အခန်း ၉၅၁
ပုဖန်၏ ဟော့ပေါ့အစပ် ချက်ပြုတ်နည်းလျို့ဝှက်ချက်
"စားသုံးသူတွေ့ရဲ့မျက်နှာ... အဲ့တာကဘာဖြစ်လို့လဲ..."
ထုံယွဲ့ မူလျှို့အာ၏ စကားကို နားထောင်၍ သူမ၏ တစ်ကိုယ်လုံး အေးခဲသွားသည်။ သူမ ခေါင်းကို မော့ပြီး အဝေးက ဈေးဆိုင်တွင် ထိုင်နေသော လူအုပ်စုကို ကြည့်လိုက်သည်။ မူလျှို့အာ ညွှန်ပြလိုသောအချက်ကို သူမ အမှန်တကယ် မြင်ချင်သည်။
သူမ ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် လန့်သွားပြီး မယုံနိုင်လောက်အောင် ခံစားလိုက်ရသည်။
ထိုစားသုံးသူများ၏မျက်နှာမှ အလွန်ရှားပါးသောအမူအရာတစ်ခုဖြစ်သည့် ကျေနပ်အားရမှုတစ်ခုကိုတွေ့လိုက်ရသည်။ အရသာရှိသည့် အစားအစာကို မြည်းစမ်းကြည့်ရုံနှင့် ကျေနပ်သည့် ခံစားချက် ပေါ်လာသကဲ့သို့။
ယခင်ကဆိုလျှင် ထိပ်တန်းစားဖိုမှူး ချက်ပြုတ်ထားသော ဟင်းလျာများကို စားသုံးမှသာ ထိုသို့ခံစားချက် ဖြစ်ပေါ်သည့် မျက်နှာများကို မြင်တွေ့နိုင်သည်။ ဈေးဆိုင်ငယ်လေးတစ်ခုတွင် ဤသို့ဖြစ်လာမည်ဟု သူမ မထင်ထားပေ။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...
အဆင့်နိမ့် နယ်ပယ်ကလာတဲ့ သေမျိူးကောင်က ဟင်းလျာတွေထဲ ဆေးတစ်ခုခု ထည့်ထားတာ များလား...
မူလျှို့အာသည်လည်း တကယ်ကို အံ့သြသွားသည် ။ သူမသည် ထုံယွဲ့၏ ကောင်တာရှေ့တွင် မတ်တတ်ရပ်ကာ မသေမျိုးမီးဖိုချောင်အဆောက်အဦးနှင့် မျက်နှာချင်းဆိုင်ရှိ လမ်းဘေးဆိုင်ကို ကြည့်လိုက်သည်။
သူမ၏မျက်လုံးထဲတွင် အလင်းရောင်တစ်ခု တောက်ပနေပုံရသည်။
...
ဟော့ပေါ့... အမှန်တကယ်ပင်စားသုံးသူများ ရှေ့၌ အိုးတစ်လုံး တင်ထားသည်။
အိုးကို ကြေးဝါဖြင့် သွန်းလုပ်ထားပုံရပြီး အိုးလက်ကိုင်များကို နဂါးခေါင်းဖြင့် ထွင်းထုထားသည်။ ထွင်းထုထားသော မျဉ်းကြောင်းများနှင့် ပုံသဏ္ဍာန်များအောက်တွင် နက်မှောင်သောအရောင်ရှိသည်။
အရောင်သည် အတော်လေး အရှိန်အဝါရှိပြီး ရှေးဟောင်းဆန်သော အငွေ့အသက်ကိုပေးနေသည်။ အကြည့်တစ်ချက်နှင့်ပင် လူများကို ထူးထူးခြားခြား ခံစားရစေသည်။
ထိုအိုးကို စနစ်မှ ထောက်ပံ့ပေးထားသည်။
ယနေ့တွင် ပုဖန်က ဤအိုးကို အသုံးပြု၍ အလွန်စပ်ပြီး ပူသောကြောင့် ၎င်းတို့၏ဘဝကိုပင် သံသယဝင်သွားစေနိုင်သည့် ဟင်းရည်ပြုလုပ်မည် ဖြစ်သည်။
ကောင်းကင်ကမ္ဘာမြေမီးလျံ တောက်လောင်လာသည်နှင့်အမျှ ဟင်းရည်က ပွက်ပွက်ဆူလာပြီး ပြင်းထန်သော အပူကို ဖြန့်ဝေလာသည်။
လူအများအပြား ဝိုင်းအုံလာကာ သူတို့၏ မျက်နှာများ အားလုံးတွင် အံ့အားသင့်ဖွယ် အကြည့်များ ပေါ်လာသည်။ ဒီဈေးဆိုင်သေးသေးလေးက … လူတွေကို အိုးနဲ့ စားခိုင်းတာလား...
ဒီအိုးမှာ ဆန်းကြယ်တာ တစ်ခုခုတော့ ရှိမယ်ထင်တယ်...
သန်မာသောလူလေးယောက်က ကြေးဝါရောင်အိုးထဲသို့ လှမ်းကြည့်လိုက်သည်။ ပေါက်ကွဲမီးတောက်ငရုတ်သီးသည် ပွင့်လာပြီး အစပ်အဟပ်များ အဆက်မပြတ်ထွက်နေပုံရကာ သူတို့၏မျက်နှာများသည် ကြည့်ရခက်လာသည်။
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ လူတစ်ယောက်အနေဖြင့် အနည်းဆုံး အစားအသောက်ကောင်းများနှင့် ချက်ပြုတ်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုအချို့ကို နားလည်ခဲ့ကြပါသည်။
သို့သော်...
သူတို့၏ ရှေ့မှအိုးကိုကြည့်ကာ လုံးဝမသိတော့ပေ။ အခြေခံအားဖြင့် ပုဖန်၏ အိုးထဲတွင် မည့်သည်ဆေးများ ထည့်ထားပြီး ရောင်းချနေသည်ကို မခန့်မှန်းနိုင်ပေ။
အိုးကို အချိန်အကြာကြီး စိုက်ကြည့်ပြီးနောက်တွင် မည်သည့်ပါဝင်ပစ္စည်းမှ မတွေ့ခဲ့ရပေ။ ကြေးဝါရောင်အိုးက ငရုတ်သီးတွေကို ဒီတိုင်းစားရမှာလား...
တချို့ ငရုတ်သီးများမှာ အရသာရှိသည်မှန်သော်လည်း တခြားအရာများမပါပဲ ငရုတ်သီးများကိုသာ စားရမည်ဆိုပါကငြင်းဆန်ရလိမ့်မည်။
ပုဖန် လူလေးယောက်ရှေ့သို့ သွားကာ တူလေးချောင်းနှင့် ဇွန်းများကို ပေးလိုက်သည်။ ထို့နောက် တည်ငြိမ်စွာကြည့်ကာ ပြောလိုက်သည်။
" မပူပါနဲ့...ဟော့ပေါ့ ဘယ်လိုစားရမယ်ဆိုတာ ကျွန်တော်ပြမယ်..."
ထိုအချိန်တွင် ငရဲဘုရင်အာသသည်လဲ ကြေးဝါရောင်အိုးကို စိုက်ကြည့်လျက် မျက်လုံးများ တောက်ပလာသည်။ ပုဖန် ပြောပြခဲ့သော ဟော့ပေါ့နှင့် ပတ်သက်၍ သူ အနည်းငယ် သိချင်နေသည်။
" ဟော့ပေါ့ဆိုတာ အသက်ဝင်တဲ့ အစားအစာပါ... လိုအပ်တဲ့အရာတွေက လတ်လတ်ဆတ်ဆတ်ဖြစ်ရမယ် ဒါပေမယ့် လတ်ဆတ်တယ်လို့ ပြောတဲ့အခါ ဒါက စားဖို့နည်းလမ်းမဟုတ်ဘဲ ပါဝင်ပစ္စည်းကိုပြောတာပဲ..."
ပုဖန်ဆက်မပြောခင် ဟော့ပေါ့အကြောင်း အတိုချုံး ရှင်းပြလိုက်သည်။
" ဒါက ပါဝင်ပစ္စည်းတွေရဲ့ မီနူးပါ...ပထမဆုံးအိုးက အခမဲ့ ဖြစ်တဲ့အတွက် ကျွန်တော် ပါဝင်ပစ္စည်းတွေကို ဆုံးဖြတ်ထားပြီးပြီ..."
လူလေးဦးလုံး သူ့အား ပြန်မချေပနိုင်ပဲ ကြည့်နေကြသည်။
ပုဖန် သူတို့ကို ခဏစောင့်ခိုင်းပြီးနောက် မီးဖိုထဲသို့ ပြန်ဝင်လာခဲ့သည်။ လူလေးယောက်နှင့် အနီးနားရှိ ပရိသတ်များ၏ မျက်လုံးများသည်လည်း သူ၏နောက်သို့ လိုက်သွားကြသည်။
အသက်ပြင်းပြင်းရှုပြီးနောက် ပုဖန်၏ မျက်လုံးများ မီးဖိုဆီသို့ ကြည့်နေသည်။
ဟော့ပေါ့တစ်ခုတွင် အသုံးပြုထားသော ပါဝင်ပစ္စည်းများသည် လတ်ဆတ်နေရမည်။ ဟင်းရည်ဖြင့် ချက်ပြုတ်ထားသည့် လတ်ဆတ်သော ပါဝင်ပစ္စည်းများသာလျှင် အရသာကို အပြည့်အဝ ထုတ်ပေးနိုင်သည်။
သို့သော် ဤပါဝင်ပစ္စည်းများ၏ ကိုင်တွယ်ပုံမှာလည်း အလွန်ထူးခြားပါသည်။
အတွေးတစ်ခုဖြင့် ပုဖန်၏လက်ထဲတွင် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားပေါ်လာသည်။
ဓားမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသောအခါ ပတ်ဝန်းကျင်ရှိလူတိုင်း အံ့အားသင့်စွာ အော်ပြောနေကြသည်။ ဤကဲ့သို့ တောက်ပြောင်သည့် မီးဖိုချောင်သုံး ကိရိယာမျိုးကို သူတို့ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။
ခဏအကြာတွင် ဂေါ်ဖီထုပ်တစ်ခု ပေါ်လာသည်။ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားသည် ဂေါ်ဖီထုပ်ကို လှီးဖြတ်လိုက်ပြီးနောက် ပြင်ဆင်ထားသည့် ပန်းကန်ပြားပေါ်တွင် အရွက်များ ချက်ခြင်းပြုတ်ကျသွားသည်။
ပုဖန် ဂေါ်ဖီထုပ်ကို ရေဆေးပြီး လှီးဖြတ်လိုက်သည်။ ဤအဆင့်တွင် နည်းစနစ် သို့မဟုတ် အခက်အခဲမရှိပေ။ သန့်ရှင်းလတ်ဆတ်ရန်သာ လိုအပ်သည်။
ပုဖန် ဂေါ်ဖီရွက်များကို ပန်းကန်ပြားတစ်ခုပေါ်တွင် တင်လိုက်သည့်အခါ ကြည်လင်သည့်ရေစက်လေးများကို အရွက်များပေါ်တွင် တွေ့နိုင်သည်။
ဂေါ်ဖီထုပ်သာမက ဟင်းသီးဟင်းရွက် အမျိုးအစားများစွာလည်း ပေါ်လာသည်။ ထိုဟင်းသီးဟင်းရွက်များကို ကောင်းကင်ကမ္ဘာမြေလယ်ယာမြေတွင် စိုက်ပျိုးခဲ့ပြီး ၎င်းတို့ကို ခုတ်ထစ် ပြုပြင်ပြီးနောက် ပန်းကန်ပြားပေါ်တွင် ထားလိုက်သည်။
ပြီးသွားသည့်အခါ အသီးအရွက် အပုံလိုက်ကို ယူလာ၍ လူလေးဦးရှေ့တွင် ထားလိုက်သည်။
ပါဝင်ပစ္စည်းများ မချက်ပြုတ်ရသေးကြောင်း အနီးပတ်ဝန်းကျင်မှလူများ သတိပြုမိကြပြီး အားလုံး မှင်တက်သွားကြသည်။
ဒီစားဖိုမှူးက ဘာလုပ်ချင်နေတာလဲ...
ဒါတွေကို အစိမ်းစားစေချင်နေတာလား...
သို့သော် ဉာဏ်ကောင်းသူများသည် တစ်စုံတစ်ခုကို နားလည်သွားပုံရသည်။
ပွက်ပွက်ဆူနေသောဟင်းရည်နှင့်အတူ ဤပါဝင်ပစ္စည်းများ... ပုဖန်သည် ဤလူလေးယောက်အား ပါဝင်ပစ္စည်းများကို အစိမ်းလိုက်ယူ၍ ဟင်းပူပူထဲသို့နှစ်ပြီး စားချင်နေခြင်းလား...
ဒါက... ဘယ်လို စားရမယ်ဆိုတာပေါ့...
လူလေးဦးမျက်နှာတွင် သံသယများကို မြင်နေရသည်။
ပန်းကန်ပြားကို စားပွဲပေါ်ချပြီးနောက် ပုဖန် လူလေးယောက်ကို မျက်နှာအမူအရာမဲ့စွာဖြင့် စိုက်ကြည့်ကာ လေးလေးနက်နက် ခေါင်းညိတ်ပြီးပြောလိုက်သည်။
" မင်းတို့စိတ်ကူးထားတဲ့အတိုင်းပဲ ဒီလတ်လတ်ဆတ်ဆတ် ပါဝင်ပစ္စည်းတွေကို အိုးထဲကိုထည့် ပြီးရင်စားလိုက်ပါ..."
" ငါတို့ မစားလို့ရမလား... အစားအသောက်က အလကားရပေမယ့် မင်းက ဒီလောက် တာဝန်မဲ့လို့ မဖြစ်ဘူး..."
လူတစ်ယောက်က အမြင်မကြည်သော မျက်နှာနှင့် ပြောလိုက်သည်။
" တာဝန်မဲ့တဲ့စားဖိုမှူးက ချက်ထားတဲ့ အစားအစာတွေကို ငါတို့ မစားဘူး... ငါတို့တင်မဟုတ်ဖူး မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က လူအားလုံးလည်း အဲ့ဒါတွေကို မစားဘူး..."
သူပြောသည်မှာ ကျိုးကြောင်းဆီလျော်သဖြင့် ပုဖန် အနည်းငယ် လန့်သွားသည်။
သို့ရာတွင် သူသည် ဤကြီးမြတ်သောစည်းမျဉ်းများကို နားထောင်ရန် ပျင်းရိလွန်းလှသည်။ သန်မာသော ယောက်ျားများ၏ ငြင်းဆိုမှုကို လျစ်လျူရှုကာ ပြုတ်ပြီးသား အိုးထဲသို့ ပါဝင်ပစ္စည်းများကို တိုက်ရိုက်ထည့်လိုက်သည်။
ဟော့ပေါ့သည် ကြေးနက်ရောင်ရှိပြီး ၎င်း၏ပုံစံမှာ အနည်းငယ် နက်မှောင်သည်။ ဟင်းရည် ပွက်ပွက်ဆူလာသောအခါ အရှိန်လည်း တက်လာပြီး စပ်သောရနံ့သည် အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။
လူလေးယောက်နှင့် ပရိသတ်များသည် ဤအရသာကြောင့် ရုတ်တရက် ဆွဲဆောင်ခံလိုက်ရပြီး မှတ်ချက်မပေးဘဲ မနေနိုင်ခဲ့ကြပေ။
" ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီဟင်းရည်ရဲ့ အနံ့ကတော်တော်ကောင်းတယ်..."
" အနံ့ကသိပ်မဆိုးဘူးဆိုတော့ အရသာလည်းကောင်းမှာပဲ..."
"ဟင်းချက်နည်းက သမားရိုးကျမဟုတ်ပေမယ့် ဒီအစားအစာအသစ်အတွက် ဘာကြောင့် နည်းနည်းလောက် မမျှော်လင့်ထားကြတာလဲ..."
အနီးနားရှိလူများ ဆွေးနွေးနေကြစဉ် ပုဖန်က ဟင်းရည်ထဲတွင် ချက်ပြုတ်ထားသော ပါဝင်ပစ္စည်းများကို ကြည့်နေသည်။ ဤလူလေးယောက်ကို အာရုံမစိုက်ပဲ ပြောလိုက်သည်။
" အသက်သုံးခါရှုပြီးရင် သူတို့ကို စားလို့ရပြီ..."
ထို့နောက် ပုဖန် မီးဖိုသို့ပြန်လာပြီး ဖားနတ်ဆိုးအသားကို စတင်လုပ်ဆောင်သည်။
ယခင်က သူချက်ပြုတ်ခဲ့သည့် နတ်ဆိုးဖားမွှေကြော်နှင့် မတူသည့်အချက်မှာ ဤတစ်ကြိမ်တွင် ဖားနတ်ဆိုးအသားကို ပုဖန် ဂရုတစိုက် ပြင်ဆင်ထားခြင်းပင် ဖြစ်သည်။
နတ်ဆိုးဖားပေါင်သား အပိုင်းအစကြီးကို ထုတ်ယူပြီးနောက် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို သွေးလိုက်ပြီး ဓားကို ဖားအသားနှင့် နီးကပ်စွာ ခုတ်ထစ်ချလိုက်သည်။
လူတိုင်း မျက်စိရှေ့တွင် ဥက္ကာပျံ ပေါ်လာသလို ခံစားလိုက်ရပြီး မကြာမီ ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့ ပါးလွှာသော အသားလွှာကို တွေ့လိုက်ရသည်။
ကျန်သည့် ဖားအသားများကို ထိုကဲ့သို့ လှီးပြီးနောက် ပုဖန် ဇလုံတစ်ခုကို ထုတ်ယူကာ ရေခဲတုံးများနှင့် ဖြည့်လိုက်သည်။ ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့ ပါးလွှာသောအသားများကို ထိုရေခဲပေါ်တွင် အဝိုင်းပုံဖြစ်အောင် စီလိုက်သည်။ ခြုံငုံကြည့်လိုက်လျှင် သိမ်မွေ့သော အနုပညာလက်ရာတစ်ခုပင်ဖြစ်သည်။
အဲဒီနောက် စစ်မှန်သော စွမ်းအင်များ စိမ့်ဝင်လာပြီး ရေခဲတုံးအောက်၌ အလင်းတန်းများ ရုတ်တရက် လင်းလက်သွားသည်။ နောက်တစ်ခဏတွင် ရေခဲ၏ကြမ်းပြင်တွင် အရောင်တောက်ပလာသည်။
ဖားနတ်ဆိုးအသားသည် ပွင့်လန်းတောက်ပမှုကို ထင်ဟပ်စေသည်။ ၎င်း၏ တောက်ပမှုသည် တုနှိုင်းမရလောက်အောင် လှပလွန်းသည်။ အဖြူရောင်စစ်မှန်သောစွမ်းအင်သည် အနားတွင်ဝဲနေသဖြင့် ဖားနတ်ဆိုးအသားကို မြူခိုးများ ရစ်ပတ်ထားသကဲ့သို့ ဖြစ်နေသည်။
ဒီဟာကရော ပါဝင်ပစ္စည်းပဲလား...
ဘာလို့ဒီလောက်တောင် ကြည့်ကောင်းနေရတာလဲ...
အနီးနားရှိလူများ အနည်းငယ် ထိတ်လန့်သွားကြသည်။ ပုဖန်၏ စီမံဆောင်ရွက်ပုံသည် မထင်မှတ်ဘဲ အလွန်သိမ်မွေ့လှသည်။
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ လူများအနေဖြင့် မရေမတွက်နိုင်သော စားဖိုမှူးများ၏ လုပ်ငန်းစဉ်များတွင် ပါဝင်ပစ္စည်းများကို မြင်တွေ့ခဲ့ရသည်။ သို့သော် ယခုကဲ့သို့ နူးညံ့သိမ်မွေ့သောနည်းကို ပထမဆုံးမြင်ဖူးခြင်းပင် ပါဝင်ပစ္စည်းကို အပေါ်မှ မတင်ခင် ရေခဲတုံးတစ်ပုံစာ ထည့်ထားခြင်းဖြစ်သည်။
ပုဖန် ဖားနတ်ဆိုးအသားကို ယူလာပြီး စားပွဲပေါ်တင်လိုက်သည်။
လူလေးယောက်သည် အမှန်တကယ် ချီတုံချတုံဖြစ်နေသော်လည်း ၎င်းတို့ရှေ့တွင် ဖားနတ်ဆိုးအသားကို မြင်လိုက်ရသောအခါတွင် မျက်လုံးများ တောက်ပလာကာ သဘောကျစွာ အော်လိုက်ကြသည်။
" ဘာလို့ မစားကြသေးတာလဲ..."
ပုဖန် သူတို့ကို ပဟေဠိဆန်စွာ ကြည့်လိုက်သော်လည်း သူတို့၏ စိတ်ထဲတွင် တုံ့ဆိုင်းနေသေးသည်ကို နားလည်လိုက်သည်။
အမှန်တွင် သူတို့ရှေ့တွင်ရှိသော အစားအစာများမှာ ကောင်းမွန်သော်လည်း ချီတုံချတုံဖြစ်နေကြသည်။
ပုဖန်သည် တူအရှည်တစ်ချောင်းကို ယူ၍ အိုးထဲ၌ ကျွမ်းကျင်စွာ မွှေလိုက်သည်။
အိုးထဲမှဟင်းရည်က ပွက်ပွက်ဆူနေဆဲဖြစ်ပြီး ပူပူနွေးနွေးရနံ့မှာ မတူညီသောအရသာကို ထုတ်လွှတ်လျက်ရှိသည်။ ပတ်ဝန်းကျင်ရှိ လူအများအပြားသည် ဤရနံ့ကြောင့် လှုပ်လှုပ်ရွရွဖြစ်ခဲ့ကြပြီး တံတွေးမျိုချကုန်ကြသည်။
အလွန်စပ်၍ အနီရောင်တစ်ပိုင်းဖြစ်နေသော ဂေါ်ဖီထုပ်ကိုယူ၍ ပန်းကန်လုံးထဲ ထည့်လိုက်သည်။
" ဒီတစ်ခုက အလကားပဲလို့ သတိပေးတဲ့အတွက် ကျွန်တော့်ကို အပြစ်မတင်ပါနဲ့… နောက်တစ်အိုးက အလကားမဟုတ်တော့ပါဘူး..."
ပုဖန် လေးလေးနက်နက် ပြောလိုက်သည်။
ထိုလူ ထိတ်လန့်သွားသည်။
စကားပြောပြီးနောက် ပုဖန် လှည့်ထွက်သွားကာ ပါဝင်ပစ္စည်းများကို ပြင်ဆင်နေသည်။
ထိုလူသည် ပန်းကန်လုံးထဲမှ ပူပူနွေးနွေး ဂေါ်ဖီကိုကြည့်လိုက်ပြီး တံတွေးမျိုချလိုက်သည်။ သူ၏အဖော်သုံးယောက်နှင့် ပတ်ဝန်းကျင်ရှိ လူများသည်လည်း မျက်လုံးပြူးလျက် ငေးကြည့်နေကြသည်။
နောက်ဆုံးတွင် တူကိုယူလိုက်ပြီး ပူစပ်စပ် ဂေါ်ဖီအနီရောင်ကို ပါးစပ်ထဲထည့်လိုက်သည်။
ဂေါ်ဖီသညိ အနည်းငယ်ပူနေပြီး ပြင်းပြင်းထန်ထန် စပ်သော အရသာနှင့်အတူ ချိုပြီး အရသာလည်းရှိသည်။
လူသန်ကြီးသည် ဂေါ်ဖီကို ပါးစပ်ထဲထည့်ရန် အာရုံမစိုက်မိပေ။ ထို့နောက် တူကိုချပြီး ဝါးနေသည်။ ပါးစပ်ထဲရောက်နှင့်ပြီဖြစ်၍ ဝါးနိုင်ပါသည်။
ဝါးနေလျက်နှင့်ပင် သူ၏တစ်ကိုယ်လုံး တုန်ခါသွားသည်။ ဓာတ်လိုက်သကဲ့သို့ မျက်လုံးများပြူးကျယ်သွားပြီး အိုးထဲရှိ ဂေါ်ဖီကို ကြည့်နေသည်။
ထို့နောက် ဘာမှမပြောပဲ တူကိုယူ၍ ဂေါ်ဖီတစ်ဖတ်ကို ယူပြီး အအေးခံကာ ပါးစပ်ထဲထည့်လိုက်သည်။
"အရမ်း အရသာရှိတာပဲ... မထင်ထားလောက်အောင်ကို အရသာရှိတယ်..."
ဂေါ်ဖီကိုဝါးနေသော ထိုလူ၏မျက်နှာသည် နီရဲလျက် သူ၏ပါးစပ်မှ မီးတောက်များ မှုတ်ထုတ်တော့မည်ဟုပင် ထင်ရသည်။ သူ၏ခံတွင်းထဲတွင်လည်း အစပ်အရသာကြောင့် ပူလောင်နေသည်။
ပုဖန်၏ အထူးရောစပ်ထားသော ငရုတ်သီးနှင့် ဟင်းခတ်အနှစ်များဖြင့် ပြုလုပ်ထားသည့် ဟင်းချိုကို ဂေါ်ဖီက စုပ်ယူထားသောကြောင့် ၎င်း၏စပ်သောအရသာသည် အလွန်အစွမ်းထက်ပါသည်။
ပုဖန်၏ ဟော့ပေါ့သည် သာမန်နှင့် မတူပေ။ သယ့ထံတွင် ပေါက်ကွဲမီးတောက် ငရုတ်သီးများရှိရုံမက စနစ်ထံမှ စီချွမ်ငရုတ်သီးလည်းပါရှိသည်။
ထိုလူ အလျင်အမြန်စားနေစဉ် စီချွမ်ငရုတ်သီးကို ဝါးမိသွားသည်။
ပါးစပ်တစ်ခုလုံး ဓာတ်လိုက်သကဲ့သို့ ထုံသွားကာ နှုတ်ခမ်းများသည်လည်း သူ၏နှုတ်ခမ်း မဟုတ်တော့သကဲ့သို့ ခံစားနေရသည်။ စူးစူးဝါးဝါးအသံတစ်ခုလည်း ပျံ့နှံ့လာသည်။
သူ၏တစ်ကိုယ်လုံး ရှုပ်ထွေးနေပြီး အသက်ပြင်းပြင်းရှုရန်သာ တတ်နိုင်တော့သည်။
" အရမ်းပူပြီး အရမ်းစပ်တယ်... ဒါပေမဲ့ အရမ်းစားကောင်းတာပဲ..."
ထိုလူ မျက်လုံးများကို မှိတ်ထားကာ ကျေနပ်သည့် အမူအရာကို ထုတ်ဖော်လိုက်သည်။ နဖူးမှ ချွေးတစ်စက် ကျဆင်းလာပြီး နှာသီးဖျားတွင် စုပုံသွားသည်။
ဤတုံ့ပြန်မှုသည် မထင်မှတ်ထားသော အရာဖြစ်သည်...
ဒါ ဘယ်လို တုံ့ပြန်မှုမျိုးလဲ...
ကြေးဝါရောင်အိုးထဲ ထည့်ချက်ထားတဲ့ ဂေါ်ဖီက ဒီလောက်တောင် အရသာရှိတာလား...
ကျန်လူသုံးဦးလည်း တစ်ယောက်နှင့် တစ်ယောက်ကြည့်ကာ တူများကိုယူ၍ အိုးထဲ ထည့်လိုက်သည်။
ဂေါ်ဖီတစ်ဖတ်ကိုယူ၍ ပါးစပ်ထဲ မထည့်ခင် အအေးခံလိုက်သည်။
ဂေါ်ဖီပါးစပ်ထဲသို့ ဝင်သွားသည်နှင့် တွေဝေမိန်းမောသွားကြသည်။
ထုံကျင်သော ခံစားချက်သည် သူတို့၏ လျှာဖျားမှ တစ်ဆင့် တစ်ကိုယ်လုံးကို တစ်ခဏချင်း ပျံ့နှံ့သွားသည်။
"တော်တော် စားကောင်းတယ်..."
ထိုအချိန်တွင် ပထမလူသည် ပန်းကန်ပြားပေါ်ရှိ နတ်ဆိုးဖားအသားကို စားရန်ပြင်နေသည်။
" ဖားနတ်ဆိုးအသားကို ချက်ဖို့က အသက်နှစ်ခါရှုစာလောက်အချိန်ပဲ..."
ပုဖန်အဝေးတွင် ၎င်းတို့အား သတိပေးထားသည့်အတိုင်း ပါဝင်ပစ္စည်းများကို စီမံဆောင်ရွက်နေသည်။
မတုံ့ပြန်သော်လည်း စိတ်လှုပ်ရှားနေသော မျက်လုံးများက သူ၏စိတ်ခံစားချက်ကို ပြသနေသည်။
ဖားနတ်ဆိုးအသားလွှာကို တူနှင့်ယူ၍ ပွက်ပွက်ဆူနေသော အနီရောင်ဟင်းရည်အိုးထဲ ထည့်လိုက်သည်။
တစ်... နှစ်...
ထိုလူသည် ဖားနတ်ဆိုးအသားကို တူဖြင့် အိုးထဲမှ ယူလိုက်သည်။
မစောင့်နိုင်တော့ပဲ ဖားနတ်ဆိုးအသားကို ပါးစပ်ထဲထည့်လိုက်သည်။
ထိုအချိန်တွင် ပုဖန် လှီးထားသော ရေဘဝဲများပါသည့် ဗန်းတစ်ခုကိုယူလာပြီး ရေခဲပေါ်တွင် ပုံလိုက်သည်။
ဖားနတ်ဆိုးအသားကို ပါးစပ်ထဲထည့်တော့မည့်လူကို ပုဖန်ပြောလိုက်သည်။
" လျှို့ဝှက်ချက် တစ်ခုရှိတယ်... ပဲငံပြာရည်ကောင်းကောင်းနဲ့ အသားကို အရင်ထည့်စိမ်ပြီးမှ အိုးထဲထည့်ရင် အရသာပိုရှိတယ်..."