🐹 အခန်း ၃၅
ဝူယိလေးမှာ ပေါင်ပေ့အကြီးကြီး ပိုင်ဆိုင်ထားတယ်
အခြေစိုက်စခန်း တည်ထောက်ဖို့ ဆုံးဖြတ်ချက် ချပြီးသည့်နောက်တွင် ညအချိန်သို့ ရောက်ရှိလာသည်။
ဝူဝမ်ချီ၏ ဗီလာမှာ လုံခြုံရေးပိုင်းတွင် အတော်လေး အဆင့်မြင့်ပြီး အခန်းများစွာဖြင့် ဖွဲ့စည်းထားသည်။ ထို့ကြောင့် အခန်းတစ်ခုတည်းတွင် စုဖွဲ့ပြီး ကြမ်းပြင်ပေါ်၌အိပ်ရန် မလိုတော့ချေ။
ကြီးမားနူးညံ့သည့် ဇိမ်ခံမွေ့ရာပေါ်တွင် လှဲလျောင်းခြင်း မပြုရသည်မှာ အချိန်ကြာမြင့်လှပြီ ဖြစ်သည်။ လူတိုင်းသည် သုံးယောက်မှ ငါးယောက်လျှင် တစ်ခန်းကျ ယူလိုက်ပြီးနောက် များမကြာမီမှာပင် အိပ်မက်ကမ္ဘာသို့ ဝင်ရောက်သွားကြသည်။ အနာဂတ်အကြောင်းတွေးကာ စိတ်ထဲတွင် မြင့်မားသည့် မျှော်လင့်ချက်များ ရှိနေလေသည်။
ထိုအိပ်မက်များထဲတွင် ကမ္ဘာပျက်ကပ်ပြီး ပြီးဆုံးသွားပြီးနောက် ကမ္ဘာကြီးမှာလည်း ယခင်အတိုင်း သာယာစည်ပင်ကာ ငြိမ်းအေးလျက်ရှိသည်။
နျဲ့ရှောင်နှင့် ဟမ်းစတားလေးတို့သည်လည်း ဧည့်သည်ခန်းတစ်ခုတွင် စိတ်လက်ပေါ့ပါးစွာ ဇိမ်ကျကျ အနားယူလျက်ရှိကြသည်။ နျဲ့ရှောင်၏ အေးစက်ခံ့ညားသည့် မျက်နှာသွင်ပြင်ကြောင့် ချစ်စဖွယ် ဟမ်းစတားလေး ရှိနေသည့်တိုင် အခြားသူများမှာ နျဲ့ရှောင်နှင့် တစ်ခန်းတည်း၊ တစ်ကုတင်တည်း အတူနေဖို့ရန် မဝံ့ရဲကြချေ။
အဖော်ပြုပေးမည့် ဟမ်းစတားလေး ရှိမနေပါက နျဲ့ရှောင်မှာ ယခင်အတိုင်း အခန်းထဲရှိ လူပေါင်းများစွာ အကြားတွင် အထီးကျန် ဝံပုလွေတစ်ကောင်ကဲ့သို့ တစ်ဦးတည်း ဖြတ်သန်းရမည်ဖြစ်သည်။ ထို့ကြောင့် နျဲ့ရှောင်သည် သူ့အား ခေါင်းအုံးပေါ်တွင် လဲလျောင်းကာ အဖော်ပြုပေးလျက်ရှိသော ဟမ်းစတားလေးအား ပွတ်သပ်ပေးနေမိသည်။
ဟမ်းစတားလေးမှာ ဒယ်ဒီဖြစ်သူ၏ ပွတ်သပ်ပေးမှုကြောင့် အလွန်ဇိမ်ကျလျက်ရှိသည်။ ခေါင်းထောင်ကာ နျဲ့ရှောင်အား မျက်လုံးနက်နက်လေးများဖြင့် ကြည့်လိုက်ပြီး တစ်စုံတစ်ခု ပြောချင်သည့်သဖွယ် တုံ့ဆိုင်းလျက်ရှိသည်။
နျဲ့ရှောင်သည် ဆန်မုန့်လုံးလေး၏ စိတ်အခြေအနေအား အာရုံခံမိသဖြင့် ခေါင်းအုံးပေါ်ရှိ အကောင်ပေါက်ကလေးအား ကြည့်လိုက်သည်။ တိတ်ဆိတ်နေသည့် ညအချိန်တွင် သူ၏အသံမှာ ညင်သာနူးညံ့လျက်ရှိသည်။
“ဘာဖြစ်လို့လဲ ချုံပေါင်.. ရှူရှူးပေါက်ချင်လို့လား..”
ဟမ်းစတားလေးသည် နျဲ့ရှောင်အား စိုက်ကြည့်နေသည်။ သူ၏ လျှို့ဝှက်ချက်ကလေးကို နျဲ့ရှောင်အား တစ်နေ့လုံး ဖုံးကွယ်ထားခဲ့မိသဖြင့် ရုတ်တရက် အပြစ်ရှိစိတ် ဝင်လာလေသည်။ အမွေးလုံးလေးသည် ချစ်စဖွယ်အော်သံလေး ပြုကာဖြင့် သူ၏ဒယ်ဒီအား ပြောပြရန် ဆုံးဖြတ်လိုက်သည်။
“ချိ..!” ဒယ်ဒီရေ.. ပေါင်ပေါင်းမှာ ဒယ်ဒီ့ကို ပြဖို့ ပေါင်ပေ့အကြီးကြီး ရှိနေတာ..
နျဲ့ရှောင် : “…”
“မဆူနဲ့ကွာ..”
နျဲ့ရှောင် ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
ထို့နောက်တွင် ဟမ်းစတားလေး၏ ခန္ဓာကိုယ်ပိစိလေးအား လက်ဖဝါးဖြင့်အုပ်ကာ ညင်သာစွာ ပွတ်သပ်ပေးပြီးနောက် ခပ်တိုးတိုး ပြောလိုက်သည်။
“လိမ္မာနော်.. စောစောလေး အိပ်တော့.. မနက်ဖြန်ကျ ဒယ်ဒီတို့မှာ လုပ်စရာတွေ အများကြီးရှိနေတယ် မဟုတ်ဘူးလား..”
ဟမ်စတားလေးသည် “အလိုအလျောက် လူသားလက်ဝါး အနွေးခြုံထည်” ဖြင့် ဖုံးအုပ်ခံလိုက်ရပြီး ခန္ဓာကိုယ်တစ်ခုလုံး ပိုက်ထွေးခံထားရကာ သေးသေးလေးမျှပင် လှုပ်ရှားနိုင်ခြင်း မရှိချေ။ ခြုံထည်လေးအား ကန်ထုတ်ကာ သူ၏ ဗိုက်ဗိုက်လေးအား အေးသွားစေရန်မှာ လုံးလုံးလျားလျား မဖြစ်နိုင်ချေ။
နျဲ့ရှောင် မျက်လုံးမှိတ်ကာ အိပ်တော့မည်ကို မြင်လိုက်သည့်အတွက် ဟမ်းစတားလေးမှာ ချက်ချင်းပင် စိုးရိမ်ပူပန်လာသည်။ နျဲ့ရှောင်၏ လက်ခုပ်ထဲမှ မလွတ်နိုင်သည့်အတွက် ရိုးရိုးရှင်းရှင်းပင် လူပုံစံသို့ ပြောင်းလဲလိုက်သည်။
ထို့နောက်တွင် နျဲ့ရှောင်သည် သူ၏လက်ဖဝါးအောက်မှ ရုတ်တရက် ပြောင်းလဲမှုအား ခံစားလိုက်ရပြီး မွေ့ရာတစ်ဘက်မှာလည်း အိကျသွားလေသည်။ မျက်လုံးဖွင့်လိုက်သည်နှင့် သူ၏အရှေ့မှ ဖြူဖွေးတောက်ပနေသည့် ခန္ဓာကိုယ်လေးကြောင့် မျက်စိကျိန်းသွားရသည်။
“ဒယ်ဒီ~ ပေါင်ပေါင်းမှာ ဒယ်ဒီ့ကိုပြဖို့ ပေါင်ပေ့ကြီးတစ်ခု ရှိနေပါတယ်ဆို..”
ညအမှောင်ထဲတွင် နျဲ့ရှောင်မှာ ချက်ချင်းပင် မျက်နှာ နီရဲလာသည်။ ရုတ်တရက် ထထိုင်လိုက်ပြီးနောက် ခန္ဓာကိုယ်ပေါ်ရှိ ဂွမ်းကပ်ဖြင့် လူငယ်လေးအား လွှမ်းခြုံလိုက်သည်။
“ဆူညံနေတာပဲကွာ..”
ရှောင်ဝူယိမှာ ကြက်ဥလိပ်သဖွယ် ဂွမ်းကပ်ဖြင့် ထပ်မံထုပ်ပိုးခံလိုက်ရပြီး လှုပ်ရှား၍ မရပြန်တော့ချေ။
ရှောင်ဝူယိသည် စိတ်ဆိုးနေဟန်ရှိသည့် နျဲ့ရှောင်အားကြည့်ကာ မှားယွင်းစွပ်စွဲခံရသလို ခံစားလာရသည်။
သို့သော်လည်း စပြီးပြီ ဆိုမှတော့ အဆုံးထိ သွားဖို့ရန်သာ ရှိသည်။ သူ၏ ပါးစပ်သေးသေးလေးဖြင့် နျဲ့ရှောင်၏ လက်ဖဝါးအား ကိုက်ကာ ဒယ်ဒီဖြစ်သူအား သူ၏ နေရာလွတ်လေးထဲသို့ ဝါးမျိုလိုက်လေသည်။
နျဲ့ရှောင်၏ အမြင်အာရုံတစ်ခုလုံး အဖြူရောင်များ လွှမ်းခြုံသွားပြီး ရုတ်တရက်ဆိုသလို သူ၏ နံဘေး ပတ်လည်ဝိုင်းနေသည့် တောင်တန်းစိမ်းများနှင့် ရေပြာပြာကြောင့် အံ့ဩထိတ်လန့်နေမိသည်။
နေရာအနှံ့ ကောင်ငယ်လေး၏ ချစ်စဖွယ် ရယ်မောသံလေးများသာ ပဲ့တင်ထပ်လျက်ရှိသည်။
“ပေါင်ပေါင်းက ဒယ်ဒီ့ကို စားပစ်လိုက်ပြီး နေရာလွတ်ထဲကို ခေါ်လာလိုက်တာပါ.. လား လား လား လား လား~”
စောင်ပုံထုပ်လေး ရှောင်ဝူယိသည် အိပ်ရာပေါ်တွင် ထိုင်နိုင်ရန် အတော်လေး ရုန်းကန်လိုက်ရသည်။ ရှောင်ဝူယိသည် နေရာလွတ်အား လှည့်ပတ်ကြည့်လိုက်ပြီးနောက် များမကြာမီတွင် ဝတ္ထုထဲသို့ ရောက်နေသလို ခံစားနေရရှာသော ဒယ်ဒီဖြစ်သူထံ အကြည့်ရောက်သွားလေသည်။
နျဲ့ရှောင်အား ခြောက်လှန့်မိမည် စိုးသဖြင့် ရှောင်ဝူယိမှာ အချိန်ဆွဲမနေတော့ဘဲနှင့် စောင်ထုပ်လေးအတိုင်း အိပ်ရာပေါ်မှ ပျောက်ကွယ်သွားလေသည်။
နျဲ့ရှောင် တုန်လှုပ်နေရာမှ ပြန်လည်သက်သာလာချိန်တွင် သူ့မျက်စိရှေ့မှာပင် လေထုထဲမှ ထွက်ပေါ်လာသည့် စောင်ထုပ်လေးအား မြင်တွေ့လိုက်ရသည်။
မြက်ခင်းစိမ်းပေါ်တွင် ခြေဗလာဖြင့် ရပ်နေသည့် ကောင်ငယ်လေးအား မြင်သည့်အခါ နျဲ့ရှောင် အတွေးထက်အရင် လှုပ်ရှားလိုက်ပြီး သူကိုယ်တိုင်သည်လည်း မြေပြင်ပေါ်တွင် ခြေဗလာဖြင့် ရပ်နေသည့်တိုင် ကောင်ငယ်လေးအား ကောက်ပွေ့လိုက်သည်။
ငှက်မွေးတမျှ ပေါ့ပါးလှသည့် ကောင်ငယ်လေးကြောင့် နျဲ့ရှောင် မျက်မှောင်ကြုတ်သွားလေသည်။
တစ်ဘက်တွင်မူ နျဲ့ရှောင်၏ ပွေ့ချီထားခြင်း ခံရသူ ရှောင်ဝူယိမှာ အတော်လေး ပျော်ရွှင်လျက်ရှိပြီး နျဲ့ရှောင်၏ လည်ပင်းကိုပင် လက်နှစ်ဘက်ဖြင့် ပွေ့ဖက်ထားလိုက်သေးသည်။
“ဒါက ပေါင်ပေါင်းပြချင်တဲ့ ရတနာပေါင်ပေ့ကြီးလေ.. ဒယ်ဒီက အခုနက ဘာဖြစ်လို့ ပေါင်ပေါင်းကို စိတ်ဆိုးတာလဲဟင်..”
“ဒယ်ဒီက ပေါင်ပေါင်းရဲ့ ပေါင်ပေ့ကို တခြားတစ်ခုခုလို့ ထင်သွားလို့လား.. ”
ချက်ချင်းဆိုသလို ကျောမတ်သွားပါသော နျဲ့ရှောင် : “…”
အဲဒီ လူကြီးတွေရဲ့ ညစ်ညမ်းတဲ့အတွေးတွေကိုပဲ အပြစ်တင်လိုက်တော့..
နျဲ့ရှောင်မှာ မည်သို့ပြန်ဖြေရမည်ကို မသိတော့သဖြင့် ရည်ရွယ်ချက်ရှိရှိ ခေါင်းစဉ်ပြောင်းရန် ဆုံးဖြတ်လိုက်သည်။ တောင်တန်းစိမ်းစိမ်းနှင့် ရေပြာပြာတို့ ရှိနေသည့် နေရာလွတ်အားကြည့်ကာ မေးလိုက်သည်။
“ဒါက ပေါင်ပေါင်းရဲ့ နေရာလွတ်စွမ်းရည်လား.. အဲဒါဆို ဒီမှာ ဘာဖြစ်လို့ ဘာပစ္စည်းမှ မရှိတာလဲ ပြောပါဦးကွ..”
နျဲ့ရှောင်သည် နေရာလွတ်အနှံ့ မျက်စိတစ်ဆုံး ကြည့်လိုက်ပြီးနောက် အတော်လေး ရင်းနှီးနေပါသော ဗီလာတစ်လုံးနှင့် လယ်ကွက်တစ်ချို့တွင် စိုက်ပျိုးထားသည့် ကောက်ပဲသီးနှံများကိုသာ မြင်တွေ့လိုက်ရသည်။ ရှောင်ဝူယိ သူ၏ နေရာလွတ်ထဲတွင် သိမ်းဆည်းထားသည့် ပစ္စည်းများမှာ ဤအရာများထက် သေချာပေါက် များပေလိမ့်မည်။
နျဲ့ရှောင်သည် ရှောင်ဝူယိအား အရူးလုပ်နိုင်ခဲ့သည်။ သူ၏ အာရုံမှာ လျင်မြန်စွာ ပြောင်းလဲသွားပြီး နျဲ့ရှောင်အား ယုံကြည်မှုအပြည့်ဖြင့် သူ၏ နေရာလွတ်နှစ်ခု၏ ဂုဏ်သတ္တိနှင့် ပြောင်းလဲနိုင်မှုများ အကြောင်း ပြောပြလိုက်သည်။
ကောင်ငယ်လေးထံတွင် နေရာလွတ် တစ်ခုထက်ပို ရှိနေကြောင်း သိရှိပြီးနောက်တွင် စိတ်ရှုပ်ထွေးနေခဲ့သည့် နျဲ့ရှောင်မှာ အံ့အားသင့်သွားလေသည်။ သို့သော်လည်း ဟမ်းစတားလေး၏ ပါးစုံဖောင်းဖောင်းလေး နှစ်ခုအကြောင်း တွေးမိသည့်အခါ ဤသည်မှာ ကျိုးကြောင်းဆီလျော်မှုရှိမှန်း သဘောပေါက်နားလည်မိသည်။
“တကယ်တော့ နောက်တစ်ခု ရှိနေသေးတယ် ဒယ်ဒီ.. ပေါင်ပေါင်းရဲ့ စွမ်းရည်က တခြားသူတွေနဲ့ မတူပုံပဲ.. ပေါင်ပေါင်းက ခရစ္စတယ်အမြုတေကို စုပ်ယူလို့မရဘူး..”
ရှောင်ဝူယိသည် နျဲ့ရှောင်အား မဝံ့မရဲ ကြည့်လိုက်သည်။ လုပ်မိလုပ်ရာဖြင့် လက်ချောင်းလေးများအား ဂနာမငြိမ်စွာ ထိတွေ့ဆော့ကစားလျက်ရှိသည်။
“ပေါင်ပေါင်းက အရမ်းထူးဆန်းနေတယ်မလား.. ဟင်..” 🥺
ထိုစကားအား ကြားသည့်အခါ နျဲ့ရှောင် ချက်ချင်း အလေးအနက် ဖြစ်လာသည်။ ကောင်ကလေး မကြောက်စေရန် ခေါင်းအား အသာပုတ်ပြီး ခရစ္စတယ်အမြုတေအား စုပ်ယူရန် ကြိုးစားစေသည်။ ရလဒ်မှာ ကနဦး ပြောခဲ့သလိုပင်။
ထိုအချိန်တွင် နျဲ့ရှောင်မှာ မည်သည်ကြောင့် ဤသို့ဖြစ်ရကြောင်း မရှင်းလင်းသော်လည်း နတ်သားလေး ဖြစ်လာခဲ့သည့် သူ၏ကလေးအား ချော့မြှူရုံသာ ရှိတော့သည်။
“စိတ်ပူစရာ မရှိဘူးနော်.. ချုံပေါင်က အခု နတ်သားလေး ဖြစ်နေပြီဆိုတော့ တခြားလူတွေက မတူဘဲ ကွဲပြားတာ သဘာဝပဲလေ.. ကြောက်ဖို့မလိုဘူးနော်..”
နျဲ့ရှောင်၏ စကားများကြောင့် ရှောင်ဝူယိသည် ချက်ချင်းပင် စိတ်သက်သာရာ ရမိပြီးနောက် တက်တက်ကြွကြွ ခေါင်းညိတ်လိုက်သည်။
“ပေါင်ပေါင်းက ဒီအကြောင်းကို အခုထိတော့ ဒယ်ဒီ့တစ်ယောက်တည်းကိုပဲ ပြောပြတာရယ်.. တခြားသူတွေကို မပြောဘဲ ထားရမလား ဟင်..”
နျဲ့ရှောင်သည် ကောင်ငယ်လေး၏ ယုံကြည်ပေးမှုကြောင့် ရင်ထဲထိပြီး နှလုံးသားတစ်ခုလုံး အရည်ပျော်သွားလေသည်။ ကောင်ကလေး၏ ဦးခေါင်းအား လက်ဖြင့်ပွတ်ရင်း ခေတ္တမျှကြာအောင် အလေးအနက်ထား စဉ်းစားလိုက်သည်။
“အခုတော့ တခြားသူတွေကို မပြောဘဲထားဦးမယ်.. ဒါက ဒယ်ဒီနဲ့ ပေါင်ပေါင်းရဲ့ လျှို့ဝှက်ချက်လေး နော်..”
ထိုပြဿနာအား အလုံးစုံ နားလည်ခြင်းမရှိသေးချိန်တွင် နျဲ့ရှောင်သည် အခြားသူများ ကောင်ငယ်လေး၏ ပေါင်ပေ့အား သိရှိသွားခွင့် ပြုဖို့ရန် မဝံ့ရဲချေ။ ဖုံးကွယ်ထားခြင်းသည်သာလျှင် အလုံခြုံဆုံး နည်းလမ်းတစ်ခု ဖြစ်မည်။
ရှောင်ဝူယိသည် သူ၏ လျှို့ဝှက်ချက်လေးအား ဒယ်ဒီနှင့် မျှဝေလိုခြင်းသာ ဖြစ်သဖြင့် များများစားစား တွေးတောနေခြင်း မရှိဘဲ ပျော်ရွှင်စွာ သဘောတူလက်ခံလိုက်သည်။
ထို့နောက် ရှောင်ဝူယိသည် နျဲ့ရှောင်အား နေရာလွတ်အနှံ့ လှည့်လည်ပြသလိုက်သည်။ အလွန်ရင်းနှီးသည့် သဏ္ဌာန်ရှိသည့် ဗီလာမှာ သူတို့၏ ယွင်ချန်မှ ဗီလာဖြစ်ကြောင်း သိရှိပြီးနောက်တွင် နျဲ့ရှောင် တိတ်ဆိတ်သွားလေသည်။
ဗီလာ၏ ပိုက်လိုင်းများမှာ သိသိသာသာပင် ပျက်စီးသွားလေပြီ။
ကောင်ကလေး၏ ဦးခေါင်းအား အသာပွတ်ကာဖြင့် နျဲ့ရှောင်သည် သူ၏အတွေးများအား လျစ်လျူရှုလိုက်သည်။
“ချုံပေါင်က တကယ်တော်တာပဲ..”
ဟမ်းစတားလေး ပျော်ရွှင်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
“အွန်း.. ဒါ ပေါင်ပေါင်းနဲ့ ဒယ်ဒီ့ရဲ့ အိမ်ကလေး..”
‘အိမ်’ ဆိုသော နွေးထွေးလှသည့် စကားလုံးအား ကြားသည့်အခါ နျဲ့ရှောင်၏ နှလုံးသား နူးညံ့သွားပြီး ကလေးအဆီလေးများ ရှိနေသည့် ကောင်ငယ်လေး၏ ပါးစုံလေးများအား ညင်သာစွာ ပွတ်သပ်လိုက်သည်။
“ပေါင်ပေါင်းကလည်း ဒယ်ဒီ့ရဲ့ အိမ်ကလေးပဲလေ..”
ဟမ်းစတားလေး နားမလည်နိုင်စွာဖြင့် ခေါင်းကလေး စောင်းငဲ့လိုက်သည်။
နှစ်ဦးသား နေရာလွတ်အနှံ့ လျှောက်ပတ်ကြည့်နေကြပြီး အဆုံးတွင် ဗီလာ၏အရှေ့ရှိ လယ်ကွင်းသို့ ရောက်လာကြသည်။
ကောင်ငယ်လေးသည် ချက်ချင်းပင် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ကြုံတွေ့ခဲ့ရသော ဝမ်းနည်းမှုနှင့် ပင်ပန်းနွမ်းနယ်မှုတို့ကို နျဲ့ရှောင်အား ပြောပြညည်းညူလေသည်။ ထို့နောက် နျဲ့ရှောင်၏ ရှေ့မှာပင် လယ်ကွင်းထဲသို့ ပျိုးစေ့တစ်ထုပ် ကြဲပက်လိုက်သည်။
“ဒယ်ဒီကတော့ သိမှာမဟုတ်ဘူး ပေါင်ပေါင်းက နေ့တိုင်းနေ့တိုင်း အရမ်းအလုပ်ကြိုးစားပြီး အပင်တွေ စိုက်ခဲ့ရတာလို့.. အခုတော့ ပေါင်ပေါင်းက မိသားစုကို ကျွေးမွေးထားနိုင်ပြီလေ..” (ㅅ´ ˘ `)
ထိုသို့ပြောပြီးနောက် ရှောင်ဝူယိသည် ဟမ်းစတားသဏ္ဌာန်သို့ ပြောင်းလဲကာ လယ်ကွင်းများအကြား အကြိမ်အနည်းငယ်ခန့် လှည့်ပတ်ပြေးနေလေသည်။ ရုတ်တရက်ဆိုသလို ပျိုးစေ့များသည် မှော်ဆန်စွာ ကြီးထွားလာကြသည်။
နျဲ့ရှောင် : “…” အလုပ်ကြိုးစားတယ်ဆိုတာ ဒါလား..
ဟမ်းစတားလေးသည် ပိုမိုထိတ်လန့်စေမည့် အရာများ ထပ်မံယူဆောင်လာနိုင်ခြင်း ရှိ မရှိအား နျဲ့ရှောင် မသိတော့ချေ။ မျက်စိတစ်မှိတ် အတွင်းမှာပင် ပျိုးစေ့များမှ သန်သန်မာမာ အပင်များအဖြစ်သို့ ပြောင်းလဲသွားသည်ကို ကြည့်နေမိသည်။ နျဲ့ရှောင်မှာ ခေတ္တမျှ ကြာသည့်တိုင်အောင် အသိစိတ် ပြန်လည်မလာသေးချေ။
ထိုအချိန်မှာပင် ကြီးထွားနေသည့် အပင်များ ရုတ်တရက် လှုပ်ရှားလာသည်။ နွယ်ပင်ရှည်အချို့ ဆန့်ထွက်လာပြီး ကြီးမားလှပစွာ ပွင့်ဖူးလာသည့် ပန်းပွင့်များနှင့်အတူ လယ်ကွင်းထဲ ပျော်ရွှင်စွာ ပြေးလွှားနေသည့် ရှောင်ဝူယိအား တိုက်ခိုက်ရန် ဦးတည်လာကြသည်။
ထိုမြင်ကွင်းအား မြင်သည့်အခါ နျဲ့ရှောင် အခြေအနေမဟန်မှန်း သိလိုက်ပြီး မသိစိတ်ဖြင့် လက်ဆန့်ကာ လေဓားသွားတစ်ခု ထုတ်လွှတ်လိုက်သည်။ ထူးဆန်းသည့် ပန်းပွင့်နှင့် နွယ်ပင်များ ဘေးသို့ရှောင်လိုက်ချိန်တွင် နျဲ့ရှောင်သည် ဟမ်းစတားလေးအား လယ်ကွင်းထဲမှ ဆွဲထုတ်လိုက်သည်။
အဖြစ်အပျက်အား မသိလိုက်သည့် ဟမ်းစတားလေးမှာ နျဲ့ရှောင်၏ အပြုအမူများကြောင့် မူးဝေသွားလေသည်။ နားမလည်နိုင်ဘဲ ရှိနေချိန်မှာပင် နျဲ့ရှောင်၏ အိတ်ကပ်အတွင်းသို့ ရောက်သွားလေသည်။
မြေပြင်ပေါ်ရှိ *ရှစ်ရန်ထျန်း နှင့် ပါ့ဝမ်ဟွား* တို့မှာ မကျေနပ်ချက်တို့ ပေါက်ကွဲလာပုံရသည်။ ထို့ကြောင့် ဟမ်းစတားလေးအား အိတ်ကပ်ထဲ ထည့်သိမ်းထားပါသော နျဲ့ရှောင်အား ကြမ်းတမ်းစွာ တိုက်ခိုက်ကြလေသည်။
အဆုံးတွင် နျဲ့ရှောင်သည် သူတို့အား မျိုးစေ့အဖြစ်သို့ ပြန်လည်ပြောင်းလဲလုနီးနီး ဖြစ်သည့်တိုင်အောင် ရှင်းလင်းလိုက်သည်။
ရှစ်ရန်ထျန်းနှင့် ပါ့ဝမ်ဟွား : QAQ
ထိုအချိန်မှာပင် နျဲ့ရှောင်၏ အိတ်ကပ်အတွင်းရှိ ဟမ်းစတားလေး လူးလွန့်လာပြီး နျဲ့ရှောင်၏ အမြစ်ဖြတ် သုတ်သင်နေမှုအား ‘ချိ’ ဟူ၍ တားဆီးလိုက်သည်။
နျဲ့ရှောင်သည် သေလုမျောပါးဖြစ်နေသည့် အပင်များအား သတိအပြည့်ဖြင့် ကြည့်လိုက်သည်။ ဟမ်းစတားလေးသည် ထိုအပင်များအား ကြည့်ကာ ကြောင်အသွားလေသည်။
“ချိ..!”
ဒယ်ဒီရေ.. သူတို့ကို ပေါင်ပေါင်း သိနေသလိုပဲ..
သခင်လေးဖြစ်သူ၏ စကားကိုကြားသည့်အခါ ရှစ်ရန်ထျန်းနှင့် ပါ့ဝမ်ဟွားတို့သည် ကျိုးပဲ့နေသည့် အကိုင်းအခက်နှင့် အဖူးအပွင့်များအား ပျော်ရွှင်စွာ လှုပ်ခါယမ်းလိုက်သည်။ ထို့နောက် သူတို့ထံသို့ နျဲ့ရှောင်၏ အေးစက်သည့် အကြည့်များ ရောက်လာသည့်အခါ ပြန်လည်ပျော့ခွေသွားပြန်သည်။
“အဲဒီအစေ့တွေကို ဘယ်ကရလာတာလဲ ပေါင်ပေါင်း..”
နျဲ့ရှောင်သည် ဟမ်းစတားလေးအား ထိုအပင်များထံ ကပ်သွားခွင့်မပြုချေ။ ထူးဆန်းလှသော မွန်းစတားအပင်များမှာ အားနည်းသနားစဖွယ် ဟန်ဆောင်နေခြင်း ဟုတ်၊ မဟုတ်အား မည်သူသိနိုင်မည်နည်း။
ရှစ်ရန်ထျန်းနှင့် ပါ့ဝမ်ဟွားတို့သည် နျဲ့ရှောင်နှင့် ရင်ဆိုင်ရမည်ကို အတော်လေး ကြောက်ရွံ့ကြသည့်အတွက် သောင်းကျန်းခြင်း မပြုရဲကြချေ။ သူတို့၏ သခင်လေး ရှိသည့်ဘက်ကိုသာ မျက်နှာမူထားကြသည်။ မျက်လုံးများသာ ရှိကြမည်ဆိုလျှင် သူတို့သည် ရှောင်ဝူယိအား စိတ်အားထက်သန်စွာ၊ မျှော်လင့်ချက်ပြည့်ဝစွာ စိုက်ကြည့်နေကြပေလိမ့်မည်။
ဟမ်းစတားလေးသည် ရှစ်ရန်ထျန်းနှင့် ပါ့ဝမ်ဟွားအား အာရုံစိုက်ခြင်း မရှိဘဲနှင့် သူ၏နေရာလွတ်ထဲမှ မျိုးစေ့အိတ်တစ်ခုအား ထုတ်ယူလိုက်သည်။ ဤမျိုးစ့အိတ်များမှာ ကျစ်ဟွေ့ကွမ်၏ ဂူထဲမှ ယူလာခဲ့သည့် မျိုးစေ့များ ဖြစ်ပုံပင်။
သို့သော်လည်း ကျစ်ဟွေ့ကွမ်၏ ထိုစဉ်က အပြုအမူများအရ သူသည်လည်း ဤအစေ့များမှာ မည်သည့်မျိုးစေ့ဖြစ်ကြောင်း မသိပုံပင်။
ဟမ်းစတားလေး ပြောပြသည့် ဇာတ်ကြောင်းအား နားထောင်ပြီးနောက်တွင် နျဲ့ရှောင်သည် နေရာလွတ်၏ အပြင်ဘက်ရှိ ကျားကြီးအား အမှတ်ရမိလိုက်သည်။ ထို့နောက် နတ်ပန်းပင်များ ဖြစ်လာပုံရသော သူ၏အရှေ့တွင်ရှိနေသည့် အပင်နှစ်ပင်အား အေးစက်စက် မျက်လုံးများဖြင့် ကြည့်လိုက်သည်။
မည်သို့ပင်ဖြစ်စေ သူ၏ ပေါင်ပေါင်းအား မည်သည့်အန္တရာယ်မျှ ဖြစ်ခွင့်မပေးနိုင်ချေ။
ပါ့ဝမ်ဟွားနှင့် ရှစ်ရန်ထျန်းတို့ တုန်ယင်လာကြသည်။
အူးဟူးးးး သခင်လေးက သူခိုးကို အဖေတော်ထားတာပဲ..
ပါ့ဝမ်ဟွားနှင့် ရှန်ရန်ထျန်းတို့၏ သနားစဖွယ် အမူအရာများကို မြင်သည့်အခါ ဟမ်းစတားလေးမှာ သနားလာမိပြီး နျဲ့ရှောင်၏ ပုခုံးပေါ်မှ ခုန်ဆင်းလိုက်လေသည်။
မသိစိတ်၏ ပြောကြားချက်အရ ဤအပင် နှစ်ပင်မှာ သူ့အား မည်သည့်အခါတွင်မျှ ထိခိုက်စေလိမ့်မည် မဟုတ်ချေ။
ဟမ်းစတားလေး၏ လှုပ်ရှားမှုမှာ အလွန်မြန်ဆန်သည့်အတွက် နျဲ့ရှောင် တားချိန်ပင် မရလိုက်ချေ။ သူ၏ ကလေးအား အလျင်စလိုကယ်ဆယ်မည် ပြုစဉ်မှာပင် ထူးဆန်းရိုင်းစိုင်းသည် အပင်နှစ်ပင်သည် ဟန်းစတားလေးအား ပင့်မြှောက်ကာ ဆော့ကစားကာ ပျော်ရွှင်လျက်ရှိကြသည်။
ဟမ်းစတားလေးသည်လည်း အလွန်အမင်း သဘောကျရယ်မောကာ အတူတကွ ဆော့ကစားလျက်ရှိသည်။
ဟမ်းစတားလေးနှင့် ထိတွေ့ဆက်ဆံပြီးသည့်နောက်တွင် ညှဉ်းပန်းနှိပ်စက်ခံထားခဲ့ရသော ပါ့ဝမ်ဟွားနှင့် ရှစ်ရန်ထျန်းတို့မှာ ချက်ချင်းပင် ပင်စည်တစ်ခုလုံး အသက်ဓာတ်ပြည့်ဝလာပြီးနောက် အားအင်ပြည့်ဖြိုး သန်မာလာကြသည်။
***
တစ်ချိန်တည်းမှာပင် အဆုံးမဲ့ ကြယ်စင်များကြားရှိ လျှို့ဝှက်စခန်းတစ်ခု၌။
အနက်ရောင်ခြုံထည်နှင့် လူတစ်ယောက်သည် အရောင်အသွေးစုံသည့် ကျောက်မျက်ရတနာများနှင့် တူသော စွမ်းရည်အမြုတေများဖြင့် ဆော့ကစားလျက်ရှိသည်။ သူ၏ ဆန်းကြယ်သည့် ခြယ်လှယ်မှုအောက်တွင် စွမ်းရည်အမြုတေများ တဖြည်းဖြည်း ပေါင်းစပ်လာလေသည်။
များမကြာမီမှာပင် ကမ္ဘာငယ်တစ်ခု၏ ဖြစ်တည်စပုံစံသည် ပတ်ဝန်းကျင် လေဟာနယ်အား ဆုတ်ဖြဲကာ ထွက်ပေါ်လာပြီး လေထုထဲတွင် သီးသန့်မျောလွင့်လျက်ရှိသည်။
အနက်ရောင်ခြုံထည်နှင့်လူသည် သူ၏အရှေ့တွင်ရှိသည့် ကမ္ဘာငယ်လေးအား ရက်စက်ခက်ထန်စွာ စိုက်ကြည့်နေသည်။
ထို့နောက်တွင် လက်မြှောက်ကာ အပင်အချို့ ထည့်သွင်းလိုက်ပြန်သည်။ သို့သော်လည်း အပင်များမှာ သူစိတ်ကူးထားသည့်အတိုင်း ရှင်သန်နိုင်စွမ်း မရှိသည့်အပြင် ထည့်သွင်းလိုက်သည်နှင့် အသက်ဓာတ်ကုန်ဆုံးသွားကာ ပြာမှုန့်များအဖြစ်သို့ ပြောင်းလဲသွားကြသဖြင့် စိတ်ပျက်ဖွယ်အတိပင်။
ထိုအပင်များအား အပင်စနစ်၏ စွမ်းရည်အမြုတေနှင့် အတူတကွ ထည့်သွင်းစိုက်ပျိုးခြင်း ဖြစ်သည့်တိုင် အသက်ဓာတ်ရှိမနေချေ။
မည်သည့်အခါတွင်မျှ ပြောင်းလဲသွားလိမ့်မည် မဟုတ်ဟု ထင်ရသည့် ကမ္ဘာသေအားကြည့်ကာ အနက်ရောင်ခြုံထည်နှင့်လူသည် သူ၏ဒေါသကို ထိန်းမထားနိုင်တော့ဘဲ အပိုင်းပိုင်းအစစ ခွဲချေလိုက်လေသည်။
အချိန်နှင့် အသက်စွမ်းအင်မရှိသည့် ကမ္ဘာတစ်ခုမှာ လုံးလုံးလျားလျား ကျရှုံးမှုပင်။
ဤပေါင်းစပ်မှုအား အကြိမ်ကြိမ်အခါခါ ပြုလုပ်ထားသည့်တိုင် ရလဒ်မှာ အကြိမ်တိုင်း အတူတူပင် ဖြစ်သည်။
နောက်ဆုံးတွင် ဆာ့သ်သည် သူ၏အနားရှိ စွမ်းအင်အမြုတေနှင့် ခရစ္စတယ်အမြုတေများအား ဒေါသတကြီး မြေပြင်ပေါ်သို့ တိုက်ပစ်ချလိုက်သည်။ သို့သော်လည်း သူ၏အကြည့်သည် ကွမ်တမ်ဦးနှောက်တွင် ပြသလျက်ရှိသော အရေးကြီးသတင်းတစ်ခုထံသို့ မမျှော်လင့်ဘဲ ကျရောက်သွားပြီးနောက် သူ၏လှုပ်ရှားမှုများအားလုံး ရပ်တံ့သွားလေသည်။
——【လတ်တလော သတင်းများအရ နီမိုမျိုးနွယ်သည် တော်ဝင်မိသားစုရဲ့ မင်းသားငယ်လေး ပျောက်ဆုံးနေသည်မှာ သုံးနှစ်ခန့်ရှိပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာပါတယ်။】
ထိုအချိန်မှာပင် ဆာ့သ်သည် ကြယ်ကမ္ဘာကြီးတွင် ပျံ့နှံ့နေသည့် ရှေးဟောင်းဒဏ္ဏာရီတစ်ခုအား အမှတ်ရမိလိုက်ပြီး သူ၏မျက်လုံးများ ရုတ်တရက်
အလွန်အမင်း တောက်ပလာသည်။
နီမိုတော်ဝင်မိသားစု၏ မင်းသားတိုင်းသည် အာကာသ-အချိန်နှင့် အသက်စွမ်းအားကို ထိန်းချုပ်နိုင်သည့် စွမ်းအားဖြင့် မွေးဖွားလာကြသည်ဟု ဆိုလေသည်။
ရှစ်ရန်ထျန်း - လူသားစားနွယ်
ပါ့ဝမ်ဟွား - overlord flower