အခန်း ၉၅၆
ထုံယွဲ့၏ အမုန်းတရား
မူလျှို့အာ မသေမျိုးမီးဖိုချောင်အဆောက်အဦး၏ တံခါးမကြီးကိုမှီ၍ ရပ်နေသည်။ မသေမျိုးမီးဖိုချောင်အဆောက်အဦးသို့လာရောက်ပြီး စာမေးပွဲဖြေဆိုသူတိုင်း မူလျှို့အာကို နှုတ်ဆက်သွားရမည်ဖြစ်သည်။ အဆုံးတွင် သူမက မသေမျိုးမီးဖိုချောင်အဆောက်အဦး၏ အကြီးအကဲဖြစ်၍ မည်သူမှ သူမကို အနည်းငယ်မျှပင် မလေးမစား မလုပ်ရဲပေ။
သူမကို လာနှုတ်ဆက်ကြသူတိုင်းကို သူမက ပူံမှန်အတိုင်း အပြုံးလေးနှင့် ခေါင်းငြိမ့်ပြလိုက်သည်။
သို့သော် သူမက လူအုပ်ကြီးဝန်းရံနေသော ဆိုင်တန်းလေးကို အာရုံစိုက်ကြည့်နေခြင်းဖြစ်သည်။
ထိုအချိန်တွင် ထိုဆိုင်တန်းလေးက လူတကာ၏ အာရုံစိုက်ရာနေရာဖြစ်နေသည်။
သို့သော် ထိုအခြေအနေနှင့်ပတ်သတ်ပြီး သူမလည်း အတော်လေးသိချင်နေသည်။ အမှန်တကယ်တွင် သူမက မသေမျိုးမီးဖိုချောင်အဆောက်အဦးရှိလူများ လုပ်ခဲ့သည့်အရာကိုသိနေခဲ့သည်။ ထို့ကြောင့် ထိုသေမျိုးလေးတွင် အခွင့်အရေးလုံးဝမရှိတော့ပေ။
မတိုင်မီက သူမ သူ့ကိုသတိပေးခဲ့သော်လည်း နားမထောင်ခဲ့ပေ။ ထိုလူက ပြစ်မှုကို ပင်ကျူးလွန်လိုက်သေးသည်။
တစ်စုံတစ်ယောက်တွင် အပြစ်ရှိနေလျှင် အပြစ်ပေးခံရသည်မှာ ထုံးစံပင်ဖြစ်သည်။
မူလျှို့အာ သက်ပြင်းချလိုက်ကာ အကြည့်ပြောင်းလိုက်သည်။ မသေမျိုးမီးဖိုချောင်အဆောက်အဦး ထဲသို့ ဝင်ချိန်ရောက်ပြီဖြစ်သည်။
သို့သော် သူမလှုပ်ရှားရန် ကြံရွယ်လိုက်ချိန်တွင် သူမခန္ဓာကိုယ် တောင့်ခဲသွားသည်။
အဝေးသို့ ခေါင်းပြန်လှည့်ကြည့်လိုက်သည်။
ထို ဆိုင်တန်းလေးထဲမှ လူအုပ်ကြီးထံမှ ကျယ်လောင်သောအသံတစ်ခုထွက်ပေါ်လာသည်။ ထို့နောက် မိုးကြိုးပစ်သံတစ်ခုထွက်ပေါ်လာပြီး ကိုယ်လုံးတီးလူနှစ်ယောက်ကို ပစ်ထုတ်လိုက်သည်။
ဘာဖြစ်သွားတာလဲ...
မူလျှို့အာ ကိုယ်လုံးတီးနှင့်လူနှစ်ယောက်ကို ကြည့်လိုက်သောအခါ မယုံကြည်နိုင်လောက်အောင်ဖြစ်သွားခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် ဖင်ပြောင်ဖြင့် ပစ်ထုတ်ခံလိုက်ရသော လူနှစ်ယောက်က မသေမျိုးမီးဖိုချောင်အဆောက်အဦးမှ လူနှစ်ဦးဖြစ်နေ၍ ဖြစ်သည်။
သူတို့အဝတ်တွေ ဘယ်လိုလုပ် အချွတ်ခံလိုက်ရတာလဲ... အဲ့တာတင်မကဘူး ဒီအတိုင်းလေး ကန်ထုတ်ခံလိုက်ရသေးတယ်...
မူလျှို့အာ ထိုအကြောင်းတွေးနေရင်း သူမ၏မျက်လုံးများ လူအုပ်ကြီးဆီထပ်မံ ရောက်ရှိသွားသောအခါ တောင့်ခံသွားတော့သည်။
သူမ၏ အထင်သာမှန်မည်ဆိုပါက...
တကယ်လည်းမှန်သွားခဲ့သည်။ ထို့နောက် ကျယ်လောင်သော အော်သံတစ်ခုထွက်ပေါ်လာသည်။ ထိုအော်သံက ကောင်းကင်ကိုပင် စုတ်ဖြဲလုမတတ်ဖြစ်နေသည်။ ခဏအကြာတွင် နောက်ထပ် ကိုယ်လုံးတီးလူတစ်ယောက် ကျင့်ကြံသူနှစ်ယောက်ဘေးသို့ ပစ်ထုတ်ခံလိုက်ရပြန်သည်။
ဤတစ်ကြိမ်တွင် မူလျှို့အာ၏မျက်နှာ ကိုးယိုးကားယားဖြစ်သွားခဲ့သည်။
အဝတ်ချွတ်ခံလိုက်ရသည့် ထိုတတိယလူက အခြားလူမဟုတ်ပဲ မောက်မာလှသည့် ထုံယွဲ့ဖြစ်နေသည်။
ထုံယွဲ့တစ်ကိုယ်လုံး သနားစဖွယ်ကောင်းနေပြီး အလွန်အမင်း သနားချင့်စဖွယ်ဖြစ်နေသည်။
အဓိကအားဖြင့် ရလဒ်သည်ထိုသို့ဖြစ်ရမည်ဟု သူမ မထင်ထားခဲ့ပေ။ နောက်ဆုံးတွင် သူမ အရှက်တကွဲဖြစ်ခြင်းနှင့် အဆုံးသတ်သွားခဲ့ရသည်။ ထိုသည်က သူမထင်ထားခဲ့သည်နှင့် လုံးဝကွဲပြားနေခဲ့သည်။
အဲ့သေမျိုး... သူကတကယ်ကြီး သူကောင်းမျိုးနွယ်မိသားစုထဲက ထုံယွဲ့ကို တကယ်ကြီး ကန်ထုတ်ရဲတယ်လား...
အဲ့သေမျိုးလေးက သူကောင်းမျိုးနွယ်မိသားစုက ပြန်လက်စားချေမှာမကြောက်ဘူးလား...
မသေမျိုးမြို့နယ်အတွင်းမှာ ထုံမိသားစုရဲ့ အဆင့်အတန်းက သာမန်မဟုတ်ပေ။ သူကောင်းမျိုးနွယ်များတွင်ပင် ထိပ်ကိုင်းအဆင့်ထဲတွင် ရှိနေသည်။
သူကောင်းမျိုးနွယ်မိသားစုက အဝတ်အစားချွတ်သည်ကို အသေးအဖွဲကိစ္စဖြစ်သည်ဟု ယူစကြမည်ဆိုလျှင်တောင် ပုဖန်ကို ထိုကိစ္စလေးအတွက် ပြဿနာလာရှာကြမည်မဟုတ်ပေ။
သို့သော် အကယ်၍
အကယ်၍ ထုံမိသားစုသာ ပြဿနာရှာမည်ဆိုပါက...
သူကောင်းမျိုးနွယ်မိသားစု၏ ပစ်မှတ်ဖြစ်သွားပါက ထိုသေမျိုး၏ ကံကြမ္မာက အလွန်အမင်းသနားစဖွယ်ဖြစ်သွားမည်ဖြစ်သည်။
ကံဆိုးစွာဖြင့် မသေမျိုးအချက်အပြုတ်နယ်နေမြေကို ဝင်ရောက်လာကာစဖြစ်သော သေမျိုးလေးက အချို့ကိစ္စရပ်များကို မသိနိုင်သေးပေ။ အထူးသဖြင့် မသေမျိုးမြို့တော်တွင် အာဏာရှိသော သူများကို ရင်ဆိုင်ရာတွင် မည်သို့ဖြစ်တတ်သည်ကိုလည်း သိလောက်မည်မဟုတ်ပေ။
မူလျှို့အာ သက်ပြင်းချလိုက်သည်။
ဤတစ်ကြိမ်တွင် သူမ ပုဖန်ကို မကယ်နိုင်တော့ပေ။
အဝေးတွင် မူလကဖြူဖျော့နေကြသော ထုံယွဲ့နှင့် ကျင့်ကြံသူနှစ်ဦး သွေးရောင်ပြန်လွှမ်းလာပြီဖြစ်ကာ ၎င်းတို့၏နှလုံးသားထဲတွင် မကျေနပ်မှုတို့ လွှမ်းခြုံလာသဖြင့် အလျှင်အမြန် ဝက်အသဲရောင်ပင် ပြောင်းသွားကြသည်။
အဲ့သံရုပ်သေးက မိုးကြိုးကိုအမိန့်ပေးနိုင်တယ်... ဘယ်လိုလုပ် အဲ့လောက်သံမာနေရတာလဲ..
"မသေမျိုးရုပ်သေးရုပ်လား..."
ထုံယွဲ့ ထိတ်လန့်သွားသည်။ ထိုသံရုပ်သေးရုပ်၏ အော်ရာသည် ရင်းနှီးနေဟန်ရှိနေပြီး ထိုကြောက်မက်ဖွယ်ခံစားချက်က သူမကိုယ်တွင်းတွင် ချက်ချင်း မြင့်တက်လာသည်။
၎င်းသည် မသေမျိုးရုပ်သေးရုပ်၏ အော်ရာဖြစ်သည်။
မသေမျိုးရုပ်သေးရုပ်သည် ရှားပါးအဖိုးတန်လှသည်။ မသေမျိုးအချက်အပြုတ်နယ်မြေတွင် အချို့စားဖိုမှူးများက တိုက်ခိုက်ရာတွင် မတော်ကြသဖြင့် မသေမျိုးရုပ်သေးရုပ်များကို သူတို့ကိုကာကွယ်ရန် ဖန်တီးကြလေသည်။
အချို့လူများက အပျော်သဘောပြုလုပ်ကြခြင်းဖြစ်သည်။ မသေမျိုးအချက်အပြုတ်နယ်မြေတွင် မသေမျိုးရုပ်သေးရုပ်များကြား ပြိုင်ပွဲများသည် သူကောင်းမျိုးနွယ်မိသားစုအချို့၏ အပျော်ရှာရာတစ်ခုဖြစ်လာခဲ့သည်။
ထိုလူများကြားတွင် ထုံမိသားစု၏ သခင်လေး ထုံချန်းတွင်လည်း မသေမျိုးရုပ်သေးရုပ်ရှိသည်။ သူ၏ မသေမျိုးရုပ်သေးရုပ်သည် အဆင့်နိမ့်နယ်မြေမှ သေမျိုးတစ်ယောက်ထံမှ ဖျက်ဆီးခံလိုက်ရသဖြင့် ဒေါသထွက်ထွက်ဖြင့် ထိုသေမျိုးများကို မြေလှန်ရှာနေခဲ့သည်။
ထိုအရာတစ်ခုတည်းဖြင့် မသေမျိုးရုပ်သေးရုပ်တစ်ခု၏ အရေးပါပုံကို မြင်နိုင်လေသည်။
အဆင့်နိမ့်နယ်မြေကလာတဲ့ သေမျိုးတစ်ယောက်မှာ ဘယ်လိုလုပ်ပြီး မသေမျိုးရုပ်သေးရုပ်ရှိနေရတာလဲ... အဲ့တာထူးဆန်းနေတယ်မလား...
ထုံယွဲ့သာ အသေအချာစဉ်းစားခဲ့မည်ဆိုပါက သူမဆက်စပ်တွေးခေါ်နိုင်လိမ့်မည်ဖြစ်သည်။ သို့သော် ထိုအချိန်တွင် သူမသည် လုံးလုံးလျားလျားအာရုံပြောင်းနေသည်။ သူမခန္ဓာကိုယ်ပေါ်ရှိ အဝတ်များကို ထိုသံရုပ်သေးရုပ်ကချွတ်သွားခဲ့သဖြင့် အလွန်ရှက်နေသဖြင့် မည်သည့်အရာကိုမှမတွေးနိုင်တော့ခြင်းဖြစ်သည်။
အဆုံးတွင် ထုံယွဲ့နှင့် ကျင့်ကြံသူနှစ်ဦးက မသေမျိုးမီးဖိုချောင်အဆောက်အဦးသို့ အရူးတစ်ပိုင်းပြေးလာကြသည်။
ထုံယွဲ့ သူမ၏တစ်ကိုယ်လုံး ပူလောင်လာသလို ခံစားလိုက်ရသည်။ သူမက ရုပ်ရည်မလှသော်လည်း ရှက်လွန်း၍ မီးတောက်နေဟန်ပင်ဖြစ်သည်။ လူများစွာရှိသောနေရာတွင် ဤကဲ့သို့ ကိုယ်လုံးတီးဖြစ်အောင် အဝတ်ချွတ်ခံလိုက်ရ၍ သူမကိုယ်သူမ မီးလောင်ပြင်အလယ်တွင် ရောက်နေပြီဟု ခံစားလိုက်ရသည်။
မူလျှို့အာ၏ မကျေမနပ်ဖြစ်နေသော အကြည့်အောက်တွင် ထုံယွဲ့ မသေမျိုးမီးဖိုချောင်အဆောက်အဦးထဲသို့ ဝင်ခဲ့လိုက်သည်။
မသေမျိုးမီးဖိုချောင်အဆောက်အဦးမှ ထိုဆိုင်တန်းလေးကို အရေးယူသည်မှာ မအောင်မြင်ကြောင်း ထင်ရှားနေပေသည်။
အလုပ်ဆက်လုပ်နေဆဲဖြစ်နေသာ ထိုဆိုင်ခန်းလေးကိုကြည့်ပြီး မူလျှို့အာ၏စိတ်ထဲတွင် သိချင်စိတ်တို့ မြင့်တက်လာသည်။
သူမလက်ပိုက်ကာ ပုဖန်၏ဆိုင်ခန်းလေးသို့ လမ်းလျှောက်သွားလိုက်သည်။ သူမရောက်ရှိသွားပြီးနောက်တွင် ရနံ့အချို့ကို ရှူရှိုက်မိလိုက်သောအခါ သူမကို ပိုမိုစိတ်ဝင်စားသွားစေသည်။
ပုဖန် ဘာတွေချက်နေတာလဲ... ဒီဆိုင်ခန်းလေးက ဘာတွေရောင်းတာလဲ...
ဝှိုက်တီ၏မျက်လုံးများ တောက်ပသွားသည်။ ထုံယွဲ့နှင့် မသေမျိုးမီးဖိုချောင်အဆောက်အဦးမှကျင့်ကြံသူနှစ်ယောက်၏ အဝတ်များကိုဆွဲချွတ်ပြီး၍ ကန်ထုတ်ပြီးနောက်တွင် ၎င်းသည် ပုဖန်နောက်တွင်ရပ်နေပြီး ဆိုင်ခန်းငယ်လေးကို စောင့်ရှောက်နေသည်။
သို့သော် ပုဖန်က ဘာမှမမြင်သလို ဆက်ရောင်းနေဆဲဖြစ်သည်။
ထိုမြင်ကွင်းက အတော်လေးရုတ်ရုတ်သဲသဲဖြစ်သွားစေသည်။
ဒီဆိုင်ခန်းလေးရဲ့ ပိုင်ရှင်က မသေမျိုးမီးဖိုချောင်အဆောက်အဦးကလူကို တကယ်ကြီး တိုက်ခိုက်ရဲတယ်လား...
သူ့မှာ အင်အားကြီးတဲ့နောက်ခံတွေဘာတွေ ရှိလို့များလား...
စားသုံးသူများအားလုံး အချင်းချင်း ပြူးကြောင်ကြောင်ကြည့်လိုက်ကြသည်။ ထို့နောက် ပြန်လည်သတိဝင်လာကြပြီး စိတ်အားထက်သန်လာကြသည်။
ဆူပွက်နေသောဟော့ပေါ့က ကောင်းကင်ထိတိုင် အငွေ့များထုတ်လွှတ်နေသည်။
ပုဖန် မီးဖိုဆီပြန်သွားပြီး သူမူလကလုပ်နေခဲ့သော ပါဝင်ပစ္စည်းများစီစဉ်ခြင်းကို ဆက်လုပ်နေလိုက်သည်။
သူ့လက်ထဲရှိ နဂါးအရိုးမီးဖိုချောင်သုံးဓားက တောက်ပသွားပြီး ရေစက်တို့တင်ကျန်နေဆဲဖြစ်သော အသီးအရွက်များကို အစိတ်အပိုင်းများစွာ ဖြတ်တောက်သွားသည်။
ထိုအချိန် မူလျှို့အာသည် ဆိုင်ခန်းလေးသို့ ရောက်လာခဲ့ပြီဖြစ်သည်။
ထိုဆိုင်ခန်းလေးသည် အလွန်ရိုးရှင်းလှပေသည်။ ၎င်းတွင် စားပွဲအချို့နှင့် ထိုင်ခုံအချို့ကလွဲ၍ ကျန်တာရှိမနေပေ။သို့သော် ၎င်းကအလွန်ရိုးရှင်းလှသော်လည်း မရေမတွက်နိုင်သော လူများကို ဆွဲဆောင်နိုင်နေသည်။
မူလျှို့အာ၏ မျက်နှာပေါ်တွင် စပ်စုလိုသောအမူအယာထွက်ပေါ်လာသည်။
"စိတ်ဝင်စားစရာပဲ... အိုးကိုစားပွဲပေါ်ဒီတိုင်းတင်လိုက်တာလား... အဲ့တာဆို ဘယ်လိုစားရတော့မှာလဲ..."
သူမ သူမဘေးနားရှိ ဟော့ပေါ့စားနေကြသော သူများကို မေးလိုက်သည်။
စားပွဲတွင်လူသုံးယောက်ရှိနေသည်။ အလယ်တွင် တောက်ပနေသောကြေးအိုးကြီးတစ်လုံးရှိနေပြီး ထိုအိုးထဲတွင် စွပ်ပြုတ်များက အဆက်မပြတ်ဆူပွက်နေသည်။ စွပ်ပြုပ်က ပူဖောင်းတို့ထ၍ အပူနှင့်မွှေးရနံ့တို့ကို လေနှင့်အတူ သယ်ဆောင်နေသည်။
အိုးပတ်ပတ်လည်တွင် များစွာသော ပါဝင်ပစ္စည်းအစိမ်းများရှိနေကာ တစ်ခုမှခမချက်ပြုတ်ထားပေ။
ဒီလိုဟင်းပွဲက အရသာရှိနိုင်ပါ့မလား...
သူမ ဟော့ပေါ့၏ တီထွင်နိုင်မှုကို စိတ်ဝင်စားနေသော်လည်း အရသာကပို၍အရေးကြီးပေသည်။ အဆုံးတွင် သူမထိုသို့သော ဟင်းပွဲမျိုးကို ပထမဦးဆုံးမြင်ဖူးခြင်းဖြစ်သည်။
မူလျှို့အာက ထိုအသက်ဝင်လှသော မြင်ကွင်းကိုမြင်သောအခါ မျက်လုံးများရွေ့လျားသွားပြီး လူသုံးယောက်ရှိသောစားပွဲတွင် သွားထိုင်လိုက်သည်။ မျက်စိမှေးကျဉ်းလိုက်ပြီး သူမပါဝင်ထိုင်မည်ဖြစ်ကြောင်း ပြောလိုက်သည်။
ထိုစားသုံးသူသုံးယောက်က မူလျှို့အာခန္ဓာကိုယ်ပေါ်ရှိ မသေမျိုးမီးဖိုချောင်အဆောက်အဦးဝတ်ရုံကို မြင်လိုက်ရသောအခါ မျက်နှာများ ဖြူဖျော့သွားကြသည်။ သဘာဝကျစွာဖြင့် သူတို့ မငြင်းဆိုရဲကြပေ။ ထို့ကြောင့် နောက်ထပ် တူနှင့်ပန်းကန်တစ်စုံကိုသာ ထပ်မှာလိုက်တော့သည်။
ခဏကြာ အတူတူစားပြီးနောက်တွင် သူတို့င မူလျှို့အာတွင် မသေမျိုးမီးဖိုချောင်အဆောက်အဦး၏ အကြီးအကဲဖြစ်သော်လည်း မာနမကြီးကြောင်း သိလိုက်ရသည်။ ရုတ်တရက် သူမအပေါ် ပိုမိုလေးစားလာပြီး ဟော့ပေါ့စားနည်း လျှို့ဝှက်ချက်များကိုပါ ပြောပြလိုက်သည်။
"ပခမဆုံး ဆော့စ်ကို ကိုယ့်ဘာသာစပ်ရမယ်... ဆော့စ့်က ကိုယ့်ရဲအချက်အပြုတ်ကျွမ်းကျင်မှုကို စမ်းသပ်တာဖြစ်လို့ အရေးကြီးတယ်..."
သုံးယောက်ထဲက တစ်ယောက်က ဆိုလိုက်သည်။
သို့သော် သူ၏ အကြံကို ဘေးရှိလူများက လှောင်ပြောင်လိုက်ကြလေသည်။ တစ်ချို့က အရသာရှိသော ဟော့ပေါ့သည် ပါဝင်ပစ္စည်းများကို ထည့်သည့်အချိန်နှင့် စွပ်ပြုတ်အရည်ပေါ်တွင် မူတည်သည်ဟု ထင်ကြသည်။
ပါဝင်ပစ္စည်း၏ အထူအပါးက မှန်ကန်နေမှသာလျှင် စွပ်ပြုတ်ဆူဆူထဲသို့ထည့်လိုက်ပါက ပြီးပြည့်စုံသော အရသာကို ရမည်ဖြစ်သည်။
မူလျှို့အာ၏ မျက်လုံးများ တောက်ပလာသည်။ သူမ၏ စိတ်ထဲရှိ သိချင်စိတ်များ ပိုမိုများပြားလာသည်။
သူမ ဆော့စ်ရောစပ်ပြီးနောက်တွင် ထိုင်ခုံသို့ပြန်၍ တူကိုယူလိုက်ကာ အနီရောင်စွပ်ပြုတ်အိုးထဲမှ ပါဝင်ပစ္စည်းကို ဆယ်ယူလိုက်သည်။
အပူလှိုင်းနှင့်အတူ ငရုပ်နှစ်တို့နီရဲနေသော အသားဖတ်က သူမအမြင်အာရုံထဲ ဝင်လာသည်။ ၎င်းသည် သူမမျှော်လင့်ထားသော ပါပီလီယွန်အသားဖြစ်နေခဲ့သည်။
ထိုအသားကို ဆော့စ်ထဲထည့်လိုက်ပြီး မူလျှို့အာ ပါးစပ်ထဲမထည့်မီ လျက်လိုက်သည်။
"အိုး..."
မူလျှို့အာ၏ မျက်လုံးများ ရုတ်တရက်ပြူးကျယ်သွားခဲ့သည်။
အရမ်း အရသာရှိတာပဲ...
ဒါက စားဖိုမှူးတွေချက်တာလည်းမဟုတ်ဘူး... သေသေချာချာနည်းလမ်းတကျ လုပ်ထားတာတောင်မဟုတ်ဘူးလေ ဘာလို့ ဒီလောက်တောင် အရသာရှိနေရတာလဲ...
ဟော့ပေါ့ဆိုပြီး နာမည်ကြီးလာတာ အံ့ဩစရာမရှိတော့ပါဘူး...
အစပ်အရသာက ပါးစပ်ထဲစီးဆင်းသွားပြီး ပေါက်ကွဲသွားကာ မူလျှို့အာ၏ နှုတ်ခမ်းတို့ကို နီဆွေးသွားစေသည်။ အတော်လေးစပ်နေသော်လည်း သူမဆက်စားနေဆဲဖြစ်သည်။
သူမပိုစားလေလေ ပိုစိတ်လှုပ်ရှားလေလေဖြစ်သည်။
မူလျှို့အာ၏ စိတ်အားထက်သန်သော အမူအယာကို မြင်သောအခါ သူတို့မျက်နှာများတွင် အပြုံးတို့ဖြစ်တည်လာသည်။
မသေမျိုးအဆောက်အဦး၏ အကြီးအကဲနှင့် ကောင်းမွန်သောဆက်ဆံရေးရှိခြင်းသည် ကောင်းလှပေသည်။ ထို့ကြောင့် ထိုစားသုံးသူက စားပွဲကို အားနှင့်ရိုက်လိုက်သည်။
"ပိုင်ရှင်ပု... ပါပီလီယွန်အသားနောက်ထပ် သုံးပန်းကန်ထပ်ပေးပါ..."
သို့သော် မီးဖိုရှေ့တွင်ရပ်နေသော ပုဖန်က လှည့်ပင်မလာချေ။ သူ နဂါးအရိုးမီးဖိုချောင်သုံးဓားကို ဆက်လက်ဝေ့ရမ်းနေကာ ပြောလိုက်သည်။
"ပါပီလီယွန်အသားက စားပွဲတစ်ခုကို နှစ်ပန်းကန်ပဲ ကန့်သတ်ထားတယ်..."
ထို စားသုံးသူ ထိတ်လန့်သွားသည်။ မည်သို့ပင်ဆိုစေ သူအခြားပါဝင်ပစ္စည်းများကိုသာ ဆက်မှာလိုက်သည်။
စပ်သောပါဝင်ပစ္စည်းများကို စားသောအခါ အေးမြသောဝိုင်ကို သောက်ချင်လာကြသည်။
မူလျှို့အာ နောက်ဆုံးတွင် ဤဟော့ပေါ့အဘယ့်ကြောင့် နာမည်ကြီးရသလဲ သိသွားခဲ့သည်။ သူမ ကမ္ဘာပေါ်ရှိ အရသာရှိသော အရာအားလုံးကို မြည်းစမ်းဖူးသော်လည်း ၎င်းထံမှ ဆွဲဆောင်ခံရဆဲဖြစ်သည်။
၎င်းသည် အခြားဟင်းပွဲများတွင်မရှိနိုင်သော ဟော့ပေါ့၏ ထူးခြားချက်ဖြစ်သည်။
ထုံယွဲ့နှင့်အခြားသူများ မသေမျိုးမီးဖိုချောင်အဆောက်အဦးသို့ ဝင်သွားပြီးနောက်တွင် ပြန်ထွက်မလာတော့ပေ။ ၎င်းတို့၏ မျက်နှာများ ဆုံးရှုံးသွား၍ ဖြစ်နိုင်ပေသည်။
ထိုစဉ် ပုဖန်၏ ဟော့ပေါ့ အကြောင်းက ပို၍နာမည်ကြီးလာတော့သည်။
မသေမျိုးမီးဖိုချောင်အဆောက်အဦး ပိတ်သောအခါတွင် ပုဖန် သူ၏ဆိုင်လေးကို ပိတ်လိုက်သည်။
လူများစွာက ထိုကိစ္စနှင့်ပတ်သတ်၍ အတော်လေးထူးဆန်းသည်ဟု ထင်ခဲ့ကြသည်။
ဒီ ပိုင်ရှင်ပုက မသေမျိုးမီးဖိုချောင်အဆောက်အဦးကို တကယ်ကြီးမကြောက်ဘူးလား...
ပုဖန် သူ၏လက်များကို အဝတ်စအဖြူဖြင့် သုတ်လိုက်ကာ ပတ်ပတ်လည်ရှိ စားသုံးသူများကို ကြည့်ကာပြောလိုက်သည်။
"မနက်ဖြန်ရဲ့ ဟင်းပွဲက သွေးကျောက်ပုစွန်အစပ်ပါ... လူတိုင်းထပ်လာစားကြမယ်လို့မျှော်လင့်ပါတယ်..."
သူပြောပြီးပြီးချင်တယ် အချို့လူများက ညည်းညူကြတော့သည်။
"ပိုင်ရှင်ပု ဟော့ပေါ့ဆက်မရောင်းတော့ဘူးလားဗျာ... ကျုပ်တို့ထပ်စားချင်သေးတယ်လေ..."
"ဟော့ပေါ့က အရမ်းအရသာရှိပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ဟင်းပွဲပဲ..."
"ငါ့ကိုသာ ဟော့ပေါ့တပွဲပေးလိုက်စမ်းပါ သုံးရက်သုံးညလုံး ထိုင်စားနိုင်တယ်..."
စားသုံးသူတိုင်း စိတ်မကျေမနပ်ဖြစ်ပြီး ပုဖန်ရှေ့တွင် အထွန့်တက်ကြလေသည်။ လူများစွာက ပုဖန် မနက်ဖြန်ဟော့ပေါ့ဆက်ရောင်းဖို့ မျှော်လင့်နေကြသည်။
သို့သော် ပုဖန်က သူ၏ဆုံးဖြတ်ချက်ကိုမပြင်နိုင်၍ ခေါင်းသာခါလိုက်သည်။
ဟော့ပေါ့
ဒီစားသောက်ဆိုင်လေးရဲ့ ဦးတည်ချက်က ဟော့ပေါ့တင်မဟုတ်ဘူး..
မှန်ကန်တဲ့အချိန်ရောက်လာရင် သူလူတိုင်းကို အစစ်အမှန် စားကောင်း သောက်ဖွယ်ဆိုတာ ဘာလဲဆိုတာ ပြရမယ်...
အဲ့အချိန်ကြရင် သွေးကျောက်ပုစွန်အစပ်က ဟော့ပေါ့ထပ် ဆိုးမှာမဟုတ်ဘူး...
ငရဲဘုရင်အာဟ ပုဖန်ကြေငြာသည်ကို ကြားလိုက်သောအခါ သူ့မျက်လုံးများက ညအခါလင်းလက်နေသော ကြယ်များနှယ် တောက်ပလာသည်။
ဒီနေ့ သူမူလျှို့အာ၏ စားသောက်နည်းများကိုတွေ့လိုက်ရပြီး မနက်ဖြန် သူမကိုအတုယူကာ စားသောက်ပစ်မည်ဟု တွေးနေလေသည်။
…
မသေမျိုးမီးဖိုချောင် အဆောက်အဦးတွင် ထုံယွဲ့၏ မျက်နှာတွင် အေးစက်မှုနှင့် နာကျည်းမုန်းတီးမှုတို့ ပြည့်နေသည်။ သူမ ပုဖန်ကို တစ်စဆီ ဆွဲဖြဲပစ်လိုက်ချင်နေသည်။
သူမ၏ မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်မှုတို့ပြည့်နေကာ ပြောလိုက်သည်။
"အဲ့ သေမျိုးကောင်က ဘယ်ကလာတာလဲ... သခင်ထုံချန်းက အဲ့သေမျိုးဆီမှာ ရှုံးသွားတာ ဖြစ်နိုင်လို့လား... ဟမ့် သခင်ထုံချန်းက အဲ့သေမျိုးကို သင်ခန်းစာပေးလိမ့်မယ်..."
သူမ၏ အဝတ်များ စုတ်ဖြဲခံလိုက်ရသည်ကို ပြန်သတိရသွားပြီး ထုံယွဲ့တစ်ကိုယ်လုံး တုန်ရီလာသည်။
ထုံမိသားစုတစ်ယောက်အနေနဲ့ သူမဤကဲ့သို့ရှက်ဖွယ်ကိစ္စကြီးကို ဘယ်လိုလုပ် လက်ခံနိုင်ပါ့မလဲ...
သူမ ကျောက်စိမ်းအဆောင်ကို ကိုင်လိုက်ကာ ပိုမိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သည်။
ရုတ်တရက် ကျောက်စိမ်းအဆောင်က တောက်ပလာသည်။
ထုံယွဲ့၏ထုံယွဲ့၏မျက်နှာတွင် စိတ်လှုပ်ရှားသော အမူအယာများ ထွက်ပေါ်လာသည်။ သူမ ကျောက်စိမ်းအဆောင်ကို မ ကြည့်လိုက်သောအခါ သတင်းအချို့လက်ခံရရှိဟန်ဖြင့် သူမျက်လုံးများတွင် ရူးသွပ်မှုတို့ ထွက်ပေါ်လာသည်။
"စောက် သေမျိုးကောင်... နင်မနက်ဖြန် သေဖို့သာပြင်လိုက်ပေတော့.. နင်ငါ့ရဲ့ ထုံမိသားစုအကျဉ်းထောင်ထဲရောက်သွားပြီ ဆိုတာနဲ့ ငါနင့်ကို အရေခွံနွှာပစ်မယ်... မဟုတ်လို့ကတော့ ဒီသခင်မရဲ့ ရင်ထဲကအမုန်းတရားက သေတာတောင် ပျောက်မှာမပါဘူး..."