အပိုင်း ၉၆၀
Viewers 53k

အခန်း ၉၆၀

နောက်တစ်ယောက်... ပုန်းကွယ်နဂါးတိုက်ကြီးက ပုဖန်


မသေမျိုးမီးဖိုချောင်အဆောက်အဦးတွင် ထုံချန်း၏ ပေါ်ထွက်လာမှုသည် လူတိုင်း၏မျှော်လင့်ချက်ထက် ကျော်လွန်နေသည်။ ပထမအဆင့် မသေမျိုးစားဖိုမှူး တစ်ယောက် ပေါ်လာကတည်းက ဆူညံသွားမည်မှာ အမှန်ပင်။


ထုံချန်းကို လူတော်တော်များများ စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။ သဘောကျသော မျက်လုံးများဖြင့် လူတိုင်းက ရုပ်ရည်ကို ငေးကြည့်လျက် သူ၏လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေကြသည်။


ထုံချန်းရှေ့သို့ လျှောက်လာစဉ် အလွန်ယုံကြည်မှုရှိပြီး သက်တောင့်သက်သာ ရှိ‌ပုံရသည်။ သူ၏လက်ထဲတွင် ကျောက်စိမ်းပုတီးစေ့ကို ကိုင်ကာ သရော်ပြုံးပြုံးလျက် လှည့်ကြည့်လိုက်သည်။


ပင်မခန်းမထဲကို လှမ်းဝင်လာပြီးနောက် သူက အာရုံစူးစိုက်မှုများ၏ ဗဟိုချက်ဖြစ်လာပြန်သည်။ ဤကိစ္စနှင့် ပတ်သက်၍ ထုံချန်းသည် သဘာဝကျသည်ဟုသာ ခံစားခဲ့ရသောကြောင့် အထူးတလည် မခံစားရပေ။


အထူးအဆင့် စားဖိုမှုးဖြစ်လာပါက မသေမျိုးမီးဖိုချောင် အဆောက်အဦး၏ ကာကွယ်မှုအောက်တွင် ရှိနေမည်ဖြစ်သည်။ ဤသေမျိုးသည် ထိုကဲ့သို့ အကြံအစည်ဖြင့် သူ့ထံမှ လွတ်မြောက်နိုင်မည်ဟု ထင်နေသည်။


ဒီသခင်လေးကို စော်ကားမိတဲ့အတွက် သူ့အသက်ကိုစွန့်ပြီး အထူးအဆင့်စားဖိုမှူး စစ်ဆေးချက်ကို ဖြေဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ဘူး...


သို့သော် အထူးအဆင့်စားဖိုမှူး စစ်ဆေးချက်သည် ထင်သလောက်မလွယ်ကူပေ။ အဆင့်နိမ့်နယ်ပယ်မှ သေမျိုးတစ်ယောက်ဖြစ်သည့်အတွက် သူ့ထံတွင် အရည်အချင်းနှင့် သဘာဝအရင်းအမြစ်များ အကန့်အသတ်ရှိသောကြောင့် အထူးအဆင့်စားဖိုမှူးတစ်ဦးဖြစ်လာရန်မှာ ကောင်းကင်သို့ရောက်ရန်ထက်ပင် ခက်ခဲသည်။


ထုံချန်း၏နောက်တွင် ခံ့ညားသော အစောင့်များစွာက သူ၏နောက်သို့ လိုက်သွားကြသည်။ သူတို့၏ ခန္ဓာကိုယ် တစ်ခုလုံးကို ရွှေရောင် အလင်းဖြင့် ဖုံးအုပ်ထားပြီး ၎င်းတို့သည် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် တံခါးဝရှိ လက်ခံသူနှင့် ဆင်တူသည်။


ထိုအစောင့်များသည်လည်း မြေကမ္ဘာအင်မော်တယ် ရုပ်သေးများပင် ဖြစ်သည်မှာ ထင်ရှားသည်။ သို့သော် သူတို့၏အသွင်အပြင်သည် ပိုမှုန်ဝါးလာကာ ၎င်းတို့၏အော်ရာနှင့် ခွန်အားမှာလည်း အားနည်းသွားခဲ့သည်။


ထုံချန်း အထဲကို ဝင်လာသောအခါ မသေမျိုးမီးဖိုချောင်အဆောက်အဦးရှိ တစ်ယောက်ယောက်က သူ့ကို လာနှုတ်ဆက်သည် ။ မသေမျိုးစားဖိုမှူးဖြစ်သည့် သူ့အား မသေမျိုးမီးဖိုချောင်အဆောက်အဦးမှ အနည်းငယ်မျှ လျစ်လျူမရှု့ဝံ့ပေ။


" မသေမျိုးစားဖိုမှူး ထုံချန်း... ခင်များဒီနေ့လာမှာကို ကျွန်တော်တို့ မသိလိုက်ဖူး... ဒီကိုပျော်ရွှင်စွာ လာရောက်လည်ပတ်တဲ့ ကျွန်တော်တို့ ဘာများလုပ်ပေးရမလဲ..." မသေမျိုးမီးဖိုချောင်အဆောက်အဦးမှ ကျင့်ကြံသူက လေးစားစွာ ပြောလိုက်သည်။


ထုံချန်း ဤမသေမျိုးမီးဖိုချောင်အဆောက်အဦးမှ ကျင့်ကြံသူကို ကြည့်ပြီး နှုတ်ခမ်းထောင့်များကို အနည်းငယ် ပြုံးပြလိုက်သည် ။


" ကျွန်တော် တစ်ယောက်ယောက်ကို လာရှာတာပါ..."


တစ်ယောက်ယောက်ကိုရှာတာ...


ထိုကျင့်ကြံသူမှာ အံအားသင့်သွားသည်။ သို့သော် ခဏအကြာတွင် ပြုံးကာ ပြောလိုက်သည်။


 " မသေမျိုးစားဖိုမှူးထုံချန်းက မန်နေဂျာချန်ကို လာရှာတာလား... အချိန်မှန်ကို ရောက်လာတာပဲ...ဒီနေ့ မန်နေဂျာချန်က မသေမျိုးစားဖိုမှူး စစ်ဆေးချက် လုပ်နေတယ်..."


ထိုစကားကိုကြားပြီး ထုံချန်း၏ မျက်ခုံးများ တွန့်ချိုးသွားသည်။ 


" မသေမျိုးစားဖိုမှူး စစ်ဆေးချက် ဟုတ်လား... ဒီနေ့တစ်ယောက်ယောက်လာပြီး စစ်ဆေးချက် ခံယူနေတာလား..."


" ဟုတ်ပါတယ်... အဲ့တာကြောင့်မို့ အားလုံးက ကျွန်တော်တို့ မသေမျိုးစားဖိုမှူးအသစ် ထပ်ရမလားလို့ မျှော်လင့်နေကြတာ..." 


ကျင့်ကြံသူက ထိုစကားပြောသည့်အချိန် မျက်လုံးထဲတွင် မျှော်လင့်ချက်များနှင့် ပြည့်နှက်နေသည်။


ထုံချန်းခေါင်းညိတ်လိုက်သည်။ မျက်လုံးများကို အနည်းငယ်မှေးကာ တွေးလိုက်ပြီး သိပ်မကြာခင်မှာ ပြောလိုက်သည်။ 


" ကျွန်တော့်ကို မသေမျိုးစားဖိုမှူး စမ်းသပ်မှုဆီ ခေါ်သွားပါ... အကယ်၍ အဲဒီလူက ဖြေနိုင်သွားရင် ငါတို့မှာ မသေမျိုးစားဖိုမှူးတစ်ယောက်ရမှာပဲ ငါတို့ ထုံမိသားစုက သူ့ကို ဖိတ်ခေါ်တဲ့ ပထမဆုံးသူ ဖြစ်ရမယ်..."


ကျင့်ကြံသူသည် ထိတ်လန့်သွားသော်လည်း ခေါင်းငြိမ့်လိုက်သည်။


ကျောက်စိမ်းပုတီးကို ဆော့ကစားလျက် ထုံချန်း ကျင့်ကြံသူနောက်မှ လိုက်သွားသည်။


သူလာရောက်လည်ပတ်ရသည့် ရည်ရွယ်ချက်မှာ သေမျိုးကြောင့် ဖြစ်သော်လည်း မသေမျိုးစားဖိုမှူးမှာ ရှားပါးပြီး ပိုအရေးကြီးသည်။


အကယ်၍ မသေမျိုး စားဖိုမှူးတစ်ဦးကို သူတို့၏မိသားစုထဲသို့ ခေါ်ဆောင်နိုင်ခဲ့ပါက ... ထုံမိသားစုတွင် သူ၏အဆင့်အတန်းသည် တစ်ဖန်ပြန်လည်မြင့်တက်လာမည်ဖြစ်သည်။


သေမျိုးကောင်က ရှာဖို့လွယ်တယ်... မသေမျိုးစားဖိုမှူးက ရှာဖွေရခက်တယ်...


သူဒီကို စောစောရောက်လာတာ တော်သေးသည် ။ နည်းနည်းနောက်ကျမှ ရောက်လာ၍ ထိုလူသည် စစ်ဆေးချက် အောင်မြင်သွားပြီး မသေမျိုးစားဖိုမှူး ဖြစ်လာပါက တခြားသူကောင်းမျိုးမိသားစုမှ လုယူသွားနိုင်သည်။ 


ထို့ကြောင့် လူတိုင်း၏ ရင်သပ်ရှုမောဖွယ်ရာ အကြည့်များရှေ့တွင် ထုံချန်သည် မသေမျိုးမီးဖိုချောင်အဆောက်အဦးမှ ကျင့်ကြံသူနောက်လိုက်သွားပြီး ရွှမ်ယွမ်ရှားဟွေ့၏ စစ်ဆေးချက်အတွက် မန်နေဂျာချန်၏အခန်းသို့ လိုက်သွားခဲ့သည်။


...


ထုံချန်းရောက်လာသည်ကို ပုဖန်မသိပေ။


သူသိပါကလည်း ဂရုစိုက်မည် မဟုတ်ပေ။ သူ၏ ယနေ့မစ်ရှင်သည် အထူးအဆင့်စားဖိုမှူး စာမေးပွဲကိုဖြေပြီး အောင်မြင်ရန်ဖြစ်သည်။


မူလျှို့အာနောက်မှ လိုက်ပြီး အခန်းတစ်ခုထဲသို့ ဝင်သွားသည်။


အခန်းကျယ်ကြီးတစ်ခုဖြစ်ပြီး အလယ်ဗဟိုတွင် စတုရန်းစင်မြင့်တစ်ခု တည်ရှိကာ ထိုစင်မြင့်၏ အလယ်တွင် မီးဖိုတစ်ခုရှိသည်။


မီးဖို၏အပေါ်တွင် ထွင်းထုထားသော မျဉ်းကြောင်းများစွာရှိသဖြင့် ၎င်းသည် အလွန်ဆန်းကြယ်လှသည်။


မီးဖိုနှင့် မလှမ်းမကမ်းတွင် စားပွဲခုံသုံးလုံးရှိသည်။ ၎င်းတို့သည် အထူးအဆင့်စားဖိုမှူး၏ ဟင်းလျာများကို အကဲဖြတ်မည့် ဒိုင်လူကြီးသုံးဦး၏ နေရာများဖြစ်သည်။


ဒိုင်လူကြီး သုံးဦးအနက် တစ်ဦး သဘောမကျလျှင် ထိုလူသည် ကျရှုံးသည်ဟု ဆိုလိုသည်။


ပုဖန် အခန်းတွင်းသို့ ဝင်သွားသောအခါ လူများခေါင်းမော့ ကြည့်ကြသည်။ ထိုလူများသည်လည်း စစ်ဆေးမှု ဖြေဆိုမည့်သူများဖြစ်သည်။


မသေမျိုးစားဖိုမှူး စစ်ဆေးချက်နှင့် နှိုင်းယှဉ်ပါက အထူးအဆင့် စားဖိုမှူး စစ်ဆေးချက်ကို လာရောက်ဖြေဆိုသူမှာ ပိုများသည်။


စစ်ဆေးချက်သည် အနည်းငယ်ခက်ခဲပြီး အာရုံကြောများ တုန်လှုပ်သွားစေနိုင်သည်။ ရှုံးနိမ့်မှုတိုင်းသည်စားဖိုမှူး၏ ယုံကြည်မှုအပေါ် သက်ရောက်မှုရှိမည်ဖြစ်‌သောကြောင့် ဤနေရာသို့ လာသူများသည် စိတ်အားထက်သန်ပြီး ယုံကြည်မှုများစွာရှိကြမည်မှာ အမှန်ပင်။


အကယ်၍ မအောင်မြင်ပါက ထိုလူသည် ချက်ပြုတ်မှုစွမ်းရည်ကို မြှင့်တင်ရန် အခက်အခဲရှိနိုင်သည်။ ထို့ကြောင့် လူတိုင်းသည် အလွယ်တကူ စာမေးပွဲကို ဖြေဆိုနိုင်မည်မဟုတ်ပေ။ စာမေးပွဲဖြေဆိုရန် ဆုံးဖြတ်ပြီးသည်နှင့် ထိုသူသည် အနည်းဆုံး လိုအပ်သော ကျွမ်းကျင်မှုနှင့် အသိပညာကို ဆုပ်ကိုင်ထားသင့်သည်။


ထို့အတူ မသေမျိုးစားဖိုမှူး စစ်ဆေးချက် မှာလည်း ဤကဲ့သို့ပင်။ ဒါသည်လည်း မသေမျိုးစားဖိုမှူး စစ်ဆေးချက်တိုင်းကို လူအများ၏ အာရုံစိုက်မှုကို ဆွဲဆောင်စေသည့် အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။


" ရှင့်ရှေ့မှာ စားဖိုမှူး သုံးယောက်ရှိနေပြီဆိုတော့ ခဏစောင့်ပါ... ပြီးရင် ရှင့်အလှည့်ရောက်ပြီ..."


 မူလျှို့အာ ပြောလိုက်သည်။


ပုဖန် ခေါင်းညိတ်လိုက်သည်။ ဘာဘဲဖြစ်ဖြစ် သူက အလျင်မလိုပေ။


၎င်းသည် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရှိ အခြားသော စားဖိုမှူးများ၏ အားသာချက်များကို မြင်တွေ့သိရှိနိုင်စေမည့် အခွင့်အရေးလည်းဖြစ်သည်။ ထို့အပြင် အထူးအဆင့်စားဖိုမှူး စစ်‌ဆေးချက်၏ စံနှုန်းများကို သင်ယူနိုင်သည်။


ထိုအချိန်တွင် အမျိုးသမီးစားဖိုမှူးတစ်ယောက်သည် စစ်ဆေးချက် ခံယူရန် အသင့်ဖြစ်နေသည်။


ထိုစားဖိုမှူးက နူးညံ့သိမ်မွေ့သော စားဖိုမှူး၀တ်စုံကို ၀တ်ထားသည်။ အင်္ကျီလက်များနှင့် ကော်လာများတွင် ချည်ထိုးထားသမျှသည် အလွန်လက်ရာမြောက်သောကြောင့် ထိုလူ၏ ဇိမ်ကျကျနှင့် မွန်မြတ်သော အော်ရာကို ပေါ်လွင်စေသည်။


အမျိုးသမီးစားဖိုမှူး စတုရန်းစင်မြင့်သို့ ဝင်ရောက်လာသောအခါတွင် သူမ၏ စိတ်စွမ်းအင်သည် ကြီးမားစွာ ပြောင်းလဲသွားခဲ့သည်။


သူမ၏လက်ကို လှုပ်ခါလိုက်သောအခါတွင် မီးဖိုချောင်သုံး ဓားရှည်တစ်ချောင်း ထွက်လာပြီး မျက်လုံးများသည် အလွန်စူးရှလာသည်။


သူမရှေ့တွင် ကြီးမားသော ဝိညာဉ်သားရဲ အသားတစ်ပိုင်းရှိသည်။ မီးဖိုချောင်သုံးဓားသည် လျင်မြန်စွာ ပတ်ချာလည်နေပြီး ပါဝင်ပစ္စည်းကို သူမရှေ့တွင် လှီးဖြတ်လိုက်သည်။


ခုတ်သည်... လှီးသည်... ထွင်းထုသည်...


ရွေ့လျားမှုတစ်ခုစီသည် တိမ်တိုက်များနှင့် စီးဆင်းနေသော ရေများကဲ့သို့ဖြစ်ပြီး ထိုအသားပိုင်းသည် အရှိန်ဖြင့် ခုန်နေကြောင်း ရှင်းရှင်းလင်းလင်း သိမြင်နိုင်သည်။


နောက်ဆုံးတွင် အမျိုးသမီးစားဖိုမှူးသည် ရုတ်တရက် လက်ခုပ်တီးလိုက်သောအခါ အသားများ ကွဲထွက်သွားပြီး အပိုင်းပိုင်းပြန့်ကျဲသွားစေသည်။


နှလုံးခုန်သံတစ်ချက်ဖြင့် ထိုအသားကို ကောင်းမွန်ပြီး ကြမ်းတမ်းသော ဝိညာဉ်သားရဲအဖြစ် ပြန်လည်ထွင်းထုထားသည်။ ၎င်းမှထွက်လာသော ဝိညာဉ်စွမ်းအင်များသည် အချိန်မရွေး အသက်ပြန်ရှင်လာမည့်ပုံပေါက်သည်။


ဤဓားကျွမ်းကျင်မှုက လူတိုင်းကို ချီးကျူးလာစေသည်။


ပါဝင်ပစ္စည်းများကို ထွင်းထုပြီးနောက် အမျိုးသမီးစားဖိုမှူးသည် အခြားပြင်ဆင်မှုများကို စတင်ခဲ့သည်။


ပြင်းထန်သော စိတ်စွမ်းအင်တစ်ခု ပျံ့နှံ့သွားကာ ဤစွမ်းအင်ကို ထုတ်လွှတ်လိုက်သည်နှင့် လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။


အဘယ်ကြောင့်ဆိုသော် လျှို့ဝှက်ဆန်းကြယ်သော မီးဖိုသည် အနီရောင်အဖြစ်သို့ ပြောင်းလဲသွားသည်ကို ၎င်းတို့ မြင်နိုင်သောကြောင့်ဖြစ်သည်။


မီးဖိုက အရောင်ပြောင်းနိုင်တာလား...


ပုဖန်အနည်းငယ် အံ့သြသွားသည်။


မူလျှို့အာအတွက် အံ့သြစရာအကြောင်း မရှိခဲ့ပေ။ သူမ ပုဖန်ကိုကြည့်ကာ ရှင်းပြသည်။ 


" ဒီမီးဖိုက စားဖိုမှူးရဲ့ စိတ်စွမ်းအင်ကိုလိုက်ပြီး အရောင်ပြောင်းတယ် ဒါကလည်း စစ်ဆေးချက် စံနှုန်းတွေထဲက တစ်ခုပဲ... သူ့အရောင်ကိုတောင် မပြောင်းနိုင်ရင် စစ်ဆေးချက်အောင်မြင်ပြီး အထူးအဆင့်စားဖိုမှူးဖြစ်ဖို့ မဖြစ်နိုင်ပါဘူး..."


ခဏနားပြီးနောက် မူလျှို့အာ ဆက်ပြောသည်။


 " မီးဖိုက အရောင်သုံးမျိုးပြောင်းနိုင်တယ်...အဲ့တာတွေက အစိမ်း အနီ ငွေရောင်... ကွဲပြားတဲ့အရောင်တွေက မတူညီတဲ့ စိတ်စွမ်းအင်အဆင့်တွေကို ဖော်ပြတယ်...စားဖိုမှူးတစ်ယောက်အတွက် စိတ်ဓာတ်ခွန်အားတွေ ပိုအားကောင်းလေ ချက်ပြုတ်ရတာ ပိုလွယ်ကူလေပဲ...ချက်ပြုတ်တဲ့ လုပ်ငန်းစဉ်က အားစိုက်ထုတ်ရမှာဖြစ်ပြီး အဆုံးအဖြတ်နဲ့ ရလဒ်ကလည်း ပြီးပြည့်စုံပါလိမ့်မယ်..."


မူလျှို့အာ၏ရှင်းပြချက်ကိုကြားသောအခါ ပုဖန်မျက်မှောင်ကြုတ်လိုက်မိသည်။


ဤအမျိုးသမီး စားဖိုမှူးသည် မီးဖိုကို အနီရောင်အဖြစ် ပြောင်းလဲစေသည့်အတွက် သူမ၏ စိတ်စွမ်းအင်မှာ အလွန်ကောင်းမွန်ကြောင်း ညွှန်ပြနေသည်။


ပုဖန်၏ စိတ်စွမ်းအင်သည် သန်မာသည့်အတွက် ထိုအမျိုးသမီး စားဖိုမှူး၏ ကျင့်ကြံမှုကို အာရုံခံနိုင်သည်။ အကယ်၍ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားနှင့် မဟူရာလိပ်ခုံးဒယ်အိုး၏ ဝိညာဉ်များနှင့် ပေါင်းစည်းလိုက်ပါက သူ၏စိတ်စွမ်းအင်သည် နတ်ဘုရားစိတ်ဝိညာဉ်ပယ်၏ အထွတ်အထိပ်သို့ရောက်ရန် လုံလောက်ပေလိမ့်မည်။


ဤအမျိုးသမီးစားဖိုမှူး၏ ကျင့်ကြံမှုသည် အသန်မာဆုံး နတ်ဆိုးဘုရင်နှင့် ညီမျှကြောင်း သူသဘောပေါက်ခဲ့ပြီး သူမ၏ စိတ်စွမ်းအားသည် အနည်းငယ်ပို၍ အားကောင်းနိုင်သည်။


သို့သော် သူမ၏ အဆင့်သည် နတ်ဘုရားမီးတောက် ကိုးခု၏ အဆင့်ထက် အတော်လေး နိမ့်ပါသည်။


မည်သို့ပင်ဆိုစေကာမူ ထိုသို့သော ကျင့်ကြံမှုသည် ဤစမ်းသပ်မှုအတွက် လုံလောက်သင့်သည်။


ထိုအချိန်တွင် အမျိုးသမီးစားဖိုမှူး၏ စိတ်စွမ်းအင်သည် ပျံ့နှံ့သွားပြီး ခဏတာ လေထဲတွင် ပြည့်သွားသည်။ ထို့နောက် ရေနွေးပေါင်းအိုးကို ဖွင့်လိုက်သည်။


အနံ့တစ်ခုနှင့်အတူ အပူများထွက်လာသည်။


ပေါင်းအိုးထဲမှ ပန်းကန်ကို ကြည့်လိုက်သောအခါ ပတ်ဝန်းကျင်မှ လူများက အံ့သြတကြီးဖြင့် ကြည့်နေကြသည်။


သူတို၏နားထဲတွင် သားရဲတစ်ကောင်၏ ဟိန်းဟောက်သံက ပဲ့တင်ထပ်လာသည်။


ထိုဟိန်းဟောက်သံသည် ဟင်းလျာ၏ အနှစ်သာရဖြစ်ပုံရပြီး ၎င်းကို သယ်ဆောင်လာသောအခါတွင် သက်ရှိထင်ရှားရှိသကဲ့သို့ တောက်ပပြီး ဝင်းလက်နေသည်။


ဤအရာသည် နတ်သားရဲတစ်ကောင်ဖြစ်ပြီး ပန်းကန်ပြားပေါ်တင်လိုက်သည်နှင့် ခုန်တော့မည့်ပုံပေါက်နေသည်။ သေသေချာချာကြည့်လျှင် ထိုနတ်သားရဲသည် မလှုပ်ပေ။


ထို့နောက် အမျိုးသမီးစားဖိုမှူးက ကြွေပန်းကန်ပြားသုံးလုံးကို ထုတ်ယူလိုက်သည်။ သူမ၏ မီးဖိုချောင်သုံးဓားရှည်သည် ပေါင်းအိုးထဲရှိ နတ်သားရဲ၏ အသားကို လှီးထုတ်လိုက်သည်။


ရုတ်တရက် နတ်သားရဲ၏ ခွာသုံးချောင်းကို ဖြတ်လိုက်ပြီးနောက် အဖြူရောင် ကြွေပန်းကန်ပြားများပေါ်တွင် တင်လိုက်သည်။ ဟင်းခတ်ငရုတ်နှစ်များ လောင်းချပြီးနောက် ဟင်းပွဲ ပြီးဆုံးသွားသည်။


ထို့နောက် သူမဟင်းလျာများကို အကဲဖြတ်ရန်အတွက် ဒ်ိုင်သူကြီးများထံ သယ်ဆောင်သွားခဲ့သည်။


" အဲ့တာက အဓိကအကြောင်းအရာကို လက်တွေ့ကျကျ ပုံဖော်ထားတဲ့ ချက်ပြုတ်နည်းတစ်မျိုးပဲ ကုန်းရှို့မိသားစုရဲ့ ချက်ပြုတ်နည်းလမ်းတစ်ခုလည်း ဟုတ်တယ်... ထွင်းထုခြင်း ချက်ပြုတ်ခြင်း နဲ့ နောက်ဆုံး ကွက်ကွက်ကွင်းကွင်း အသက်ဝင်စေမယ့် ပါဝင်ပစ္စည်းတွေကို ပြုပြင်ခြင်းကတစ်ဆင့် ချက်ထားတဲ့ ဟင်းလျာတွေက အရမ်း အရသာရှိတယ်... အဲ့တာက ပန်းကန်ထဲမှာ နတ်သားရဲဝိညာဉ် ရှိနေသလိုပဲ..." 


မူလျှို့အာ ပြောလိုက်သည်။ သူမသည် ထိုချက်ပြုတ်ခြင်း နည်းလမ်းဖြင့် အကျွမ်းဝင်နေသကဲ့သို့ပင်။


" ဝိညာဉ်ဟုတ်လား..."


 ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။ 


" ဒါက စားဖိုမှူးရဲ့ စိတ်စွမ်းအင်တွေ စုစည်းပြီး ကျန်နေတဲ့ အတက်အကျတစ်ခုဖြစ်အောင် ပေါင်းစည်းပြီး ပါဝင်ပစ္စည်းတွေထဲမှာ နက်နက်နဲနဲ မြှုပ်နှံထားတဲ့ အရာပဲ..."


မူလျှို့အာ အံ့သြသွားပြီး ပုဖန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ပုဖန် ဤမျှ လွယ်ကူစွာ အကဲဖြတ်နိုင်မည်ဟု သူမ မထင်ခဲ့ပေ။


" ဟုတ်ပါတယ်... ဒါပေမဲ့ ဒီဟာက ကုန်းရှို့မိသားစုရဲ့ ပြိုင်ဘက်ကင်း နည်းလမ်းပဲ သာမန်စားဖိုမှူးတစ်ယောက်က လုပ်နိုင်မှာ မဟုတ်ဖူး..."


ပုဖန် ခေါင်းငြိမ့်လိုက်သည်။ 


" ဟင်းလျာတစ်ခုမှာ စိတ်ဝိညာဉ်ရှိတယ်ဆိုရင် စားတဲ့အခါ စွဲမက်ဖွယ်ခံစားမှုကို ပေးစွမ်းနိုင်မှာပါ… ဒါဟာ ကောင်းမွန်တဲ့ ဟင်းချက်ခြင်းအတတ်ပညာတစ်ခုပဲ..."


စိတ်၏ အနက်ရှိုင်းဆုံးတစ်နေရာတွင် ပုဖန်သည် ဤကမ္ဘာသစ်အကြောင်း တွေးတောလျက် စိတ်ခံစားမှုများစွာကို ခံစားခဲ့ရသည်။


ဤနေရာသည် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ဟု ခေါ်ဝေါ်ထိုက်ပေသည်။ တကယ့်ကို အထူးအဆန်းများပင်...


စင်မြင့်ပေါ်တွင် ဒိုင်လူကြီးသုံးဦးသည် အမျိုးသမီးစားဖိုမှူး၏ ဟင်းလျာကို စတင်အကဲဖြတ်ကြပြီး ရလဒ်မှာ လူတိုင်း၏မျှော်လင့်ချက်ထက် ကျော်လွန်နေသည်။


ထိုအမျိုးသမီး စားဖိုမှူးသည် ဒ်ိုင်လူကြီးသုံးဦးကို အောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့ပြီး သူမ၏ ဟင်းလျာကို အဆက်မပြတ် ချီးမွမ်းခံခဲ့ရသည်။


မှန်ပါသည်။ သူမ စာမေးပွဲ အောင်မြင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ သူမသည် ဂုဏ်ယူစွာပြုံးကာ ဒိုင်သူကြီးသုံးဦးထံ ဦးညွှတ်ပြီး ထွက်ခွာသွားခဲ့သည်။


ထိုနည်းနှင့်ပင် အထူးအဆင့်စားဖိုမှူးတစ်ယောက် မွေးဖွားခဲ့သည်။


အကဲဖြတ်ခြင်းကိုဆက်လက်လုပ်ဆောင်ခဲ့သည်။


ဒိုင်သူကြီးသုံးဦးက အလွန်စည်းကမ်းတင်းကျပ်သည်။အချို့က အောင်မြင်ပြီး တချို့က ကျရှုံးကြသည်။


အမှားရှိနေသသောဟင်းလျာနှင့် စားဖိုမှူးတို့ ကျရှုံးရန် လုံလောက်ပေလိမ့်မည်။ ၎င်းတို့အဆိုအရ အထူးအဆင့်စားဖိုမှူးတစ်ဦးသည် ဟင်းချက်ခြင်းလုပ်ငန်းစဉ်တွင် အမှားအယွင်းမရှိစေရပါ။


ပုဖန် အတွေးထဲနစ်မြောနေစဉ် ဒိုင်လူကြီးတစ်ဦးမှ ပြောလိုက်သည်။


 " နောက်တစ်ယောက်... ပုန်းကွယ်နဂါးတိုက်ကြီးက ပုဖန်..."


ကြည့်ရှုနေကြသူ အများအပြားမှာ အနည်းငယ် အံ့အားသင့်သွားကြသည်။ ခဏအကြာ သူတို့အချင်းချင်း တိုးတိုးပြောပြီး ရယ်မောလိုက်ကြသည်။


" ပုန်းကွယ်နဂါးတိုက်ကြီးဆိုတာက သေမျိုးတွေရဲ့ကမ္ဘာမလား..."


" ဟမ်... အဆင့်နိမ့်နယ်ပယ်က သေမျိုးက စစ်ဆေးချက် လာခံယူတယ်ပေါ့... သူ့ရဲ့ယုံကြည်မှုတွေ ဘယ်ကရတာလဲ..."


" သူ့ကိုဘယ်သူက သတ္တိရှိအောင် လုပ်လိုက်တာလဲ... အခုခေတ် သေမျိုးတွေက အဲ့လိုရူးနေတာပဲလား... အထူးအဆင့်စားဖိုမှူး စစ်ဆေးချက်က အောင်ဖို့မလွယ်ဘူးလေ..."


ပတ်ဝန်းကျင်မှ လူများ ဆွေးနွေးနေကြပြီး ၎င်းတို့၏ အထင်အမြင်သေးမှုနှင့် လှောင်ပြောင်သရော်မှုတို့ကို ဖုံးကွယ်ရန်ပင် မကြိုးစားကြချေ။


မူလျှို့အာ မျက်မှောင်ကြုတ်လိုက်သည်။


ပုဖန်ဘက် လှည့်ကြည့်လိုက်သောအခါ သူ၏မျက်နှာမှာ အနည်းငယ်မျှ မပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။ သူ၏လက်များကို နောက်ပစ်ထားပြီး ဂရုမစိုက်ဘဲ စတုရန်းစင်မြင့်ဆီသို့ လျှောက်သွားသည်။


အခြားသူများ၏ လှောင်ပြောင်မှုနှင့်ပတ်သက်၍ ပုဖန်သည် ၎င်းတို့နှင့် ငြင်းခုံရန် စွမ်းအား မရှိပေ။


တစ်ခါတစ်ရံတွင် စကားလုံးများသည် စွမ်းအားအမဲ့ဆုံးဖြစ်သည်။ အထိရောက်ဆုံးနည်းလမ်းမှာ သူတို့ကို ဖြစ်ရပ်မှန်များကို ပြသရန်ဖြစ်သည်။


ယခု သူလုပ်စရာရှိသည်မှာ စစ်ဆေးချက်ကို ဂုဏ်ထူးများဖြင့် အောင်မြင်ရန်ပင်။ ထိုအရာသည် သူတို့ကို ပါးရိုက်လိုက်သကဲ့သို့ ခံစားရစေမည်...