🐹 အခန်း ၃၇
ဝူယိလေးက ရှာဖွေကယ်ဆယ်ရေး လုပ်နေပါတယ်
စခန်း၏ ယာယီလုပ်ငန်းစဉ်များ ပြီးမြောက်ပြီးသည့်နောက်တွင် ရှောင်ဝူယိနှင့် အခြားသူများမှာ အဖွဲ့နှစ်ဖွဲ့အဖြစ် ခွဲလိုက်ကြသည်။ တစ်ဖွဲ့သည် စခန်း၏ တည်ဆောက်ရေးနှင့် လုံခြုံရေး လုပ်ငန်းစဉ်များ ပြုလုပ်ရန် စခန်းတွင်ရှိနေရမည် ဖြစ်ပြီး ကျန်တစ်ဖွဲ့မှာမူ အပြင်ဘက်တွင် ရိက္ခာစုဆောင်းခြင်းနှင့် ကယ်ဆယ်ခြင်းလုပ်ငန်းများ လုပ်ဆောင်ရန် ထွက်ခွာကြရမည် ဖြစ်သည်။
များမကြာမီမှာပင် ဝူယိအခြေစိုက်စခန်းငယ်လေးသို့ ပိုမိုများပြားသည့် ရှင်သန်ကျန်ရစ်သူများ ရောက်ရှိလာကြသည်။
ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ရာတွင် ရှောင်ဝူယိသည် ကမ္ဘာပျက်ကပ် ဖြစ်ပွားစဉ်တွင် ကြုံတွေ့ခဲ့ရသော စိတ်ထိခိုက်ဖွယ် ဇာတ်လမ်းအမျိုးမျိုးအား မထင်မှတ်ဘဲ ကြားသိမြင်တွေ့ခဲ့ရသဖြင့် အတော်လေး ရင့်ကျက်လာဟန်ရှိသည်။
“ဒယ်ဒီရေ.. ပေါင်ပေါင်းနဲ့ ကျစ်ဟွေ့ကွမ်က အပေါ်ကို တက်ကြည့်လိုက်ဦးမယ်နော်..”
ရှောင်ဝူယိသည် ကျားကြီးအား စီးနင်းရင်း ဇွန်ဘီများ ပတ်လည်ဝိုင်းရံလျက်ရှိသည့် အဝေးမှ အဆောက်အဦမြင့်တစ်လုံးအား မြင်လိုက်သဖြင့် ထိုနေရာသို့ ပျံသန်းသွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ကုန်လွန်ခဲ့သည့် ရက်များအတွင်း ရှောင်ဝူယိထံတွင် မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိကြောင်း နျဲ့ရှောင် အတည်ပြုပြီး ဖြစ်သဖြင့် ရှောင်ဝူယိအား သူ၏လက်မောင်းထဲတွင် ထွေးထွေးပွေ့ပွေ့ဖြင့် သေသေချာချာလေး ဂရုတစိုက် စောင့်ရှောက်ပေးရန် လိုအပ်သည့် ဟမ်းစတားလေးတစ်ကောင်အဖြစ် ဆက်ဆံခြင်း မပြုတော့ချေ။ ထို့ကြောင့် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
“ဂရုစိုက်ဦး..”
“အွန်း..”
ကောင်ငယ်လေး ခေါင်းညိတ်လိုက်ပြီးနောက် ကျားကြီးအား စီးနင်းကာ ထွက်ခွာသွားလေသည်။
“မကြာခင်ပြန်လာမယ်နော်..”
နျဲ့ရှောင်သည် ဇွန်ဘီများအပေါ်မှ ကောင်းကင်ပေါ်သို့ ပျံတက်သွားသည့် ကောင်ငယ်လေးအား ကြည့်နေမိသည်။ ထို့နောက် နောက်လှည့်ကာ သူ၏ပတ်ဝန်းကျင်တွင် သိပ်သည်းထူထပ်စွာ ရှိနေသည့် ဇွန်ဘီများနှင့် စတင်ရင်ဆိုင်လေသည်။ မိုးကြိုးလျှပ်စီး ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် မီးတူးခြစ်နေသည့် အကြွင်းအကျန်များသာ ကျန်ရစ်လေသည်။
နေရာလွတ်စွမ်းရည်ပိုင်ရှင် တစ်ဦးဖြစ်သည့် ပိုင်မေ့သည်လည်း လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း၌ အဖွဲ့ငယ်တစ်ခုနောက်သို့ လိုက်ပါကာ အသိစိတ်ရှိရှိဖြင့် ရိက္ခာများ စုဆောင်းသည်ကြောင့် နျဲ့ရှောင်နှင့် ကျန်းချိုးတို့မှာ လွန်ကဲစွာ သတိထားနေခြင်းများလားဟု တွေးမိလာစေသည်။
တကယ်တမ်းတွင် ဤသို့ဖြစ်ရခြင်းမှာ ပိုင်မေ့ထံတွင် လက်တလောလှုပ်ရှားရန် အစီအစဉ် မရှိခြင်းကြောင့်ပင်။
နျဲ့ရှောင်နှင့် အခြားသူများအား မြင်သည့်အခါ ပိုင်မေ့သည် နွေလေရူးသဖွယ် ယဉ်ကျေးစွာ ပြုံးပြလာသည်။ နျဲ့ရှောင်နှင့် အခြားသူများ၏ စွမ်းရည်အမြုတေကို ရယူလိုလျှင် သူတို့ထဲသို့ အရင်ဆုံးဝင်ရောက်ကာ ယုံကြည်မှု ရယူရမည်ပင်။
နျဲ့ရှောင်နှင့် ကျန်းချိုးသည် ပိုင်မေ့အား ကြည့်လိုက်ပြီး ပုံမှန်မဟုတ်သည့် လက္ခဏာ တစ်ခုမျှပင် မရှိသည့်အတွက် ယာယီ အကြည့်လွှဲကာ အရှေ့တွင်ရှိနေသည့် ဇွန်ဘီများကို အာရုံစိုက်ရန်သာ ရှိတော့သည်။
တစ်ချိန်တည်းမှာပင် ရှောင်ဝူယိဘက်တွင် အဆောက်အဦးမြင့် တစ်လုံးထဲတွင် ရှင်သန်သူများအား ရှာတွေ့လေသည်။ ရှောင်ဝူယိသည် မှန်ပြတင်းမှတဆင့် အခန်းတစ်ခုထဲတွင် ပိတ်မိနေသည့် သာမန်လူများအား မြင်လိုက်ရသည်။
အခန်းထဲရှိ အမျိုးသားတစ်ဦးသည် ရိက္ခာပြတ်လပ်သွားသည့်အတွက် မျှော်လင့်ချက်ပျက်သုန်းစွာဖြင့် ရှိနေသည်။ ပြတင်းပေါက်၏ အပြင်ဘက်တွင် ရုတ်တရက်ထွက်ပေါ်လာသည့် ရှောင်ဝူယိအား မြင်လိုက်သည့်အခါတွင် သူ၏မျက်လုံးထဲတွင် ချက်ချင်းဆိုသလို ရှင်သန်လိုစိတ်များ တောက်လောင်လာသည်။
လတ်တလော စကားပြောနိုင်စွမ်း မရှိသည့်တိုင် ပြတင်းပေါ်ရှိရာသို့ အားတင်းရုန်းကန်ကာ သွားတွားလိုက်ပြီး တိတ်တဆိတ်ငိုကြွေးကာ အကူအညီ တောင်းခံလေသည်။
ရှောင်ဝူယိမှာ တုံ့ဆိုင်းမနေရဲဘဲ ပြတင်းပေါက်ကို တိုက်ရိုက်ခွဲကာ အထဲရှိ လူများအား ကယ်ထုတ်လိုက်သည်။ လူတိုင်းမှာလည်း ဤမျှလောက် လွယ်ကူစွာ ကယ်ဆယ်ခံရလိမ့်မည်ဟု မျှော်လင့်ထားခြင်း မရှိသည့်အတွက် ငိုကြွေးရင်းဖြင့် သူတို့၏အောက်ဘက်ရှိ တောက်တောက်ပပ တိမ်စိုင်များကို ထိကြည့်လိုက်ကြသည်။ အသက်ဘေးနှင့် ကြုံတွေ့ပြီးသည့်နောက်တွင် ရရှိလာသည့် ဘဝအသစ်အတွက် အလွန်ပျော်ရွှင်မိကြပြီး ရှောင်ဝူယိအား ကယ်တင်ရှင်နတ်သားလေးအဖြစ် ထင်မိလာကြသည်။
“ကောင်းလိုက်တာ.. ငါတို့ ကယ်လိုက်ကြပြီ..”
“အူးဟူးးးး ကျေးဇူးအများကြီးတင်ပါတယ်ဗျာ.. ကျွန်တော်တို့တွေ တကယ်ကို သေတော့မှာလို့ ထင်နေခဲ့မိတာ..”
ဤရက်များအတွင်း ရှောင်ဝူယိသည် ကျေးဇူးမျက်ရည်များနှင့် အသားကျလာခဲ့ပြီး ဖြစ်သဖြင့် လူတိုင်းအား ချစ်စဖွယ်အပြုံးလေးနှင့် ရှက်ရွံ့စွာ တုံ့ပြန်နေမိသည်။
“မငိုပါနဲ့နော်.. မငိုကြပါနဲ့.. အားလုံး အဆင်ပြေသွားပြီနော်.. ငါတို့က မင်းတို့ကို ကယ်ဖို့အတွက် ရောက်လာကြတာပါ.. စခန်းကို ပြန်ရောက်ရင် အားလုံးပဲ ကောင်းကောင်းနေရမယ်နော်..”
ထိုစကားအား ကြားသည့်အခါ တစ်ဦးနှင့်တစ်ဦး ဖက်ကာ အော်ဟစ်ငိုကြွေးကြလေသည်။ ကမ္ဘာပျက်ကပ်အတွင်း သူတို့ထံတွင် မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း မရှိကြသော်လည်း သူတို့အား ကယ်တင်ပေးလိုစိတ် ရှိကြများ ရှိနေကြဆဲပင်။ ထိုအရာသည် သူတို့နှင့်အတူ လက်ရှိကမ္ဘာကြီး၏ ကံကောင်းမှုနှင့် မျှော်လင့်ချက်လည်း ဖြစ်သည်။
ရှောင်ဝူယိသည် အားနည်းနေသည့်လူများအား ထရပ်ကားများထံသို့ ပို့လိုက်ပြီးနောက် ကားထဲမှ အဖွဲ့နှင့်အတူ လိုက်ပါလာသည့် ဆေးကျောင်းသားများ ထွက်လာကြပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ရှုပ်ထွေးသွားကြသည်။
မျှော်လင့်မထားသည်မှာ ထိုအဖွဲ့ထဲတွင် သူမ၏ ရင်သွေးအား ပွေ့ပိုက်ထားသည့် အားနည်းသော်လည်း ဆုံးဖြတ်ချက်ခိုင်မာသည့် မိခင်တစ်ဦး ပါဝင်လေသည်။ သူမ၏ ကလေးမှာ လွန်ခဲ့သည့် ရက်ပေါင်းများစွာတွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး သူမ၏ ကိုယ်ပိုင်သွေးကို တိုက်ကျွေးခဲ့ရသည်။ ရှောင်ဝူယိသာ အချိန်မီ ကယ်တင်ပေးခြင်း မရှိပါက သူမသည် နောက်ထပ် နှစ်ရက်မျှပင် တောင့်ခံနိုင်တော့မည် မဟုတ်ပေ။
ထိုကဲ့သို့ သေးငယ်သည့် ဘဝအသစ်တစ်ခုအား မြင်တွေ့လိုက်ရသည့်အခါ ပတ်ဝန်းကျင်ရှိ လူများမှာ နူးညံ့မှုနှင့် မျှော်လင့်တို့ ပြည့်ဝနေသည့် မျက်ရည်များကြောင့် မျက်လုံးများ အရောင်တောက်လာကြသည်။
ဤသည်မှာ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်နေသည့် ကလေးအစစ်အား ရှောင်ဝူယိ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။ ထို့ကြောင့် ကလေးလေး၏ ပါးပြင်အား ထိကြည့်ရာ နူးညံ့အိစက်မှုကို ခံစားရလေသည်။ ကလေးငယ်လေးသည် နို့သောက်ပြီးချိန်တွင် ငိုကြွေးခြင်း မရှိချေ။ ထို့အစား စနောက်ခံရခြင်းအား ရယ်မောကာရှိနေပြီး ပန်းနုရောင် သွားဖုံးလေးများပင် ပေါ်နေလေသည်။
ကမ္ဘာပျက်ကပ် အတွင်း၌ စေ့စပ်သေချာစွာ ရှာဖွေနေသမျှ စိတ်ကူးထားသည်ထက် များစွာပိုမိုသည့် အသက်ရှင်သန်သူများအား တွေ့ရှိရနိုင်သည်။ ထိုသူများမှာ အလျော့ပေးလိုစိတ် မရှိကြဘဲ ငယ်ရွယ်သည့် ကလေးငယ်သည်ပင်လျှင် အသက်ရှင်သန်ဖို့ရန် ကြိုးစားရုန်းကန်လျက်ရှိသည်။
နျဲ့ရှောင်သည် ကလေးငယ်လေးနှင့် စနောက်ရယ်မောကာ ရှိနေသည့် ရှောင်ဝူယိအားကြည့်ကာ မျက်လုံးထဲတွင် နူးညံ့မှုတို့ ပေါ်လာသည်။ ရှောင်ဝူယိထံသို့ သွားပြီးနောက် ဦးခေါင်းအား လက်ဖြင့်အသာပုတ်လိုက်သည်။
“နောက်ကျနေပြီဆိုတော့ ဒီနေ့တော့ စခန်းကို ပြန်ကြမယ်နော်..”
“အွန်း..!”
စခန်းပြန်ရောက်ချိန်တွင် ထမင်းပူပူနှင့် စွပ်ပြုတ်တစ်ခွက်မှ အသင့်စောင့်ကြိုနေသည်ကြောင့် ကယ်ဆယ်ခံလိုက်ရသည့် ရှင်သန်ကျန်ရစ်သူများအား အသက်ရှင်သန်ခြင်း၏ အစစ်အမှန် အငွေ့သက်အား ထပ်မံခံစားမိလိုက်ကြသည်။
ဇွန်ဘီကင်းစင်နေသည့် စခန်းအားကြည့်ကာ လူတိုင်း၏ နှလုံးသားထဲတွင် လုံခြုံသော နေရာတစ်ခု၌ အခြေတကျနေထိုင်ရတော့မည်ဟု ခံစားမိလိုက်ပြီး ခန္ဓာကိုယ်အနှံ့ ရှင်သန်နေထိုင်လိုစိတ်များ ချက်ချင်းပြည့်နှက်လာသည်။
အစောပိုင်း သွမ့်ဝမ်ယွီ ရေးသားထားသော စည်းမျဉ်းစည်းကမ်းများသည် ယခုအခါတွင် ကြီးမားသည့် အခန်းကဏ္ဍမှ ပါဝင်လေသည်။ သွမ့်ဝမ်ယွီသည် ကောင်းကျိုးဆောင်မှတ် ပေးသည့်စနစ်ကို ကျင့်သုံးလေသည်။ စခန်းသို့ ပထမဆုံး ရောက်ရှိလာသူများအား သုံးရက်တာ အခမဲ့ ရိက္ခာ ထောက်ပံ့ခြင်းမှ လွဲ၍ မိမိတို့၏ စားနပ်ရိက္ခာနှင့် အထောက်အပံ့များအတွက် ကောင်းကျိုးဆောင်မှတ်များ ရရှိမှုအပေါ် မူတည်နေမည် ဖြစ်သည်။
ဤနေရာတွင် ရောက်ရှိနေကြသူတိုင်းမှာ ကမ္ဘာပျက်ကပ်အတွင်း ရှင်သန်နိုင်ခဲ့ကြသူများ ဖြစ်ပြီး သန်မာအားကောင်းသည့် လိုက်လျောညီထွေစွာ ပြုပြင်နေထိုင်နိုင်စွမ်း ရှိကြသည်။ ကောင်းကျိုးဆောင်မှတ် စုဆောင်းရမည့် စနစ်အား သဘောမတူရဲဘဲ မနေကြချေ။ ဘေးအန္တရာယ်နှင့် မျှော်လင့်ချက်မဲ့မှုတို့ကို တွေ့ကြုံခံစားပြီးသည့်နောက်တွင် အကာအကွယ်အပြည့်ဖြင့် နေထိုင်ရမည့် ဘဝကို ငြင်းပယ်လိုစိတ် မရှိကြချေ။
ရှင်သန်နေထိုင်ရန် လိုအပ်သည့် ကောင်းကျိုးဆောင်မှတ်များ ရရှိဖို့ရန် မည်သူတစ်ဦးတစ်ယောက်မျှ ပျင်းရိနေလိမ့်မည် မဟုတ်ချေ။ ထပ်ဆောင်းပြောရမည်ဆိုလျှင် ထိုသို့ ကောင်းကျိုးဆောင်မှတ်များ ရရှိရန် ပြုလုပ်နေရင်းဖြင့် ကမ္ဘာပျက်ကပ်အတွင်း ကြုံတွေ့ခဲ့ရသည့် နာကျင်မှုများ၊ စိတ်ပျက်အားငယ်စရာများကို ပြန်လည်စဉ်းစားရန် အချိန်မရှိနိုင်တော့သည့်အတွက် ပျော်ရွှင်တက်ကြွပြီး မျှော်လင့်ချက်များရှိသည့် ဘဝကို ရရှိနိုင်ပေလိမ့်မည်။
စခန်းရှိ အရာအားလုံးမှာ အကောင်းဘက်သို့ ဦးတည်ကာ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။ အခြေစိုက်စခန်း အကြောင်း ကြားသိထားသည့် ပိုမိုများပြားသော စွမ်းရည်ပိုင်ရှင်များသည် စခန်းတည်ဆောက်ရာတွင် လာရောက်ပူးပေါင်းကြလေသည်။
လူဦးရေတိုးလာသည်နှင့်အမျှ စခန်း၏နယ်မြေမှာလည်း တဖြည်းဖြည်းချင်း ကျယ်ပြန့်လာသည်။ တောင်ထိပ်ရှိ ဗီလာဝင်းအား ဗဟိုချက်အဖြစ်ထားကာ မြေစွမ်းရည်ပိုင်ရှင်များနှင့် သာမန်လူများ အတူတကွပူးပေါင်းကာ ဘိလပ်မြေဖျော်ပြီး တံတိုင်းအထပ်ထပ် တည်ဆောက်လိုက်ကြသည်။ တံတိုင်းမှာ တစ်ခုထက်တစ်ခု ပိုမြင့်လေသည်။
တောင်ထိပ်ရှိ ဗီလာဝင်းမှာ ပထမဆုံး တံတိုင်းခတ်ထားသည့်နေရာ ဖြစ်ပြီး များမကြာမီမှာပင် ထိုနေရာသည် မြို့လယ်ဗဟိုချက် ဖြစ်လာခဲ့သည်။ ထိုနေရာတွင် အဆင့်အတန်းမြင့် အဆောက်အဦများ ရှိသည့်အတွက် ကောင်းကျိုးဆောင်မှတ်များ အဓိကစီးဆင်းရာ နေရာဖြစ်လာပြီး သန်မာသည့်လူများနှင့် စခန်းအတွက် အထောက်အပံ့များစွာပြုသူများ နေထိုင်ရာ နေရာတစ်ခု ဖြစ်လာသည်။
ထိုအရာအားလုံးမှာ တစ်လအတွင်း ဖြစ်ပွားခဲ့ခြင်းပင်။ အခြေခံအကျဆုံးသော တစ်ကိုယ်ရေလုံခြုံရေးအတွက် အာမခံချက် ရရှိပြီးနောက်တွင် လူသားတို့၏ စွမ်းရည်ဖြစ်သော ကမ္ဘာပျက်ကပ်အတွင်း ရှင်သန်နိုင်စွမ်း၊ တည်ထောင်နိုင်စွမ်းနှင့် ဖန်တီးနိုင်စွမ်းတို့မှာ စိတ်ကူးထားသည်ထက်ပင် များစွာသန်မာလှသည်။
စခန်းတည်ထောင်သူများဖြစ်သလို စခန်း အကာအကွယ်ဖြစ်ပြီး အသန်မာဆုံးသောအဖွဲ့လည်းဖြစ်သည့် ရှောင်ဝူယိ၏ အဖွဲ့သည် လက်တွေ့ကျစွာပင် အမြင့်ဆုံးအထောက်အပံ့နှင့် လေးစားမှုကို ရရှိလေသည်။ ထိုသူများသည် စခန်း၏ ဗဟိုချက်တွင် နေထိုင်ကြသည့် အဓိကပုဂ္ဂိုလ်များ ဖြစ်လာကြသည်။
ထိုထဲတွင် ရှောင်ဝူယိသည် စခန်းတစ်ခုလုံး၌ လူကြိုက်အများဆုံးသော ချစ်စရာကောင်ငယ်လေး ဖြစ်လာသည်။ ထိုချစ်စဖွယ်အကျင့်စရိုက်လေးမှာ လူတိုင်း၏ စိတ်ဝိညာဉ်အား ကုစားပေးနိုင်သလို ပြဿနာများကိုလည်း မေ့လျော့သွားအောင် ပြုလုပ်ပေးနိုင်သည်။
“ဒီနေ့က နောက်ထပ်လှပတဲ့ နေ့လေးတစ်နေ့ပဲ.. လူတိုင်းအလုပ်ကြိုးစားရမယ်နော်.. ရာ့..”
ရှောင်ဝူယိသည် စခန်းမှ မထွက်ခွာမီ နံနက်ခင်းတိုင်းတွင် ထိုသို့အော်ဟစ်လေ့ရှိပြီး လူတိုင်းသည်လည်း အဆိုပါ တက်ကြွမာန်ပါလှသည့် အော်သံလေးထံမှ အားအင်များ မကူးစက်ဘဲ မနေနိုင်ကြချေ။
“ဟုတ်ကဲ့ပါ.. သခင်လေးဝူယိ ပြောသလို ဖြစ်စေဗျာ.. ဒီနေ့လည်း စောစောပြန်လာရမယ်နော်.. ကျွန်တော်တို့ကစခန်းကို စောင့်ရှောက်ထားပါမယ်..”
လူတိုင်းသည် ကောင်ငယ်လေးကို အားပေးထောက်ခံကြသည်။
နျဲ့ရှောင်သည် သူ၏ကလေးငယ်အား လှည့်ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်တည်လာသည်။ ထို့နောက် စခန်းသို့ ပြန်ကြည့်လိုက်ပြီး ပို၍ပို၍ ကောင်းမွန်လာသည်ဟု တွေးလိုက်မိသည်။
အနီးပတ်ဝန်းကျင်ရှိ မြို့ရွာများသို့သွားကာ ခရီးရှည်ရှာဖွေခြင်းများ ပြုလုပ်နိုင်ရန် သိပ်မလိုတော့ပေ။ သူတို့၏ ရည်မှန်းချက်မှာ ဖုန်းချန်တစ်ခုတည်းသာ မဟုတ်ချေ။
တောင်ပိုင်းမှာ ကြီးမားကျယ်ပြန့်သည့် ဒေသတစ်ခု ဖြစ်သည့်နည်းတူ ပိုမိုများပြားသည့် လူများစွာမှာ စိတ်ပျက်အားငယ်မှုများနှင့် စောင့်မျှော်နေဆဲဖြစ်သည်။
***
ထိုတစ်ချိန်တည်းမှာပင် တရုတ်ရေပိုင်နက်၏ တောင်ဘက်စွန်းပိုင်းတွင် တည်ရှိသည့် ဟိုင်ချန်ကျွန်းစု တစ်ခုလုံးမှာ သီးခြားခွဲထွက်နေသလို အကူအညီလည်း မရရှိချေ။
အလုံပိတ်ထားသည့် ပြဇာတ်ရုံထဲတွင် လာရောက်ကယ်ဆယ်မည်ကို စောင့်ဆိုင်းလျက်ရှိသည့် ရှင်သန်ကျန်ရစ်သူ အများအပြား ရှိလေသည်။ ထိုနေရာရှိ လူများထဲတွင် လူသိများထင်ရှားသည့် နာမည်ကျော် သိပ္ပံပညာရှင် များစွာနှင့် ပညာတော်သင်များ ပါဝင်လေသည်။
ထိုထဲတွင် ကမ္ဘာပျက်ကပ် မတိုင်မီ သင်ခန်းစာများအား လာရောက်နားထောင်ရန် ဂုဏ်ပြုဖိတ်ကြားစာများ ရရှိကြသော ပါရမီရှင်အဆင့် ကျောင်းသားအနည်းငယ်လည်း ပါဝင်သည်။ ဤနေရာတွင် ရှိနေကြသည့် လူများမှာ ကမ္ဘာကြီး၏ ရှားပါးရတနာများ ဖြစ်ကြသည်။
“အဆင်သင့်ပဲလား ဒေါက်တာ ဝေ့..”
“နီးပါးပါပဲ..”
ဝေ့ဟန်မင်၏ မျက်ခုံးများ တွန့်ကွေးလျက်ရှိပြီး သူ၏ ထင်ရှားသည့် ခံ့ခံ့ညားညား ရုပ်ရည်မှာ အာရုံစူးစိုက်မှု၊ ထိန်းချုပ်မှုအပြည့် ဖြစ်သည်။ နဖူးတွေ ချွေးသီးများကျကာဖြင့် အနက်ရောင် ဆက်သွယ်ရေးကိရိယာအား အဆက်မပြတ် ပြင်ဆင်နေလေသည်။
အသက် ၁၅/၁၆ နှစ်ခန့်ရှိမည့် လူငယ်လေးတစ်ဦးသည် ဝေ့ဟန်မင်၏ နံဘေးတွင် လေးနက်သည့် အမူအရာဖြင့် ပစ္စည်းများ ကမ်းပေးနေလေသည်။
“ပိုင်ယွဲ့.. သွားဆက်ကြည့်စမ်း..”
ပိုင်ယွဲ့ဟုခေါ်သည့် လူငယ်လေးသည် ပစ္စည်းများ ချက်ချင်းချပြီး ပါဝါဆပ်ပလိုင်းအား ချိတ်ဆက်လိုက်သည်။ များမကြာမီမှာပင် စက်မီးလင်းလာပြီး ပုံမှန်အတိုင်း အလုပ်လုပ်လေသည်။
လူတိုင်း ဝမ်းသာပျော်ရွှင်သွားကြသည်။
ဝေ့ဟန်မင် တုံ့ဆိုင်းမနေရဲချေ။ လျင်မြန်စွာပင် သူ၏ဆက်သွယ်ရေးဆက်အား အသုံးပြုလိုက်ပြီး နိုင်ငံအတွင်းရှိ ဆက်သွယ်ရေးဌာနများသို့ စာတိုပေးပို့လိုက်သည်။ ယခုအခါ နိုင်ငံအတွင်း ဆက်သွယ်ရေးစက်များကို အသုံးပြုနိုင်သည့် လူများရှိနေဆဲဖြစ်ပြီး သူတို့ပေးပို့သည့် အားနည်းလှသည့် အချက်ပြသင်္ကေတများကို ဖမ်းယူမိဖို့ရန် မျှော်လင့်ရုံသာ ရှိတော့သည်။
ထိုသို့ပြုလုပ်ပြီးနောက် ဆက်သွယ်ရေးစက်မှာ လုံးလုံးလျားလျား ရပ်တံ့သွားလေသည်။ ဘထ္ထရီ၏ အကပ်အသပ်သာ ကျန်ရှိသည့် အားမှာလည်း ကုန်ခမ်းသွားလေသည်။
ဝေ့ဟိုင်မင် ခေါင်းမော့ကာ အခြားလူများအား ကြည့်လိုက်ပြီး ပါးလွှာသည့် နှုတ်ခမ်းတစ်စုံအား တင်းတင်းစေ့လိုက်ပြီးနောက် ပြောလေသည်။
“ဘယ်လိုပဲဖြစ်ဖြစ် အချက်ပြတာကိုတော့ ပေးပို့ပြီးသွားပြီ.. ငါတို့အားလုံး လုပ်ရမှာက စိတ်ရှည်ရှည်နဲ့ စောင့်ဖို့ပဲ..”
“တစ်ယောက်ယောက်ကတော့ သေချာပေါက် လာကယ်မှာပါ..”
ပိုင်ယွဲ့သည် သက်ကြီးရွယ်အိုများအား အားပေးလိုက်သည်။ လူငယ်လေးအား အားမာန်တက်ကြွမှုသည် နံဘေးရှိ လူအိုကြီးအား အနည်းငယ် ပြုံးယောင်သန်းလာစေသည်။
“ငါရှိနေသရွေ့ အနည်းဆုံးတော့ ငတ်သေမှာ မဟုတ်ပါဘူးကွ..”
လူအိုကြီး မုန့် သည် သူ၏စကားကို သက်သေပြသည့်အနေဖြင့် ပြဇာတ်ရုံအားတူးကာ မြေပြင်ပေါ်သို့ အစေ့တစ်ချို့ ကြဲပက်လိုက်သည်။ ထို့နောက်တွင် အစေ့များသည် အမြစ်များပေါ်ထွက်ကာ ကြီးထွားလာပြီးနောက် သစ်သီးများ သီးလာသည်။
“ဒီဘဝမှာတော့ ဆာလောင်နေတဲ့လူတွေကို မမြင်ချင်ဘူးကွာ..”
ပိုင်ယွဲ့သည်လည်း အလျင်စလိုပြောလိုက်သည်။
“အားလုံးပဲ နေမကောင်းဖြစ်မှာကို မကြောက်ကြပါနဲ့နော်.. ကျွန်တော် ကူညီကုသပေးနိုင်ပါတယ်.. လူတိုင်း ကျန်းမာနေစေရမယ်နော်..”
ဝေ့ဟန်မင်၏ စိတ်စွမ်းရည်သည် ပြဇာတ်ရုံ၏ အစွန်းထိအောင် ခြုံငုံဖုံးလွှမ်းထားသည်။ လူတိုင်း၏ စိတ်ခံစားချက်အား ဖြေသိမ့်ပေးနေသည့် လူငယ်လေး၏ စကားများကို နားထောင်ရင်း ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“အပြင်မှာရှိနေတဲ့ ဇွန်ဘီတွေက အချိန်တစ်ခုလောက်တော့ အထဲကို ဝင်နိုင်မှာ မဟုတ်ဘူး.. လာကယ်တဲ့လူတွေ ရောက်လာရင် ကျုပ်တို့က ဓာတ်ခွဲခန်းထဲကို ဝင်နိုင်လိမ့်မယ်.. အဲဒါဆိုရင်တော့ ဒီဇွန်ဘီတွေကို ဖျက်ဆီးဖို့ နည်းလမ်းတွေအများကြီး ရလာလိမ့်မယ်..”
ဝေ့ဟန်မင်၏ စကားအားနားထောင်ရင်း ပညာတော်သင်ကျောင်းသားများ ပြုံးလိုက်ကြသည်။
“ဟုတ်တယ်.. ဖျက်ဆီးပစ်ရမယ်..”
***
ထိုအချိန်မှာပင် မြို့တော်အခြေစိုက်စခန်း၌။
“ခေါင်းဆောင် ရှ ရေ.. သတင်းကောင်းပါတယ်ဗျ.. သတင်းကောင်း.. အခုလေးတင်ပဲ ဆက်သွယ်ရေးစခန်းက ဟိုင်ချန်က အချက်ပြသင်္ကေတကို ဖမ်းမိတယ်ဗျ.. ကမ္ဘာပျက်ကပ် မတိုင်ခင် ဟိုင်ချန်မှာ ပညာရေးဟောပြောပွဲ သွားတက်တဲ့ သိပ္ပံပညာရှင် အများစုက အသက်ရှင်နေသေးတယ်တဲ့.. လူအိုကြီး မုန့်.. ဒေါက်တာ ဝေ့မင်ဟန်.. အကုန်အသက်ရှင်ကြတယ်တဲ့..”
“သူတို့ထဲမှာ ကုသစွမ်းရည် ပိုင်ဆိုင်ထားတဲ့ ပါရမီရှင်လူငယ်တစ်ဦးလည်း ပါဝင်တယ်လို့ ပြောပါတယ်.. အဲဒီစွမ်းရည်က ဇွန်ဘီဗိုင်းရပ်ကို ကုသရာမှာ အတိုင်းအတာတစ်ခုအထိ အထောက်အပံ့ ပေးကောင်း ပေးနိုင်ပါလိမ့်မယ်..”
ထိုစကားအား ကြားသည့်အခါ ခေါင်းဆောင် ရှ စိတ်လှုပ်ရှားစွာဖြင့် မတ်တတ်ရပ်လိုက်သည်။
“သူတို့ကို သေချာပေါက် ကယ်တင်ရမယ်..”
***
ညနေခင်းတွင် ရှောင်ဝူယိနှင့် အခြားသူများသည် စခန်းအပြင်တွင် ရှာဖွေကယ်ဆယ်ရေး ပြုလုပ်ရာမှ ပြန်လာကြချိန်တွင် ကျောင်းအုပ်ယွမ်နှင့် အခြားသူများထံမှ သတင်းကောင်းတစ်ခု စောင့်ကြိုနေလေသည်။
“အားလုံးပဲ.. ဒါကို လာကြည့်ကြပါဦး..”
ကျောင်းအုပ်ယွမ်သည် လူတိုင်းအား အခန်းတစ်ခုထဲတွင် စုစေလိုက်သည်။ ရှောင်ဝူယိ ကြည့်လိုက်သော်လည်း မည်သည့်အရာဖြစ်မည်ကို မသိချေ။ သို့သော်လည်း နျဲ့ရှောင်နှင့် အခြားသူများ၏ မျက်နှာပေါ်ရှိ ပျော်ရွှင်မှု အရိပ်အယောင်များမှာ ဖုံးဖိမရနိုင်ချေ။
“ဆက်သွယ်ရေးစက်ကို ပြင်လိုက်နိုင်ပြီ..”
🐹🐹🐹🐹🐹