အပိုင်း ၃၉
Viewers 8k


🐹 အခန်း ၃၉

 ဝူယိလေးက ဒယ်ဒီ့ရဲ့ သီးသန့်ပိုင်ဆိုင်မှုပါ 

 



နျဲ့ရှောင် ရေချိုးခန်းထဲမှ ထွက်လာချိန်တွင် ကုတင်အစွန်းတွင် ခြေထောက်လွှဲရင်း ပျင်းရိစွာ ထိုင်စောင့်နေသည့် ချစ်စဖွယ်ကောင်ငယ်လေးအား မြင်တွေ့လိုက်ရသည်။ နှုတ်ခမ်းတင်းတင်းစေ့လိုက်ပြီး သူ၏မျက်လုံးများမှာ စိတ်ပိုင်းဖြတ်မှုနှင့် ဆီလျော်သည့် အကျိုးအကြောင်းတို့ တောက်ပနေသည်။


ဟုတ်သည်။ ယခုလေးတင် သာမန်အမျိုးသားတစ်ဦးတွင် ဖြစ်ပွားတတ်သည့် ပုံမှန်ဖြစ်ပျက်မှု သဘောတရားကို တွေ့ကြုံခံစားခဲ့ရခြင်းပင်။


သူ၏ ကလေးဖြစ်သူအား လုံးဝ စားပစ်လိုက်မည် မဟုတ်။


သူ၏ နှလုံးသားထဲတွင်ပင် ထိုသို့စိတ်ကူးမျိုး လုံးဝ မတွေးခဲ့ဖူးပေ။


နျဲ့ရှောင် တိကျပြတ်သားစွာ တွေးတောပြီးနောက်တွင် အဝတ်လဲလိုက်သည်။


ရှောင်ဝူယိသည် အရေးကြီးအစည်းအဝေး ကျင်းပခဲ့သလိုပုံနှင့် ရှိနေသည့် နျဲ့ရှောင်အား ကြည့်လိုက်ပြီးနောက် နားမလည်နိုင်စွာဖြင့် ခေါင်းကလေး စောင်းလိုက်မိသည်။


သူ၏ လက်ကလေးအား ဆန့်ကာ အဝတ်ဗလာနှင့် ရှိနေဆဲဖြစ်သော နျဲ့ရှောင်၏ သန်မာတောင့်တင်းပြီး ကြွက်သားအပြည့်ရှိသည့် နောက်ကျောပြင်အား အသာပုတ်လိုက်သည်။ ထို့နောက် ကျန်နေသေးသည့် ရေစက်များအား လက်ဖြင့်သုတ်ပေးလိုက်သည်။


“ဒယ်ဒီ ရေချိုးခန်းထဲမှာ ဘာလုပ်နေတာလဲ..”


“ဝိုး. ဒယ်ဒီ့ ကြွက်သားတွေက မာနေရောပဲ..”


ရှောင်ဝူယိ၏ လွန်လွန်ကဲကဲ ထိတွေ့မှုများကြောင့် နျဲ့ရှောင်မှာ ဓာတ်လိုက်သွားသလိုပင်။ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာပြီး နားသံသီးလေးများပင် ရဲရဲနီလာသည်။ ကောင်ငယ်လေး၏ လက်ကလေးများအား အလျင်သလို ဆွဲဖယ်လိုက်ပြီးနောက် လေးနက်မှုအပြည့် ထင်ဟပ်နေသည့် မျက်နှာထားဖြင့် သင်ကြားလေသည်။


“နောက်ဆိုရင် အခုလိုမျိုး လျှောက်လျှောက်ထိခွင့်မရှိတော့ဘူးနော်..”


“အွန်.. အရင်က ဒယ်ဒီပဲ ပေါင်ပေါင်းကို ဟိုဟိုဒီဒီ လိုက်ထိကြည့်တာလေ.. ဒယ်ဒီက လုံးဝကို မျက်နှာနှစ်ခုရှိနေတာပဲ..”


‌ရှောင်ဝူယိ လက်ပိုင်ကာ နျဲ့ရှောင်အား ကြည့်နေပြီး လတ်တလော သင်ကြားလာခဲ့သည့် စကားလုံးအသစ်အားသုံးကာ မျက်နှာပုံ့ပုံ့လေးထက်တွင် မကျေနပ်မှုတို့ အတိုင်းသားပင်။ ရှောင်ဝူယိ၏ အသွင်အပြင်မှာ လူသားတစ်ဦး ဖြစ်လာသော်လည်း မသန့်စင်သည့် အညစ်အကြေးများ ပြည့်နေသည့် ကမ္ဘာကြီးအကြောင်း နားကန်းတစ်လုံးမျှပင် မသိနားမလည်ချေ။


နျဲ့ရှောင် : “…”


နျဲ့ရှောင် စိတ်ပျက်လက်ပျက်နှင့် မျက်နှာကို ပွတ်လိုက်မိသည်။


အား.. ငါ့ရဲ့ သင်ကြားမှုနည်းလမ်းက မှားယွင်းနေခဲ့တာပဲ..


ရှောင်ဝူယိသည် သူ့အားနောက်ကျောပေးထားသည့် နျဲ့ရှောင်အား ကြည့်လိုက်သည်။ နျဲ့ရှောင်၏ ဦးခေါင်းပေါ်ရှိ ရွာချတော့မတတ်ဖြစ်နေသည့် မိုးတိမ်မည်းများကိုကြည့်ကာ စိုးရိမ်လာလေသည်။ ဟမ်းစတားအသွင်သို့ ပြန်ပြောင်းကာ နျဲ့ရှောင်၏ ပုခုံးပေါ်သို့ တက်လိုက်သည်။


“ချိ..”


ဒယ်ဒီ တစ်ခုခုဖြစ်နေတာလားဟင်.. (づ˶•༝•˶)づ


“ဒယ်ဒီ အဆင်ပြေပါတယ်..”


နျဲ့ရှောင် ပင်ပန်းနွမ်းနယ်စွာ ပြောလေသည်။


ကံကောင်းထောက်မစွာဖြင့် ထိုအချိန်မှာပင် တံခါးခေါက်သံ ထွက်ပေါ်လာသည့်အတွက် မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်လျက်ရှိသည့် နျဲ့ရှောင်မှာ လက်တွေ့ဘဝသို့ ပြန်ရောက်လာလေသည်။


တံခါးခေါက်သံကြားချိန်တွင် နျဲ့ရှောင်သည် ဟမ်းစတား ဆန်မုန့်လုံးလေးအား လက်ဖဝါး‌ပေါ်သို့တင်ကာ အိတ်ကပ်အတွင်း ထည့်လိုက်သည်။ ထို့နောက် ချစ်စဖွယ်အော်သံသေးသေးလေးအား ကြားလိုက်ရပြန်သည်။


“ချိ..” 


ဒယ်ဒီက ပေါင်ပေါင်းကို ထပ်ထိလိုက်ပြန်ပါပြီကွယ်.. လားလားလား (◔ω◔)


နျဲ့ရှောင်မှာ ခလုတ်မတိုက်ဘဲ ချော်လဲကျမတတ်ပင်။


တံခါးတစ်ဘက်ရှိ ရှောင်ယန်မှာ မောပန်းနွမ်းနယ်သည့် မျက်နှာထားနှင့် တံခါးလာဖွင့်သော နျဲ့ရှောင်အား မြင်တွေ့လိုက်ရသဖြင့် ကြောင်အသွားမိသည်။ သို့သော်လည်း မကြာမီမှာပင် နျဲ့ရှောင်၏ အိတ်ကပ်ထဲရှိ ချစ်စဖွယ်ဟမ်းစတား‌လေး၏ ဆွဲဆောင်ခြင်းခံလိုက်ရသည်။


“ဝါးးး ဒီနေ့ ဝူယိလေးက ဟမ်းစတားလေးပေါ့လေ..”


“ချိ..!” ဟုတ်ပါတယ်ခင်ဗျ..


ရှောင်ယန်မှာ ချစ်စဖွယ်မျက်နှာလေးအား သည်းမခံနိုင်ဘဲ သူမ၏ မိခင်မေတ္တာမှာ အလွန်ကြီးမားလှသည်။ ဟမ်းစတားလေးအား သူမ၏ လက်ဖဝါးပေါ် တက်လာစေချင်သည့်အတွက် လက်ဆန့်ထုတ်လိုက်သည်။ အမွေးလုံးလေးသည်လည်း ပူးပေါင်းသည့်အနေဖြင့် အိတ်ကပ်ထဲမှ ထွက်လာနိုင်ရန် ကြိုးစားလေသည်။


သို့သော်လည်း ထိုအပြုအမူမှာ လမ်းတစ်ဝက်မှာပင် နျဲ့ရှောင်၏ ရုတ်တရက် တားဆီးခြင်း ခံလိုက်ရသည်။ ကြီးမားသည့် လက်တစ်ဖက်သည် ဟမ်းစတားလေးအား ဆွဲယူကာ အိတ်ကပ်အတွင်းသို့ ပြန်ထည့်လိုက်လေသည်။


သူ၏ပေါင်ပေါင်း ပြောခဲ့သည့်စကားကို ပြန်အမှတ်ရပြီးနောက် နျဲ့ရှောင်၏မျက်နှာမှာ ချက်ချင်း မည်းမှောင်သွားလေသည်။


“အခုကစပြီး ငါ့ရဲ့ ပေါင်ပေါင်းကို ငါတစ်ယောက်တည်းပဲ ထိခွင့်ရှိတယ်..”


ရှောင်ယန် : “???”


ရှောင်ယန်သည် ဝရုန်းသုန်းကားဖြင့် အောက်ထပ်သို့ ဆင်းသွားသည့် နျဲ့ရှောင်၏ နောက်ကျောအား ကြည့်နေမိသည်။


အိုး နိုးးးး ဘော့စ်က ဒီနေ့မှာ ဟော်မုန်းမညီမျှမှု ဖြစ်နေတာပဲ..


ထို့အချိန်တွင် ဟမ်းစတားလေးသည် သဝန်တိုနေသည့် ဒယ်ဒီဖြစ်သူအား နှစ်သိမ့်ချော့မြူနေရသည်။ သူ၏ လက်ကလေးနှစ်ဘက်အား ထိကာ ‘ချိ’ ဟူသည့် အသံလေးပြုလိုက်သည်။


စိတ်မပူနဲ့နော် ဒယ်ဒီ.. ပေါင်ပေါင်းက အမြဲတမ်း ဒယ်ဒီ့အတွက်ပဲ.. တခြားသူတွေက ပေါင်ပေါင်းကို လာထိချင်တာနဲ့ ပေါင်ပေါင်း ကိုက်ပစ်လိုက်မယ် သိလား.. ψ(`︶´)ψ


ထိုအခါမှသာ နျဲ့ရှောင်၏မျက်နှာ ကြည်လင်လာသည်။


“အွန်း..”


အောက်ထပ်သို့ ရောက်ချိန်တွင် အလွန်လေးနက်ဟန်ဖြင့် ရှိနေကြသူများအား တွေ့လိုက်ရသည်။


ခြေတစ်လှမ်း နောက်ချန်ရစ်ခဲ့သည့် ရှောင်ယန်သည် အပေါ်ထပ်ရှိ လူများအား အောက်ထပ်သို့ ဆင်းလာရန် ခေါ်ဆောင်ရမည့် တာဝန်ပြီးမြောက်သွားပြီ ဖြစ်သည့်အတွက် ဝူဝမ်ချီဘေးတွင် ထိုင်လိုက်သည်။


အစောပိုင်းကတည်းက စောင့်နေခဲ့သည့် ကျန်းချိုးမှာ အနည်းငယ် စိတ်မရှည် ဖြစ်လာသည့်အတွက် နျဲ့ရှောင်အား အထက်အောက် စုန်ဆန်ကြည့်ကာ ဝေဖန်တော့သည်။


“ငါတို့စောင့်နေတဲ့ထဲ မင်းက နောက်ဆုံးလူပဲ.. မင်းရဲ့ ပေါင်ပေါင်းကို လျှို့ဝှက်ကြံစည်နေတာပဲ ဖြစ်ရမယ်.. အောက်ဆင်းလာဖို့ကိုတောင် အပေါ်တက်ပြီး ခေါ်ရတယ်တဲ့.. အံ့ဩပ..”


ကျောင်းအုပ်ယွမ် ဖျန်ဖြေသည့်အနေဖြင့် ပြောလေသည်။


“အဆင်ပြေပါတယ်ကွာ.. အဆင်ပြေတယ်.. အရမ်းကြီး နောက်မကျပါဘူး.. အားလုံးလည်း စုံပြီဆိုတော့ အဓိကအချက်ကို ပြောကြတာပေါ့..”


နျဲ့ရှောင်သည် မျက်ကွင်းများ မည်းနေသည့် ကျောင်းအုပ်ယွမ်အား ကြည့်လိုက်သည်။ ဤသည်မှာ ယမန်နေ့က အဖြစ်အပျက်နှင့် ဆက်နွယ်နေရမည်ဟု ခန့်မှန်းလိုက်သည်။


ကျောင်းအုပ်ယွမ်သည် အဓိကအချက်ဖြစ်သည့် ယမန့်နေ့ည ဒေသအသီးသီးရှိ ရှင်သန်သူများနှင့် ဆက်သွယ်ရာတွင် ရရှိထားသည့် သတင်းများအကြောင်း တိုက်ရိုက်ပင် ပြောလေသည်။ 


“လတ်တလော ငါတို့နဲ့ အဆက်အသွယ်ရှိတာက မြို့တော်၊ ဟာပင်းနဲ့ လန်ချန် အခြေစိုက်စခန်းတွေပဲ.. ဖုန်းချန်တစ်ဝိုက်မှာ မြို့ရွာအလိုက် ပြန့်ကြဲနေတဲ့ အဖွဲ့ငယ်လေးတွေလည်း ရှိနေတယ်တဲ့.. ငါတို့ကို အကူအညီ တောင်းလာကြတယ်..”


“အခြေအနေအားလုံးကို ခြုံငုံပြီး ပြောရရင်တော့ ကောင်းတဲ့ဘက်ကို အလေးသာတယ်.. လက်ရှိ မြို့တော်မှာ ထူးချွန်သူတွေ အများအပြား ရောက်ရှိနေကြပြီ.. ငါတို့ရဲ့ နောက်ထပ် ရည်မှန်းချက်က သယ်ဆောင်လို့ရတဲ့ ဆက်သွယ်ရေးကိရိယာဖြစ်တဲ့ မိုဘိုင်းဖုန်းလိုမျိုး စာတိုပို့လို့ရတဲ့ ဆက်သွယ်ရေးနည်းလမ်းကို ရှာဖွေဖို့ပဲ.. ငါတို့ စခန်း ၄ ခုရဲ့ တည်နေရာကို ကြေညာလိုက်မယ်ဆိုရင် ခိုလှုံခွင့်တောင်းဆိုတဲ့ တစ်သီးပုဂ္ဂလ ရှင်သန်သူတွေအတွက်လည်း ပိုပြီးတော့ ရှင်းလင်းတဲ့ ရည်မှန်းချက်မျိုး ရှိလာလိမ့်မယ်..”


“ပြီးတော့ လန်ချန်က ရုရှ နယ်စပ်စခန်းနဲ့ အဆက်အသွယ်ရပြီလို့ ဆိုတယ်.. ရုရှက လူဦးရေ နည်းတယ်ဆိုပေမယ့်လည်း အခြေအနေက ငါတို့လောက်တောင် မကောင်းဘူးတဲ့.. ဒီကမ္ဘာပျက်ကပ်ရဲ့ အခြေအနေက အဘက်ဘက်ကနေ အရမ်းဆိုးဝါးပေမဲ့ လူတိုင်းက ရှင်သန်ဖို့အတွက် ကြိုးစားနေကြတယ်..”


ကျောင်းအုပ်ယွမ် စကားပြောနေချိန်တွင် အခန်းအတွင်းရှိ လူတိုင်းမှာ အသံတစ်သံမျှ ထွက်ပေါ်ခြင်း မရှိဘဲနှင့် သေသေချာချာ နားထောင်နေကြသည်။ အခြေအနေများမှာ သူတို့စိတ်ကူးထားသည်ထက် များစွာပိုကောင်းနေလေသည်။


“စခန်း ၃ ခုက သူတို့စခန်းမှာရှိတဲ့ ရှင်သန်သူတွေရဲ့ နာမည်တွေကို ပို့ထားသေးတယ်.. နောက်ဆိုရင် အဲဒီစာရင်းက ပိုတိုးလာလိမ့်မယ်.. အပြင်က ကြေညာဘုတ်မှာတော့ နာမည်တွေကို ရေးထားပြီးပြီ.. ပြီးရင် ငါတို့စခန်းက လူစာရင်းကိုကောက်ပြီး အသက်ရှင်နေတဲ့အကြောင်း တခြားစခန်းတွေကို သတင်းပို့ရမယ်..”


ကျောင်းအုပ်ယွမ် စကားမဆုံးခင်မှာပင် အပြင်ဘက်မှ ရုတ်တရက် အော်ဟစ်သံများ ထွက်ပေါ်လာသည်။ အသံအကျယ်ဆုံးမှာ ဟာပင်းမှ ကျောင်းသားတစ်ဦး ဖြစ်လေသည်။


“အားးးး ငါ့မိဘတွေရဲ့ နာမည်ကို တွေ့လိုက်တယ်.. သူတို့က စခန်းမှာတဲ့.. ဟားးးး သူတို့ တကယ်အသက်ရှင်ကြတာပဲ..”


“ငါ့အမေနာမည်ကိုလည်း တွေ့လိုက်တယ်..”


ပျော်ရွှင်စွာ အော်ဟစ်ငိုကြွေးသံများသည် လူတိုင်း၏ နှလုံးသားအား တုန်လှုပ်သွားစေပြီး မျှော်လင့်ချက် အငွေ့အသက်များလည်း ရရှိခံစားမိကြသည်။ လက်ရှိအချိန်တွင် လူတိုင်း၏ ရင်ထဲ၌ ခွန်အားအပြည့် တောက်လောင်နေကြပုံပင်။


ကျောင်းအုပ်ယွမ်သည်လည်း သူ၏ မျက်လုံးထောင့်မှ မျက်ရည်စများအား သုတ်ဖယ်လိုက်ပြီးနောက် စိတ်ခံစားချက်များစွာနှင့် ပြောလေသည်။


“ငါ့ရဲ့ သားနဲ့ မြေးတွေလည်း လန်ချန်စခန်းမှာ လုံခြုံဘေးကင်းကြတယ်တဲ့.. ငါ့ချွေးမရဲ့ နာမည်ကိုတော့ မတွေ့ရသေးပေမဲ့လည်း ဒီလောက်နဲ့တင် အဆိုးထဲက အကောင်းလို့ ပြောရမှာပေါ့..”


ဟမ်းစတားလေးသည် မျက်ရည်စို့နေသည့် ကျောင်းအုပ်ယွမ်အားကြည့်ပြီးနောက် ကျောင်းအုပ်ဖိုးဖိုးအား ပွေ့ဖက်မှုပေးရန်အတွက် နျဲ့ရှောင်၏ အိတ်ကပ်အတွင်းမှ တွယ်တက်လေသည်။


ထိုအပြုအမူလေးမှာ အခန်းအတွင်းရှိ လူတိုင်းအား နွေးထွေးပျော်ရွှင်စွာဖြင့် ပြုံးလာစေသည်။


ထိုအကြောင်းကိစ္စများအား ပြောဆိုပြီးသည့်နောက်တွင် ကျောင်းအုပ်ယွမ်သည် အရေးအကြီးဆုံး ကိစ္စရပ်အား ပြောလာသည်။ သူ၏ အမူအရာမှာ လေးနက်သွားသည်။


“မြို့တော်အခြေစိုက်စခန်းက ရရှိထားတဲ့ အချက်အလက်တွေအရတော့ သိပ္ပံပညာရှင်တွေနဲ့ ပညာတော်သင် အဖွဲ့တစ်ဖွဲ့က ဟိုင်ချန်မှာ အသက်ရှင်နေတုန်းပဲတဲ့.. လာကယ်မှာကို စောင့်နေကြတယ်လို့ ပြောတယ်..”


“သူတို့ထဲက တစ်ယောက်ကတော့ လူတိုင်းနဲ့ ရင်းနှီးပြီးသား နာမည်ကြီးတစ်ယောက်ဖြစ်တဲ့ အကြီးအကဲ မုန့်ကျုံးသဲ လည်း ပါနေတယ်..”


ထိုစကားအား ကြားလိုက်သည့်အခါ လူတိုင်း အလွန်အမင်း အံ့အားသင့်သွားလေသည်။ အကြီးအကဲ မုန့်ကျုံးသဲ ဆိုသည်မှာ လူတိုင်းသိ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး တရုတ်ပြည် တစ်ခုလုံးတွင် သူ့အား မသိသူ မရှိချေ။ ဤအခန်းအတွင်းရှိ လူများမှာ သူ၏ ကြိုးစားအားထုတ်မှု အသီးအပွင့်များကို သုံးစွဲကာ ကြီးပြင်းလာကြသူများ ဖြစ်သည်ဟု ပြောမည်ဆိုလျှင်ပင် ချဲ့ကားထားခြင်း မဟုတ်ချေ။


ထပ်ပေါင်းပြောရမည်ဆိုလျှင် ဆက်သွယ်ရေးစက်အား ပြုပြင်ခဲ့ကြသည့် ကျောင်းအုပ်ယွမ်နှင့် ကျောင်းသားများလည်း ရှိနေသေးသည်။ သူတို့အားလုံးသည် အဆိုပါ ပညာသင်များနှင့် သိပ္ပံပညာရှင်များ၏ ဦးနှောက်မှာ မည်မျှအဖိုးတန်သည်ကို နားလည်သိရှိထားကြသည်။


“သူတို့တကယ် အသက်ရှင်နေကြတာလား..”


“ကောင်းလိုက်တာ..”


ထိုသတင်းကို ကြားလိုက်ရသည့် ရှဲ့ကျွင်း၊ ဝူဝမ်ယွီနှင့် အခြားသူများသည် စိတ်လှုပ်ရှားမှုကြောင့် မျက်နှာများ နီမြန်းလာကြသည်။


လူတိုင်း သတိမထားမိသည်မှာ ထောင့်တစ်နေရာတွင် ထိုင်နေသော ပိုင်မေ့သည် “ဟိုင်ချန်နှင့် သိပ္ပံပညာရှင်များ” ဟူသည့် စကားအား ကြားသည့်အခါ ခန္ဓာကိုယ်မှာ ပုံမှန်မဟုတ်ဘဲ တောင့်တင်းသွားလေသည်။


ကျောင်းအုပ်ယွမ်မှာ စကားမဆုံးသေးချေ။ နောက်ဆက်တွဲစကားမှာ ဗုံးခွဲလိုက်သလိုပင်။


“အကြီးအကဲ မုန့်ကျုံးသဲနဲ့အတူ တရုတ်သိပ္ပံသုတေသန အဖွဲ့အစည်းရဲ့ ထိပ်တန်းပညာရှင် ဒေါက်တာ ဝေ့ဟန်မင်လည်း အတူရှိနေတယ်တဲ့.. ပြီးတော့ ကုသစွမ်းရည် ပိုင်ဆိုင်ထားတဲ့ ပါရမီရှင် လူငယ်တစ်ဦးလည်း ပါတယ်လို့ ပြောတယ်..”


ထိုစကားအား ကြားသည့်အခါ ပိုင်မေ့သည် စိတ်လှုပ်ရှားမှုများအား မထိန်းချုပ်နိုင်တော့ချေ။ ချက်ချင်း ခေါင်းမော့ကြည့်လိုက်သည်။ မမျှော်လင့်ဘဲနှင့် တစ်ချိန်တည်းမှာပင် “ပိုင်ယွဲ့” ဟူသည့် အမည်အား ကြားလိုက်ရသည်။


ခဏချင်းမှာပင် ပိုင်မေ့၏ နှလုံးသားတစ်ခုလုံးသည် ရာသီ ၄ မျိုး၏ အပူချိန် အတက်အကျအား ခံစားလိုက်ရသလိုပင်။


နျဲ့ရှောင်နှင့် ကျန်းချိုးတို့သည် ပိုင်မေ့နှင့် ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေမှန်း အထူးတလည် သတိပြုမိလိုက်ကြသည်။ သူတို့လှည့်ကြည့်ချိန်တွင် အခြားသူများသည်လည်း ပိုင်မေ့အား လှည့်ကြည့်လာကြသည်။


ပိုင်မေ့သည် သူ၏စိတ်ခံစားချက်များအား ဖိနှိပ်ကာ ခေါင်းမော့လိုက်သည်။ မျက်လုံးမှ မျက်ရည်များ တားမရဆီးမကျ စီးကျလာပြီး ဖြူလွှလွှ မျက်နှာလေးမှာ သနားစဖွယ်ကောင်းလှပြီး နှုတ်ခမ်းတွင် အပြုံးတစ်ခု ချိတ်ဆွဲထားလေသည်။ 


“ပိုင်ယွဲ့က ကျွန်တော့် ညီလေးပါ..”


 ထိုသို့ကြားရသည့်အခါ နျဲ့ရှောင်နှင့် ကျန်းချိုး အပါအဝင် လူတိုင်း အံ့အားသင့်သွားကြသည်။


ရှဲ့ကျွင်းနှင့် အခြားသူများသည် ပိုင်မေ့၏ မူမမှန်မှုများနှင့် ပတ်သက်၍ အနည်းငယ်မျှပင် သတိပြုမိကြခြင်း မရှိချေ။ ပိုင်မေ့မှာ ဝမ်းသာမျက်ရည်များ ကျဆင်းနေသည်ဟုသာ တွေးမိကြသဖြင့် အလျင်စလို ပြောကြသည်။


“မင်း ဒီအကြောင်းပြောတာကို မကြားဖူးဘူးနော်.. ပိုင်ယွဲ့က မင်းရဲ့ညီလေးဆိုတော့ မင်းရဲ့ မိသားစုကလည်း အသက်ရှင်နေတုန်းပဲ.. ဂုဏ်ယူပါတယ်ကွာ.. မင်းက နေရာလွတ်စွမ်းရည်ပိုင်ရှင်.. မင်းညီလေးက ကုသသူ.. မင်းတို့နှစ်ယောက်လုံးက ညီအစ်ကိုတွေ ဖြစ်ရတာ မိုက်တယ်ကွာ.. နှစ်ယောက်လုံးက အရမ်းအစွမ်းထက်တယ်..”


နင်ဖုန်းသည် ပိုင်မေ့အတွက် ပျော်ရွှင်မိသည်။


“နှင်းဆီဖြူပြီးတော့ လရောင်ဖြူ လာပြီဟေ့.. မင်းတို့ညီအစ်ကိုရဲ့ နာမည်က အတော်လေး ကဗျာဆန်တာပဲ..” 


ပိုင်မေ့ မျက်ရည်များသုတ်ကာ ရယ်မောလိုက်သည်။


“ကျေးဇူးတင်ပါတယ်..”


ထို့နောက် ပိုင်မေ့ထံမှာ အချက်အလက်များ ပိုမိုရရှိလိုက်သည်။


ပိုင်မေ့၏ ညီဖြစ်သူ ပိုင်ယွဲ့မှာ အသက် ၁၆ နှစ် အရွယ် လူငယ်ပါရမီရှင်တစ်ဦးဖြစ်ပြီး ဆောင်းရာသီ အားလပ်ရက်တွင် ကျင်းပမည့် ဟိုင်ချန် သိပ္ပံသုတေသနအဖွဲ့အစည်း၏ ဖိတ်ကြားချက်ကို ရရှိခဲ့သဖြင့် သူ့ဘာသာ တစ်ဦးတည်း သွားခဲ့ခြင်းပင်။


ထိုစကားကို ကြားလိုက်ရသည့် လူတိုင်းမှာ ပြောစရာစကား မဲ့သွားရပြန်သည်။


သူတို့ အသက် ၁၆ နှစ် အရွယ်၌ မည်သည့်အရာများ လုပ်နေခဲ့ကြကြောင်း တွေးမိလိုက်သည်။


ကျောင်းအုပ်ယွမ်သည် ပိုင်မေ့အား ကြည့်လိုက်ပြီး တိုက်ဆိုင်မှုကြောင့် အံ့အားသင့်နေမိသည်။ ဤလူများအားလုံးကို ကံကြမ္မာက အတူရှိစေချင်ပုံပင်။ လက်မြှောက်ကာ လူတိုင်းအား တိတ်တိတ် နေစေလိုက်ပြီးနောက် ဆက်ပြောသည်။


“ပိုင်ယွဲ့ရဲ့ ကုသစွမ်းရည်က အရမ်းအရေးပါတယ်.. ဒီကမ္ဘာပျက်ကပ်ရဲ့ အဓိက အလှည့်အပြောင်းတောင် ဖြစ်လာနိုင်တယ်.. ဒေါက်တာ ဝေ့ဟန်မင်တို့နဲ့ ပူးပေါင်းပြီး သုတေသနလုပ်ဖို့ သူကိုယ်တိုင် စိတ်ပါလက်ပါနဲ့ အကြံပေးခဲ့ပုံပဲ.. ဒါပေမဲ့ အဲဒီမတိုင်ခင် ငါတို့အတွက် အရေးအကြီးဆုံး တာဝန်က သူတို့ကို ဟိုင်ချန်ကနေ အရင်ဆုံး ကယ်ထုတ်ရမယ်..”


“တောင်ပိုင်းမှ အခြေစိုက်စခန်းတစ်ခု တည်ထောင်ထားတယ်ဆိုတာကို ကြားတော့ ခေါင်းဆောင် ရှ အတော်လေး ပျော်သွားတယ်.. ဖုန်းချန်က ဟိုင်ချန်နဲ့ နီးတော့ ငါတို့ကို မြို့တော်ကနေ စေလွှတ်လိုက်တဲ့ စွမ်းရည်ပိုင်ရှင်တွေရယ် တပ်ဖွဲ့ရယ်နဲ့ ပူးပေါင်းပြီးတော့ သိပ္ပံပညာရှင်တွေကို ကယ်ဖို့အတွက် ဟိုင်ချန်ကို သွားစေချင်နေတယ်..”


ကျောင်းအုပ်ယွမ်၏ စကားကို နားထောင်ပြီးနောက် လူတိုင်းသည်လည်း ပူးပေါင်းကူညီရန် ဆန္ဒရှိကြသည်။ ပိုင်ယွဲ့၏ ကိုယ်ကျိုးစွန့်မှုကို နားထောင်ပြီးနောက်တွင် သူတို့အားလုံး ပိုမိုကာ စိတ်လှုပ်ရှားလာကြသည်။


ထိုအချိန်တွင် လူတိုင်းသည် ပိုင်ယွဲ့၏ အစ်ကိုဖြစ်သူ ပိုင်မေ့အား ကြည့်မိလိုက်ကြပြန်သည်။


ပိုင်မေ့၏ နှုတ်ခမ်းထောင့်များ မြင့်တက်သွားပြီး ပျော်ရွှင်ကျေနပ်စွာ ပြုံးလိုက်ပြီးနောက် ပြောလေသည်။


“ကျွန်တော့်ရဲ့ ညီလေးက ငယ်ငယ်ကတည်းက ဆေးပညာကို လေ့လာပြီး လူတွေကို ကယ်ချင်တယ်.. ရောဂါတွေအတွက် ဆေးဝါးတွေ ဖော်စပ်ချင်တယ်လေ.. အဲဒါက ဒီကမ္ဘာပျက်ကပ်ရဲ့ အဆုံးအဖြတ်ဆိုရင် သူက ငြင်းပယ်မှာ မဟုတ်ဘူး.. ကျွန်တော်လည်းပဲ သူ့ရဲ့ဆန္ဒကို လေးစားမှာပါ..”


ထိုစကားလုံးများကို နားထောင်ပြီးနောက် ရှဲ့ကျွင်းနှင့် အခြားသူများသည် စိတ်ထဲတွင် အလွန်နှစ်သက်သဘောကျလာမိကြသည်။


အသက် ၁၆ နှစ်သာ ရှိနေသေးသည့် လူငယ်လေးထံတွင် အရွယ်ရောက်ပြီး သူများနှင့် မယှဉ်သာသည့် မြင့်မားလှသော ကိုယ်ပိုင်အသိစိတ် ရှိနေလေသည်။


ပိုင်ယွဲ့နှင့် တွေ့ဆုံရခြင်း မရှိသေးသော်လည်း လူတိုင်းသည် သူတို့၏ နှစ်လိုမှုတို့အား ဖော်ပြနှင့်ပြီး ဖြစ်လေသည်။


ပိုင်မေ့သည် ထိုမြင်ကွင်းအားကြည့်ရင်း မျက်လုံးအောက်စိုက်ကာ တိတ်တဆိတ် လက်သီးဆုပ်လိုက်သည်။ ထို့ကြောင့် သူ၏ အစစ်အမှန် ခံစားချက်များအား မည်သူမျှ မမြင်နိုင်တော့ချေ။


ကယ်တင်ရှင်လေး ပေါ့.. ဘယ်လိုတောင် လှပတဲ့ ဂုဏ်ပုဒ်လေးလဲ.. 


နျဲ့ရှောင်နှင့် ကျန်းချိုးတို့သည် ပိုင်မေ့အား ပို၍ပင် အာရုံစိုက်နေမိကြသည်။ မူမမှန်သည့်အရာ မတွေ့သည့် အခါမှသာ ကယ်ဆယ်ရေးပြုလုပ်ရန် အသေးစိတ်ကျသည့် အချက်အလက်များအား ဆက်လက်ဆွေးနွေးလေသည်။


ပိုင်မေ့သည် အစမှ အဆုံးထိတိုင် နားထောင်ခဲ့သည်။


***


အချိန်ကုန်သွားပြီးနောက် ညအချိန် ရောက်ရှိလာပြန်သည်။


ညီဖြစ်သူ ပိုင်ယွဲ့၏ သတင်းကြောင့် ပိုင်မေ့၏ ယနေ့အတွက် စီစဉ်ထားသမျှမှာ လုံးလုံးလျားလျား ပျက်စီးသွားခဲ့ရသည်။ တစ်နေ့လုံး စိတ်လေနေခဲ့သဖြင့် စွမ်းရည်အမြုတေများ ရှာဖွေဖို့ရန် မေ့လျော့သွားခဲ့မိသည်။


ပိုင်မေ့သည် အိပ်ယာပေါ်တွင် တစ်ဦးတည်း လဲ

လျောင်းနေရင်း ရင်းနှီးနေသည့် ခေါ်ဆိုသံအား ကြားလိုက်ချိန်တွင် အပြာရောင် ပြောင်းနေပြီဖြစ်သည့် လက်သည်းများအား ဗလာမျက်လုံးများဖြင့် ကြည့်နေလေသည်။


ချက်ချင်း အိပ်ယာမှထကာ ပြတင်းပေါက်ဆီသို့ လျှောက်လှမ်းသွားလိုက်တော့သည်။