အပိုင်း ၉၅၉
Viewers 61k

အခန်း ၉၅၉

အထူးတန်းအဆင့်စားဖိုမှူးစာမေးပွဲ


ရွှေရောင်ဝတ်ရုံကိုဝတ်ဆင်ကာ နဂါးဖိနပ်နှင့် ခရမ်းရွှေရောင်သရဖူကိုဆောင်းထားသော လူတစ်ယောက်ထွက်ပေါ်လာသည်။ သူ၏မျက်နှာက နူးညံ့ဟန်ပေါ်သော်လည်း မျက်လုံးများက လူများကိုကြောက်သွားစေနိုင်သော စူးရှမှုတို့ထွက်ပေါ်နေသည်။


ထိုလူက ထုံချန်းဖြစ်ပြီး ထုံမိသားစု၏သခင်ငယ်လေးဖြစ်သည်။ 


သူက ပထမအဆင့်စားဖိုမှူးအဆင့်ဖြစ်သဖြင့် မသေမျိုးမြို့တော်ထဲတွင် သူ၏အဆင့်အတန်း မြင့်မားပေသည်။ အဆုံးတွင် မသေမျိုးစားဖိုမှူးက ရှားပါးပြီး မသေမျိုးစားဖိုမှူးတစ်ယောက်ဖြစ်ရန်က မလွယ်လှပေ။


ထုံချန်း တံခါးဝတွင် ဝပ်တွားနေကြသော ကျင့်ကြံသူသုံးယောက်ကိုမကြည့်ပဲ သူ့လက်ထဲရှိ ကျောက်စိမ်းပုတီးကိုသာ ကြည့်နေသည်။


"ငါမင်းတို့ကို သူ့လက်နဲ့ခြေထောက်တွေကိုချိုးပြီး ခေါ်လာဖို့မပြောလိုက်ဘူးလား..."


ကျင့်ကြံသူသုံးဦး ရုတ်တရက်အချင်းချင်းကြည့်လိုက်ပြီး အကူအညီမဲ့သွားကြသည်။


သူတို့ ထုံချန်းကို ၎င်းတို့၏အဝတ်များအချွတ်ခံရသည့် အပိုင်းပင်မချန်ပဲ အကုန်အစီအရင်ခံလိုက်ကြသည်။ အစီအရင်ခံပြီးနောက်တွင် ခေါင်းတွင်တွင်ငုံ့၍ ဘာမှဆက်မပြောလာတော့ပေ။


"နတ်ဘုရားမီးတောက်ရှစ်ခုကို ထွန်းညှိပြီးတဲ့မင်းတို့သုံးယောက်က မိုးကြိုးနဂါးမြင်းတွေစီးသွားခဲ့တာတောင် ရုပ်သေးရုပ်တစ်ရုပ်ကိုမနိုင်ဘူးလို့ ပြောနေတာလား... မင်းတို့သွားရမယ့်ခရီးကတော်တော်လေးလိုသေးပုံပဲ..."


ထုံချန်း ကျောက်စိမ်းပုတီးကိုကြည့်ပြီး ရယ်မောလိုက်သည်။


"အဆင့်နိမ့်နယ်မြေက ရုပ်သေးရုပ်တစ်ရုပ်က အရမ်းသန်မာလို့ မင်းတို့သုံးယောက်က ပြန်မတိုက်နိုင်ဘူးတဲ့လား... ကြည့်ရတာ အဲ့တာ မသေမျိုးရုပ်သေးရုပ်များလားပဲ.. ဒီသခင်လေးကိုယ်တိုင် အဲ့အရုပ်ကိုကြည့်ချင်သွားပြီ..."


ထုံချန်း၏နှုတ်ခမ်းထောင့်များ မြင့်တက်သွားကာ စိတ်ကျေနပ်နေသော အမူအယာကိုထုတ်ဖော်ပြလာသည်။


သို့သော် ကျောက်စိမ်းပုတီးကိုင်ထားသော သူ့လက်က ဆန့်ကျင်ဘက်အမူအယာကိုပြနေလေသည်။ ရုတ်တရက် အားလှိုင်းတစ်ခုထွက်လာပြီး ထိုကျောက်စိမ်းပုတီးကို အားဖြင့်ဆုပ်ကိုင်လိုက်ကာ ချက်ချင်းပင် ကွဲကြေသွားစေသည်။



ရွှမ်ယွမ်ရှားဟွေ့ သက်ပြင်းချလိုက်သည်။ သူ့လက်ထဲရှိ နက်ဆွေးကာလေးလံလှသော မီးဖိုချောင်သုံးဓားကို အောက်သို့ပစ်ချလိုကိသောအခါ ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာပြီး စဉ်းတီတုံးကိုအစိတ်စိတ်အမြွှာမြွှာကွဲသွားစေသည်။


ထိုအသံကိုကြားလိုက်သောအခါ ရွှမ်ယွမ်ရွှမ်က မီးဖိုချောင်အပြင်မှ အပြေးအလွှားဝင်လာသည်။ သူမ ရွှမ်ယွမ်ရှားဟွေ့ကို တစ်ခုခုဖြစ်သွားမည်စိုးရိမ်နေသည်။


သူမ၏ အစ်ကိုလုံခြုံသည်ကို မြင်လိုက်ရသောအခါ စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်သည်။ သို့သော် သူမ သူ့နှဖူးတွင် ချွေးများစို့နေသည်ကို မြင်လိုက်ရသောအခါ သက်ပြင်းရှိုက်လိုက်ပြီးမေးလိုက်သည်။


"အစ်ကို အဆင်ပြေရဲ့လား..."


ရွှမ်ယွမ်ရှားဟွေ့ မျက်လုံးဖွင့်လိုက်ကာ လက်မောင်းကိုဆန့်တန်းလိုက်ပြီး ရွှမ်ယွမ်ရွှမ်ကို နွေးထွေးသောအကြည့်ဖြင့် ကြည့်လိုက်သည်။


"ရူးလိုက်တဲ့ကောင်မလေး... မင်းအစ်ကိုက ဘာဖြစ်မှာတဲ့လဲ..."


"ကျေးဇူးတင်ပါတယ် ဘုရားသခင်... စိတ်မပူပါနဲ့အစ်ကိုရယ်... အထူးတန်းအဆင့်စားဖိုမှူးက မသေမျိုးစားဖိုမှူးဖြစ်လာဖို့ခက်တယ်ဆိုတာ ညီမသိပါတယ်... အချိန်သာယူလိုက်စမ်းပါ အစ်ကို သေချာပေါက် မသေမျိုးစားဖိုမှူးဖြစ်လာမှာ...."

ရွှမ်ယွမ်ရွှမ်ပြောလိုက်သည်။


ရွှမ်ယွမ်ရှားဟွေ့ သူ၏ညီမလေး အကျိုးအကြောင်းညီညီညွတ်ညွတ်နှင့် ရှင်းရှင်းလင်းလင်းပြောပြနေသည်ကို ကြည့်လိုက်ပြီး သူ၏မျက်လုံးများကျဉ်းမြောင်းသွားကာ မေးစေ့ကိုပွတ်၍ပြောလိုက်သည်။


"အချိန်ယူပါ ဟုတ်လား... မနက်ဖြန်ကြရင် ငါတို့ မသေမျိုးမီးဖိုချောင်အဆောက်အဦးကိုသွားကြမယ်... အစ်ကို မသေမျိုးစားဖိုမှူးစာမေးပွဲဖြေမယ်..."


ရွှမ်ယွမ်ရွှမ်က ထပ်ပြောချင်သေးသော်လည်း ရွှမ်ယွမ်ရှားဟွေ့၏ စကားများကိုကြားသောအခါ သူမပါးစပ်ထဲရှိ စကားလုံးများတစ်ဆို့သွားသည်။ ပါးစပ်အဟောင်းသားဖြင့် ရွှမ်ယွမ်ရှားဟွေ့ကို ပြူးတူးကြောင်တောင်ကြည့်နေမိလိုက်သည်။


တစ်နေ့လုံးနီးပါး ရွှမ်ယွမ်ရွှမ်စကားတစ်လုံးပင်မပြောနိုင်သလိုဖြစ်သွားကာ ထိတ်လန့်ပြီးနောက်တွင် သူမအလွန်စိတ်လှုပ်ရှားသွားသည်။ စိတ်လှုပ်ရှားလွန်း၍ အခုချက်ချင်းပင် မြေပြင်ပေါ်ခုန်ပေါက်ချင်နေပြီ ဖြစ်သည်။


"အစ်ကိုပြောတာ သေချာလား... တကယ်အဆင့်တက်တော့မှာလား..."


"အိုး... အဆင့်တက်မသွားပေမယ့် ငါသေချာတဲ့အဆင့်တစ်ခုရောက်သွားခဲ့ပြီလေ..."


ရွှမ်ယွမ်ရှားဟွေ့ မျက်စိမှေးကျဉ်းလိုက်သည်။ သူ အပြင်ပိုင်းတွင် တည်ငြိမ်နေဟန်ပေါက်သော်လည်း အတွင်းတွင်တော့ အတော်လေး စိတ်လှုပ်ရှားနေသည်။


နောက်ဆုံးတွင် သူ မသေမျိုးစားဖိုမှူးတစ်ယောက်ဖြစ်လာရန် အကန့်အသတ်သို့ရောက်သွားပြီဖြစ်သည်။ ဤအကြိမ်တွင် သူ မသေမျိုးမြို့တော်တစ်ခုလုံးကို ထိတ်လန့်သွားစေမည်ဖြစ်သည်။


အဆုံးတွင် မသေမျိုးမြို့တော်၌ မသေမျိုးစားဖိုမှူးအသစ်ပေါ်မလာခဲ့သည်မှာ အချိန်အတော်ကြာနေပြီဖြစ်သည်။



မသေမျိုးမီးဖိုချောင်အဆောက်အဦး ပိတ်ချိန်တွင် ပုဖန်သည်လည်း သူ၏ဆိုင်လေးကို ပိတ်ရန် အချိန်ရောက်လာပြီဖြစ်သည်။


သူ စားသုံးသူများကို ယနေ့က ဆိုင်လေး၏နောက်ဆုံးနေ့ဖြစ်ကြောင်းနှင့် အဘယ့်ကြောင့်ပိတ်ရမည်ဟူသော အကြောင်းကို ရှင်းပြခဲ့သည်။


ပုဖန်၏ ရှင်းပြမှုကိုကြားပြီးနောက်တွင် စားသုံးသူများအားလုံး အလွန်ပျော်သွားကြသည်။ 

ပိုင်ရှင်ပုက စားသောက်ဆိုင်တစ်ဆိုင်ဖွင့်ဖို့ အစီအစဉ်ဆွဲနေတာလား...


ဒါဆိုရင် အရသာရှိတဲ့ အစားအသောက်တွေမစားရဖို့ မကြောက်ရတော့ဘူးပေါ့....


သို့သော် ဤပိုင်ရှင်ပုက အလွန်အမင်းယုံကြည်ချက်ရှိနေဟန် ပေါ်နေသည်။ သူမသေမျိုးမြို့တော်ထဲတွင် စားသောက်ဆိုင်ဖွင့်လိုပါက အထူးတန်းအဆင့်စားဖိုမှူးစာမေးပွဲကို အရင်ဆုံးအောင်ထားရမည်ဖြစ်သည်။


ပိုင်ရှင်ပု အထူးတန်းအဆင့်စားဖိုမှူးစာမေးပွဲကို အောင်ပါ့မလား...


ဟော့ပေါ့နှင့် သွေးကျောက်ပုစွန်အစပ်တို့က အတော်လေးအရသာရှိသည်မှာ မှန်သော်လည်း ချက်ပြုတ်ရာတွင် ခက်ခဲမှုမရှိသဖြင့် အထူးတန်းအဆင့်စားဖိုမှူးတစ်ယောက်ကို မယှဉ်နိုင်ပေ။


ထိုကိစ္စနှင့်ပတ်သတ်၍ ပုဖန်က မည်သည်ကိုမှ မရှင်းပြခဲ့ပေ။ အမှန်အတိုင်းပြောရလျှင် ရှင်းပြရန်ပင်မလိုချေ။ သူ၏အချက်အပြုတ် ကျွမ်းကျင်မှုကိုသူ ယုံကြည်မှုရှိလေသည်။ 


ထို့အပြင် မသေမျိုးစားဖိုမှူးစာမေးပွဲကိုပါ တစ်ခါတည်းဖြေခွင့်ရနိုင်လောက်သည်။


ထုတ်ပိုး၍ ဆိုင်ပိတ်ပြီးနောက်တွင် ပုဖန် နယ်သာရီနှင့် ငရဲဘုရင်အာဟကို တည်းခိုခန်းသို့ ခေါ်သွားလိုက်သည်။


ခွေးဘုရင်က ကြမ်းပြင်ပေါ်တွင်လဲလျောင်းပြီး တစ်သက်လုံးအိပ်လာရသည်က မလုံလောက်ဟန်ဖြင့် တခေါခေါဟောက်၍ အိပ်နေသည်။


ပန်းပွင့်လေးက ခွေးဘုရင်ဘေးတွင်လှဲပြီး ခွေးဘုရင်၏အမြှီးကိုကိုင်ကာ အိပ်နေသည်။


မဟူရာနဂါးဘုရင်က ခပ်လှမ်းလှမ်း၍ ထိုင်ခုံပေါ်တွင်ထိုင်နေသည်။ တစ်ခါတစ်ရံ ပန်းပွင့်လေးကိုကြည့်ပြီး သူ၏ချစ်လှစွာသောသမီးလေးက ခွေးတစ်ကောင်အပေါ် တကယ်ကြီးမှီခိုနေသည့်အကြောင်းကို တွေးနေတတ်သည်။ ထိုအတွေးက သူ၏နှလုံးသားကိုအောင့်မျက်စေပြီး အသက်ရှူရန်ပင် ခက်ခဲလာစေသည်။


ပုဖန်ပြန်လာချိန်တွင် ပန်းပွင့်လေးက ချက်ချင်းနိုးလာတော့သည်။ ပုဖန်ပြန်လာသည်က သူတို့အရသာရှိသော အစားအသောက်များ စားရတော့မည်ဟု ဆိုလိုကြောင်း သူမသိလေသည်။


မနေ့က ဟော့ပေါ့က သူမကိုစိတ်မကျေနပ်စေပဲ ထပ်စားချင်နေခဲ့သေးသည်။ ယနေ့ သူမ ပုဖန်မည်သည့် စားဖွယ်ကိုချက်မည်ကို မသိပေ။


ပုဖန်က လူတိုင်း၏မျှော်လင့်ချက်အတိုင်း ပြန်ရောက်သည်နှင့် ချက်ပြုတ်ရင်း အလုပ်များနေတော့သည်။


မကြာမီ ညရောက်လာပြန်သည်။


တည်းခိုဆောင်ပြတင်းမှ အပူငွေ့များထွက်နေကာ မီးခိုးငွေ့များနှင့်အတူ မွှေးပျံ့လှသောဟင်းရနံ့များ ထွက်ပေါ်နေသည်။


မနက်ဖြန် အထူးတန်းအဆင့်စားဖိုမှူးစာမေးပွဲဖြေဆိုမည်ဖြစ်သော်လည်း ပုဖန်က စိတ်မပူသည့်အပြင် စိတ်ပင်မဝင်စားပေ။


ဗိုက်ဝအောင်စားပြီးနောက်တွင် ပုဖန် ကုတင်ပေါ်တွင်လှဲ၍ အိပ်လိုက်သည်။


အခန်းထဲတွင် အလွန်တိတ်ဆိတ်သွားသည်။



နောက်တစ်နေ့တွင် ပုဖန်အိပ်ရာထချိန်၌ ကောင်းကင်တစ်ခွင် ကြည်လင်နေကာ နေသာနေပြီဖြစ်သည်။


အကြောဆန့်ပြီးနောက်တွင် သူ၏အစာအိမ်ကိုဖြည့်ရန် ဥထမင်းကြော်ကြော်လိုက်ပြီး ခွေးဘုရင်အတွက် နံရိုးချိုချဉ်ကြော်ကြော်လိုက်ပြီး သူ၏ပစ္စည်းများကိုထုတ်ပိုးကာ အပြင်ထွက်လိုက်သည်။


မနေ့က သူ မူလျှို့အာ၏ ဖိတ်ခေါ်မှုကိုလက်ခံပြီး မသေမျိုးမီးဖိုချောင် အဆောက်အဦးတွင် အထူးတန်းအဆင့်စားဖိုမှူးစာမေးပွဲဖြေရန် သဘောတူခဲ့သည်။


မသေမျိုးမြို့တော်တွင် အထူးတန်းအဆင့်စားဖိုမှူးများစွာ ရှိသော်လည်း ဆန့်ကျင်ဘက်အားဖြင့် မသေမျိုးစားဖိုမှူးများက ရှားပါးလှပေသည်။


တစ်စုံတစ်ယောက်က အထူးတန်းအဆင့်စားဖိုမှူးစာမေးပွဲကို အောင်လျှင် အပြင်စက်ဝိုင်း၌ စားသောက်ဆိုင်ဖွင့်နိုင်ပြီဖြစ်သည်။ ထို့နောက် မသေမျိုးစားဖိုမှူးစာမေးပွဲကိုအောင်ပါက အတွင်းပိုင်းစက်ဝိုင်းတွင် စားသောက်ဆိုင်ဖွင့်နိုင်မည်ဖြစ်သည်။


မသေမျိုးစားဖိုမှူးက များစွာသောစားဖိုမှူးများ၏ ဂုဏ်ကျက်သရေပင်ဖြစ်သည်။ မသေမျိုးစားဖိုမှူးတစ်ယောက်ဖြစ်လာရန်က လူပေါင်းများစွာ၏အိပ်မက်ဖြစ်သည်။


သို့သော် ပုဖန်က အများကြီးမစဉ်းစားပေ။ ယခုအချိန်တွင် သူဦးစားပေးစဉ်းစားနေသည်မှာ အထူးတန်းအဆင့်စားဖိုမှူးစားမေးပွဲကိုဖြေပြီး ဆိုင်ခွဲအသစ်ဖွင့်ရန်သာဖြစ်သည်။


လမ်းမရှည်ကြီးထက်တွင် လမ်းလျှောက်ရင်း ပုဖန် မသေမျိုးမီးဖိုချောင်အဆောက်အဦးရှိရာ နေရာသို့ ဦးတည်၍သွားလိုက်သည်။ သူ ရက်အနည်းငယ်ခန့် ဆိုင်ဖွင့်ခဲ့သောနေရာတွင် လူများစွာရှိနေပြီး သူ့ကိုပြုံးပြ နှုတ်ဆက်လာကြသည်။


ပုဖန် ခေါင်းငြိမ့်ပြီး ပြန်လည်တုံ့ပြန်လိုက်သည်။


သူ မသေမျိုးမီးဖိုချောင်အဆောက်အဦး ဝင်ပေါက်ကို ရောက်ချိန်တွင် မူလျှို့အာက သူ့ကိုစောင့်နေလေသည်။


"နောက်ဆုံးတော့ ရှင်ရောက်လာပြီပဲ... ကျွန်မအကြာကြီးစောင့်လိုက်ရတယ်..."


မူလျှို့အာ ပုဖန်ကို ပြုံးရင်းပြောလိုက်သည်။ သူမ သူ၏အချက်အပြုတ်အဆင့်ကိုသိချင်နေသဖြင့် သူစာမေးပွဲဖြေသည်ကို လာစောင့်ကြည့်ခြင်းဖြစ်သည်။


ပုဖန် တစ်ဖက်လူအဘယ့်ကြောင့် စိတ်လှုပ်ရှားနေကြောင်းမသိသော်လည်း လောကဝတ်အရ ခေါင်းငြိမ့်ပြလိုက်ပြီး ပြောလိုက်သည်။


"ခင်ဗျားကို အချိန်အကြာကြီး စောင့်ခိုင်းစေမိပြီ..."


"ကျွန်မနောက်လိုက်ခဲ့... ရှင့်ရဲ့ ဟင်းချက်နည်းတွေကိုကြည်ဖို့ ကျွန်မတော်တော်လေးစိတ်လှုပ်ရှားနေပြီ... အံ့ဩဖို့ကောင်းတဲ့ ဟော့ပေါ့နဲ့ သွေးကျောက်ပုစွန်အစပ်ဆိုတဲ့ ဟင်းပွဲတွေကို တီထွင်ခဲ့တဲ့လူက... ဘယ်လောက်သန်မာလဲဆိုတာ တော်တော်လေးသိချင်နေမိပြီ..."


မူလျှို့အာ ပုဖန်ကို မသေမျိုးမီးဖိုချောင်အဆောက်အဦးအတွင်းပိုင်းသို့ ခေါ်သွားခဲ့သည်။ လမ်းတစ်လျှောက်တွင် လူများစွာက ပုဖန်ကို ထူးထူးဆန်းဆန်းစိုက်ကြည့်နေကြသည်။


သဘာဝကျစွာဖြင့် ထိုလူများက သူ့ကိုမှတ်မိကြပေသည်။ ပုဖန်က လွန်ခဲ့သည့်ရက်များအတွင်း ကိစ္စများစွာကို ဖြစ်ပျက်စေခဲ့သူဖြစ်သည်။ ထို့အပြင် ထုံယွဲ့က ထိုလူထဲမှ အလဲထိုးခြင်းခံခဲ့ရပေသည်။


ဒီလူက... တကယ့်ကို ရက်စမ်းကြမ်းကြုတ်တဲ့လူပဲ...


ထိုလူများကြားမှ ပုဖန် ကြောက်ရွံ့နေသော မျက်လုံးနှစ်စုံကိုတွေ့လိုက်ရသည်။ ထိုမျက်လုံးများ၏ ပိုင်ရှင်များက ထုံယွဲ့နှင့်အတူ အဝတ်ချွတ်ခံလိုက်ရသော ကျင့်ကြံသူနှစ်ဦးဖြစ်ပေသည်။


သူတို့၏နှလုံးသားထဲတွင် ထို စိတ်ဒဏ်ရာရဖွယ် ဖြစ်ရပ်အကြောင်းတွေးလိုက်မိတိုင်း ကြောက်ရွံ့နေကြဆဲဖြစ်သည်။


မူလျှို့အာနောက်သို့လိုက်ပြီး ကြောင်လိမ်လှေကားကိုတက်လိုက်သောအခါတွင် ပုဖန် ရုတ်တရက် ခြေလှမ်းများရပ်သွားသည်။


အဘယ့်ကြောင့်ဆိုသော် ရင်းနှီးနေသောပုံရိပ်နှစ်ခုက သူတို့ထံလာနေသောကြောင့်ဖြစ်သည်။


"အိုး... မင်းပဲ.."


ရွှမ်ယွမ်ရှားဟွေ့ ပုဖန်ကိုတွေ့လိုက်ရသောအခါ အနည်းငယ် အံ့အားသင့်သွားသည်။ ရွှမ်ယွမ်ရွှမ်သည်တော့ ပုဖန်ကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်နေသည်။


ပုဖန် ထိုနှစ်ဦးကို ဤနေရာတွင် တွေ့မည်ဟု မထင်ထားခဲ့ပေ။


"မင်းရော အထူးတန်းအဆင့်စားဖိုမှူး စာမေးပွဲလာဖြေတာလား..."


ရွှမ်ယွမ်ရှားဟွေ့ မျက်မှောင်ကြုတ်လိုက်သည်။


"ငါတို့ နောက်ဆုံးတွေ့ခဲ့တာတောင် ရက်အတော်ကြာပါပြီ... မင်းဘာလို့ စာမေးပွဲမဖြေရသေးတာလဲ..."


ထိုမေးခွန်းအတွက်အဖြေက ဖြေရန်ခက်ခဲလှပြီး ပုဖန်ကလည်းပျင်းနေသဖြင့် ရွှမ်ယွမ်ရှားဟွေ့ကို ခေါင်းသာငြိမ့်ပြလိုက်သည်။


"ငါ့အစ်ကိုကြီးက ဒီကို မသေမျိုးစားဖိုမှူးစာမေးပွဲလာဖြေတာ..."


မထင်မှတ်ထားစွာ ရွှမ်ယွမ်ရွှမ်က ဂုဏ်ယူမှုအပြည့်နှင့် ပြောလာသည်။


မိန်းမငယ်လေး၏ စကားကိုကြားလိုက်သောအခါ ပတ်ပတ်လည်မှလူများအလုံး ရွှမ်ယွမ်ရှားဟွေ့ကို ကြည့်မိကြသည်။


"ရွှမ်လေး... လူတိုင်း သူမကိုစိတ်ထဲမထားကြပါနဲ့,.. ကျွန်တော်က ကြိုးစားကြည့်ရုံပါ... ဘာပဲဖြစ်ဖြစ် စားဖိုမှူးတိုင်းက မသေမျိုးစားဖိုမှူးဖြစ်ချင်ကြတာပဲလေ... ကျွန်တော်ကလည်း သူတို့ထဲကတစ်ယောက်ဆိုတော့ ကြိုးစားကြည့်ရုံပါ..."


ရွှမ်ယွမ်ရှားဟွေ့ အပြုံးလေးဖြင့် ရှင်းပြလိုက်သည်။


ရွှမ်ယွမ်ရှားဟွေ့၏ ကိုယ့်ကိုကိုယ်နှိမ့်ချသောစကားများကို ကြားလိုက်သောအထာ လူတိုင်းအနည်းငယ် အံ့အားသင့်သွားကြသည်။ သူ့အတွက် မသေမျိုးစားဖိုမှူးစာမေးပွဲအောင်ရန် အတော်လေး ယုံကြည်မှုရှိနေဟန် ပေါ်သည်။


ကျွီ


ခပ်လှမ်းလှမ်းမှ တံခါးပွင့်သံကြားလိုက်ရပြီးမန်နေဂျာချန်ထွက်ပေါ်လာသည်။ သူ့ရှေ့တွင် လူများစွာကိုတွေ့လိုက်ရသောအခါ သူအနည်းငယ်အံ့ဩသွားသည်။


သူ ပုဖန်ကို စူးစိုက်ကြည့်လိုက်ပြီး ထိုအကြည့်တွင် အအေးဓာတ်တို့ပါဝင်နေသည်။


သို့သော် ရွှမ်ယွမ်ရှားဟွေ့ကို ကြည့်လိုက်သောအခါ သူ၏မျက်လုံးများက နူးညံ့လာသည်။


"ရှားဟွေ့ လာပါဦး... ဒီတစ်ခါတော့ ဒီလူအိုကြီးကိုယ်တိုင် မင်းကိုကူညီအကဲဖြတ်ပေးဖို့လာတာ..."


မန်နေဂျာချန်က အပြုံးဖြင့်ပြောလိုက်သည်။


ရွှမ်ယွမ်ရှားဟွေ့ သူ့ကို လေးစားမှုအပြည့်ဖြင့်ကြည့်ပြီး ပြောလိုက်သည်။


"မန်နေဂျာချန်ရောက်လာပေးလို့ ကျွန်တော်အရမ်းကျေးဇူးတင်ပါတယ်... ကျွန်တော် ရှာူဟွေ့ ပိုပြီး ယုံကြည်ချက်ရှိသွားပါပြီ..."


ထိုအရာက မြှောက်ပင့်မှုတစ်ခုသာဖြစ်သော်လည်း မန်နေဂျာချန်က အမှန်တကယ် အလွန်ပျော်နေခဲ့သည်။


"မသေမျိုးစားဖိုမှူးစာမေးပွဲက အရမ်းခက်တာ... ပြီးတော့ ကိုယ့်ရဲ့အစွမ်းအစအပေါ်ကိုယ်ပဲ မူတည်တယ်... ဒီလူအိုကြီးက မသေမျိုးစားဖိုမှူးအသစ်တစ်ယောက် ပေါ်ထွက်လာတာကို မျက်မြင်ကိုယ်တွေ့ကြုံချင်ရုံပါပဲ... ဘာပဲဖြစ်ဖြစ် မသေမျိုးမြို့တော်မှာ မသေမျိုးစားဖိုမှူးအသစ်ပေါ်ထွက်မလာတာ အတော်ကိုကြာပြီလေ..."


ထို့နောက် ရွှမ်ယွမ်ရှားဟွေ့ ပုဖန်ကို နှုတ်ဆက်လိုကိပြီး မန်နေဂျာချန်ထံ လျှောက်သွားလိုက်သည်။


"သွားကြစို့.. ရွှမ်ယွမ်ရှားဟွေ့ရဲ့ အရည်အချင်းကတော်တော်လေးကောင်းတယ်... ဒီတစ်ကြိမ်တော့ သူ မသေမျိုးစားဖိုမှူးဖြစ်လာဖို့ ငါတကယ်ကို မျှော်လင့်နေမိတယ်..."


မူလျှို့အာ စိတ်ခံစားမှုအပြည့်ဖြင့် ပြောလိုက်သည်။ သူမ၏မျက်လုံးထဲတွင် လေးစားအားကျမှုအချို့ ရှိနေသည်။


သူမ၏ အချက်အပြုတ်အရည်အချင်းက မကောင်းပေ။ ထို့ကြောင့်မဟုတ်ပါက သူမဘဝရည်မှန်းချက်ကို မသေမျိုးစားဖိုမှူးဖြစ်လာရန် ရည်ရွယ်ခဲ့မည်ဖြစ်သည်။


မည်သို့ပင်ဆိုစေ မသေမျိုးစားဖိုမှူးစာမေးပွဲသာမက မည်သည့်အရာပင်ရှိနေပါစေ သူမ ပုဖန်၏ အထူးတန်းအဆင့်စားဖိုမှူးစာမေးပွဲကို အာရုံစိုက်ရမည်ဖြစ်သည်။ အဆုံးတွင် သူမ ပုဖန်အကြောင်း ပို၍ပို၍သိချင်နေပြီဖြစ်သည်။


"မေးခွင့်ရှိမယ်ဆိုရင် ကျုပ်လည်း မသေမျိုးစားဖိုမှူးစာမေးပွဲ ဖြေလို့ရမလား..."


မူလျှို့အာ ခဏတာကြောင်အသွားကာ အပြုံးလေးဖြင့် ပြန်ဖြေလာသည်။


"အရမ်းကြီး ရည်မှန်းချက်မကြီးနဲ့... ဒါက ခက်ခဲတဲ့ ခရီးကြမ်းကြီလေ... တစ်ချို့လူတွေဆို တစ်ဘဝလုံးကြိုးစားတာတောင် မကျော်ဖြတ်နိုင်ကြဘူး... ဒါပေါ့ မသေမျိုးစားဖိုမှူးစာမေးပွဲကိုဖြေချင်ရင် အရင်ဆုံးအထူးတန်းအဆင့်စားဖိုမှူးဖြစ်နေရမယ်လေ... မဟုတ်ရင် ဒီလောက်ခက်တဲ မသေမျိုးစားဖိုမှူးစာမေးပွဲကို ဘယ်လိုလုပ်ဖြေနိုင်မှာလဲ..."


ဒီတော့ သူက အရင်ဆုံး အထူးတန်းအဆင့်စားဖိုမှူးဖြစ်အောင် လုပ်ရမှာပေါ့လေ...


ပုဖန် မျက်မှောင်ကြုတ်လိုက်ကာ ခေါင်းငြိမ့်ပြလိုက်သည်။


ကျန်ကိစ္စများကို သူအထူးတန်းအဆင့် စားဖိုမှူးဖြစ်ပြီးမှ ဆက်စဉ်းစားတော့မည်ဖြစ်သည်။


"ကျွန်မတို့ရောက်ပြီ... ဒါက အကဲဖြတ်အခန်းပဲ..."


နောက်ဆုံးတွင် သူတို့နှစ်ယောက် တံခါးတစ်ခုရှေ့သို့ ရောက်ပြီဖြစ်သည်။ မူလျှို့အာ ကျောက်စိမ်းအဆောင်တစ်ခုကိုထုတ်ကာ တံခါးသော့ကို ဖိလိုက်သည်။ ထုတ်ချည်းပင် တံခါးပေါ်တွင် မျဉ်းကြောင်းများစွာပေါ်လာပြီး ကျွီကနဲမည်သံဖြင့် ပွင့်သွားတော့သည်။


သူတို့နှစ်ယောက်လုံး ဝင်သွားကြသည်။


အထူးတန်းအဆင့်စားဖိုမှူးစာမေးပွဲ ယခုတွင် စတင်ပြီဖြစ်သည်။



မသေမျိုးမီးဖိုချောင် အဆောက်အဦး ဝင်ပေါက်တွင်


ရွှေနှင့်ကျောက်စိမ်းတို့ စီချယ်ထားသော ရထားလုံးတစ်စင်း ဆိုက်ရောက်လာသည်။


ထိုရထားလုံးကို မိုးကြိုးနဂါးမြင်းတစ်ကောင်က ဆွဲလာသည်။ သို့သော် ပုဖန် သူ၏ ကောင်းကင်နှင့်ကမ္ဘာမြေ လယ်ယာမြေထဲသို့ ပစ်ထည့်လိုက်သော မြင်းများနှင့်ယှဉ်လျှင် ယခုမြင်းက ပိုမို အဆင့်မြင့်လေသည်။


အစောင့်များက ရထားလုံးမှ လိုက်ကာစကို မတင်ပေးလိုက်သောအခါ ပုတီးလုံးကန့်လန့်ကာက အနည်းငယ် လှုပ်ရမ်းသွားသည်။ ထိုရထားလုံးထဲမှ ရွှေရောင်ဝတ်ရုံဝတ်ဆင်ထာဿးာ လူတစ်ယောက် ထွက်လာသည်။


သူ၏ ခေါင်းပေါ်တွင် ခရမ်းရွှေရောင်သရဖူရှိနေပြီး သူ၏ခြေထောက်တွင် နဂါးဖိနပ်များရှိနေသည်။


ရွှေရောင်ဝတ်ရုံဝတ်ထားသောလူ ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိလူများ၏ အကြည့်ကိုဆွဲဆောင်သွားသည်။ လူတိုင်း ထိုလူကိုစိုက်ကြည့်နေကြသည်။


"ဟေး... အဲ့တာ ပထမအဆင့်မသေမျိုးစားဖိုမှူး အရှင်ထုံချန်းမလား..."


"ထုံမိသားစုရဲ့ ပါရမီရှင် ထုံချန်းလား..."


"အဲ့တာတကယ်ကြီး အရှင်ထုံချန်းလား... နောက်ဆုံးတော့ ငါ့လေးစားရတဲ့သူကို အရှင်လတ်လတ်တွေ့ခွင့်ရပြီ... အိုး... မသေမျိုးစားဖိုမှူးတစ်ယောက်ကွ..."


ပတ်ဝန်းကျင်ရှိလူများက ဆူဆူညံညံဆွေးနွေးနေကြသော်လည်း ထုံချန်းက သူ့လက်ထဲရှိ ကျောက်စိမ်းပုတီးကိုသာ လှည့်နေသည်။


သူခေါင်းမော့လိုက်သောအခါ ဆံပင်များက သူ့နှဖူးပေါ့ဝေ့ဝဲကျလာပြီး လက်ချောင်းနှစ်ချောင်းဖြင့် ထိုဆံပင်များကို သပ်တင်လိုက်သည်။ 


"ဒီတော့... အဲ့သေမျိုးက ဒီကိုစာမေးပွဲလာဖြေတာပေါ့လေ... သူ အထူးတန်းအဆင့်စားဖိုမှူးဖြစ်သွားတာနဲ့ ငါကလွှတ်ပေးမယ်လို့ တကယ်ကြီးထင်နေတာလား... ဘယ်လောက်တောင် နုံ့အလိုက်သလဲ... ဘာပဲဖြစ်ဖြစ် ဒီသခင်လေးက သူ့ကို ဒုက္ခိတဖြစ်အောင်လုပ်ပြီး ဖမ်းပြမယ်...."