အခန်း ၉၆၂
ပထမအဆင့် စားဖိုမှူးစစ်ဆေးချက်တွင် ပေါ်ထွက်လာသော မိုးကြိုးပြစ်ဒဏ်
ငွေ... ငွေရောင်တဲ့လား...
အခန်းတစ်ခုလုံး မူးမေ့လဲမတတ်ဖြစ်သွားသည်။
မီးဖိုရဲ့အရောင်က ဘယ်လိုဖြစ်သွားတာလဲ... သူတို့မျှော်မှန်းထားသလို အနီနဲ့အစိမ်းမဟုတ်ပဲ ငွေရောင်တဲ့လား...
အဲ့ဒီသေမျိုးရဲ့ စိတ်စွမ်းအင်က အရမ်းသန်မာလို့ မီးဖိုက ငွေရောင်တောက်တောက် ဖြစ်သွားတာလား...
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...
ဒီသေမျိုးရဲ့ ကျင့်ကြံခြင်းအခြေခံက နတ်ဘုရားမီးတောက် တစ်ခုပဲရှိတာလေ...
ဤနေရာရှိ လူအားလုံးသည် ပုဖန်ထက် သန်မာကြသည်။ သို့သော် ကျင့်ကြံခြင်းအခြေခံ နတ်ဘုရားမီးတောက် တစ်ခုတည်းကို အသုံးပြု၍ မီးဖိုကိုငွေရောင်ပြောင်းအောင် ပြုလုပ်ခြင်းမှာ မဖြစ်နိုင်ပေ။
မီးဖိုကို ငွေရောင်ပြောင်းအောင် ပြုလုပ်နိုင်သည့်အတွက် ပုဖန်၏ စိတ်စွမ်းအင်မှာ ကျစ်လျစ်သိပ်သည်းနေရုံသာမက နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။
သို့သော် ၎င်းသည် သူ၏ကျင့်ကြံခြင်းအဆင့်နှင့် အတော်အတန်ကွာခြားနေသည်။ နတ်ဘုရားမီးတောက် တစ်ခုတည်းရှိတဲ့ ကျင့်ကြံသူက ဘယ်လိုလုပ်ပြီး နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်နေရတာလဲ... ဒါက တကယ်ကို ထူးဆန်းတယ်...
အထူးအဆင့် စားဖိုမှူးစစ်ဆေးချက် အောင်မြင်သွားသောစားဖိုမှူးများ အထူးသဖြင့် ကုန်းရှို့မိသားစုမှ အမျိုးသမီးစားဖိုမှူးသည် ပုဖန်ကို မျက်မှောင်ကြုတ် ကြည့်နေသည်။
သူမမျက်နှာတွင် မယုံကြည်မှုများနှင့် ပြည့်နှက်နေသည်။ သူမပင်လျှင် မီးဖိုကို ကတ္တီပါအနီရောင်သာ အရောင်ပြောင်းနိုင်ခဲ့သည်။
မူလျှို့အာက မျက်မှောင်ကြုတ်နေသော်လည်း သူမ၏နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး ဝမ်းမြောက်စွာ ရယ်မောလိုက်သည်။
" သူကတကယ်ကို စိတ်မပျက်စေဘူးပဲ..."
ဒိုင်လူကြီးများသည်လည်း အံ့ဩသွားကြသည်။
ပုဖန် မီးဖိုကို တောင်ပဝင်းလက်သော ငွေရောင် ပြောင်းနိုင်သည့်အတွက် ထူးဆန်းအံ့ဩနေကြသည်။ သို့သော် သူကောင်းမျိုး မိသားစုများတွင် ဤကဲ့သို့ ဉာဏ်ကြီးရှင်များ များစွာရှိသည်။
သူတို့သည် မြောက်များစွာကို မြင်ဖူးကြသည်ဖြစ်၍ အလွန်အကြူး မအံ့ဩပေ။
ယခုအချိန်တွင် ပုဖန် သူ၏ စိတ်စွမ်းအင်ကို တွန်းအားပေးနေသည်။ စိတ်စွမ်းအင်သည် မဟူရာလိပ်ခုံးဒယ်အိုးထဲ ကျရောက်နေသော ချည်မျှင်များနှင့်တူပြီး ကြွေပုလင်းထဲမှ ဟင်းလျာကို ကောင်းကောင်း ချိန်ညှိပေးနေသည်။
...
အခြားအခန်းတွင် အခန်း၏အလယ်ဗဟိုတွင် အလားတူ မီးဖိုတစ်လုံးရှိပြီး တောင့်တင်းသော ပုံရိပ်တစ်ခုသည် မီးဖိုဖြင့် အလုပ်များလျက် ရှိသည်။
ပရိသတ်များက မျက်တောင်မခတ်ပဲ ထိုလူကို ကြည့်ရှု့နေကြသည်။
ရွှမ်ယွမ်ရွှမ် လက်သီးဆုပ်လျက် သူမ၏နေရာမှ ကြည့်နေသည်။ သူမသည် စိတ်လှုပ်ရှားလွန်းသည့်အတွက် လက်ဖဝါးများသည် ချွေးများဖြင့် စိုရွှဲနေသည်။
မသေမျိုးစားဖိုမှူး... သူမအကိုသည် အိမ်မက်ဖြစ်သော မသေမျိုးစားဖိုမှူး ဂုဏ်ပုဒ်အတွက် အချိန်အတော်ကြာ အလုပ်ကြိုးစားခဲ့သည်။ ယခု သူ၏အိမ်မက်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည်။ အမှားတစ်ခုမှရှိ၍ မရချေ။
ဝုန်း...
သိပ်သည်းသော ကောင်းကင်နှင့် မြေကြီးစွမ်းအင်ကို အစပျိုးခဲ့သည်။ ခန်းမအထက်တွင် ဤကြီးမားသော စွမ်းအင်များ မရပ်မနား စုစည်းနေသည်။
ပရိသတ်များ၏ မျက်နှာမှာ တည်ကြည်နေကြသည်။
" မသေမျိုးစားဖိုမှူး စစ်ဆေးချက်က တကယ်ကြမ်းတမ်းတာပဲ... အမှားလေးတစ်ခုနဲ့တင် စားဖိုမှူးကို ကျရှုံးစေနိုင်တယ်..."
" ဟုတ်တယ် ပထမအဆင့် မသေမျိုးစားဖိုမှူးဖြစ်လာဖို့ စားဖိုမှူးက မသေမျိုးစွမ်းအင်ကို စုစည်းထားတဲ့ ဟင်းလျာတစ်မျိုး ချက်ပြုတ်ရမယ်... ဒါပေမဲ့ မသေမျိုးစွမ်းအင်ကို စုစည်းဖို့က မလွယ်ပါဘူး..."
" အမှန်ပဲ... ပြီးတော့ မသေမျိုးစွမ်းအင်ကလည်း ပါဝင်ပစ္စည်းတွေထဲက စုရမှာ မဟုတ်ပဲ ချက်ပြုတ်တဲ့ လုပ်ငန်းစဉ်အတွင်းမှာ စုဆောင်းရမှာ..."
ကြည့်ရှုသူများသည်လည်း စိတ်လှုပ်ရှားစွာ ဆွေးနွေးကြသည်။ သို့သော် ရွှမ်ယွမ်ရှားဟွေ့၏ အာရုံစူးစိုက်မှုကို မထိခိုက်စေရန် သူတို့၏ အသံကို ကြိုးစားနိမ့်ထားကြသည်။
ထိုအချိန်တွင် အခန်းတွင်းသို့ လူများအဆက်မပြတ်ဝင်လာသည်။
တစ်စုံတစ်ယောက်သည် မသေမျိုးစားဖိုမှုး စစ်ဆေးချက်ကို ဖြေဆိုနေသည်ကို ကြားသိရသောအခါ သူကောင်းမျိုးမိသားစုများ အလျင်အမြန်ရောက်လာကြသည်။ အကယ်၍ စစ်ဆေးချက် မပြီးဆုံးသေးပါက သူတို့တွင် အခွင့်အရေးရှိသည်။ သူတို့နောက်ကျပါက အခြားမိသားစုသည် ထိုစားဖိုမှူးကို ခေါ်ဆောင်သွားမည်ဖြစ်၍ ထိုအချိန်ရောက်လာလျှင် ငိုပင်မငိုနိုင်ချေ။
ထို့ကြောင့် ဤအခန်းတွင် သူကောင်းမျိုးမိသားစုဝင်များ အများအပြားထိုင်နေကြသည်။ ထိုမျှသာမက မိသားစုကြီးငါးခုမှ မသေမျိုးစားဖိုမှူးများ အားလုံးလည်း ဤနေရာတွင်ရှိနေသည်။
ပရိသတ်များကြားတွင် ထုံချန်းသည် ခုံကိုမှီလျက် လက်တွင်ပတ်ထားသော တောက်ပြောင်နေသည့် ပုတီးစေ့များကို ဆော့ကစားနေသည်။
မသေမျိုးစားဖိုမှူး စစ်ဆေးခန်းရှိ မီးဖိုရုံတွင် ပုံစံများစွာ မပါဝင်ဘဲ အရောင်အမျိုးမျိုးသို့လည်း ပြောင်းလဲခြင်းမရှိပေ။
အဘယ့်ကြောင့်ဆိုသော် ဟင်းလျာတွင် မသေမျိုးစွမ်းအင်ကို စုပ်ယူနိုင်ခြင်းရှိမရှိကို အာရုံစိုက်ရန် လိုအပ်သောကြောင့်ဖြစ်သည်။
မသေမျိုးစွမ်းအင်ဖြင့် ဟင်းကို အောင်မြင်စွာ ချက်ပြုတ်ပြီးမှသာ စားဖိုမှူးအား မသေမျိုးစားဖိုမှူး အဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။
ထိုအချိန်တွင် လူတိုင်း၏မျက်လုံးများသည် ရွှမ်ယွမ်ရှားဟွေ့ကို အာရုံစိုက်နေကြသည်။ သူ၏ဟင်းလျာမှာ ပြီးလုပြီဖြစ်သည်။
ဂျိန်း...ဂျိန်း...
ထူထပ်သော တိမ်တိုက်များ ကောင်းကင်ထက်တွင် စုဝေးကာ လျှပ်စီးလက်ပြီး မိုးခြိမ်းနေပါသည်။
ပြင်းထန်သောလေထုသည် ၎င်းတို့ပတ်ဝန်းကျင်တစ်ခုလုံး ပျံ့နှံ့သွားခဲ့သည်။
" ပြီးခါနီးပြီထင်တယ်..."
လူအချို့သည် ဖွင့်ထားသော အမိုးမှတစ်ဆင့် တိမ်တိုက်များကို ကြည့်ရှု့ကာ ပင့်သက်ရှိုက်ပြီး အော်ဟစ်နေကြသည်။
မသေမျိုးစားဖိုမှူးစစ်ဆေးချက်အတွက် ဒိုင်တစ်ဦးတည်းသာ ရှိသည်။ ထိုသူမှာ မန်နေဂျာချန်ဖြစ်သည်။ ထိုအချိန်တွင် သူ၏မီးဖိုဖြင့် အလုပ်ရှုပ်နေသော ရွှမ်ယွမ်ရှားဟွေ့ကို စိုက်ကြည့်နေသည်။
" နည်းနည်းလေး လိုနေသေးတယ်..."
မန်နေဂျာချန်ကို ကြည့်ရသည်မှာ စိတ်မသက်မသာဖြစ်နေသည်။
ရွှမ်ယွမ်ရှားဟွေ့ ချွေးများ စိုစွတ်နေပြီး သူ၏လက်များ တစ်စက္ကန့်မျှ မရပ်လိုက်နိုင်ပေ ။ သူ၏ ကြောက်မက်ဖွယ်စွမ်းအင်နှင့် စိတ်စွမ်းအင်များကို အဆက်မပြတ် ထုတ်လွှတ်နေချိန်တွင် သူ၏ လက်မောင်းများမှ အစိမ်းရောင် သွေးကြောများ ပေါက်ထွက်လုနီးပါးပင်။
" အကိုကြီး အကောင်းဆုံးလုပ်ပါ..."
ရွှမ်ယွမ်ရွှမ် စိုးရိမ်နေသော်လည်း စိတ်လှုပ်ရှားနေပုံရသည်။
နောက်ဆုံး၍ ရွှမ်ယွမ်ရှားဟွေ့၏ စိတ်စွမ်းအင်များက လေပြင်းများကို ဝေ့ဝဲစေသည့် အခိုက်အတန့်တွင် ကောင်းကင်၌ အချိန်အတန်ကြာ စုစည်းထားသော မိုးကြိုးများသည် အထွတ်အထိပ်သို့ ရောက်ပြီး မိုးကြိုးပစ်တော့မည်ဟု ထင်နေရသည်။
ဝုန်း...
ကောင်းကင်တွင် နဂါးတစ်ကောင်ကဲ့သို့ ကွေ့ကောက်ကာ လျှပ်စီးလက်လာသည်။
" ပြီးသွားပြီ..."
" လျှပ်စီးလက်လာပြီဆိုတော့ ဟင်းလျာက ပြီးတော့မယ်ဆိုတဲ့ သဘောလား..."
" အဲဒီအစားအစာမှာ မသေမျိုးစွမ်းအင်တွေ အပြည့်ရှိမရှိ စောင့်ကြည့်လိုက်ပါဦး ... စွမ်းအင်အချို့ကိုသာ စုစည်းထားမယ်ဆိုရင် ကျွန်တော်တို့ရဲ့ မသေမျိုးမြို့တော်မှာ အသစ်စက်စက် မသေမျိုးစားဖိုမှူး တစ်ယောက်ရပြီ..."
အားလုံးက စောင့်မျှော်လျက်ရှိသည်။
လျှပ်စီးလက်ပြီး ကောင်းကင်မှ ကျဆင်းလာကာ မိုးခြိမ်းသံများ မရပ်တန့်ခဲ့ပေ။
ထိုအချိန်တွင် လျှပ်စီးသည် ရွှမ်ယွမ်ရှားဟွေ့၏ ခန္ဓာကိုယ်ကို ထိမှန်သွားသည်။ တစ်ချိန်တည်းမှာပင် အခန်းထဲ၌ အသွင်အပြင်တစ်ခု တောက်ပလာပြီး သူ၏ခေါင်းထက်တွင် အကာအကွယ်တစ်ခု ဖန်တီးထားသည်။
ချက်ခြင်းပင် လျှပ်စီးကြောင်းသည် ပျက်ပြယ်သွားပြီး ရွှမ်ယွမ်ရှားဟွေ့၏ ခေါင်းပေါ်ရှိ ဆံပင်တစ်ချောင်းကိုပင် မထိခဲ့ပေ။
၎င်းသည် မသေမျိုးစားဖိုမှူး စစ်ဆေးခန်း၏ အထူးအင်္ဂါရပ်ဖြစ်သည်။ ဖြေဆိုသူများအား အစားအစာကြောင့် ဖြစ်ပေါ်လာသော မိုးကြိုးပြစ်ဒဏ်မှ ကယ်တင်ပေးသည်။
မိုးကြိုးနှင့် လျှပ်စီးကြောင်းများ ပြန့်ကျဲကုန်သည်။
မွှေးရနံ့တစ်ခု ဖြည်းညှင်းစွာထွက်ပေါ်လာသည်။
ရွှန်ယွမ်ရှားဟွေ့၏ မျက်လုံးများသည် နီရဲနေပြီး အားအင်များကုန်ခမ်းသွားသကဲ့သို့ အလွန်ပင်ပန်းနေပုံရသည်။
သူ လျင်မြန်စွာ နောက်ပြန်ဆုတ်၍ မောဟိုက်ကာ မြေပြင်ပေါ် ထိုင်ချလိုက်သည် ။
သူ၏စားဖိုမှူးအင်္ကျီသည် ချွေးများဖြင့် စိုစွတ်နေ၏။ ဒီတစ်ခါတော့ ဒီဟင်းလျာမှာ သူ့စိတ်စွမ်းအင်နဲ့ အင်အားတွေ အကုန်နီးပါး အသုံးပြုလိုက်ပြီ...
အဖြူရောင် ကြွေပန်းကန်လုံးတစ်လုံးသည် မီးဖိုခုံပေါ်တွင် ရှိနေသည်။ ဤစစ်ဆေးမှုအတွက် သူ၏ဟင်းလျာ ဖြစ်သည်။
ထိုဟင်းသည် တောက်ပနေပြီး ရေနွေးငွေ့များကို ထုတ်လွှတ်နေကာ ၎င်း၏ရနံ့သည် ပျံ့လွင့်ကာ လူတို့၏ အစာစားချင်စိတ်ကို ဖြစ်ပေါ်စေသည်။
ထိုအချိန် ရွှမ်ယွမ်ရှားဟွေ့သည် သူ၏အစားအစာကို ကြည့်နေသည်။
ထို့နောက်...
လှိမ့်တက်နေသော ရေနွေးငွေ့အတွင်းတွင် အဖြူရောင် လေထုသည် ထူထဲစွာ ထွက်ပေါ်လာပြီး ပန်းကန်ပြားတစ်ဝိုက်တွင် ဝေ့ဝဲနေသည်။
ထိုလေဖြူဖြူလေးများသည် ပတ်ပတ်လည်တွင် တဝဲလည်လည် လွင့်စင်တောက်ပနေလေသည်။
ထိုအဖြူရောင် လေအစုအဝေးကို ထုံချန်းမြင်သောအခါ မျက်မှောင်ကြုတ်ပြီး အသက်ရှုထုတ်လိုက်သည်။
" ပြီးသွားပြီ... မသေမျိုးမြို့တော်မှာ မသေမျိုးစားဖိုမှူးအသစ် ပေါ်လာပြီ..."
ဝှစ်...
ရုတ်ရုတ်သဲသဲဖြစ်ပြီးနောက် လူများက အဆက်မပြတ် ချီးမွမ်းပြောဆို နေကြသည်။
မန်နေဂျာချန် စိတ်သက်သာရာရသွားသည်။ တုန်လှုပ်နေသော သူ၏နှလုံးသားသည် နောက်ဆုံးတွင် တည်ငြိမ်သွားသည်။
အချိန်အတန်ကြာအောင် စောင့်ဆိုင်းပြီးနောက် နောက်ဆုံးတွင် သူသည် မသေမျိုးစားဖိုမှူး ဖြစ်လာခဲ့ပြီ...
ရွှမ်ယွမ်ရှားဟွေ့သည် သူ့အား စိတ်မပျက်စေခဲ့ပေ...
ရွှမ်ယွမ်ရွှမ် ဝမ်းသာလွန်းသဖြင့် အခန်းထဲမှ ခုန်ထွက်လုနီးပါး ဖြစ်သွားသည်။ သူမအစ်ကိုသည် မသေမျိုးစားဖိုမှူး ဖြစ်လာခဲ့ပြီ... မသေမျိုးစားဖိုမှူး...
၎င်းသည် မသေမျိုးမြို့တော်တွင် အမှန်တကယ် မြင့်မားသော နေရာတစ်ခုဖြစ်သည်။ သူ၏ကိုယ်ပိုင်လက္ခဏာနှင့် ရပ်တည်ချက်သည် ပြောင်းလဲသွားပြီး နာမည်ကြီးမိသားစုများအားလုံး သူတို့၏စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်သည့် အတွင်းစက်ဝိုင်းအတွင်းတွင် စားသောက်ဆိုင်ကို ဖွင့်နိုင်တော့မည်။ ယခုကစ၍ ဘဝသည် တူညီတော့မည် မဟုတ်ပေ။
မသေမျိုးစားဖိုမှူး စစ်ဆေးချက်ကို လူများစွာ စောင့်ကြည့်လေ့လာရန် လာခဲ့ကြသောကြောင့် ယင်းနောက်ပိုင်းတွင် ရွှမ်ယွမ်ရှားဟွေ့၏ အမည်သည် မြို့၏နေရာတိုင်းသို့ ပျံ့နှံ့သွားမည်ဖြစ်သည်။
ရွှမ်ယွမ်ရှားဟွေ့ ပြုံးနေလိုက်သည်။ ဤအချိန်တွင် သူအောင်မြင်ခဲ့သည့်အတွက် ပျော်ရွှင်မှုနှင့် အော်ဟစ်လိုက်ချင်သည်။
နောက်ဆုံးတွင် မန်နေဂျာချန်ထံသို့ ဟင်းလျာကို ယူလာခဲ့သည်။
မန်နေဂျာချန် တူများကိုကိုင်ကာ အစားအစာကိုစားပြီး အပြုသဘောဆောင်သော ဝေဖန်မှုများ ပေးခဲ့သည်။
မသေမျိုးစားဖိုမှူးဖြစ်လာသော်လည်း မန်နေဂျာချန် ၏ဝေဖန်ချက်များသည် သူ့အတွက်အသုံးဝင်ဆဲဖြစ်သည်။
မသေမျိုးစားဖိုမှူး ဖြစ်လာသော်လည်း ရွှမ်ယွမ်ရှားဟွေ့သည် မာနမကြီးပဲ ပြုံးပြီးခေါင်းကို ငုံ့လိုက်သည်။
အဝေးတစ်နေရာမှ သူကောင်းမျိုးကျင့်ကြံသူများ အလွန်စိတ်လှုပ်ရှားနေကြသည်။ ရွှမ်ယွမ်ရှားဟွေ့ကို အဖိုးတန်ရတနာကဲ့သို့ မျှော်လင့်တကြီး ကြည့်နေကြသည်။
အကယ်၍ ၎င်းတို့တွင် မသေမျိုးစားဖိုမှူးတစ်ဦး ရှိပါက မိသားစု၏ စွမ်းအားနှင့် ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်လိမ့်မည်။
စေ့စပ်ညှိနှိုင်းမှုနှင့် ဆွဲဆောင်မှုတို့သည် ဤနေရာ၌အကျုံးဝင်သည်။
ရွှမ်ယွမ်ရှားဟွေ့သည် နှိမ့်ချပြီး စိတ်ထားကောင်းသော်လည်း ရွှမ်ယွမ်ရွှမ်သည် အလွန်လိမ္မာပါးနပ်သည်။ သူကောင်းမျိုးများ၏ ကမ်းလှမ်းချက်အားလုံးကို အစ်ကိုဖြစ်သူအတွက် စီစဉ်ပေးခဲ့သည်။
၎င်းတို့၏ လက်ခံမှုကို အတည်မပြုသကဲ့သို့ မည်သည့် မိသားစုကိုမျှ ငြင်းဆိုခြင်းလည်း မရှိခဲ့ပေ။ ထို့ကြောင့် လေထုသည် အတော်လေး သဟဇာတဖြစ်ခဲ့သည်။
" ပုဖန်ရဲ့ စစ်ဆေးချက်က ဘယ်လိုဖြစ်နေမလဲ သိချင်လိုက်တာ..."
ရွှမ်ယွမ်ရှားဟွေ့ လည်ပင်းကိုပွတ်၍ အသက်ရှုထုတ်လိုက်သည်။
သူသည် အကောင်းမြင်သူတစ်ဦး ဖြစ်သောကြောင့် အထူးအဆင့်စားဖိုမှူး စစ်ဆေးချက်သည် ပုဖန်ကို ဒုက္ခမပေးဟု ထင်ထားမိသည်။
" ရွှမ်လေး... ပုဖန်ရဲ့ စစ်ဆေးချက်ကို တူတူသွားကြည့်ရအောင်..."
သူကောင်းမျိုးမိသားစုမှ လူငယ်များ ရွှမ်ယွမ်ရွှမ်ကိုစူးစူးစိုက်စိုက် ကြည့်နေသည်ကိုမြင်သောအခါ ရွှမ်ယွမ်ရှားဟွေ့ သူ၏လည်ပင်းကို ကုတ်လိုက်သည်။
" ကောင်းပါပြီ... အစ်ကိုကြီး အရင်သွားနှင့်ပါ... အခုအစ်ကိုကြီးက မသေမျိုးစားဖိုမှူး ဖြစ်နေပြီဆိုတော့ ဂုဏ်ပုဒ်က သာမန် မဟုတ်တော့လို့ သခင်လေးတွေက ခေါ်ယူဖို့ မစောင့်နိုင်ကြတော့ဘူး...သူတို့ကိုအာမခံထားရပြီး ဆွေးနွေးတိုင်ပင်စရာတွေရှိသေးလို့ ခဏနေခဲ့ဦးမယ်..."
ရွှမ်ယွမ်ရွှမ် အပြုံးဖြင့်ပြောလိုက်သည်။
သူကောင်းမျိုးမိသားစုမှ သခင်လေးများသည်လည်း ပြုံးလျက် ခေါင်းငြိမ့်ပြကြသည်။
"ဒါဆို သွားနှင့်ပြီနော်..."
ရွှမ်ယွမ်ရှားဟွေ့က ချက်ပြုတ်ခြင်းတစ်ခုတည်းကိုသာ စိတ်ဝင်စားပြီး ထိုကိစ္စများတွင် စိတ်မပါသည့်အတွက် ခေါင်းကိုက်နေသည်။
မလှမ်းမကမ်းမှ ထုံချန်းက ဤသည်ကိုကြားကာ မျက်လုံးများ အရောင်တောက်သွားသည်။ ရွှမ်ယွမ်ရှားဟွေ့ကို ပြုံးပြကာပြောလိုက်သည်။
" ညီအစ်ကိုရွှမ်ယွမ် အထူးအဆင့်စားဖိုမှူး စစ်ဆေးချက်ကို သွားကြည့်မလို့လား... ကျွန်တော်လည်းအဲ့ကိုသွားမလို့ပဲ... ဘာလို့တူတူမသွားကြတာလဲ..."
ရွှမ်ယွမ်ရှားဟွေ့သည် ထုံမိသားစုမှ သခင်လေး၏ တောင်းဆိုချက်ကို မငြင်းပယ်ခဲ့ပေ။ မသေမျိုးစားဖိုမှူး စစ်ဆေးခန်းမှ တူတူထွက်သွားကြသည်။
...
ထိုအချန်တွင်
အထူးအဆင့်စားဖိုမှူး စစ်ဆေးခန်း၌ မဟူရာလိပ်ခုံးဒယ်အိုးအတွင်းမှ ရေနွေးငွေ့များ အဆက်မပြတ် တက်လာပြီး မွှေးကြိုင်သော မွှေးရနံ့တစ်ခု ထွက်ပေါ်လာသည်။
အမွှေးရနံ့တွင် အံ့သြဖွယ်ရာ ရှုပ်ထွေးသော အရသာများပါ၀င်ပြီး လူအများသဘောကျနေကြသည်။
မတူညီသောအနံ့များကို ရောနှောပေါင်းစပ်ထားသောကြောင့် လူတို့၏အစာစားချင်စိတ်ကို ဖြစ်ပေါ်စေသည့် ထူးခြားသောရနံ့ကို ဖန်တီးပေးနေသည်။
သို့သော်လည်း ယခုအချိန်တွင်…
အခန်း၏အထက် ကောင်းကင်ယံ၌ လျှပ်စီးများ တဖြည်းဖြည်း စုရုံးလာသည်။ တိတ်ဆိတ်စွာ စုစည်းနေသည်ဖြစ်၍ မည်သူမျှ သတိမထားမိပေ။
ဒိုင်လူကြီးသုံးဦးသည် အမွှေးနံ့များ ရရှိသောအခါ အံ့သြစွာ မတ်တပ်ရပ်လိုက်ကြသည်။ တစ်ယောက်နှင့် တစ်ယောက် အံ့အားသင့်နေသည့် မျက်လုံးများနှင့် ကြည့်ပြီး အကြည့်များ ဖလှယ်နေကြသည်။
" အနံ့ကတော်တော်ကောင်းတာပဲ..."
“ရနံ့တစ်ခုစီက တစ်ခုနဲ့တစ်ခု ပြီးပြည့်စုံစွာ ရောစပ်ထားတယ် မယုံနိုင်လောက်အောင်ပါပဲ..."
" ဘာပဲဖြစ်ဖြစ် ကျွန်တော် တောင့်တနေမိပြီ..."
ဒိုင်လူကြီးသုံးဦးသည် ဤရှုပ်ထွေးသောရနံ့ကြောင့် စွဲလန်းသွားသည်မှာ ထင်ရှားသည်။
ပရိသတ်များ၏ နှာခေါင်းထဲသို့ ရနံ့များဝင်လာသောအခါ ငြိမ်သက်ပြီး အံ့ဩနေကြသည်။
ဤရနံ့... မသေမျိုးက သူရဲ့ပါဝင်ပစ္စည်း ဒါဇင်လိုက်ကို လုံးဝပေါင်းစပ်ထားတဲ့ပုံပဲ..."
" ဒီခေတ်မသေမျိုးတွေ ဒီလိုမျိုး အရမ်းမိုက်တာပဲလား..."
အလယ်ဗဟိုတွင် ပုဖန်၏ စိတ်စွမ်းအင်များ တစ်ဟုန်ထိုး တုန်ခါသွားသည်။ မဟူရာလိပ်ခုံးဒယ်အိုးထဲရှိ နွေဦးစမ်းရေသည် ပွက်ပွက်ဆူလာသည်။
ပုဖန်ရုတ်တရက် မျက်လုံးဖွင့်ကာ အသက်ရှူသွင်းလိုက်သည်။
ချက်ချင်းပင် ပုဖန်၏ စိတ်စွမ်းအင် ထိန်းချုပ်မှုအောက်မှ ကြေးဝါရောင်အိုးသည် လွင့်ပျံလာပြီး မဟူရာလိပ်ခုံးဒယ်အိုးထဲမှ ဖြည်းညှင်းစွာ ပျံထွက်လာသည်။ ကြွေအိုးအောက်မှ ရေပုတီးစေ့များ လွင့်စင်လာသည်။
အိုးထဲမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး အဖုံးပေါ်ရှိ နတ်မင်း၏ မျက်နှာတော်သည် အသက်ဝင်လာပုံရသည်။
ဒါ... ဒါက နတ်မင်းဆွေ့ဆွေ့ခုန် ဆိုတာပေါ့...
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် နတ်မင်းဆွေ့ဆွေ့ခုန် မရှိခဲ့ပေ။ ယခုမှ ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရသည့်အတွက် အားလုံးအံ့ဩနေကြသည်။
ဒိုင်လူကြီးသုံးဦးလုံး မတ်တပ်ရပ်နေကြပြီး ထိုပုလင်းကို လေ့လာနေကြသည်။
အိုးထဲမှ အငွေ့များနှင့် မွှေးရနံ့များ ထွက်လာပြီး အခန်းတစ်ခုလုံးကို ဆွဲဆောင်သွားနိုင်အောင်ပင်။
ဘာလဲ...
ပုဖန်ခေါင်းမော့ကြည့်ပြီး စိတ်ရှုပ်ထွေးသွားသည်။
ဝုန်း... ဝုန်း...
မိုးကြိုးပစ်သံများ ပဲ့တင်ထပ်လာသည်။
ခဏအကြာတွင် အခန်းထဲရှိ လူအားလုံး အံ့အားသင့်သွားကြသည်။
မူလျှို့အာသည်လည်း မေးရိုးပြုတ်ကျ မတတ်ပင်။ ဒိုင်လူကြီးသုံးဦးသည်လည်း ကို့ရို့ကားယားပုံပေါက်ပြီး ... ပရိသတ်အားလုံး အံ့သြသွားကြသည်။
ယခုအချိန်တွင် စကားစမြည်ပြောနေကြသော ရွှမ်ယွမ်ရှားဟွေ့နှင့် ထုံချန်းသည် တံခါးပေါက်မှ လျှောက်လာကြပြီး သူတို့ရှေ့က မြင်ကွင်းကိုမြင်သောအခါ အံ့အားသင့်သွားမိသည်။
သူတို့ အခန်းမှားဝင်လာတာလား...
ဘယ်လိုဖြစ်လို့ မိုးကြိုးပြစ်ဒဏ်က အထူးအဆင့်စားဖိုမှူး စစ်ဆေးခန်းမှာ ပေါ်လာရတာလဲ...
ရွမ်ယွမ်ရှားဟွေ့ စိတ်ရှုပ်သွားသည်။ ခဏအကြာတွင် သူ၏ ကြမ်းတမ်းသော မျက်နှာသည် အေးစက်သောလေကို ရှုရှိုက်လျက် ထိတ်လန့်သွားဟန်ရှိသည်။
" မဖြစ်နိုင်တာ..."