အပိုင်း ၃၄
Viewers 8k


🐹 အခန်း ၃၄

 ဝူယိလေးက အခြေစိုက်စခန်းဆောက်ဖို့ ကူညီပေးမှာပါ 




ရှန့်ချန်တွင် ဆွေမျိုးများအား ရှာဖွေရာ၌ အချည်းနှီးဖြစ်ခဲ့ရသည့်အတွက် ဖုန်းချန်မှ အလှည့်အပြောင်းများနှင့် ပတ်သက်၍ မည်မျှ ကံကောင်းသည်ဟု ဆိုရမည်ကိုပင် မသိတော့ချေ။ 


ဝူယိနှင့် ဝူဝမ်ယွီတို့သည် နျဲ့ရှောင်နှင့် ဝူဝမ်ချီအား ရှာတွေ့ခဲ့ရုံသာမက ဖုန်းချန်ဒေသခံ ကျောင်းသားအများစုသည်လည်း အသက်ရှင်ကျန်ရှိသည့် ဆွေမျိုးအနည်းငယ်အား အောင်မြင်စွာ ရှာတွေ့ခဲ့ကြသည်။ လက်ဗလာနှင့် အဆုံးမသတ်ခဲ့ချေ။


သူတို့၏ ပြန်လည်ဆုံဆည်းမှု မြင်ကွင်းသည် ကမ္ဘာပျက်ကပ် ဆိုက်ရောက်လာမှုကြောင့် လူများ၏ မျှော်လင့်ချက် ပျက်သုန်းကာ စိတ်ပျက်အားငယ်နေမှုအား ဆေးကြောပစ်လိုက်သလိုပါပင်။


အဖွဲ့မှာ ထပ်မံကြီးမားလာပြန်သည်။ သူတို့သည် ယာယီအနေဖြင့် ဝူဝမ်ချီ၏ အိမ်ရှိရာ မြို့စွန်ရှိ ဗီလာဝင်းသို့ ပြန်သွားကြသည်။


နင်ဖုန်းသည် အမိုးပေါ်တွင် ရှိနေဆဲဖြစ်သည့် တိုက်လေယာဉ် ၃ စင်းအား မေ့လျော့သွားခြင်း မရှိချေ။ ထိုလေယာဉ်များအား ဂရုစိုက်ပါမည်ဟု ခေါင်းဆောင် ရှ အား ကတိပေးခဲ့သည်။


“အလုပ်သမားလေးရေ.. သူတို့ကို သိမ်းပေးထားလို့ ရမလားဟင်..” 


နင်ဖုန်းသည် သူ၏ လက်နှစ်ဘက်အား ဆုပ်ကိုင်ကာဖြင့် နျဲ့ရှောင်၏ အိတ်ကပ်အတွင်းရှိ ဟမ်းစတားလေးအား စိတ်အားထက်သန်စွာ ကြည့်နေလေသည်။


 သို့သော်လည်း သူခေါ်ဆိုလိုက်မိသည့် နာမည်ပြောင်ကြောင့် နင်ဖုန်းထံမှ ရိုးသားမှု အနည်းငယ်ကိုပင် ဟမ်းစတားလေး မခံစားမိပါချေ။


“ချိ..!” နာမည်က ဝူယိပါနော်.. အလုပ်သမားလေး ဟုတ်ဘူး.. (˵•‌⤙•‌˵)૭


ဟမ်းစတားလေးသည် စိတ်ဆိုးမာန်ဆိုးဖြင့် နင်ဖုန်း၏ ဦးခေါင်းအား ဖရဲစေ့ခွံတစ်ခုနှင့် ပစ်ပေါက်လိုက်သည်။


နင်ဖုန်းမှာ ချက်ချင်းပင် “ချစ်စဖွယ်ထိချက်ပြင်းပြင်း” အား ခံစားလိုက်ရသည်။


နျဲ့ရှောင်သည် ဟမ်းစတားလေး၏ ဦးခေါင်းလေးအား အသာပွတ်လိုက်ပြီး အပြုံးမစဲနိုင်အောင် ရှိလေသည်။ ထို့နောက် ပတ်ဝန်းကျင်ရှိ ဗီလာများ၏ အမိုးပေါ်သို့ ဦးဆောင်သွားလေသည်။


များမကြာမီတွင် ကမ္ဘာပျက်ကပ် မတိုင်မီ တရုတ်ပြည်သတင်းတွင် လူသိရှင်ကြား ကြေညာထားခဲ့သည့် အသစ်စက်စက် ထုတ်လုပ်ထားပါသော တိုက်လေယာဉ် ၃ စင်းအား မြင်တွေ့လိုက်ရသည့်အခါ လူတိုင်း ဒူးထောက်ချမိ မတတ်ပင်။


ကျောင်းအုပ်ယွမ်မှာလည်း ခြေမခိုင်ဘဲ လဲကျတော့မတတ် ဖြစ်သွားသည်ကြောင့် အနီးတွင်ရှိသည့် ကျောင်းသားတစ်ယောက်မှ တွဲပေးထားရသည်။


နျဲ့ရှောင်တို့ လေယာဉ်များဖြင့် ရောက်ရှိလာကြသည့် အကြောင်းအား ကြားရစဉ်တွင် အလွန်အမင်း ချဲ့ကားပြောဆိုခြင်းဟု ထင်မိခဲ့ကြသော်လည်း သာမန်ရဟတ်ယာဉ်များဖြင့် ရောက်ရှိလာကြခြင်း မဟုတ်ကြောင်းကို စိတ်ကူးထားဖူးခြင်းပင် မရှိကြချေ။


ကမ္ဘာပျက်ကပ် ကာလကြီးမှာ ဒီလောက်ကြီးကျတော့ အရမ်းများတယ်နော်.. လုံးဝကို ပုံမှန်မဟုတ်ဘူး..


အဆုံးတွင် သူတို့၏ စိတ်ကူးနိုင်စွမ်းမှာ အကန့်အသတ်ဖြင့် ရှိနေဆဲပင်။ ရှဲ့ကျွင်းတို့သည် နျဲ့ရှောင်၏ အဖွဲ့အားကြည့်ကာ မျက်လုံးထဲတွင် ရိုသေလေစားမှုအပြည့် ဖြစ်လာသည်။


ဆန့်ကျင်ဘက်အနေနှင့် ဟမ်းစတားလေးမှာ ဤအခြင်းအရာနှင့် ပတ်သက်ပြီး များစွာအံ့အားသင့်ခြင်း မရှိချေ။ သူ့အနေဖြင့် နျဲ့ရှောင်တို့ လေယာဉ်ပျံ မောင်းနှင်နိုင်ကြောင်းကို ကမ္ဘာပျက်ကပ် မတိုင်မီကတည်းက သိရှိထားပြီး ဖြစ်သည့်အတွက် ထိုအရာမှာ ပုံမှန်မဟုတ်ဟု မခံစားရပါချေ။


ဟမ်းစတားလေး တစ်ကောင် ဖြစ်သည့်အတွက် ရှောင်ဝူယိမှာ ထိုလေယာဉ်များအား ခွဲခြားတတ်ခြင်း မရှိပါလေ။ “ဒယ်ဒီ့ ပိုင်ဆိုင်မှုလေးများအား လုံခြုံစွာ ကာကွယ်ထိန်းသိမ်းရမည်” ဟူသော ကိုယ်ပိုင်ဥပဒေသအရ ထိုလေယာဉ်များအား သူ၏နေရာလွတ်ထဲသို့ ထည့်သွင်းလိုက်မည် ဖြစ်သည်။


ပါးစုံဖောင်းဖောင်းလေးများအား လက်ကလေးနှစ်ဘက်ဖြင့် ပွတ်လိုက်ပြီးနောက်တွင် တိုက်လေယာဉ် ၃ စင်းမှာ ‘ရွှတ်’ ခနဲမြည်ကာ ပျောက်ကွယ်သွားလေသည်။


ထိုအဖြစ်အပျက်အား နောက်ကွယ်မှ ကြည့်နေသူ ပိုင်မေ့၏ မျက်လုံးများ အရောင်လက်လာသည်။ ထိုအကောင်လေး၏ နေရာလွတ် အရွယ်အစားမှာ အလွန်ကြီးမားပုံရပြီး သူ့ခေါင်းထဲရှိ စွမ်းရည်အမြုတေထက်ပင် ပိုမိုအစွမ်းထက်နိုင်သေးသည်။


ယခုအချိန်တွင် နင်ဖုန်းထံ၌ ကျန်းချိုးအား မနာလိုသည့် ခံစားချက်မျိုး မရှိတော့ချေ။ ရှောင်ဝူယိ ရှိနေသမျှ သူတို့သည် ကမ္ဘာပျက်ကပ် ကာလအတွင်းမှာပင် ရုပ်ရှိရေလျှံ Mr. Perfect များ ဖြစ်နေကြလိမ့်မည်။


ဟမ်းစတားလေး တစ်ကောင်အား ပြုစုပျိုးထောင်ခဲ့မှုကြောင့် ဆင်းရဲသားဘဝမှ ချမ်းသာကြွယ်ဝလာလေသည်။


သို့သော်လည်း များမကြာမီမှာပင် ဟမ်းစတားလေးသည် သူ၏စွမ်းရည်အား လူအများရှေ့တွင် မတော်တဆ အသုံးပြုလိုက်မိကြောင်း နားလည်သဘောပေါက်သွားသဖြင့် အပြစ်ရှိစိတ် ဖြစ်ပေါ်လာသည်။ လက်ကလေးနှစ်ဘက်ဖြင့် ပါးစုံဖောင်းဖောင်းလေးများအား ညွှန်ပြကာ ဖုံးကွယ်ရန် ကြိုးစားသော်လည်း ထိုသည်ကပင် ပို၍ပေါ်လွင်သွားစေသည်။


“ချိ..!”


ပေါင်ပေါင်းရဲ့ ပါးစုံလေးတွေက ထူးထူးခြားခြား ပစ္စည်းတွေအများကြီး ဆံ့နေတာလေ.. 


ဤတစ်ကြိမ်တွင်မူ ရှဲ့ကျွင်းတို့သည် ချစ်စဖွယ်အသံလေးအား ကြားသည့်အခါ နျဲ့ရှောင်၏ ဘာသာပြန်ဆိုချက်အား မလိုအပ်တော့ချေ။ ခေါင်းညိတ်မှုပြုပြီး ထောက်ခံပေးလိုက်ကြသေးသည်။


“အွန်း.. အွန်း.. အားလုံးက ရှောင်ဘော့စ် ပြောတဲ့အတိုင်းပဲ..”


ထိုအခြင်းအရာအား မြင်သည့်အခါ နျဲ့ရှောင်နှင့် သူ့လူများ အပါအဝင် ကျန်းချိုးနှင့် အခြားလူများပါ နားမလည်နိုင်အောင် ဖြစ်သွားကြလေသည်။


“…?”


အိုခေပါ.. သူတို့က ဘယ်လိုဇာတ်ရုပ်မျိုး သရုပ်ဆောင်နေကြလဲဆိုတာ တကယ်ကို နားမလည်နိုင်ပေမဲ့ အားလုံးက ဒီလိုဖြစ်နေမှတော့ ပူးပေါင်းပေးလိုက်ကြတာပေါ့..


နျဲ့ရှောင်တို့မှာ ထိုသို့တွေးပြီးနောက် သဘောတူကြောင်း ပြလိုက်ကြသည်။


ဟမ်းစတားလေးသည် ခေါင်းမော့ကာ သူပြောသည်ကို ယုံကြည်လက်ခံကြပုံရသည့် လူများအား ကြည့်လိုက်သည်။ ချက်ချင်း စိတ်သက်သာရာ ရသွားပြီး ပျော်ရွှင်စွာဖြင့် ခေါင်းလေးတယမ်းယမ်း ဖြစ်နေလေသည်။


ပေါင်ပေါင်းက တကယ်ကို ဉာဏ်အကောင်းဆုံး ဟမ်းစတားလေးပဲ.. (•‌ᴗ•‌ )و


လူတိုင်း : “…” အာ.. ချစ်စရာလေး ပျော်နေသရွေ့ပေါ့ကွာ..


သူတို့သည် ဝူဝမ်ချီ၏ ဗီလာသို့ဝင်ကာ အနားယူကြပြီး အနာဂတ်အစီအစဉ်များအကြောင်း စတင်ပြောဆိုကြလေသည်။


သူတို့မှာ မိသားစုကြီးတစ်ခု ဖြစ်နေဆဲ ဖြစ်‌သော်လည်း ယခုအခါတွင် ဝူဝမ်ယွီနှင့် ရှောင်ဝူယိတို့မှာ သူတို့၏ မိသားစုများအား ရှာတွေ့သွားကြပြီ ဖြစ်သည့်အတွက် အခြားသူများသည် သူတို့ကို ကူညီကာ ဆွေမျိုးမိသားစုများအား ရှာဖွေရန် မြောက်ပိုင်းသို့ လိုက်ပေးနိုင်မလားဟု မေးမြန်းရန် ရှက်ရွံ့နေမိကြသည်။


ဝူဝမ်ယွီနှင့် ရှောင်ဝူယိတို့မှာ ကူညီရန် ဆန္ဒရှိကြသော်လည်း နျဲ့ရှောင်နှင့် ကျန်းချိုးတို့အတွက် အာမမခံနိုင်ကြချေ။


ဤကဲ့သို့သော အစွမ်းထက်လူများထံတွင် ပိုမိုအရေးကြီးသည့် အစီအစဉ်နှင့် လုပ်ငန်းတာဝန်များ ရှိနေတတ်ကြသဖြင့် သူတို့၏ ဆွေမျိုးများအား ကူညီရှာဖွေရန် သက်သက်နှင့် လမ်းမထက်တွင် အချိန်ဖြုန်းလိုကြလိမ့်မည် မဟုတ်ချေ။


အသစ်စက်စက် တိုက်လေယာဉ်များမှာ အကောင်းဆုံးသော သက်သေပြမှုပင် ဖြစ်သည်။ နျဲ့ရှောင်တို့အနေဖြင့် ထိုလေယာဉ်များအား ပြန်လည်မောင်းနှင်ကာ သူတို့၏ မစ်ရှင်အား အစီရင်ခံရန် လိုအပ်နေဆဲ ဖြစ်ပုံပင်။


ကျောင်းအုပ်ယွမ်သည် နျဲ့ရှောင်တို့ အဖွဲ့အားကြည့်လိုက်ပြီးနောက် စိတ်သက်သာရာ ရစေရန် ခပ်ဖြည်းဖြည်း ပြောလေသည်။


“မင်းတို့အနေနဲ့ ဝန်လေးနေဖို့ မလိုပါဘူး.. ငါတို့ရဲ့ မိသားစုတွေကို ကိုယ့်ဘာသာ ရှာနိုင်ပါတယ်.. မင်းတို့မှာ ပိုပြီးတော့ အရေးကြီးတဲ့ ကိစ္စတွေ ရှိနေဦးမယ်ဆိုရင် သွားကြပါ.. လုပ်နိင်စွမ်းရှိတဲ့သူတွေမှာ အရေးကြီးတဲ့ လုပ်ငန်းတာဝန်တွေ ရှိနေတတ်တယ်လေ.. အဲဒါကြောင့် အခု ဒီနေရာမှာပဲ လမ်းခွဲဖို့ လုံးဝပြဿနာမရှိဘူး..”


ထိုစကားအား ကြားသည့်အခါ နျဲ့ရှောင်တို့ တိတ်ဆိတ်သွားမိကြသည်။


သူတို့၏ မူလအစီအစဉ်မှာ ဝူဝမ်ယွီနှင့် ဝူယိအား ရှာဖွေပြီးသည့်နောက်တွင် မြို့တော်သို့ပြန်ကာ ခေါင်းဆောင် ရှ ၏ ဖိအားများကို မျှဝေထမ်းဆောင်ပေးရန် ဖြစ်သည်။


သို့သော်လည်း ယခုအခါ သူတို့အရှေ့တွင် ရှိနေကြသည့် သာမန်လူများအား ကြည့်ပြီးနောက် တုံ့ဆိုင်းနေမိကြသည်။


ဇွန်ဘီများ၏ ဆင့်ကဲပြောင်းလဲမှုနှုန်းမှာ အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိပြီး တစ်ချိန်တည်းမှာပင် သူတို့သည် စွမ်းရည်အမြုများအား ဝါးမျိုနိုင်စွမ်း ရှိကြသည်။ ဤမျှကြီးမားသည့် သာမန်လူသား အဖွဲ့တစ်ခုအား စွမ်းရည်ပိုင်ရှင်တစ်ဦးမှ ကာကွယ်စောင့်ရှောက်ပေးထားခြင်း မရှိလျှင် ရှေ့ဆက်ရမည့် ခရီးလမ်းမှာ အလွန်အန္တရာယ်များလှသည်။


ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန်တို့ ရှိနေသည့်တိုင် အချိန်နှင့်အမျှ အန္တရာယ်ပိုပိုများလာသည့် ကမ္ဘာပျက်ကပ် ကာလအတွင်း၌ သူတို့နှစ်ဦးတည်းနှင့် လူများစွာအား ကာကွယ်ပေးဖို့ရန် ခက်ခဲပေမည်။


ကျောင်းအုပ်ယွမ်သည် နျဲ့ရှောင်နှင့် အခြားသူများ၏ တိတ်ဆိတ်မှုအား သတိပြုမိပြီး သူတို့၏ အဖြေဟု ယူဆလိုက်လေသည်။ အခြားကျောင်းသားများ၏ မျက်လုံးထဲတွင် ဝမ်းနည်းမှု အရိပ်အယောင်များ ရှိနေသည့်တိုင် သူတို့ထံတွင် ငြင်းပယ်နိုင်မည့် အနေအထား မရှိကြချေ။


သူတို့၏ မိသားစုပြဿနာလေးများနှင့် နှိုင်းယှဉ်ပါက အစွမ်းထက်ပုဂ္ဂိုလ်များအား ပိုမိုကြီးမားသည့် ကိစ္စရပ်များက စောင့်ကြိုနေလေသည်။


အားလုံးကိုယ်စား ကျောင်းအုပ်ယွမ်မှာ ဦးဆောင်ကာ ပြောလေသည်။


“ဒီလိုဆိုမှတော့ ငါတို့တွေ ဒီနေရာကပဲ လမ်းခွဲကြတာပေါ့..”


ဝူဝမ်ယွီသည် ထိုစကားအား ကြားသည့်အခါ တိတ်ဆိတ်နေသည့် အစ်ကိုဖြစ်သူအား ကြည့်လိုက်မိသည်။ ရက်ပေါင်းများစွာ အတူဖြတ်သန်းလာကြပြီးနောက် သူမအနေဖြင့် ထိုလူများနှင့် ဤကဲ့သို့ ခွဲခွာခြင်း မပြုနိုင်ပေ။


ထို့အပြင် အတူတကွ ပူးပေါင်းကာ ခရီးဆက်ကြမည်ဟု အကြံပြုခဲ့သူမှာ သူမ ဖြစ်သည်။ သူမ၏ ဆွေမျိုးအား အရင်ဆုံး ရှာဖွေတွေ့ရှိသွားသဖြင့် လမ်းတစ်ဝက်၌ နှုတ်ထွက်လိုက်မည်ဆိုလျှင် အဓိပ္ပါယ်မရှိတော့ပေ။


“အစ်ကို....”


ဝူဝမ်ယွီသည် အစ်ကိုဖြစ်သူ၏ အင်္ကျီလက်အားဆွဲကာ မျက်လုံးများက တောင်းပန်မှုပြုနေသည်။


ဝူဝမ်ယွီ စကားမဆုံးခင်မှာပင် ကျောင်းအုပ်ယွမ်သည် ဝူဝမ်ယွီအား ချစ်ခင်စွာ ကြည့်လိုက်ပြီးနောက် ကြားဝင်ပြောလိုက်သည်။


“ရှောင်ယွီရေ.. ဒီလိုလုပ်စရာ မလိုပါဘူးကွယ်.. မင်းရဲ့အစ်ကိုနဲ့ သူတို့အဖွဲ့က ပိုပြီး ကြီးမားတဲ့ အရာတွေကို ပြုလုပ်သင့်တယ်လေ..”


ထိုအဖြစ်အပျက်အား ကြည့်နေရင်း ဟမ်းစတားလေးမှာ မည်သည်ကြောင့် ရုတ်တရက် ခွဲခွာရမည်ကို နားမလည်နိုင်ဘဲ ရှိနေသည်။ ရှဲ့ကျွင်းအပါအဝင် သူ၏ညီငယ်လေးများနှင့် မခွဲခွာလိုသောကြောင့် နျဲ့ရှောင်အား မော့ကြည့်လိုက်လေသည်။


ရုတ်တရက် ဖြစ်ပေါ်လာသည့် ခွဲခွာမှုကြောင့် အခန်းအတွင်းရှိ လေထုမှာ အချိန်တစ်ခုကြာ တိတ်ဆိတ်ကာ စိတ်ခံစားချက်များ ပြည့်နှက်လာသည်။ 


နျဲ့ရှောင်မှာ တစ်စုံတစ်ခုအား စဉ်းစားနေဟန်ဖြင့် အစောပိုင်းမှစကာ မည်သည့်စကားမျှ မဆိုခဲ့ချေ။ အခြေအနေများ ထိုသို့အဆုံးသတ်သွားတော့မည်ဟု ထင်နေစဉ်မှာပင် နျဲ့ရှောင် ရုတ်တရက် ခေါင်းမော့ကာ လူတိုင်းအား ကြည့်လိုက်သည်။


မမျှော်လင့်ဘဲ ရုတ်တရက် မိုးခြိမ်းလိုက်သလိုပင်။


“ငါတို့ ထွက်သွားမှာ မဟုတ်ဘူး..”


“!!!”


ထိုသို့ ကြားသည့်အခါ နင်ဖုန်းသည် နျဲ့ရှောင်အား မျက်လုံးအပြူးသားဖြင့် ကြည့်လိုက်ပြီး ရုတ်တရက် ပြောင်းလဲသွားသည့် အစီအစဉ်ကြောင့် အံ့အားသင့်နေမိသည်။


“ကျွန်တော်တို့က မြို့တော်ကိုသွားပြီး ခေါင်းဆောင် ရှ ကို မကူတော့ဘူးလား..”


ကျန်လူများမှာလည်း အကြောင်းအရင်းကို နားမလည်နိုင်ကြချေ။


သွမ့်ဝမ်ယွီသည် နျဲ့ရှောင်၏ အတွေးအား ခပ်ရေးရေး ခန့်မှန်းမိသဖြင့် နင်ဖုန်း၏ ဦးခေါင်းအား အသာဖွလိက်သည်။


“ခေါင်းဆောင် ရှ ရဲ့ အခုလက်ရှိဆန္ဒက လူတိုင်းရဲ့ မိသားစုတွေကို အစွမ်းကုန် ကာကွယ်ပေးချင်တာလေ..”


“ငါတို့က အခု အားလုံးကို ကူညီနေတာဆိုတော့ ခေါင်းဆောင် ရှ ကို ကူညီနေတာ အတိအကျပဲပေါ့..”


သွမ့်ဝမ်ယွီ၏ အသံအား လူတိုင်းကြားနိုင်သည်။ နျဲ့ရှောင်သည်လည်း ခေါင်းညိတ်ပြီးနောက် သူ၏ အစီအစဉ်အား တိုက်ရိုက်ပြောလိုက်သည်။


“ငါက ဖုန်းချန်မှာ အခြေစိုက်စခန်း ဆောက်ချင်တယ်..”


နျဲ့ရှောင်၏ မျက်လုံးများမှာ တည်ငြိမ်လေးနက်စွာဖြင့် ရှိနေပြီး စနောက်မှု အနည်းငယ်မျှပင် ပါဝင်ခြင်း မရှိပေ။


ကျောင်းအုပ်ယွမ်သည် ကြားလိုက်ရသည့် စကားကြောင့် အံ့ဩတုန်လှုပ်သွားမိသည်။ သူ၏အရှေ့ရှိ လူငယ်အားကြည့်ကာ တစ်ဘက်လူ၏ စိတ်ဓာတ်နှင့် ရည်မှန်းချက်တို့အား မယုံကြည်နိုင်အောင် ဖြစ်နေမိသည်။


သူတို့၏ မိသားစုများအား ကူညီရှာဖွေပေးချင်ရုံသာ မကဘဲ လုံခြုံဘေးကင်းစွာ ရှင်သန်နိုင်ရန် အခြေစိုက်စခန်း တစ်ခုကိုပါ တည်ထောင်လိုခြင်း ဖြစ်သည်။


အနားတွင် ရှိနေသည့် ကျန်းချိုးသည် နျဲ့ရှောင်အား ခေါင်းမော့ကြည့်လိုက်ပြီး အံ့အားသင့်စွာဖြင့် ပြောလေသည်။ 


“မင်းရဲ့ မဟာသနားကရုဏာတော်ကြီးကြောင့် လောင်ဇီက အရမ်းကိုပဲ သိမ်ငယ်ရှက်ရွံ့သွားမိတယ်ကွာ..”


နျဲ့ရှောင်သည် ထိုစကားအား ပြောပြီးသည့်နောက် မည်မျှအားစိုက်ထုတ်မှု ပြုရန်လိုကြောင်း မသိသကဲ့သို့ သူ၏ပုခုံးပေါ်ရှိ ဟမ်းစတားလေးအား ငုံ့ကြည့်ကာ နူးနူးညံ့ညံ့ ထိတွေ့နေမိသည်။


ဝူဝမ်ချီ၊ သွမ့်ဝမ်ယွီနှင့် ရှောင်ယန်တို့သည် နျဲ့ရှောင် ထိုမျှလောက် ကြီးကြီးမားမား ပြုလုပ်ရန် တွေးထားလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။ ခေတ္တမျှ အံ့အားသင့်နေပြီးနောက် သူတို့ထံ၌ အနည်းငယ်မျှပင် ငြင်းပယ်လိုခြင်း မရှိချေ။


သူတို့အနေဖြင့် ထိုအချိန်အတွက် နည်းနည်းလေးမျှပင် စိုးရိမ်ရန် မလိုအပ်ချေ။ နျဲ့ရှောင်မှ ဤသို့ပြောလာသည်ကြောင့် သူတို့သည်လည်း ဘော့စ်၏စကားအတိုင်း လိုက်နာကြမည်ပင်။


နင်ဖုန်းမှာ စိတ်လှုပ်ရှားမှုကြောင့် ပါးပြင်များ နီရဲလာပြီး ခေါင်းဆောင် ရှ ထံသို့ ပြန်ချင်စိတ် မရှိတော့ပေ။ တောင်ပိုင်းတွင် အခြေစိုက်စခန်းတစ်ခု တည်ဆောက်လိုက်ခြင်းထက် ခေါင်းဆောင် ရှ အား ကူညီကာ စိုးရိမ်ပူပန်မှုများအား လျော့ချပေးနိုင်သည့်အရာ မရှိတော့ချေ။ 


ဟမ်းစတားလေးသည် နျဲ့ရှောင်အား လေးစားနှစ်သက်ခြင်းနှင့် ကြည်နူးပျော်ရွှင်ခြင်းတို့ ပြည့်နေသည့် မျက်လုံးတောက်တောက်လေးများဖြင့် ကြည့်လိုက်သည်။ သူ့အား သင်ကြားပေးခဲ့သည်များကို မေ့လျော့သွားပြီးဖြစ်ကာ သူ၏ခေါင်းထဲ၌ မရှိတော့ချေ။ နျဲ့ရှောင်၏ လည်ပင်းအားဖက်ကာ နူးညံ့စွာဖြင့် နားရွက်အား မှီတွယ်လိုက်သည်။


ပေါင်ပေါင်းရဲ့ ဒယ်ဒီက ကမ္ဘာ့အကောင်းဆုံး ဒယ်ဒီပဲ..


“ချိ..!” ပေါင်ပေါင်းလည်း ဒယ်ဒီ့ကို ကူမယ်နော်..


ရှဲ့ကျွင်း၊ လျှိုတာ့ရှန်နှင့် အခြားကျောင်းသားများသည် အံ့အားသင့်စွာဖြင့် တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြပြီး ရုတ်တရက်ဆိုသလို ပိုမိုအဓိပ္ပါယ်ရှိသည့် အရာများအား ပြုလုပ်နိုင်သည်ကို သိလိုက်ရသည်။


ဤကမ္ဘာပျက်ကပ်အတွင်း သူတို့၏ မိသားစုဝင်များအား ရှာဖွေသည့်နည်းတူ အခြား‌သော ‘မိသားစုများ’ မှ ရှင်သန်ကျန်ရစ်သူများအား မည်သည်ကြောင့် မရှာဖွေနိုင်ရမည်နည်း။


လူများများ ရှာတွေ့လျှင် သူတို့၏ အင်အားမှာလည်း ပိုမိုကြီးထွားလာမည် ဖြစ်သည်။ မတူညီသည့် ဒေသအသီးသီးသို့ အဖွဲ့များခွဲကာ အသက်ရှင်သန်သူများအား ပိုမိုမြန်ဆန်လျင်မြန်စွာ ရှာဖွေနိုင်ကြမည် ဖြစ်သည်။


ဟာပင်းမှ ကျောင်းသားတစ်ဦး ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။ သူ၏မျက်နှာထက်တွင် ပြတ်သားသည့် ဆုံးဖြတ်ချက်များ အတိုင်းသားပင်။


“ကျွန်တော်လည်း ဒီမှာနေပြီး ကူညီပေးချင်တယ်.. ဟာပင်းမှာ အခြေစိုက်စခန်း ရှိနေပြီဆိုတော့ စိုးရိမ်စရာ မရှိတော့ပါဘူး.. အချိန်တစ်ခုလောက်တော့ ပြန်သွားနိုင်မှာ မဟုတ်ပေမဲ့ ကျွန်တော့်ရဲ့မိသားစုက အသက်ရှင်နေတုန်းပဲ ဆိုရင်တော့ သူတို့ကို သေချာပေါက် ကယ်တင်ပေးကြမှာပါ..”


“ဆန့်ကျင်ဘက်အနေနဲ့ ယွင်ချန်၊ ရှန့်ချန်ကနေ ဖုန်းချန်အထိ ဖြတ်သန်းလာတဲ့ လမ်းတစ်လျှောက် မြောက်ပိုင်းမှာထက် ပိုပြီး ခက်ခဲကြမ်းတမ်းမှုကို ကြုံတွေ့ခဲ့ရတယ်..”


လမ်းတစ်လျှောက်တွင် သူတို့အနေဖြင့် မည်သည့် ကယ်ဆယ်ရေး အဖွဲ့အစည်းနှင့်မျှ ကြုံတွေ့ခဲ့ခြင်း မရှိပေ။


“ဒီမှာနေပြီး တခြားသူတွေရဲ့ မိသားစုကို ကယ်တင်ပေးမယ်ဆိုရင် တစ်ချိန်တည်းမှာပဲ ကျွန်တော့်ရဲ့ မိသားစုကိုလည်း တစ်ယောက်ယောက်က ကယ်တင်ပေးထားမယ်လို့ ယုံကြည်တယ်..”


ဟာပင်းမှကျောင်းသား ပြောပြီးသည်နှင့် ကျောင်းသားအချို့လည်း မတ်တတ်ရပ်လာကြသည်။ ကျောင်းအုပ်ယွမ်သည် သူ၏ ချစ်စဖွယ်ကျောင်းသားများအားကြည့်ကာ မျက်လုံးထဲတွင် နွေးထွေးမှုတို့ ရှိလာသည်။


ရှုထောင့်ပြောင်းလိုက်သည်နှင့် နှိုင်းယှဉ်မရနိုင်သည့် အားများ စုစည်းလာမည်မှာ အသေအချာပင်။


“ဒါဆိုလည်း ဒီဗီလာဝင်းကို ခံတပ်အနေနဲ့ ထားပြီး ဒီနေရာကနေစပြီး စခန်းရဲ့ နယ်ပယ်ကို ချဲ့ထွင်ကြတာပေါ့..”


သွမ့်ဝမ်ယွီသည် ပြုံးလျက်နှင့် မျက်မှန်ပင့်တင်လိုက်ပြီး လူတိုင်းအား ကြည့်လိုက်သည်။


အနည်းငယ် စိတ်လှုပ်ရှားနေသော နင်ဖုန်းသည် အခြေစိုက်စခန်း၏ အမည်အား တိုက်ရိုက် ကြေညာလိုက်သည်။


“ဟားဟားဟား ဒီနေ့ကစပြီး ငါတို့ရဲ့ ‘ဝူယိ အခြေစိုက်စခန်း’ ကို တရားဝင် တည်ထောင်လိုက်ပြီကွ..”


ထိုအမည်အား ကြားသည့်အခါ ကျောင်းအုပ်ယွမ် မရယ်ဘဲ မနေနိုင်တော့ချေ။


“အလုပ်သမားတွေရဲ့ ကြိုးစားမှု ဂုဏ်သရေရှိတဲ့ နေ့လေးပဲပေါ့.. ဟားဟားဟား နာမည်ကောင်းတစ်ခုပဲ..”


ဂရုတစိုက် ပုန်းနေခဲ့သည့် ဟမ်းစတားလေးမှာ စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းထောင်လာသည်။ သူ၏ ဒယ်ဒီအား တစ်လှည့် အခြားလူများအား တစ်လှည့်ကြည့်ကာ နားမလည်နိုင်ဘဲ ရှိနေလေသည်။


လူတိုင်းသည် ချစ်စဖွယ် အသွင်အပြင်လေးနှင့် ချစ်စရာဆန်မုန့်လုံးလေးအား ကြည့်ကာ အူလှိုက်သည်းလှိုက် ရ

ယ်မောမိကြသည်။


နျဲ့ရှောင်၏ နှုတ်ခမ်းများပင်လျင် ပြုံးယောင်သန်းလာသည်။


အပြင်ဘက်တွင် ရှိနေသော ပိုင်မေ့သည် တက်ကြွပြီး မျှော်လင့်ချက်အပြည့်နေရှိသည့် လူအုပ်အားကြည့်ကာ မျက်လုံးများ တဖျပ်ဖျပ် လှုပ်ခတ်သွားလေသည်။