အခန်း ၉၅၄
မသေမျိုးမီးဖိုချောင်အဆောက်အဦး... အဲ့တာကိုဘယ်လိုယူဆရမလဲ...
"ဈေးဆိုင်ကို ဒီနေရာမှာ ဖွင့်ခွင့်မပြုဘူး..."
ထိုစကားများကို ပြောနေသောသူက မသေမျိုးမီးဖိုချောင် အဆောက်အဦး၏မန်နေဂျာဖြစ်သည်။ ထိုသူသည် အလွန်အသက်ကြီးပြီး ပါးလွှာသော မျက်နှာနှင့် မုတ်ဆိတ်မွေးရှည်ရှိသည်။ ခြုံငုံကြည့်လိုက်ပါက အတော်လေး စည်းကမ်းတင်းကျပ်သောသူဖြစ်ပုံရသည်။
" မန်နေဂျာချန် ပြောတာမှန်တယ်... ဒီဈေးဆိုင်လေးက ကျွန်တော်တို့ မသေမျိုးမီးဖိုချောင် အဆောက်အဦးကို သိက္ခာကျစေတယ်... အဲ့တာလုံးဝ မတည်ရှိမှ အဆင်ပြေမယ်... ကျွန်တော် သိသလောက်တော့ ဒီဈေးဆိုင်ဖွင့်တဲ့သူက အဆင့်နိမ့်ပယ်က သေမျိုးပဲ..."
ထုံယွဲ့က မန်နေဂျာချန်ဆီမှ ဒေါသထွက်သည့် အကြည့်ကို မြင်သောအခါ သူမ မျက်နှာက အောင်ပွဲခံရသကဲ့သို့ပင်။ သူတို့ပြောသည့် စကားများထဲတွင် ဆီနှင့် ရှာလကာရည်သာ ထပ်ထည့်ရန်လိုသည်။
" အဆင့်နိမ့်နယ်ပယ်က သေမျိုး ဟုတ်လား..."
အဘိုးကြီးက ထုံယွဲ့ကိုကြည့်ကာ မျက်မှောင်ကျုံ့လိုက်သည်။
မသေမျိုးမီးဖိုချောင် အဆောက်အဦးသည် မသေမျိုးမြို့တော် မြို့တော်သခင်၏လက်အောက်တွင်ရှိပြီး သူကောင်းမျိုးများ၏ စီရင်ပိုင်ခွင့်အောက်တွင်လည်း ရှိနေသည့်အတွက် မန်နေဂျာ၏ ဩဇာအာဏာမှာ ပြောစရာမလိုအောင်ပင် ရှင်းလင်းလှသည်။ မည်သည့်မိသားစုများက ဩဇာအရှိဆုံး ဆိုသည်ကိုလည်း သူသိသည်။
" ထုံမိသားစုရဲ့ သခင်လေးထုံချန်းရဲ့ မြေကမ္ဘာ အင်မော်တယ်ရုပ်သေးက တာဝန်ထမ်းဆောင်နေတုန်း ဖျက်ဆီးခံခဲ့ရတယ်လို့ကြားတယ်... အခုနောက်ပိုင်းမှာ သူ့စိတ်အခြေအနေက ဆိုးဝါးနေပြီး အဆင့်နိမ့်နယ်ပယ်က သေမျိုးကို သူရှာနေတယ်... အခုချိန်ထိ သခင်လေးထုံချန်း ရှင်းလင်းခဲ့တဲ့သေမျိုး ဘယ်နှယောက်တောင် ရှိနေပြီလဲ..."
အဘိုးအို၏ စကားကို ကြားသောအခါ ထုံယွဲ့ အံ့ဩသွားသည်။
အကယ်၍ သူမသာ စောစောသိခဲ့လျှင် သခင်ထုံချန်းကို ဤသတင်း သွားပြောပြမည်ဖြစ်သည်။
မသေမျိုးမြို့တော် ထုံမိသားစု၏ သခင်လေးဖြစ်သည်နှင့်အညီ သခင်လေးထုံချန်းသည် ကျင့်ကြံမှုအဆင့်မြင့်သည်သာမက ချက်ပြုတ်ခြင်းပင်ကိုစွမ်းရည်သည်လည်း အံ့အားသင့်စရာပင်။ သူသည် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် ကြီးမားသော အကျိုးသက်ရောက်မှုကို ပြုလုပ်နိုင်သူတစ်ဦးဖြစ်သည်။
သခင်လေးထုံချန်းသည် သေမျိုးများကို အကြောင်းအရင်းမရှိ ဖမ်းဆီးခဲ့သည်...
ထုံယွဲ့၏ မျက်လုံးများသည် ပိုမိုတောက်ပလာသည်။ ဒီသေမျိုးကောင်ကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းတစ်ခုရှိနေပြီလို့ ထင်ရတယ်...
" ထုံယွဲ့ သခင်လေးထုံချန်းက သူ့ကိုအလိုရှိမှတော့ သူ့လက်ထဲမအပ်ခင် အဲ့ဈေးဆိုင်ကို ပိတ်အောင်အရင်လုပ်လိုက်... ကောင်းကောင်းလုပ်ဖို့ မမေ့နဲ့... အဲ့တာမှ မသေမျိုးမီးဖိုချောင် အဆောက်အဦးရဲ့ ဂုဏ်သိက္ခာကို မထိခိုက်မှာ..."
အဘိုးကြီးက မုတ်ဆိတ်ကိုသပ်လိုက်ပြီး မသေမျိုးမီးဖိုချောင် အဆောက်အဦး အပေါက်ဝအထိရောက်နေသော လူတန်းကြီးကို ကြည့်လိုက်သည်။ ထို့နောက် နှာခေါင်းရှုံ့လိုက်ပြီး သူ၏ဝတ်ရုံအင်္ကျီလက်ကို လွှဲ၍ွှည့်ထွက်သွားလိုက်သည်။
ထုံယွဲ့၏ နှုတ်ခမ်းထောင့်များက စိတ်လှုပ်ရှားနေသော အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။
" ဒါဆိုရင် သခင်ထုံချန်းက မြေကမ္ဘာအင်မော်တယ် ရုပ်သေးရုပ်ကို ဖျက်ဆီးသွားတဲ့ သေမျိုးကောင်ကို ရှာနေတာပေါ့... ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီကောင်ရဲ့နာမည်ကို အရင်သတင်းပို့မှာ ငါပဲဖြစ်ရမယ်..."
ရုတ်တရက် ထုံယွဲ့၏လက်ထဲတွင် ကျောက်စိမ်းအဆောင်တစ်ခု ပေါ်လာပြီး လွင့်ပျံလာသည်။ ဤကျောက်စိမ်းအဆောင် သည် ၎င်းတို့၏ ထုံမိသားစု၏ ဆက်သွယ်ရေးကိရိယာတစ်ခုဖြစ်သည်။
သူမရေးလိုသော စကားလုံးများကို စိတ်ထဲတွင်
ပြောလိုက်သည်နှင့် ကျောက်စိမ်းအဆောင်ပေါ်တွင် ချရေးပြီးသားဖြစ်ကာ ထိုစကားများသည် ထုံမိသားစုထံ တိုက်ရိုက် ရောက်ရှိသွားမည်ဖြစ်သည်။
သခင်ထုံချန်း မည်သည့်အချိန်တွင် သတင်းကို လက်ခံမည်ဆိုသော အခြေအနေပေါ် မူတည်သည်။ ယခုလက်ရှိ အရေးကြီးဆုံးမှာ ထိုသေမျိုးကောင်ကို တွန်းအားပေး၍ ဈေးဆိုင်ပိတ်အောင်လုပ်ရန်ဖြစ်သည်။
ထုံယွဲ့ဟူသည့် သူမကို တိုက်ခိုက်ဝံ့သူတိုင်း နောင်တရမည်ဖြစ်သည်။ ဒီတစ်ကြိမ်တော့ အဲ့သေမျိုးကောင်ကို အဆုံးစွန်ထိ အရှက်ခွဲပစ်ရမယ်...
သူမနောက်မှ လက်ထောက်နှစ်ယောက်နှင့်အတူ မသေမျိုးမီးဖိုချောင် အဆောက်အဦးမှ ထွက်လာခဲ့လိုက်သည်။ ဈေးဆိုင်နားသို့ ချဉ်းကပ်လာသောအခါ သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ ဝတ်ရုံများလွင့်ပျံလျက် တဖျပ်ဖျပ်အသံကို ကြားနေရသည်။
မသေမျိုးမီးဖိုချောင် အဆောက်အဦးမှ လူများ အပြင်ထွက်ကြသည်မှာ ရှားပါးလှသည်။ ဝတ်ရုံများဝတ်ဆင်၍ ထွက်ကြသည်မှာ ပို၍ရှားသည်။ ယနေ့တွင် သူတို့သုံးဦးသည် မန်နေဂျာချန်၏ အမိန့်ကို ထမ်းဆောင်ရန် လိုအပ်သောကြောင့် ဂုဏ်သိက္ခာအနည်းငယ်ကို ပြသရမည်ဖြစ်သည်။
နောက်ဆုံးတွင် ပတ်ဝန်းကျင်မှ စားသောက်သူများ သူတို့ကို သတိထားမိပြီး နှလုံးသားများ အေးခဲသွားကြသည်။
ဒီသုံးယောက်က မသေမျိုးမီးဖိုချောင် အဆောက်အဦးကလာတာ မလား... သူတို့တွေ ဘာအတွက် မသေမျိုးမီးဖိုချောင် အဆောက်အဦးက ထွက်လာရတာလဲ...
ရုတ်တရက် သူတို့၏မျက်နှာများတွင် ကြောက်လန့်နေသော အကြည့်များပေါ်လာသည်။ မသေမျိုးမြို့တော်ရှိ မသေမျိုးမီးဖိုချောင် အဆောက်အဦး၏ ဂုဏ်သတင်းသည် သူကောင်းမျိုးမိသားစုများနှင့် ယှဉ်ပါက အားမနည်းလှပေ။
ဖြတ်သွားဖြတ်လာ အချို့သည် ဖြစ်ပျက်နေသည်ကို နားလည်သကဲ့သို့ အဝေးက ဈေးဆိုင်ငယ်လေးကို နေရာချနေသည့် ပုဖန်ကို လှမ်းကြည့်လိုက်သည်။
ဖြစ်ပေါ်လာဖို့ ရည်ရွယ်ထားတဲ့ အရာတွေ နောက်ဆုံးတော့ ဖြစ်လာခဲ့ပြီ...
မျှော်လင့်ထားသည့်အတိုင်း မသေမျိုးမီးဖိုချောင် အဆောက်အဦးနှင့် မျက်နှာချင်းဆိုင် ဆိုင်ဖွင့်ခြင်းသည် ဤသို့ ဖြစ်လာစေသည်ပင်...
မသေမျိုးမီးဖိုချောင် အဆောက်အဦး ဝင်ပေါက်တွင်
မူလျှို့အာ ထွက်မသွားသေးပေ။ အဝေးမှ အခြေအနေကို တံခါးကိုမှီပြီး မျက်မှောင်ကြုတ်ကာ ကြည့်နေသည်။
မသေမျိုးမီးဖိုချောင် အဆောက်အဦးကို ဆန့်ကျင်ခြင်း၏ အကျိုးဆက်များကို ခံရမည်ဟု ပုဖန်ကို သူမ သတိပေးထားပြီးဖြစ်သည်။ သူရှာခဲ့တဲ့ပြဿနာတွေအတွက် အဖိုးအခပေးရတော့မယ်...
သို့သော် ထုံယွဲ့သည် ဤအရာကို အမှန်တကယ်ပြုလုပ်မည့်သူဖြစ်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
ဤသေမျိုးသည် အကြွင်းမဲ့ အရှက်ကွဲရတော့မည်ဖြစ်သည်။
...
ပူပူနွေးနွေးရနံ့နှင့် အသားရနံ့မျိုးစုံတို့က လေထဲတွင်ဝဲပျံနေပြီး လူတို့၏ အစာစားချင်စိတ်ကို လှုံ့ဆော်ပေးသည်...
ဟင်းရည်ကျိုနေစဉ် ဟော့ပေါ့အိုးအောက်တွင် ရွှေရောင်မီးတောက်များ တဖျပ်ဖျပ်တောက်နေသည်။
ဟော့ပေါ့အိုးပတ်လည်တွင် သန်မာသောယောကျာ်းကြီးများသည်အချိန်ကို ဂရုမစိုက်ပဲ စားသောက်နေကြသည်။ အသားများကို ပါးစပ်ထဲအပြည့်ထည့်၍ ပလုပ်ပလောင်းစားနေကြပြီး ဝိုင်ကို တစ်ကျိုက်တည်းမော့သောက်ကာ မတူကွဲပြားသည့် ပျော်ရွှင်မှုမျိုးကို ခံစားနေကြသည်။
ထိုကဲ့သို့ ပျော်ရွှင်မှုမျိုးသည် လူကို နစ်မွန်းသွားစေသည်။
ပုဖန် ဈေးဆိုင်ရှေ့တွင် မျက်နှာသေဖြင့်ရပ်နေပြီး ပါဝင်ပစ္စည်းတစ်ခုစီကို လှီးဖြတ်ပြီး နူးညံ့သောရေခဲပန်းကန်ပြားပေါ်တွင် စီစဉ်ထားသောကြောင့် သူ၏လက်များ၏ လှုပ်ရှားမှုများသည် နှေးကွေးသွားခြင်းမရှိပေ။
နယ်သာရီသည် စားပွဲထိုးမလေးအဖြစ် တာဝန်ယူထားသည်။ ပါဝင်ပစ္စည်းများ အပြည့်ထည့်ထားသော ဗန်းများကို သယ်ဆောင်လာကာ စားပွဲများဆီသို့ သွား၍ စားသုံးသူများ၏ အမှာစာများ ပို့ပေးသည်။
ငရဲဘုရင်အာဟက ခုံတစ်ခုံဆွဲ၍ ထိုင်နေသည်။ ပါးစပ်ထဲတွင် ရှုးရှဲအစပ်ချောင်း ထည့်ထားပြီး အဆက်မပြတ်လှုပ်နေသော ခြေထောက်ကို မြှောက်ကာ အခြားထိုင်ခုံပေါ်တွင် လှဲနေလိုက်သည်။
ဟော့ပေါ့မှ ထွက်လာသော အမွှေးအကြိုင် အနံ့ကို ရပြီးနောက် လူများက ဆာလောင်နေကြသည်။
တကယ်တော့ ဒီကလေးပုဖန် ဟာ စိတ်ဝင်စားစရာကောင်းတဲ့ ဟင်းလျာတွေကို ဖန်တီးရာမှာ ဘယ်တော့မှ မကျရှုံးခဲ့ပေ။
ရုတ်တရက်...
ငရဲဘုရင်အာဟ မျက်မှောင်ကြုတ်သွားသည်။
အဘယ့်ကြောင့်ဆိုသော် ပါဝင်ပစ္စည်းဗန်းများ သယ်လာသော နယ်သာရီကို တစ်စုံတစ်ယောက်က ဟန့်တားလိုက်သောကြောင့်ဖြစ်သည်။
ထုံးယွဲ့က လက်များကိုနောက်ပစ်လျက် မျက်နှာပေါ်တွင် လှောင်ပြောင်မှုတစ်ခုကို ထုတ်ဖော်လိုက်သည်။
သူမ နယ်သာရီ၏ ရှေ့သို့ရောက်လာပြီး လတ်ဆတ်သော ပါဝင်ပစ္စည်းဗန်းများ ကိုင်ထားသည်ကို တွေ့လိုက်ရသည်။
သူမက နယ်သာရီ၏ ရှေ့တွင်ရှိနေကာ သူမသွားရာလမ်းကို ပိတ်ဆို့ထားသည်။
သူမနောက်တွင် မသေမျိုးမီးဖိုချောင်အဆောက်အဦးမှ ကျင့်ကြံသူနှစ်ဦးသည် ကြောက်ရွံ့ထိတ်လန့်စေပြီး ခံ့ညားသော အော်ရာများ ထွက်ပေါ်လျက် အခိုင်အမာရပ်နေခဲ့သည်။
" ရပ်စမ်း... မင်းလက်ထဲက ပါဝင်ပစ္စည်းတွေ ငါ့ကိုပြစမ်း..."
ထုံယွဲ့ ရှံ့ချစွာပြောလိုက်ပြီး သူမ၏မျက်လုံးထဲမှ မာန်မာနများက ဖုံးကွယ်ရန် အလွန်ခက်ခဲသည်။
နယ်သာရီ အံ့သြသွားပြီး ခေါင်း မော့ကြည့်လိုက်သည် သူမ၏မျက်နှာသည် အလွန်အေးစက်နေပုံရသည်။
နယ်သာရီ၏ အမူအရာကို မြင်သောအခါ ထုံယွဲ့ မျက်မှောင်ကြုတ်သွားသည်။ အလွန်လှပသော မျက်နှာတစ်ခုဖြစ်သော်လည်း ရေခဲကဲ့သို့ အေးစက်နေ၏။
ထိုအလှတရားသည် သူမအား နိမ့်ကျပြီး အရှက်ရစေခဲ့သည်။
သူမ၏နောက်ကွယ်ရှိ မသေမျိုးမီးဖိုချောင် အဆောက်အဦးရှိ ကျင့်ကြံသူနှစ်ဦးသည်လည်း နယ်သာရီ၏ အသွင်အပြင်ဖြင့် နှိုးဆွခံလိုက်ရကာ အသက်ရှူကျပ်သွားသလို ခံစားခဲ့ရသည်။
နယ်သာရီ၏ လှပသော အသွင်အပြင်ကို ကြည့်ကာ ထုံယွဲ့စိတ်ထဲ မနာလိုဖြစ်သွားသည်။ အလွန် မနာလိုဖြစ်နေသည့်အတွက် ယခုချက်ချင်းပင် နယ်သာရီ၏ မျက်နှာကို ကုတ်ဆွဲချင်နေသည်။
သူမ၏စိတ် အနက်ရှိုင်းဆုံးတစ်နေရာတွင် သူမထက်လှပသော အမျိုးသမီးများကို ဖျက်ဆီးပစ်ချင်နေသည်...
" ရှင်က ဘယ်သူလဲ..."
နယ်သာရီက အေးစက်သောလေသံဖြင့် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ သူမလက်ထဲရှိ ပါဝင်ပစ္စည်းများအား ထုံယွဲ့ကို မပေးပေ။
"ငါဘယ်သူလဲဟုတ်လား... မင်းသိဖို့မထိုက်တန်ပါဘူး…"
ထုံယွဲ့ ခါးသက်သက်ဖြင့်ရယ်လိုက်ပြီး နယ်သာရီဆီသို့ လက်လှမ်း၍ ပါဝင်ပစ္စည်းများကို ဆွဲယူလိုက်သည်။
" ဒီပါဝင်ပစ္စည်းတွေက အမှိုက်တွေပဲ..."
ထုံယွဲ့ သူမ၏ လက်ထဲတွင် ဖြတ်တောက်ထားသော ပါဝင်ပစ္စည်းများကို ကြည့်လိုက်သည် ။ ကြေမွနေသောရေခဲပေါ်တွင် စုပုံထားသော ပါပီယွန်အသားများသည် လင်းလက်နေပုံရသည်။ သူမ၏ မျက်လုံးများတွင် အံ့သြဖွယ်ရာ အကြည့်များ ပေါ်လာသော်လည်း သူမ၏ ပါးစပ်သည် ရက်စက်ကြမ်းကြုတ်ဆဲပင်။
ထို့နောက် သူမလက်များကို လျောချကာ ပါပီယွန်အသားပန်းကန်ကို မြေပြင်ပေါ်သို့ ပြုတ်ကျစေခဲ့သည်။
ခလွမ်း...
ပန်းကန်ပြား ကွဲအက်သွားသဖြင့် ပါပီယွန်အသားအပိုင်းအစများနှင့် ရေခဲများ နေရာအနှံ့ ပြန့်ကျဲသွားခဲ့သည်။
အနီးနားရှိ စားသောက်သူများ၏ မျက်လုံးများပြူးကုန်လျက် မသေမျိုးမီးဖိုချောင်အဆောက်အဦးမှ ကျင့်ကြံသူနှစ်ဦး၏ ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအားကို ခံစားလိုက်ရသည်။
နယ်သာရီ၏ အသံရှုသံမှာ အေးစက်သွားသည်။
" ရှင်အခု ဘာလုပ်လိုက်တာလဲ..."
သူမမျက်နှာပေါ်မှ အမူအရာပြောင်းသွားကာ မျက်လုံးများသည်လည်း ချက်ချင်းပင် မဲနက်လာသည်။ သူမ၏အထက်တွင် ငရဲစွမ်းအင်များ တိုးလာပြီး ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားကာ ကြောက်မက်ဖွယ်ကောင်းသော အော်ရာတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
"အင်း... နှိမ့်ကျတဲ့ မသေမျိုး တစ်ယောက်က ခုခံဖို့ သတ္တိရှိလိုက်တာ..."
ထုံယွဲ့အေးစက်စွာ အော်လိုက်သည်။
ထုံယွဲ့၏ နောက်ကွယ်ရှိ မသေမျိုးမီးဖိုချောင် အဆောက်အဦးမှ ကျွမ်းကျင်ပညာရှင်နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အော်ရာများ ထွက်ပေါ်လာသည်။
သူတို့သည် အသန်မာဆုံး နတ်ဆိုးဘုရင်ထက် မပျော့ညံ့သောကြောင့် ၎င်းတို့၏ စွမ်းအားသည် အနှိုင်းမဲ့ ပြင်းထန်လှသည်။
ဝုန်း...
" အားလုံးပဲ အာရုံစိုက်ကြပါဦး... မသေမျိုးမီးဖိုချောင်အဆောက်အဦးအနီးမှာ ဈေးဆိုင်ဖွင့်ခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်ထားတယ်... ဆိုင်ပိုင်ရှင်ကလည်း မသေမျိုးမီးဖိုချောင်အဆောက်အဦးရဲ့ အကဲဖြတ်ခြင်းကို မရရှိထားလို့ ဆိုင်ဖွင့်ဖို့ အရည်အချင်းမပြည့်မီဘူး... အကျိုးအမြတ်အတွက် ချက်ပြုတ်ခွင့်လည်း မပေးဘူး...ဒါကြောင့် ကျွန်မတို့ရဲ့မသေမျိုးမီးဖိုချောင်အဆောက်အဦးက ဒီဈေးဆိုင်ကို ချိတ်ပိတ်ပစ်ရပါမယ်..."
ထုံယွဲ့၏ ပြတ်သားသော အသံက ကောင်းကင်ယံတွင် ပဲ့တင်ထပ်နေသည်။
စားသောက်သူအားလုံး အံ့အားသင့်သွားကြပြီး အချင်းချင်း တီးတိုးပြောကြသည်။
" ဟေး... အဲ့တာ မလွန်လွန်းဘူးလား..."
" အေးလေ ဈေးဆိုင်ဖွင့်ထားတာ သူတစ်ယောက်တည်းမှ မဟုတ်တာ... ဘာလို့သူ့ကိုပဲ ခွင့်မပြုရတာလဲ..."
" အင်း... ဈေးဆိုင်က မသေမျိုးမီးဖိုချောင်အဆောက်အဦးရှေ့မှာ ရှိကတည်းက ပိုင်ရှင်က သေဖို့လမ်းစ ရှာနေသလိုပဲ..."
ပတ်ဝန်းကျင်တွင် လူတိုင်းခံစားချက်များ ပြည့်နှက်နေပြီး သူတို့အချင်းချင်း ဆွေးနွေးနေကြသည်။
ထူးထူးခြားခြား ဟင်းတစ်မျိုး ပျောက်ကွယ်သွားသည့်အတွက် အနည်းငယ် ဝမ်းနည်းနေ ကြသည်။
၎င်းတို့၏စိတ်နှလုံးကို ခံစားရစေမည့် ဤကဲ့သို့သော အခြားဟင်းတစ်မျိုးကို ရှာဖွေရန် ခက်ခဲပေလိမ့်မည်။
သူတို့ဘာသာ ချက်ပြုတ်နိုင်သည်မှာ မှန်သော်လည်း... ဟင်းရည်ချက်နည်းကို မသိရှိကြပေ။
ထိုအချိန်တွင် နယ်သာရီ၏ ဒေါသက အကန့်အသတ်သို့ ရောက်ရှိသွားသည်။ သူမ၏ ထုံယွဲ့ အပေါ်မုန်းတီးမှုသည် ကောင်ကင်သို့ပင် ရောက်ရှိသွားသည်။
" ရှင်က သေချင်နေတာပဲ..."
သူမ အေးစက်စွာ ပြောလိုက်သည်။
နောက်အခိုက်အတန့်တွင် သူမ၏ရှည်လျားသော အနက်ရောင်ဆံပင်များက ထုံယွဲ့ဆီသို့ ထိုးဖောက်သွားသည်။ သူမသည် ထုံယွဲ့၏ခေါင်းတွင် အပေါက်ကြီးတစ်ခု ဖောက်ချင်နေပုံရသည်။
သို့သော် ရှည်လျားသော အနက်ရောင်ဆံပင်သည် ထုံယွဲ့၏မျက်နှာကို ထိတော့မည့်အချိန်တွင် သူမ၏နောက်ကွယ်ရှိ မသေမျိုးမီးဖိုချောင်အဆောက်အဦးမှ ကျင့်ကြံသူနှစ်ဦးက ပိတ်ဆို့ထားခဲ့သည်။
သူတို့၏ကျင့်ကြံမှုသည် အသန်မာဆုံးငရဲဘုရင်ထက် ပို၍ သန်မာသည့်အတွက် နယ်သာရီ၏ ဆံပင်ကို ပိတ်ဆို့ပစ်ရန် လွယ်ကူလှသည်။
နယ်သာရီသည် အလွန်လှပသော်လည်း ၎င်းတို့၏ တာဝန်ကို ဆက်လက်လုပ်ဆောင်ရမည်။
ဝုန်း...
အော်ရာတစ်ခု ထွက်ပေါ်လာပြီး နယ်သာရီကို ခြေလှမ်းများစွာဖြင့် နောက်ပြန်တွန်းသွားစေသည်။
၎င်းသည် ခြင်္သေ့မတစ်ကောင်၏ဒေါသကို နှိုးဆော်လိုက်ခြင်းနှင့် ဆင်တူသည်။
နယ်သာရီ၏ အနက်ရောင်မျက်လုံးများက သူတို့ကို စိုက်ကြည့်နေစဉ်တွင် ကြောက်မက်ဖွယ်ကောင်းသော အော်ရာတစ်ခု ထွက်ပေါ်လာသည်။
ဝုန်း...
မမြင်နိုင်သော ခွန်အားတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ပညာရှင်နှစ်ဦးကို ခွဲခြမ်းပစ်လိုက်သည်။
သို့သော် နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ သူတို့၏လက်ထဲတွင် အလင်းရောင်တစ်ခု လင်းလက်လာပြီး စွမ်းအင်များ ချက်ချင်း လွင့်စင်သွားခဲ့သည်။
ရုတ်တရက် သူတို့သည် နယ်သာရီ၏ မမြင်နိုင်သော သက်ရောက်မှုကို လက်ဖဝါးဖြင့် တွန်းချလိုက်ကြသည်။
ထို့ကြောင့် နယ်သာရီခြေလှမ်းများစွာ နောက်ပြန်ဆုတ်သွားစေသည်။
နယ်သာရီ၏ ကျင့်ကြံမှုသည် အဆက်မပြတ် တိုးတက်နေသော်လည်း ထိုတည်ရှိမှုနှစ်ခုနှင့် ဆန့်ကျင်စွာ အားနည်းနေသေးသည်။
ချောမောလှပသော စားပွဲထိုးမလေးသည် ဤကဲ့သို့ အနိုင်ကျင့်ခံနေရသည်ကို စားသုံးသူများ မြင်သောအခါ ဒေါသထွက်ခဲ့ကြသည်။ မတ်တပ်မရပ်ခင် စားပွဲကိုရိုက်လိုက်ကာ တရားမျှတမှု ခံစားချက်များ နှလုံးသားထဲတွင် ခုန်ပေါက်နေသည်။
" လှုပ်ရဲတဲ့လူတိုင်းက ကျွန်မတို့ မသေမျိုးမီးဖိုချောင်အဆောက်အဦးရဲ့ ရန်သူအဖြစ် သတ်မှတ်ခံရမယ်... မင်းတို့နောက်ပိုင်းကျ ဘယ်လိုဘဝမျိုးနဲ့ နေရမယ်ဆိုတာ ကြည့်ကြသေးတာပေါ့..."
ထုံယွဲ့ အေးစက်စွာ အော်လိုက်သည်။ အေးစက်သော အပြုံးကို ဝတ်ဆင်ကာ သူမသည် ထိုလူများကို ခါးသီးသော မျက်နှာဖြင့် ကြည့်လိုက်သည်။
အမှန်တကယ်တွင် ထုံယွဲ့ လုံးဝမကြောက်ပေ။ ထိုလူများ၏ စိတ်ထဲတွင် ဘာဖြစ်နေသည်ကို သူမ သေချာသိသည်။
ထုံယွဲ့၏ စကားကို ကြားသောအခါ လှပသော စားပွဲထိုးမလေးကို စွဲစွဲလန်းလန်း နှစ်သက်ခဲ့သော စားသောက်သူ အများအပြားမှာ ငြိမ်သက်သွားကြသည်။
ဟုတ်တယ်...မိန်းမတစ်ယောက်အတွက် တိုက်ပွဲဝင်ပြီး ကြီးကျယ်ခမ်းနားတဲ့ မသေမျိုးမီးဖိုချောင်အဆောက်အဦး ကို သွားတိုက်ဖို့ မထိုက်တန်ဘူး...
အမှန်ပင် ၎င်းတို့သည် ဆန့်ကျင်ရန် အင်အားမရှိခဲ့ပေ။
ငရဲဘုရင်အာဟ၏ မျက်နှာမှာ အေးစက်လာသည်။ ငါ့ရဲ့ နယ်သာရီလေးကို အနိုင်ကျင့်ဖို့ သတ္တိရှိကြတယ်ပေါ့... ဒီဝမ်းနည်းပူဆွေးနေတဲ့ဘုရင်ကို မရှိသလို သဘောထားနေကြတာလား...
သို့သော်လည်း ငရဲဘုရင်အာဟ လှုပ်ရှားရန် ပြင်ဆင်သောအခါတွင် သူ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး အဝေးကို စိတ်လှုပ်ရှားစွာ ကြည့်နေလေသည်။
အဲဒီကနေ…
ကြောက်စရာကောင်းသော လေချွန်သံနှင့်အတူ မဟူရာလိပ်ခုံးဒယ်အိုး လှည့်ပတ်သွားသည်။
မသေမျိုးမီးဖိုချောင် အဆောက်အဦးမှ ကျင့်ကြံသူနှစ်ဦးသည် မျက်မှောင်ကြုတ်ကာ မဟူရာလိပ်ခုံးဒယ်အိုးကို ပိတ်ဆို့၍ရိုက်ရန် လက်မြှောက်လိုက်ကြသည်။
ဘုန်း...
မဟူရာလိပ်ခုံးဒယ်အိုးသည် မြေအဝါရောင် တောက်တောက်ကို ထုတ်လွှတ်လိုက်ပြီး နောက်တစ်ခဏတွင် ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအား ထွက်လာသည်။
ထုံယွဲ့၏စိတ်များ တုန်လှုပ်သွားသည်။
မသေမျိုးမီးဖိုချောင်အဆောက်အဦးမှ ကျင့်ကြံသူနှစ်ဦးသည် ၎င်းတို့၏ နှလုံးသားများ နစ်မြုပ်သွားသလို ခံစားလိုက်ရသည်။
နယ်သာရီ၏နောက်တွင် ပိန်ပိန်ပါးပါး ပုံရိပ်တစ်ခု ဖြည်းညှင်းစွာထွက်လာသည်။
" ငါ့ရဲ့စားပွဲထိုးမလေးကို အနိုင်ကျင့်ပြီး ငာ့ဟင်းပွဲတွေကိုမှောက်ပစ်တယ်... မသေမျိုးမီးဖိုချောင် အဆောက်အဦး မင်းတို့ကဘာတွေလဲ..."