အခန်း ၉၅၂
တွန်းလှန်နိုင်စွမ်းကင်းမဲ့စေသောဟော့ပေါ့
ပုဖန်၏စကားများက ထိုလူ၏လှုပ်ရှားမှုများကို လေထဲတွင် ရုတ်တရက် အေးခဲသွားစေခဲ့သည်။
သံသယမျက်လုံးများနှင့် ပုဖန်ကိုကြည့်လိုက်သည်။ ပဲငံပြာရည်ကောင်းကောင်းတဲ့လား... ဘာပဲငံပြာရည်လဲ...
ထိုလူသည် သင်းပျံ့သောရနံ့နှင့် ထူထပ်သော အဖြူရောင်အငွေ့ကို ရှူရှိုက်ရင်း တံတွေးမျိုချလိုက်မိသည်။
သူမစောင့်နိုင်တော့ပေ။ အသားကို ပါးစပ်ထဲသို့ ချက်ချင်းထည့်လိုက်ချင်သော်လည်း ပုဖန် ပြောသည်ကို ကြားလိုက်သောအခါ တုံ့ဆိုင်းသွားသည်။
ထိုလူသည် အသားစားရန် စိတ်ပိုင်းဖြတ်ထားပြီးသား ဖြစ်၍ ပုဖန်ပြောသော ပဲငံပြာရည်အကြောင်း တွေးရန် ပျင်းလွန်းနေသည်။
သူ၏ပါးစပ်ထဲသို့ ဖားနတ်ဆိုးအသားတစ်ပိုင်းထည့်လိုက်သည်နှင့် ပူပြင်းသော ခံစားချက်များ ထွက်လာပြီး သူ၏ပါးစပ်မှလည်း အငွေ့များထွက်လာသည်။ ဝိညာဉ်စွမ်းအင်များသည် အပူများနှင့်အတူ တစ်ချိန်တည်းတွင် သူ၏ကိုယ်အတွင်း၌ တိုးလာသည်။
ဖားနတ်ဆိုးအသားသည် မိစ္ဆာသားရဲအဆင့် ပါဝင်ပစ္စည်း ဖြစ်သောကြောင့် အရည်အသွေးအထူးကောင်းမွန်သည်။ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် ၎င်းကို ပါဝင်ပစ္စည်းကောင်းအဖြစ် သတ်မှတ်ထားသည်။
ဤကဲ့သို့ ပါဝင်ပစ္စည်းမျိုးကို ပုဖန်၏ ဟော့ပေါ့အစပ် လျို့ဝှက်ဟင်းချက်နည်းဖြင့် ရောစပ်လိုက်သောအခါ ထူးကဲသောအရသာနှင့် ခံစားမှုတို့ကို ဖန်တီးပေးသည်။
ဖားနတ်ဆိုးအသားကို ဝါးလိုက်သည်နှင့် ပါးစပ်အတွင်း အဆက်မပြတ် တိုက်မိသွားပြီး စကားလုံးဖြင့် ဖော်ပြရခက်သည့် လန်းဆန်းမှုတစ်မျိုးကို ပေးစွမ်းသည်။
" အိုး... အရမ်းအရသာရှိတာပဲ...လတ်ဆတ်တဲ့ ပါဝင်ပစ္စည်းတွေရဲ့ အရသာနဲ့ ဒီခံစားချက်က တကယ်ကို အံ့သြစရာကောင်းလွန်းတယ်..."
လူသန်ကြီးက မျက်လုံးများကို မှိတ်ထားကာ မျက်နှာတွင်လည်း ကျေနပ်မှုအပြည့်ရှိနေသည်။ တစ်ကိုယ်လုံး ပြေလျော့သွားပြီး အရသာရှိသောဟင်းထဲတွင် နစ်မြုပ်နေသလို ဖြစ်နေသည်။
ထိုလူကို သတိပေးပြီးနောက် ပုဖန် ဘာမှထပ်မပြောတော့ပေ။ ဤလူကို ပဲငံပြာရည်ပြင်ဆင်ပြီး ရောမွှေခြင်းအတွက် တက်ကြွစွာ မကူညီခဲ့ပေ။
အမှန်တကယ်တွင် ပဲငံပြာရည်ထဲသို့ မနှစ်လျှင်ပင် သူ၏အရသာမှာ သိပ်မဆိုးပေ။ ဟော့ပေါ့ဟင်းရည်သည် ထိုလိုအပ်မှုကို ဖြည့်ဆည်းပေးနိုင်သည်။
လူတစ်ဦး၏ နှစ်သက်မှုကို ထည့်သွင်းစဉ်းစားရမည်မှာ သဘာဝဖြစ်သည်။
ဗန်းတစ်ခုထဲတွင် ခရမ်းရောင်ကြက်သွန်ဖြူ အမြှီးရှည်ကြက်သွန် ဟင်းချက်ဝိုင် အနံ့အရသာရှိသော ရှာလကာရည် ငါးငံပြာရည်နှင့် ငရုတ်သီးနှစ်အချို့ကို ထားရှိခဲ့သည်။ ထို့နောက် ဟင်းခတ်အမွှေးအကြိုင်များကို တစ်ဖက်တွင် ငံပြာရည်ဖြင့် ရောနှောပြီး စားသုံးသူများအတွက် ထားလိုက်သည်။
အသားတစ်ပိုင်းစားပြီးနောက် မူလအရသာကို ထိန်းထားသည့် ချက်ပြုတ်နည်းဖြင့် သူတို့၏နှလုံးသားများကို ဖမ်းစားလိုက်သောကြောင့် ထိုဟင်းခတ်အမွှေးအကြိုင်များကို မြင်လိုက်ရသောအခါ မျက်လုံးများ တောက်ပလာခဲ့သည်။
သူတို့အားလုံး မတ်တပ်ထရပ်လိုက်ပြီး ပုဖန်၏ ညွှန်ကြားချက်အတိုင်း ငရုတ်နှစ်ကို ပြင်ဆင်ကြသည်။ ဟင်းချက်သည့် လုပ်ငန်းစဉ်တွင် ပါဝင်ရသော ခံစားချက်မှာ သူတို့ကို အလွန်ကျေနပ်စေသည်။
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် လူတိုင်း စားဖိုမှူးဖြစ်ရန် စိတ်ကူးယဉ်ခဲ့ကြသည်။ ဤအိပ်မက်သည် ၎င်းတို့မွေးဖွားလာချိန်ကတည်းက ဖြစ်နိုင်ချေရှိပြီး နောက်ဆုံးတွင် ၎င်းတို့၏ အဆုံးစွန်ပန်းတိုင်မဖြစ်လာမီအထိ လွှမ်းမိုးမှုအမျိုးမျိုးကို ဖြတ်သန်းခဲ့ရသည်။
တချို့မှာ အရည်အချင်းမရှိ၍ အိမ်မက်ကို အကောင်အထည် မဖော်နိုင်ကြပေ။ ထို့ကြောင့်ချက်ပြုတ်ခြင်းလုပ်ငန်းစဉ်တွင် ပါဝင်ခြင်းနှင့်ပတ်သက်၍ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရှိ လူများသည် အလွန်စိတ်လှုပ်ရှားနေကြသည်။
သူတို့အားလုံး လေးနက်လာကာ သူတို့၏မျက်လုံးများသည် ဂုဏ်သိက္ခာရှိသောအကြည့်တစ်မျိုးကို ထုတ်ဖော်ပြသကြသည်။
သူတို့လုပ်ရမှာက ဟင်းခတ်အမွှေးအကြိုင်များကို ရောမွှေပြီး တို့စားသော ငရုတ်နှစ် ပြုလုပ်ရန်ဖြစ်သည်။
ဒါကဘာကြီးလဲ... ကြက်သွန်ဖြူလား...အရင်ဆုံးတစ်ဇွန်းလောက်...
အိုး... ကြက်သွန်နီဥလား... နောက်ထပ်တစ်ဇွန်း...
ဟင်းချက်ဝိုင်အနည်းငယ် ရှလကာရည်တစ်ဇွန်းနှင့် ငရုတ်ဆီတစ်ဇွန်းတို့ထည့်လိုက်သည်။
လေးနက်သောမျက်နှာဖြင့် ထိုအမျိုးသားများသည် ဟင်းခတ်အမွှေးအကြိုင်များကို ပဲငံပြာရည်နှင့် သေချာရောစပ်ကြသည်။ နောက်ဆုံးတွင် သူတို့ ရောထားသည့် ပဲငံပြာရည်ကို စားပွဲဆီ ပြန်သယ်သွားကြသည်။
ပတ်ဝန်းကျင်က လူများ အံ့ဩသွားသည်။
ဒီလိုမျိုးလုပ်တာလည်း ရှိသေးတယ်ပေါ့...
ချက်ပြုတ်တဲ့ လုပ်ငန်းစဉ်မှာ စားသုံးသူတွေ ပါဝင်ကြတာလေ...
ဒီလိုအရာမျိုးက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှာ တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး...
ဒီဈေးဆိုင်လေး ပိုင်ရှင်ရဲ့ ဟင်းလျာကအရမ်းကို သေသပ်လွန်းတယ်...
ပါဝင်ပစ္စည်းများကို မည်ကဲ့သို့ပြင်ဆင်သည် ချက်ပြုတ်သည် အရသာမည်သို့ပင်ရှိစေကာမူ ၎င်းတို့အားလုံးသည် စားသုံးသူ၏အကြိုက်အတိုင်း ၎င်းတို့၏ကိုယ်ပိုင်လက္ခဏာများရှိပြီး မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရှိ ရိုးရာဓလေ့ကို လုံးလုံးလျားလျား ပြောင်းလဲသွားစေသည်။
ထိုအရာသည် ပဲငံပြာရည်ကို ကိုယ်တိုင်ပြင်ဆင်၍ ရောစပ်နိုင်သော နေရာတွင် ပိုမိုထင်ရှားသည်။ ထိုလုပ်ငန်းစဉ်တွင် တစ်စုံတစ်ဦး ပါဝင်နေသည်ကိုကြည့်၍ အားလုံး၏မျက်လုံးများ ပြူးကျယ်သွားသည်။
ဤကဲ့သို့ ပါဝင်ရသော ခံစားချက်သည် အလွန်ကောင်းသည်ဟုထင်ရသည်။
တစ်ချို့က တောက်ပသောမျက်လုံးများနှင့် စိတ်ထဲတွင် အတန်ငယ် စိတ်လှုပ်ရှားနေကြသည်။ ပဲငံပြာရည် ရောစပ်နေသည့် အမျိုးသားများကို ကြည့်လိုက်ကာစမ်းကြည့်ချင်သကဲ့သို့ ရုတ်တရက် လက်များ ယားယံသလို ခံစားလိုက်ရသည်။
နောက်ဆုံး၌ လူတိုင်း စမ်းကြည့်ရန် စိတ်အားထက်သန်လာကြသည်။
ပဲငံပြာရည်စပ်ပြီးသွားသော အမျိုးသားများသည် နေရာတွင် ပြန်ထိုင်ကာ ပန်းကန်သေးသေးလေးမှ ပဲငံပြာရည်ကို ဂရုတစိုက် ကြည့်နေကြသည်။ မွှေရန်အတွက် သူတို့၏ တူချောင်းများကို အသုံးပြုပြီး နောက်ဆုံးတွင် တူထိပ်ကို လျှာနှင့် တို့ကြည့်လိုက်သည်။
" အိုး... အရသာ တော်တော်ကောင်းတာပဲ..."
သူတို့ထဲမှ တစ်ယောက် ခေါင်းငြိမ့်လိုက်သည်။ သူကိုယ်တိုင်ပြုလုပ်ထားသော ငရုတ်နှစ်ကို သဘောကျနေသည်ဟု ထင်ရသည်။
အခြားလူများသည်လည်း ထိုကဲ့သို့ပင်။ ထို့နောက် သူတို့သည် ဖားနတ်ဆိုးအသားကိုယူ၍ ပွက်ပွက်ဆူနေသည့် အနီရောင်အိုးထဲသို့ ထည့်လိုက်သည်။
ခဏကြာသောအခါ ဖားနတ်ဆိုးအသားသည် လိပ်သွားပြီး ဆူနေသော ဟင်းရည်ပေါ်တွင် ပေါလောပေါ်နေသည်။
ငရုတ်နှစ်ထဲသို့ နှစ်လိုက်သောအခါ ဖားနတ်ဆိုးအသားသည် ကခုန်နေသည်ဟုပင် ထင်ရသည်။ ခဏအကြာတွင် အသားပေါ်၌ ငရုတ်နှစ်၏အရောင်ဖြင့် စွန်းသွားပြီး အပူနှင့် အနံ့သည် ဆက်လက်ပြန့်လွှင့်လာသည်။
ယောက်ျားတစ်ဦးသည် ဖားနတ်ဆိုးအသားကို စားရန် စိတ်အားထက်သန်နေသည်။
" ဒီခံစားချက်က..."
ထိုအမျိုးသားကို ကြည့်ရသည်မှာ မျက်ရည်ကျတော့မလိုပင်။ ခေါင်းမော့လိုက်သောအခါ မျက်လုံးထဲတွင် ကြည်လင်သော ရေတစ်စက် လှိမ့်ဆင်းတော့မလို ဖြစ်နေသည်။
ဟင်းလျာချက်ပြုတ်ရာတွင် ပါဝင်ရသည့် ခံစားချက်သည် သူတို့ကို စွဲလန်းစေခဲ့သည်။ ဤခံစားချက်သည် တကယ်ကို အံ့သြစရာကောင်းသည်။
အနီးနားရှိ ပရိသတ်များသည် ပူပူနွေးနွေး ဟင်းရည်များကို ပါးစပ်ထဲသို့ ထည့်နေကြသော သန်မာသည့် အမျိုးသားများကို စိုက်ကြည့်နေကြသည်။ ဟင်းရည်ကို အားရပါးရ ပါးစပ်ထဲသို့ထည့်ကာ စားသောက်နေကြသည်ကိုမြင်ပြီး တံတွေးမျိုချမိကြသည်။
အစပ်အရသာကြောင့် ထိုလူများ၏မျက်နှာ နီမြန်းနေသော်လည်း အစားအစာကို သိမ်းပိုက်လိုက်သည့်အခါ ရရှိသည့် ပျော်ရွှင်မှုမျိုးကို ဖုံးကွယ်၍ မရနိုင်ပေ။
ဟင်းချို၏ စပ်သောအရသာ လတ်ဆတ်သောပါဝင်ပစ္စည်းများ၏ရနံ့နှင့် တို့စားရသောငရုတ်နှစ်၏ နူးညံ့သောအရသာတို့... အားလုံး ပေါင်းလိုက်သောအခါ အထူးအရသာတစ်မျိုးဖြစ်လာသည်။
ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားကိုလက်ထဲတွင်ဝှေ့ယမ်းနေပြီး ပါပီယွန်နဂါးအသားများကို အညီအမျှ လှီးဖြတ်၍ ရေခဲများပော်တွင်တင်ထားသည်။
ပုဖန် ထိုအသားများကို သေသေချာချာ ဝိုင်းထားလိုက်သည်။ ပါပီယွန်အသားတစ်ပိုင်းချင်းစီကြားရှိ အကွာအဝေးသည် နူးညံ့သိမ်မွေ့သောပုံစံဖြင့် စီစဉ်ထားသောကြောင့် အလွန်တိကျပြီး ခြုံငုံကြည့်လျှင် အလွန်လှပသည်။
သူ၏လက်ဖဝါးကိုဖွင့်ကာ ပေါက်ကွဲသံနှင့်အတူ ဗန်းကို မှောက်ချလိုက်သည်။ ဟင်းရည်နှင့်ရောပြီး သွေးများ တစ်ခဏချင်း ကျလာသည်။
နောက်ဆုံးတွင် ကြွေပန်းကန်လုံးတစ်လုံးကို ထုတ်ယူလိုက်သည်။ ပါပီယွန်၏သွေးများသည် ဖြည်းညှင်းစွာ လှုပ်ရှားနေပြီး ပူတင်းကိတ်မုန့်ကဲ့သို့ ပျော့ပျောင်းနေပုံရသည်။
ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ရွေ့လျား၍ ဖြည်းညှင်းစွာ ခုတ်ထစ်ကာ ပါပီယွန်၏ သွေးအစိုင်အခဲများကို ဗန်းထဲသို့မထည့်မီ အပိုင်းပိုင်း ခုတ်လိုက်သည်။
ဗန်းပေါ်သို့ ရေအနည်းငယ် လောင်းထည့်လိုက်သည်နှင့် ပါပီယွန်သည် ပို၍ပျော့ပျောင်းပြီး တောက်ပြောင်နေပုံရသည်။
ထို့နောက် ပါဝင်ပစ္စည်းများကို ဗန်းတစ်ခုစီထဲ ထည့်ကာ သယ်ဆောင်သွားခဲ့သည်။ ထိုပါဝင်ပစ္စည်းများသည် အလွန်လတ်ဆတ်ပြီး အထူးစီမံထားခြင်းဖြစ်သည်။
သန်မာသော အမျိုးသားများ၏ မျက်လုံးများ တောက်ပသွားပြီး ၎င်းတို့ကို စားရန် အလွန်စိတ်လှုပ်ရှားနေကြသည်။
စပ်သည့်ဟင်းရည်ကြောင့် ပါးစပ်ထဲ အေးမြသောလေကို အဆက်မပြတ် စုပ်ယူနေရသည်။ ပူစပ်စပ်ငရုတ်နှစ် နှစ်ဇွန်းထည့်ထားသောကြောင့် အစပ်အရသာသည် လုံးဝပြင်းထန်သည်။
အလွန်စပ်နေသော်လည်း သူတို့ ဆက်လက်စားနေဆဲပင်ဖြစ်သည်။ ပါဝင်ပစ္စည်းများ၏ အရသာအပြင် ပူစပ်စပ်ဟင်းချို၏ အနံ့သည် မယုံနိုင်စရာပင်။ သူတို့ကိုယ်တိုင်ရောစပ်ထားသည့် ပဲငံပြာရည်နှင့် ပေါင်းစပ်ထားသော ဟင်းပွဲသည် ဖော်မပြနိုင်သော အရသာကို ဖြစ်ပေါ်စေခဲ့သည်။
ပုဖန် ပါဝင်ပစ္စည်းများကို စားပွဲပေါ်တင်လိုက်သောအခါ ပရိသတ်များက ထိုဗန်းများကို အံ့သြသောအကြည့်ဖြင့် ကြည့်နေကြသည်။
အမျိုးမျိုးသော ပါဝင်ပစ္စည်းများသည် သူတို့ကို ရူးသွပ်စေသည်။
ဘယ်လိုဖြစ်လို့ ဒီဟင်းပွဲမှာ ပါဝင်ပစ္စည်းတွေ အရမ်းများရတာလဲ...
ပရိသတ်များ ထိတ်လန့်နေကြသော်လည်း လူလေးဦးသည် ထိုအရာများစားရမည်ကို ပျော်ရွှင်နေကြသည်။
သူတို့၏ တူများဖြင့် ပါပီယွန် အသားပုံကြီးကို ချက်ချင်း ကောက်ယူလိုက်ပြီး ပွက်ပွက်ဆူနေသော ဟင်းရည်ထဲကို ပစ်ချလိုက်သည်။
ပါပီယွန်အသားများ အဆင်သင့်ဖြစ်သောအခါမှ ကောက်ယူပြီး ပဲငံပြာရည်ထဲသို့ နှစ်သည်။ နောက်ဆုံး ပါးစပ်ထဲထည့်လိုက်သည်နှင့် ရနံ့က ပျံ့သွားသည်...
ဂျွတ်... ဂျွတ်...
အသားကို တဂျွတ်ဂျွတ်ဝါးသံများ ပျံ့နှံ့နေသည်။ အငွေ့သည် လွင့်ပျံကာ ကောင်းကင်သို့ ပျံတက်သွားသည်။
"ဟားဟား... အရမ်းမိုက်တယ်..."
"အရမ်းအရသာရှိတာပဲ... ဘာလို့ဒီလောက်တောင် အရသာရှိရတာလဲ..."
" ငါစပ်ထားတဲ့ ပဲငံပြာရည်က အရသာအရှိဆုံးပဲ..."
လူသန်ကြီးများ စားသောက်လျက် ကျယ်လောင်စွာ ပြောနေကြသည်။ ရုတ်တရက် သူတို့အားလုံး ရပ်တန့်သွားသည်။
အဘယ့်ကြောင့်ဆိုသော် သူတို့၏ တူများကိုဆန့်ထုတ်လိုက်သောအခါ နောက်ထပ်မစားနိုင်သောကြောင့် ဖြစ်သည်။
သူတို့ထဲမှတစ်ယောက်သည် မျက်လုံးပြူးသွားပြီး နီရဲနေသော ပါးစပ်ဖြင့် မကျေမနပ်အသံနှင့် ပြောလိုက်သည်။
" ဟေး ဆိုင်ရှင်...စားစရာတွေ မြန်မြန်ချပေး... ငါမစောင့်နိုင်တော့ဘူး..."
ပုဖန်လက်ကို ဘေးသို့ချလိုက်သည်နှင့် အနီရောင်ဝတ်ရုံသည် လေထဲတွင် ဝဲပျံနေသလိုပင်။ ပုဖန် ခေါင်းမော့ပြီး ထိုလူကိုကြည့်လိုက်သည်။
" အားနာပါတယ်... အစားအစာတွေ တည်ခင်းတာပြီးပါပြီ..."
" ဟမ်... ပြီးပြီဟုတ်လား... ဆိုင်ရှင် မင်းကညစ်တာပဲ..."
စကားပြောလိုက်သည့်အချိန်တွင် ထိုလူ၏ မျက်နှာမှာ နီရဲနေသည်။
များစွာ စားသောက်ထားသော်လည်း သူသည်ဗိုက်မဝသေးပေ။ ပိုင်ရှင်ထံမှ စားစရာများ အနည်းငယ် လာတည်ခင်းဦးမည်ဟု မျှော်လင့်ထားသည်။
စားစရာတွေ ကုန်သွားတာလား... ဘယ်လိုတောင် စိတ်ပျက်ဖို့ကောင်းတာလဲ...
သူအလွန်ဒေါသထွက်နေသဖြင့် သူ၏သေးငယ်သော နှလုံးသားသည်ပင် ပေါက်ကွဲတော့မည်ဟု ထင်ရသည်။
" ကျုပ် အရင်တည်းက ပြောခဲ့တယ်လေ ပထမအိုးကအလကားဖြစ်တဲ့ အတွက် ပါဝင်ပစ္စည်းတွေကို ရွေးချယ်ထားတာပါ...ပြီးတော့ ခဗျ.ားနည်းနည်းပဲ စားတယ်လို့တော့ မပြောနဲ့နော်... စားပွဲပေါ်ကို ပါဝင်ပစ္စည်းတွေအများကြီး လာတင်တာ ကိုယ်တိုင်မြင်တာပဲမလား..."
ပုဖန် မျက်နှာသေဖြင့် စားပွဲပေါ်မှ ဗန်းများကို ညွှန်ပြလျက် ပြောသည်။
အကုန်လုံးလှည့်ကြည့်ကြပြီးနောက် သူတို့၏ နီရဲနေသောနှုတ်ခမ်းများ တွန့်ချိုးသွားကြသည်။
ထိုဗန်းအလွတ်များကို တောင်ကုန်းငယ်လေး တစ်ခုကဲ့သို့ စီထားသည်။
" အင်း... ငါအများကြီး စားလိုက်တာပဲ..."
ထိုလူသည် ရှက်ရွံစွာဖြင့် ကျောကိုကုတ်ကာ ပြောလိုက်သည်။
အလကားဖြစ်သော်လည်း အလွန်အကျွံ စားလိုက်မိသောကြောင့် ရှက်နေကြသည်။
" ဆိုင်ရှင် ငါတို့ အစားအသောက်တွေ ထပ်မှာလို့ရလား... အင်မော်တယ် သလင်းကျောက်တွေပေးမယ်လေ..."
ထိုလူ ပုဖန်ကို မျှော်လင့်တကြီးဖြင့် ကြည့်လိုက်သည်။
သူတို့ထပ်မံ စားချင်ကြဆဲဖြစ်သည်။ အနည်းငယ်မျှ စားရသေးသော်လည်း အစားအသောက်များ ကုန်သွားသောကြောင့် သွေးအန်ချင်သည်အထိ စိတ်မကောင်းဖြစ်ရသည်။
ထိုလူ၏စကားကြောင့် ပုဖန် အနည်းငယ် ထိတ်လန့်သွားသော်လည်း အလွန်မအံ့သြပဲ ခေါင်းငြိမ့်ပြလိုက်သည်။
ပြင်ဆင်လိုက်သည်နှင့် ဝိညာဉ်စွမ်းအား အနည်းငယ် လှုပ်ရှားလာသည်။ သူ၏ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်လိုက်သောအခါ ကတ်ငယ်တစ်ခုသည် ရုတ်တရက် လွင့်ပျံသွားပြီး ထိုကြွက်သားနှင့် လူ၏လက်ထဲသို့ ကျသွားသည်။
" တကယ်လို့ ထပ်စားချင်သေးတယ်ဆိုရင် ဝိညာဉ်စွမ်းအင်ကို သုံးပြီး ဟင်းပွဲတွေမှာလို့ ရပါတယ်...အခု ကျွန်တော် ဒုတိယတစ်အိုးကို သွားပြင်ပေးပါ့မယ်..."
.ပုဖန် ပြောလိုက်သည်။
ငရဲဘုရင်အာဟ သူ၏ရှေ့မှ သွေးဆောင်မှု့ကို တောင့်ခံနိုင်ခဲ့သည်။ ပုဖန်နောက်ကို လိုက်လာမိခြင်းကို အနည်းငယ် ရူးမိုက်သကဲ့သို့ ခံစားမိသွားသည်။ ဒါက နှိပ်စက်ညှင်းပန်းမှု စစ်စစ်ပဲ...
...
မသေမျိုးမီးဖိုချောင် အဆောက်အဦးတွင် ထုံယွဲ့နှင့် မူလျှို့အာတို့ ထိုဈေးဆိုင်ငယ်ကို ကြည့်ကာ ထိတ်လန့်သွားကြသည်။
ဒါကဈေးဆိုင်ငယ်လေး ဖြစ်ရဲ့သားနဲ့ ဘာလို့ ဒီလောက်သက်ဝင်လှုပ်ရှားပြီး နာမည်ကြီးနေရတာလဲ...
လူအုပ်ကြားထဲ မျက်နှာသေဖြင့် ရှိနေသောပုဖန်ကို ထုံယွဲ့ ကြည့်လိုက်သည်။ သူမ နှလုံးသားထဲတွင် ဝမ်းနည်းနေသော်လည်း သူမ ရုတ်တရက် ပြုံးလိုက်သည်။
"သေမျိုးတစ်ယောက်က ဈေးဆိုင်ဖွင့်ပြီး နာမည်ကြီးနေတော့ရော ဘာလုပ်ရမှာလဲ... ဒီမိန်းမကြီးက သူ့ကို စစ်ဆေးချက် မဖြေနိုင်အောင်လုပ်ပြီး တစ်သက်လုံး နာမည်မရှိတဲ့ စားဖိုမှူးအဖြစ်နဲ့ နေသွားစေရမယ်..."
မူလျှို့အာ ထုံယွဲ့၏ စကားကို နားထောင်ပြီးနောက် သက်ပြင်းချလိုက်သည်။
သူမဘာကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခံရမှာလဲ... ထုံယွဲ့ သူမစကားများကို တစ်နည်းနည်းနှင့် နောင်တရနေလိမ့်မည်ကို သူမခံစားမိသည်...