အပိုင်း ၉၅၅
Viewers 61k

အခန်း ၉၅၅

အဝတ်တွေလေထဲမှာ ပြဲသွားတယ်


ပုဖန် အနီရောင်စားဖိုမှူးဝတ်ရုံ၏ လက်ဖျားကို ဖြေးဖြေးချင်းဆွဲမလိုက်သည်။ သူ့ဆံပင်ကိုချည်ထားသော ကတ္တီပါကြိုးကပြေကျသွားပြီး သူ၏ဆံပင်ရှည်ရှည်များကို ပြေကျလာစေသည်။


သူ၏မျက်လုံးများက အေးစက်နေကာ မီးဖိုထဲမှ မျက်နှာသေဖြင့်ထွက်လာသည်။ သူ၏စိတ်ဝိဉာဉ်ပင်လယ်မှ ကြောက်မက်ဖွယ်အင်အားများကို အဆက်မပြတ် ထုတ်လွှတ်နေသည်။


ပုဖန်၏ စိတ်စွမ်းအင်သည် အလွန်အင်အားကြီးလှသည်။ ထို့အပြင် နဂါးအရိုးမီးဖိုချောင်သုံးဓားနှင့် မဟူရာလိပ်ခုံးဒယ်အိုးတို့ကြားတွင် ဆက်နွယ်မှုတစ်ခု ပြုလုပ်ပြီးနောက်တွင် သူ၏ စွမ်းအားက ပိုမိုကောင်းမွန်လာသည်။


မဟူရာလိပ်ခုံးဒယ်အိုးက မသေမျိုးမီးဖိုချောင်အဆောက်အဦးမှ ကျင့်ကြံသူနှစ်ယောက်ထံ ဝဲပျံသွားပြီး လေထဲရှိ ဖိအားက ထိုကျင့်ကြံသူနှစ်ဦး၏ မျက်နှာကို ရုတ်တရက် ပြောင်းလဲသွားလိုက်သည်။


ထုံယွဲ့သည်လည်း အံ့အားသင့်သွားကာ ပုဖန်ကို မယုံကြည်နိုင်မှုများဖြင့် ကြည့်နေသည်။


ဒီသေမျိုး... အဆင့်နိမ့်နယ်မြေကလာတဲ့ သေမျိုးလေးက ဒီလောက်ကြောက်ဖို့ကောင်းတဲ့ စိတ်စွမ်းအင်လှိုင်းမျိုးကို ထုတ်လွှတ်နိုင်တယ်လား... သိပ်ကို အံ့ဩဖို့ကောင်းတာပဲ

..


သို့သော် ထုံယွဲ့၏မျက်နှာပေါ်ရှိ ထိတ်လန့်နေမှုများက လျှင်မြန်စွာပျောက်ကွယ်သွားသည်။ ပုဖန်၏ စိတ်ဝိဉာဉ်စွမ်းအင်က အတော်လေးသန်မာလှသော်လည်း သူ၏ကျင့်ကြံခြင်းအဆင့်က ထိုမျှမသန်မာလှပေ။ သူမ၏မျက်လုံးထဲတွင် သူက ပုရွက်ဆိတ်တစ်ကောင်နှယ် အားနည်းလှသည်။


"ရှင်နောက်ဆုံးတော့ ထွက်လာရဲပြီပေါ့လေ..."


ထုံယွဲ့ ပုဖန်ကိုအေးစက်စက်ကြည့်လိုက်ပြီး လှောင်ရယ်လိုက်သည်။


ဘုန်း


မဟူရာလိပ်ခုံးဒယ်အိုးက ရုတ်တရက် မြေပြင်ပေါ် ပြုတ်ကျသွားပြီး လေလှိုင်းများကို ထွက်ပေါ်လာစေသည်။ ထိုလေလှိုင်းများ မသေမျိုးမီးဖိုချောင် အဆောက်အဦးမှကျင့်ကြံသူနှစ်ယောက်ကို နောက်သို့ခြေတစ်လှမ်းဆုတ်သွားစေပြီး သက်ပြင်းခပ်ဖွဖွချသွားစေသည်။


မဟူရာလိပ်ခုံးဒယ်အိုးက အလွန်လေးလံလှသည်။ သူတို့၏ လက်ရှိကျင့်ကြံခြင်းနှင့်ဆိုလျှင်တောင် အလွန်လေးလံလှသည်ဟု ခံစားနေရဆဲဖြစ်သည်။


မထင်မှတ်ထားစွာဖြင့် ထိုစားဖိုမှူးလေးက အလွန်လေးလံလှသော ဒယ်အိုကြီးကို မနိုင်နေသည်။


ပုဖန် လက်ကိုလှုပ်လိုက်ပြီး မဟူရာလိပ်ခုံးဒယ်အိုးက သူ့လက်ထံသို့ ပြန်ရောက်လာသည်။ ခဏအကြာတွင် ၎င်းက သေးငယ်နူးညံ့သောဒယ်အိုးလေးအဖြစ် ပြောင်းလံသွားပြီး သူ၏လက်ဖဝါးပေါ်တွင် လည်နေသည်။


မသေမျိုးမီးဖိုချောင်အဆောက်အဦးမှ ကျင့်ကြံသူများ၏ ပြင်းထန်လှသော အင်အားသုံး၍ လှုပ်ရှားနေရသည့် လှုပ်ရှားမှုများနှင့်စာလျှင် ပုဖန်၏ လှုပ်ရှားမှုများက သက်တောင့်သက်သာဖြစ်နေသည်။ 


"ဘာလဲ... နင့်လျှာကိုကြောင်ချီသွားလို့လား... နင်ဘာပြောပြော အသုံးကိုမဝင်ဘူး..."


ထုံယွဲ့၏ အကြည့်များက ပုဖန်ဆီရောက်သွားပြီး ထို့နောက်တွင် ပုဖန်နောက်ရပ်နေသော လှပသော နယ်သာရီထံ အကြည့်ရောက်သွားသည်။


သူမနှလုံးသားထဲတွင် မနာလိုမှုလှိုင်းလုံးများ မြင့်တက်လာကာ သူမ၏နှာခေါင်းပေါက်မှ ဒေါသအငွေ့များပင် မှုတ်ထုတ်နေဟန် ပေါ်နေသည်။


"နင်... ထုပ်ပိုးပြီး ဒီဆိုင်ကိုပိတ်လိုက်စမ်း... အခုကစပြီး ဒီနေရာမှာ ဘယ်ဆိုင်မှလာမဖွင့်ကြဖို့ ငါတားမြစ်လိုက်ပြီ... နောက်ထပ်ဆိုင်တစ်ဆိုင်တွေ့ရဲတွေ့ကြည့် ဒီအမျိုးသမီးက တွေ့တာနဲ့ဖျက်ဆီးပစ်လိုက်မှာ...."


တွေ့တာနဲ့ ဖျက်ဆီးပစ်လိုက်မှာတဲ့လား...


ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။

ဒီထုံယွဲ့ ကြည့်ရတာ... သူ့ကိုပြဿနာလာရှာချင်ပုံပဲ...


သို့သော် ထုံယွဲ့၏ စကားများကို လျစ်လျူသာရှုလိုက်သည်။ အမှန်အတိုင်းပြောရလျှင် သူထင်ထားသည်နှင့် ကွာခြားနေသည်။


ပုဖန်၏နှုတ်ခမ်းထောင့်များက ခနဲ့ပြုံးပြုံးနေဟန်ဖြစ်သွားကာ ထုံယွဲ့ကိုကြည့်ပြီး ဂရုမစိုက်သလ်ုပြောလိုက်သည်။


"ဒါဆိုရင် ပြဿနာရှာဖို့ကလွဲလို့ ကျန်တဲ့နည်းမရှိတော့ဘူးပဲ.."


"ပြဿနာရှာတယ်... နင်လုပ်နိုင်တယ် မလုပ်နိုင်တယ်ဆိုတာအပေါ် မူတည်တယ်..."


ထုံယွဲ့ သရော်နေဟန် နှာမှုတ်လိုက်သည်။


သေမျိုးလေးက သူမကိုရိုက်နိုင်မယ်ထင်နေတညလား...


ထုံယွဲ့က သူကောင်းမျိုးနွယ် မိသားစုဝင်တစ်ယောက်ဖြစ်သည်။ ထိုမိသားစုဝင်ဖြစ်၍ သူမ၏အဆင့်အတန်းက မြင့်မြတ်လှပေသည်။ သူမနှင့် ထိုသေမျိုးလေးတို့ကြားတွင် ကောင်းကင်နှင့်မြေကြီးတမျှကွာဟလှပေသည်။


ဘာလို့ ဒီလူကြီးက သူမကိုရိုက်ရဲ ရအောင် သတ္တိရှိနေရတာလဲ...


ပုဖန် ခေါင်းရမ်းလိုက်ပြီး မျက်လုံးများက အေးစက်နေဆဲဖြစ်သည်။


ရုတ်တရက် မသေမျိုးမီးဖိုချောင်အဆောက်အဦးမှ ကျင့်ကြံသူနှစ်ဦးက ထုံယွဲ့နောက်တွင် အတုန်တုန်အရီရီ ရပ်နေကြသည်။ ထိုစားဖိုမှူးလေးက သူတို့တို့ အမြဲတမ်း ဂနာမငြိမ်ဖြစ်စေခဲ့ပြီး ယခုတွင် ထိုခံစားချက်က ပိုမိုပြင်းထန်လာသည်။


သန်မာလှသော စိတ်စွမ်းအားများက ရုတ်တရက်ကြီးပေါ်လာပြီး ကျင့်ကြံသူနှစ်ဦး၏ နှလုံးသားကို တင်းကြပ်သွားစေသည်။ သူတို့ ယခုတွင် အလွန်အမင်း နိုးကြားနေလျက်ရှိသည်။


ပုဖန်၏ ကျင့်ကြံခြင်းအဆင့်က မသန်မာလှသော်လည်း သူ၏စိတ်စွမ်းအင်က တခြားဆီပင်ဖြစ်သည်။ ထို့ကြောင့်သူတို့ သူ့ကို အလေးအနက်ထား၍ ဆက်ဆံနေရခြင်းဖြစ်သည်။


ရုတ်တရက်


စိတ်စွမ်းအားပျောက်ကွယ်သွားကာ လူတိုင်းသည်လည်း သူတို့ပခုံးပေါ်ရှိ ဖိအားပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။


ကျင့်ကြံသူနှစ်ဦး ကြောင်အသွားကြသည်။


"မင်းတို့သိလား... ငါ့စားသောက်ဆိုင်ထဲမှာဆိုရင် ပြဿနာရှာသူတွေကို ဝင်ခွင့်မပြုဘူးဆိုတဲ့ စည်းမျဉ်းရှိတယ်... ဒါကစားသောက်ဆိုင်မဟုတ်ပဲ အစားအသောက်တန်းလေးတစ်ခုဖြစ်နေရင်တောင်...."


ပုဖန် သူ၏စိတ်စွမ်းအင်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ထုံယွဲ့နှင့် ကျန်နှစ်ယောက်ကို အေးစက်စက်ကြည့်လိုက်သည်။


"ပြဿနာလာရှာတဲ့သူတွေကိုတော့ လက်မခံဘူး..."


အဝေးမှ ငရဲဘုရင်အာဟ ပုဖန်၏စကားများကိုကြားပြီး မျက်လုံးများ တောက်ပသွားသည်။


အမှန်ပဲ... ဒါကမှ ငါသိတဲ့ပုဖန်...


အစားအသောက်ဆိုင်တန်းလေးတစ်ခု ဆိုရင်တောင် ပြဿနာရှာတဲ့သူက စားသောက်ဆိုင်ထဲပြဿနာရှာတာနဲ့ တူတူပဲ..


လေအလျှင်နှင့် အဝတ်အစားချွတ်ခဲ့ရပြီး သူ၏ အဝတ်ချွတ်လက်ကို အသုံးပြုခဲ့ရသည်မှာ အတော်ကြာခဲ့ပြီဖြစ်သည်။ ငရဲဘုရင်အာဟ နောက်ထပ်တစ်ကြိမ် အဝတ်ချွတ်ပစ်ရန် မစောင့်နိုင်တော့ပေ။


သူ ပုဖန် သူ့ကိုလှမ်းအော်မည့်အချိန်ကို စောင့်နေခြင်းဖြစ်သည်။ ထို့နောက် သူဈေးဆစ်ပြီး အစပ်ချောင်းအနည်းငယ် ထပ်တောင်းရမည်ဖြစ်သည်။


ပါးစပ်ထဲတွင် အစပ်ချောင်းကိုက်ထားပြီး ငရဲဘုရင်အာဟ တပြုံးပြုံးဖြင့် မျှော်လင့်တကြီးစောင့်ကြည့်နေသည်။


ငရဲဘုရင်အာဟနားရှိ စားသုံးသူများအားလုံး စိတ်ရှုပ်သွားကြသည်။

ဒီလူ နေမကောင်းဘူးလား...


"ငါလား... ငါက ပြဿနာကောင်လား..."


ထုံယွဲ့ ရယ်လိုက်ပြီး ဆက်ပြောလိုက်သည်။


"ငါပြဿနာရှာနေတာမဟုတ်ဘူး... ငါကနင့်လို အဆင့်နိမ့်နယ်မြေကလာတဲ့ အဆင့်နိမ့်သေမျိုးကောင် ကိုမောင်းထုတ်ဖို့လာရုံပဲ... သေမျိုးတစ်ယောက်အနေနဲ့ သေမျိုးတစ်ယောက်လို နေနေရမှာ..."


သူမ ပုဖန်ကို ဘာမှ ထပ်မပြောချင်တော့ ဟန်ဖြင့် ကျန်ကျင့်ကြံသူနှစ်ဦးကို ပြောလိုက်သည်။


"ဒီသေမျိုးကို သင်ခန်းစာပေးလိုက်စမ်း..."


ရုတ်ချည်းပင် ကျင့်ကြံသူနှစ်ဦး တိုက်ကွက်ထုတ်လိုက်သည်။ သူတို့၏အော်ရာများက ရုတ်တရက်ပြောင်းလဲသွားပြီး သူတို့ဆီမှ ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။


ပုဖန် တည်ငြိမ်နေဆဲဖြစ်ကာ တစ်နေရာတည်းတွင် ရပ်နေဆဲဖြစ်သည်။ ကျင့်ကြံသူနှစ်ဦးထံမှ ဖိအားက သူ့ကိုလေညှင်းတိုက်ခတ်ရုံလောက်သာ ဖြစ်စေသည်။


မသေမျိုးမီးဖိုချောင်အဆောက်အဦးမှ ကျင့်ကြံသူများက ကိုယ့်စွမ်းရည်ကိုယ် ယုံကြည်မှုရှိကြသည်။ ထိုစားဖိုမှူးလေးက စိတ်စွမ်းအင်သန်မာလှသော်လည်း သူ၏ခန္ဓာကိုယ်ကျင့်ကြံခြင်းက အလွန်အားနည်းလှသည်။ ထို့ကြောင့် စိတ်ပူစရာမလိုအပ်ပေ။


ရုတ်တရက်


ပုဖန်၏မျက်လုံးများ စူးရှသွားကာ အသက်ပြင်းပြင်းရှူ၍ စကားလုံးတစ်လုံးတည်းကိုသာ အော်လိုက်သည်။


"ဝှိုက်တီ..."


ရှီး...


ပုဖန် အော်လိုက်သည်နှင့် မသေမျိုးမီးဖိုချောင်အဆောက်အဦးမှ ကျင့်ကြံသူနှစ်ဦး၏ရှေ့သို့ မိုးကြိုးတစ်ချက် ပစ်ချလာသည်။


ထိုကျင့်ကြံသူနှစ်ဦး တောင့်ခံသွားကာ ခြေလှမ်းများစွာ နောက်သို့ဆုတ်လိုက်ရသည်။


ဟမ်.. မိုးကြိုးလား...


သူတို့၏မျက်နှာများပေါ်တွင် သံသယတို့ ပြည့်နှက်သွားသည်။


ဘုန်း


ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ကြီးမားလှသော အဖြူရောင်သံ တုံးကြီးတစ်ခု သူတို့ရှေ့တွင်ပေါ်လူသည်။


ဝှိုက်တီ၏ စက်ရုပ်မျက်လုံးများက မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည်။ လျှပ်စီးကြောင်းများက ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် ပတ်ပြေးနေပြီး လွတ်လွတ်လပ်လပ်ကခုန်နေကြသည်။


ခွေးဘုရင် ပစ်လွှတ်လိုက်သော ကမ္ဘာမြေမသေမျိုရုပ်သေး တုံကင်ကိုမျိုချပြီးနောက်တွင် ဝှိုက်တီ ထပ်မံတိုးတက်လာပြန်သည်။ ဝှိုက်တီလျှပ်စီးများကို မရုပ်သိမ်းနိုင်သေးသော်လည်း ၎င်း၏တိုက်ပွဲစွမ်းရည်က အဆင့်ထပ်မြင့်လာခြင်းဖြစ်သည်။


"ဝှိုက်တီ... သူတို့ကို ပြဿနာကောင်တွေဘာဖြစ်သွားလဲ ပြောပြလိုက်..."


ပုဖန် ဝှိုက်တီကိုကြည့်လိုက်သည်။


"ပြဿနာကောင်တွေက အဝတ်ချွတ်ရပြီး လူတိုင်းရှေ့မှာ လွှတ်ပစ်ခံရပါမယ်.."


ပုဖန်၏ စက်ရုပ်မျက်လုံးများ တောက်ပလာကာ ထို့နောက် ထိုမျက်လုံးများထဲတွက် လျှပ်စီးတို့ဖြတ်ပြေးသွားသည်။


၎င်း၏ ပတ်ပတ်လည်ရှိလေထုသည် ပြင်းပြင်းထန်ထန်ဖိသိပ်ခံလိုက်ရပြီး ပေါက်ကွဲလာမလိုဖြစ်နေသည်။ လျှပ်တစ်ပြက်အတွင်း ဝှိုက်တီ မသေမျိုးမီးဖိုချောင်အဆောက်အဦးမှ ကျင့်ကြံသူများရှေ့တွင် ရောက်လာသည်။


"ရုပ်သေးရုပ်လေးတစ်ရုပ်သာသာနဲ့ ပြဿနာရှာရဲတယ်လား..."


မသေမျိုး မီးဖိုချောင်အဆောက်အဦးမှ ကျင့်ကြံသူနှစ်ဦး အမှန်တကယ် ဒေါသထွက်သွားကြသည်။

ပြဿနာကောင်တွေက လူတိုင်းရှေ့မှာ အဝတ်ချွတ်ခံရမယ်တဲ့လား...


ထို အလွန်အမင်းထောင်လွှားလှသော စကားလုံးများက သူတို့ကိုအလွန်အမင်း ဒေါသထွက်စေသည်။

ဒီလိုဆိုမှတော့ ဒီရုပ်သေးရုပ်ရဲ့ ထောင်လွှားနေတဲ့မျက်ခွက်က သူ့လက်သီးနဲ့ မိတ်ဆက်ရတာပေါ့....


ဘုန်း ဘုန်း ဘုန်း


ဝှိုက်တီ၏ သစ်ရွက်တစ်ရွက်နှင့်တူသော လက်ဖဝါးက လက်သီးဆုပ်ကြီးတစ်ခု အဖြစ်ပြောင်းလဲသွားသည်။


လက်သီးနှစ်ခု ဆုံသွားချိန်တွင် ကြီးမားသော ပေါက်ကွဲမှုကြီး ထွက်ပေါ်လာသည်။


ပတ်ဝန်းကျင်ရှိ စားသုံးသူများ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ခဏအကြာတွင် ၎င်းတို့အားလုံး သက်ပြင်းရှိူက်လိုက်မိသည်။


ထို မသေမျိုးမီးဖိုချောင်အဆောက်အဦးမှ ကျင့်ကြံသူသည် သံရုပ်သေးရုပ် ထိုးသည်ကို ခံလိုက်ရပြီး လွင့်ပျံသွားကာ မြေပြင်ပေါ် ပြုတ်ကျသွားသည်။


သို့သော် ထိုကျင့်ကြံသူက ချက်ချင်းမတ်တတ်ပြန်ရပ်လာပြီး မုန်းတီးရှက်ရွံ့မှုတို့အပြည့်ဖြင့် ပြန်ကြည့်လာတော့သည်။ သူ့လက်သီးကိုပြန်ကြည့်လိုက်သောအခါ လျှပ်စီးကြောင်းတို့ရှိနေကြသည်။ ၎င်းက အသက်ရှိနေသည့်ဟန်ဖြင့် သူ၏ အသွေးအသားများထဲပတ်ပြေးနေပြီး သူ၏ကြွက်သားများကို နာကျင်နေစေသည်။


လခွမ်း... အဲ့တာဘာကြီးလဲဟ...


ဘယ်လိုလုပ် အဲ့ ရုပ်သေးရုပ်မှာ လျှပ်စီးတွေရှိနေရတာလဲ...


"ထရပ်ပြီး ဖျက်ဆီးပစ်စမ်း... သံတုံးကြီးတစ်တုံးကိုတောင် မတိုက်ခိုက်နိုင်ဘူးလား..."


ထုံယွဲ့ မြေပြင်ပေါ် ထိုင်နေဆဲစ်သော ကျင့်ကြံသူကို အော်ဟစ်လိုက်သည်။


ထုံယွဲ့၏ အခြေအနေကိုကြည့်ပြီး မသေမျိူးမီးဖိုချောင်အဆောက်အဦးမှ ကျင့်ကြံသူနှစ်ဦး အချင်းချင်းကြည့်လိုက်ပြီး အံတင်းတင်းကြိတ်၍ နောက်တစ်ကြိမ် ထပ်တိုက်ပြန်သည်။


ဤတစ်ကြိမ်တွင် သူတို့၏ အစစ်အမှန်ခွန်အားများကို ထုတ်ပြတော့မည်ဖြစ်သည်။


သို့သော်


ဝှိုက်တီ၏ ပုံရိပ်က ပုံရိပ်ယောင်တစ်ခုနှယ် ထိုကျင့်ကြံသူနှစ်ဦးရှေ့တွင် ပေါ်ထွက်လာသည်။


ဇစ် ဇစ် ဇစ်


လျှပ်စီးကြောင်းများက ထိုနှစ်ယောက်ကို ထိမှန်သွားပြီး ပိုမိုပြင်းထန်လာသည်။ ၎င်းက သူတို့၏ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့သွားပြီး တစ်ကိုယ်လုံးကို လျှပ်စစ်ရှော့တိုက်သလိုဖြစ်နေကာ အဆက်မပြတ် တုန်ရီနေလျက်ရှိသည်။


ဝှိုက်တီက မပြီးသေးပေ။ ၎င်း၏ မျက်လုံးများက တောက်ပလာကာ ကျင့်ကြံသူနှစ်ဦးလုံးကို ကောက်မကာ အဝေးသို့ လွှင့်ပစ်လိုက်သည်။


အရာရာတိုင်းက လျှပ်တစ်ပြက်အတွင်းဖြစ်သွားခြင်းဖြစ်သည်။ မသေမျိုးမီးဖိုချောင်အဆောက်အဦး၏ ကျင့်ကြံသူနှစ်ဦး၏ ခန္ဓာကိုယ်တစ်ကိုယ်လုံးတွင် လျှပ်စီးကြောင်းတို့ ပတ်ပြေးနေစဉ်တွင် လေထဲ၌ ဆုတ်ပြဲသံတစ်ခုထွက်ပေါ်လာသည်။


မည်သူမှ မတုံ့ပြန်နိုင်မီ သူတို့ကိုယ်ပေါ်ရှိ မသေမျိုးမီးဖိုချောင်အဆောက်အဦးဝတ်ရုံက ရုတ်ချည်း ပျောက်ကွယ်သွားသည်။


ကျင့်ကြံသူနှစ်ဦးက ဖင်ပြောင်ဖြစ်သွားကာ လွင့်ပျံသွာကြပြီး မြေပြင်ပေါ် ဖင်ဖြင့်ကျသွားခဲ့သည်။


ကျင့်ကြံသူနှစ်ဦး စိတ်ရှုပ်ထွေးသွားကြသည်။


ဘာဖြစ်သွားတာလဲ...


သူတို့ဘာလို့ မြေပြင်ပေါ်ထိုင်နေကြတာလဲ... ဘာလို့ အောက်ပိုင်းက အေးလာရတာလဲ..


ဆူဆူညံညံအသံများထွက်ပေါ်လာပြီး ကျင့်ကြံသူနှစ်ဦး သတိပြန်ဝင်သွားကြသညခ။


ပရိတ်သတ်များက အံ့ဩနေသောအကြည့်ဖြင့် မြေပြင်ပေါ်တွင်ထိုင်နေကြသော မသေမျိုးမီးဖိုချောင် အဆောက်အဦးမှ ကျင့်ကြံသူနှစ်ဦးကိုကြည့်နေကြသည်။


သူတို့ခန္ဓာကိုယ်ပေါ်ရှိ အဝတ်များစုတ်ဖြဲခြင်းခံလိုက်ရပြီး မြေပြင်ပေါ်တွင် ဘာဖြစ်သွားမှန်းမသိသေးသော အကြည့်များဖြင့် ထိုင်နေကြသည်။


လူတိုင်း ပြောစရာစကားမဲ့သွားကြကာ ရယ်စရာကောင်းသည်ဟုသာ ခံစားလိုက်ရသည်။


သူတို့ တကယ်ကြီးအဝတ်တွေ အချွတ်ခံလိုက်ရတာလား... လူတိုင်းရဲ့ရှေ့မှာလေ...


ဒီဆိုင်ခန်းလေးက တစ်ခုခုတော့ တစ်ခုခုပဲ...


မထင်မှတ်ထားစွာဖြင့် သူက မသေမျိုးမီးဖိုချောင်အဆောက်အဦးမှ လူများကို အဝတ်ချွတ်ပစ်ရဲလေသည်။


အဲ့တာက မသေမျိုးမီးဖိုချောင်အဆောက်အဦးလေ... မင်း မသေမျိုးမီးဖိုချောင်အဆောက်အဦးကို ထိပါးရဲတယ်ဆိုတော့ မသေမျိုးမြို့တော်ထဲ ဘယ်လိုလုပ် အေးအေးချမ်းချမ်း နေနိုင်တော့မှာလဲ..


ထုံယွဲ့၏ မျက်နှာ အနည်းငယ်တင်းမာသွားကာ ကိုယ်လုံးတီးဖြစ်နေသော လူနှစ်ယောက်ကို ကြည့်လိုက်သည်။ ထို့နောက် သူမ၏ ကျယ်လောင်သော အော်သံက နေရာအနှံ့လွင့်ပျံသွားသည်။


ထိုကြောက်မက်ဖွယ် အော်သံက ပတ်ဝန်းကျင်ရှိ စားသုံးသူများကို ကြောက်လန့်သွားစေပြီး သေးထွက်ကျလုမတတ်ဖြစ်သွားစေသည်။


"နင်.. နင် နင် ရဲတင်းလှချေလား..."


ထုံယွဲ့ ပုဖန်ကို အတုန်တုန်အရီရီဖြင့် လက်ညှိုးထိုးလိုက်သည်။


"မင်းပဲ ငါ့ကို မသေမျိုးမီးဖိုချောင် အဆောက်အဦးမှာ စာမေးပွဲဖြေဖို့ခွင့်မပြုတာလေ အခုလည်းကြရော ငါဆိုင်ခန်းလေးလာဖွင့်တာနဲ့ ဖွင့်ခွင့်မပြုဘူးလို့ ပြောပြန်ရော... ဘာလို့ ဒီလောက်အနိုင်ကျင့်ခံနေရတာလဲ..."


ပုဖန် တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။


ခဏမျှ ရပ်လိုက်ပြီး ဆက်ပြောလာသည်။


"အဲ့လိုသာဆိုရင် မင်းတစ်ယောက်တည်း အနိုင်ကျင့်နည်းကိုသိတယ်ထင်တာလား..."


ပုဖန် နှုတ်ခမ်းထောင့်တို့ မြင့်တက်သွားကာ ဝှိုက်တီကို ကြည့်လိုက်သည်။


ဝှိုက်တီက နားလည်သည်ပုံဖြင့် ၎င်း၏ မျက်လုံးများကို ထုံယွဲ့ထံ လှည့်လိုက်သည်။


"ပြဿနာကောင်တွေကို လူတိုင်းရှေ့မှာ အဝတ်ချွတ်ပစ်ပြီး ကန်ထုတ်ပစ်ရမယ်..."


သူမ အဝတ်တွေကို ချွတ်...ချွတ်မယ်... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...


ထုံယွဲ့၏ မျက်နှာ ချက်ချင်းပြောင်းလဲသွားသည်။ 

သူမက အမျိုးသမီးတစ်ယောက်လေ...


လူတွေအများကြီးရှိနေတဲ့ ပြည်သူပိုင်နေရာမှာ အဲ့သံတုံးကြီးက သူမအဝတ်ကို အားသုံးပြီး ချွတ်ရဲမယ်တဲ့လား...


ကန်ထုတ်ခံရမယ်ဆိုရင်တောင် သူမက အမျိုးသမီးတစ်ယောက်ဖြစ်နေသည်။ ထိုတင်မက သူမက မသေမျိုးမြို့တော်ထဲရှိ ထုံမိသားစု၏ မိသားစုဝင်တစ်ယောက် ဖြစ်နေသည်။ သူမ၏ အဆင့်အတန်းက မြင့်မြတ်လှပါလေသည်။


ဒီ သေမျိုးက သူမအဝတ်အစားတွေကို တကယ်ကြီးချွတ်ပစ်ရဲတယ်လား..


အဝေးရှိ ငရဲဘုရင်အာဟ သရော်ပြုံးပြုံးလိုက်ကာ ထိုအပြစ်ကင်းစင်လှသည့်အမျိုးသမီးကို လှောင်ရယ်ချင်ဟန်ဖြင့် ခေါင်းခါလိုက်သည်။


သူမက အမျိုးသမီးဖြစ်တာနဲ့ပဲ ထိမရဘူးလို့ တကယ်ကြီးထင်နေတာလား...


ဝှိုက်တီရဲ့မျက်လုံးထဲမှာ ယောက်ျားနဲ့မိန်းမက ဘာမှကို မကွာဘူး...


အခု ဝှိုက်တီမှာ လျှပ်စစ်စွမ်းအင်တွေရှိနေပြီဆိုတော့ ပိုပြီးသန်မာလာသေးတယ်...


ထုံယွဲ့၏ ခါးသီးနေသော မျက်နှာက ရှက်စိတ်ကြောင့် ရဲရဲနီလာကာ စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။


"ငါ့ကို ထိဖို့ခွင့်မပြုဘူး..."


သူမပြောလိုက်ကာ အတုန်တုန်အရီရီဖြင့် နောက်သို့ဆုတ်သွားသည်။


သို့သော် ဝှိုက်တီ၏ အရှိန်နှုန်းမှ သူမဘယ်နည်းဖြင့် လွတ်မြောက်နိုင်မည်နည်း။


ဒီနေ့အတွက် ဝှိုက်တီ၏အော်ရာနှင့် အပြုအမူတို့မှာ ပိုမို လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိနေသည်။ ထိုသည်က ကမ္ဘာမြေမသေမျိုးရုပ်သေးရုပ်တုံကင်ကြောင့်လေလား ထို့ကြောင့်မဟုတ်သည်လား ပဟေဠိဖြစ်နေရဆဲဖြစ်သည်။


ဗြိ


အဆုံးတွင် ထုံယွဲ့ မလွတ်မြောက်နိုင်ခဲ့ပဲ ပတ်ပတ်လည်ရှိ စားသုံးသူများလည်း ပင့်သက်ရှိုက်လိုက်ရသည်။


ပိုးသားဝတ်စုံ စုတ်ဖြဲခြင်းခံလိုက်ရပြီး လွင့်ပျံသွားသည်။ ခဏအကြာတွင် ထုံယွဲ့ကိုယ်ပေါ်ရှိ အဝတ်များအားလုံး စုတ်ဖြဲခံလိုက်ရတော့သည်။


ကိုယ်လုံးတီးဖြစ်နေသော လူသုံးဦး မြေပြင်ပေါ်မှ ကုန်းထနေကြသည်။


ထုံယွဲ့ တောင့်ခဲနေကာ သူမ၏ဖြူဖျော့ဖျော့နှုတ်ခမ်းများက တုန်ရီနေသည်။


"နင်... နင်..."


ယနေ့အတွေ့အကြုံသည် ထုံယွဲ့အပေါ် အတော်ကြီးမားသည့် သက်ရောက်မှုတစ်ခုဖြစ်ခဲ့သည်။ သူမကိုယ်လုံးတီးဖြင့် မသေမျိုးမီးဖိုချောင် အဆောက်အဦးသို့ လေအလျှင်နှင့် ပြန်ပြေးလေတော့သည်။


ငရဲဘုရင်အာဟ ထိုစိတ်ဓာတ်ကျနေသော ပုံရိပ်သုံးခုကို ရယ်ရယ်မောမောကြည့်လိုက်သည်။ ခဏအကြာတွင် သူ့ရယ်သံ ရပ်သွားသည်။


နေပါဦး... သူ့အတွက် ဘာမှမကျန်တော့ဘူးလေ...


ဝှိုက်တီ အခြားသူများ၏ အဝတ်ကို ကိုင်ထားသည်ကိုကြည့်ပြီး ငရဲဘုရင်အာဟ သစ္စာဖောက်ခံရသလို အသုံးမကျသလို ခံစားလိုက်ရသည်။


သူ အစပ်ချောင်းမရတော့ဘူးပေါ့လေ...


ဘယ်လိုတောင် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးလဲ...


ငရဲဘုရင်အာဟ၏နှုတ်ခမ်းထောင့်များ ကုတ်ကျသွားကာ ပျောက်ကွယ်သွားပြီဖြစ်သော ကိုယ်လုံးတီးလူသုံးယောက်ကို ကြည့်လိုက်သည်။ သူအမှန်တကယ်အော်လိုက်ချင်နေသည်။


ထိုအချိန်တွင် ပတ်ဝန်းကျင်ရှိ ဆိုင်ခန်းများမှ စားသုံးသူများက ထိတ်လန့်နေကြသည်။


သို့သော် ခဏအကြာတွင် ထိုဆိုင်တွဲလေးများထဲမှ ပိုင်ရှင်တစ်ယောက်က ပုဖန်ကို စာနာစိတ်အပြည့်ဖြင့် ကြည့်လိုက်သည်။


"မင်း မသေမျိုးမီးဖိုချောင်အဆောက်အဦးကလူတွေကို ဆန့်ကျင်ရဲတယ်ပေါ့လေ... ပိုင်ရှင်ပုရေ မင်းတကယ်ကြီး သေချင်နေပြီလားဟင်..."