အပိုင်း ၉၆၁
Viewers 53k

အခန်း ၉၆၁

တောက်ပဝင်းလက်နေသော ငွေရောင်


မူလျှို့အာ ပုဖန်၏အမည်ကို ကြားသောအခါ လှည့်၍ ပြောလိုက်သည်။ 


" ရှင့်အလှည့်ရောက်ပြီ..."


သူမက အခြားသူများနှင့် ကွဲပြားသော အမြင်ရှိသည်။ ပုဖန်မှာ ပုန်းကွယ်နဂါးတိုက်ကြီးမှ လာသော သေမျိုးဖြစ်သော်လည်း သူ၏ လက်ရှိအပြုအမူများသည် သူမ၏ အရာအားလုံးအပေါ် ကြည့်ရှုသောအမြင်ကို ပြောင်းသွားစေခဲ့သည်။


အဆင့်နိမ့်နယ်ပယ်မှ လူငယ်စားဖိုမှူးလေးသည် ထိုမျှမရိုးရှင်းသည်ကို သူမ နားလည်ခဲ့သည်။ 


ပုဖန်ခေါင်းငြိမ့်ပြ၍ လက်များယှက်ကာ ရှေ့သို့တည့်တည့် လျှောက်သွားသည်။


သူက လူတိုင်း၏ အာရုံစိုက်မှု ဖြစ်လာပုံရသည်။ သို့သော် ယင်းက လူအများ လေးစားတန်ဖိုးထားသည့် အာရုံစိုက်မှုမျိုး မဟုတ်ပေ။


လူတိုင်းက သူ့ကို မထီမဲ့မြင်ပြုကာ လှောင်ပြောင်သော မျက်နှာထားဖြင့် ကြည့်နေကြသည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ မြို့သူမြို့သားများအနေဖြင့် ၎င်းတို့တွင် မာန်မာနများရှိသည်။ ထို့ကြောင့် သူတို့၏မျက်လုံးထဲတွင် အဆင့်နိမ့်နယ်ပယ်မှ လူအားလုံးသည် သူတို့အောက်တွင်သာရှိသည်။ ထိုမောက်မာမှုကြောင့် ဤသေမျိုးကောင်သည် ယနေ့သူတို့အား မည်သို့ ရယ်မောစေမည်ကို စောင့်မျှော်ကြည့်ရှု နေကြသည်။


သေမျိုးစားဖိုမှူးက အထူးအဆင့်စားဖိုမှူးစာမေးပွဲ၏ ကြောက်မက်ဖွယ်အသွင်အပြင်များကို နားမလည်ကြောင်း သူတို့ယုံကြည်ကြသည်။ သူ၏ချက်ပြုတ်မှုစွမ်းရည်မှာ မဆိုးလှဟု တွေးမိခြင်းသည် သူ့ကိုဤနေရာတွင် ပေါ်လာစေသည့် အကြောင်းဖြစ်လိမ့်မည်။


ပွင့်ပွင့်လင်းလင်း‌ပြောရလျှင် ကြက်ဥထမင်းကြော်သည်ပင် သူ့အား စစ်ဆေးချက်အောင်မြင်ရန် မလုံလောက်ပေ။


စစ်ဆေးချက် လွယ်ကူပါက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်သည် မကြာမီ အထူးအဆင့်စားဖိုမှူးများဖြင့် ပြည့်လာမည်ဖြစ်ကာ လူအများအပြားသည် မသေမျိုးမြို့တော်တွင် စားသောက်ဆိုင်ဖွင့်နိုင်ကြမည်ဖြစ်သည်။


ပုဖန် စတုရန်းစင်မြင့်၏ အလယ်ဗဟိုသို့ လျှောက်သွားသောအခါတွင် ရှေး‌ဟောင်းမီးဖိုကြီးတစ်ခုက စောင့်နေသည်။


ပုဖန် မီးဖိုရှေ့တွင်ရပ်၍ အနီရောင်ဝတ်ရုံမှ အင်္ကျီလက်များကို ခေါက်တင်လိုက်သည်။ ထိုအချိန်တွင် အဖြူအနီဝတ်ရုံသည် ထူးဆန်းသော အလှတစ်မျိုးကို လွှမ်းခြုံထားသည်။


မီးဖို၏ရှေ့တွင် ဒိုင်လူကြီး၃ဦးရှိသည်။ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ ၎င်းတို့သည် အသက်အရွယ်ကြီးရင့်သူများဖြစ်ကြပြီး ကံကြမ္မာအလှည့်အပြောင်းနှင့် အချိန်များဖြတ်သန်းခဲ့ရပုံကို မျက်နှာတွင် ထင်ဟပ်နေသည်။ သို့သော် သူတို့၏မျက်လုံးများသည် စူးရှထက်မြက်နေဆဲဖြစ်သည်။


ယခင်စစ်ဆေးချက်များမှ ဖြေဆိုသူများ အမှားအယွင်းတစ်စုံတစ်ရာကို ပြသမိခဲ့လျှင် ဒိုင်လူကြီးများသည် စားဖိုမှူးများကို ပိုမိုစိတ်ရှုပ်စေပြီး ရှုံးနိမ့်မှုဆီသို့ ဦးတည်သွားစေမည့် ၎င်းတို့၏ဝေဖန်ချက်များနှင့် ရက်ရက်စက်စက် တိုက်ခိုက်မည်ဖြစ်သည်။


ထို့ကြောင့် သူတို့သည် ခေတ်ကာလ အမှတ်အသားများဖြင့် အိုမင်းနေသော်လည်း သူတို့၏ ကြမ်းတမ်းသော စကားများနှင့် နှိုက်နှိုက်ချွတ်ချွတ် ပြောဆိုခြင်းသည် တကယ်ကို ကြောက်စရာကောင်းလှသည်။


" အာ အဆင့်နိမ့်နယ်ပယ်က ကောင်လေးပဲ...စိတ်ဝင်စားစရာပဲ... သေမျိုးကမ္ဘာကလူတွေ ငါတို့ဆီမလာတာကြာခဲ့ပြီ..."


 ဆံပင်ဖြူများကို သေချာသပ်ရပ်စွာ ဖြီးထားသော ဒိုင်လူကြီးမှ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။


အခြားဒိုင်လူကြီးနှစ်ဦးလည်း စူးစမ်းနေကြသည်။


အမျိုးသမီး ဒိုင်လူကြီးက အနီရောင် အသွေးအရောင်ဖြင့် ခြယ်မှုန်းထားသော သူမ၏ လက်သည်းများကို ပြသကာ လက်များကို ဆော့ကစားနေသည်။သူမက အရေးမစိုက်သော လေသံဖြင့်ပြောလိုက်သည်။ 


" ကောင်လေး ဒီစစ်ဆေးချက်အတွက် ဘာဟင်းလျာချက်မှာလဲ ငါတို့ကိုပြောပြပါ..."


မစစ်ဆေးခင်၌ စားဖိုမှူးသည် စည်းကမ်းချက်အရ ဟင်းလျာအမည်ကို ကြေညာရန် လိုအပ်သည်။ ယခင် ဖြေဆိုသူများသည်လည်း အလားတူလုပ်ခဲ့ကြသောကြောင့် ပုဖန်သည် ခြွင်းချက်မဟုတ်ပေ။ သူ့ထံတွင် ချွင်းချက်ထားရလောက်သည့် အထူးအခြေအနေလည်း မရှိပေ။


မေးစေ့ကိုပွက်လျက် ပြောလိုက်သည်။


 " ဒါဆိုရင် ကျွန်တော် နတ်မင်းဆွေ့ဆွေ့ခုန်ဟင်းလျာကို ချက်ပါမယ်..."


အာ...


နတ်မင်းဆွေ့ဆွေ့ခုန်ဆိုတာ ဘာကြီးလဲ...


ပုရိသတ်များနှင့် ဒိုင်လူကြီးများ တွေဝေမှင်သက်သွားသည်။


ပို၍ ထူးဆန်းသည်မှာ ဤသေမျိုး၏အသံသည် အလေးအနက်မရှိပေ။ သူ့ကိုမေးသည့်အချိန်မှ စဉ်းစားကာ ဖြေလိုက်သည့်ပုံပင်။


လာနောက်နေတာလား...


ပရိသတ်များလည်း စကားမပြောနိုင် ကြတော့ပေ။စစ်ဆေးချက်မဖြေဆိုမီကပင် ဖြေဆိုသူများသည် ဟင်းလျာကို ဂရုတစိုက်လေ့ကျင့်ပြီး ပြင်ဆင်ရသည်။ ဖြေဆိုနေချိန်၌ အမှားအယွင်းမလုပ်မိစေရန်ဖြစ်သည်။


အခု ဒီသေမျိုးက ဒီနေရာရောက်မှ ချက်ချင်းစဉ်းစား လိုက်တယ်တဲ့လား...


" ငါထင်တာ သူတော့ လက်လျော့လိုက်ပြီဖြစ်မယ်..."


" အောက်မှာရှိတဲ့ သေမျိုးကောင်က ဘာလို့အရမ်းမောက်မာနေရတာလဲ... သူကမျောက်ပွဲလာဖြေဖျော်တာလား..."


" သူက ယုံကြည်မှုရှိနေတာလည်းဖြစ်နိုင်တယ်... နတ်မင်းဆွေ့ဆွေ့ခုန်က...အင်း... ငါပြောစရာ စကားလုံး ရှာမရတော့ဘူး..."


ပရိသတ်အားလုံး ဝိုင်းအော်၍ ဆွေးနွေးနေကြသည်။ ပုဖန်ကိုကြည့်ကာ သူတို့၏မျက်နှာပေါ်မှ အထင်အမြင်သေးမှုကို ဖုံးကွယ်ရန် စိတ်မကူးဘဲ လှောင်ပြောင်နေကြသည်။


မူလျှို့အာ မျက်မှောင်ကြုတ်လိုက်သည်။ သူမပရိသတ်များကြားတွင် ထိုင်ကာ မီးဖိုရှေ့တွင် ငြိမ်သက်စွာ ရပ်နေသော ပုဖန်ကို ကြည့်နေသည်။


သူမ သက်ပြင်းချလိုက်သည်။ ပုဖန် သူမကို စိတ်မပျက်စေရန် မျှော်လင့်ခဲ့သည်။


" နတ်မင်းဆွေ့ဆွေ့ခုန်ဟုတ်လား... စိတ်ဝင်စားစရာကောင်းတဲ့ နာမည်ပဲ... စပြီးချက်လို့ရပါပြီ..." 


ဒိုင်လူကြီးတစ်ယောက်မှ အပြုံးဖြင့် ပြောလိုက်သည်။


ပုဖန် ခေါင်းငြိမ့်လိုက်သည်။


နတ်မင်းဆွေ့ဆွေ့ခုန်ကို ပုဖန်ချက်ခဲ့ဖူးသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ ထို့သော် ထိုအရာသည် သူချက်ပြုတ်နည်းကို မေ့သွားပြီဟု မဆိုလိုပေ။ 


ချက်ပြုတ်နည်းကို သူ၏ ဦးနှောက်ထဲတွင် စွဲမြဲနေအောင် ရေးထွင်းထားသည်။


ပထမဆုံး ပါဝင်ပစ္စည်းများကို ပြင်ဆင်ရမည်ဖြစ်သည်။ စစ်ဆေးချက်တွင် ဟင်းချက်ပါဝင်ပစ္စည်းများကို ထောက်ပံ့မပေးထားသောကြောင့် ကိုယ်တိုင်ပြင်ဆင်ရမည်ဖြစ်သည်။


ပုဖန်အတွက် ထိုကိစ္စမှာ ပြဿနာမဟုတ်ပေ။ သူ့ထံတွင် ဘယ်သောအခါကမှ ပါဝင်ပစ္စည်းပြတ်လပ်ခြင်း မရှိခဲ့ပေ။


စနစ်၏ သိုလှောင်ခန်းမှ ပါဝင်ပစ္စည်းများကို တစ်ခုခြင်း ထုတ်ယူလိုက်သည်။ ဝိညာဉ်စွမ်းအင်နှင့် အနှစ်သာရကို ထုတ်လွှတ်ပေးနေသည့် ဖားနတ်ဆိုးအသား ပါပီယွန်လက်သည်း သွေးကျောက်ပုစွန်များ ရေဘဝဲနှင့် အခြားများစွာသော အရာများဖြစ်သည်။


ထိုဟင်းချက်ပါဝင်ပစ္စည်းများ၏ အဆင့်သည် မနိမ့်လှပေ။


ပုဖန် ပါဝင်ပစ္စည်းများကိုထုတ်၍ စားပွဲပေါ် တင်လိုက်သောအခါ ပရိသတ်၏ မထီမဲ့မြင် ဆွေးနွေးမှုများ ရပ်တန့်သွားသည်။


ပါဝင်ပစ္စည်းတွေက အများကြီးပဲ... ကြည့်ရတာ ဒီဟင်းလျာက သာမန်မဟုတ်ဖူး ထင်တယ်...


ဟင်းလျာတွင် ပါဝင်ပစ္စည်းများ များလျှင် စိတ်စွမ်းအင်နှင့် ကျွမ်းကျင်မှုစွမ်းရည်များ မြင့်မားစွာ လိုအပ်ကြောင်း လူတိုင်းသိသည်။ အသေးအဖွဲ့ အမှားတစ်ခုသည် ပါဝင်ပစ္စည်း အရသာကို ပြောင်းလဲစေပြီး အစားအစာ၏အရသာကို ထိခိုက်စေနိုင်သည်။


ဒီတစ်ခါ ပုဖန်က ဟင်းချက်ပါဝင်ပစ္စည်းတွေ အများကြီးထုတ်လာတာပဲ...


ကောင်တာပေါ်ရှိ ပါဝင်ပစ္စည်းများကိုကြည့်၍ လူအများစုသည် ကြောင်အကုန်ကြသည်။


ဒါဇင်နဲ့ချီ ရှိနေတာလား...


ဒိုင်သုံးဦး၏ မျက်နှာများပို၍ လင်းလက်လာသည်။ သူတို့ ပို၍ စိတ်ဝင်စားလာပုံရသည်။


ငိုက်မျဉ်းနေသော ဒ်ိုင်လူကြီးက မျက်လုံးများကိုဖွင့်လိုက်ပြီး သူမ၏လက်ချောင်းများဖြင့် ကစားနေသော ဒိုင်လူကြီးက နီရဲနေသောနှုတ်ခမ်းအစုံပေါ်တွင် လက်ချောင်းတစ်ချောင်းကို တင်လိုက်သည်။


ပါဝင်ပစ္စည်းများကို ပြင်ဆင်ပြီးနောက် ၎င်းတို့ကို ပုဖန် ပြုပြင်စီမံရသည်။


ပုဖန်၏အတွေးတစ်ချက်နှင့်ပင် ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား ပေါ်လာသည်။


ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားက နဂါးဟိန်းဟောက်သံများနှင့်အတူ ပေါ်လာပြီး ၎င်း၏တောက်ပနေသော ရွှေရောင်အလင်းတန်းသည် လူများကို မျက်စိကွယ်လုနီးပါးဖြစ်ခဲ့သည်။


ရွှက်... ရွှက်... ရွှက်...


ပုဖန် လက်ကောက်ဝတ်ကို ယမ်းလိုက်သည်။ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားသည် လက်ထဲတွင် ပတ်ချာလည်နေပြီး ပန်းတစ်ပွင့်ကဲ့သို့ ရစ်ပတ်ကာ ကြွေကျနေသောဥက္ကာပျံကဲ့သို့ တောက်ပြောင်နေသည့် ပါဝင်ပစ္စည်းများကို ဖြတ်တောက်သွားခဲ့သည်။


မြန်တယ်...


အရမ်းမြန်တယ်...


ပုဖန်၏ ဓားစွမ်းရည်မှာ မြန်ဆန်လွန်းသည့်အတွက် လူများကို မူးဝေသွားစေသည်။


ပတ်ဝန်းကျင်မှလူများ လေအေးကို ရှုရှိုက်လိုက်ရသည်။


" ဓားစွမ်းရည်က မဆိုးဘူးပဲ..." 


ဒိုင်လူကြီးတစ်ဦးမှ ပြောလိုက်သည်။


" ဓားစွမ်းရည်က အရမ်းမြန်ဆန်တာပဲ...ကျန်းမိသားစုရဲ့ ဓားစွမ်းရည်နဲ့တောင် အတော်လေးဆင်တယ်... သူတို့တွေအကုန် မြန်ကြတယ်..."


မှတ်ချက်ပေးပြီးနောက် ဒိုင်လူကြီးများ ဆက်လက်ကြည့်ရှု့နေကြသည်။


ပုဖန် ဖားနတ်ဆိုးအသားကို ဆဋ္ဌဂံအတုံးများဖြစ်အောင် လှီးဖြတ်လိုက်သည်။ အသားသည် ပျော့ပျောင်းပြီး ကြည်လင်သော ကျောက်စိမ်းနှင့်တူကာ အတန်ငယ် လက်ရာမြောက်သည်။


ထို့နောက် အခြားပါဝင်ပစ္စည်းများနှင့် သူ၏ ကောင်းကင်ကမ္ဘာမြေလယ်ယာမြေမှ ခူးယူထားသော အသီးအနှံများကို လျင်မြန်စွာ ဖြတ်တောက်လိုက်သည်။


ချောမွေ့သော ဓားအရိပ်များ ဆက်တိုက် ထွက်ပေါ်လာပြီး ပရိသတ်ကို မူးဝေစေကာ အသက်ရှူမဝလုနီးပါး ဖြစ်ခဲ့ရသည်။


ပညာရှင်တစ်ယောက် လှုပ်ရှားလိုက်သည်နှင့် အခြားလူများလည်း ကျွမ်းကျင်ပညာရှင်ဆိုသည်ကို သိကြသည်။ 


အဆင့်နိမ့်နယ်ပယ်က သေမျိုးစားဖိုမှုးတစ်ယောက်က အောင်မြင်မှုတချို့ ရရှိထားတာပဲ...


" ဒါကို ဓားစွမ်းရည်လို့ သတ်မှတ်သင့်သလား... အရှိန်နဲ့ ပတ်သက်လာရင် ကျန်းမိသားစုလောက် မမြန်ဘူး နောက်ထပ် ချက်ပြုတ်တဲ့အဆင့်တွေက ပိုပြီး အရေးကြီးလာမှာ... တွေ့လား သူ့မှာ ဟင်းချက်ပါဝင်ပစ္စည်းတွေ ဒါဇင်လိုက် ရှိနေသေးတယ်... ဒီကောင်လေးရဲ့ စိတ်စွမ်းအင်က မကြာခင် ခမ်းခြောက်သွားမှာပဲ..." 


ပရိသတ် တစ်ဦးမှာ မယုံကြည်နိုင်သေးပေ။


အဆင့်နိမ့်နယ်ပယ်မှ သေမျိုး၏ ပါးရ်ိုက်ခြင်းခံရသည်မှာ ၎င်းတို့၏ အတ္တကို ထိုးနှက်လိုက်သကဲ့သို့ပင်။ သေမျိုးဟူသည်မှာ ‌၎င်းတို့၏ နောင်ပြောင်ခြင်းနှင့် ပစ်မှတ်အတွက် ပစ်မှတ်သာဖြစ်သင့်သည်။


ထိုသေမျိုး သူတို့အတွက် လှောင်ပြောင်စရာလူ ဖြစ်လာမည်ကို မြင်ချင်နေကြသည်။


ထိုအချိန်တွင် ပုဖန် ကြွေအိုးတစ်ခု ထုတ်ယူလိုက်သည်။


ထိုပုလင်းသည် ကြေးဝါရောင်တောက်နေပြီး နတ်မင်းဆွေ့ဆွေ့ခုန်ဟင်းလျာအတွက် အထူးစီမံထားသော အိုးဖြစ်သည်။ အဖုံးပေါ်တွင် နူးညံ့သော အပြုံးဖြင့် နတ်မင်း၏ မျက်နှာကို ထွင်းထုထားသည်ကို မြင်တွေ့နိုင်သည်။


ထူးဆန်းသော အရာဝတ္ထုတစ်ခုပေါ်လာသည်နှင့် လူအများ၏ အာရုံစိုက်မှုကို ဖမ်းစားထားသည်။


အခြားလူများ၏ သိချင်စိတ်ကို ပုဖန် ဂရုမစိုက်ပေ။ ပါဝင်ပစ္စည်းအချို့ကို နတ်မင်းဆွေ့ဆွေ့ခုန်အိုးထဲသို့ ဂရုတစိုက်ထည့်နေသည်။


တိကျသောအစီအစဉ်အတိုင်း ဟင်းခတ်အမွှေးအကြိုင်များကို ထည့်၍ စီစဉ်ထားသည်။


နောက်ဆုံးတွင်...


တတောက်တောက်အသံဖြင့် နွေဦးစမ်းရေကိုပုလင်းထဲထည့်လိုက်သည်။ တစ်ဝက်ခန့်ပြည့်အောင်ထည့်ပြီးနောက် အဖုံးပိတ်လိုက်သည်။


ထို့နောက် မဟူရာလိပ်ခုံးဒယ်အိုး ပေါ်လာပြီး မီးဖိုကို မထိခင် လေထဲတွင် လှည့်ပတ်နေသည်။


" ဝိုး... ဒီဒယ်အိုးကို ကြည့်ရတာ စိတ်ဝင်စားစရာပဲ...ထူးထူးခြားခြားဖြစ်ပုံရတယ်..." 


ဒိုင်လူကြီးတစ်ဦးမှ အံ့ဩစွာ ပြောလိုက်သည်။


အခြားသူများက မှတ်ချက်မပေးပေ။


ဒယ်အိုးထဲသို့ ရေထည့်ပြီးနောက် နတ်မင်းဆွေ့ဆွေ့ခုန်ပုလင်းကို အလယ်တွင်ထားတာ နောက်သို့တစ်လှမ်းဆုတ်လိုက်သည်။


သူ၏ပါးစပ်ကို ဖွင့်လိုက်သည်။


ဖူး...


ရွှေအိုရောင် ကောင်းကင်ကမ္ဘာမြေမီးလျံကို မဟူရာလိပ်ခုံးဒယ်အိုးအောက်သို့ မှုတ်ထုတ်လိုက်သည်။


ပရိသတ်များသည် ခဏတာ ငြိမ်သက်နေပြီးနောက် အားရပါးရ ရယ်လိုက်ကြသည်။


" ငါကြောက်လို့ သေတော့မလိုပဲ...မသေမျိုးမီးတောက်ကြီး မှုတ်ထုတ်လိုက်တယ်လို့ ထင်လိုက်တာ..."


" မသေမျိုးမီးတောက်က အရမ်းအဖိုးတန်တယ်ဆိုတာသိရဲ့လား...သူကအဆင့်နိမ့် မီးတောက်တစ်ခု ထုတ်နိုင်တာနဲ့တင် အရမ်းတော်နေပြီ... သေမျိုးတွေကြားထဲမှာတော့ သူက‌ထူးချွန်တယ် ပြောရမယ်..."


" မင်းနောက်နေတာလား... သူက‌သေမျိုးကောင်ပဲလေ... မသေမျိုး မီးတောက်ကို သူဘယ်လိုထိန်းချုပ်နိုင်မှာလဲ..."


နောက်ဆုံးတွင် ပရိသတ်က လှောင်စရာရသွားပြီး တီးတိုးပြောနေရာမှ ကျယ်လောင်လာကြသည်။


မူလျှို့အာ မျက်ဆံလှန်ကြည့်လိုက်သည်။ ဒီလူတွေက ပျင်းလွန်းလို့ ဘောတွေ အောင့်မတတ်ဖြစ်နေတာပဲ...


မသေမျိုး ချက်ပြုတ်ခြင်းနယ်ပယ်တွင် မီးတောက်အဆင့်များကို ဂရုတစိုက် ခွဲခြားထားသည်။ 


ပုန်းကွယ်နဂါးတိုက်ကြီးတွင် ကောင်းကင်ကမ္ဘာမြေမီးလျံသည် အရည်အသွေးမြင့် မီးတောက်တစ်ခုဖြစ်သည်။ ၎င်းသည် ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်မှ ပေါင်းစပ်ထားသောကြောင့် ၎င်း၏ စွမ်းအားသည် သာမန်မဟုတ်ပေ။


သို့သော် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် အဆင့်မြင့် အဆင့်နိမ့် မီးတောက်များရှိသည်။


အရည်အသွေးမြင့် ကောင်းကင်ကမ္ဘာမြေမီးလျံသည် အပူချိန်ကို မီတာရာပေါင်းများစွာ အချင်းဝက်အတွင်း တိုးလာစေနိုင်ပြီး ၎င်းသည် ထိုဒေသရှိ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်ကို ပြောင်းလဲစေမည်ဖြစ်သည်။


မသေမျိုးမီးတောက်ကိုလည်း အဆင့်သတ်မှတ်ချက် မတူပေ။ အဆင့်နိမ့်နှင့် အဆင့်မြင့်များ ရှိပြီး မသေမျိုးမီးတောက်များသည် မသေမျိုးစားဖိုမှူး၏ စွမ်းရည်ကို များစွာမြှင့်တင်ပေးနိုင်သည် ။


ထို့ကြောင့် မသေမျိုး မီးတောက်များကို မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရှိ စားဖိုမှူးတိုင်း တောင့်တကြသည်။


စူးရှသော မျက်လုံးရှိသူများသည် ပုဖန်၏ ကောင်းကင်ကမ္ဘာမြေ မီးလျံအဆင့်ကို မှတ်မိနိုင်သည်။ သို့သော် သူသည် အဆင့်နိမ့်တစ်ခုပင်။


သူတို့၏ လှောင်ပြောင်မှုများကို ပုဖန် စိတ်မ၀င်စားခဲ့ပေ။


ကောင်းကင်ကမ္ဘာမြေ မီးလျံကိုမှုတ်ထုတ်ပြီးနောက် ပုဖန် ခြေတစ်လှမ်းဆုတ်ကာ မဟူရာလိပ်ခုံးဒယ်အိုးကို ကြည့်လိုက်သည်။


အခြားသူများ၏ ရယ်သံများ တဖြည်းဖြည်း ရပ်တန့်သွားပြီး အသက်အောင့်ထားကြသည်။


ခဏအကြာတွင် ပုဖန်သည် သူ၏စိတ်စွမ်းအင်ကို ထုတ်လွှတ်တော့မည်ကို သိနေသည်။


သေမျိုးဖြစ်တဲ့အတွက် သူ့စိတ်စွမ်းအင်က အားနည်းနေသင့်တယ်မလား...


အားနည်းတယ်... အရမ်းအားနည်းတယ်...


ပုဖန်ညှင်သာစွာ အသက်ရှုထုတ်လိုက်သည်ခဏအကြာတွင် သူ၏စိတ်များ လှုပ်ခါလာပြီး စိတ်ဝိညာဉ်ပင်လယ်က လှိုင်းလုံးကြီးများ တက်လာသည် ။


ဝုန်း... ဝုန်း...


ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ ရွှေနဂါးကြီး ထွက်ပေါ်လာသည်။ ခဏအကြာတွင် ပုဖန်၏ ကြောက်မက်ဖွယ် စိတ်စွမ်းအင်သည် သူ၏ခန္ဓာကိုယ်မှ ထွက်လာသည်။


ထိုအချိန်တွင် ရှေးဟောင်းမီးဖို အရောင်ပြောင်းသွားသည်။


ဝီ...


အံ့သြစရာကောင်းလောက်အောင် မျက်မမြင်များကိုပင် ဖမ်းစားနိုင်သည့် အမှောင်ထုကို ဖြိုခွင်းလိုက်သော ဥက္ကာပျံများကဲ့သို့ တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။


လူတိုင်း၏ အံ့အားသင့်နေသော မျက်လုံးများရှေ့တွင် မီးဖိုသည် တောက်ပဝင်းလက်နေသောငွေရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။