွေက လူကြမ်းကြီးတွေရဲ့ အကြိုက်ဆုံးပဲ မဟုတ်ဘူးလားလို့..


ဟမ်းစတားလေးသည် ရှဲ့ကျွင်း၏ ပြင်းထန်သည့် တုံ့ပြန်မှုအား မြင်လိုက်ရသည်။ လက်သည်းလေးများပင် ထွက်နေခြင်းမရှိသည့် သူ၏လက်ဖဝါးလေးအား ကြည့်လိုက်ပြီးနောက် စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကလေး စောင်းငဲ့လိုက်သည်။


ဒယ်ဒီရေ.. သူတို့က ဘာဖြစ်သွားကြတာလဲဟင်..


နျဲ့ရှောင်သည် ဆန်မုန့်လုံးလေးအား အပေါ်ဝတ်၏ အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ အလွန်အမင်း ချစ်စဖွယ်လေးများကြောင့် သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်စွမ်းမရှိသူများအား အမူအရာကင်းမဲ့စွာဖြင့် ကြည့်ပြီးနောက် သူ၏ ပေါင်ပေါင်းအား ပြောလိုက်သည်။


“သူတို့ကို ဂရုစိုက်မနေနဲ့.. အားလုံး အဆင်ပြေတယ်.. ပေါင်ပေါင်းက အရမ်းချစ်စရာကောင်းနေရုံပဲ..”


ဟမ်းစတားလေးသည် ခုခံခြင်းမရှိဘဲ နျဲ့ရှောင်၏ လက်ဖဝါးပေါ်မှ အိတ်ကပ်အတွင်းသို့ နာခံမှုရှိစွာဖြင့် လျောဝင်သွားပြီး အိတ်ကပ်အစွန်းအား လက်ကလေးနှစ်ဘက်ဖြင့် ဆုပ်ကိုင်ထားပြီး ခေါင်းကလေးပြူထွက်လျက်ရှိလေသည်။


လူတိုင်း အမှန်တကယ် အဆင်ပြေသည်ကို မြင်သည့်အခါမှသာ စိတ်သက်သာရာရပြီး ဂုဏ်ယူစွာဖြင့် ခေါင်းကလေးညိတ်လိုက်သည်။


ပေါင်ပေါင်းက သေချာပေါက် ချစ်စရာအကောင်းဆုံးပေါ့..


လူအုပ်မှာ ချစ်စဖွယ်လေးများကြောင့် နောက်တစ်ကြိမ် ပြိုလဲသွားကြပြန်သည်။


ကမ္ဘာပျက်ကပ် ဆိုက်ရောက်နေပြီ ဖြစ်သဖြင့် တစ်ချိန်လုံး ကြောက်မက်ဖွယ် ဖြစ်ရပ်များ ဖြစ်ပေါ်နေသည်ကိုသာ မြင်တွေ့နေရသည်။ ယခုအခါတွင် လူတိုင်းသည် ဤနတ်သားလေး ဖြစ်ပေါ်လာသည့် မြင်ကွင်းကိုသာ ပိုမိုလက်ခံလိုကြသည်။


ကမ္ဘာပျက်ကပ်လေ.. မဖြစ်နိုင်တာ ဘာရှိမှာလဲ..


ဆိုးဝါးလှသည့်သွင်ပြင်ရှိသော ဇွန်ဘီများနှင့် ဆန့်ကျင်ဘက်ဖြစ်ကာ ချစ်စဖွယ်အမူအရာလေးများကြောင့် သေသွားစေနိုင်လောက်သည့် ချစ်စရာနတ်သားလေး ရုတ်တရက် ပေါ်ထွက်လာခြင်းမှာ ဤနေရာရှိ လူတိုင်းအား ကောင်းချီးပေးလိုက်သလိုပင်။


ဝူဝမ်ယွီသည် စိတ်လှုပ်ရှားမှုကြောင့် ရင်ဘတ်အား လက်ဖြင့်အုပ်ထားရသည်။ မျက်နှာခပ်ရဲရဲနှင့် စူးစူးဝါးဝါး အော်ဟစ်ရင်း ရှဲ့ကျွင်းအား အဆက်မပြတ် ထိုးနှက်နေလေသည်။


သူမ၏ ရိုက်ချက်မှာ နေရာတွင်ပင် သေသွားနိုင်လောက်သည်။


ရှဲ့ကျွင်းတို့သည် ‌ရှောင်ဝူယိနှင့်အတူ ကုန်ဆုံးခဲ့ရသည့် နေ့ရက်များအား အမှတ်ရရင်း ကောင်ငယ်လေး၏ ဟမ်းစတားအသွင်သဏ္ဌာန်နှင့် ပြန်လည်တွဲမြင်ယောင်လိုက်သည့်အခါ သူတို့၏ နှလုံးသားများ အရည်ပျော်သွားကြလေသည်။


ကောင်ကလေး၏ အကျိုးအကြောင်းမသင့်မှုနှင့် နုံအအ အသိဉာဏ်လေးများအား ဖြေရှင်းပြီးသား ဖြစ်သလို ကောင်ငယ်လေးအား ပို၍ပင် ချစ်စဖွယ်ကောင်းလာစေသည်။


နင်ဖုန်း၊ သွမ့်ဝမ်ယွီနှင့် အခြားသူများသည် အမှန်တရားအား စောစီးစွာ ခန့်မှန်းမိခဲ့ကြသော်လည်း အမှန်တကယ် အသွင်ပြောင်းလဲသွားခြင်းအား မြင်တွေ့ရသည့်အခါတွင် အတော်လေး ထိတ်လန့်မိကြဆဲဖြစ်သည်။


ကမ္ဘာပျက်ကပ် မတိုင်မီတွင် နျဲ့ရှောင်၏ ပျိုးထောင်ခြင်းခံထားရသော ရှောင်ဝူယိမှာ အလွန်ထက်မြက်ကာ ပါးရည်နပ်ရည်ရှိကြောင်း သူတို့သိထားကြသော်လည်း ထိုဟမ်းစတားလေးမှာ တစ်နေ့တွင် နတ်သားလေးတစ်ပါး ဖြစ်လာလိမ့်မည်ဟူ၍ မျှော်လင့်ခဲ့ဖူးခြင်း မရှိကြချေ။


နျဲ့ရှောင်၏ ပေါင်ပေ့ ကောက်ယူခြင်းစွမ်းရည်အား သူတို့အနေဖြင့် မည်သည့်အခါတွင်မျှ မေးခွန်းမထုတ်သင့်တော့ပေ။


နင်ဖုန်းသည် မနာလိုကြီးစွာဖြင့် ပြောလေသည်။


“အလုပ်သမားလေးက တကယ့်ကို နတ်သားလေးတွေက မျက်နှာသာပေးသလိုပဲ.. သူ့ကို ကျွေးမွေးပျိုးထောင်ပေးခဲ့တဲ့ သူရဲ့အသက်ကို ပြန်ကယ်လိုက်တာ.. မနာလိုဘူးနော်.. ငါလည်း နတ်သားလေးတစ်ယောက်လောက် ကောက်ယူပြီး ပျိုးထောင်ပေးချင်တယ်လို့..”


ထိုစကားအား ကြားသည့်အခါ သွမ့်ဝမ်ယွီသည် နင်ဖုန်း၏ ဦးခေါင်းအား လက်ဖြင့်ပုတ်လိုက်ပြီး စိတ်ကူးယဉ်နေမှုအား ဖြိုခွဲလိုက်လေသည်။


“အခု မင်းတစ်ယောက်ပဲ ရှိတာတောင် ကိုယ့်ကိုယ်ကိုယ် မထောက်ပံ့နိုင်သေးဘူးလေ..”


လူတိုင်းသည် သူ၏အိတ်ကပ်ထဲရှိ ဆန်မုန့်လုံးလေးအား စိုက်ကြည့်နေကြသည်ကို မြင်သည့်အခါ နျဲ့ရှောင်သည် ပါးစပ်ကို လက်ဖြင့်အုပ်ကာ ချောင်းအသာဟန့်လိုက်သည်။ ထို့နောက် သူ၏လက်ချောင်းအား ဆန့်ကာဖြင့် အကောင်ပေါက်လေး၏ ဦးခေါင်းအား အိတ်ကပ်အတွင်းသို့ ပြန်ထည့်လိုက်ပြီး အခြားသူများ၏ မြင်ကွင်းမှ ပိတ်ဆို့တားဆီးလိုက်သည်။


မြေပြင်ပေါ်တွင် ပြုတ်ကျနေသည့် အဝတ်အစားများနှင့် စတော်ဘယ်ရီ ကျောပိုးအိတ်ကလေးအား ခါးကိုင်းကာဖြင့် ကောက်ယူပြီး‌နောက် နျဲ့ရှောင်သည် ကိုယ်ကိုမတ်ပြီး အဆင့် ၃ ဇွန်ဘီထံသို့ လျှောက်သွားလိုက်သည်။


လူတိုင်းသည် ချစ်စဖွယ်လေးအား ထပ်မမြင်ရတော့သည့်အတွက် ဝမ်းနည်းမှုန်မှိုင်းစွာဖြင့် အကြည့်များအား အဆင့် ၃ ဇွန်ဘီရှိရာသို့ ပို့လိုက်ကြသည်။ သို့သော်လည်း အကြည့်တစ်ချက်နှင့်ပင် အမြင်အာရုံများ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံလိုက်ရသည်။


ဟမ်းစတားလေး၏ နှစ်လိုဖွယ်ရှိသော ပုံရိပ်လေးနှင့် နှိုင်းစာလျှင် ဇွန်ဘီမှာ သူတို့၏ မျက်လုံးများကို ဆိုးဆိုးဝါးဝါး ထိခိုက်စေသည်။


“အား... ငါတော့ မျက်လုံးကန်းတော့မယ်..”


အဆင့် ၃ ဇွန်ဘီ : “……”


ငါကကော မျက်နှာသာမလိုချင်ဘူးတဲ့လား..


ပိုင်မေ့သည် မူလက လူတိုင်း ဟမ်းစတားလေးအား အာရုံစိုက်နေကြသည်ကို အခွင့်ကောင်းယူပြီး အမြုတေအား တိတ်တဆိတ် ထုတ်ယူလိုသော်လည်း သူ၏အစီအစဉ်အား စမည်ပြင်စဉ်မှာပင် အဆင့် ၃ ဇွန်ဘီရှိရာသို့ လာနေကြသူများအား မြင်လိုက်ရသည်။


ပိုင်မေ့သည် စိတ်ထဲတွင် တီးတိုးဆဲရေးလိုက်ပြီး မည်သည့်အရာမျှ မဖြစ်ခဲသလို သူ၏မျက်နှာထက်တွင် နူးညံ့သည့်အရိပ်အယောင်တို့ ထင်ဟပ်စေလိုက်သည်။


နျဲ့ရှောင်သည်လည်း ပိုင်မေ့အား သတိပြုမိသည်။ သို့သော်လည်း သူ၏အကြည့်သည် ပိုင်မေ့၏ မျက်နှာအား ဖြတ်ကျော်ကာ အဆင့် ၃ ဇွန်ဘီရှိရာသို့ ရောက်ရှိသွားလေသည်။


ထိုအချိန်တွင် ဝူဝမ်ယွီသည် သူမ၏ ဒိုင်းကာအားဖွင့်ကာ အပြင်ဘက်မှ အဆက်မပြတ် တိုက်ခိုက်လျက်ရှိသည့် အဆင့်နိမ့်ဇွန်ဘီများအား တားဆီးလိုက်ပြီး လူတိုင်းအတွက် အနှောင့်အယှက်ကင်းသည့် နေရာတစ်ခု ဖန်တီးလိုက်သည်။


နင်ဖုန်းတို့သည် ထိုအထူးစွမ်းရည်ကြောင့် အံ့အားသင့်လျက်ရှိကြသည်။


“အစ်ကိုရေ.. မြန်မြန်လေး လှုပ်ရှားစမ်းပါ.. မဟုတ်ရင် ဆက်ပြီးတော့ တောင့်ခံထားနိုင်မှာ မဟုတ်ဘူးနော်..”


ဝူဝမ်ယွီသည် အစ်ကိုဖြစ်သူ၏ ထိတ်လန့်နေသည့် အမူအရာအား မြင်သည့်အခါတွင် ‘ဟီးဟီး’ ဟု ရယ်မောပြီးနောက် အနည်းငယ် ရှက်ရွံ့စွာဖြင့် ဆိုလေသည်။


“ညီမလေးကလည်း အခုကနေစပြီး အစ်ကို့ကို ကာကွယ်ပေးလို့ရပြီ..” 🥰


ဝူဝမ်ချီသည် ထိုစကားများကြောင့် မျက်ရည်များ ကျဆင်းလုမတတ် ဖြစ်လာမိသည်။ ‘ငါ့ရဲ့ သမီးလေးက နောက်ဆုံးတော့ ကြီးပြင်းလာခဲ့ပြီ’ ဟူသည့် ခံစားချက်မျိုး ဖြစ်သည်။


ရှောင်ယန်သည် ထိုမြင်ကွင်းအား ကြည့်နေရင်း ပြုံးရယ်ကာ စိတ်လှုပ်ရှားနေမိသည်။


နျဲ့ရှောင်သည် အချိန်ဖြုန်းဖို့ရန် အစီအစဉ်မရှိသည့်အတွက် သူ၏ မိုးကြိုးလျှပ်စီးစွမ်းရည် ထုတ်လွှတ်ကာ အဆင့် ၃ ဇွန်ဘီအား သတ်ဖြတ်ဖို့ရန် အဆင့်သင့်ဖြစ်နေလေသည်။


သို့သော်လည်း ထိုအချိန်မှာပင် ရှဲ့ကျွင်းနှင့် အခြားသူများ၏ သံသယအပြည့်နှင့် အာမေဋိတ်သံများ ထွက်လာကြသည်။ အဆင့် ၃ ဇွန်ဘီ၏ ခန္ဓာကိုယ်ပေါ်မှ ရင်းနှီးနေသည့် အနက်ရောင်စွမ်းအင်စက်ကွင်းအားကြည့်ကာ ထူးဆန်းသည်ဟု ခံစားမိကြသည်။


“ဒီဇွန်ဘီရဲ့ စွမ်းရည်က ငါတို့သတ်ခဲ့တဲ့ ဟိုခွေးမသားရဲ့ စွမ်းရည်နဲ့ ဘယ်လိုဖြစ်ပြီး အတိအကျ တူနေရတာလဲ..”


ထိုသို့ပြောရင်း ရှဲ့ကျွင်းသည် မသိစိတ်မှ ရှောင်ဝူယိ၏ ပုံရိပ်လေးအား ရှာဖွေကြည့်လိုက်သော်လည်း ကောင်ငယ်လေးမှာ နျဲ့ရှောင်၏ အိတ်ကပ်အတွင်း၌ ရှိနေသည်ကို ရုတ်တရက် အမှတ်ရမိလိုက်သည်။


ရှဲ့ကျွင်းသည် နောက်စေ့အားထိကာ နျဲ့ရှောင်အား အနည်းငယ် ကိုးရို့ကားယားနိုင်စွာဖြင့် ကြည့်လိုက်ပြီးနောက် ပြောလေသည်။


“ဒီဇွန်ဘီကို ချည်နှောင်လိုက်တာ ရှောင်ဘော့စ်လား..”


နျဲ့ရှောင် ခေါင်းညိတ်ကာ ဖြေဆိုခြင်း မပြုမီမှာပင် သူ၏အိတ်ကပ်အတွင်းမှ အလွန်တိုးညင်းကာ ချစ်စဖွယ်ကောင်းလှသည့် အသံလေး ထွက်ပေါ်လာသည်။ ထို့နောက်တွင် ဖရဲစေ့ခွံအား ကိုင်ကာ အပြင်ဘက်သို့ ပစ်လိုက်သည့် လက်ကလေးနှစ်ဘက်အား မြင်လိုက်ရသည်။


“ချိ..!”


“ဟုတ်တယ်.. သူလုပ်လိုက်တာ..”


ကောင်ငယ်လေးသည် ဒယ်ဒီဖြစ်သူ၏ အိတ်ကပ်ထဲတွင် မည်သည့်အချိန်မှစကာ ဖရဲစေ့များအား ခွာစားနေသည်ကို မသိရချေ။


လူတိုင်း သူတို့ရင်ဘတ်များအား လက်ဖြင့်ဖိလိုက်ကြပြန်သည်။


အားးးး ငါသေတော့မယ်လို့.. 


နျဲ့ရှောင်၏ နှုတ်ခမ်းထောင့်များ မြင့်တက်လာပြီး အိတ်ကပ်အတွင်းရှိ အကောင်ပေါက်လေးအား လက်ချောင်းလေးဖြင့် အသာပွတ်လိုက်သည်။ ထို့နောက်တွင် သူ၏အရှေ့ရှိ အဆင့် ၃ ဇွန်ဘီအား အေးစက်စွာ ကြည့်လိုက်သည်။


“ဒီစွမ်းရည်နဲ့ ပတ်သက်ပြီး ဘာကိစ္စပဲ ရှိရှိ ခွဲထုတ်ပြီး ကြည့်လိုက်ရင် သိရမှာပဲ..”


ဤဇွန်ဘီ၏ နင်ဖုန်းနှင့် ရှောင်ယန်တို့အပေါ် အပြုအမူများအား အမှတ်ရမိသည့်အခါ သွမ့်ဝမ်ယွီနှင့် ဝူဝမ်ချီတို့သည် သူတို့အရှေ့တွင်ရှိနေသည့် ဇွန်ဘီအား စိမ်းစိမ်းဝါးဝါး စိုက်ကြည့်နေလေသည်။


ကျန်းချိုး၏ အမူအရာပင်လျင် အလေးအနက် ရှိနေသည်။


အပြာဖျော့ရောင်လျှပ်စီးကြောင်း ထွက်ပေါ်လာပြီးနော်က အဆင့် ၃ ဇွန်ဘီသည် ရုတ်တရက်ဆန်စွာ ပြာပုံအဖြစ်သို့ ပြောင်းလဲသွားပြီး များမကြာမီမှာပင် သူ၏ အနက်ရောင်စွမ်းအင်စက်ကွင်းသည်လည်း ပျောက်ကွယ်သွားလေသည်။ 


အဖိုးတန်ကျောက်မျက်နှင့်တူသည့် အမြုတေနှစ်ခုသည် တဖျစ်ဖျစ်မြည်သံများနှင့် မြေပြင်ပေါ်သို့ ကျလာသည်။


တစ်ခုမှာ ကြည်လင်ကာ ထွင်းဖောက်မြင်နေရပြီး ကျန်တစ်ခုမှာ မီးခိုးဖျော့ရောင် ဖြစ်သည်။


ထိုအဖြစ်အပျက်အား ကြည့်နေကြသူများမှာ အနည်းငယ် တုန်လှုပ်ထိတ်လန့်သွားမိကြသည်။


“ဒီဇွန်ဘီမှာ အမြုတေ နှစ်ခုတောင် ရှိနေတာလား.. ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ..”


နျဲ့ရှောင်သည် ရှေ့သို့တိုးကာ အမြုတေ နှစ်ခုစလုံးအား ကောက်ယူလိုက်ပြီး နှစ်စက္ကန့်မျှ လေ့လာကြည့်လိုက်သည်။ သူ၏မျက်လုံးများ မှေးကျဉ်းသွားပြီးနောက် ဤအရာသည် ထိုသူများ ပြောခဲ့သည့်အတိုင်း ဖြစ်လေသည်။


“မဟုတ်ဘူး.. ဒီထဲက တစ်ခုက ဇွန်ဘီရဲ့ ကိုယ်ပိုင်အမြုတေ မဟုတ်ဘူး..”


နျဲ့ရှောင်သည် မီးခိုးဖျော့ရောင်တစ်ခုအား ကောက်ယူလိုက်ပြီး အေးစက်သည့် မျက်လုံးများဖြင့် ရှင်းပြလေသည်။


“ဒီတစ်ခု.. ငါ ဒီကနေ စွမ်းအင်စုပ်ယူလို့ မရဘူး.. မင်းတို့ခန့်မှန်းတာသာ မှန်မယ်ဆိုရင် ဒီဟာက မင်းတို့ပြောခဲ့တဲ့ ခွေးမသားရဲ့ အမြုတေပဲ ဖြစ်ရမယ်..”


“ငါတို့အားလုံးမှာ ဒီလိုမျိုး အမြုတေ ရှိကြတယ်..”


နျဲ့ရှောင်စကားဆုံးသည်နှင့် သွမ့်ဝမ်ယွီသည် သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းအား စွမ်းရည်အဖြစ်သို့ ပြောင်းလဲလိုက်သည်။ ထို့နောက် သွမ့်ဝမ်ယွီ၏ ထွင်း‌ဖောက်မြင်နေရသည့် လက်မောင်းတွင် အပြာဖျော့ရောင် အမြုတေတစ်ခု ဖွဲ့တည်နေသည်ကို မြင်လိုက်ရသည်။ ထိုအမြုတေသည် မျက်စိတစ်မှိတ် အတွင်းမှာပင် ပတ်ပတ်လည်ရှိ ရေများနှင့် ရောနှောပေါင်းစပ်သွားလေသည်။


“အဲဒါကြောင့် ခင်ဗျားက ကျွန်တော်နဲ့ ယန်ကျဲကို အရင်ပြေးခိုင်းတာလား..”


နင်ဖုန်း ထိတ်လန့်မသွားဘဲ မနေနိုင်ချေ။


“ဟုတ်တယ်.. မင်းတို့ခန္ဓာကိုယ်က အမြုတေကို ထုတ်ယူဖို့က ငါတို့ထက် ပိုလွယ်တယ်..”


သွမ့်ဝမ်ယွီသည် နင်ဖုန်း၏ ခေါင်းလေးအား ပွတ်ပေးလိုက်သည်။


ထိုအချိန်မှာပင် နံဘေးတွင် တိတ်တဆိတ်သာ ရှိနေခဲ့သူ လျှိုတာ့ရှန်မှာ ရုတ်တရက် စကားပြောလသည်။ သူ၏မျက်လုံးများမှာ တည်ငြိမ်လျက်ရှိသည်။


“ရှာနေစရာ မလိုဘူး.. အဲဒါက ငါတို့ရဲ့ ဦးနှောက်ထဲမှာပဲ ရှိရမယ်..”


သူတို့ မုန့်ကွမ်းယောင်အား ရှင်းလင်းစဉ်တွင် သူ၏ ဦးခေါင်းကိုသာ ချန်ထားရစ်ခဲ့သည်။

....


စာရေးသူမှာ ပြောစရာအချို့ ရှိပါတယ်။


ဟမ်းစတားလေး၏ ဘက်ပေါင်းစုံအား ဖော်ထုတ်ပြီးဖြစ်ပါတယ်။ 


လျှို့ဝှက်ချက်သေးသေးလေးမှာလည်း ဖော်ပြလိုက်ပြီး ဖြစ်သည့်အတွက် ချစ်စရာလေးတွေ ရောင်းချဖို့ ပိုပြီးတော့ သင့်တော်သွားပြီပဲ ဖြစ်ပါတယ်။


ပျော်ရွှင်စွာနဲ့ ချစ်စရာလေးတွေကို စားသုံးကြပါစို့။ ৻( •‌ ᗜ •‌ ৻)