အပိုင်း ၉၆၄
Viewers 53k

အခန်း ၉၆၄

မသေမျိုးစားဖိုမှူးတစ်ယောက် ရရှိခြင်းတဲ့လား...


နတ်မင်းဆွေ့ဆွေ့ခုန်ဟင်းလျာ၏ သင်းပျံ့သောရနံ့သည် တစ်ခန်းလုံးကို ပျံ့နှံ့သွားသည်။ လူတိုင်း၏နှာခေါင်းများသည် လေထဲတွင် စိမ့်ဝင်နေသည့် ကောင်းသောရနံ့ကို ခံယူနေကြသည်။


ထူးခြားသောအနံ့တစ်ခုဖြစ်ပြီး ထောင်သောင်းမကသော အရသာအမျိုးမျိုး၏ မှော်ဆန်သောပေါင်းစပ်မှုဟု ထင်ရသည်။ ချည်မျှင်များကဲ့သို့ ၎င်းတို့သည် တစ်ခုနှင့်တစ်ခု ရောနှောပြီး ရစ်ပတ်နေသည်။


ကြွေအိုးထဲမှ တောက်ပသော အလင်းရောင်သည် လူတိုင်းကို အံ့အားသင့်စေခဲ့သည်။ စူးရှသော စက်ဝန်းနှင့်အတူ အစားအစာ၏ရနံ့သည် သူတို့၏နှာခေါင်းကို တိုက်ခိုက်ခဲ့သည်။


ပုဖန်၏ စိတ်စွမ်းအင်များ ထွက်ပေါ်လာပြီး သူ၏ ဝိညာဉ်ပင်လယ်ထဲတွင် ကောင်းကင်ယံသို့ ထိလုနီးနီး လှိုင်းလုံးကြီးများ ထွက်ပေါ်လာသည်။ နတ်မင်းဆွေ့ဆွေ့ခုန်သည် လေထဲတွင်မျောလျက်ရှိပြီး နေလုံးအသေးလေးနှင့် တူနေသည်။


အနီးနားရှိလူများကို ဆွဲဆောင်နိုင်ခဲ့သည်။


၎င်းသည် မိုးကြိုးပြစ်ဒဏ်ကို ဖြစ်ပေါ်စေနိုင်သော ဟင်းလျာတစ်မျိုးဖြစ်သည်။ မသေမျိုးစားဖိုမှူး စစ်ဆေးချက်တွင် စားဖိုမှူးသည် အစားအသောက်ကြောင့် မိုးကြိုးပြစ်ဒဏ် ခံရသောအခါတွင် သူ၏ အောင်မြင်မှုတစ်ဝက်ကို ရရှိပြီဖြစ်သည်။ ထိုထက်ပို၍ သူ၏ ဟင်းလျာတွင် မသေမျိုးစွမ်းအင်ရှိပါက မသေမျိုးစားဖိုမှူးစစ်ဆေးချက်ကို အောင်မြင်ပြီဖြစ်သည်။


ပုဖန်၏အစားအစာသည် မိုးကြိုးပြစ်ဒဏ်ကို အစပြုခဲ့သောကြောင့် သူသည် ဤစစ်ဆေးချက်တွင် မသေမျိုးစားဖိုမှူးဂုဏ်ပုဒ်ကို တိုက်ရိုက်ရရှိနိုင်ကြောင်း ပြသခဲ့သည်။


အိုး... ဘုရားရေ


ဤဖြစ်နိုင်ခြေကို တွေးမိသောအခါ လူများသည် အေးစက်သောလေကို ရှုရှိုက်ကာ သူတို့၏မျက်လုံးများမှ မယုံကြည်နိုင် ဖြစ်နေသည်။


အထူးအဆင့်စားဖိုမှူး စစ်ဆေးချက်ကနေ မသေမျိုးစားဖိုမှူး စစ်ဆေးချက်ကိုပြောင်းသွားနိုင်တာ အဆင့်နိမ့်နယ်ပယ်က ဒီသေမျိုးပဲရှိတယ်...


ဒိုင်လူကြီး သုံးယောက်လဲ မထိန်းနိုင်တော့ပေ။ သူတို့သည် လေထဲတွင် ရနံ့ကို ရှူရှိုက်ကာ မျက်လုံးများသည် နေရာတိုင်းတွင် အလင်းရောင်များ လင်းလက်နေသည်။


" ဒီရနံ့… ဟင်းချက်ပါဝင်ပစ္စည်းတိုင်းဟာ တစ်ခုနဲ့တစ်ခု ပြီးပြည့်စုံစွာ ရောစပ်ထားပုံရတယ်... အပူထိန်းတာလည်း ကောင်းတယ်..."


“မိုးကြိုးပြစ်ဒဏ် အစပျိုးခဲ့တာ အံ့သြစရာ မရှိပါဘူး.... ဟင်းချက်ပါဝင်ပစ္စည်း ဆယ်မျိုးကျော်ကို အပူ သေချာထိန်းပြီး ပေါင်းစပ်ထားတာပဲ. .. မယုံနိုင်စရာကြီး..."


" ဒီဟင်းလျာက မသေမျိုးစားဖိုမှူးဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိနိုင်တယ်... အထူးအဆင့်စားဖိုမှူး စစ်ဆေးချက်မှာ နောက်ထပ် မသေမျိုးစားဖိုမှူးတစ်ဦး မွေးဖွားလာတာကို မျက်မြင်တွေ့ရတာပဲ..."


ဒိုင်လူကြီးသုံးဦး တုန်လှုပ်သွားသည်မှာ ထင်ရှားသည်။ အကြည့်ချင်းဖလှယ်လျက် တစ်ယောက်နှင့်တစ်ဦး မျက်လုံးထဲတွင် ပျော်ရွှင်မှုကို တွေ့လိုက်ရသည်။


ပုဖန် ဖားနတ်ဆိုး ပါပီယွန်အသားနှင့် အခြားပါဝင်ပစ္စည်းများကို အိုးထဲမှ ထုတ်ယူပြီး ဒိုင်လူကြီးများ၏ ပန်းကန်လုံးထဲသို့ လောင်းထည့်လိုက်သည်။


ထို့နောက် ပုလင်းကို ထိန်းချုပ်ရန် သူ၏ စိတ်စွမ်းအင်ကို အသုံးပြု၍ ရွှေရောင်ဟင်းရည်ကို လောင်းချလိုက်သည်။


နောက်ဆုံးတွင် ဒ်ိုင်လူကြီး သုံးဦး စုဝေးလာကြပြီး ပုဖန် ဟင်းရည်ထည့်နေသည်ကို ကြည့်လျက် ထိုင်နေကြသည်။


ပရိသတ်များ လည်ပင်းကို ဆန့်ထုတ်ကာ မျက်လုံးများသည် စူးစမ်းချင်စိတ်ပြည့်နေသည်။


ထိုအိုးထဲတွင် မသေမျိုးစွမ်းအင်များ ပါရှိမရှိကို သူတို့ သိချင်နေကြသည်။ ၎င်းတွင် မသေမျိုးစွမ်းအင်ရှိလျှင် ပုဖန်ယခု မသေမျိူး စားဖိုမှူးဖြစ်ပြီဟု အဓိပ္ပါယ်ရသည်။


သေမျိုးတစ်ယောက်က မသေမျိုးစားဖိုမှူး ဖြစ်လာခြင်း...


ဤအရာသည် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် တစ်ခုလုံးကို ထိတ်လန့်စေသော အရာဖြစ်သည်။


ထိုအချိန်၌ ရွှမ်ယွမ်ရှားဟွေ့က အိုးကိုကြည့်လျက် လက်သီးဆုပ်ထားကာ သူ၏ရင်ဘတ်သည်လည်း နိမ့်ချည် မြင့်ချည် ဖြစ်နေသည်။


သူတို့နှင့် အဝေးတစ်နေရာမှ သူကောင်းမျိုးမိသားစု သခင်လေးများ၏ မျက်လုံးများ အရောင်တောက်နေသည်။


အကယ်၍ ပုဖန် မသေမျိုးစားဖိုမှူး ဖြစ်ခဲ့ပါက ရွှမ်ယွမ်ရှားဟွေ့နှင့်ယှဉ်လျှင် သူသည် ပူပူနွေးနွေးကျောက်မျက်တစ်ခု ဖြစ်နေပေလိမ့်မည်။


ရွှမ်ယွမ်ရှားဟွေ့က မသေမျိုးစားဖိုမှူး မဖြစ်ခင်ကပင် မိသားစုတစ်စုနှင့် သက်ဆိုင်ထားပြီးဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် ရွှမ်ယွမ်ရှားဟွေ့ကို အလိုရှိပါက အကုန်ကျများမည်ဖြစ်သည်။


ဆန့်ကျင်ဘက်အနေဖြင့် ပုဖန်မှာ ယခုမှ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို စတင်ရောက်ရှိသူဖြစ်သည့်အပြင် သေမျိုးတစ်ဦးဖြစ်သည့်အတွက် မည်သည့်မိသားစုနှင့်မျှ မဆက်စပ်နေသေးပင်။ ထို့ကြောင့် သူ့ကို ခေါ်ယူခဲ့မည်ဆိုလျှင် ရွှမ်ယွမ်ရှားဟွေ့ထံတွင် ရင်းနှီးမြှုပ်နှံရမည့် ကုန်ကျစရိတ်၏ တစ်ဝက်မျှပင် ကုန်ကျမည်မဟုတ်ပေ။


သူ၏မွေးရာပါ ပင်ကိုအစွမ်းဖြစ်နိုင်သော်လည်း ဤသေမျိုးသည် မသေမျိုးစားဖိုမှူး တစ်ဦး၏ အချက်အပြုတ်စွမ်းရည်များရှိသည်။


ဟူး...


ထိုအတွေးများဖြင့် သူကောင်းမျိုးမိသားစု သခင်လေးများ၏ မျက်ဝန်းထဲတွင် မီးတောက်များ တောက်လောင်နေသကဲ့သို့ပင်။


ထုံချန်း မျက်စောင်းထိုးလိုက်သည်။ ရွယ်တူများနှင့်မတူ သူ၏မျက်လုံးများက တောက်လောင်နေပုံရသော်လည်း သူအလိုရှိသည်မှာ ပုဖန်မဟုတ်ပေ။


ကျယ်ဝန်းသည့် စင်မြင့်ပေါ်၌ ရပ်နေသော အခြားသူများ လျစ်လျူရှု့ထားသည့် မြေကမ္ဘာအင်မော်တယ် ရုပ်သေးဖြစ်သည်။


၎င်းသည် မိုးကြိုးပြစ်ဒဏ်ကိုပင် မျိုချနိုင်သည့် မြေကမ္ဘာအင်မော်တယ် ရုပ်သေးဖြစ်သည်။


မြေကမ္ဘာအင်မော်တယ် ရုပ်သေးဝါသနာရှင်တစ်ဦးအနေဖြင့် ထုံချန်းသည် လက်သည်းများစွာက သူ၏နှလုံးသားကို ကုတ်ခြစ်နေသလို ခံစားခဲ့ရသည်။


၎င်းကို သေချာလေ့လာရန် ထို‌မြေကမ္ဘာအင်မော်တယ် ရုပ်သေးကို ဖမ်းယူရန် သူ မစောင့်နိုင်တော့ပေ။


ဒီမြေကမ္ဘာအင်မော်တယ် ရုပ်သေးက ဘယ်လိုလုပ် မိုးကြိုးပြစ်ဒဏ်ကိုတောင်မှ မျိုချနိုင်ရတာလဲ...


မိုးကြိုးပြစ်ဒဏ်တွင် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများရှိသည်။ မသေမျိုးစားဖိုမှူးများပင်လျှင် ၎င်းတို့၏ ခန္ဓာကိုယ်ကို အသုံးပြု၍ ခုခံရန် သတ္တိမရှိကြပေ။


မြေကမ္ဘာအင်မော်တယ် ရုပ်သေးသည် ပစ္စည်းများထဲတွင် ကန့်သတ်ချက်ရှိသောကြောင့် မိုးကြိုးပြစ်ဒဏ်ကို ဘယ်တော့မျှ ရပ်တန့်နိုင်မည် မဟုတ်ပေ။ မိုးကြိုးပြစ်ဒဏ်၏ အောက်တွင် လုံးဝဖျက်ဆီးခံရမည် ဖြစ်သည်။


ထို့ကြောင့် ဝှိုက်တီမှ မိုးကြိုးပြစ်ဒဏ်ကို မျိုချသည်ကို မြင်ပြီးနောက် သူ၏ စူးစမ်းလိုစိတ်က အထွတ်အထိပ်သို့ ရောက်သွားသည်။


နီရဲသော လျှာဖြင့် နှုတ်ခမ်းများကို လျက်လိုက်သည်။ သူ၏မျက်လုံးများက ဝှိုက်တီ့ကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်။


အဲ့ဒီမြေကမ္ဘာ အင်မော်တယ်ရုပ်သေးကို သူရမှဖြစ်မယ်...


ဝိုး...


နောင်တနှင့် စိတ်ပျက်မှုကို သယ်ဆောင်လာသည့် 

ရုတ်ရုတ်သဲသဲ အသံများ ပေါက်ကွဲထွက်လာသည်။


လူတော်တော်များများ သက်ပြင်းချကြသည်။


ဒိုင်လူကြီးသုံးဦး အဖြူအပြာပန်းကန်လုံးထဲမှ အစားအသောက်များကို စိတ်ရှုပ်ထွေးနေသည့် မျက်လုံးများနှင့် ကြည့်နေကြသည်။


မသေမျိုးစွမ်းအင် မရှိပေ...


အစားအစာတွင် ရွှန်းလဲ့နေသော ရွှေရောင်အလင်းတန်းများ ရှိသော်လည်း ၎င်းတွင် မသေမျိုးစွမ်းအင် လှိုင်းလုံးများ မရှိပါ။ ဤဟင်းလျာသည် ပုဖန်ကို မသေမျိုးစားဖိုမှူးဖြစ်အောင် မစွမ်းဆောင်နိုင်ပေ။


ဘယ်လိုတောင် နှမျောဖို့ကောင်းတာလဲ...


ဒိုင်လူကြီးသုံးဦး သက်ပြင်းချကာ အနည်းငယ်ငြီးငွေ့လာသည်ဟု ခံစားနေကြသည်။ 


ပရိသတ်က နောင်တရစွာ သက်ပြင်းချကြသည်။


သို့သော် နောင်တရပြီးနောက်တွင် အချို့က ကဲ့ရဲ့စပြုလာသည်။


" ဟမ့်... သေမျိုးကတော့ သေမျိုးပါပဲ... ငါကတော့ သူကောင်းကင်နဲ့ ကမ္ဘာမြေကြီးကို ဆန့်ကျင်ပြီး မသေမျိုးစားဖိုမှူး ဖြစ်လာပြီ ထင်နေတာ... သူကဒီတိုင်း စိတ်ကြီးဝင်နေတဲ့ ငတုံးကောင်ပါပဲ..."


" တော်တော်ဆိုးတာပဲ... တကယ်လို့ သူသာ မသေမျိုးစားဖိုမှူး ဖြစ်လာရင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ အာရုံစိုက်စရာ ဖြစ်နေမှာပဲ..."


" အထူးအဆင့်စားဖိုမှူး ဖြစ်တာလည်း မဆိုးသေးပါဘူး... ဘာပဲဖြစ်ဖြစ် သူက အဆင့်နိမ့်နယ်ပယ်က သေမျိုးပဲကို..."


ပရိသတ်များ ဆွေးနွေး သက်ပြင်းချကာ အပြစ်တင်နေကြသည်။


ယခု သူကောင်းမျိုးမိသားစု သခင်လေးများ၏ မျက်လုံးထဲမှ စိတ်လှုပ်ရှားမှုများ ပျောက်ပြယ်သွားကြသည်။ ယခု သူတို့မျက်လုံးထဲတွင် အထင်အမြင်သေးမှုများသာ ရှိနေသည်။


၎င်းတို့သည် သူကောင်းမျိုးမိသားစုဝင်များ ဖြစ်ကြ၍ လက်တွေ့ဆန်ကြသည်။


အကယ်၍ ပုဖန် မသေမျိုးစားဖိုမှူး ဖြစ်သွားပါက သူတို့သည် အပြုံးနှင့် ကြိုဆိုကြမည်ဖြစ်ပြီး မဖြစ်ခဲ့ပါက သူသည် အထူးအဆင့်စားဖိုမှူး တစ်ဦးသာ...


စွမ်းအားကြီးမိသားစုများအတွက် အထူးအဆင့်စားဖိုမှူးသည် ဘာမှမဟုတ်ပေ။


ထို့အပြင်သူသည် သေမျိုး အထူးအဆင့်စားဖိုမှူးသာ ဖြစ်သည်။ သူ့အား ခေါ်ဆောင်ရန် မလိုပေ။


ရွှမ်ယွမ်ရှားဟွေ့ အသက်ရှုထုတ်လိုက်သည်။


သူ၏မျက်လုံးများသည် အလွန်ရှုပ်ထွေးနေပုံရပြီး ထိုရှုပ်ထွေးမှုအတွင်းတွင် ပျော်ရွင်မှု အနည်းငယ်ရှိသည်။ ပုဖန် မသေမျိုးစားဖိုမှူး ဖြစ်မလာသောကြောင့် ဝမ်းသာနေပုံရသည်။


သူသည် ချက်ပြုတ်ခြင်းတွင်သာ စိတ်ဝင်စားသောလည်း မတုံးအပေ။ ပုဖန် မသေမျိုးစားဖိုမှူး ဖြစ်လာပါက သူ၏တန်ဖိုးသည် သိသိသာသာ လျော့ကျသွားပြီး ရရှိမည့်အရင်းအမြစ်များလည်း လျော့နည်းသွားမည်ကို သူနားလည်ခဲ့သည်။ ဤသည်မှာ သူမြင်ချင်သော အရာမဟုတ်ပေ...


ပုဖန် မသေမျိုးစားဖိုမှူး ဖြစ်မလာသည့်အတွက် အနည်းငယ် ကံကောင်းသည်ဟု ခံစားလိုက်ရသည်။


သူကောင်းမျိုးမိသားစု သခင်လေးများနှင့် ရပ်နေသော ရွှမ်ယွမ်ရွှမ်သည် ပုဖန်ကို မျက်မှောင်ကြုတ်လျက် ကြည့်နေသည်။ သူမ ကြောက်လန့်တကြား ခုန်လုနီးပါး ဖြစ်သွားသည်။


မူလျှို့အာ သူမ၏ ဆံပင်များကို ပွတ်သပ်၍ နောင်တရကာ သက်ပြင်းချလိုက်သည်။


စိတ်လှုပ်ရှားစရာကောင်းပေမယ့်… ပုဖန်က နည်းနည်းလိုပါသေးတယ်...


" ကောင်းကင်ဘုံမှရတဲ့ နတ်‌မင်းဆွေ့ဆွေ့ခုန် ဟင်းလျာပါ... သုံးဆောင်ကြည့်ပါဦး..." ပုဖန် သာမန်ကာလျှံကာ ပြောလိုက်သည်။


နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ ဒိုင်လူကြီးများကို ကြည့်လိုက်သည်။


ဒိုင်လူကြီးသုံးဦးသည် ပုဖန်အား ကြည့်ကာ ခေါင်းညိတ်ပြသည်။ ပုဖန် မသေမျိုးစားဖိုမှူး ဖြစ်မလာသည့်အတွက် အနည်းငယ် စိတ်ပျက်နေကြပုံရသည်။


လက်သည်းနီဆိုး‌ထားသော ဒိုင်လူကြီးသည် ဇွန်းကိုယူကာ သူမ၏လက်ချောင်းလေးများဖြင့် ဆီလုံးဝမပါသော ရနံ့မွှေးသည့် ရွှေရောင်ဟင်းရည် တစ်ဇွန်းကို လှမ်းယူလိုက်သည်။


သူမ၏ နှုတ်ခမ်း ပွင့်အာသွားပြီး ထိုရွှေရောင်ဟင်းရည်ကို သောက်လိုက်သည်။


အိုး...


ထိုဒိုင်လူကြီး၏ မျက်ခုံးပင့်သွားပြီး သူမ၏ မာနထောင်လွှားသော အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ ဟင်းချိုတစ်ဇွန်းကို သောက်လိုက်သည့်အချိန်တွင် သူမ၏ ကြွေမျက်နှာမှာ ပန်းရောင်သန်းသွားသည်။


" ဒီအရသာက... အရမ်းမွှေးတယ်... အရမ်းလည်းပြင်းထန်တယ်..."


မယုံကြည်နိုင်သော မျက်လုံးများဖြင့် အော်ပြောလျက် သူမ၏နှာခေါင်းနှင့် ပါးစပ်ကြားတွင် ပူနွေးသောအငွေ့များ လှုပ်ရှားသွားသည်။ သူမ၏ ခန္ဓာကိုယ်သည် တောင့်တင်းလာပြီး ခြေထောက်များ မလှုပ်ရှားနိုင်တော့ပေ။


ဤဟင်းရည်သည် အရသာတစ်မျိုးတည်းသာရှိပုံရသည်။ သို့ရာတွင် ၎င်းကို ဂရုတစိုက် မြည်းစမ်းကြည့်ပြီးနောက်တွင် မတူညီသော အရသာပေါင်း သောင်းနှင့်ချီရှိပုံရသည်။


ဒါဟာ ဖော်ပြရခက်တဲ့ ခံစားချက်တစ်ခုပဲ...


အမျိုးသမီးဒိုင်လူကြီး၏ ထူးဆန်းသော အမူအရာကို မြင်လိုက်ရသောအခါ ကျန်ဒိုင်လူကြီးနှစ်ဦး၏ မျက်လုံးများ တောက်ပလာကာ နတ်မင်းဆွေ့ဆွေ့ခုန်ကို ချက်ခြင်း မြည်းစမ်းကြည့်ကြသည်။


ဒိုင်လူကြီးသုံးဦးသည် ထိုဟင်းရည်ကို အဆက်မပြတ် သောက်နေကြသည်ကို ပရိသတ်များ မြင်တွေ့ခဲ့ရသည်။


ဟင်းရည်သောက်သုံးပြီးနောက် အသားကိုမြည်းစမ်းရန် တူများကိုယူလိုက်သည်။


လက်သည်းနီနှင့် အမျိုးသမီးဒိုင်လူကြီး၏ ပန်းကန်လုံးထဲတွင် ပါပီယွန်လက်သည်း ရှိနေသည်။ အဆိုပါ ပါပီယွန် လက်သည်းသည် မူလက ကြီးသော်လည်း ချက်ပြုတ်ပြီးနောက် ကျုံ့သွားခဲ့သည်။ သို့သော် ၎င်း၏အသားသည် ပို၍ ကောင်းမွန်ပြီး အရည်ရွှမ်းလာသည်။


အမျိုးသမီးသည် ပါပီယွန်လက်သည်းကို လျက်လိုက်သောအခါ ထိုအရည်များသည် သူမ၏ပါးစပ်မှတစ်ဆင့် လည်ချောင်းထဲသို့ ရောက်သွားသည်။ သူမတုန်လှုပ်သွားသည်...


" အရသာက အရမ်းကောင်းတာပဲ..." အမျိုးသမီးက ရ

ရေရွတ်လိုက်သည်။ ထို့နောက် နဂါးလက်သည်းကို ပါးစပ်ထဲထည့်လိုက်သည်။


အခြားဒိုင်လူကြီးနှစ်ဦး မေးရိုးပြုတ်ကျမတတ် သူမကိုငေးစိုက်ကြည့်ကာ တံတွေးမြိုချလိုက်ပြီး လည်ချောင်းများ လှုပ်ရှားသွားသည်။


ပရိသတ်များ စိတ်လှုပ်ရှားနေကြသည်။ ဟင်းလျာတစ်ခုကို အဲ့လိုစားလို့ရလား...


ရုတ်တရက်ပင် ထိုအမျိုးသမီ၏ မျက်လုံးများအလင်းရောင်တောက်လာသည်။ ထို့နောက် သူမ နဂါးလက်သည်းကို ကိုက်လိုက်သည်။


ထိုအမျိုးသမီးကို ကြည့်ရှုနေကြသော ပရိသတ်များသည် ၎င်းတို့၏ နှလုံးသားများ ညှစ်လိုက်သကဲ့သို့ တုန်လှုပ်သွားကြသည်။


အခြားဒိုင်လူကြီးနှစ်ဦးလည်း ၎င်းတို့ပန်းကန်လုံးထဲမှ အစားအစာများကို စတင်စားသောက်နေသည်။


ဖားနတ်ဆိုးအသားသည် အလွန်နူးညံ့သကဲ့သို့ ခံစားရပြီး ရေဘဝဲသည် ပါးစပ်ထဲတွင် နူးညံ့ကာ ကြာကြာဝါးရသည်။


တစ်ကောင်က ကောင်းကင်မှာ ပျံသန်းပြီး တစ်ကောင်က မြေကြီးကို လှည့်ပတ်သွားတယ် တစ်ကောင်က ပင်လယ်ကိုဖြတ်ပြီး ရေကူးသတယ်...


ဤဟင်းလျာသည် အလွန်စွဲမက်ဖွယ်ကောင်းကြောင်း ဝန်ခံရမည်။


ပုဖန် မသေမျိုးစားဖိုမှူး မဖြစ်ခဲ့သည်မှာ စိတ်မကောင်းစရာပင်။ 


နောက်ဆုံးတွင် ဒိုင်လူကြီးသုံးဦး ပန်းကန်လုံးထဲမှ အစားအစာများကို စားပြီး၍ ပါးစပ်များကို သုတ်နေသည်။


နတ်မင်းဆွေ့ဆွေ့ခုန်ဟင်းလျာသည် ပုဖန်ကို မသေမျိုးစားဖိုမှူး မဖြစ်စေခဲ့သော်လည်း အနည်းဆုံးသူ့ကို အခက်အခဲမရှိ အထူးအဆင့်စားဖိုမှူး ဖြစ်လာစေလိမ့်မည်။


ထို့နောက် ဒိုင်လူကြီးသုံးဦးက ပုဖန်သည် ယခု အထူးအဆင့် စားဖိုမှူး ဖြစ်သွားပြီဖြစ်ကြောင်း ကြေညာလိုက်သည်။


ယခုအခါ ပုဖန်သည် မသေမျိုးမြို့တော်၏ အပြင်ဘက်စက်ဝိုင်းတွင် စားသောက်ဆိုင်ဖွင့်ရန် အရည်အချင်းပြည့်မီပြီဟု ဆိုလိုခြင်းဖြစ်သည်။


ပုဖန် မျက်စိစွေကြည့်ကာ စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။


သူယခု စားသောက်ဆိုင် ဖွင့်နိုင်ပြီဖြစ်၍ စနစ်ကပေးသော မစ်ရှင်ကို အပြီးသတ်ရန် ခြေတစ်လှမ်း ပိုနီးနေပြီဖြစ်သည်။


ပရိသတ်များ အခန်းထဲမှ ထွက်ခွာသွားကြသည်။


ပုဖန်သည် အထူးအဆင့်စားဖိုမှူးသာ ဖြစ်၍ အခြားသူများ၏ အာရုံကို မဆွဲဆောင်နိုင်ပေ။ မိုးကြိုးပြစ်ဒဏ်ကြောင့်သာ မဟုတ်ပါက သူ့အား မျက်စိတစ်ဆုံးလိုက်လံ စူးစမ်းနေကြမည်ဖြစ်သည်။


" တော်တော်ဆိုးတာပဲ..."


 ရွှမ်ယွမ်ရှားဟွေ့ သက်ပြင်းချလိုက်ပြီး ဘေးတွင် ရပ်နေသော ထုံချန်းကို လှမ်းကြည့်လိုက်သည်။


တခြားသူကို စစ်ဆေးကြည့်သည့်အခါတွင် အနည်းငယ် အံသြသွားသကဲ့သို့ ခံစားလိုက်ရသည်။  


" သခင်လေးထုံချန်း... မင်း..."


ထုံချန်းသည် ရွှမ်ယွမ်ရှားဟွေ့ကိုလှည့်ကာပြုံးပြလိုက်သည်။


" ညီအစ်ကိုရွှမ်ယွမ် ကျွန်တော် အဲ့သေမျိုးကောင်နဲ့ ဆွေးနွေးစရာလေးတွေ ရှိသေးတယ်... ကျွန်တော့်ရဲ့ မကျေနပ်ချက်တွေကို သူနဲ့ရှင်းပြီးမှ ညီအစ်ကိုနဲ့ စကားလာပြောမယ်..."


 ထုံချန် လက်ထဲမှ ပုတီးစေ့များကို ဆော့ကစားလျက် ပြောလိုက်သည်။


ရွှမ်ယွမ်ရှားဟွေ့ ထိတ်လန့်သွားသည်။ ထုံချန်း၏ မျက်လုံးများမှ လူသတ်ရန်အငွေ့အသက်ကို ကောင်းစွာ ခံစားလိုက်ရသည်။


ထုံချန် တစ်ဖက်သို့ လှည့်လိုက်သောအခါ သူ၏အပြုံးများ ပျောက်ကွယ်သွားသည်။ ထို့နောက် ဝှိုက်တီ့ကိုကြည့်လျက် ဘာမျှမထူးခြားသော မျက်နှာသည် စိတ်လှုပ်ရှားသွားသည်။


ကျောက်စိမ်းပုတီးစေ့ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်မှာ တစ်ခဏအတွင်း ပြတ်သွားမလိုပင်။


ထုံချန်း ဝှိုက်တီ့ကို စိုက်ကြည့်လျက် ပုဖန်ဆီသို့ လျှောက်သွားလိုက်သည်။


အထူးအဆင့် စားဖိုမှူးစစ်ဆေးချက်ကို ပြီးမြောက်ခဲ့‌သော ပုဖန်က သူ၏ပန်းတိုင်ကို ပြီးမြောက်သွားသောကြောင့် တုံ့ဆိုင်းမနေပဲ လှည့်ထွက်သွားခဲ့သည်။


ယခု စားသောက်ဆိုင်ဖွင့်ရန် အရည်အချင်းပြည့်မီသွားပြီဖြစ်၍ ဆိုင်ခွဲသစ်ဖွင့်ရန် မစောင့်နိုင်တော့ပေ...


သို့သော် တစ်ဖက်သို့လှည့်လိုက်သောအခါ အေးစက်စက်အသံ သူ၏နောက်မှာ ထွက်ပေါ်လာသည်။


" သေမျိုးကောင် ရပ်စမ်း... မြေကမ္ဘာအင်မော်တယ်ရုပ်သေးကို ငါ့ဆီလွှဲပေးစမ်း... ငါ့ရဲ့ရုပ်သေးတစ်ခုက အဆင့်နိမ့်ပယ်မှာ ပျောက်သွားတယ်လို့ သံသယရှိတယ်..."