အပိုင်း ၃၃
Viewers 8k



🐹 အခန်း ၃၃

 ဝူယိလေးက ဒီနှစ်မှာ အသက် သုံးနှစ်ပါ 




နျဲ့ရှောင်သည် မျက်နှာနီမြန်းလျက်နှင့် ကြမ်းပြင်ပေါ်တွင် ထိုင်နေရင်း သူ၏လည်ပင်းအား ဖက်တွယ်ထားပါသော ‘ခိုအာလာ ဟမ်းစတား’ အား ဆွဲခွာလိုက်သည်။ ရုန်းကန်နေမှုအား ဂရုမထားဘဲ သူ၏နံဘေးတွင် နေရာချလိုက်သည်။


ရှောင်ဝူယိသည် နျဲ့ရှောင်အား မျက်ရည်ဝဲနေသည့် မျက်လုံးများဖြင့် ကြည့်လိုက်ပြီးနောက် လက်များဆန့်ကာ ပွေ့ဖက်လိုဟန်ပြုသည်။


နျဲ့ရှောင်သည် ကောင်ငယ်လေး အနားကပ်မလာနိုင်စေရန်အတွက် နဖူးအား လက်ဖြင့်တွန်းထားသည်။ သူ၏ မျက်နှာတွင် လေးနက်မှုတို့ ရှိနေသော်လည်း ရဲရဲနီနေသော နားရွက်များမှာမူ အစစ်အမှန် ခံစားချက်တို့အား ဖော်ပြလျက်ရှိသည်။


“နောက်ဆိုရင် ပေါင်ပေါင်းက စိတ်ရှိတိုင်း ဒယ်ဒီ့ကိုကော တခြားသူတွေကိုကော အာဘွား မွမွ ပေးလို့မရဘူးနော်..”


နျဲ့ရှောင် ထိုသို့ပြောရခြင်းမှာ ကောင်ငယ်လေး၏ အမူအကျင့်များအား ဟန့်တားလိုသည့်အတွက် ဖြစ်သည်။


သို့သော်လည်း ထိုအရာသည် ရှောင်ဝူယိအတွက် မမျှော်လင့်ထားသော သတင်းတစ်ခု ဖြစ်သည်။ ကောင်ငယ်လေး၏ ပြူးကျယ်နေသော မျက်လုံးများထဲတွင် ဝမ်းနည်းပူဆွေးမှုနှင့် မယုံကြည်နိုင်မှုအပြည့် ရှိနေလေသည်။


“ဒါပေမဲ့ ဒယ်ဒီက အိပ်ရာထဲမှ ရှိနေရင် အနမ်းပေးမှရတာလေ..”


နျဲ့ရှောင် : “……”


နျဲ့ရှောင်မှာ ရယ်စရာတစ်ခု ဖြစ်သွားလေသည်။ သူ၏ပတ်လည်တွင် ရှိနေကြသည့်လူများမှာ ရယ်ချင်သော်လည်း မရယ်ရဲသည့်အတွက် ရယ်ချင်စိတ်အား ထိန်းချုပ်ထားရသဖြင့် သေတော့မတတ် ဖြစ်နေကြသော အမူအရာများကိုပင် မကြည့်ရဲတော့ချေ။


သူ၏အရှေ့တွင် ရှိနေသော ဤတွယ်ကပ်တတ်သည့် နတ်သားလေးမှာ သူ့အား စမ်းသပ်ရန်အတွက် ကောင်းကင်ဘုံမှ စေလွှတ်လိုက်ခြင်း ဖြစ်ပေမည်။


အခြားသူများသည် ပြပွဲကောင်းတစ်ခုအား စောင့်ကြည့်လျက်ရှိသည်။ အစောပိုင်း မြင်တွေ့ခဲ့သည့် အဖြစ်အပျက်ကြောင့် တုန်လှုပ်နေမိခဲ့ကြသော်လည်း သေသေချာချာ တွေးတောပြီးသည့်နောက်တွင် ကောင်ငယ်လေးမှာ ယုတ္တိမကျသော လူသားမဟုတ်သည့် ဟမ်းစတားနတ်သားလေးဖြစ်နေဆဲ ဖြစ်သည်ကို လျင်မြန်စွာ နားလည်သဘောပေါက်သွားကြလေသည်။ ထို့ကြောင့် စိတ်ရှင်းသွားပြီးနောက် တည်တည်ငြိမ်ငြိမ် ဖြစ်လာကြသည်။ ထို့နောက်တွင် ဖရဲစေ့များ ကိုက်ဝါးရင်း ပွဲဆက်ကြည့်ကြလေသည်။


နျဲ့ရှောင်ကဲ့သို့သော အရပ်ရှည်ရှည်၊ အသားညိုညိုနှင့် ခံ့ခံ့ညားညား ပျိုတိုင်းကြိုက် နှင်းဆီခိုင်တစ်ဦး အရှုံးပေးနေရသည်ကို ကြည့်နေရသည်မှာ အလွန်တရာ စိတ်ဝင်စားဖွယ် ကောင်းလွန်းလှသည်။ အပိုဆုအနေဖြင့် ရှောင်ဝူယိသည်လည်း ဆွဲဆောင်မှုရှိလှသောကြောင့် ထိုနှစ်ဦးအား မြင်တွေ့ရသည်မှာ အလွန်မျက်စိပသာဒ ရှိလှသည်။


“ပေါင်ပေါင်းက အသက် သုံးနှစ်တောင် ရှိနေပြီမို့လို့ အရွယ်ရောက်တဲ့ ကလေးတစ်ယောက် ဖြစ်နေပြီလေ.. လူသားတွေရဲ့ အသက်နဲ့ တွက်မယ်ဆိုရင် ၁၈ နှစ်တောင် ရှိနေပြီကွ.. ဒါကြောင့်မို့လို့ တခြားလူတွေကို လက်လွတ်စပယ်နဲ့ အာဘွား မွမွ ပေးတာတို့ ပွေ့ဖက်တာတို့ လုပ်လို့မရတော့ဘူး..”


လေးနက်သည့် မျက်နှာထားနှင့် နျဲ့ရှောင်သည် ဟမ်းစတားလေး၏ လူအသက်အား သူ့စိတ်တိုင်းကျ သတ်မှတ်ပေးလိုက်သည်။ အခြားသူများမှာ နျဲ့ရှောင်၏ မျက်နှာသေနှင့် အခြေအမြစ်မရှိလှသည့် စကားလုံးများကြောင့် ရယ်ရလွန်းသဖြင့် ဗိုက်ကြောများပင် နာလာကြသည်။


ပညာဗဟုသုတနှင့် ပတ်သက်လာလျှင် တင်းတင်းကြပ်ကြပ် ပြုမူတတ်သူဖြစ်သော ကျောင်းအုပ်ယွမ်သည် တစ်စုံတစ်ခုအား ပြောချင်ပါသော်လည်း တုံ့ဆိုင်းလို့နေသည်။ ဟမ်းစတားများ၏ ပျမ်းမျှအသက်အပေါ် အခြေခံမည်ဆိုပါက ဤကောင်ငယ်လေးမှာ သည်နေရာတွင်ရှိသည့် လူအားလုံးထဲတွင် အသက်အကြီးဆုံး ဖြစ်ပေလိမ့်မည်။


သို့သော်လည်း ကလေးမျက်နှာနှင့် ကောင်ငယ်လေးအား ကြည့်ပြီးနောက် ကျောင်းအုပ်ယွမ်မှာ သူ၏ စကားများကိုသာ ပြတ်ပြတ်သားသား မျိုချလိုက်တော့သည်။


မေ့လိုက်ပါတော့လေ.. ၁၈ နှစ်တဲ့လား.. ဒါဆိုလည်း ၁၈ နှစ်ပဲ ထားလိုက်ပါတော့.. အရမ်းလည်း မကြီးဘူး.. အရမ်းလည်း မငယ်သွားဘူး..


ရှောင်ဝူယိသည် သူ၏ လက်ချောင်းလေးများအား ချိုးရေကာဖြင့် တွက်ချက်ကြည့်သော်လည်း မည်သို့သော တွက်ချက်နည်းမျိုးမှန်း မသိသဖြင့် စိတ်ရှုပ်ထွေးလာတော့သည်။ နျဲ့ရှောင် ရှိရာသို့ သနားစဖွယ်ကောင်းစွာ လှည့်လိုက်သည်။


“ဘာဖြစ်လို့ အသက် ၁၈ နှစ် ပြည့်တာနဲ့ ပေါင်ပေါင်းက ဒယ်ဒီ့ကို အာဘွား မွမွ ပေးလို့မရတော့တာလဲ ဟင်.. အဲဒါဆို ပေါင်ပေါင်းက ဟမ်းစတားပုံစံနဲ့ပဲ နေလို့မရဘူးလား..”


“အဲဒီလိုဆိုရင် အသက်က ၃ နှစ်ပဲ ရှိဦးမှာလေ..”


ရှောင်ဝူယိသည် လက်ချောင်းလေး ၃ ချောင်း ထောင်ကာ နျဲ့ရှောင်အား မျက်လုံးတောက်တောက်လေးများဖြင့် ကြည့်နေလေသည်။ ထိုအချိန်တွင် ဟမ်းစတားလေးသည် သူ့ကိုယ်သူ ကမ္ဘာပေါ်တွင် ဉာဏ်အကောင်းဆုံးသော ဟမ်းစတားလေးဟု ခံစားနေမိသည်။ မည်သို့ပင်ဖြစ်စေ သူ့အတွက် အာဘွား မွမွ များမှာ ကွဲပြားသွားခြင်း မရှိပါချေ။


နျဲ့ရှောင် : “……”


ထိုသို့ပြောပြီးနောက် ရှောင်ဝူယိသည် လူတိုင်း၏ ရှေ့မှောက်မှာပင် ဟမ်းစတားသဏ္ဌာန်သို့ ပြန်လည်ပြောင်းလဲသွားပြီး နျဲ့ရှောင်၏ ခန္ဓာကိုယ်ပေါ်သို့ ပျော်ရွှင်စွာဖြင့် ခုန်တက်လိုက်သည်။ နျဲ့ရှောင်၏ ပုခုံးပေါ်သို့ ခုန်တက်ပြီးနောက် နျဲ့ရှောင်၏ နားရွက်အား နူးနူးညံ့ညံ့လေး မှီတွယ်လိုက်သည်။


ထို့နောက် ဟမ်းစတားလေးသည် နျဲ့ရှောင်၏ အပေါ်ထပ်အင်္ကျီပေါ်သို့ လျောချလိုက်သည်။ နျဲ့ရှောင်၏ ရင်ဘတ်အား လက်ကလေးနှစ်ဘက်ဖြင့် ခိုတွယ်ကာ ချစ်စဖွယ်အသံသေးသေးလေးများ ပြုလုပ်လေသည်။


“ချိ..!” ပေါင်ပေါင်း အိပ်ချင်ပြီ ဒယ်ဒီ.. (っ- ‸ - ς)


နျဲ့ရှောင်သည် လက်တစ်ဘက်ဆန့်ကာ လျောကျလာသည့် ဟမ်းစတားလေး၏ ခန္ဓာကိုယ်ပိစိလေးအား ပင့်မလိုက်သည်။ အံ့ဩ၊ ဝမ်းသာ၊ တုန်လှုပ် ရသည့် လောကဓံအား ခေတ္တမျှ တွေ့ကြုံခံစားပြီးနောက်တွင် သက်ပြင်းရှည်ကြီး ချလိုက်မိသည်။


ဝမ်းနည်းစိုးရိမ်ပူပန်နေမိသော ဖခင်တစ်ဦး၏ နောက်ကျောသည် ညအမှောင်ထုထဲတွင် သန်မာမှုအပြည့်နှင့် ကြီးကျယ်ခမ်းနားပုံရသည်။


ထိုအဖြစ်အပျက်အား ကြည့်နေကြသူများမှာ သနားကြင်နာမှုမရှိဘဲ ရယ်မောကြပြန်သည်။ ယခုအခါတွင် နျဲ့ရှောင်၏ အေးစက်စက်နှင့် အထီးကျန်သွင်ပြင်မှာ လူတိုင်း၏ စိတ်ထဲတွင် ဖော်ရွေကာ ချဉ်းကပ်ရလွယ်ကူသည်ဟု ခံစားနေမိကြသည်။


ရှောင်ယန်နှင့် သွမ့်ဝမ်ယွီသည် နျဲ့ရှောင်အား ပြုံးကာဖြင့် ကြည့်လိုက်ကြသည်။ နျဲ့ရှောင်၏ သက်ဝင်လှုပ်ရှားသည့် ဘက်ခြမ်းအား သူတို့အနေဖြင့် ပထမဆုံးအကြိမ် မြင်တွေ့ဖူးကြခြင်းဖြစ်သည်။


နျဲ့ရှောင်သည် အမြဲလိုလို တည်ငြိမ်ကာ ထိန်းချုပ်ထားတတ်သူ ဖြစ်သည်။ ဝူဝမ်ချီပင်လျင် သူ့အား မသိစိတ်မှ ဘောစ့်အဖြစ် အသိအမှတ် ပြုထားသောကြောင့် နျဲ့ရှောင်၏ အသက်မှာ သူတို့ထက် တစ်နှစ် နှစ်နှစ်ခန့် ငယ်သည်ကို မေ့လျော့နေတတ်ကြသည်။


နျဲ့ရှောင်သည် သူ၏ ရင်ဘတ်ပေါ်တွင် မှီတွယ်နေသည့် အကောင်ငယ်လေးအား ငုံ့ကြည့်လိုက်သည်။ ဟမ်းစတားလေးသည် သူ၏ နှလုံးခုန်သံအား နားထောင်ပြီးနောက် စက္ကန့်ပိုင်းလေး အတွင်းမှာပင် အိပ်ပျော်သွားလေသည်။


အမွေးလုံးလေးမှာ ကောင်းမွန်စွာ ပြုမူတတ်ပြီး ချစ်စဖွယ်ကောင်းလှသည်။ ထိုအကောင်ငယ်လေးအား ကြည့်နေရင်း နျဲ့ရှောင်၏ မျက်လုံးထဲတွင် ကြင်နာမှုတို့ ထင်ဟပ်လာပြီး နှလုံးသားမှာလည်း ချက်ချင်း နူးညံ့သွားလေသည်။


မေ့လိုက်ပါတော့လေ.. တစ်ကြိမ်ကို တစ်လှမ်းပဲ သွားကြတာပေါ့..


သူ၏ ‘တစ်ကြိမ်ကို တစ်လှမ်းပဲ သွားကြတာပေါ့’ ဟူသည့် အတွေးကြောင့် အဆုံးတွင် သူ၏ ခန္ဓာကိုယ်နှင့် စိတ်ကိုပါ ပေးအပ်လိုက်ရလိမ့်မည်ဟု နျဲ့ရှောင် ထိုအချိန်က မတွေးခဲ့မိပါချေ။


***


လူတိုင်း လျင်မြန်စွာ အိပ်မောကျသွားပြီးနောက် ညအလယ်တွင် အခန်းထဲ၌ အသက်ရှူသံ ညင်းညင်းနှင့် ပြည့်နေလေသည်။ ထိုအချိန်တွင် အခန်း၏ ထောင့်တစ်နေရာတွင် တိတ်ဆိတ်စွာ ရှိနေခဲ့သည့် ပိုင်မေ့ မတ်တတ်ရပ်လိုက်သည်။


ပိုင်မေ့သည် ညကင်းစောင့်ရန် တာဝန်ကျနေသည့် လူများအား ခေါင်းညိတ်ပြလိုက်ပြီး သန့်စင်ခန်းသွားမည်ဟု အကြောင်းပြကာ အခန်းထဲမှ ထွက်လိုက်သည်။


ပိုင်မေ့ ထွက်သွားရင်း ဟမ်းစတားလေး ရှိရာသို့ အကြည့်မရောက်ဘဲ မနေနိုင်ချေ။ နျဲ့ရှောင်၏ လည်ပင်တွင် အသိုက်ဖွဲ့ကာ အိပ်စက်နေပါသော အမွေးလုံးလေးအား မြင်လိုက်ရသည်။ အတားအဆီးသဖွယ် ဖြစ်နေသည့် နျဲ့ရှောင်၏ တည်ရှိမှုကြောင့် ပိုင်မေ့သည် တစ်ချက်ကြည့်ရုံသာ တတ်နိုင်ပြီးနောက် လှည့်ထွက်သွားလေသည်။


နျဲ့ရှောင်မှာ အအိပ်ဆတ်သူဖြစ်သည်။ တစ်စုံတစ်ခုအား ခံစားမိသဖြင့် မျက်လုံးဖွင့်ကာ ပိုင်မေ့ထွက်သွားရာဘက်သို့ ကြည့်လိုက်သည်။


ကျန်းချိုးမှာ မည်သည့်အချိန်မှစကာ မျက်လုံးပွင့်နေမှန်း မသိရသော်လည်း မကြာမီ အမှောင်ထဲ၌ နှစ်ဦးသား အကြည့်ချင်း ဆုံသွားကြသည်။ ထို့နောက်တွင် အမျိုးသားနှစ်ဦးမှာ အလွန်လျင်မြန်စွာ အကြည့်လွှဲလိုက်ကြသည်။


ပိုင်မေ့သည် အခန်းအတွင်းမှ ထွက်ပြီးနောက် အိမ်၏ ရေချိုးခန်းအတွင်းသို့ ဝင်သွားကာ အထဲမှ တံခါးချက်ချလိုက်သည်။ ထို့နောက်တွင် ပြတင်းပေါက်မှ အပြင်သို့ ခုန်ထွက်လိုက်သည်။


သူ၏လက်သည် ပြတင်းပေါက်မှ သံဘောင်နှင့် မတော်တဆ ခြစ်မိသွားပြီး ချက်ချင်းဆိုသလို အနာရင်းလာသည်။ ပိုင်မေ့သည် ထိုအရာအား သတိမထားမိပုံပင်။ ထို့နောက် ခေါ်သံကြားသည့်နေရာသို့ တန်းတန်းမတ်မတ် လမ်းလျှောက်သွားလေသည်။


ပတ်ဝန်းကျင်ရှိ ဇွန်ဘီများမှာ ပိုင်မေ့အား တိုက်ခိုက်ရမည့် အရာအဖြစ် မှတ်ယူထားခြင်း မရှိပုံရသည်။


ပိုင်မေ့အား စောင့်နေသူမှာ အနက်ရောင်ခြုံထည်နှင့်ဖြစ်ပြီး မျက်နှာသွင်ပြင်အား ရှင်းလင်းစွာ မမြင်နိုင်ပေ။ ပိုင်မေ့သည် ဖြစ်ပျက်နေသည်များကို နားလည်သဘောပေါက်သွားသည့် အိပ်မက်မှ နိုးထလာသူ တစ်ဦးကဲ့သို့ ဖြစ်နေလေသည်။ ရိုသေကြောက်ရွံ့မှုအပြည့်ဖြင့် ခေါင်းငုံ့ထားပြီးနောက် မျက်လုံးထဲတွင် ရှုပ်ထွေးသည့် စိတ်ခံစားချက်များ ရှိနေသည်။


“အရှင်..”


အနက်ရောင်ခြုံထည်နှင့်လူသည် မည်သည့်စကားမျှ မဆိုဘဲ လက်တစ်ဘက်ကိုသာ ဆန့်လိုက်ပြီးနောက် အလွန်မှေးမှိန်ဖျော့တော့သည့် သွေးကြောများအား မြင်နိုင်လေသည်။ သူ့ထံ၌ ချွန်ထက်သည့် လက်သည်းများ ရှိမနေပါသော်လည်း ပိုင်မေ့၏ ဦးခေါင်းထဲသို့ လက်ဖြင့် တိုက်ရိုက် ထိုးဖောက်လိုက်သည်မှာ သူ့အား မည်သည့်အရာကမျှ မတားဆီးနိုင်သကဲ့သို့ပင်။


အမှုမထားဟန်ဖြင့် ပိုင်မေ့၏ ဦးခေါင်းထဲရှိ အာကသစနစ် အမြုတေအား ရှာဖွေလိုက်ရှိသည်။ ထို့နောက်တွင် အမြုတေအား ဆွဲထုတ်ယူလိုက်ပြီး အချိန်တချို့ကြာအောင် စစ်ဆေးကြည့်ရှုပြီးနောက် စကားပြောလေသည်။ သူ၏လေသံတွင် အနိမ့်အမြင့် အတက်အကျဟူ၍ မရှိသော်လည်း သန်မာအားကောင်းသည့် သတ်ဖြတ်လိုစိတ်ဆန္ဒများ ပါဝင်လျက်ရှိသည်။


“မင်းက သတ္တုစနစ်ရဲ့ အမြုတေကို ယူဖို့အတွက် ကျရှုံးရုံတင် မကဘူး အရင်တစ်ခုကိုတောင် ဆုံးရှုံးခဲ့ရတယ်ပေါ့..”


ပိုင်မေ့မှာ ကြောက်ရွံ့မှုကြောင့် ခေါင်းမော့ဖို့ရန်ပင် မရဲချေ။ မြေပြင်အား ခေါင်းနှင့် အကြိမ်ပေါင်းများစွာ တိုက်ဆောင့်လိုက်သည်။


“ဒီငယ်သားရဲ့ အသက်ကို ချမ်းသာပေးပါ အရှင်..”


ပိုင်မေ့သည် အလွန်အမင်း ကြောက်လန့်နေသည့်အတွက် ယနေ့ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များအား ပြောပြလေသည်။


ထို့နောက် အနက်ရောင်ခြုံထည်နှင့်လူသည် ပိုင်မေ့၏ ဦးနှောက်ထဲရှိ အမြုတေကို ထုတ်ယူမည့် အတွေးအား ယာယီဖယ်ထုတ်လိုက်သည်။


အသက်ဘေးမှ လွတ်မြောက်လာနိုင်ခဲ့သော ပိုင်မေ့သည် နဖူးမှ ခြေဖျားထိတိုင်အောင် ချွေးအေးများ ရွှဲရွှဲစိုနေလေသည်။


“အခု မင်းနားမှာ စွမ်းရည်ပိုင်ရှင်အများကြီး ရှိနေတယ်လို့ မင်းပြောခဲ့တာ ဟုတ်လား..”


အနက်ရောင်ခြုံထည်နှင့်လူ၏ ခြုံထည်အောက်မှ မျက်လုံးများ မှေးကျဉ်းသွားသည်။


“ဟုတ်ပါတယ် အရှင်.. လေ လျှပ်စီး ရေ မီး ရေခဲ နဲ့ ဒီငယ်သား မသိသေးတဲ့ တခြားမျိုးကွဲတွေလည်း ပါပါတယ်.. ငယ်သားက အကောင်းဆုံးကြိုးစားပြီး အမြုတေစုဆောင်းပေးပါမယ် အရှင်..”


ထိုစကားများအား ကြားသည့်အခါတွင် အနက်ရောင်ခြုံထည်နှင့်လူမှာ သဘာဝစနစ်စွမ်းရည်များ တစ်ချိန်တည်းတွင် အများအပြား ထွက်ပေါ်လာလိမ့်မည်ဟု မျှော်လင့်မထားပုံရပြီး ပိုင်မေ့အား တွေးတွေးဆဆဖြင့် ကြည့်လိုက်မိသည်။ ထို့နောက်တွင် သူ၏လက်ထဲရှိ အာကာသစနစ် အမြုတေအား ပိုင်မေ့၏ ဦးခေါင်းထဲသို့ ပြန်ထည့်သွင်းလိုက်သည်။


*ခရစ္စတယ်အမြုတေနှင့် စွမ်းရည်အမြုတေတို့သည် တစ်ခုနှင့်တစ်ခု ဘေးချင်းကပ်လျက် ရှိနေကြသည်။


“မင်းက အတော်လေး နာခံမှုရှိတာပဲ ငါ့ရဲ့ သစ္စာရှိ အစေခံလေး..”


ထိုသို့ပြောပြီးနောက် အနက်ရောင်ခြုံထဲနှင့်လူသည် မမြင်နိုင်သည့် နေရာတစ်ခုမှ အစိမ်းရင့်ရောင် ဖန်ပြွန်တစ်ခုအား ထုတ်ယူကာ ပိုင်မေ့ထံ ကမ်းပေးလိုက်သည်။


ပိုင်မေ့သည် ထိုအရာအား ရတနာတစ်ခုသဖွယ် ဖမ်းယူလိုက်ပြီးနောက် ပြွန်တစ်ခုလုံးအား ဝမ်းဗိုက်အတွင်းသို့ အငမ်းမရ မျိုချလိုက်သည်။


တဖြည်းဖြည်းနှင့် သူ၏အသားအရောင်မှာ ဆွေးမြည့်နေရာမှ နဂိုမူလ ချောမွေ့ဖြူစင်သည့် အခြေအနေသို့ ပြန်ပြောင်းသွားလေသည်။


“အလုပ်ကြိုးစားမယ်ဆိုရင် ဒီအရှင်က မင်းအတွက် ကမ္ဘာသစ်တစ်ခုကို ဖန်တီးပေးဖို့ အာမခံတယ်..”


အနက်ရောင်ခြုံထည်နှင့်လူ၏ ရေခဲတမျှ အေးစက်ပြီး ဖြူဖျော့ဖျော့လက်များသည် ပိုင်မေ့၏ ချောမွေ့ကာ လှပသည့် ပါးပြင်များအား မြွေတစ်ကောင်၏ လျှာနှစ်ခွကဲ့သို့ ပွတ်သပ်လျက်ရှိသည်။


ပိုင်မေ့သည် ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်စွာဖြင့် မျက်လုံးနှိမ့်ချထားပြီး သူ၏စိတ်ထဲတွင် ကမ္ဘာပျက်ကပ် ဆိုက်ရောက်လာသည့် အချိန်မှစကာ ဖြစ်ပျက်ခဲ့သည့် အမျိုးစုံသော အဖြစ်အပျက်များ ထင်ဟပ်လာလေသည်။


ကမ္ဘာကြီးတစ်ခုလုံးအား ထိတ်လန့်တုန်လှုပ်သွားစေပါသော ဥက္ကာခဲမိုးသည် ကမ္ဘာကြီးအား အံ့အားသင့်ဖွယ်ကောင်းအောင် ပြောင်းလဲသွားစေခဲ့သည်။ သူ၏ မိဘများမှာ သူ၏ အဖိုးအဖွားများ၏ ကိုက်ဖြတ်သတ်ခြင်းခံလိုက်ရပြီး သူကိုယ်တိုင်သည်လည်း ဇွန်ဘီတစ်ကေင် ဖြစ်လာခဲ့သည်။


သူသည် သာမန်ဇွန်ဘီများကဲ့သို့ လမ်းများတွင် လှည့်လည်သွားလာလျက်ရှိသော်လည်း အသိစိတ်အမျှင်တစ်ခု ရှိနေဆဲဖြစ်ကာ တစ်နေ့တွင် သူ့အား ခေါ်နေသည့် အသံတစ်ခုကို ကြားလိုက်ရသည်။


ထို့နောက် ယောင်ချာချာဖြင့် စွမ်းရည်အမြုတေတစ်ခုအား စတင်ရှာဖွေကာ များမကြာမီတွင် ခဲဖျော့ရောင် စွမ်းရည်အမြုတေအား အောင်မြင်စွာ တူးယူနိုင်ခဲ့သည်။ ထို့နောက် စွမ်းရည်အမြုတေအား ထိုလူထံ ရတနာတစ်ခုသဖွယ် ပေးအပ်လိုက်သည်။


တစ်ဘက်လူသည် သူ့အား တူညီသည့် အစိမ်းရောင်အရည်ပြွန်တစ်ခု ပေးခဲ့သည့်နေ့အား ရှင်းလင်းစွာ မှတ်မိနေဆဲဖြစ်သည်။ ထို့နောက်တွင် ဖရိုဖရဲ ဖြစ်နေခဲ့သည့် အသိစိတ်မှာ လုံးလုံးလျားလျား တည်ငြိမ်လာပြီး မှတ်ဉာဏ်များလည်း ပြတ်သားလာကာ သူ၏အရှေ့တွင် ရှိနေသည့် ကမ္ဘာကြီးကိုလည်း မူလအတိုင်း အရောင်အသွေးစုံလင်စွာ ပြန်မြင်လာရသည်။


သာမန်လူတစ်ဦးအဖြစ် ပြန်လည်ရောက်ရှိသွားသလိုပင်။


ထို့နောက်တွင် သူ၏အရှေ့တွင် ရှိနေသည့် အနက်ရောင်ခြုံထည်နှင့်လူမှာ သူရှာတွေ့လာသည့် စွမ်းရည်အမြုတေအား ယူဆောင်မသွားသည့်အပြင် အာကာသစနစ်၏ မျိုးကွဲဖြစ်သော နေရာလွတ်စွမ်းရည်အမြုတေကိုပါ ထပ်မံပေးလာခဲ့သည်။


ထိုအချိန်တွင် ပိုင်မေ့သည် သူ၏ ကယ်တင်ရှင်အား ရှာတွေ့လိုက်သကဲ့သို့ ခံစားမိလေသည်။ သို့သော်လည်း နောက်ပိုင်းတွင် ထိုလူ၏ ပြောကြားချက်အရ ပိုင်မေ့သည် သူ၏ ရုပ်ရည်သွင်ပြင်အား ဆက်လက်ထိန်းသိမ်းထားလိုပါက သူ့အတွက် စွမ်းရည်အမြုတေများ စုဆောင်းပေးရမည် ဟူ၍ပင်။


မည်သည်ကြောင့် စွမ်းရည်အမြုတေ စုဆောင်းနေရကြောင်း မသိသော်လည်း ဂရုမစိုက်ချေ။


လူမဟုတ် သရဲမဟုတ်သည့် ဘဝအား မည်သူမျှ လိုချင်လိမ့်မည် မဟုတ်ပေ။ သူသည်လည်း သဘာဝကျကျပင် ထိုသို့မဖြစ်ချင်ပါ။


“ဒီငယ်သားက အရှင့်ထံ သစ္စာစောင့်သိပါ့မယ်..”


ပိုင်မေ့၏ စကားဆုံးသည်နှင့် ထိုလူမှာ သရဲတစ်ကောင်နှယ် မည်သည့်နေရာတွင်မျှ ပေါ်မလာဖူးသကဲ့သို့ ပျောက်ကွယ်သွားလေသည်။


ပိုင်မေ့သည် အနက်ရောင်ခြုံထည်နှင့်လူ ရှိနေခဲ့သည့် နေရာအား ကြည့်လိုက်သည်။ ချက်ချင်း ဦးညွှတ်လိုက်ပြီးနောက် မတ်တတ်ရပ်ကာ လမ်းပြန်လျှောက်ခဲ့လိုက်သည်။


နောက်ပိုင်းတွင် ကမ္ဘာအနှံ့ရှိ နိုင်ငံများတွင် ထိုကဲ့သို့သော ဖြစ်ရပ်မျိုး တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာသည်။


အနက်ရောင်ခြုံထည်နှင့်လူသည် တိမ်များအကြား မတ်တတ်ရပ်လျက်နှင့် လှပသည့် အပြာရောင်ဂြိုလ်ကြီးအား အပေါ်စီးမှ ငုံ့မိုးကြည့်လိုက်သည်။ ဤရေခံမြေခံအား အလွန်အမင်း သဘောကျကျေနပ်နေမိသည်။


ပိုင်မေ့သည် လာရာလမ်းအတိုင်း ရေချိုးခန်းထဲသို့ ပြန်လိုက်သည်။ တံခါးအား ညင်သာစွာ ဖွင့်လိုက်ပြီးနောက် အခန်းတွင်းသို့ တိတ်တဆိတ် ဝင်လိုက်သည်။


ညစောင့်တာဝန်ကျနေသည့် ကျောင်းသား သက်ပြင်းချလိုက်သည်။


“ခင်ဗျားသွားတာ အတော်လေးကြာတာပဲ..”


“ငါက ကမ္ဘာပျက်ကပ်ရောက်လာတော့ ဝမ်းနည်းနည်းလျောနေလို့ပါ..”


ပိုင်မေ့သည် ရှက်သွေးဖြာနေပြီး လှပသည့် မျက်နှာဖျော့ဖျော့လေးသည် အမှောင်ထုထဲတွင် တောက်ပကာဖြင့် ကျောင်းသား၏ မျက်နှာအား ကြည့်လိုက်သည်။


“အာ.. အဲဒါဆိုလည်း ကောင်း‌ကောင်းအနားယူပါဗျ..”


ထိုကျောင်းသားသည် ရှက်ရွံ့စွာဖြင့် ခေါင်းကုတ်လိုက်သည်။

ပိုင်မေ့ နောက်သို့လှည့်လိုက်ပြီးနောက် ရှက်ရွံ့နေဟန်ရှိသည့် မျက်နှာမှာ ချက်ချင်းပင် ဂရုမထားသည့် ပုံစံသို့ ပြောင်းလဲသွားလေသည်။


များမကြာမီတွင် အခန်းမှာ ပြန်လည်တိတ်ဆိတ်သွားလေသည်။


နျဲ့ရှောင် မျက်လုံးဖွင့်ကာဖြင့် ပိုင်မေ့ထံသို့ တစ်ချက်ကြည့်လိုက်ပြီးနောက် မျက်လုံး ပြန်မှိတ်လိုက်သည်။ သူ၏ မျက်နှာချင်းဆိုင်တွင် မျက်လုံးများမှိတ်ကာဖြင့် ရှိနေသော ကျန်းချိုး၏ မျက်လုံးများ အနည်းငယ် လှုပ်ခတ်သွားသည်။


နျဲ့ရှောင်၏ လည်ပင်းတွင် အသိုက်ဖွဲ့လျက်ရှိသော ဟမ်းစတားလေးမှာ ယနေ့ညတွင် ဖြစ်ပျက်ခဲ့သည့် အရာအားလုံးအား မသိလိုက်ချေ။ သူ၏ ခန္ဓာကိုယ်လေးအား လူးလွန့်ကာဖြင့် အိပ်ပျော်နေရင်း စကားပြောနေသကဲ့သို့ ချစ်စဖွယ်အသံသေးသေးလေးများ ပြုလုပ်နေလေသည်။


နျဲ့ရှောင်မှာ ချက်ချင်းဆိုသလို နှလုံးသား အရည်ပျော်သွားရပြန်သည်။


“ချိ..!”


ဒယ်ဒီက စတော်ဘယ်ရီလေးလို မွှေးနေရော..


နျဲ့ရှောင်သည် ကောင်ငယ်လေး၏ ဦးခေါင်းအား လက်ချောင်းများဖြင့် နူးညံ့စွာ ပွတ်သပ်ပေးလိုက်သည်။


***


နောက်တစ်နေ့ နံနက်စောစောအချိန်။


ပုံမှန်အတိုင်း နေထွက်လာပြီးနောက် ဖုန်းချန်ဒေသခံ ကျောင်းသားအများစုသည် သူတို့၏ ဆွေမျိုးများ နေထိုင်ရာ အိမ်များအား ဆက်လက်ရှာဖွေကြသည်။


နျဲ့ရှောင်သည် ဝူယိအား ရှာတွေ့ပြီး ဖြစ်သလို ဝူဝမ်ချီသည်လည်း ညီမဖြစ်သူနှင့် တွေ့ဆုံပြီး ဖြစ်လေသည်။ သူတို့အားလုံး ပြန်လည်ပေါင်းစည်းပြီး ဖြစ်သည့်အတွက် တောင်ပိုင်းသို့ဆက်သွားရန် မလိုတော့ချေ။


သူတို့၏ နောက်ခြေလှမ်းအနေဖြင့် ကမ္ဘာပျက်ကပ်နှင့် ပတ်သက်သည့် တစ်ခုခု ပြုလုပ်ရန် စတင်စဉ်းစားလျက်ရှိကြသည်။


မှတ်ချက်။ ။အရင်က crystal nucleus နဲ့ ability core ကို နှစ်ခုလုံးက သဘောတရား အတူတူပဲမို့လို့ လတ်တလော အမြုတေလို့ပဲ သုံးထားပြီး နောက်ပိုင်းကျ ပြန်ပြောင်းပါမယ်လို့ ပြောထားခဲ့ဖူးပါတယ်။ အခု အပိုင်းကနေစပြီး ဇွန်ဘီအမြုတေကို ခရစ္စတယ်အမြုတေ၊ လူသားအမြုတေကို စွမ်းရည်အမြုတေလို့ ပြောင်းလိုက်ပါပြီနော်။