အပိုင်း ၃၂
Viewers 8k


🐹 အခန်း ၃၂ ဝူယိလေးက ဒယ်ဒီ့ကို အချစ်ဆုံး 




သူတို့ နိုးထလာချိန်တွင်* နျဲ့ရှောင်တို့သည် သူတို့၏ ခန္ဓာကိုယ်ထဲ၌ အမြုတေများ ရှိသည်ကို သိရှိထားပြီး ဖြစ်ကြသည်။ သို့သော်လည်း သူတို့၏ အမြုတေများမှာ သူတို့ ဆန္ဒရှိစွာဖြင့် ပေါင်းစပ်ဖွဲ့စည်းသည့် အခါမှသာ ပုံသဏ္ဌာန်ပေါ်လာမည် ဖြစ်သည်။


တစ်ပြိုင်နက်တည်းမှာပင် နိုးထနေစဉ်တွင် သူတို့၏ ခန္ဓာကိုယ်ထဲတွင် မူလက ရှိခဲ့သည့် အမြုတေ အရည်ပျော်သွားပြီး ခန္ဓာကိုယ်၏ မတူညီသည့် အစိတ်အပိုင်းများသို့ လှည့်လည်နေမည်ဖြစ်သည်။ ပိုင်ရှင်ဖြစ်သူမှ ဖွဲ့စည်းမှု မပြုမချင်း အခြားသူများသည် အမြုတေအား လွယ်လင့်တကူ ဆွဲထုတ်ယူနိုင်လိမ့်မည် မဟုတ်ချေ။


သို့သော်လည်း ယခုထိတိုင် နိုးထခြင်းမရှိသေးသူများမှာမူ အမြုတေသည် ခန္ဓာကိုယ်၏ တစ်နေရာတွင် ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် အဆင့် ၃ ဇွန်ဘီသည် နင်ဖုန်းနှင့် ရှောင်ယန်တို့ထံ ဦးတည်ချက်ပြောင်းကာ တိုက်ခိုက်မည် ပြုလာသည့်အခါ နျဲ့ရှောင်သည် ချက်ချင်းပင် သူတို့နှစ်ဦးအား ထွက်သွားရန် စေခိုင်းခဲ့ခြင်း ဖြစ်သည်။


ထိုအချိန်က ကျန်းချိုး လှုပ်ရှားမှု ပြုချိန်တွင် သူသည်လည်း အဆင့် ၃ ဇွန်ဘီ မည်သည့်အရာကို ဦးတည်နေသည်အား မြင်နိုင်လေသည်။


သူတို့၏ သဏ္ဌာန်မဲ့ အမြုတေများနှင့် နှိုင်းစာလျှင် ဇွန်ဘီသည် သဘာဝကျစွာပင် တိုက်ရိုက်ဆွဲထုတ်ယူနိုင်သည့် အမြုတေများကို ပိုမိုလိုလားပေလိမ့်မည်။


နင်ဖုန်းသည် ထိုခွဲခြမ်းစိတ်ဖြာချက်အား ကြားသည့်အခါ သူ၏ဦးခေါင်းအား ဆုပ်ကိုင်ကာ ခိုက်ခိုက်တုန်လျက်ရှိသည်။


“အဲဒီတော့ ကျွန်တော့်ရဲ့ခေါင်းထဲမှာရှိတဲ့ အမြုတေက ဇွန်ဘီတွေရဲ့ မျက်လုံးထဲမှာဆို အရသာရှိတဲ့မုန့် ဖြစ်နေတာပေါ့နော်..”


“ဒါပေါ့..”


သွမ့်ဝမ်ယွီသည် နင်ဖုန်း၏ ဦးခေါင်းအား ပုတ်ကာဖြင့် နူးညံ့စွာ ပြောလေသည်။


“ဆင့်ကဲစွမ်းအင်နိုးထလာတဲ့အချိန်ထိ မင်းရဲ့ခေါင်းသေးသေးလေးထဲမှာရှိတဲ့ အမြုတေကို အစွမ်းကုန် ကာကွယ်ရမှာ ဟုတ်ပြီလား..”


ကျောင်းအုပ် ယွမ်နှင့် အခြား သာမန်ကျောင်းသားများသည် ထိုစကားများအား ကြားသည့်အခါ ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန်တို့အား စိုးရိမ်စွာဖြင့် လှည့်ကြည့်မိကြသည်။


သူတို့နှစ်ဦး၏ အမြုတေများအား ဇွန်ဘီတစ်ကောင်မှ ထုတ်ယူသွားပြီး အစွမ်းထက်လှသည့် စွမ်းရည်များအား အသုံးပြုလာမည်ဆိုပါက ဟူသည့် အတွေးများကြောင့် ခိုက်ခိုက်တုန်လာကြသည်။ 


ဇွန်ဘီတစ်ကောင်သည် အမြုတေပေါင်းများစွာအား လက်ဝါးကြီးအုပ်ထားမည်ဆိုပါက မည်ကဲ့သို့သော ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်များ ဖြစ်လာနိုင်မည်ကို တွေးကြည့်ဖို့ရန်ပင် မလိုအပ်တော့ချေ။


ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန်၏ အနီးတွင်ရှိသော ကျောင်းသားအချို့သည် ကြောက်လန့်ကာဖြင့် ပြောလာကြသည်။


“အစ်ကိုကျွင်း နဲ့ အစ်ကိုတာ့ရှန်ရေ.. အစ်ကိုတို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမယ်နော်.. အစ်ကိုတို့ရဲ့ စွမ်းရည်ကို လုယူသွားတဲ့ ဇွန်ဘီရဲ့ တူနဲ့ထုခံရတာတို့ ခုတ်ပိုင်းခံရတာတို့ ဖြစ်ပြီးတော့ မသေချင်ဘူးလို့..”


ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန်တို့လည်း ခေါင်းညိတ်လိုက်ကြသည်။ သူတို့၏ အမူအရာများမှာလည်း လေးနက်စွာ ရှိနေကြသည်။


ယနေ့အဖြစ်အပျက်သည် သူတို့၏ အသိစိတ်အား ပြန်လည်နှိုးဆွပေးလိုက်သကဲ့သို့ပင် ဖြစ်သည်။ မုန့်ကွမ်းယောင်၏ စွမ်းရည်များနှင့်သာ သူတို့ရင်းနှီးခဲ့ဖူးခြင်း မရှိခဲ့လျှင် ဇွန်ဘီများသည် သူတို့၏ အမြုတေများအား ဝါးမျိုနိုင်စွမ်းရှိလိမ့်မည်ဟု မည်သည့်အခါတွင်မျှ သိကြလိမ့်မည် မဟုတ်ပေ။


ပိုင်မေ့သည် ထိုလူတစ်အုပ်အား ကြည့်နေရင်း သူ၏အမူအရာမှာလည်း မတည်ငြိမ်ဘဲ ပြောင်းလဲလျက်ရှိသည်။ နှုတ်ခမ်းတင်းတင်းစေ့ကာ လက်သီးတင်းတင်းဆုပ်ထားမိသည်။


နောက်တစ်ကြိမ် သူ၏အစီအစဉ်အား အောင်အောင်မြင်မြင် ပြီးမြောက်စေလိုပါက ပိုမိုခက်ခဲလာပေတော့မည်။


သတိအပြည့်ရှိနေသည့် နျဲ့ရှောင်၏ အဖွဲ့မှလွဲ၍ ရှဲ့ကျွင်း၊ လျှိုတာ့ရှန်နှင့် အခြားသူများသည် တစ်ချိန်လုံး အသင့်အနေအထားဖြင့် ရှိနေရန် လိုအပ်သည်။


“အိုး.. ဟုတ်သားပဲ.. အဲဒီ အမြုတေကို ဘယ်လိုလုပ်ကြမလဲ..”


ကျောင်းသားတစ်ဦးသည် နျဲ့ရှောင်၏ လက်ထဲရှိ အမြုတေအားကြည့်ကာ မေးလာသည်။ ထိုအမြုတေအား ကောင်းမွန်စွာ ကိုင်တွယ်ခြင်းမပြုလျှင် မဆုံးနိုင်သည့် ပြဿနာများ လိုက်ပါလာပေလိမ့်မည်။


ထိုအမေးအား ကြားသည့်အခါ ပိုင်မေ့၏ မျက်လုံးများ အရောင်လက်လာသည်။ ဆတ်ခနဲ ခေါင်းမော့လိုက်ပြီးနောက် သူ၏ နေရာလွတ်ထဲတွင် လုံခြုံစွာဖြင့် သိမ်းဆည်းနိုင်ကြောင်း အကြံပြုလိုသည်။


သို့သော်လည်း ထိုအချိန်မှာပင် နျဲ့ရှောင်၏ အိတ်ကပ်အတွင်းမှ နူးနူးညံ့ညံ့ ချစ်စဖွယ်အသံလေး ထွက်ပေါ်လာသည်။ ဟမ်းစတားလေးသည် ခေါင်းပြူထွက်လာပြီးနောက် ရဲရင့်စွာဖြင့် စေတနာ့ဝန်ထမ်းပြုလုပ်ရန် သူ့ကိုယ်သူ အဆိုပြုလေသည်။ အမြုတေအား ရချင်သည့်အကြောင်းအား သူ၏ လက်ဖဝါးလေးအား ဆန့်ကာဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။


“ချိ..!” 


ပေါင်ပေါင်းကို ပေး.. ပေါင်ပေါင်းကို ပေးပါ.. ပေါင်ပေါင်းက လုံလုံခြုံခြုံလေး သိမ်းပေးထားမှာ..


ထိုအပြုအမူအား မြင်သည့်အခါ ရှဲ့ကျွင်းတို့သည် ချက်ချင်းပင် စိတ်သက်သာရာ ရသွားကြပြီး ပြိုင်တူ ခေါင်းညိတ်လိုက်ကြသည်။


“အဲဒါဆိုလည်း ရှောင်ဘော့စ်ကိုပဲ သိမ်းခိုင်းထားလိုက်ပါ.. ရှောင်ဘောစ့်နဲ့ဆိုရင် လုံးဝ လုံးဝ ပြဿနာရှိမှာ မဟုတ်ဘူး..”


နျဲ့ရှောင်သည် ရှဲ့ကျွင်းတို့၏စကားအား နားထောင်ပြီးနောက် ဟမ်းစတားလေးထံ အမြုတေ လက်လွှဲပေးလိုက်သည်။ ကောင်ငယ်လေးသည် အမြုတေအား ဆုပ်ကိုင်ထားရင်း နျဲ့ရှောင်၏ အိတ်ကပ်အတွင်းသို့ ပျော်ရွှင်စွာ တိုးဝင်သွားပြီး ပြန်ထွက်လာသည့်အချိန်၌ အမြုတေအား မည်သည့်နေရာတွင်မျှ မတွေ့ရတော့ချေ။


“ချိ..!” ဒယ်ဒီက ပေါင်ပေါင်းကို ချီးကျူးပေး.. ଘ(੭˃ᴗ˂)੭


ဤသည်မှာ ဆန်မုန့်လုံးလေး၏ စွမ်းရည်ဖြစ်နိုင်မည်ဟု နျဲ့ရှောင် သိထားသော်ငြား ပါးစုံဖောင်းဖောင်းလေးထဲတွင် ဖွက်သိမ်းထားခြင်း ရှိ မရှိအား သံသယမဝင်မိဘဲ မနေနိုင်ချေ။ လက်ချောင်းနှစ်ချောင်းဖြင့် ဖောင်းအိအိ ပါးစုံလေးများအား ဖျစ်ညှစ်ကာ ပွတ်သပ်လိုက်ပြီး မည်သည့်အရာမျှ ရှိမနေကြောင်း အတည်ပြုပြီးသည့် အခါမှသာ စိတ်သက်သာရာ ရနိုင်တော့သည်။


ကိုယ်ဟန်ပျက်သည်အထိ ပွတ်သပ်ခံလိုက်ရသော ဟွမ်းစတားလေးသည် ဒေါသတကြီး ဖြစ်လာပြီး သူ၏ ဖွံ့ထွားထွား ပါးနှစ်ဖက်အား ကာကွယ်သည့်အနေဖြင့် အိတ်ကပ်အတွင်းသို့ ပြန်ဝင်သွားလေသည်။


“ချိ..!” မုန်းစရာနော်..


နျဲ့ရှောင် နူးနူးညံ့ညံ့ ပြုံးလိုက်မိသည်။


ထိုအဖြစ်အပျက်အား ကြည့်နေကြသူများမှာ မနာလိုမှုကြောင့် မျက်လုံးများ နီရဲလာကြသည်။ 


အားးး အဲဒီ ပါးဖောင်းဖောင်းလေးတွေက လုံးဝကို နူးညံ့ပြီး ပွတ်လို့ ကောင်းမှာသေချာတယ်.. အူးဝါးးး ငါတို့လည်း ဒယ်ဒီတွေ ဖြစ်ချင်ကြပါတယ်လို့..


ထိုမနာလိုဝန်တိုသည့် အကြည့်များကြောင့် ဤအနေအထားနှင့် ကိုက်ညီမှုမရှိသော ပိုင်မေ့၏ မျက်နှာထက်ရှိ မကျေချမ်းနိုင်သည့် အမူအရာများမှ မသင့်တော်မှုအား လျော့ကျစေသည်။


ပိုင်မေ့သည် နျဲ့ရှောင်၏ အိတ်ကပ်အတွင်းရှိ ဖောင်းအိအိ ဆန်မုန့်လုံးလေးအား စိုက်ကြည့်ပြီး အသက်ပြင်းပြင်း ရှူလိုက်မိသည်။ နှလုံးသားထဲရှိ အမျက်ဒေါသနှင့် မကျေနပ်မှုတို့အား ကြိုးစားဖိနှိပ်ကာ သူ၏ အာရုံအား အခြားနေရာများသို့ ပြောင်းနိုင်ရန် ကြိုးစားလိုက်သည်။


ယနေ့တွင် သူသည် မည်သည့်အရာကိုမျှ မရခဲ့ရုံသာ မကဘဲ အစွမ်းထက် အမြုတေတစ်ခုကိုပါ ဆုံးရှုံးခဲ့ရလိမ့်မည်ဟု မည်သူထင်မည်နည်း။

***


ညအချိန်တွင် အဖွဲ့သည် အတော်အသင့် လုံခြုံသည့် အိမ်တစ်လုံးအား ရှာတွေ့ခဲ့ကြသည်။ အားအင်ကုန်ခမ်းပြီး ပြဿနာပေါင်းစုံနှင့် ကြုံတွေ့ခဲ့ရသည့် တစ်နေရာအား ဖြတ်သန်းပြီးနောက်တွင် တင်းကြပ်နေခဲ့သည့် အာရုံကြောများ ခဏတာ အနားယူနိုင်ကြပြီ ဖြစ်သည်။


လူတိုင်းသည် စိတ်ထဲတွင် သိမ်းထားခဲ့ရသည့် ပြောပြလိုသော အကြောင်းအရာများစွာ ရှိလေသည်။ ထို့ကြောင့် ရှားပါးလှသည့် ငြိမ်းအေးမှုအား အခွင့်ကောင်းယူကာ တစ်ပြိုင်နက်တည်း အလုအယက် ပြောဆိုကြလေသည်။


ဝူဝမ်ယွီသည် လမ်းတစ်လျှောက် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များအား ဝူဝမ်ချီအား ပြောပြလျက်ရှိပြီး ဝူဝမ်ချီသည်လည်း သူတို့ခရီးစဉ်အကြောင်းအား အကျဉ်းချုံး ပြန်လည်ပြောပြလေသည်။


ဟာပင်းနှင့် မြို့တော်တို့၌ အခြေစိုက်စခန်းများ တည်ဆောက်ပြီးသည့်အကြောင်းအား သိရှိလိုက်ရသည့်အခါ ထိုနေရာများတွင် နေထိုင်ကြသည့် ကျောင်းသားအများစုမှာ စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုကြောင့် မျက်ရည်များ ကျဆင်းလာမိကြသည်။


ဟမ်းစတားလေးထံ၌လည်း နျဲ့ရှောင်အား ပြောစရာအများအပြား ရှိနေသည့်အတွက် နျဲ့ရှောင်၏ နားရှိရာသို့ မှီတွယ်ကာဖြင့် တချိချိ အသံလေးများဖြင့် တီးတိုးပြောဆိုလျက်ရှိသည်။


နျဲ့ရှောင်သည် အချိန်နှင့်အမျှ ဟမ်းစတားလေး ပြောသည့်စကားများအား ခေါင်းညိတ်ကာဖြင့် တုံ့ပြန်မှုပေးလျက်ရှိသည်။


နျဲ့ရှောင်၏ နံဘေးရှိ လူများမှာ ထိုမြင်ကွင်းအား ကြည့်နေရင်း အနည်းငယ်မျှ အံ့အားမသင့်ဘဲ မနေနိုင်ကြချေ။ နျဲ့ရှောင်သည်လည်း တိရစ္ဆာန်အဖြစ်မှ နတ်သားလေးအဖြစ်သို့ ပြောင်းလဲလာခြင်းများလား ဟူ၍ပင် သံသယဝင်လုနီးနီး ဖြစ်လာမိကြသည်။ သို့တည်းမဟုတ်ပါက မည်သည်ကြောင့် ဟမ်းစတားလေး၏ စကားတို့အား ကျွမ်းကျင်မြန်ဆန်စွာ တုံ့ပြန်နိုင်ရသနည်း။


နင်ဖုန်းသည် လူတိုင်း၏ မျက်နှာပေါ်ရှိ သိလိုစိတ်များအား သတိပြုမိသည့်အတွက် နျဲ့ရှောင်အတွက် အလွန်အမင်း ပင့်မြှောက်ကြွားဝါခြင်းတို့ ပြုလုပ်လေသည်။ နျဲ့ရှောင်သည် ဟမ်းစတားလေးနှင့် မကြာခဏဆိုသလို ဗီဒီယိုကောလ်များ ခေါ်ဆိုတတ်ပြီး အဆိုပါ ခေါ်ဆိုမှုများသည်လည်း နာရီပေါင်းများစွာ ကြာမြင့်တတ်သည်။ မျက်စိပါသည့် မည်သိုမဆို ထိုအရာအား မြင်နိုင်သည်။


“ကျွန်တော်တို့ရဲ့ ဘော့စ်က ဘာသာစကားအများကြီးကို ကောင်းကောင်းပြောတတ်တယ်လေ.. အထူးသဖြင့် ဟမ်းစတား ဘာသာစကားပေါ့.. ဟမ်းစတား စကားကိုတော့ အရမ်း ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တာ..”


နျဲ့ရှောင် : “…” သူ့အနေဖြင့် ဟမ်းစတားလေး ပြောနေသည်များကို နားမလည်ပါသော်လည်း ထိုအကောင်ပေါက်လေး ဖော်ပြလိုသည့် အပေါ်ယံ သဘောတရားနှင့် ဆိုလိုရင်းကို နားလည်နေခြင်းသာ ဖြစ်သည်။


ဟမ်းစတားလေးသည် နင်ဖုန်း၏ စကားများကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။


“ချိ..!” ငါ့ဒယ်ဒီက ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ မဟုတ်လား.. (ㅅ´ ˘ `)


ထိုအသံလေးအား ကြားလိုက်ရသော နျဲ့ရှောင်သည် ဟမ်းစတားလေးအား ကြည့်လိုက်သည့်အခါ ဂုဏ်ယူနေသည့် သွင်ပြင်အား မြင်လိုက်ရလေသည်။ နျဲ့ရှောင်သည် သဘောကျစွာဖြင့် ဆန်မုန့်လုံးလေးအား ဘောလုံးလေးသဏ္ဌာန် စုကာ လက်ဖဝါးပေါ် တင်လိုက်ပြီးနောက် ယုယုယယ ပွတ်သပ်ပေးနေမိသည်။


ဒယ်ဒီဖြစ်သူ၏ ယုယစွာ ထွေးပွေ့မှုအား အချိန်ကြာမြင့်စွာ မရရှိခဲ့သော ဟမ်းစတားလေးသည် ဟမ်းစတားကိတ်မုန့်တုံးလေးသဖွယ် သက်သောင့်သက်သာ ရှိလှစွာဖြင့် အရည်ပျော်ကျသွားပြီး သူ၏ မျက်နှာပိစိလေးထက်တွင်လည်း ပျော်ရွှင်ကြည်နူးမှုတို့ အထင်းသားပင်။


ဒယ်ဒီ့လက်က အရမ်းနွေးနေရော.. ပွားးးးးးး


အရမ်းဇိမ်ရှိတာနော်.. ဟားးး


နျဲ့ရှောင် နောက်တစ်ဖန် ပြုံးရယ်မိလိုက်သည်။


သူတို့၏ ပတ်လည်တွင် ရှိနေသူများမှာ ထို ‘အဖေနှင့် သား’ အကြားမှ စကားပြောခန်းအား ကြည့်ရင်း ထိုလူနှင့် ဟမ်းစတားတို့ ပြောဆိုနေကြသည်များအား အသည်းများ အူများပါ ယားယံလာကြသည်အထိ သိလိုကြနေမိသည်။


“ဝူယိရေ.. ပြန်ပြောင်းလိုက်ပါဟာ.. နော်.. နင်အခုပြောနေတာကို ငါတို့ နားမလည်ဘူးလို့..”


ဝူဝမ်ယွီသည် နျဲ့ရှောင်၏ လက်ပေါ်ရှိ ဟမ်းစတားလေးအား စိတ်အားထက်သန်စွာဖြင့် ကြည့်လိုက်ပြီးနောက် ရိုးသားစွာ တောင်းဆိုလိုက်သည်။


ဟမ်းစတားလေးသည် နျဲ့ရှောင်အားကြည့်ပြီးနောက် စိတ်ရှုပ်ထွေးနေဟန်ရှိသည့် လူများအား ကြည့်ကာ အကြီးအကျယ် သက်ပြင်းချလိုက်တော့သည်။


“ချိ..!” ခင်ဗျားတို့ကို ဘာမှလုပ်ပေးလို့ မရဘူးရယ်.. တကယ်ကိုပဲ ငါ့ဒယ်ဒီက အမိုက်ဆုံး..


ဟမ်းစတားလေး ပြောသမျှအား နားထောင်နေသူ နျဲ့ရှောင်သည် နောက်တစ်ဖန် ရယ်မောလိုက်ပြန်သည်။


ထိုမြင်ကွင်းအား ကြည့်နေကြသူများမှာ အလွန်ချဉ်လာကြသည့်အတွက် သူတို့၏ လက်ကိုင်ပုဝါများအား ကိုက်နေမိကြသည်။ 


အားးးးးး ဒီကလေးက ဘာလို့များ ငါတို့ကလေးလေး မဖြစ်ရတာတုန်း.. ငါတို့ကလည်း ဘာကိစ္စနဲ့ ဘာတစ်လုံးမှ နားမလည်ကြရတာလဲ..


များမကြာမီတွင် တစ်ခုခု ပြောနေသကဲ့သို့ ‘တချိချိ’ အသံလေးများဖြင့် သူ၏ စတော်ဘယ်ရီအိတ်ကလေး ရှိရာသို့ ပြေးသွားသည့် ဟမ်းစတားလေးအား လူတိုင်း မြင်တွေ့လိုက်ရသည်။


ဟမ်းစတား ဘာသာစကားအား အဆင့် ၁၀ အထိ ကျွမ်းကျင်သူ နျဲ့ရှောင်သည် ကူညီကာ ဘာသာပြန်ဆိုပေးလိုက်သည်။


“အသွင်ပြန်ပြောင်းတော့မှာမလို့ ချောင်းမကြည့်ကြပါနဲ့လို့ ဝူယိက ပြောနေတယ်..”


ထိုသို့ပြောပြီးနောက် နျဲ့ရှောင်သည် သူ၏ကလေးအား အိတ်ထဲရှိ အဝတ်အစားများ ထုတ်ယူရန် ကူညီပေးလိုက်သည်။


လူအုပ်သည်လည်း ဝူယိလေးပြောသည့်အတိုင်း လိုက်နာကြပြီး ချက်ချင်းပင် တစ်ဘက်သို့ ခေါင်းလှည့်လိုက်ကြသည်။


‘မိစ္ဆာဆိုရင် မကြည့်နဲ့.. မိစ္ဆာဆိုရင် နားမထောင်နဲ့..’ ဟူသည့် သဏ္ဌာန်အား အပြည့်အဝ ပုံဖော်လျက်ရှိကြသည်။


သို့သော်လည်း နျဲ့ရှောင်သည် ကျောပေးထားသော လူများအားကြည့်လိုက်ပြီး ရုတ်တရက် စိတ်မသက်မသာ ခံစားလာရသည်။ ထို့ကြောင့် မတ်တတ်ရပ်လိုက်ပြီး ဟမ်းစတားလေးအား အခန်းထဲမှ ခေါ်ထုတ်ကာ အခန်းလွတ်တစ်ခုထဲသို့ ဝင်ပြီးနောက် နေရာချလိုက်သည်။ ထို့နောက် အကောင်ပေါက်လေး ကိစ္စအဝဝ ပြီးစီးသည်အထိ အခန်းအပြင်တွင် မတ်တတ်ရပ်နေလိုက်သည်။


လူအုပ်သည် ထိုအခြင်းအရာအား မြင်သည့်အခါ ကြက်လည်လိမ်ခံရသကဲ့သို့ ညည်းညူလျက်ရှိကြလေသည်။


ကျွတ်.. နှမြောစရာကောင်းလိုက်တာ..


နျဲ့ရှောင် : “……” ထင်နေတယ်.. ¬_¬


များမကြာမီတွင် အဝတ်အစားများ ဝတ်ဆင်ထားပြီးသောလူသားခန္ဓာကိုယ်နှင့် ငယ်ရွယ်သည့် ကောင်လေးတစ်ဦးသည် လူများ၏ရှေ့မှောက် ပြန်လည်ရောက်ရှိလာခဲ့သည်။ တံခါးဖွင့်လိုက်ပြီးသည်နှင့် ထိုကောင်ငယ်လေးသည် နျဲ့ရှောင်၏ လက်မောင်းအတွင်းသို့ တိုက်ရိုက်ခုန်ဝင်လိုက်သည်။


လူငယ်လေး၏ ခုန်အုပ်ခံလိုက်ရသော နျဲ့ရှောင်မှာ ရုတ်ချည်းဆိုသလို ခပ်တောင့်တောင့် ဖြစ်သွားလေသည်။ သို့သော်လည်း ဟမ်းစတားလေးနှင့် ခြားနားမှု မရှိပါသော ချစ်စဖွယ် တုံးအအ ကောင်ကလေးအား မြင်လိုက်သည့်အခါ လျင်မြန်စွာပင် အသားကျလာပြီး နှလုံးသားတစ်ခုလုံး နူးညံ့မှုများအပြည့် ဖြစ်လာသည်။


ငါ့ကလေးလေးက လူပုံစံ ပြောင်းသွားလည်း ငါ့ကလေးလေး ဖြစ်နေဆဲပဲ.. (❀❛ ֊ ❛„)♡


စိတ်အခြေအနေအား ချိန်ညှိပြီးသည့်နောက်တွင် နျဲ့ရှောင်သည် ကောင်ငယ်လေးအား ဟမ်းစတားလေးအား ဆက်ဆံသကဲ့သို့ ဆက်ဆံလေသည်။ ကောင်ငယ်လေးအား သူ၏ ပွေ့ဖက်မှုထဲတွင် ရှိနေစေပြီး အနည်းငယ်မျှပင် မသက်မသာ မခံစားရချေ။


“ဒယ်ဒီရေ.. ပေါင်ပေါင်းရဲ့ လက်ကလေးတွေကို ကြည့်ပါဦး.. ဒယ်ဒီ့လိုမျိုးပဲ တွေ့လား.. ဒါပေမဲ့ ဒယ်ဒီ့ထက် နည်းနည်းပိစိလေး ပိုသေးနေတယ်နော်..”


ရှောင်ဝူယိသည် နျဲ့ရှောင်၏ လက်အား ဆွဲယူကာ နှိုင်းယှဉ်ကာဖြင့် ဆော့ကစားလျက်ရှိနေပြီး နျဲ့ရှောင်သည်လည်း ကောင်ငယ်လေး၏ လက်ကလေးအား ပြန်လည်ဆွဲယူကာ ဖျစ်ညှစ်ထားလေသည်။


“ပေါင်ပေါင်းက ဒယ်ဒီ့ကို အရမ်းပဲ ခက်ခက်ခဲခဲ ရှာခဲ့ရတာ.. အာ.. ဟုတ်သားပဲ.. ဒယ်ဒီပြန်လာရင် စတော်ဘယ်ရီ အကြီးကြီးနှစ်ခု ပေးမယ်လို့ ပြောခဲ့တယ်လေ..” (੭˃ᴗ˂)੭


“ဒယ်ဒီက စတော်ဘယ်ရီကို အကြွေးမှတ်ထားလိုက်ပြီး နောက်မှ ပေးမယ်လေ.. နော်..”


နျဲ့ရှောင်သည် နူးညံ့မှုအပြည့်ဖြင့် ကောင်ငယ်လေး၏ ဦးခေါင်းအား ပွတ်သပ်ပေးလို့နေသည်။


သူတို့အနီးတွင် ရှိနေကြသူများသည် ပုံသဏ္ဌာန် ပြောင်းလဲပြီးသည့်တိုင် ဆက်လက်ရင်းနှီးကျွမ်းဝင်မှု ရှိနေဆဲဖြစ်သည့် ထို ‘အဖေနှင့်သား’ အား ကြည့်နေကြသည်။ ရုတ်တရက်ဆိုသလို ထူးဆန်းမှု တစ်ခုခုအား ခံစားမိသော်လည်း မည်သည့်အရာ ဖြစ်သည်ကို မတွေးနိုင်ဘဲ ရှိနေသည်။


ထိုမြင်ကွင်းအား ကြည့်နေပါသော ကျန်းချိုးသည် ရုတ်တရက်ဆိုသလို စကားမပြောဘဲ မနေနိုင်တော့သဖြင့် မိုးကောင်းကင်မှသာ သိနိုင်မည့် ထူးဆန်းနေမှုကြီးအား ချိုးဖြတ်ကာ လူတိုင်း၏ စိတ်ထဲရှိ အတွေးများအား ထုတ်ဖော်ပြောလာသည်။


“နျဲ့ရှောင်.. မင်းရဲ့ အခုပုံက လုံးဝကို လူယုတ်မာအတိုင်းပဲ..”


လူအုပ်မှာ လျှပ်တပြက်အတွင်းမှာပင် နားလည်သွားကြလေသည်။


ပြန်ပြောင်းကြည့်မည်ဆိုလျှင် ဤပုံစံမှာ သားရဲကောင်နှင့် အတော်လေးတူလှသည်။


နျဲ့ရှောင် : “……”


ခေါင်းကလေး စောင်းငဲ့လို့နေသော ကောင်ငယ်လေး : “ချိ..?”


ကျန်းချိုး၏ စကားအားကြားသည့်အခါ နျဲ့ရှောင် ခေါင်းငုံ့ကြည့်လိုက်သည်။ နူးနူးညံ့ညံ့ ကောင်ငယ်လေးအား ကြည့်လိုက်ပြီး စက္ကန့်ပိုင်းလေး အတွင်းမှာပင် မည်သည့်နေရာ၌ မှားနေကြောင်း သဘောပေါက်သွားသဖြင့် သူ၏ ထူထဲလှသည့် မျက်နှာမှာ ရုတ်တရက် နီမြန်းလာသည်။ ကောင်ငယ်လေး သူ့တစ်ဦးတည်း သီးသန့်ထိုင်နိုင်ရန် မတ်တတ်ရပ်ပြီး နံဘေးတွင် ပြောင်းထိုင်လိုက်သည်။


ရှောင်ဝူယိသည် နျဲ့ရှောင်၏ ရုတ်တရက် ပြောင်းလဲသွားမှုအား မြင်သည့်အခါ အတော်လေး ရှုပ်ထွေးသွားလေသည်။ ချစ်စဖွယ်ကောင်းလေးမှာ ကြောင်အသွားပြီးနောက် ဆွဲဆွဲငင်ငင် ငိုကြွေးတော့သည်။ မျက်ရည်များ တသွင်သွင်စီးကျလျက်နှင့် ဖော်ပြ၍ မရနိုင်လောက်အောင် စိတ်ထိခိုက်ဝမ်းနည်း သွားလေသည်။


“ပေါင်ပေါင်းက ကြည့်မကောင်းလို့ ဒယ်ဒီက စွန့်ပစ်လိုက်တာလား.. ဟင်..”


“လုံးဝ မဟုတ်ဘူးပေါ့..” 


“အူးဟူးးးး ဟုတ်နေတာကြီးကို.. ဒယ်ဒီက ပေါင်ပေါင်းကို အာဘွား မွမွ လည်း မပေးတော့ဘူး.. ဖက်လည်း မဖက်တော့ဘူးလေ..” 😭😭😭😭


နျဲ့ရှောင် : “……”


လူတိုင်း : “……” ဝိုးးး ပါးစပ်ထဲ ဖရဲစေ့အပြည့် ရှိနေရင် သိပ်ကောင်းမယ့်အချိန်ပဲကွာ..


ကျန်းချိုးသည် စိတ်ဓာတ်ကျနေပါသော နျဲ့ရှောင်အား ကြည့်လိုက်သည်။ သူ့အနေဖြင့် ကြားဝင်ဖျန်ဖြေသင့်သလား သို့တည်းမဟုတ် ဖရဲစေ့တစ်ထုပ်ကိုင်ကာ ဤဒရာမာအား လူတိုင်းနှင့်အတူ ပျော်ရွှင်စွာ ကြည့်သင့်သလား မသိတော့ပါချေ။


မင်းရဲ့ကလေးကို လမ်းမှားရောက်အောင် သင်ပြထားရင် မင်းကိုယ်တိုင်ပဲ လမ်းမှန်ကို ပြန်ပို့ပေးလိုက်ပေါ့..


“လိမ္မာနော်.. ပေါင်ပေါင်းက အခု လူကြီးလေး ဖြစ်နေပြီလေ.. ဒယ်ဒီက ပေါင်ပေါင်းကို အာဘွား မွမွ ပေးတာတို့ ဖက်တာတို့ လုပ်လို့မရတော့ဘူးကွ..”


“မရဘူးလို့.. ဝါးးးးးး” 


နျဲ့ရှောင်မှာ ခေါင်းကိုက်လာသည့်အတွက် ကောင်းကင်အား မော့ကြည့်လိုက်မိသည်။ လူသားအဖြစ် ပြောင်းလဲလာသည့် ဟမ်းစတားလေးထံ လူတို့၏ ဓလေ့ထုံးတမ်းနှင့် အမူအကျင့်များအား ပြောပြန်ရန်အတွက် မည်သို့ စကားစီရမည်ကို စဉ်းစားနေခြင်းဖြစ်သည်။ သို့သော်လည်း တစ်ဆက်တည်း ဖြစ်ပေါ်လာသည့် အဖြစ်အပျက်သည် နျဲ့ရှောင်အား ရပ်တံ့သွားစေသလို ဖရဲစေ့ကိုက်နေသည့် လူများအားလည်း အံ့ဩတုန်လှုပ်သွားစေသည်။


ရှောင်ယန်နှင့် ဝူဝမ်ယွီတို့မှာ အော်ဟစ်မိလိုက်ကြပြီး ရှက်သွေးဖြာနေသည့် မျက်နှာများအား ဖုံးအုပ်လျက်နှင့် နူးနူးညံ့ညံ့ နှလုံးသားလေးများ ရူးသွပ်စွာ ခုန်ပေါက်နေကြလေသည်။


နှလုံးသားကွဲကြေကာ ဝမ်းနည်းနေသည့် ကောင်ငယ်လေးသည် ရုတ်တရက်ဆိုသလို သူ၏နံဘေးရှိ ကြမ်းပြင်ပေါ်တွင် ထိုင်နေပါသော နျဲ့ရှောင်ထံ တစ်ကိုယ်လုံး ပစ်ဝင်လိုက်သည်။


“မွ..” (づ ‌ ³ ‌)づ


နျဲ့ရှောင်၏ နှုတ်ခမ်းအား နမ်းလိုက်ပြီးနောက် မျက်ရည်အပြည့်ဖြင့် လည်ပင်းအား ဖက်ကာ လွှတ်မပေးတော့ချေ။


“ပေါင်ပေါင်းကို မလိုချင် မဖြစ်ပါဘူးလို့ ဒယ်ဒီပဲ ကတိပေးခဲ့တာ..”


“ပေါင်ပေါင်းက ဒယ်ဒီ့ကို အကြိုက်ဆုံး..”


ထိုအခိုက်အတံ့တွင် နျဲ့ရှောင်၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ တောင့်တင်းလျက်ရှိသည်။


မင်းရဲ့ကလေးကို လမ်းမှားရောက်အောင် လုပ်ခဲ့ရင် လုံးဝ (လုံးဝ) ကို မင်းကလွဲပြီး ဘယ်သူ့မှာမှ တာဝန်မရှိဘူးပဲ..



နိုးထချိန် - တကယ်က သူတို့ရဲ့ စွမ်းရည်တွေကို ခန္ဓာကိုယ်နဲ့ ပေါင်းစပ်ပြီး သဏ္ဌာန်ပြောင်းနိုင်တယ်ဆိုတာ အလင်းပွင့်သွားတာကို ပြောတာပါ။ အခုကစပြီး နိုးထတယ် လို့ ပြောင်းသုံးပါမယ်။ အင်္ဂလိပ်လိုဆို enlightenment and transformation ကို awakening လို့ ပြောင်းသုံးလိုက်တာပါ။