အပိုင်း ၃၈
Viewers 8k


🐹 အခန်း ၃၈

 ဝူယိလေးက ဒယ်ဒီ့ကို အားသွင်းပေးလို့ ပြောတယ် 




ပြုပြင်ပြီးသော ဆက်သွယ်ရေးကိရိယာသည် စခန်းတစ်ခုလုံးအား စိတ်အားတက်ကြွလာစေသည်။ ကျောင်းအုပ်ယွမ်နှင့် ဗဟုသုတများစွာရှိသော တက္ကသိုလ်ကျောင်းသားအချို့သည် လူတိုင်းအား တိတ်တဆိတ်ဖြင့် အံ့အားသင့်ဖွယ်ကြီးတစ်ခု ပေးအပ်လာခြင်း ဖြစ်ကာ ပြတ်ပြတ်သားသားနှင့် သင်ခန်းစာတစ်ခု ပေးလိုက်သလိုပင်။


မည်သည့်ခေတ်ကာလတွင် ရှိနေစေကာမူ အခြေခံအကျဆုံးသောစွမ်းအားမှာ အသိပညာပင် ဖြစ်သည်။


‌ကောင်းစွာတပ်ဆင်ထားသည့် ဆက်သွယ်ရေးကိရိယာအားကြည့်ကာ နျဲ့ရှောင် တုံ့ဆိုင်းမနေဘဲ ကျောင်းအုပ်ယွမ်နှင့် ကျောင်းသားများအား အချက်ပြပေးပို့စေသည်။ ဤအချက်ပြမှုအား လူပေါင်းမည်မျှ ရရှိသည်ဖြစ်စေ ဤသည်မှာ မျှော်လင့်ချက်လမ်းစပင် ဖြစ်သည်။


ကမ္ဘာပျက်ကပ် ဆိုက်ရောက်စဉ်မှစကာ အချိန်များစွာ ကုန်လွန်ခဲ့ပြီးနောက် ပိုမိုများပြားသည့်လူများမှာ တပ်ဖွဲ့များစုဆောင်းရန် အရေးပါသည့် နည်းလမ်းတစ်ခုဖြစ်သည့် သတင်းအချက်အလက်များ ဖလှယ်နိုင်ရန်အတွက် ဆက်သွယ်ရေးကွန်ရက်ကို တည်ထောင်ရန် နည်းလမ်းများ ရှာဖွေလာကြသည်။


လူတိုင်း အံ့အားသင့်ရသည်မှာ အချက်ပြ ပို့လွှတ်လိုက်သည်နှင့် နေရာပေါင်းများစွာမှ တုံ့ပြန်မှုများ ချက်ချင်းရရှိလာလေသည်။


——“ဟာပင်းအခြေစိုက်စခန်းကပါ.. အခွင့်အရေးပေးတဲ့အတွက် မိုးနတ်မင်းကြီးကို ကျေးဇူးတင်ပါတယ်.. ကျွန်တော်တို့အားလုံး မင်းတို့နဲ့အတူ ရှိနေပါတယ်..”


——“မြို့တော်အခြေစိုက်စခန်းကပါ.. မင်းတို့ရဲ့ လက်ရှိအခြေအနေက ဘယ်လိုလဲ..”


——“ကျွန်တော်တို့က လန်ချန်က ရှင်သန်သူတွေပါ.. အရမ်းကောင်းတာပဲ.. မင်းတို့ရဲ့ သတင်းကို ရပါတယ်.. ဖုန်းချန်မှာ လက်ရှိအခြေအနေ ဘယ်လိုလဲ..”


ထိုတုံ့ပြန်မှုများကို ကြားသည့်အခါ လူတိုင်း၏ မျက်လုံးထဲတွင် ထိန်းချုပ်မရနိုင်လောက်အောင် တက်ကြွလာသည်။ စိတ်လှုပ်ရှားစွာဖြင့် တစ်ဦးနှင့်တစ်ဦးဖက်ကာ အော်ဟစ်လိုက်ကြသည်။


ရှင်သန်ဖို့ရန် အကောင်းဆုံးကြိုးစားနေကြသည်မှာ အမှန်တကယ် ကောင်းမွန်လှသည်။


ရှောင်ဝူယိသည်လည်း ပတ်ဝန်းကျင်၏ လွှမ်းမိုးခံလိုက်ရပြီး ရဲရဲနီနေသည့် နှာခေါင်းလေးဖြင့် နျဲ့ရှောင်အားဖက်ကာ ငိုကြွေးသည်ကြောင့် နျဲ့ရှောင်မှာ ပျော်ရွှင်မှုနှင့် နွေးထွေးမှုကို ခံစားလိုက်ရသည်။


“အားလုံး အသက်ရှင်ကြတယ်တဲ့ ဒယ်ဒီ...”


နျဲ့ရှောင်သည် ကောင်ငယ်လေး၏ ဦးခေါင်းအားပွတ်ကာ နူးညံ့သိမ်မွေ့လျက်ရှိသည့် မျက်လုံးထဲတွင် မျှော်လင့်ချက် အလင်းရောင်များ တောက်လောင်လျက်ရှိသည်။


“အွန်း.. အရာအားလုံး ပိုကောင်းလာမှာပါ..”


ထို့နောက် ကျောင်းအုပ်ယွမ်တို့သည် အခြားအခြေစိုက်စခန်းများနှင့် အဆက်မပြတ် သတင်းဖလှယ်ကြလေသည်။ ဤညတွင် လူတိုင်းအိပ်ရေးပျက်တော့မည်ပင်။


နျဲ့ရှောင်နှင့် ဝူယိသည်လည်း ကျောင်းအုပ်ယွမ်နှင့်အတူ သတင်း စောင့်လိုကြသည်။ သို့သော်လည်း တစ်နေ့လုံး စခန်းအပြင်တွင် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ရသဖြင့် ပင်ပန်းနွမ်းနယ်လျက် ရှိကြသည်။ ထို့အပြင် မနက်ဖြန်တွင်လည်း စခန်းအပြင်ထွက်ရမည် ဖြစ်သဖြင့် လူတိုင်းသည် သူတို့အား အကြင်အနာမဲ့စွာဖြင့် အိပ်စက်ရန် စေခိုင်းကြလေသည်။


“သွား သွား သွား.. ခန္ဓာကိုယ်နဲ့ အလုပ်လုပ်တဲ့သူတွေက ဦးနှောက်သုံးရတဲ့ အလုပ်တွေမှာ ဝင်ပါဖို့ မလိုအပ်ဘူး.. မြန်မြန်သွားအိပ်ကြတော့..”


ကျောင်းအုပ်ယွမ် ဆူပူလိုက်သည်။ 


“မင်းတို့က ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားချင်လို့လား..”


အဆူခံလိုက်ရသည့် ရှောင်ဝူယိသည် နျဲ့ရှောင်၏နောက်တွင် ပုန်းနေရင်းဖြင့် ခပ်တိုးတိုး ပြန်ပြောလေသည်။


“အဖိုးကြီးတွေလည်း ကောင်းကောင်းအနားယူသင့်တာကို..”


ကျောင်းအုပ်ယွမ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ချက်ချင်းပင် ကျောင်းအုပ်တစ်ဦး၏ ခပ်တင်းတင်း မျက်နှာထား ဖြစ်လာကာ ကောင်ငယ်လေးအား မျက်နှာသေနှင့် အယူအဆ အလွဲအမှားများကို ပြောလေသည်။


“အဖိုးကြီးတွေက နည်းနည်းလေးပဲ အိပ်တာကွ..”


သွမ့်ဝမ်ယွီသည် ထိုစကားအား ကြားသည့်အခါ ရယ်မောလိုက်ပြီး သူ၏ဦးခေါင်းအား ညွှန်ပြကာဖြင့် ပြောလေသည်။


“ကျောင်းအုပ်ခင်ဗျ.. ကျွန်တော့်ရဲ့ IQ နဲ့ဆိုရင် ကျောင်းအုပ်တို့ရဲ့ ဦးနှောက်အသုံးပြုရတဲ့ အလုပ်တွေမှာ ပါလို့ရမလားဗျ..”


ကျောင်းအုပ်ယွမ်သည် သွမ့်ဝမ်ယွီအား အပြန်ပြန်အလှန်လှ်န ကြည့်လိုက်ပြီးနောက် အေးစက်သည့် မျက်နှာထားဖြင့် ခေါင်းခါလိုက်သည်။


“မင်းက ဒီကိစ္စနဲ့ မကိုက်ဘူး.. မြန်မြန်သွားအိပ်တော့..”


သွမ့်ဝမ်ယွီမှာ ရုတ်တရက်ဆိုသလို မျက်နှာတစ်ခုလုံး တောင့်တင်းသွားလေသည်။


သူ၏ဘေးရှိ နင်ဖုန်းမှာ ညှာတာမှု မရှိဘဲ အူလှိုက်သည်းလှိုက် ရယ်မောလေသည်။


“ဟားဟားဟား.. ခင်ဗျားကြားလိုက်လား.. ခင်ဗျားက မကိုက်ညီဘူးတဲ့..”


အဆုံးတွင် တဝါးဝါး ရယ်မောသံနှင့်အတူ စခန်းအပြင်တွင် နေ့ဘက်အလုပ်လုပ်ကြသူများသည် ဆက်သွယ်ရေးအခန်းအတွင်းမှ မောင်းထုတ်ခံလိုက်ကြရသည်။


သူတို့ ထွက်မသွားခင်တွင် နျဲ့ရှောင်၏ လျှပ်စီးစွမ်းရည်မှာ တောက်ပနေဆဲဖြစ်ပြီး အလင်းထုတ်လွှတ်လျက်ရှိသည်။


ဇွန်ဘီများအား ရက်ပေါင်းများစွာ သတ်ဖြတ်ပြီးနောက်တွင် နျဲ့ရှောင်သည် လျှပ်စီးကြောင်အား ထိန်းချုပ်ရာတွင် ကျွမ်းကျင်ပိုင်နိုင်လာခဲ့သည်။ ထို့ကြောင့် မီးစက်ဆီသုံးစွဲမှု လျော့ကျစေရန်အတွက် နျဲ့ရှောင် စခန်းတွင် ရှိနေသမျှ ကာလပတ်လုံး လူသားဘတ္ထရီတစ်ခု ဖြစ်လာသည်။


“ဒယ်ဒီရေ.. ပေါင်ပေါင်းရဲ့ ဖုန်းလေးကို အားသွင်းပေးလို့ ရမလားဟင်.. ပေါင်ပေါင်းက ညမအိပ်ခင် ဂိမ်းလေးဆော့ချင်လို့ပါ.. ပြီးရင် အိပ်ပါ့မယ်နော်..”


ရှောင်ဝူယိသည် အလွန်သနားစဖွယ်ကောင်းစွာဖြင့် နျဲ့ရှောင်နောက်မှ တကောက်ကောက် လိုက်နေသည်။


နျဲ့ရှောင်သည် အမူအရာ ကင်းမဲ့စွာဖြင့် ငြင်းပယ်လိုက်ပြီး ကောင်ငယ်လေးအား သူတို့နေထိုင်ရာဆီသို့ ဦးဆောင်ခေါ်သွားလေသည်။


“ဆောရီးပါ ပေါင်ပေါင်းရေ.. ဒယ်ဒီလည်း အားကုန်တော့မှာ မို့လို့ပါ..”


“အမ်.. ဒယ်ဒီ့ကို ပေါင်ပေါင်း အရမ်းစိတ်ပျက်ပစ်လိုက်ပြီ..”


နင်ဖုန်းနှင့် အခြားသူများသည် နောက်တွင် ခြေလှမ်းအနည်းငယ်ခန့် ကျန်ရစ်ခဲ့ကြသည်။ ထို “အဖေနှင့်သား” ၏ ကြည်နူးဖွယ်ရာ စကားပြောခန်းအား နားထောင်ရင်း ရယ်မောရသဖြင့် ဗိုက်ကြောများပင် နာလာကြသည်။


ကောင်းကင်တွင် ကြယ်များ တလက်လက်တောက်ပနေသကဲ့သို့ အခြေစိုက်စခန်းမှာလည်း ပျော်ရွှင်စွာ ရယ်မောသံများနှင့် ပြည့်နေလေသည်။


ပိုင်မေ့သည် ကြယ်ရောင်တောက်ပနေသည့် ညကောင်းကင်အား မော့ကြည့်လိုက်သည်။ သူ၏ လက်သည်းပေါ်တွင် စိမ်းပြာရောင်ဖျော့ဖျော့ သန်းလာသည်ကို မြင်တွေ့ရသည့်အခါတွင် နှလုံးသားထဲ၌ ဖော်ပြ၍မရနိုင်သည့် ခြောက်ကပ်မှုကို ခံစားမိသည်။


ဤရက်များအတွင်း မည်သည့်အချိန်မှစကာ နျဲ့ရှောင်တို့အဖွဲ့အတွင်းသို့ ဝင်ကာ ယုံကြည်မှု ရယူဖို့ရန် တုံ့ဆိုင်းလာခဲ့သည်ကို မသိတော့ချေ။


ယခုအချိန်တွင် သူ့ကိုယ်သူ ကာကွယ်ဖို့ရန်ပင် စွမ်းအားမဲ့နေသည့်အတွက် အခြားသူများအကြောင်း မည်သို့စဉ်းစားနိုင်မည်နည်း။


ပိုင်မေ့သည် သူ၏တုံးအမှုကို လှောင်ရယ်မိလိုက်သည်။ လူတိုင်း၏ နောက်ကျောပြင်အား ကြည့်ကာ လက်သီးတင်းတင်းဆုပ်လိုက်သည်။ မျက်လုံးထဲတွင် အကြင်နာမဲ့မှုတို့ ထင်ဟပ်နေသည်။ သူ့အနေဖြင့် လူမဟုတ် တစ္ဆေမဟုတ် ဖြစ်လာချိန်တွင် အခြားသူများမှာ မည်သည်ကြောင့် သက်သောင့်သက်သာရှိစွာ နေရပါသနည်း။


စခန်းတွင် စွမ်းရည်ပိုင်ရှင် အများအပြား ရှိနေပြီ ဖြစ်သည့်အတွက် နျဲ့ရှောင်တို့အဖွဲ့၏ စွမ်းရည်အမြုတေများအား လတ်တလော မရရှိနိုင်သေးချိန်တွင် အခြားသူများအား ပစ်မှတ်ထားနိုင်မည် ဖြစ်သည်။


မနက်ဖြန်အထိ စောင့်ကြတာပေါ့.. အနည်းဆုံး စွမ်းရည်အမြုတေတစ်ခုလောက် အရင်ဆုံးရအောင် နည်းလမ်းရှာရမယ်.. အဲဒါဆိုရင် အရှင်လည်း သိပ်မကြာခင် ရောက်လာမှာပဲ..


***


ညဉ့်နက်ချိန်။


ဟမ်းစတားလေးအား အိပ်စက်ရန် ချော့မြူပြီးနောက်တွင် နျဲ့ရှောင်သည် ပြတင်းပေါက်အား ကျောက်တုံးသေးသေးဖြင့် ပစ်ပေါက်သံကို ကြားလိုက်ရသည်။ သတိအပြည့်နှင့် ရှိနေသည့်အတွက် ချက်ချင်း မျက်လုံးဖွင့်ကာ ပြတင်းပေါက်ရှိရာသို့ လျှောက်သွားလေသည်။ ဘောင်းဘီအိတ်ထဲ လက်ထည့်ကာ မြက်ခင်းပေါ်တွင် ရပ်နေသည့် ကျန်းချိုးအား တွေ့လိုက်ရသည်။


နျဲ့ရှောင်သည် ခေါင်းအုံးပေါ်တွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသည့် ဆန်မုန့်လုံးလေးအား ကြည့်လိုက်ပြီးနောက် ဝရံတာမှ ခုန်ချလိုက်သည်။


“နောက်ကျနေပြီ.. ဘာကိစ္စလဲ..”


ကျန်းချိုးသည် ပါးစပ်တွင် ဆေးလိပ်တစ်လိပ် ခဲထားရင်း နျဲ့ရှောင်အား ဆေးလိပ်ဘူး ကမ်းပေးလိုက်သည်။


“ငါ အိပ်မပျော်တာနဲ့ မင်းကိုလာရှာတာ.. ရော့.. သောက်မလား..”


နျဲ့ရှောင်၏ မျက်နှာတွင် အနက်ရောင်အကြောင်းများ ပြည့်လာသည်။ (-_-|||) အေးစက်စွာဖြင့် နောက်သို့ ပြန်လှည့်ထွက်သွားလေသည်။


“ငါ ဆေးလိပ်မသောက်ဘူး.. မင်းအိပ်မပျော်ရင် အိပ်ဆေးသောက်လိုက်..”


“ကျွတ်.. ကျွတ်.. ကျွတ်.. ကလေးတစ်ယောက် ရှိလာတာနဲ့ တကယ်ကို မတူတော့တာပဲ..”


ကျန်းချိုး ဆွံ့အသွားမိသည်။ ထို့နောက် စက္ကန့်ဝက်အတွင်းမှာပင် သူ၏လေသံမှာ အလွန်တိုးညှင်းသွားသည်။


“ငါ မင်းနဲ့ ပိုင်မေ့အကြောင်း ပြောချင်နေတာ..”


နျဲ့ရှောင် ချက်ချင်း ရပ်တံ့သွားသည်။ ကျန်းချိုး၏ အသံမှာ အလွန်တိုးညှင်းနေဆဲ ဖြစ်သော်လည်း နျဲ့ရှောင် ရှင်းရှင်းလင်းလင်း ကြားရဆဲပင်။ သူတို့နှစ်ဦး တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြပြီးနောက် အရင်ဆုံး နေရာပြောင်းလိုက်ကြသည်။


စခန်းထဲတွင် နာနာကဲ့သို့သော ‘အထူးကြားနိုင်စွမ်းရည်’ ပိုင်ဆိုင်ထားသူ အနည်းငယ် ရှိလေသည်။ ထောက်လှမ်းခံရခြင်းနှင့် ခိုးနားထောင်ခြင်းမှ ရှောင်ရှားရန်အတွက် သူတို့နှစ်ဦးသည် ခန္ဓာကိုယ်အား စွမ်းရည်အဖြစ်သို့ ပြောင်းလဲကာ မည်သူမျှ မသိခင် စခန်းမှ ထွက်ခွာသွားကြသည်။


သူတို့နှစ်ဦးသည် စွန့်ပစ်အိမ်တစ်လုံး၏ အမိုးပေါ်တွင် ရပ်လိုက်ကြသည်။ ညလေအေးမှာလည်း ညင်သာစွာ တိုက်ခတ်လျက်ရှိသည်။


“မင်း ပိုင်မေ့နဲ့ ဘယ်လိုဆုံခဲ့တာလဲ..”


နျဲ့ရှောင် စကားစသည်။


ကျန်းချိုး ဖုံးကွယ်ထားခြင်း မရှိပေ။ မီးခိုးငွေ့ မှုတ်ထုတ်လိုက်ပြီးနောက် ပြန်ဖြေသည်။


“အဲဒီနေ့က ငါက ဇွန်ဘီတွေ သတ်နေတာ.. အဲဒီအချိန်မှာပဲ သူက ထောင့်တစ်ခုကနေ ထွက်လာပြီး သူ့ကို ငါနဲ့အတူ ခေါ်သွားပေးနိုင်မလား ဆိုပြီးတော့ မေးတယ်လေ.. သူ့ရဲ့စွမ်းရည်က အတော်လေး အဆင်ပြေတယ်လို့ စဉ်းစားမိလို့ ငါလည်း သူ့ကို ခေါ်လာလိုက်တာ..”


“ပြီးတော့ တစ်ခုခုမှားနေတယ်ဆိုတာ မင်းသတိထားသွားတယ်ပေါ့..”


နျဲ့ရှောင် မျက်လုံးမှေးကြည့်လိုက်သည်။


“မင်း အဲဒီနေ့က ရုတ်တရက်ကြီး ရူးသွပ်သွားတာ သူ့ကို စမ်းသပ်ချင်လို့မလား.. ဟုတ်တယ် ဟုတ်..”


“အိုး.. မင်းသိသွားပြီပေါ့..”


ကျန်းချိုး မျက်ခုံးပင့်လိုက်ပြီး လေးနက်စွာဖြင့် ပြောလေသည်။


“တကယ်က အဲဒီစကားလုံး ‘နိုးထခြင်း’ စွမ်းရည် ဆိုတာ သူ့ဆီကနေ ထွက်လာတာပဲ.. အစတုန်းကတော့ ငါ့ရဲ့ခန္ဓာကိုယ်ကို သတ္တုအဖြစ် ပြောင်းလိုက်တာပဲ.. ထူးခြားတဲ့အဆင့် ဆိုတာကိုလည်း ငါမသိခဲ့ဘူးလေ.. ဒါပေမဲ့ တစ်ညတော့ ငါအိပ်နေတယ်လို့ သူထင်သွားပုံပဲ.. ငါ့ဆီကို ချဉ်းကပ်လာပြီး လေသံနဲ့ ပြောနေတာ.. ‘တကယ်ကို နိုးထပြီးတဲ့သူပဲ..’ ဆိုပြီးတော့..”


“အချိန်နည်းနည်းကြာတော့ ငါနဲ့စကားပြောနေရင်း အဲဒီစကားလုံးကို မတော်တဆ ထုတ်ပြောမိတယ်လေ.. အဲဒီစကားလုံးက ငါ့အတွက် စိမ်းသက်နေတယ်ဆိုတာ သူလုံးဝ သဘောမပေါက်ဘူး..”


“အဲဒီအချိန်ကစပြီး ငါ သူ့ကို သံသယဝင်လာတာပဲ..”


“အဲတော့ မင်းက ငါတို့ကိုလည်းတွေ့ရော ငါတို့ရဲ့ ဦးနှောက်ထဲက စွမ်းရည်အမြုတေကိုလည်း လိုချင်နေတာလားဆိုဆာကို သိချင်တာနဲ့ ဝင်ပါခိုင်းလိုက်တယ်ပေါ့လေ..”


နျဲ့ရှောင်၏ မျက်နှာမှာ အေးစက်နေသည်။


“ငါ့ရဲ့ကလေးသာ လာမကယ်ရင် မင်းရော ငါတို့ရော သူ့လက်ထဲရောက်ကာနီးပြီကွ..”


ကျန်းချိုး ရှက်ရွံ့စွာဖြင့် ပြန်ဖြေသည်။


“အဲဒါက မတော်တဆပါကွာ..”


နျဲ့ရှောင် ထိုအကောင်အား စကားဆက်မပြောချင်တော့ပေ။


“ဟမ့်..”


“အတိုချုံးပြောရရင်ကွာ သူ့နောက်မှာ တစ်ယောက်ယောက် ရှိနေနိုင်တယ်.. အဲဒီလူကပဲ သူ့ကို ‘နိုးထခြင်း’ လိုမျိုး သတင်းအစအနတွေ ပြောပြတာ ဖြစ်ရမယ်.. ငါတို့ရဲ့ စွမ်းရည်အမြုတေတွေက သူတို့ရဲ့ ပစ်မှတ်နေမှာ.. ဇွန်ဘီတွေ အစုလိုက်အပြုံလိုက် ဆင့်ကဲပြောင်းလဲတဲ့ ဖြစ်စဉ်က သူနဲ့ဆက်စပ်နေတာပဲဖြစ်မယ်.. သူက ဒီအတောအတွင်း အေးအေးဆေးဆေး ရှိနေခဲ့လို့ လောင်ဇီက မှားပြီးတော့ အထင်လွဲနေတာလားလို့တောင် ထင်နေမိသေးတယ်..”


ကျန်းချိုးသည် ကသိကအောင်နိုင်စွာဖြင့် ဆေးလိပ် ပြာချွေလိုက်ပြီနောက် နျဲ့ရှောင်အား ကြည့်လိုက်သည်။


“ဒါမှမဟုတ် ငါတို့ သူ့ကို ဒီတိုင်းပဲ သတ်လိုက်ကြရင်ကော..” 


နျဲ့ရှောင် ရုတ်တရက် ကူကယ်ရာမဲ့သွားလေသည်။


“သူ့ဘာသာ နေနေတာ မကောင်းဘူးလား.. သူ့ရဲ့ နေရာလွတ်စွမ်းရည်က အတော်လေး အသုံးဝင်တယ်.. ငါတို့ သူ့ကို ဆက်ပြီးတော့ စောင့်ကြည့်လို့ရတယ်လေ.. အနှေးနဲ့အမြန် သဲလွန်စ တစ်ခုခုတော့ ရှာတွေ့လာမှာပဲ..”


“ကျွတ်.. လောင်ဇီက နည်းနည်းတော့ စိတ်မရှည်တော့ဘူးကွ..”


နျဲ့ရှောင်သည် တာဝန်မှ ရှောင်ဖယ်လိုနေသည့် ကျန်းချိုးအား ကြည့်ကာ ဆဲရေးလိုက်မိသည်။


“မင်း တစ်ယောက်ယောက်ကို စောက်ရမ်း ရန်စချင်နေတယ်ဆိုရင် ငါနဲ့အရင်ဆုံး ထိပ်တိုက်တွေ့ရမယ်..”


“လောင်ဇီက စိတ်အနှောင့်အယှက်ဖြစ်လို့ပါကွ.. မင်းက အခုဘာလုပ်မှာလဲ..”


ထို့နောက်တွင် နှစ်ဦးသား မလွှဲရှောင်သာဘဲ ရန်ဖြစ်ကြပြန်သည်။ သူတို့ စကားပြောသည့် အချိန်တိုင်းတွင် ဤကဲ့သို့ အခြေအနေမျိုးနှင့် အဆုံးသတ်လေ့ရှိသည်။ နှစ်ဦးစလုံးသည် ဒေါသတကြီးဖြင့် စခန်းသို့ ပြန်လာခဲ့ကြသည်။


“ငါ့ရဲ့ပေါင်ပေါင်းက နိုးလာတော့မယ်.. မင်းကို ေစာက်ဂရုစိုက်နေဖို့ အချိန်မရှိဘူး..”


“နေ့တိုင်းနေ့တိုင်း ပေါင်ပေါင်းက ဒီလို.. ပေါင်ပေါင်းက ဟိုလိုနဲ့.. အေး.. မင်းကိုယ်မင်း ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ အရှုံးပေးလိုက်ရမှာ မကြာဘူးပဲ.. လောင်ဇီကတော့ မင်းရဲ့ ပေါင်ပေါင်းကို မင်းပြန်စားတဲ့အချိန်ထိ ထိုင်စောင့်ပြီးကို ကြည့်နေဦးမှာ.. လူယုတ်မာကောင်..”


“လုံးဝပဲ..”


“ဟမ့်.. မင်းအခုပြောတဲ့ စကားကို မင်းမှတ်ထားလိုက်နော်..”


နှစ်ဦးသား စခန်းသို့ ခိုးကြောင်ခိုးဝှက် ပြန်လာခဲ့ကြသည်။


နျဲ့ရှောင် အိပ်ခန်းသို့ ပြန်ရောက်သည့်အခါ သူ၏ ခေါင်းအုံးပေါ်တွင် နှစ်ခြိုက်စွာ အိပ်မောကျနေဆဲဖြစ်သည့် ဆန်မုန့်လုံးလေးအား မြင်တွေ့လိုက်ရသည်။ ကျန်းချိုး၏ ဆဲရေးစကားကို အမှတ်ရလိုက်မိပြီးနောက် စိတ်ထဲမှ ချောင်းအနည်းငယ် ဟန့်လိုက်သည်။


ဤဆန်မုန့်သေးသေးလေးမှာ သူ၏သွားကြားပင် မညပ်ချေ။ ထို့ကြောင့် စားပစ်ဖို့ ဆိုသည်မှာ အဓိပ္ပါယ်မဲ့လှသည်။ သူသည် လူယုတ်မာမဟုတ်ချေ။ သူ၏ လက်ဖဝါးမျှသာရှိသည့် ကလေးပေါက်လေးအား မည်သို့စားပစ်နိုင်ပါ့မည်နည်း။


နျဲ့ရှောင် ထိုသို့တွေးပြီးနောက် သူ့ပေါင်ပေါင်း၏ ဗိုက်ကလေးအား လက်ကလေးဖြင့် အသာပုတ်လိုက်သည်။ မထင်မှတ်ဘဲနှင့် ထိုအပြုအမူမှာ အကောင်ပေါက်လေးအား နှိုးလိုက်မိလေသည်။


“ချိ..”


ဟမ်းစတားလေး ကြောင်တောင်တောင်နှင့် ထ,ထိုင်လိုက်ပြီး သူ၏အရှေ့တွင်ရှိသည့် နျဲ့ရှောင်အား စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်ပြီးနောက် ‘ချစ်စဖွယ်ကောင်းစွာ’ ဖြင့် နျဲ့ရှောင်၏ လက်ဖဝါးပေါ်သို့ ခုန်တက်လိုက်သည်။


ဒယ်ဒီ ဘာဖြစ်လို့ မအိပ်သေးတာလဲလို့..


ထိုချစ်စဖွယ် အသွင်အပြင်လေးမှာ နျဲ့ရှောင်အား ချက်ချင်းပင် နူးညံ့သွားစေပြီး ကျန်းချိုးနှင့် ရန်ပွဲကြောင့် စိတ်အခြေအနေ မကောင်းခဲ့ရာ ရုတ်တရက် ပုံမှန်ပြန်ဖြစ်လာသည်။


နျဲ့ရှောင်သည် ဟမ်းစတားလေး၏ ဦးခေါင်းအား ပွတ်လိုက်ပြီးနောက် ဟမ်းစတားလေး၏ ဝတုတ်တုတ် ခန္ဓာကိုယ်လေးအား လက်ဖဝါးဖြင့် အုပ်ကာ အိပ်ယာပေါ်သို့ ပြန်တင်ပေးလိုက်သည်။


“ဒယ်ဒီက ရေချိုးခန်းသွားတာပါကွာ.. အိပ်တော့နော်..”


ထိုအချိန်တွင် ဟမ်းစတားလေးသည် နှာခေါင်းလေး ရှုံ့ကာဖြင့် ဆေးလိပ်နံ့ဖျော့ဖျော့ ရလိုက်သည်။ သူ၏ မျက်လုံးထဲတွင် မေးခွန်းများ ပါဝင်နေလျက်နှင့် မယုံကြည်နိုင်စွာဖြင့် သေးငယ်လှသည့် ‘ချိ’ ဟူသည့် အသံလေး ထွက်လာသည်။


လိမ်တယ်.. ဒယ်ဒီ ဆေးလိပ်သောက်လာတာ..


နျဲ့ရှောင်သည် ကျန်းချိုးအား စိတ်ထဲမှ ထပ်ကာထပ်ကာ ကျိန်ဆဲလိုက်သည်။


“ဒယ်ဒီ နောက်ထပ် မသောက်တော့ဘူးနော်.. လိမ္မာပါကွာ အိပ်တော့နော်.. မနက်ဖြန်ကျရင်လည်း စောစောထရဦးမှာလေ..”


ဟမ်းစတားလေးသည် နျဲ့ရှောင်၏ စကားကို မယုံကြည်သည့်အပြင် နျဲ့ရှောင် ဆေးလိပ်ခိုးသောက်မည်ကို စိုးရိမ်သည်ကြောင့် သူ၏ ဆယ်ကျော်သက်အသွင်သို့ ပြောင်းလဲကာ နျဲ့ရှောင်ပေါ်သို့ ခုန်တက်လိုက်သည်။


နျဲ့ရှောင်အား ရေဘဝဲတစ်ကောင်သဖွယ် ခြေလက်များဖြင့် ရစ်ပတ်ဖက်တွယ်ထားပြီး သက်သောင့်သက်သာရှိသည့် အနေအထား မရမချင်း နျဲ့ရှောင်၏ လက်မောင်းအား ပွတ်သပ်နေလေသည်။ ထို့နောက် မျက်လုံးများမှိတ်ကာ အိပ်သွားလေသည်။


“ဒီလိုဆို ဒယ်ဒီ တိတ်တိတ်လေး ဆေးလိပ်ခိုးသောက်လို့ မရတော့ဘူး..”


သူ့အား ပွေ့ဖက်ထားသည့် နူးညံ့ချောမွေ့သည့် အထိအတွေ့ကို ခံစားနေရသဖြင့် နျဲ့ရှောင်၏ ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် နေလို့မကောင်းတော့ချေ။ သို့သော်လည်း အဓိကတရားခံဖြစ်သူ ကောင်ငယ်လေးမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဟောက်သံသေးသေးလေးများ ထုတ်လွှတ်နေလေသည်။


နျဲ့ရှောင် : “…”


နျဲ့ရှောင်သည် ရှောင်ဝူယိအား လေသံတိုးတိုးဖြင့် လှုပ်နှိုးသော်လည်း သူ၏ ချောမောသည့် မျက်နှာအား လက်ဖြင့် အသာရိုက်ခြင်းခံလိုက်ရသည်။


“ဒယ်ဒီကလည်း လိမ္မာပါဆို.. ပေါင်ပေါင်း အိပ်တော့မှာလို့..”


ထိုသို့ပြောပြီးနောက် ခန္ဓာကိုယ် လှုပ်လာပြန်သည်။


ထိုလှုပ်ရှားမှုကြောင့် နျဲ့ရှောင်တစ်ကိုယ်လုံး ပူတက်လာလု နီးနီးပင်။


နောက်တစ်နေ့ နံနက်ခင်းတွင်မူ ထို ‘နီးနီး’ ဟူသည့် စကားလုံးမှာ လုံးလုံးလျားလျား ဖယ်ရှားခံလိုက်ရသည်။ နျဲ့ရှောင် မျက်လုံးဖွင့်လိုက်ပြီး သူ၏အကြည့်များမှာ ဗလာဖြစ်နေသည်။ နံနက်စောစော နိုးကြားတက်ကြွနေမှုကိုသာ ခံစားမိလေသည်။


ရှောင်ဝူယိသည်လည်း ထိုအချိန်မှာပင် နိုးလာခဲ့ပြီး ခြေလက်များဆန့်ကာ ထ,ထိုင်ပြီးနောက် နျဲ့ရှောင်အား မနက်ခင်းအနမ်း ပေးလိုက်သည်။


“မောနင်းပါ ဒယ်ဒီ.. စစ်သည်တော်လေး ဝူယိက မကောင်းဆိုးဝါး အိပ်ယာနတ်ဆိုးဘုရင်ကို ဒီနေ့မှာလည်း အနိုင်ယူလိုက်ပြန်ပါပြီ..”


နျဲ့ရှောင် ရေချိုးခန်းရှိရာသို့ ထွက်ပြေးသွားလေသည်။


ရှောင်ဝူယိမှာ ထိုအပြုအမူအား နားမလည်နိုင်ဘဲ ရှိနေလေသည်။ အဝတ်လဲကာ အိပ်ရာအစွန်းတွင် ထိုင်နေလိုက်သည်။ ခေတ္တမျှ ကြာပြီးသည့်နောက်တွင် သူ၏ဒယ်ဒီသည် ရေချိုးခန်းထဲတွင် တစ်နာရီထက်ပိုကြာနေသည်ကို သိရှိလိုက်ရသည်။


အိုင်း.. ရေတွေဖြုန်းတီးနေတာပဲ.. ယွီယွီကောကောကတော့ လုံးဝကို ဒေါသထွက်နေတော့မှာ..


🐹🐹🐹🐹🐹