အပိုင်း ၉၆၃
Viewers 52k

အခန်း ၉၆၃

ဒီသေမျိုးကောင်ကတော့ မိုးကြိုးပြစ်ဒဏ်ခတ်ခံရပြီး သေတော့မှာပဲ...


အဲ့ဒါ ဘာအသံကြီးလဲ...


အထူးအဆင့်စားဖိုမှူး စစ်ဆေးခန်းထဲတွင် လူများသည် အံ့ဩနေသောမျက်နှာများဖြင့် ဘေးပတ်ဝန်းကျင်ကို ကြည့်နေသည်။


ကြည်လင်သော ကောင်းကင်တွင် မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်ကာ နားကိုထွင်းဖောက်သွားသကဲ့သို့ အသံများ ထွက်ပေါ်လာသောကြောင့် တုန်လှုပ်သွားကြသည်။ ၎င်းသည် ဒဏ္ဍာရီလာ မိုးကြိုးပြစ်ဒဏ်နှင့် အတော်လေး ဆင်တူပုံရသည်။


ဒါပေမဲ့ သူတို့က အခုဘာလို့ မိုးကြိုးပြစ်ဒဏ်ကို ကြားနေရတာလဲ...


ဤအခန်းသည် အထူးအဆင့်စားဖိုးမှူး စစ်ဆေးခန်းဖြစ်သည် မသေမျိုးစားဖိုမှူး စစ်ဆေးခန်း မဟုတ်ပေ။ အဲ့တာကြောင့် သူတို့မိုးကြိုးပစ်တာကို ဘယ်လိုကြားမှာလဲ...


ပုဖန်စင်မြင့်အလယ်တွင် ရပ်နေသည်ကို မျက်လုံးဖြင့်နှံ့စပ်စွာ ကြည့်နေကြသည်။ နတ်မင်းဆွေ့ဆွေ့ခုန် အိုးသည် သူ၏ရှေ့တွင် အရောင်တောက်ပနေပြီး နတ်မင်း၏ ပြုံးနေသောမျက်နှာသည် ရွှေရောင်အဆင်းရှိ၍ တောက်ပနေသည်။ 


သို့သော် ထိုအရာသည် အရေးမကြီးသေးပေ။


ဒိုင်လူကြီးသုံးဦးသည်လည်း နေရာမှ မတ်တပ်ရပ်ပြီး နားစွင့်နေကြသည်။ မကြာမီကောင်းကင်ယံ၌ မိုးကြိုးပစ်သံများ ကျယ်လောင်စွာ ကြားလိုက်ရသည်။


" အဲ့ဒါမိုးကြိုးပြစ်ဒဏ်ပဲ... ဘေးအခန်းက မသေမျိုးစားဖိုမှူး စစ်ဆေးမှုကလား..."  


အနီရောင်လက်သည်းများနှင့် အမျိုးသမီးဒိုင်သူကြီးသည် အံ့အားသင့်စွာဖြင့် နှုတ်ခမ်းကိုထိလိုက်သည်။


" တိုက်ဆိုင်တာများလား...မသေမျိုးစားဖိုမှူးရဲ့ ဟင်းလျာနဲ့ ဒီသေမျိုးရဲ့ ဟင်းလျာက အချိန်တစ်ခုတည်းမှာ ထွက်ပေါ်လာတာများလား..."


" အဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တယ်... မဟုတ်ရင် ငါတို့တွေ ဘယ်လိုရှင်းပြကြမလဲ..."


ဒိုင်လူကြီးများလည်း ဆူညံနေကြသည်။ မည်သို့ပင်ဆိုစေကာမူ ဤနေရာ၌ မိုးကြိုးပြစ်ဒဏ် ပေါ်လာခြင်းသည် ဆိုးရွားသောဖြစ်ရပ်မဟုတ်ပေ။


ပရိသတ်ထဲမှ မူလျှို့အာသည် မယုံနိုင်စွာဖြင့် မျက်လုံးပြူးသွားသည်။


" မိုးကြိုးပြစ်ဒဏ်ဟုတ်လား... မိုးကြိုးပြစ်ဒဏ်က အထူးအဆင့်စားဖိုမှူး စစ်ဆေးချက်မှာ ပေါ်လာတယ်ပေါ့... ဘေးအခန်းက မသေမျိုးစားဖိုမှူး စစ်ဆေးချက်ကြောင့်လား..."


  ထိုရှင်းပြချက်သည် ကျိုးကြောင်းဆီလျော်သည်ဟု မူလျှို့အာ ထင်ခဲ့သည်။


ဘေးအခန်းမှ မသေမျိုးစားဖိုမှူး စစ်ဆေးချက်ကို သိလိုက်ရသောအခါ အခြားလူများ တဖြည်းဖြည်း ငြိမ်သက်သွားကြသည်။


လူတိုင်း၏ တုန်လှုပ်ခြောက်ခြားသော မျက်နှာသည် ၎င်းတို့၏ လှောင်ပြောင်သော အမူအရာဆီသို့ ဖြည်းညှင်းစွာ ပြန်ရောက်လာသည်။


" ဟုတ်သားပဲ... ဒီသေမျိုးကောင်က သူ့အစားအစာတွေကို ဘယ်လိုလုပ် မိုးကြိုးပြစ်ဒဏ် ရိုက်ခတ်နိုင်မှာလဲ..."


" မသေမျိုးစားဖိုမှူးတွေပဲ မိုးကြိုးပြစ်ဒဏ်ကို အစပြုနိုင်တာ... ဟင်းလျာတစ်ခုမှာ မသေမျိုးစွမ်းအင်ရှိနေရင် စားဖိုမှူးက မသေမျိုးစားဖိုမှူးဖြစ်ပြီလို့ ဆိုလိုတာပဲ..."


" ဟာသတွေ မပြောစမ်းပါနဲ့... ဒီသေမျိုးကောင်က ဘယ်လိုလုပ် မသေမျိုးစားဖိုမှုး ဖြစ်နိုင်မှာလဲ..."


ပရိသတ်များက ကျယ်ကျယ်လောင်လောင် ဆွေးနွေးနေကြသည်။ အချို့က အံ့သြပြီး တစ်ချို့က အထင်အမြင်သေး ရယ်မောကြသည်။ နောက်ဆုံးတွင် မိုးကြိုးပြစ်ဒဏ်ကို အစပြုသူမှာ ပုဖန်မဟုတ်ပဲ ဘေးအခန်းမှ မသေမျိုးစားဖိုမှူး ဖြစ်သည်ကို သိရှိသွားကြသည်။


ပုဖန်ခေါင်းမော့ကာ မျက်မှောင်ကြုတ်လိုက်သည်။ သူသည်လည်း မိုးကြိုးပြစ်ဒဏ်ကို အစပြုလိုက်သည်ဟု မထင်ပေ။


အမှန်တကယ်တွင် ကောင်းမွန်သော ပါဝင်ပစ္စည်းများကို အသုံးပြုချက်ပြုတ်ခြင်းသည် နတ်မင်းဆွေ့ဆွေ့ခုန်ဟင်းလျာ၏ အရည်အသွေးကို ပိုမိုကောင်းမွန်စေသည်။


ပုဖန် ညှင်သာစွာ အသက်ရှုထုတ်လိုက်ပြီး မလှုပ်မရှား ရပ်နေလိုက်သည်။ အကယ်၍ မိုးကြိုးပြစ်ဒဏ် ထွက်ပေါ်လာပါက ဟင်းလျာကိုမြန်မြန် အဆုံးသတ်စေနိုင်မည်။


အခြားသူများ၏ ကဲ့ရဲ့ရှုံ့ချမှုကို မျက်ဆံပင် လှန်မကြည့်ချေ။ သူဘာကြောင့်အဲ့လိုလုပ်ရမှာလဲ... ဒီကိုစစ်ဆေးချက် လာဖြေတာ စားသောက်ဆိုင်ဖွင့်ဖို့ အရည်အချင်း ပြည့်မီဖို့လေ...


မည်သို့ပင်ဆိုစေကာမူ ပရိသတ်များက သူ့ကို ဘာကြောင့် ရယ်နေမှန်းမသိပေ။


ထိုအချိန် နတ်မင်းဆွေ့ဆွေ့ခုန်၏ ရနံ့မှာ လူများကို ယစ်မူးစေလောက်အောင်ဖြစ်နေသည်။ ဒီလူတွေကို အဲ့ရနံ့က မသက်ရောက်ဖူးလား...


" လူငယ်လေး မင်းရဲ့ဟင်းလျာက ပြီးသင့်နေပြီမလား...အဲ့တာဘယ်လိုခေါ်တာ... နတ်မင်းဆွေ့ဆွေ့ခုန်မလား... ဒီကိုမြန်မြန်ယူလာခဲ့..." ဒိုင်တစ်ဦးမှ ပြောလိုက်သည်။


သို့သော် ဒိုင်လူကြီး မမျှော်လင့်ထားသည်မှာ ပုဖန်ကသူ့ကို စိတ်မဝင်စားစွာ ကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။


" ခဏလေးစောင့်ပါ... မပြီးသေးပါဘူး... စိတ်ခံစားမှုကို အချဉ်ဖောက်ဖို့ အချိန်လိုနေသေးတယ်..."


စိတ်ခံစားချက်ကို အချဉ်ဖောက်မယ်...အနားရှိလူများ ငိုရမလို ရယ်ရမလို ဖြစ်သွားသည်။ ဟင်းလျာက သူ့ရဲ့ စိတ်ခံစားချက်ကို အချဉ်ဖောက်ဖို့ လိုလို့လား...


သို့သော် ထိုအချိန်တွင်...


တံခါးက ကျွိကနဲ ပွင့်လာသည်...


ထိုဆူညံသံမှာ ကျယ်လောင်လွန်းသဖြင့် တံခါးပေါက်မှ ဝင်ရောက်လာသည့် လူနှစ်ဦးဆီသို့ ပရိသတ်များ၏အကြည့်များ ရွေ့လျားသွားသည်။


သူတို့နှစ်ဦးကို မြင်သောအခါ အံ့ဩသွားကြသည်။


" ဒါကမသေမျိုးစားဖိုမှူး ထုံချန်းပဲ သူကဒီမှာ ဘာလုပ်နေတာလဲ..."


" ဒါ သခင်လေးထုံချန်းပဲ... သူနဲလာတာ ဘယ်သူလဲ... ကြည့်ရတာ ရင်းနှီးနေသလိုပဲ..."


" အဲ့တာဟိုဘက်အခန်းမှာ မသေမျိုးစားဖိုမှူး စစ်ဆေးချက်ကိုဖြေနေတဲ့ ရွှမ်ယွမ်ရှားဟွေ့ပဲ... သေရော ကြည့်ရတာ ငါတို့ အထင်လွဲပြီထင်တယ်..."


" ဘယ်လို... ရွှမ်ယွမ်ရှားဟွေ့က မသေမျိုးစားဖိုမှူး စစ်ဆေးချက် ဖြေနေရမှာ ဟုတ်တယ်မလား သူကဘာလို့ဒီရောက်နေတာလဲ...သူ့စစ်ဆေးချက် ပြီးသွားတာလား..."


" ဒါဆိုရင် မိုးကြိုးပြစ်ဒဏ်က... ဘုရားရေ..."


ပရိသတ် ရုတ်ရုတ်သဲသဲဖြစ်သွားကာ များများဆွေးနွေးလေလေ ပိုရှုပ်လေလေပင်။ သရဲတစ္ဆေအစစ်ကို မြင်လိုက်ရသကဲ့သို့ ထိတ်လန့်ကုန်ကြသည်။


ပထမဆုံး မိုးကြိုးပစ်သံ ပဲ့တင်ထပ်ပြီးကတည်းက မူလျှို့အာ သူမပါးစပ်ကို မပိတ်နိုင်သေးပေ။ 


ရွှမ်ယွမ်ရှားဟွေ့သည် ဘေးအခန်းမှ မိုးကြိုးပြစ်ဒဏ်ကို အစပျိုးခဲ့သည်ဟု ထင်ခဲ့သော်လည်း ယခုတော့ ထိုသို့မဟုတ်သည်မှာ ထင်ရှားလာသည်။


ရွှမ်ယွမ်ရှားဟွေ့ ယခု အထူးစားဖိုမှူးစစ်ဆေးခန်းကိုရောက်နေ၍ မိုးကြိုးပြစ်ဒဏ်ကို အစပြုသည်မှာ ရွမ်ယွမ်ရှားဟွေ့ မဟုတ်ကြောင်း ပြသနေသည်။


ယခုအချိန် မသေမျိုးစားဖိုမှူးစစ်ဆေးချက်ကို ဖြေဆိုနေသူမရှိပဲ ပုဖန်တစ်ယောက်တည်းသာ ဆက်လက် ချက်ပြုတ်နေသည်။


အချိန်နှင့် နေရာသည် မမှားနိုင်ပေ...


ဟမ်...


" အရမ်း အံအားသင့်စရာကောင်းတာပဲ..."


 မူလျှို့အာ အော်လိုက်သည်။ ပုဖန်ထံမှ ဤမျှကြီးမားသော ပျော်ရွှင်မှုကို သူမ မမျှော်လင့်ခဲ့ပေ။


သူက မီးဖိုကို ငွေရောင်အဖြစ် ပြောင်းလိုက်နိုင်ပြီး အစားအစာကလည်း နေရာတစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်တဲ့ ရနံ့တစ်ခုထွက်လာစေတယ် နောက်ဆုံးမှာတော့ မိုးကြိုးပြစ်ဒဏ်ကိုတောင် ဖြစ်ပေါ်စေနိုင်ခဲ့တယ်...


ပုဖန်က အထူးအဆင့်စားဖိုမှူးစစ်ဆေးချက်‌ ဖြေနေတာလား မသေမျိုးစားဖိုမှူး စစ်ဆေးချက်ကို ဖြေနေတာလား...


ဝုန်း... ဝုန်း...


ကောင်းကင်ယံ၌ မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။


မသေမျိုးစားဖိုမှူး စစ်ဆေးခန်းရှိ သူကောင်းမျိုး မိသားစုများမှ လူငယ်အများအပြား လန့်ဖျပ်သွားကြသည်။


သူတို့ဘာလို့ မိုးကြိုးပြစ်ဒဏ်ကို ထပ်ကြားနေရသေးတာလဲ... မသေမျိုးစားဖိုမှူးစစ်ဆေးချက်က ပြီးသွားပြီလေ...


မိုးကြိုးပြစ်ဒဏ်လည်း ရပ်သွားပြီ မဟုတ်ဖူးလား...


ထိုကျယ်လောင်သောအသံသည် ကပ်လျက်အခန်းမှ ထွက်လာပုံရသည်။


သူကောင်းမျိုးမိသားစုများ၏ ငယ်ရွယ်သူများ အားလုံးသည် ထူးချွန်သူများဖြစ်သည်။ အံ့အားသင့်သွားပြီးနောက် အထူးအဆင့် စားဖိုမှူးစစ်ဆေးချက် ကျင်းပနေသည့် အခန်းဆီသို့ အမြန်‌ပြေးသွားကြသည်။


ရွှမ်ယွမ်ရွှမ် ထိုလူများနှင့် ညှိနှိုင်းနေရာမှ သူတို့သည် အလျင်စလို နှုတ်ဆက်ကြပြီး သူမနှင့် သူမ၏ ပြင်ဆင်ထားသော အကြောင်းပြချက်များကို ချန်ထားခဲ့ကြသည်။


သူမသည်လဲ ထိုလူငယ်များ အလျင်အမြန် ပြေးသွားကြသည်ကို ကြည့်ပြီး အခြေအနေကိုစုံစမ်းရန် နောက်မှ ပြေးလိုက်သွားသည်။


နောက်ဆုံး လူများ၏ ပျော်ရွှင်နေသော မျက်လုံးများ ရှေ့၌ပင် အထူးအဆင့် စားဖိုမှူး စစ်ဆေးခန်း ပြည့်နှက်သွားသည်။


အထူးအဆင့် စားဖိုမှူးစစ်ဆေးချက်မှ မိုးကြိုးပြစ်ဒဏ်အစပြုခဲ့ခြင်းကို လူတိုင်း သဘောပေါက်သွားပြီ ဖြစ်သည်။


ဒီနေ့ခေတ် အထူးအဆင့် စားဖိုမှူးတွေက ဒီလောက်တောင် သန်မာကြတာလား...


ထိုအချိန် ပုဖန်၏ စိတ်စွမ်းအင် ရုတ်တရက်မြင့်တက်လာပြီး နတ်မင်းဆွေ့ဆွေ့ခုန်ဟင်းပွဲက သူ၏ရှေ့တွင် မျောပါနေသည်။


အိုးထဲမှ အလင်းတန်းများ အဆက်မပြတ် ထွက်ကျလာပြီး ၎င်းတို့အထက်တွင် ဖိအားများ ပိုမိုထူထပ်လာသည်။


"မကောင်းတော့ဘူး ဒီအခန်းမှာ မိုးကြိုးကာကွယ်ရေးပုံစံ မတပ်ဆင်ထားဘူး..."


" မိုးကြိုးပြစ်ဒဏ်က ဒီသေမျိုးကို ထိတော့မှာပဲ..."


"အဲ့သေမျိုးက မိုးကြိုးပြစ်ဒဏ်ကို ဘယ်လိုရပ်တန့်မှာလဲ... ဓာတ်လိုက်သေတော့မှာပဲ..."


ရုတ်တရက် တစ်ခုခုကို သိလိုက်ရသောအခါ ပရိသတ်က နောက်တစ်ကြိမ် ဆူညံသွားသည် ။


ထုံချန်း မျက်မှောင်ကြုတ်လိုက်သည်။


နောက်ဆုံးတွင် ‌ထုံယွဲ့သတင်းပို့ထားသည့် မြေကမ္ဘာအင်မော်တယ်ရုပ်သေးရှိသော စားဖိုမှူးပုဖန်ကို တွေ့ရပြီဖြစ်သည်။


ဤလူသည် ထုံမိသားစုကို ဂရုမစိုက်ပေ။


" တကယ်ကို ပုဖန်ဆိုတဲ့အတိုင်းပဲ... အထူးအဆင့်စားဖိုမှူးဖြစ်ပြီး မိုးကြိုးပြစ်ဒဏ်ကို အစပျိုးနိုင်တယ်..."


 ရွှမ်ယွမ်ရှားဟွေ့ ပြုံးလိုက်သည်။


"အစ်ကိုကြီးရွှမ်ယွမ် အဲ့စားဖိုမှူးကို သိလား..."


 ထုံချန်း မျက်မှောင်ကြုတ်ပြီး အခြားတစ်ဖက်ကို တစ်ချက်ကြည့်လိုက်သည်။


" သိတာတော့ မဟုတ်ဖူး အရင်က သူနဲ့တစ်ခါ ဆုံဖူးရုံတင်ပါ..."


 ရွှမ်ယွမ်ရှားဟွေ့ ရိုးသားစွာ ဖြေလိုက်သည်။


ဒါဆို ဒီလိုမျိုးပေါ့...


ထုံချန်း နှုတ်ခမ်းထောင့်တွန့်ရုံ ပြုံးလိုက်သည်။ ဒါဆို အသိအကျွမ်းပဲပေါ့... ပုဖန်ကိုဖမ်းလိုက်ရင်လည်း ရွှမ်ယွမ်ရှားဟွေ့ကို စော်ကားရာ မရောက်ဖူးပေါ့...


ဝုန်း...


ထုံချန်းအတွေးထဲသို့ နစ်မြုပ်သွားသည့် အခိုက်အတန့်တွင် အခန်း၏အထက်တွင် ကျယ်လောင်သော အသံတစ်ခု ပဲ့တင်ထပ်လာသည်။


မျက်စိတစ်မှိတ်အတွင်းမှာပင် အမိုးက ပေါက်ကွဲသွားသည်။


အထူးအဆင့် စားဖိုမှူးများသည် မိုးကြိုးပြစ်ဒဏ်ကို အစပျိုးနိုင်သည်ဟု မည်သူမျှ မထင်ထားကြသဖြင့် ဤအခန်းတွင် မိုးကြိုးကာကွယ်ရေးပုံစံ မတပ်ဆင်ထားပေ။


အပေါ်မှ အုတ်ခဲများနှင့် ကျောက်တုံးများ ပြုတ်ကျလာသည်။


ခဏအကြာတွင် မိုးကြိုးပစ်လာသည်။ တိမ်တိုက်အလွှာများကြားတွင် လျှပ်စီးကြောင်းများ တရွေ့ရွေ့နှင့် ဟိန်းဟောက်နေသည်ကို တွေ့လိုက်ရသည်။


သူတို့အထက်တွင် မိုးကြိုးနဂါးတစ်ကောင် လှည့်ပတ်နေသည်။


ဝုန်း...


ထို့နောက် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ကြားပြီးနောက် မိုးကြိုးနဂါးသည် ပုဖန်ဆီသို့ ခုန်ဆင်းသွားသည်။


ပရိသတ်မှာ စိတ်လှုပ်ရှားသွားသည်။


သူအဲ့တာကြီးကို ဘယ်လိုရပ်မှာလဲ...


သူ၏ကျင့်ကြံခြင်းအဆင့် နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ် နတ်ဘုရားမီးတောက် တစ်ခုတည်းဖြင့် ထို မိုးကြိုးနဂါးကို မည်သို့ ရပ်တန့်မည်နည်း...


စားဖိုမှူးသည် မိုးကြိုးပစ်ခံပြီး သူ၏မွှေးကြိုင်နေသော ဟင်းလျာသည်လည်း ဖျက်ဆီးခံရတော့မည်ဖြစ်သည်။


ဘယ်လိုတောင်ကံဆိုးတာလဲ...


လူများ၏ အကြည့်အောက်တွင် မူလျှို့အာ သူမလက်သီးကို မဆင်မခြင် မြှောက်လိုက်သည်...


ထုံချန်း၏ နှုတ်ခမ်းထောင့်များသည် လျှပ်စီးများအောက်မှ ပုဖန်ကို ကြည့်ပြီး ပြုံးပြလိုက်သည်။


သို့သော် မကြာမီတွင် လူတိုင်း အံ့ဩသွားကြသည်။


အဘယ်ကြောင့်ဆိုသော် ပုဖန်သည် ထိတ်လန့်အံ့ဩခြင်းမရှိကြောင်း တွေ့ရှိခဲ့ခြင်းကြောင့်ဖြစ်သည်။ သူ၏မျက်နှာမှာ ဂရုမစိုက်သော အကြည့်မျိုးဖြင့်...


ဘယ်လိုဖြစ်လို့ ဒီသေမျိုးကောင်က တည်ငြိမ်နေရတာလဲ...


ပုဖန်တွင်လည်း တည်ငြိမ်နေရသည့် အကြောင်းပြချက်များရှိသည်။


မိုးကြီးပြစ်ဒဏ်သည် သူမကြောက်ရွံ့သော အရာတစ်ခုဖြစ်သည်။


သူ၏စိတ်ထဲတွေးလိုက်ရုံဖြင့် ရှေ့တွင် အဖြူရောင်အလင်းစက်လေးများ ပေါ်လာသည်။ ခဏအကြာ၌ ၎င်းတို့သည် လျှို့ဝှက်ဆန်းကြယ်သော အသွင်သဏ္ဍာန်တစ်ခု ဖြစ်လာပြီး လင်းလက်တောက်ပနေခဲ့သည်။


ရောင်ခြည်များ ကောင်းကင်ယံသို့ လွင့်ပျံလာသည်။


ထို့နောက် ကြီးမားပြီး အရပ်ရှည်သော အသွင်အပြင် တစ်ခု ထွက်ပေါ်လာသည်။


ရွဲ... ရွဲ... ရွဲ...


လျှပ်စီးကြောင်းများ ကခုန်နေသည်။


ဝှိုက်တီ၏ စက်ရုပ်မျက်လုံးများ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။ ထို့နောက် ခေါင်းမော့၍ ကောင်းကင်မှ လျှပ်စီးကြောင်းများ ကျဆင်းလာပုံကို ကြည့်‌နေသည်။


ဝှစ်ခနဲ အသံနှင့်အတူ သတ္တုအတောင်နှစ်ချောင်းသည် ဝှိုက်တီနောက်တွင် ပွင့်ထွက်ကာ လျှပ်စီးလက်နေသည်။ ကြောက်မက်ဖွယ်ကောင်းသော လေလှိုင်းလုံးကြီးများ ထွက်လာသည်နှင့် မိုးကြိုးနဂါးနောက်သို့ လိုက်ရန် မပျံတက်မီ ၎င်း၏ မျက်လုံးများ တောက်ပလာသည်။


ဝှိုက်တီ ပေါ်လာသည့်အခိုက်တွင် လူအများ၏ အကြည့်များက သူ့အပေါ်သို့ ရောက်နေပြီး အထူးသဖြင့် ထုံချန်းက ပထမဆုံးအာရုံစိုက်မိခဲ့သူဖြစ်သည်။ မြေကမ္ဘာ အင်မော်တယ်ရုပ်သေးများအကြောင်းကို သူများစွာလေ့လာခဲ့သည်။


ပတ်ဝန်းကျင်မှ လူများ လန့်သွားသည်။


သူ့ကို ကာကွယ်ဖို့ မြေကမ္ဘာအင်မော်တယ် ရုပ်သေးရှိနေမှတော့ ဒီမသေမျိုး မကြောက်လန့်တာ အံ့ဩစရာ မရှိတော့ပါဘူး ...


ဒါပေမဲ့ အဲ့ဒီ မြေကမ္ဘာအင်မော်တယ် ရုပ်သေးက မိုးကြိုးပြစ်ဒဏ်ကို ခံနိုင်ရည် ရှိပါ့မလား...


နောက်ဆုံးတွင် ပရိသတ်က သံသယဖြစ်သွားသည်။ သေမျိုးတစ်ယောက်သည် တန်ဖိုးကြီးထုတ်ကုန်တစ်ခုဖြစ်သည့် မြေကမ္ဘာအင်မော်တယ် ရုပ်သေးကို မည်သို့ပိုင်ဆိုင်နိုင်မည်နည်း...


ဝှိုက်တီ ကောင်းကင်သို့ ပျံတက်သွားပြီး ၎င်း၏ဝမ်းဗိုက်က လှည့်ပတ်နေသော တွင်းနက်ကို ထုတ်ဖော်ပြသလိုက်သည်။ ထိုတွင်းနက်ထဲမှ နတ်ဘုရားသတ်တုတ်ကို ဆွဲထုတ်လိုက်ပြီး လျှပ်စီးကြောင်းကို ရိုက်ခတ်ရန် အပြာရောင် ကောင်းကင်ဆီသို့ ချက်ချင်း ပျံသန်းသွားသည်။


ခဏအကြာတွင် မိုးကြိုးနဂါးက ဝှိုက်တီ၏တစ်ဝိုက်တွင် လှည့်ပတ်နေသည်။ ထိုအခိုက်အတန့်တွင် ဝှိုက်တီသည် လျှပ်စီးဘောလုံးလေးကဲ့သို့ ဖြစ်လာသည်။


ဂျိန်း... ဂျိန်း... ဂျိန်း...


ကောင်းကင်ယံ၌ လျှပ်စီးကြောင်းများ ထွက်ပေါ်လာသည်။


အားလုံး နောင်တရသကဲ့သို့ ခံစားလိုက်ရသည်။


မြေကမ္ဘာအင်မော်တယ်ရုပ်သေးသည် အမှန်တကယ်ပင် မိုးကြိုးပြစ်ဒဏ်ကို မတားဆီးနိုင်ပေ။ အဲ့ဒီသေမျိုးကတော့ ဓာတ်လိုက်ပြီး သေတော့မှာပဲ...


ထုံချန်းရယ်မောလိုက်သည်။ မြေကမ္ဘာအင်မော်တယ်ရုပ်သေးကို သုံးပြီး မိုးကြိုးပြစ်ဒဏ်ကို တားမယ်တဲ့လား... ဒီလူ‌ တော်တော်နောက်တာပဲ... အင်မော်တယ်ရုပ်သေးတွေက မိုးကြိုးပစ်ဒဏ်ကို မတားနိုင်ဘူး...


သူသည် မြေကမ္ဘာအင်မော်တယ်ရုပ်သေးများအကြောင်း လေ့လာထားပြီး ၎င်းတို့၏ အင်္ဂါရပ်များကို ရှင်းရှင်းလင်းလင်းသိရှိထားသည်။ ထို့ကြောင့် ဤမြေကမ္ဘာအင်မော်တယ်ရုပ်သေး ပေါက်ကွဲပြီး ပုဖန်ပါ သေလုနီးပါးဖြစ်သွားသည်ကို မြင်ရန် မျှော်လင့်ခဲ့သည်။


သို့သော် ခဏအကြာတွင်...


ပုဖန် လှုပ်ရှားလာသည်။


ဝှိုက်တီ မိုးကြိုးနဂါး၏ ရစ်ပတ်ခြင်း ခံလိုက်ရသည်ကို စိတ်ထဲမထားပေ။ နတ်မင်းဆွေ့ဆွေ့ခုန်ဟင်းလျာကို ယူဆောင်၍ ဒိုင်လူကြီးသုံးဦးထံသို့ လျှောက်သွားသည်။


ပုဖန်၏ အတွေးတစ်ချက်နှင့်ပင် ဒိုင်သူကြီးသုံးဦး၏ စားပွဲပေါ်၌ အဖြူနှင့်အပြာရောင် ပန်းကန်လုံးများ ပေါ်လာသည်။


ပုဖန်ပြုံးလိုက်သည်။


ထိုအချိန် ကောင်းကင်ပေါ်တွင်...


ပေါက်ကွဲသံများ တစ်ဟုန်ထိုးမြည်လာသည်။


လျှပ်စီးဘောလုံးလေး ကွဲကြေသွားကာ ထောင်သောင်းမကသော လျှပ်စီးလက်သံများ ကောင်းကင်တွင် ပြန့်ကျဲနေသည်။ သို့သော် ၎င်းတို့အားလုံးကို ထူးဆန်းသော စွမ်းအင်တစ်ခုဖြင့် စုပ်ယူလိုက်သည်။


လူတိုင်း အံ့ဩသွားကြသည်။


လျှပ်စီးကြောင်းများကို ဝှိုက်တီစုပ်ယူလိုက်သည်ကို ပရိသတ်များ မြင်သောအခါ သရဲတစ္ဆေကို မြင်ရသကဲ့သို့ဖြစ်သွားသည်။


ထိုဖြစ်စဉ်အောက်တွင် ပုဖန် သူ၏လက်ကို လျောချလိုက်သည်။ ပြုံးနေ‌သော နတ်မင်း၏ မျက်နှာဖြင့် အဖုံးကို မြှောက်လိုက်ရာ ဖန်အိုးထဲမှ ထောင်သောင်းမကသော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။


အလင်းရောင်သည် စူးရှတောက်ပနေပြီး အနံ့သည် သူတို့၏အာရုံများကို တိုက်ခိုက်နေသည်။