အပိုင်း ၉၅၇
Viewers 53k

အခန်း ၉၅၇

မြင်းစီးလာကြသော ထုံမိသားစုဝင်များ


နောက်တစ်နေ့တွင် ပုဖန်တစ်ယောက် မသေမျိုးမီးဖိုချောင်အဆောက်အဦး၏ မျက်နှာချင်းဆိုင်တွင် သူ၏ဆိုင်လေးကိုဖွင့်ခဲ့သည်။


မသေမျိုးမီးဖိုချောင်အဆောက်အဦးမှလူများက သူ့ကိုနည်းအမျိုးမျိုးဖြင့်ခြိမ်းခြောက်ကြသော်လည်း ပုဖန်က တုတ်တုတ်ပင်မလှုပ်ပေ။ 


ယနေ့တွင် လာရောက်တန်းစီသောလူပမာဏမှာ မနေ့ကထပ်ပိုမိုနည်းပါးလေသည်။ အဘယ့်ကြောင့်ဆိုသော် ပုဖန်မနေ့က မနက်ဖြန်ဟော့ပေါ့မရောင်းဟု ပြောသောကြောင့်ဖြစ်သည်။


သို့သော် စပ်စုချင်သောသူများလည်းရှိနေလေရာ ဆိုင်ခန်းလေးသို့ လာရောက်စပ်စုနေကြစဲဖြစ်သည်။ မနေ့ကလောက် အလုပ်မရှုပ်သော်လည်း လူတန်းက မသေမျိုးမီးဖိုချောင်အဆောက်အဦးဝင်ပေါက်သို့ပင် ရောက်လုနီးနီးဖြစ်နေသည်။


မသေမျိုးမီးဖိုချောင်အဆောက်အဦးထဲတွင် စီမံသူချန်၏မျက်နှာက မဲမှောင်နေလျက်ရှိသည်။


မနေ့က သူထုံယွဲ့ကို ပြဿနာဖြေရှင်းရန် လွှတ်လိုက်သည်။ မူလက ထိုပြဿနာကဖြေရှင်းရန် လွယ်ကူသည်ဟုထင်ခဲ့သော်လည်း လွယ်ကူမနေခဲ့ပေ။ သူအလွန် နုံအမိခဲ့သည်။


"သူကောင်းမျိုးနွယ်မိသားစုရဲ့ လူငယ်မျိုးဆက်တွေက တကယ့်ကိုအသုံးမကျဘူးပဲ... ပြဿနာသေးသေးလေးတစ်ခုကိုတောင် မဖြေရှင်းနိုင်ဘူး..."


စီမံသူချန်သက်ပြင်းချကာ သူ့နှလုံးသားထဲရှိ ဒေါသမီးများကိုဖိနှိပ်နေသည်။


ထုံယွဲ့၏မျက်နှာက အလွန်အကျည်းတန်နေလျက်ရှိသည်။ သူမ မနေ့က ကိုယ်လုံးတီးဖြစ်အောင် အဝတ်ချွတ်ခံလိုက်ရသည်ဟူသော သတင်းက လျှင်မြန်စွာပြန့်နှံ့သွားပြီး ယခုတွင်လူတိုင်းက သူမကို လှောင်ရယ်နေသော အကြည့်များဖြင့် ကြည့်နေကြပြီဖြစ်သည်။


အထူးသဖြင့် မူလျှို့အာက ခပ်ပြုံးပြုံးဖြစ်နေသည်။

အဲ့မိန်းမရဲ့အပြုံးက ဘာအဓိပ္ပါယ်လဲ...


သူမကို ရယ်နေတာလား...


ချီးပဲ...


ထုံယွဲ့၏နှလုံးသားထဲတွင် ခါးသီးမှုနှင့် ဒေါသထွက်မှုတို့ ရူးသွပ်လုနီးပါး မြင့်တက်လာသည်။


သို့သော် ထိုကိစ္စနှင့်ပတ်သတ်၍ သူမ ဘာမှမလုပ်နိုင်ပေ။ ထိုရုပ်သေးရုပ်၏အင်အားက မသေမျိုးရုပ်သေးရုပ်နှင့်ပင် တူညီနေပြီး မသေမျိုးမီးဖိုချောင် အဆောက်အဦးမှ ကျင့်ကြံသူနှစ်ဦးကပင် ၎င်း၏ပြိုင်ဘက်မဟုတ်ပေ။ သူမက မည်သို့ ထိုကျင့်ကြံသူနှစ်ယောက်ပင် မယှဉ်နိုင်သော ရုပ်သေးရုပ်၏ပြိုင်ဘက်ဖြစ်မည်နည်း။


"အဲ့ဒီ့ဆိုင်လေးသာဒီလိုဆက်ဖွင့်နေရင် ငါတို့မသေမျိုးမီးဖိုချောင် အဆောက်အဦးကို ထိခိုက်လာနိုင်တယ်... မနေ့က ငါထုံယွဲ့ကို အဲ့ဆိုင်ကိုသွားပိတ်ဖို့ အမိန့်ပေးလိုက်ပေမဲ့ ဆက်ဖွင့်နေတုန်းလား..."


စီမံသူ ချန် အသံတိုးလိုက်ကာ အေးစက်စက်ပြောလိုက်သည်။


ထိုစကားများကိုကြားသောအခါ ထုံယွဲ့၏ အာဃာတများကို ထပ်မံလှုပ်နှိုးလိုက်သလိုဖြစ်သွားသည်။ သူမမျက်စိများ မှေးကျဉ်း၍ ပြောလိုက်သည်။


"မန်နေဂျာချန်... အဲ့ဒီ့ဆိုင်ရဲ့ပိုင်ရှင်က ရူးနေပြီးတော့ သူ့ရုပ်သေးရုပ်ပဲသူအားကိုတာ... ကျွန်မတို့အရှက်တကွဲဖြစ်ခဲ့ရပေမဲ့.. စိတ်မပူပါနဲ့ ကျွန်မအဲ့သေမျိုးရဲ့ရုပ်သေးရုပ်က အရှင်ထုံချန်းရဲ့ မသေမျိုးရုပ်သေးရုပ်နဲ့ တစ်ခုခုသက်ဆိုင်နေကြောင်း သံသယဝင်မိသွားလို့ သခင်လေးကိုသတင်းပေးလိုက်ပါပြီ... သူချက်ချင်းပဲ လူတွေပို့လိုက်ပါလိမ့်မယ်..."


ဘာ...


မန်နေဂျာချန် ထိတ်လန့်သွားပြီး အခြားသူများလည်း ကြောင်အသွားကြသည်။


သူ၏စိတ်ထဲတွင် ထိုယုတ်မာရက်စက်လှသော မိန်းမကို ကောင်းကောင်းကြီးဆူပူလိုက်မိသည်။


အရှင်ထုံချန်းသာရောက်လာပါက သူ၏ဒေါသကြီးမှုနှင့်ဆိုလျှင် ထိုဆိုင်လေး လုံးဝဖျက်ဆီးခံရမည်ဖြစ်ပြီး ပိုင်ရှင်သည်လည်း ထုံမိသားစုအကျဉ်းထောင်သို့ ပို့ခြင်းခံရမည်ဖြစ်သည်။


ထုံမိသားစုအကျဉ်းထောင်သည် ငရဲလိုနေရာတစ်ခုပင်ဖြစ်သည်။


"အရှင်ထုံချန်းက ဒီကိုသူ့လူတွေပို့လိုက်မှာတဲ့လား..."


စီမံသူ ချန် မှင်သက်သွားကာ သူ၏မျက်နှာက ခဏမျှတွန့်လိမ်သွားကာ ဆက်ပြောလာသည်။


"အရမ်းကောင်းတာပဲ... အရှင်ထုံယွဲ့လူတွေလာပြီး ဒီပြဿနာကိုဖြေရှင်းတာကိုပဲ စောင့်ကြတာပေါ့.... အခုအကုန်လုံး အလုပ်ပြန်လုပ်ကြမယ်... လူတွေအများကြီးစာမေးပွဲလာဖြေကြမှာ..."


မသေမျိုးမီးဖိုချောင်အဆောက်အဦးထဲရှိ လူတိုင်းကို ခေါင်းငြိမ့်ပြလိုက်ပြီး လှည့်ထွက်သွားတော့သည်။


ထုံယွဲ့၏မျက်လုံးများတွင် အမုန်းတရားတို့လျှံကျနေလျက် ပုဖန်ကိုကြည့်နေသည်။ သူမ အေးစက်စွာနှာမှုတ်လိုက်ပြီး လှည့်ထွက်သွားလိုက်သည်။


ယခုတွင် သူမလုပ်ရန်ကျန်သည့်အရာမှာ အရှင်ထုံချန်း၏လူများ ရောက်လာသည်ကိုစောင့်ပြီး ပွဲကြီးပွဲကောင်းတစ်ခု ကြည့်ရန်သာဖြစ်သည်။


မူလျှို့အာသည် ထုံယွဲ့ဤမျှ ရက်စက်မည်မှန်း မမျှော်လင့်ခဲ့ပေ။ သူမက အရှင်ထုံချန်း၏မသေမျိုးရုပ်သေးရုပ်နှင့် ဆိုင်ပိုင်ရှင်၏ ရုပ်သေးရုပ်ကိုပင် ဆက်စပ်သည်ဟု ပြောလိုက်သေးသည်။


သူမ ပုဖန်ကို ထိုအကြောင်း အသိပေးသင့်သည်ဟု ခံစားလိုက်မိသည်။


သို့သော် သူမ အပြင်ထွက်ရန်ပြင်ရုံပင်ရှိသေးသည် ထုံယွဲ့၏တားဆီးခြင်းကို ခံလိုက်ရသည်။


"ရှင် ဟိုသေမျိုးကောင်ကို သတိသွားပေးမလို့မလား... မူလျှို့အာ ရှင့်ဘာသာအကြီးအကဲဖြစ်နေပါစေ ကျွန်မရဲ့ထုံမိသားနဲ့ဆန့်ကျင်ပြီး သေမျိုးတစ်ယောက်ဘက်မှာ ရပ်တည်မယ်ဆိုရင် မတန်ဘူးဆိုတာသိစေချင်တယ်..."


ထုံယွဲ့ အေးစက်စွာပြောလိုက်သည်။


မူလျှို့အာ မျက်မှောင်ကြုတ်လိုက်သည်။ ရုတ်တရက် သူမ၏မျက်လုံးများကြုံ့ဝင်သွားတော့သည်။


အဘယ့်ကြောင့်ဆိုသော် ထုံယွဲ့၏နောက်တွင် ကျင့်ကြံသူနှစ်ဦးကလည်း သူမအပြင်ထွက်ပြီး ပုဖန်ကို သွားသတိပေးရန် ခြေတစ်လှမ်းမျှပင် အခွင့်အရေးမရအောင် သူမကိုတားဆီးနေ၍ဖြစ်သည်။



မသေမျိုးမီးဖိုချောင်အဆောက်အဦးသည် မသေမျိုးမြို့တော်၏ အတွင်းနှင့်အပြင်စက်ဝိုင်းနှစ်ခုကြားတွင် တည်ရှိသည်။ အပြင်ဘက်ပိုင်းသည် ရေများစီးဆင်းနေသကဲ့သို့ အသက်ဝင်လှပြီး အတွင်းဘက်ပိုင်းတွင် အတော်လေးတိတ်ဆိတ်လှသည်။ သို့သော် ထိုတိတ်ဆိတ်မှုက ခမ်းနားကြီးကျယ်ကာ ဇိမ်ခံမှုဆန်သော အငွေ့အသက်ကို ပေးစွမ်းနေသည်။


ထိုအချိန်တွင် မသေမျိုးမီးဖိုချောင်အဆောက်အဦး၏ မျက်နှာချင်းဆိုင်တွင် ဆိုင်ငယ်လေးတစ်ခုက အလုပ်ရှုပ်နေလျက်ရှိသည်။


ယနေ့တွင် ပုဖန် သွေးကျောက်ပုစွန်အစပ်များကို ရောင်းနေခြင်းဖြစ်သည်။


စားသုံးသူတွေက သွေးကျောက်ပုစွန်တွေကို ဘယ်အချိန်မှာ မြင်ဖူးခဲ့လဲ...

မသေမျိုးအချက်အပြုတ်နယ်မြေ၏ ပထမအလွှာတွင် ရေသတ္တဝါမျိုးစိတ်ပါဝင်ပစ္စည်းက အနည်းငယ်သာရှိပြီး ထိုကဲ့သို့သော ပါဝင်ပစ္စည်းများက အလွန်ရှားပါးကာ အများဆုံးတွေ့ရသည်မှာ ငါးများသာဖြစ်သည်။


ထို့ကြောင့် သူတို့ သွေးကျောက်ပုစွန်များကို ကြားပင်မကြားဖူးခြင်းဖြစ်သည်။


ယနေ့ဟင်းပွဲက ဟော့ပေါ့မဟုတ်သော်လည်း စားသုံးသူများက သွေးကျောက်ပုစွန်များအကြောင်း အလွန်သိချင်နေလေသည်။ သူတို့အတွက်၎င်းက အသစ်အဆန်းဖြစ်ပြီး တစ်ခါမှမမြင်ဖူးသလို မကြားဖူး၍ မြည်းစမ်းချင်နေကြသည်။


လူသန်ကြီးလေးယောက်လည်း လာခဲ့ကြသည်။ သူတို့သည် ပုဖန်၏ဝိုင်နှင့် ဟင်းပွဲများကို အလွန်ကြိုက်ကြပြီး ပုဖန်ဆိုင်လေး၏ ဖောက်သည်များနှင့်ပင် တူနေပြီဖြစ်သည်။ ယနေ့တွင်လည်း သူတို့ သွေးကျောက်ပုစွန်ကို မလွတ်ချင်ကြပေ။


ရွဲ ရွဲ ရွဲ


မီးတောက်က ကောင်းကင်ထိတိုင်အောင် မြင့်တက်လာပြီး အစပ်အနံ့များလွင့်ပျံလာသည်။


ပုဖန် မီးဖိုရှေ့တွင် ဒယ်အိုးကိုင်၍ရပ်နေပြီး ဒယ်အိုးကို ကျွမ်းကျင်စွာ လှုပ်ရမ်းလိုက်သောအခါ အဆီတရွှဲရွှဲသွေးကျောက်ပုစွန်တို့က မွှေးရနံ့တို့ကို ထုတ်လွှတ်လာသည်။


အနီရဲရဲသွေးကျောက်ပုစွန်တို့က ဒယ်အိုးထဲတွင် ဟိုဟိုသည်သည်လှန်လောခြင်း ခံနေရသည်။


ထိုမြင်ကွင်းနှင့်အတူ ၎င်း၏မွှေးရနံ့က လူများကို အမှန်တကယ်ဆွဲဆောင်နေကာ ယောက်ျားကြီးလေးယောက်လည်း စားချင်စိတ်ဖြင့် သွားရည်တောက်တောက်ကျနေကြသည်။


နောက်ဆုံးတွင်နယ်သာရီက ကျက်သွားပြီဖြစ်သော သွေးကျောက်ပုစွန်အစပ်ကို ယူလာပေးသောအချိန်တွင် ထိုလူလေးဦးက စောင့်ပင်မစောင့်နိုင်တော့ချေ။


သို့သော် ရဲရဲနီကာ စားချင့်စဖွယ်ကောင်းနေသော သွေးကျောက်ပုစွန်များကိုကြည့်ပြီး မည်သို့စစားရမည်ကိုမသိ၍ ကိုးယိုးကားယားဖြစ်သွားကြသည်။


ထိုအချိန်တွင် ငရဲဘုရင်အာဟပေါ်လာခဲ့သည်။ သူက ဆွေးနွေးနေကြသော လူသန်ကြီးများနှင့် ရင်းနှီးနေပုံပေါ်ပြီး ထိုသူများကို ကိုယ်တိုင်ကိုယ်ကျ စားနည်းသင်ပေးလိုက်သည်။


အဆီတရွှဲရွှဲသွေးကျောက်ပုစွန်အသားတစ်ပိုင်း သူ့ပါးစပ်ထဲကိုထည့်လိုက်ချိန်တွင် လူကြီးလေးယောက်၏မျက်လုံးများ ပြူးကျယ်သွားကြသည်။


"နားလည်ပြီလား... နားမလည်သေးရင် ဒီဘုရင်နောက်တစ်ခါ ထပ်ပြမယ်..."


ငရဲဘုရင်အာဟ ပြောလိုက်သည်။ ထို့နောက် သဘာဝကျကျ သွေးကျောက်ပုစွန်နောက်တစ်ကောင်ယူလိုက်ပြီး ထပ်သင်ပေးပြန်သည်။


လူသန်ကြီးလေးဦးက လိုက်ကြည့်နေကာ ခေါင်းတဆတ်ဆတ်ငြိမ့်နေသည်။


နောက်ဆုံးတွင် ငရဲဘုရင်အာဟ၏အပြုအမူများကို အတုခိုး၍ ၎င်းတို့၏ သွေးကျောက်ပုစွန်များကို စစားလိုက်ကြသည်။


"ငါတော့ မင်းတို့နားလည်သေးမယ်မထင်ဘူး.. အဲ့တော့ထပ်ပြပေးရမှာပေါ့...."


ငရဲဘုရင်အာဟ သူ့နှုတ်ခမ်းထောင့်ရှိ ဆော့စ်များကို လျှာထုတ်၍လျက်လိုက်ရင်း ပြောလိုက်သည်။


ဆော့စ်၏ အစပ်အရသာက သူ့ပါးစပ်ထဲတွင် မီးလောင်နေသကဲ့သို့ပင် ခံစားလိုက်ရသည်။


ဂလု


သွေးကျောက်ပုစွန်က သူ၏အစာအိမ်ထဲသို့ရောက်ရှိသွားသည်။


"အခုနားလည်ပြီလား... နားလည်ဖို့မခက်ပါဘူး... ဒီဘုရင်က မှန်ကန်တဲ့စားနည်းကိုရပြီး ပြီးပြည့်စုံဖို့အကြိမ်ရေအများကြီး လေ့ကျင့်ခဲ့တာ..."


"အိုး... အနံ့လေးကအရမ်းကောင်းတာပဲ... မင်းတို့နားလည်ပြီလား.. နားမလည်သေးရင်ပြောနော် အားမနာနဲ့... ဒီဘုရင်က သေသေချာချာထပ်သင်ပေးမယ်...."


"အိုး... အစပ်အရသာက အရမ်းမိုက်တာပဲ... လန်းဆန်းသွားသလိုမခံစားရဘူးလား... ဒီဘုရင်က ပိုပြီးမိမိုက်တဲ့နည်းနဲ့ စားနည်းကိုပြမယ်...."


အဆက်ပြောရင်း စားနေသော ငရဲဘုရင်အာဟကိုကြည့်ပြီး လူသန်ကြီးလေးယောက် ငိုရမည်လား ရယ်ရမည်လားပင်မသိတော့ချေ။


နောက်ဆုံးတွင် သူတို့နားလည်သွားခဲ့ပေပြီ။ ဤလူက အလကားစားရရန် လာခဲ့ခြင်းဖြစ်သည်။


အမှန်အတိုင်းပြောရလျှင် သွေးကျောက်ပုစွန်၏ အရသာက ဟော့ပေါ့နှင့်ယှဉ်လျှင် ပိုကောင်းလေသည်။ ထို့အပြင် သွေးကျောက်ပုစွန်၏ ဈေးနှုန်းက ပိုမိုသက်သာလေသည်။


ထို့ကြောင့် လူကြီးလေးယောက်က စားလေလေပို၍ စွဲလေလေဖြစ်သွားကြသည်။


သွေးကျောက်ပုစွန်တစ်ကောင်စားပြီး သိမြင်မှုရေခဲမီးလျှံဝိုင်တစ်ငုံကိုသောက်လိုက်သည်။ ဝိုင်၏ လန်းဆန်းအေးမြသောခံစားချက်က လည်ချောင်းမှအစာအိမ်ထိတိုင် စီးဆင်းသွားပြီး သူတို့ကိုအလွန်သက်တောင့်သက်သာဖြစ်နေစေသည်။ ထိုပေါင်းစပ်မှုက အမှန်တကယ်ပင် သာလွန်ကောင်းမွန်လွန်းလှပေသည်။


ရနံ့များထွက်လာပြီးနောက်တွင် လူအုပ်ကြီးက စတင်ဆူညံလာတော့သည်။


လူတိုင်း သွေးကျောက်ပုစွန်ကိုစားလိုက်ပြီးသည်နှင့် ၎င်းက ဟော့ပေါ့၏အရသာနှင့် လုံးဝကွဲပြားကြောင်း ခံစားလိုက်ရပေသည်။ အမှန်အတိုင်းပြောရလျှင် ၎င်းက လူတိုင်းစိတ်ကူးယဉ်နိုင်သည်ထက်ပင် သာလွန်နေလေသည်။


လူတန်းက ပို၍ပို၍ရှည်လျားလာသည်။


သွေးကျောက်ပုစွန်များကို နှင်းဆီရောင်ဆော့စ်နှင့်အတူ တွဲဖက်၍ ပါးစပ်အပြည့်စားသုံးနေသော လူများကိုကြည့်၍ တန်းစီနေသောလူများ၏ အစာအိမ်များက ဆန္ဒပြလာကြကာ တဂွီဂွီမြည်သံများနှင့်အတူ ၎င်းတို့အလှည့်ရောက်ရန် စောင့်နေကြသည်။


ရုတ်တရက်


လူတန်း၏အဆုံးမှ ကျယ်လောင်သော အသံတစ်ခုထွက်ပေါ်လာသည်။ တန်းစီနေသောလူများအားလုံးခေါင်းလှည့်လိုက်ကြကာ အတွင်းပိုင်းစက်ဝိုင်းကိုကြည့်လိုက်ကြသည်။


မြင်းခွာသံများကြားလိုက်ရပြီး အုတ်ခင်းလမ်းများက အဆက်မပြတ်တုန်ခါလာကြသည်။


အတွင်းပိုင်းစက်ဝိုင်းမှ မြင်းစီး၍လာသော လူသုံးယောက် ထွက်ပေါ်လာသည်။


သူတို့ အနက်ရောင်မြင်းများကို စီးလာကြသည်။ ထိုမြင်းများသည် ထူထဲလှသော နဂါးကြေးခွံတို့ဖြင့် ဖုံးအုပ်ထားပြီး ၎င်းတို့လျှင်မြန်စွာလှုပ်ရှားလိုက်ပါက နားကန်းလုမတတ်မိုးခြိမ်းသံကို ကြားရမည်ဖြစ်သည်။


၎င်းက မိုးကြိုးနဂါးမြင်းပင်ဖြစ်သည်။


မိုးကြိုးနဂါးမြင်းများသည် မသေမျိုးအချက်အပြုတ်နယ်မြေတွင် အဆင့်မြင့်သယ်ယူပို့ဆောင်ရေးနည်းလမ်းဖြစ်၍ သူကောင်းမျိုးနွယ်မိသားစုများကသာ မွေးမြူရန်တတ်နိုင်ကြပေသည်။ ၎င်းမြင်းများက တစ်နေ့လျှင် မိုင်တစ်သောင်းကျော် အခက်အခဲမရှိပြေးနိုင်လေသည်။


"အဲ့တာ မိုးကြိုးနဂါးမြင်းမလား... သူတို့က ထုံမိသားစုကပေါ့..."


"ထုံမိသားစုက တကယ်လာတာပဲ... မနေ့က မတော်တဆမှုကြောင့်များလား..."


"သွားပြီ... ဒီစားဖိုမှုးလေးတော့ အဆုံးသတ်ပြီပဲ... သနားစရာကွာ ဒီဆိုင်ကအစားအသောက်တွေက အရမ်းအရသာရှိတာကွ..."


စားသုံးသူများ အံ့ဩသွားကြသည်။မတာသေမျိုးမြို့တော်တွင် ထုံမိသားစု၏ မိုးကြိုးနဂါးမြင်း၏ ကျော်ကြားမှုက အလွန်မြင့်ပေသည်။


အရပ်ရှည်ကာသန်မာသော ပုံရိပ်သုံးခုက ထိုမြင်းများပေါ်တွင်ရှိနေပြီး ၎င်းတို့၏အော်ရာက အလွန်သန်မာလှပေသည်။ ၎င်းတို့၏ စူးရှနေသောမျက်လုံးများသည် လွှမ်းမိုးချယ်လှယ်မှုအပြည့်ဖြင့် ရှေ့သို့သာကြည့်နေကြသည်။


၎င်းတို့၏အော်ရာမျာက မသေမျိုးမီးဖိုချောင်အဆောက်အဦးမှ ကျင့်ကြံသူနှစ်ဦးထက် သန်မာလေသည်။


သူတို့ရှေ့တွင် ပွဲကြီးပွဲကောင်းတစ်ခု စတင်တော့မည်ဖြစ်သည်။ သို့သော် စားသုံးသူများက သက်ပြင်းသာ ချလိုက်မိချေသည်။


ခွပ်... ခွပ်... ခွပ်


မိုးကြိုးနဂါးမြင်းများက အလွန်လျှင်မြန်ပြီး ဆိုင်ငယ်လေးဘေးတွင် ပြေးနေကြသည်။ စီးချက်ကျကျမြင်းခွာသံများက လူတိုင်း၏နှလုံးသားကိုပါ တုန်ရီလာစေသည်။


၎င်းက လူတိုင်းကို ထိတ်လန့်လာစေသည်။


"တစ်ယောက်ယောက်က မင်းက အဆင့်နိမ့်နယ်မြေကလာတဲ့ သေမျိုးလို့ပြောတယ်..."


သူတို့ထဲမှ တစ်ယောက်က အော်ပြောလိုက်သည်။


ထိုလူသုံးယောက်က မိုးကြိုးနဂါးမြင်းများကို ဆိုင်ငယ်လေးပတ်ပတ်လည်တွင် ဆက်လက်စီးနင်းနေသည်။ ၎င်းတို့တွင် အေးစက်နေသော အကြည့်များရှိပြီး မီးဖိုရှေ့တွင်ရပ်နေသော ပုဖန်ကို စိုက်ကြည့်နေကြသည်။


ထိုအချိန်တွင် ပုဖန်သည် မိုးကြိုးနဂါးမြင်းများကို အကဲဖြတ်နေသည်။ ထိုမြင်းများက အလွန်အသားထူလှ၍ ၎င်းကိုမေ့အောင်လုပ်ပြီး ကောင်းကင်နှင့်ကမ္ဘာမြေ လယ်ယာမြေထဲသို့ထာပစ်ထည့်လိုက်နိုင်ပေသည်။ နျိုဟန်ဆန်းက ၎င်းတို့ကို ကူညီမျိုးပွားပေးလိမ့်မည်ဖြစ်သည်။


"ငါ့အစ်ကိုကြီး မင်းကို မေးနေတယ်လေ ကန်းနေလား...."


နောက်ထပ်တစ်ဦးက ကြိမ်းမောင်းလာသည်။


ပုဖန်ပြန်မဖြေသည်ကိုကြည့်ပြီး မြင်းစီးနေသောကျင့်ကြံသူက ထောင်းကနဲဒေါသထွက်သွားသည်။


ပတ်ဝန်းကျင်ရှိစားသုံးသူများက မနေနိုင်ပဲ သက်ပြင်းရှိုက်လိုက်မိသည်။ ပိုင်ရှင်ပုစကားမပြောရဲလျှင်ပင် သူတို့အပြစ်မမြင်ပေ။ ထိုကျင့်ကြံသူများက အလွန်အင်အားကြီးလှပေသည်။


သို့သော် ပုဖန်က မျက်မှောင်သာကြုတ်လိုက်သည်။ ထို့နောက် သူ၏အကြည့်ကို ထိုလူသုံးယောက်ထံသို့ပြောင်းလိုက်ပြီး သက်ပြင်းခပ်ဖွဖွချလိုက်သည်။


"မင်းတို့မြင်းတွေက မဆိုးဘူးပဲ... ဟော့ပေါ့လုပ်စားလို့ကောင်းလောက်မှာ.."


ပုဖန် တည်တည်ငြိမ်ငြိမ်သာပြောလိုက်သည်။


ဟမ်....


ပတ်ဝန်းကျင်မှလူများ သူ၏စကားကိုကြားသောအခါ စိတ်ရှုပ်သွားကြသည်။ သူတို့မနေနိုင်မထိုင်နိုင်ဖြင့် မြင်းသားက ဟော့ပေါ့လုပ်စား၍ ကောင်းမကောင်းပင် တွေးမိလိုက်ကြသည်။


ဒီလိုအချိန်မှာ ဘာလို့အဲ့အကြောင်းတွေးနေရတာလဲဟ... အရေးအကြီးဆုံးအရာက ကိုယ့်အသက်ကိုယ်ကယ်ဖို့လေ...


"မောက်မာလိုက်တာ... အရှင်ထုံချန်းက မင်းနဲ့မင်းရဲ့ မသေမျိုးရုပ်သေးရုပ်ကို ဖမ်းဖို့အမိန့်ပေးလိုက်တယ်... ရုပ်သေးရုပ်ဘယ်မှာလဲ... မင်းက ငါတို့သခင်လေးရဲ့ မသေမျိုးရုပ်သေးရုပ်ကို ဖျက်ဆီးပစ်ခဲ့တာလေ..."


ထိုလူသုံးယောက်ထဲမှတစ်ယောက်က အေးစက်စွာပြောလာသည်။


ထိုကျင့်ကြံသူသုံးယောက် အတော်လေး ငြိမ်သက်သွားကြသည်။ ရုတ်တရက် သူတို့ထဲမှတစ်ယောက်က စတင်ရန် အချက်ပြန်ဟန်ဖြင့် လက်သီးကို လွှဲရမ်းလိုက်သည်။


ဘုန်း


သန်မာသော အော်ရာတစ်ခုထွက်ပေည်လာပြီး လေထဲကိုဓားဖြင့်ခုတ်ပိုင်းဘိသကဲ့သို့ လေဟာနယ်ကို တွန့်လိမ်သွားစေသည်။


ကျင့်ကြံသူနှစ်ဦးက ဇက်ကြိုးများဆွဲလိုက်၍ မိုးကြိုးနဂါးမြင်းများကို ကျယ်ကျယ်လောင်လောင် ဟီသွားစေသည်။ ၎င်းတို့၏ ရှေ့ခြေခြေများကိုမြှောက်၍ ပုဖန်ထံ ဦးတည်သွားကြသည်။


ထိုကိုယ်နေဟန်ထားကို ကြည့်ရသည်မှာ သူတို့ပုဖန်ကို မဖမ်းမီဒဏ်ရာရစေရန် ပြုလုပ်ခြင်းဖြစ်နိုင်လေသည်။ ၎င်းတို့၏မျက်လုံးများတွင် ပုဖန်ကို လုံးဝဂရုမစိုက်ပေ။


သို့သော် ထိုအချိန်တွင် ပုဖန်၏မျက်လုံးထဲ၌ မိုးကြိုးနဂါးမြင်းသာရှိနေသည်။ တစ်ဘက်လူက ပါဝင်ပစ္စည်းကို လိုလိုလားလားပေးနေ၍ သူကဝမ်းပန်းတသာလက်ခံရမည်ဖြစ်သည်။


မြင်းခွာအောက်တွင် လျှပ်စီးများက နေရာအနှံ့ပြန့်လွင့်နေပြီး ပုဖန်ကိုဓာတ်လိုက်သေစေချင်နေဟန် ဖြစ်နေသည်။


သို့သော် ခဏအကြာတွင်...


ပြင်းထန်လှသောအော်ရာတစ်ခု ထွက်ပေါ်လာသည်။


ဝှိုက်တီ၏မျက်လုံးများက ကြယ်ရောင်ကဲ့သို့ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီး မိုးကြိုးနဂါးမြင်းသုံးကောင်ရှေ့တွင် ပေါ်လာခဲ့သည်။


ဝှိုက်တီ၏မျက်လုံးများတောက်ပနေသည်မှာ ၎င်း၏ရှေ့ရှိ လျှပ်စီးများဖုံးလွှမ်းနေသော မြင်းခွာများကို ကြောက်ရွံ့မှုမရှိနေဟန်ဖြစ်နေသည်။ ယင်းအစား စိတ်လှုပ်ရှားနေဟန်ပင်ဖြစ်နေသည်။


"ရုပ်သေးရုပ်..."


မိုးကြိုးနဂါးမြင်းပေါ်ရှိ ခေါင်းဆောင်၏မျက်လုံးများ မှေးကျဉ်းသွားသည် ခဏအကြာတွင် သူအော်ပြောလိုက်သည်။


"ကောင်းတယ်... ငါ အဲ့ရုပ်သေးရုပ်ကိုတစ်စစီဖြစ်အောင် တက်နင်းပြမယ်..."


ပုဖန် သူ့လက်ကို အဖြူရောင်အဝတ်စနှင့်သုတ်လိုက်ပြီး ထိုကျင့်ကြံသူကိုကြည့်လိုက်သည်။ ထို့နောက် မထူးမခြားနားသောလေသံဖြင့် ပြောလိုက်သည်။


"ဝှိုက်တီ.. မြင်းအသားတွေကို လျှပ်စီးမတိုက်နဲ့..."


ပုဖန်ထိုသည်ကိုကြားသောအခါ ၎င်းကိုယ်ပေါ်တွင် ဖုံးလွှမ်းနေသော လျှပ်စီးကြောင်းများက နေရာအနှံ့သို့ပျံ့နှံ့သွားသည်။ 


ရှည်လျားသောသံတုတ်ကြီးက ၎င်း၏လက်ထဲတွင်ပေါ်လာခဲ့သည်။ ထိုတုတ်ပိုမိုကြီးလာသည်နှင်အမျှ လျှပ်စီးကြောင်းများက ပိုမိုကျယ်ပြန့်လာသည်။