အခန်း ၉၅၈
ထုံယွဲ့၏ ကံကြမ္မာ
ပတ်ပတ်လည်ရှိ စားသုံးသူများအားလုံး လုံးဝထိတ်လန့်သွားကာ ထိုမြင်ကွင်းကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြသည်။
ပိုင်ရှင်ပုက သူကောင်းမျိုးနွယ်မိသားစုကို ဆန့်ကျင်ရဲတယ်...
အဲ့လူတွေနဲ့ရင်ဆိုင်ဖို့ သူဘယ်နားက သတ္တိတွေရနေရတာလဲ...
သူကောင်းမျိုးနွယ်မိသားစုများသည် မသေမျိုးမြို့တော်ကို လွှမ်းမိုးချုပ်ကိုင်နေကြသည်။ တစ်စုံတစ်ယောက်သာ သူတို့ကိုဆန့်ကျင်ရဲပါက ထိုလူသည် မသေမျိုးမြို့တော်ထဲတွင် ဆက်လက်ရှင်သန်ရန် အခွင့်ရှိတော့မည်မဟုတ်ပေ။
သို့သော် ပိုင်ရှင်ပု၏သံရုပ်သေးသည် ထုံယွဲ့၏အဝတ်များကို ကြမ်းတမ်းစွာဆွဲဖြဲခဲ့သော မနေ့ကဖြစ်ရပ်ကိုပြန်တွေးကြည့်ခြင်းက သူတို့ကို အနည်းငယ်စိတ်ကျေနပ်စေသည်။
ပိုင်ရှင်ပုသည် သူကောင်းမျိုးနွယ်မိသားစုများကို မျက်လုံးထဲပင်ထည့်သည့်ပုံ မပေါ်ချေ။
တစ်စုံတစ်ယောက်က ပုဖန်အဆင့်နိမ့်နယ်မြေမှလာခဲ့သည်ဟုပြော၍ သူတို့ခေါင်းသာခါလိုက်ကြသည်။ ပုဖန်သည် သေမျိုးကမ္ဘာတွင် ထိပ်တန်းအဆင့်တည်ရှိမှုတစ်ခုဖြစ်လျှင်တောင် မသေမျိုးအချက်အပြုတ်နယ်မြေတွင် သူလုပ်ချင်သလိုလုပ်၍မရပေ။ ဤကမ္ဘာက သူလာခဲ့သော ကမ္ဘာနှင့် လုံးဝကွဲပြားပေသည်။
ထို့ကြောင့် သူတို့အားလုံး ပုဖန်က ထုံမိသားစု၏ဖမ်းဆီးခြင်းကို ခံရမည်ဟု ထင်ကြခြင်းဖြစ်သည်။
သူ့လက်ကိုသုတ်ပြီးသောအခါ ပုဖန်အဖြူရောင်အဝတ်စကို မီးဖိုပေါ်တင်ခဲ့ပြီး ဝှိုက်တီကို လှမ်းကြည့်လိုက်သည်။
မိုးကြိုးနဂါးမြင်းသည် အလွန်ကသုတ်ကရက်နိုင်လှပြီး ၎င်း၏ခွာကိုမြှောက်ကာ ကျယ်လောင်သော အသံကိုပြုလုပ်လိုက်သည်။
သို့သော် ဝှိုက်တီ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် လျှပ်စီးကြောင်းများ ထွက်ပေါ်လာသည်။
မိုးကြိုးနဂါးမြင်းသည် ဝှိုက်တီပေါ်နင်းချလိုက်သော်လည်း ဝှိုက်တီအပေါ် သက်ရောက်ပုံပင်မပေါ်ချေ။ ခွာပေါ်မှလျှပ်စီးများပင် လုံးဝစုပ်ယူခြင်းခံလိုက်ရသည်။
မိုးကြိုးနဂါးမြင်းပေါ်ရှိ ထုံသားစုမှကျင့်ကြံသူ ထိတ်လန့်သွားသည်။
ဘာဖြစ်သွားတာလဲ.. ဒီသံရုပ်သေးရုပ်ကြီးက လျှပ်စီးတွေကို စုပ်ယူပစ်တာလား..
ဒါကြီးကတကယ် မသေမျိုးရုပ်သေးရုပ်ဖြစ်နိုင်လောက်လား...
နတ်ဘုရားသတ်တုတ်က ၎င်းတို့၏မျက်လုံးထဲတွင် ပိုမိုကြီးမားလာပြီး ၎င်းပေါ်တွင်လျှပ်စီးများအပြည့်ဖုံးလွှမ်းနေလျှက်ရှိသည်။ ၎င်းက ဇက်ကျိုးလောက်အောင်မြန်သော အရှိန်ဖြင့် ဖြတ်သန်းသွားသည်။
"အတင့်ရဲလိုက်တာ..."
ကျင့်ကြံသူများက မိုးကြိုးနဂါးမြင်းများကို အရှိန်မြှင့်လိုက်ကြသည်။ သူတို့ ယခုအချိန်တွင် အတော်လေးဒေါသထွက်နေကြပြီဖြစ်ကာ သူတို့၏ဆံပင်များက ကျောဘက်တွင်လွင့်ပျံနေကာ မျက်လုံးများမှလည်း ဓားမြှောင်များပစ်လွှတ်နေလုမတတ် အေးစက်စူးရှနေသည်။
ကြီးမားသော ဓားမကြီးတစ်ချောင်းက သူတို့လက်ထဲတွင်ပေါ်လာပြီး နတ်ဘုရားသတ်တုတ်ကို ခုတ်ချလိုက်သည်။
မြင်းခွာသံများဆူညံစွာဖြင့် ဓားမကြီးက အောက်သို့ကျလာသည်။
ထိုမြင်ကွင်းက ပတ်ဝန်းကျင်ရှိ စားသုံးသူတိုင်းက ထိတ်လန့်ကာ ကြောက်ရွံ့သွားစေသည်။
…
မသေမျိုးမီးဖိုချောင်အဆောက်အဦးထဲတွင်
ထုံယွဲ့က ခပ်လှမ်းလှမ်းကိုကြည့်နေရင်း သူမ၏မျက်နှာတွင် ရူးသွပ်နေသော အမူအယာများဖြစ်ပေါ်လာသည်။
ထုံမိသားစုမှကျင့်ကြံသူများ ၎င်းတို့၏ မိုးကြိုးနဂါးမြင်းများကိုစီးနင်းကာ ပုဖန်၏ဆိုင်ကို ဖျက်ဆီးပစ်နေသည်ကိုကြည့်ပြီး သူမ၏နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုတို့ဆူပွက်လာသည်။
"သေစမ်း... သေမျိုးလေးတစ်ယောက်ကများ ငါတို့ထုံမိသားစုကို ဆန့်ကျင်ရဲတယ်တဲ့လား... ဒီအမျိုးသမီးက နင့်ကိုသေတဲ့အထိ နှိပ်စက်ပြမယ်..."
ထုံယွဲ့ ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ သူမ၏ ခါးသီးနေသောမျက်နှာသည် ဒေါသကြောင့် အက်ကွဲသွားပုံ ပေါ်နေသည်။
"မူလျှို့အာ... ကြည့်လိုက်စမ်း... အဲ့သေမျိုး သေချာပေါက်သေတော့မှာ..."
မူလျှို့အာ ထုံယွဲ့၏ အကြည့်နောက်ကိုလိုက်၍ ခပ်လှမ်းလှမ်းရှိ အခြေအနေကို လှမ်းကြည့်လိုက်သည်။
ဒီတော့ ထုံမိသားစုက တကယ်ကြီး အင်အားသုံးလိုက်တာလား...အဲ့တာဆို ဒီဆိုင်ငယ်လေး လုံးဝဖျက်ဆီးခံလိုက်ရတော့မှာပေါ့...
ဘုန်း
ကျယ်လာင်သော ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာပြီး မူလျှို့အာ၏မျက်လုံးများ ကြုံ့ဝင်သွားကာ ထုံယွဲ့၏ ရူးရူးသွပ်သွပ်ရယ်ရယ်နေသံလည်း ရပ်တန့်သွားသည်။ ထုံယွဲ့၏ အမူအယာက လည်ပင်းမှဖမ်းကိုင်ခံလိုက်ရသော ဘဲတစ်ကောင်နှယ် ဖြစ်သွားသည်။
မယုံကြည်နိုင်သော အကြည့်များဖြင့် သူတို့ရှေ့ရှိမြင်ကွင်းကို ကြည့်လိုက်ကြသည်။
ထိုနေရာတွင် ရှေ့ခြေထောက်များကို မြှောက်ထားကြသာ မိုးကြိုးနဂါးမြင်းသုံးကောင်သည် ခေါင်းမှခြေဖျားအထိ ဒဏ်ရာရသွားပြီး အဝေးသို့ ပစ်ထုတ်ခံလိုက်ရသည်။
ကျင့်ကြံသူသုံးဦးသည်လည်း မြင်းပေါ်မှပစ်ချခံလိုက်ရသည်။ ၎င်းတို့၏ခန္ဓာကိုယ်တစ်ခုလုံးတွင် လျှပ်စီးကြောင်းများဖြင့် ဖုံးလွှမ်းနေသည်။
၎င်းက အလွန်အမင်းသက်တောင့်သက်သာမရှိသော ခံစားချက်ဖြစ်သည်။
ကျင့်ကြံသူသုံးဦးက အချင်းချင်း မယုံကြည်နိုင်ဟန် ထိတ်လန့်နေဟန်မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
ဒီမသေမျိုးရုပ်သေးရုပ်က အရမ်းသန်မာတာပဲ...
ဘုန်း
သို့သော် ထိုသုံးဦးက သူကောင်းမျိုးနွယ်မိသားစုဝင် ဖြစ်နေသည်။ ထိုသူများက ရုတ်ချည်းပင်ပြန်ထကာ ဓားများကိုအရှိန်ပြင်းပြင်းလွှဲရမ်းလိုက်ကြသည်။ ၎င်းက ဝှိုက်တီကို သုံးပိုင်းပိုင်းချင်နေဟန်ဖြစ်နေသည်။
ထိုတိုက်ခိုက်မှုကို နတ်ဘုရားသတ်တုတ်ဖြင့် ကာလိုက်သောအခါ ကြီးမားသော ဓားမကြီးက အပိုင်းပိုင်းကြေမွသွားကာ ကျင့်ကြံသူသုံးဦးသာမက ပတ်ပတ်လည်ရှိလူတိုင်းကိုပါ အံ့ဩသွားစေသည်။
ခဏအကြာတွင် ၎င်းတို့၏ ခန္ဓာကိုယ်များကို နတ်ဘုရားသတ်တုတ်ဖြင့် ရက်စက်စွာ ရိုက်နှက်လိုက်သည်။
ဖုန်း ဖုန်း ဖုန်း
သူတို့ပါးစပ်မှ သွေးများအန်ထွက်လာပြီး မျက်လုံးများလည်း ကြုံ့ဝင်သွားကြသည်။
ဒီမသေမျိုးရုပ်သေးရုပ်က... သခင်လေးထုံချန်းရဲ့ မသေမျိုးရုပ်သေးရုပ်ထက် အားမနည်းဘူး...
"ပြဿနာကောင်တွေကို... လူတိုင်းရှေ့မှာ အဝတ်ချွတ်ပြီး ကန်ထုတ်ခံရမယ်..."
ဝှိုတက်တီ၏ စက်ရုပ်မျက်လုံးများက မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားကာ သူ့နောက်ကျောပေါ်ရှိ သတ္တုအတောင်ပဲနှစ်ခုလည်း ပွင့်သွားသည်။ လျှပ်စီးကြောင်းများပေါ်လာသော ကျယ်လောင်သော မြည်သံများ အဆက်မပြတ်ထွက်ပေါ်လာသည်။
လျှပ်တစ်ပြက်အတွင်း ဝှိုက်တီက နေရာမှပျောက်သွားကာ ထိုကျင့်ကြံသူများရှေ့တွင် ပြန်ပေါ်လာသည်။ ကျယ်လောင်သော ဆုတ်ဖြဲသံနှင့်အတူ...
အဝတ်အစပိုင်းများစွာက နေရာအနှံ့သို့ ပျံ့လွင့်လာသည်။
အမှန်ပင် ကျင့်ကြံသူများက ချက်ချင်းအဝတ်ချွတ်ခံလိုက်ရပြီး မြေပြင်ပေါ်ကန်ထုတ်ခြင်း ခံလိုက်ရခြင်းဖြစ်သည်။
သူတို့မျက်နှာတွင် မျက်ရည်များစီးကျလာပြီး မျက်လုံးထဲတွင် အသက်မဲ့နေဟန်အကြည့်များဖြင့် အသံမထွက်ပဲ ငိုကြွေးနေကြသည်။ ဤကဲ့သို့သော အတွေ့အကြုံသည် သူတို့၏စိတ်ရောကိုယ်ပါ အကြီးအကျယ်ထိတ်လန့်သွားစေပြီး ခန္ဓာကိုယ်များက တုန်ရီနေကြသည်။
ပတ်ဝန်းကျင်ရှိ စားသုံးသူများအားလုံး ပင့်သက်ရှိုက်လိုက်မိသည်။
ထိုအချိန်တွင် သူတို့အားလုံး ကြောင်အနေကြလေသည်။
ထုံမိသားစုက ကျင့်ကြံသူသုံးယောက် သူတို့ရှေ့မှာ ကိုယ်လုံးတီးဖြစ်အောင် အဝတ်ချွတ်ခံလိုက်ရတယ်... အဲ့ ဇာတ်ညွှန်းကို ဘာလို့ ဒီလောက်တောင် ရင်းနှီးနေရတာလဲ...
သူတို့ ဘယ်မှာမြင်ခဲ့ဖူးပါလိမ့်...
ထုံယွဲ့၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။ထိုမြင်ကွင်းက သူမအဝတ်ချွတ်ခံလိုက်ရချိန်က မြင်ကွင်းနှင့် တစ်ပုံစံတည်းဖြစ်နေသည်။
အဲ့ဒီ့ရုပ်သေးရုပ်က နှာဘူးများလား..
လူတွေကို အဝတ်ချွတ်ရတာ သူ့ဝါသနာများလား...
ပုဖန် လက်ပိုက်ကာ ထိုနေရာသို့ ဖြေးဖြေးချင်းလျှောက်လာလိုက်သည်။
သူမြေပြင်ပေါ်လဲနေကြသော ကျင့်ကြံသူသုံးဦးဆီရောကိသွားပြီး ၎င်းတို့၏ တွန့်လိမ်နေသော ခန္ဓာကိုယ်များကို တစ်ချက်သာကြည့်လိုက်ပြီး မိုးကြိုးနဂါးမြင်းများကိုသာ ကြည့်နေလိုက်သည်။
ဝှိုက်တီ၏လျှပ်စီးကြောင့် ထိုမြင်းများသည်လည်း တွန့်လိမ်နေကြကာ ပါးစပ်မှ အမြှုပ်တစီစီထွက်နေသည်။ ၎င်းတို့ ပြန်လည်းသက်သာလာရန် အချိန်တစ်ခု လိုနေသည့်ပုံ ပေါ်နေသည်။
ပုဖန် ကိုယ်လုံးတီးဖြစ်နေသော ကျင့်ကြံသူများကိုကြည့်လိုက်ပြီး စားသုံးသည်များကို လှည့်ကြည့်လိုက်ကာ မထူးမခြားသောလေသံဖြင့်ပြောလိုက်သည်။
"ပုံမှန်အတိုင်း ဆက်လုပ်ကြ..."
ပတ်ပတ်လည်ရှိ စားသုံးသူများအားလုံး မှင်သက်သွားကြသည်။
ထိုအချိန်တွင် သူတို့ကိုယ်သူတို့ ရူးနေပြီဟုပင် ထင်သွားလိုက်မိသည်။
ဒီကျင့်ကြံသူတွေက ဖင်ပြောင်ဖြစ်သွားအောင် အဝတ်ချွတ်ခံလိုက်ရပြီးတော့ သူတို့ရဲ့ မိုးကြိုးနဂါးမြင်းတွေကလည်း အယူခံလိုက်ရပြီ...
ပိုင်ရှင်ပုကတကယ်ကြီး မိုးပေါ်တက်ချင်နေတာလား...
ဒီတစ်ခါတော့ သူတကယ်ကြီးမိုက်တာပဲ...
…
အဝေးတွင် ထုံယွဲ့၏ နှုတ်ခမ်းထောင့်များ တွန့်လိမ်သွားသည်။ သူမ၏ မျက်လုံးများက ထူးဆန်းနေကာ ပုဖန်ကို စိုက်ကြည့်နေသည်။
ဒီပိုင်ရှင်ပုက တကယ်ကြီး ခန့်မှန်းမရတာပဲ...
"ဘာလို့လဲ... ဘယ်လိုဖြစ်သွားတာလဲ..."
ထုံယွဲ့က သစ်သားကြက်ရုပ်လို တောင့်ခဲနေပုံပေါ်ကာ သူမတစ်ကိုယ်လုံးတုန်ရီသွားသည်။
သူမရဲ့ အင်အားကြီးလှတဲ့ ထုံမိသားစုရဲ့ ကျင့်ကြံသူတွေက ပုဖန်ကို မဖမ်းနိုင်ဘူးလား...
"ဘာတွေမေးနေတာလဲ... နားမလည်သေးဘူးလား... နင်သာသူ့ကို စာမေးပွဲဖြေဖို့မတားမြစ်ခဲ့ရင် သူ မသေမျိုးမီးဖိုချောင်အဆောက်အဦးရှေ့မှာ ဆိုင်လာဖွင့်ရဲမယ် ထင်လို့လား..."
မူလျှို့အာ ထုံယွဲ့၏ဖြူဖျော့နေသော မျက်နှာကိုကြည့်၍ မေးလိုက်သည်။
ထုံယွဲ့၏ မျက်နှာအမူအယာက ရုတ်တရက် ပြောင်းလဲသွားတော့သည်။
သူပြောတာမှန်တယ်... ကြည့်ရတာ အရာအားလုံးက သူမကြောင့်ဖြစ်သွားတဲ့ပုံပဲ...
သူမသာ ပုဖန်ရဲ့ လျှောက်လွှာကို မငြင်းခဲ့ဘူးဆိုရင်... သူ အပြင်မှာဆိုင်ဖွင့်မှာမဟုတ်ဘူး...
သို့သော် ထုံယွဲ့သည် သူမ၏ အမှားကို သတိပြုမိသွားသော်လည်း ပွင့်ပွင့်လင်းလင်းဝန်ခံမည်မဟုတ်ပေ။ သူမရင်ထဲတွင် နောင်တရနေသော်လည်း ဝန်ခံမည့်အစားသေလိုက်မည်ဖြစ်သည်။
မန်နေဂျာချန်နှင့်အဖွဲ့က အပြင်သို့နောက်တစ်ကြိမ် ထွက်လာပြန်သည်။
မန်နေဂျာချန်၏မျက်နှာက အနည်းငယ်မှုန်မှိုင်းသွားလေသည်။ သူလည်း အဝေးမှ အခြေအနေကိုမြင်လိုက်ရကာ သူ၏မျက်နှာက အလွန်အမင်းအေးစက်သွားသည်။
"ထုံယွဲ့ ... မင်းကိုဒီပြဿနာဖြေရှင်းခိုင်းလိုက်တယ်မလား... ဘာလို့ ဒီလိုရုန်းရင်းဆန်ခတ်ဖြစ်နေရတာလဲ..."
မန်နေဂျာချန် ထုံယွဲ့ကို အသံမြှင့်၍ ဆူပူကြိမ်းမောင်းလိုက်သည်။
မန်နေဂျာချန်၏ ဒေါသနှင့် ရင်ဆိုင်လိုက်ရသောအခါ ထုံယွဲ့မည်သို့ရှင်းပြရမည်နည်း။ သူမ ဘာမှပင်မပြောလိုက်နိုင်ပေ။
သူမ၏ ထုံမိသားစု ကျင့်ကြံသူများက လှုပ်ရှားလိုက်ကြသော်လည်း ထိုလူကိုရင်မဆိုင်နိုင်ခဲ့ပေ။
သူမဘယ်လိုလုပ်ပြီး ဒီအခြေအနေကို ပြင်ဆင်ရတော့မလဲ...
သူတို့ မိသားစုအပြင်ကကျင့်ကြံသူတွေကိုလွှတ်ပြီး ဒီပြဿနာကိုဖြေရှင်းခိုင်းလိုက်တာများလား...
သို့သော် သူမဘာမှမပြောရဲပဲ မျက်နှာသာပျက်သွားခဲ့သည်။ သူမပြောရဲခဲ့လျှင်ပင် တစ်ဖက်လူက သေမျိုးလေးတစ်ယောက်အတွက် ကိုယ်တိုင်ကိုယ်ကျလှုပ်ရှားမည်မဟုတ်ပေ။
ထိုသည်ကိုတွေးမိပြီး အံတင်းတင်းကြိတ်ကာ ခါးသီးနေမှုများကိုသာ မြိုချလိုက်သည်။
သူမ တိတ်တဆိတ်သာခံစားနေလိုက်သည်။
"မန်နေဂျာချန်... ဒီကိစ္စကိုဖြေရှင်းဖို့က အရမ်းရိုးရှင်းပါတယ်..."
မူလျှို့အာ ပြောလိုက်သည်။
သူမ ထုံယွဲ့ကိုတစ်ချက်ကြည့်လိုက်ပြီး သူမ၏နှုတ်ခမ်းထောင့်ကွေးညွတ်သွားကာ ခပ်ဖွဖွပြုံးလိုက်ပြီး မန်နေဂျာချန်ကိုကြည့်လိုက်သည်။
မန်နေဂျာချန် တောင့်ခဲသွားကာ မူလျှို့အာကို သိချင်စိတ်ဖြင့်ကြည့်လိုက်သည်။
မူလျှို့အာ ပုဖန်၏လျှောက်လွှာကိုထုတ်ပြလိုက်ပြီး ဖြစ်ပျက်လာခဲ့သော အခြေအနေများကို ရှင်းပြလိုက်သည်။ သူမ ဘာကိုမှချန်ရစ်မထားပဲ ထုံယွဲ့ငြင်းလိုက်သည့်အကြောင်းနှင့် ပုဖန်၏ဆိုင်လေး အဘယ့်ကြောင့်အလွန်အောင်မြင်နေသည့်အကြောင်းကိုပါ ရှင်းပြလိုက်သည်။
ထိုအရာအားလုံးကို နားထောင်ပြီးသောအခါ အရာအားလုံးက ထုံယွဲ့အပြစ်ဖြစ်ကြောင်း သိလိုက်ရသည်။
မန်နေဂျာချန် သူ၏မုတ်ဆိတ်မွှေးကိုထိလိုက်ပြီး ခပ်ဆဆတွေးနေဟန်ဖြစ်သွားသည်။
"စာမေးပွဲတောင်မဖြေရသေးတဲ့လူကို နှင်ထုတ်တယ်... မင်းကိုဘယ်သူက အဲ့လိုလုပ်ခွင့်ပေးထားလဲ... ငါတို့မသေမျိုးမီးဖိုချောင်အဆောက်အဦးက မသေမျိုးမြို့တော်ကို စောင့်ကြပ်ပေးဖို့နဲ့ မင်းစော်ကားဆန့်ကျင်လိုက်တဲ့ စားဖိုမှူးလေးလို ပါရမီရှိတဲ့ မျိုးစေ့တွေကိုရွေးချယ်ဖို့ပဲ... အဲ့တာတင်မကဘူး မင်းသန်မာတဲ့ စားဖိုမှူးတစ်ယောက်ကို စော်ကားမိလိုက်ပြီ..."
မန်နေဂျာချန် အေးစက်စွာပြောလိုက်သည်။
"ဒီတစ်ကြိမ်တော့... မင်းခွင့်မလွှတ်နိုင်စရာအမှားလုပ်မိပြီ... ဒီရာထူးကမင်းနဲ့မသင့်တော်ဘူး မင်းရဲ့ထုံမိသားစုကို ပြန်လို့ရပြီ..."
ဘာ...
ပတ်ဝန်းကျင်ရှိလူများ ပင့်သက်ရှိုက်လိုက်မိသည်။
ထုံယွဲ့ အလုပ်ဖြုတ်ခံလိုက်ရပြီလား...
မသေမျိုးမီးဖိုချောင်အဆောက်အဦးမှာ ရာထူးရထားတဲ့ သူကောင်းမျိုးနွယ်မိသားစုရဲ့ ဂျူနီယာလေးက ဒီအတိုင်းပဲ အလုပ်ဖြုတ်ခံလိုက်ရတာလား....
နွေလယ်ခေါင် မိုးကြိုးပစ်သလိုပါပဲလား....
မှင်သက်နေသော ထုံယွဲ့က ရုတ်တရက်ကြီး အော်ဟစ်လာသည်။
"ကျွန်မ... မဟုတ်ဘူး... ကျွန်မကို ဘာလို့အလုပ်ဖြုတ်ရတာလဲ... သေမျိုးလေးတစ်ယောက်အတွက်နဲ့ ကျွန်မကို လက်လွှတ်လိုက်တာလား... လက်မခံနိုင်ဘူး...ငါ့ကထုံမိသားစုကလေ... ငါ့ကိုဒီလိုဆက်ဆံလို့မရဘူး..."
သူမ၏မျက်လုံးများတွင် ရူးသွပ်မှုများပြည့်သွားကာ နောက်သို့တဖြေးဖြေးချင်း ဆုတ်သွားသည်။ သူမဖြစ်ပျက်နေသည်များကို မယုံနိုင်ဖြစ်နေသည်။
သူမရဲ့ ကောင်းမွန်တဲအနေအထားက... ဒီသေမျိုးလေးကြောင့်နဲ့ ပျက်ဆီးသွားရပြီ...
ဘယ်လိုလုပ်ပြီး လက်ခံနိုင်ရမှာလဲ....
"ဟမ့်.. ထုံမိသားစုက သန်မာပြီး အံ့ဩစရာကောင်းပါတယ်... ဒာပေမဲ့ မမေ့နဲ့ဦး ငါတို့ မသေမျိုးမီးဖိုချောင်အဆောက်အဦးက မြို့တော်အရှင်ရဲ့ ပိုင်ဆိုင်မှုဖြစ်သလို ငါလူအိုကြီးကလည်း မြို့အရှင်ကို အမှုထမ်းနေတာ... ဒီပြဿနာတွေအားလုံးကို လုပ်ခဲ့တဲ့လူက မင်းပဲမလို့ ဒါကမင်းပြန်ပေးရမယ့် တန်ကြေးအတိအကျပဲ..."
မန်နေဂျာချန် အေးစက်စွာပြောလိုက်ပြီး သူ၏ဝတ်ရုံလက်များကို ခါလိုက်သည်။
ထို့နောက် မူလျှို့အာကို ကြည့်ပြီးပြောလိုက်သည်။
"မူလျှို့အာ... ဒီကိစ္စကို မင်းဆီလက်လွှဲလိုက်မယ်... ဈေးဆိုင်လေးကိုသွားပြီး ပိုင်ရှင်ကိုစာမေးပွဲဖြေဖို့သွားခေါ်ချေ... ဒီလောက်အချိန်တိုလေးအတွင်း ဆိုင်လေးသေးသေးလေးနဲ့တင် နာမည်ကြီးနေမှတော့ သူ့ရဲ့ဟင်းချက်ကျွမ်းကျင်မှုက အားနည်းမယ်လို့ ဒီလူအိုကြီးမထင်ဘူး... စားဖိုမှူးကောင်းတစ်ယောက်ကို ဆိုင်အသေးလေးတစ်ခုပဲဖွင့်ခိုင်းတာက ဖြုန်းတီးတာပဲ..."
မန်နေဂျာချန် ပြောလိုက်သည်။
မူလျှို့အာ အံ့ဩသွားသည်။ သူမ မန်နေဂျာချန်ဤကဲ့သို့ ဆုံးဖြတ်လိုက်မည်ဟု မတွေးခဲ့မိသေည်လည်း ချက်ချင်းပင်ခေါင်းငြိမ့် ထောက်ခံလိုက်သည်။
"ကောင်းတယ်..."
ထို့နောက် မန်နေဂျာချန် အေးစက်စက်နှာမှုတ်လိုက်ပြီး ထုံယွဲ့ကို စူးစိုက်ကြည့်လိုက်ပြီး ဝတ်ရုံလက်များကိုခါရင်း ထွက်သွားလေသည်။
ပတ်ပတ်လည်ရှိလူများက ထုံယွဲ့ကို စာနာဟန်ကြည့်လိုက်သည်။ သူမက ကြက်မခိုးနိုင်ရုံတင်မက ဆန်လက်တစ်ဆုပ်ပင် ဆုံးရှုံးသွားခဲ့ခြင်းဖြစ်သည်။
ထုံယွဲ့က သူမ၏အင်အားအပေါ် အလွန်ယုံကြည်မှုလွန်ကဲပြီး သေမျိုးများကို အမြဲတမ်း နှိမ့်ချခဲ့သည်။ ယခုတွင် သူမ သေမျိုးတစ်ယောက်ကြောင့် အပြစ်ပေးခံလိုက်ရပြီဖြစ်သည်။
ထုံယွဲ့ အလွန်နောင်တရနေပြီဖြစ်သည်။
သူမဘာလို့ ပုဖန္ကို ရန္စမိတာလဲ...
ဘာလို့ သူ့ကို စာမေးပွဲဖြေခွင့်မပေးရတာလဲ...
သူမတစ်ခုခု လုပ်နေဟန်ဆောင်လို့ရတယ်လေ...
…
မသေမျိုးမီးဖိုချောင် အဆောက်အဦးအပြင်ဘက်တွင်
ကိုယ်လုံးတီးဖြစ်နေသော လူသုံးယောက်က မြေကြီးပေါ်မှထကာ ရှက်ရှက်နှင့် ထွက်ပြေးကြသည်။
သူတို့ဆက်နေပြီး လူအုပ်ကြီးဆီက လှောင်ပြောင်မှုကိုခံရမှာလား... အခုဆို သူတို့က လူတိုင်းရဲ့မျက်လုံးထဲမှာ ဟာသကြီးဖြစ်နေပြီလေ...
ဒီသေမျိုးကောင်က. တကယ်ရူးနေတာပဲ...
သံရုပ်သေးရုပ်ကြီးကလည်း အသေးအမွှားမဟုတ်ဘူး... မသေမျိုးရုပ်သေးရုပ်နဲ့ တူနေတယ်...
သူက သေမျိုးလေးတစ်ယောက်လေ.. မသေမျိုးရုပ်သေးရုပ်က ဘယ်ကနေရတာလဲ...
ထုံမိသားစုဝင် ကျင့်ကြံသူများ၏မျက်လုံးများ အေးစက်သွားကြသည်။
ဒီသေမျိုးက သခင်လေးထုံချန်းရဲ့ မသေမျိုးရုပ်သေးရုပ်ကို ဖျက်ဆီးဖို့ တစ်ခုခုလုပ်လိုက်တာသေချတာယ်... အရမ်းကိုတိုက်ဆိုင်လွန်းနေတယ်လေ...
ထိုအချိန်တွင် ပုဖန်သည် ထိုကျင့်ကြံသူများ၏စိတ်ထဲတွင် တွေးနေသည်များကို သိမနေပေ။
သို့သော် မူလျှို့အာက နောက်တစ်ကြိမ်ရောက်လာပြီး သူ့ကို အံ့ဩစရာတစ်ခုပြောလာသည်။
မူလျှို့အာပြောသည်မှာ ထုံယွဲ့အပြစ်ပေးခြင်းခံရပြီး မသေမျိုးမီးဖိုချောင် အဆောက်အဦးမှနှင်ထုတ်ခံလိုက်ရကြောင်းဖြစ်သည်။
ပုဖန် အနည်းငယ် အံ့အားသင့်သွားသည်။ ထို ထုံယွဲ့က တကယ့်ကိုအားနည်းလှပေသည်။ သူ စားသောက်ဆိုင်အသေးလေးဖွင့်သည်မှာ ရက်အနည်းငယ်ကြာပြီဖြစ်ပြီး တစ်ဖက်လူက လက်လျော့သွားခဲ့ပြီဖြစ်သည်။ သူမနောင်တ ရရန်နောက်ထပ် ရက်အတော်ကြာဦးမည်ဟုထင်ခဲ့ခြင်းဖြစ်သည်။
မူလျှို့အာက ပုဖန်အထူးတန်းအဆင့်စားဖိုမှူးစာမေးပွဲဖြေရန် မသေမျိုးမီးဖိုချောင်အဆောက်အဦးက ခွင့်ပြုလိုက်ပြီဟူသော သတင်းကောင်းကိုပါ ဆောင်ယူလာခဲ့သည်။ ဤသတင်းက ပုဖန်ကို ခဏမျှ အံ့အားသင့်သွားစေခဲ့သည်။
ပုဖန်၏ မာနအရဆိုလျှင် ငြင်းဆိုလိုက်မည်ဖြစ်သော်လည်း စနစ်၏ မသေမျိုးမြို့တော်တွင် ဆိုင်ခွဲတစ်ခုဖွင့်ရမည်ဟူသော တာဝန်အရ အသိအမှတ်ပြုရန်လိုအပ်နေသည်။
စားသောက်ဆိုင်အတွက်သာ ပုဖန် မူလျှို့အာ၏တောင်းဆိုချက်ကို သဘောတူခဲ့ခြင်းဖြစ်သည်။
ပုဖန်တွင် တောင်းဆိုချက်တစ်ခုလည်းရှိနေသးသည်။ ထိုသည်မှာ ယနေ့အတွက် ဆိုင်လေး၏စီးပွားရေးကို အဆုံးသတ်ပြီးမှ စာမေးပွဲကို မနက်ဖြန်မှလာဖြေဆိုမည်ဟူ၍ဖြစ်သည်။
၎င်းနှင့်ပတ်သတ်၍ မူလျှို့အာဘက်က ကန့်ကွက်ခြင်းမရှိပေ။
သူမ ပုဖန်၏သွေးကျောက်ပုစွန်အစပ်ကို စိတ်ဝင်စားနေ၍ စားပွဲတွင်ထိုင်ချလိုက်ကာ တစ်ပွဲမှာလိုက်သည်။
ဝိုး... အရမ်းအရသာရှိတာပဲ...
မူလျှို့အာ၏ ဘယ်လက်တွင်ရော ညာလက်တွင်ပါ သွေးကျောက်ပုစွန်ကိုကိုင်ထားသည်။ သူမ ပါးစပ်တစ်ဝိုက်တွင်ဆော့စ်များပေကြံနေပြီး စားလိုက် ခေါင်းငြိမ့်လိုက် လုပ်နေသည်။
…
ထုံမိသားစုတွင်
ထုံယွဲ့နှင့် ကျင့်ကြံသူသုံးဦး အတွင်းစက်ဝိုင်းသို့ သုန်သုန်မှုန်မှုန်ဖြင့် ပြန်ရောက်လာကြသော ထုံမိသားစုရှိလူများ၏ အာရုံကိုဆွဲဆောင်မိသွားကြသည်။
ထိုကျင့်ကြံသူသုံးဦးနှင့် ထုံယွဲ့တို့ ထုံမိသားစု ဥယျာဉ်သို့သွားလိုက်ကြပြီး နောက်ဆုံးတွင် သေးငယ်သော ခြံဝန်းလေးတစ်ခုဆီ ရောက်သွားကြသည်။
ကျင့်ကြံသူသုံးဦးက ရိုးရှင်းသော ဝတ်ရုံများကိုသာ ဝတ်ထားကြသည်။ ခြံငယ်လေးဘက်ကို မျက်နှာမူရင်း လေးနက်သော အမူအယာဖြင့် ဦးညွတ်လိုက်သည်။
"သခင်လေးထုံချန်း... ကျွန်တော်တို့ သခင်လေးရဲ့ မသေမျိုးရုပ်သေးရုပ်ကို ဖျက်ဆီးသွားတဲ့ သေမျိုးကို ရှာတွေ့ခဲ့ပါပြီ..."
ကျွီကနဲမြည်သံဖြင့် ခြံငယ်လေး၏ဂိတ်တံခါး ဖြေးဖြေးချင်း ပွင့်သွားသည်။
ခဏအကြာတွင် လက်ပိုက်ထားသောလူတစ်ယောက်က ထိုခြံဝန်းငယ်လေးထဲမှ ထွက်လာသညခ။
"ရှာတွေ့ပြီလား... ရှာလို့တွေ့ရင် ဒုက္ခိတဖြစ်အောင်လုပ်ပြီး ဖမ်းခဲ့လို့အမိန့်ပေးခဲ့တယ်လေ.. ဘာလို့လက်ဗလာနဲ့ပြန်လာရတာလဲ... ပြီးတော့ ဘာလို့ ဒီလို သနားစရာရုပ်တွေဖြစ်နေရတာလဲ..."