အပိုင်း ၃၆
Viewers 9k


🐹 အခန်း ၃၆

 ဝူယိလေးက ဘက်စုံကျွမ်းကျင်သူပါနော် 

 



ထူးဆန်းသည့် အပင်နှစ်ပင်မှာ ဟမ်းစတားလေးအား အန္တရာယ်ပေးမည်ဟန်မရှိကြောင်း အတည်ပြုပြီး နောက်တွင် နျဲ့ရှောင် လုံးလုံးလျားလျား စိတ်ချလိုက်နိုင်သည်။ မကြာမီတွင် သူနှင့် ဟမ်းစတားလေးတို့ နေရာလွတ်ထဲမှ ထွက်လိုက်ပြီးနောက် အရုဏ်တက်ချိန်ထိ ငြိမ်းချမ်းစွာ အိပ်စက်လိုက်ကြသည်။


နောက်တစ်နေ့ နံနက်စောစောတွင် လူတိုင်းနိုးထလာသည့်အချိန်တွင် အခြေစိုက်စခန်း စတင်တည်ဆောက်ကြလေသည်။ ဤတောင်ထိပ်ရှိ ဗီလာဝင်းအား ဗဟိုပြုကာ စခန်း၏ နယ်ပယ်အား တဖြည်းဖြည်းချင်း ချဲ့ထွင်သွားမည် ဖြစ်သည်။


ထို့ကြောင့် တောင်ပေါ်တွင် ဇွန်ဘီတစ်ကောင်တစ်လေမျှ ကျစ်ရစ်ခြင်းမရှိစေရန် သုတ်သင်ရှင်းလင်းလိုက်ကြသည်။


ဤလုပ်ငန်းစဉ်တွင် ဝူဝမ်ယွီ၏ စွမ်းရည်သည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည်။ သို့သော်လည်း သူမ၏ ဒိုင်းကာအား တစ်ချိန်လုံး ဖွင့်ထား၍ မရသဖြင့် ဝူဝမ်ချီ၏ မြေစွမ်းရည်အား အသုံးပြုကာ တောင်ခြေပတ်လည်တွင် တံတိုင်းအမြင့်တစ်ခု တည်ဆောက်လိုက်သည်။


တောင်ထိပ်ရှိ ဗီလာဝင်းအား သီးသန့်နယ်မြေတစ်ခုအဖြစ် ပိုင်းခြားကာ ဇွန်ဘီကင်းမဲ့ဇုန်အဖြစ် ပြောင်းလဲလိုက်သည်။


ထိုအချိန်တွင် လူတိုင်းသည် ပျင်းရိခြင်း အလျင်းမရှိဘဲ သက်ဆိုင်ရာ တာဝန်အသီးသီးအား ခွန်အားရှိသမျှ အစွမ်းကုန်ထည့်သွင်း ထမ်းဆောင်ကြလေသည်။ တစ်ဘက်တွင်မူ ရှောင်ဝူယိသည် စခန်း၏ အားကိုးရသည့် ကောင်လေးဖြစ်လာပြီး သူ့အား လိုအပ်သည့်နေရာတိုင်းတွင် ရှိနေလေသည်။


ရှောင်ဝူယိသည် တဖြည်းဖြည်း ပိန်လာသည့် ပါးစုံလေးများအားပွတ်ကာ မိသားစုတစ်ခုအား ကျွေးမွေးပျိုးထောင်ရခြင်း၏ နှလုံးသားနာကျင်ကိုက်ခဲခြင်းနှင့် ခန္ဓာကိုယ်နွမ်းနယ်ပင်ပန်းရမှုကို နက်နက်ရှိုင်းရှိုင်း ခံစားမိလေသည်။


နေရာလွတ်စွမ်းရည် ပိုင်ရှင်တစ်ဦးဖြစ်သည့် ပိုင်မေ့သည်လည်း အချောင်ခိုခြင်း အလျင်းမရှိဘဲ သူ၏ နေရာလွတ်ထဲမှ အရာအားလုံးနီးပါး ထောက်ပံ့ပေးခဲ့သည်။


ဟမ်းစတားလေးသည် ပိုင်မေ့အား ကြည့်လိုက်ပြီးနောက် ခက်ခဲသည့်အချိန်တွင် ရုတ်တရက် အစ်ကိုတစ်ယောက် ရှာတွေ့လိုက်သလို ခံစားမိသည်။


“ပိုင်မေ့မေ့ရေ.. ခန္ဓာကိုယ်တွေ နာသလားဟင်..”


ပိုင်မေ့သည် သူ၏အရှေ့မှ နုံအပြီး ဗဟုသုတမရှိသည့် ကောင်ငယ်လေးအားကြည့်ကာ နူးနူးညံ့ညံ့ ပြုံးပြလိုက်သည်။


“အရမ်းတော့ မဆိုးပါဘူး.. စခန်းဆောက်ပြီးသွားရင် ပိုများတဲ့ စွမ်းရည်ပိုင်ရှင်တွေနဲ့ ရှင်သန်ကျန်ရစ်တဲ့ သာမန်လူတွေကို ရှာတွေ့လာမှာဆိုတော့ လူတွေပိုများလာလိမ့်မယ်.. အဲဒီအချိန်ကျ ကိုယ်တို့လည်း ပိုများတဲ့ရိက္ခာတွေ စုဆောင်းနိုင်မှာပါ..”


ရှောင်ဝူယိသည် ပိုင်မေ့၏ စကားများနောက်ကွယ်ရှိ ဖုံးကွယ်ထားသည့် အဓိပ္ပါယ်ကို နားလည်သဘောပေါက်ခြင်း မရှိဘဲနှင့် ပိုင်မေ့အား လူကောင်းကတ်တစ်ခု ပေးလိုက်လေသည်။


“အဲဒါဆို ပေါင်ပေါင်းလည်း ပိုင်မေ့မေ့လိုပဲ လိုက်လုပ်မယ်နော်..”


နျဲ့ရှောင်နှင့် ကျန်းချိုးသည် ထိုဖြစ်ရပ်အား တည်ငြိမ်စွာဖြင့် စောင့်ကြည့်လေ့လာနေကြသည်။ ပိုင်မေ့ထံတွင် လတ်တလော မူမမှန်သည့် အပြုအမူမျိုး ရှာတွေ့ခြင်း မရှိသဖြင့် သံသယဝင်စရာ အပြုအမူမျိုး ပြုလုပ်လာလျှင် သတိထားမိနိုင်စေရန်အတွက် ဆက်လက်စောင့်ကြည့်ရုံသာ ရှိတော့သည်။


အဆုံးတွင် တောင်ထိပ်အား အပြည့်အဝ ပိုင်းခြားကန့်သတ်နိုင်ရန် တစ်နေ့လုံး အချိန်ယူခဲ့ရသည်။ ထို့နောက်တွင် ဇွန်ဘီအကြွင်းအကျန်များအား ရှင်းလင်းရန်မှာ လူတိုင်းအတွက် အခက်ခဲဆုံး ပြဿနာတစ်ခု ဖြစ်လာသည့်အခါ သူတို့ထံတွင် လူအင်အားမလုံလောက်ကြောင်း ပိုမိုသတိပြုမိလာစေသည်။


ရှောင်ဝူယိသည်လည်း ဟိုဟိုဒီဒီ ပြေးလွှားနေရသည့်အတွက် ခြေကုန်လက်ပန်း ကျနေပြီ ဖြစ်သည်။ သူ၏အရှေ့ရှိ မြင်ကွင်းအားကြည့်ကာ ရုတ်တရက်ဆိုသလို သူ၏ နေရာလွတ်ထဲရှိ ရှစ်ရန်ထျန်းနှင့် ပါ့ဝမ်ဟွားကို သတိရမိလိုက်သည်။ ဤအကြွင်းအကျန်များသည် သူတို့အတွက် အာဟာရဓာတ်အဖြစ် ပြောင်းလဲနိုင်လိမ့်မည်ဟု ခပ်ရေးရေး ခံစားမိလေသည်။


ထိုအကြောင်းအား စဉ်းစားမိသည့်အခါ ရှောင်ဝူယိသည် နျဲ့ရှောင်ထံသို့ ပြေးသွားလိုက်သည်။


“ဒယ်ဒီရေ.. ဟွားဟွားတို့ကို အပြင်ထုတ်လို့ရမလားဟင်..”


“သူတို့က ဒီနေရာကို သေသေချာချာလေး ရှင်းပေးနိုင်လိမ့်မယ်လို့ ပေါင်ပေါင်း ထင်လို့ပါ..”


ထိုစကားအား ကြားလိုက်ရသူတိုင်း ချက်ချင်းပင် သိလိုစိတ်ဖြင့် လှည့်ကြည့်လာကြသည်။


နျဲ့ရှောင်သည် ထိုအကြောင်းအား ခေတ္တမျှ စဉ်းစားလိုက်သည်။ အနှေးနှင့်အမြန် ထိုအကြောင်းအား ဖုံးကွယ်ထားနိုင်လိမ့်မည် မဟုတ်သည့်အတွက် စောစောစီးစီး ထုတ်ဖော်ပြောလိုက်ခြင်းမှာ ပိုကောင်းလေသည်။ ထို့ကြောင့် သဘောတူကြောင်း ပြသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။


ကောင်ငယ်လေး၏ ဦးခေါင်းအားလိုက်ပြီးနောက် ပြောလေသည်။


“သူတို့ကို ခေါ်ထုတ်လိုက်လို့တော့ ရတယ်.. ဒါပေမဲ့ တခြားသူတွေကို အန္တရာယ်မပေးမိဖို့ ဂရုစိုက်ရမယ်နော်.. ဟုတ်ပြီလား..”


“ဟုတ်..!” 


ရှောင်ဝူယိ ပျော်ရွှင်စွာဖြင့် ကတိပေးလိုက်သည်။


ထို့နောက်တွင် လူတိုင်းသည် ရှောင်ဝူယိ၏ ခန္ဓာကိုယ်ထဲမှ ထွက်လာသော မြစိမ်းရောင် နွယ်ပင်နှင့် ကြီးမားလှပသည့် ပန်းပွင့်အား မြင်တွေ့လိုက်လေသည်။ အပင်နှစ်ပင်သည် နေရာလွတ်ထဲမှ ထွက်လာသည်နှင့် ကြိုးမှလွတ်လာသည့် ဟက်စကီးကဲ့သို့ပင်။ လွတ်လာသည်နှင့် မြေကြီးအား ထိုးဖောက်ကာ ခြေကုပ်ယူလေသည်။


ထိုအဖြစ်အပျက်အား ကြည့်နေရင်း လူတိုင်းမျက်လုံးပြူးကာ ပါးစပ်အဟောင်းသား ဖြစ်လာကြသည်။


နျဲ့ရှောင်သည် ချောင်းအသာဟန့်လိုက်ပြီးနောက် ကူညီရှင်းပြလိုက်သည်။


“တကယ်တော့ ဝူယိမှာ ဒီစွမ်းရည် ရှိနေတာကို ငါလည်း ညကမှ သိလိုက်ရတာ..”


ဇွန်ဘီအကြွင်းအကျန်များအား မိနစ်ပိုင်းမျှနှင့် ရှင်းလင်းပစ်လိုက်သည့် အပင်များအားကြည့်ကာ ထိတ်လန့်တုန်လှုပ်လျက်ရှိကြသည်။ သို့သော်လည်း ယင်းမှာ အလွန်သက်သာလေသည်။


“မင်းက ကလေးတစ်ယောက်ကို ကျွေးမွေးစောင့်ရှောက်ထားပြီး အဲဒီကလေးက စွမ်းရည်နှစ်ခုပိုင်ရှင် ဖြစ်နေတယ်ပေါ့လေ.. ဟုတ်လား..”


ကျန်းချိုး ရူးသွပ်သွားတော့မလိုပင်။ 


ဘုရားသခင်.. ဒီကောင်စုတ်ရဲ့ ကံတရားကို ရပ်တံ့ပေးပါတော့.. (╥_╥)


ကောင်မလေး နာနာသည်လည်း အတော်လေး အံ့အားသင့်ပျော်ရွှင်နေမိသည်။ ရှောင်ဝူယိထံသို့ ပျော်ရွှင်စွာ ပြေးသွားပြီးနောက် ရှစ်ရန်ထျန်း၊ ပါ့ဝမ်ဟွားတို့နှင့်အတူ ဆော့ကစားလေသည်။ ထိုအပင် နှစ်ပင်သည်လည်း သူတို့ရှေ့မှ ချစ်စဖွယ်ကောင်မငယ်လေးအား သဘောကျနှစ်ခြိုက်ကြသည်။


“ကိုကိုဝူယိမှာလည်း အပင်စွမ်းရည် ရှိနေတာပေါ့.. နာနာက ကိုကိုဝူယိနောက်ကာ အမြီးလေးလို တတန်းတန်း လိုက်ရတာကို သဘောကျနေတာ အံ့ဩစရာ မရှိတော့ပါဘူးလေ..”


နာနာ၏ အစ်ကိုဖြစ်သူ ခန်းခန်းသည် ထိုမြင်ကွင်းအားကြည့်ရင်း ချဉ်စုပ်လာလေသည်။


ရှစ်ရန်ထျန်းနှင့် ပါ့ဝမ်ဟွားတို့သည် နေရာလွတ်ထဲသို့ ပြန်သွားလိုခြင်း မရှိတော့ချေ။ သူတို့၏ သန်မာသည့် အမြစ်များသည် တောင်ကုန်းတစ်ခုလုံးအား နယ်မြေအဖြစ် သတ်မှတ်လိုက်ကြသည်။ ထို့ကြောင့် ဇွန်ဘီများ ချဉ်းကပ်ဖို့ရန် ပိုမိုခက်ခဲလာပြီး သဘာဝအရံအတားတစ်ခု ဖြစ်လာလေသည်။


နာနာသည် ရှစ်ရန်ထျန်းနှင့် ပါ့ဝမ်ဟွားတို့၏ အမြင်အာရုံများမှတဆင့် တောင်ကုန်းပတ်လည်ရှိ မြင်ကွင်းအမျိုးမျိုးနှင့် လယ်ကွင်းများအား ပိုမိုကောင်းမွန်စွာ လေ့လာစစ်ဆေးကြည့်နိုင်သည့်အတွက် လူတိုင်းအား အချိန်နှင့်အမျှ သတိပေးချက်များ ပြုလုပ်နိုင်လေသည။


နင်ဖုန်းသည် သူတို့အဖွဲ့တစ်ခုလုံးအား ကြည့်လိုက်ပြီးနောက် ရုတ်တရက် အလွန်သတိပြုမိဖွယ် အချက်တစ်ခုအား တွေ့ရှိလိုက်လေသည်။


“ကျွန်တော်တို့က ဘက်ပေါင်းစုံက ပြည့်စုံလွန်းတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်နေပြီသိရဲ့လား.. နေ့စဉ်ဘဝနဲ့ ရှင်သန်မှု၊ ခရီးသွားလာရေး စတာတွေအတွက် မလိုအပ်တဲ့အရာ တစ်ခုမှတောင် ရှိမနေဘူး..”


“ကြည့်ဦး.. အခုဆို စွမ်းရည်အမျိုးအစား အားလုံးနီးပါး ရှိနေပြီ.. အစားအစာ၊ ရေ၊ မီး၊ ဒိုင်းကာ၊ သတ္တု အစုံပဲ.. ကံတရားက ကျွန်တော်တို့ကို ပေါင်းစုံသွားစေတာပဲ..”


နင်ဖုန်း လက်ချောင်းများဖြင့် ချိုးရေတွက်ကြည့်လိုက်သည်။


“ကျွန်တော်တို့သာ အခြေစိုက်စခန်းကို မတည်ဆောက်နိုင်ဘူးဆိုရင်ကမှ တကယ်ကို ထူးဆန်းနေမှာ..”


နင်ဖုန်း၏ စကားကြောင့် လူတိုင်းကြောင်အသွားကြသည်။ လူတိုင်းသည် သူတို့ပတ်ဝန်းကျင်မှ အခြားလူများအား ကြည့်လိုက်ပြီးနောက် ထိုအခြင်းအရာအား နားလည်သဘောပေါက်သွားကြသည်။ ထို့နောက် ချက်ချင်းပင် ပျော်ရွှင်တက်ကြွလာလေသည်။


ညရောက်လာချိန်တွင် အခြေစိုက်စခန်းတည်‌ထောင်ခြင်း၏ အစောပိုင်းအဆင့်မှာလည်း ပြီးစီးသွားပြီ ဖြစ်သည်။ မနက်ဖြန်တွင် သူတို့သည် အပြင်သို့ထွက်ကာ အရင်းအမြစ်များ စုဆောင်းခြင်းနှင့် ကယ်ဆယ်ရှာဖွေခြင်း လုပ်ငန်းများ စတင်မည်ဖြစ်သည်။


ယနေ့ညတွင်လည်း ရှောင်ဝူယိနှင့် နျဲ့ရှောင်တို့သည် တူညီသည့် အိပ်ခန်းမှာပင် အိပ်စက်အနားယူကြမည် ဖြစ်သည်။ ကောင်ငယ်လေးသည် အိပ်ရာ‌ပေါ်တွင် လဲလျောင်းနေရင်း ရုတ်တရက်ပင် သူ၏ နေရာလွတ်ထဲတွင် ပေါင်ပေ့ကြီးတစ်ခု ရှိနေသေးကြောင်း အမှတ်ရသွားလေသည်။


“ဒယ်ဒီရေ.. ရေချိုးချင်လားဟင်..”


နျဲ့ရှောင်သည် အစောပိုင်းတွင် တပတ်တစ်ခုဖြင့် ရိုးရိုးရှင်းရှင်း ကိုယ်လက်သန့်စင်ပြီး ဖြစ်သည်။ သို့သော်လည်း ရှောင်ဝူယိအား လှမ်းကြည့်လိုက်ပြီးနောက် စိတ်ရှုပ်ထွေးဟန်ဖြင့် မေးလိုက်သည်။


“ဘာဖြစ်လို့လဲကွ.. မင်းလေးက ရေထပ်ချိုးချင်နေလို့လား..”


ဤကောင်ငယ်လေးမှာ အစောပိုင်းကပင် ဟမ်းစတားအသွင်ပြောင်းကာ စတော်ဘယ်ရီအရသာ သဲမှုန်လေးများထဲတွင် ရေချိုးသန့်စင်ထားပြီး ဖြစ်ကြောင်းကို သူရှင်းရှင်းလင်းလင်း မှတ်မိနေဆဲ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ စတော်ဘယ်ရီရနံ့ သင်းသင်းမွှေးမွှေးလေးဖြင့် သန့်ရှင်းသပ်ရပ် နေသည်။


“အွန်း.. ပေါင်ပေါင်းက ဒယ်ဒီနဲ့တူတူ ရေပူပူလေး ချိုးချင်လို့..”


နျဲ့ရှောင်၏မျက်နှာ နောက်တစ်ကြိမ် နီရဲလာပြန်သည်။


“မရဘူး..”


သူ၏ ကလေးလေးမှာ မသန့်ရှင်းသည့် အရာများအား ပြောဆိုရာတွင် မည်သည်ကြောင့် အလွန်အမင်း အပြစ်ကင်းမဲ့ဟန်ဖြင့် ရှိနေနိုင်ကြောင်းကို နျဲ့ရှောင် တကယ်ကိုပင် မသိတော့ချေ။


“ဒယ်ဒီတို့မှာ ရေပူပူလေးချိုးဖို့ လိုအပ်တာ ဘာမှမရှိဘူး.. ဒါတောင်မှ ပေါင်ပေါင်းက ရေချိုးချင်နေတုန်းပဲ ဆိုရင် နင်ဖုန်းနဲ့ သွမ့်ဝမ်ယွီကို သွားရှာရမယ်..”


“ရှိတယ်လို့...”


ရှောင်ဝူယိ ကြားဖြတ်ပြောလိုက်သည်။ ထို့နောက် အမှောင်ထဲတွင် ရှက်သွေးဖြာနေသည့် မျက်နှာလေးဖြင့် နျဲ့ရှောင်အား ကြည့်လိုက်သည်။


“တကယ်က... ကျောင်းအုပ်ဖိုးဖိုးရဲ့ ကျောင်းကနေ ရေချိုးတဲ့ပစ္စည်းတွေကို ပေါင်ပေါင်း တိတ်တိတ်လေး ယူလာခဲ့တာ.. ဒယ်ဒီက အဲဒီပစ္စည်းတွေကို ပေါင်ပေါင်းတို့ အိမ်လေးထဲ တပ်ဆင်လိုက်မယ်ဆိုရင် အိမ်မှာ ရေပူပူလေး ချိုးလို့ရပြီလေ..”


နျဲ့ရှောင် : “…”


ထို့နောက်တွင် နျဲ့ရှောင်သည် ရှောင်ဝူယိ၏ နေရာလွတ်ထဲသို့ဝင်လိုက်သည်။ ထို့နောက် မြက်ခင်းပေါ်တွင် နေရာချထားသည့် နေရောင်ခြည်စွမ်းအင်သုံး အပူပေးစက်များ အစုံလိုက်နှင့် အဆောက်အဦတစ်ခုလုံး အသုံးပြုနိုင်သည့် မီးစက်ကို မြင်လိုက်ရသည်။ 


ထိုအရွယ်အစားကြီးမားလွန်းသည့် စက်ပစ္စည်းများမှာ နျဲ့ရှောင်၏ မျှော်လင့်ချက်အား ကျော်လွန်သွားလေသည်။ သူ၏ နတ်သားလေးအား လှည့်ကြည့်ပြီးနောက် စိတ်အားထက်သန်စွာဖြင့် ပြောလေသည်။


“ဒီဟာက ဒယ်ဒီတို့ အိမ်လေးအတွက်ပဲ သုံးမယ်ဆို အရမ်းကြီးနေတယ် ပေါင်ပေါင်းရ.. အတော်လေး ကြီးကျယ်နေတာလေ.. ပြီးတော့ ဒယ်ဒီတို့အိမ်နဲ့ အဆင်မပြေလောက်ဘူး..”


ရှောင်ဝူယိသည် နျဲ့ရှောင်၏ စကားကြောင့် စိတ်ပျက်သွားမိသည်။


“ဟမ်.. အဲဒါဆို ဘယ်လိုလုပ်ကြမလဲ ဟင်.. ပေါင်ပေါင်းက ဒယ်ဒီနဲ့တူတူ ရေချိုးချင်တာပါဆို..”


နျဲ့ရှောင်သည် ရေအတူချိုးမည်ဟူသည့် တောင်းဆိုချက်အား တိုက်ရိုက်လျစ်လျူရှုလိုက်သည်။ ရေပူပေးစက်အား အနီးကပ်ကြည့်ကာ တွေးကြည့်လိုက်သည်။


“မနက်ဖြန် ကျောင်းအုပ်ယွမ်နဲ့ ကျောင်းသားတွေကို ပြပြီး အပြင်က ဗီလာမှာ ပြန်တပ်လို့ ရ၊ မရ ကြည့်ကြတာပေါ့.. အဲဒီလိုဆိုရင် လူတိုင်းရေချိုးနိုင်ပြီလေ..”


“နေ့တိုင်း နေ့တိုင်း သွမ့်ဝမ်ယွီကို ရေဖြည့်ခိုင်းလို့ ရတယ်ဆိုတော့ အဆင်မသင့်စရာ အကြောင်းမရှိဘူး..”


“ပေါင်ပေါင်းတို့ အိမ်လေးမှာ တပ်လို့မရဘူးပေါ့..”


ရှောင်ဝူယိသည် နေရာလွတ်ထဲသို့ ထည့်သွင်းယူလာခဲ့သည့် ဗီလာကြီးအား ကြည့်လိုက်ပြီး အနည်းငယ်ဝမ်းနည်း စိတ်ထိခိုက်နေသည်။


“ပေါင်ပေါင်းက ဒယ်ဒီနဲ့တူတူ အိမ်လေးထဲမှာ ရေချိုးချင်ခဲ့တာ.. အိမ်ကို ရွှေ့တုန်းက ဖျက်ဆီးမိလိုက်လို့လားဟင်..”


နျဲ့ရှောင် ထိုစကားအား ကြားမှသာ စိတ်သက်သာရာ ရမိတော့သည်။ အိမ်ထဲသို့ဝင်ပြီး ဗီလာ၏ ဒီဇိုင်းပုံစံအား သေသေချာချာ စစ်ဆေးကြည့်လိုက်သည်။ အခြေခံအုတ်မြစ်မှာ အမှန်တကယ်ကို ပြောင်းရွေ့သွားသော်လည်း သူတွေးထားသကဲ့သို့ ပိုက်လိုင်းများ၊ လျှပ်စီးပတ်လမ်းနှင့် အခြားအရာများမှာ ဆိုးဆိုးဝါးဝါး ပျက်စီးသွားခြင်း မရှိချေ။


နျဲ့ရှောင် အကြမ်းဖျဉ်း တွက်ချက်ကြည့်ပြီးနောက်တွင် နေရာလွတ်ထဲရှိ ဤအိမ်မှာ ပြန်လည်ပြုပြင်နိုင်ကြောင်း ကောက်ချက်ချလိုက်သည်။ ထို့နောက် ကောင်ငယ်လေးဘက်သို့လှည့်ကာ ပြောသည်။


“မနက်ဖြန် ရိက္ခာစုဆောင်းဖို့ သွားကြတဲ့အခါ အိမ်သုံးသီးသန့် ဒီဇိုင်းထုတ်ထားတဲ့ နေရောင်ခြည်စွမ်းအင်သုံး အပူပေးစက်တွေ ရှာကြည့်ကြတာပေါ့.. ပြီးရင် ပေါင်ပေါင်းရဲ့ နေရာလွတ်ထဲကိုဝင်ပြီး တပ်ကြမယ်လေ.. ဟုတ်ပြီလား..”


“ဒယ်ဒီတို့အိမ်ကို အတူတူ ပြုပြင်ကြတာပေါ့..”


“တကယ်လား..”


ရှောင်ဝူယိသည် ပျော်ရွှင်စွာဖြင့် ခေါင်းမော့လာပြီးနောက် နျဲ့ရှောင်ဆီသို့ ပစ်ဝင်လိုက်သည်။


“အဲဒါဆို ပေါင်ပေါင်းတို့ အိမ်မှာ ရေတူတူချိုးလို့ရပြီ..”


ကိုယ့်ခြေထောက်ကိုယ် ခဲနှင့်ထုမိလိုက်သူ နျဲ့ရှောင် : “...”


အာ.. တွက်ချက်မှု မှားသွားခဲ့ပြီ..


***


ပင်ပန်းသည့် တစ်နေ့တာ ပြီးဆုံးသွားသော်လည်း သွမ့်ဝမ်ယွီနှင့် နင်ဖုန်းမှာ မအိပ်စက်နိုင်ကြသေးချေ။ နင်ဖုန်းသည် လက်ဖဝါးပေါ်တွင် မီးတောက်တစ်ခု ဖန်တီးကာ သွမ့်ဝမ်ယွီအား ကူညီ မီးပြနေလေသည်။


သွမ့်ဝမ်ယွီ ဘောပင်တစ်ချောင်း ယူလိုက်သည်။ ဟာပင်းလေဆိပ်တွင် ရေးသားထားခဲ့သည့်《ရှင်သန်သူ သဘောတူညီချက်》 အား ကူးယူလိုက်ပြီး စခန်းအတွက် ပိုမိုအသေးစိတ်ကျမည့် စည်းမျဉ်းများအား သေသေချာချာ စဉ်းစားဆုံးဖြတ်ကာ ထည့်သွင်းရေးဆွဲသည်။ ဖြစ်ပေါ်လာနိုင်သည့် ကန့်သတ်ချက်များနှင့် လူမှုရေး သဘောတူညီချက်၊ တားမြစ်ချက် အမျိုးမျိုးအား စာရင်းပြုစုလိုက်သည်။


နင်ဖုန်းသည် ထိုသဘောတူညီချက်အား တစ်ချက်မျှ ကြည့်လိုက်ပြီးနောက် အထင်ကြီးလေးစားမှုတို့ ပြည့်သွားလေသည်။


“ကော က အတော်လေး အကွက်စေ့နေတာပဲ..”


“အစောပိုင်းကတည်းက စည်းမျဉ်းစည်းကမ်းတွေကို သတ်မှတ်ထားတာ အကောင်းဆုံးပဲ.. မဟုတ်ရင် နောက်ပိုင်း လူတွေပိုများလာတဲ့ အခါကျရင် စီမံခန့်ခွဲတဲ့နေရာမှာ ပြဿနာရှိလာနိုင်တယ်..”


သွမ့်ဝမ်ယွီသည် မျက်မှန်ပင့်တင်ကာ စိတ်ပင်ပန်းဟန်ဖြင့် ပြောသည်။


“ဒီကိစ္စနဲ့ ပတ်သက်ပြီး တခြားသူတွေကို ယုံယုံကြည်ကြည်နဲ့ လွှဲမထားနိုင်ဘူးလေ.. ဟူး.. ငါပဲ ပင်ပန်းရတော့တာပေါ့..”


နင်ဖုန်းသည် လက်ထဲရှိ မီးတောက်အား ငြှိမ်းသက်လိုက်ပြီးနောက် သွမ့်ဝမ်ယွီ၏ ပုခုံးအား လက်ဖြင့် ခပ်ဖွဖွထုပေးလိုက်သည်။


“ကော.. ကျားယို့နော်.. ဖိုက်တင်း..” ( ◡‌_◡‌)ᕤ


အမှောင်ထဲတွင် သွမ့်ဝမ်ယွီ ခေါင်းမော့လာပြီးနောက် နင်ဖုန်းအား ကြည့်လိုက်သည်။ မျက်နှာတွင် အရေးအကြောင်းများစွာ ရှိနေသည်ကို မြင်လိုက်ရသည်။


“တကယ်က မင်း ကိုယ့်ကို ကျေးဇူးတင်ချင်ရင် အရမ်းကို ရိုးရှင်းပါတယ်.. ကိုယ့်ရဲ့ စွမ်းရည်ကို အသုံးပြုနိုင်တဲ့ လုပ်ဆောင်ချက်တစ်ခုကို ကြိုးစားကြည့်ချင်နေတာ..”


နင်ရှောင်ဖုန်းမှာ ရုတ်တရက်ပင် နောက်ကျောတစ်ခုလုံး အေးစက်လာသလိုခံစားလိုက်ရသည်။


***


ထိုသို့နှင့် နောက်တစ်နေ့ နံနက်စောစော၌။


လူတိုင်းသည် နျဲ့ရှောင်နှင့် ရှောင်ဝူယိတို့ထံမှ ရေပူပေးစက်များကိုသာမက သွမ့်ဝမ်ယွီ ရေးသားထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အတူ ခေါင်းအစခြေအဆုံး နူးညံ့ချောမွေ့နေသည့် နင်ရှောင်ဖုန်း၏ အသားအရေကိုပါ မြင်တွေ့လိုက်ကြရသည်။


ပထမ အရာနှ်ခုကို မြင်လိုက်ရသည့်အခါ ဖြစ်ပေါ်လာခဲ့သည့် ပျော်ရွှင်စိတ်လှုပ်ရှားမှုတို့မှာ နင်ရှောင်ဖုန်း ထွက်ပေါ်လာသည့်အခါ ထိုအရာနှစ်ခုမှာ လုံးလုံးလျားလျား ဆွဲဆောင်မှု မရှိတော့ချေ။


ရှောင်ယန်၊ ဝူဝမ်ယွီနှင့် အခြားကျောင်းသူများသည် အံ့အားသင့်စွာဖြင့် နင်ဖုန်း၏ နူးညံ့အိစက်ကာ ဖြူဖွေးတောက်ပနေသည့် အသားအရေအား ဆွဲဆိတ်ကြည့်နေကြသည်။


“ဘုရားရေ.. တစ်ညလေးအတွင်းမှာ ဘယ်လိုဖြစ်ပြီး အခုလောက် ရေဓာတ်ပြည့်ဝလာတာတုန်း..”


“ဖူးးးးး စကားလုံးတွေကို ရှုပ်ထွေးအောင် မလုပ်စမ်းနဲ့..”


နင်ဖုန်းမှာ မျက်နှာများ နီရဲလာပြီး ဒေါသထွက်လွန်းသောကြောင့် မျက်ရည်ပင်ဝဲလာသည်။


“အဲဒီ မကောင်းတဲ့ သွမ့်ဝမ်ယွီကြောင့်ပေါ့.. ကျွန်တော်နဲ့ စမ်းသပ်မှုပြုတာတဲ့လေ.. သူ့ရဲ့ ရေစွမ်းရည်နဲ့ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ကို ဖျက်ဆီးပစ်လိုက်တာလို့..” ୧(๑•‌ᗝ•‌)૭


နင်ဖုန်း၏ ဘေးတွင်ရှိသော သွမ့်ဝမ်ယွီမှာ မျက်မှန်ပင့်တင်ပြီးနောက် ပြောလာသည်။


“တကယ်က သူ့ရဲ့ ခန္ဓာကိုယ်ထဲကို ရေမော်လီကျူးတွေ ထည့်ပေးလိုက်တာလေ.. အဲဒါကပဲ အလှအပရေးရာ ကုသမှုတစ်ခုလို ဖြစ်သွားတာ.. ငါ့ရဲ့စွမ်းရည်ကို အဲဒီလို လုပ်လို့ရမလားဆိုပြီး စမ်းသပ်ကြည့်ချင်မိတာ အောင်မြင်သွားတယ်လေ..”


သဘာဝအတိုင်း ရေသည် ဇီဝသက်ရှိအတွက် အရေးကြီးအခန်းကဏ္ဍမှ ပါဝင်နေသဖြင့် သွမ့်ဝမ်ယွီ၏ စွမ်းရည်မှာ မမြင်နိုင်သည့် လက်နက်တစ်ခု ဖြစ်လာသည်။ 


သေချာပေါက်ပင် သတ်ဖြတ်ဖို့အတွက်သာမက အလှအပအတွက်ပါ အကျိုးသက်ရောက်မှု ကြီးမားလေသည်။


ထိုစကားအား ကြားချိန်တွင် ရှောင်ယန်မှာ စိတ်လှုပ်ရှားလာတော့သည်။ ဤရက်များတွင် အတော်လေး ခြောက်သွေ့နေသည့် သူမ၏ အသားအရေအား ထိကြည့်လိုက်သည်။


“ငါပြန်လာရင် ငါ့ကိုလည်း ချောမွေ့တောက်ပတဲ့ အသားအရေရအောင် လုပ်ပေးစမ်း..”


“အားးး ညီမတို့လည်း လိုချင်တယ်လို့..”


တစ်ခဏချင်းမှာပင် အမျိုးသမီးများ၏ မိတ်ဆွေမွန်ဖြစ်လာသူ သွမ့်ဝမ်ယွီမှာ အပြုံးတစ်ခုဖြင့် သဘောတူလိုက်သည်။ ဤအခွင့်အရေးကို အသုံးပြုကာ စွမ်းရည်ထိန်းချုပ်မှုအား လေ့ကျင့်နိုင်မည် ဖြစ်သည်။


နင်ဖုန်းသည် ဤလှုပ်လှုပ်ရှားရှား မြင်ကွင်းကိုကြည့်ကာ အော်ဟစ်ငိုကြွေးလုမတတ်ပင်။


သူ၏ဘေးတွင် ရှိနေသည့် ရှောင်ဝူယိသည် ထိုအဖြစ်အပျက်အား ကြည့်နေရင်း သူတို့နှင့် ပူးပေါင်းရန် ပြေးသွားလေသည်။ သို့သော်လည်း များမကြာမီမှာပင် ကျောင်းသူအုပ်စု၏ တားဆီးပိတ်ပင်ကာ အဖွဲ့မှထုတ်ခြင်း ခံလိုက်ရသည်။


ကော်လဂျင်အပြည့်နဲ့ နူးနူးညံ့ညံ့ အသားအရေက ဘာကိုမှထပ်ပြီး ကုသဖို့ လိုမနေဘူးနော်..


အဆုံးတွင် ရှောင်ဝူယိသည် နင်ဖုန်းနှင့်အတူ မတ်တတ်ရပ်ရင်း ပုခုံးပုတ်လိုက်သည်။ သက်ပြင်းချပြီးနောက် ပေါ့ပါးစွာဖြင့် ပြောလေသည်။


“ငါ့ကို အဲဒီလို မလုပ်ပေးတာ အရမ်းနှမြောဖို့ကောင်းတယ်သိလား.. ငါ့ရဲ့ ဒယ်ဒီက ငါ့ရဲ့ ပါးလေးတွေကို ပွတ်ရတာ အရမ်းကြိုက်တာလေ.. နောက်ဆိုရင် ယွီယွီ ကောကောကလည်း မင်းကိုပိုပြီး သဘောကျလာလိမ့်မယ်..”


နျဲ့ရှောင် : “…” မဟုတ်ပါဘူး..


နင်ဖုန်း : “…” လုံးဝငြင်းတယ်နော်..


အခြားလူများ : အိုး~ ဖရဲစေ့ကိုက်သင့်တဲ့ အချိန်ပဲဟေ့.


🐹🐹🐹🐹🐹.