အခန်း ၉၆၅
ကျေးဇူးပြု၍ ကျွန်တော်ရော မသေမျိုးစားဖိုမှူး စစ်ဆေးချက်ကို ဖြေလို့ရလား...
" မင်းရဲ့မြေကမ္ဘာ အင်မော်တယ်ရုပ်သေးက အဆင့်နိမ့်နယ်ပယ်မှာ ငါပျောက်ခဲ့တာနဲ့ တူနေတယ်..."
ထုံချန်း ထိုစကားပြောလိုက်ချိန်တွင် ဆူညံ့နေသောအခန်းသည် မျက်တောင်တစ်ခတ်အတွင်း တိတ်ဆိတ်သွားသည်။
အခန်းပြင်သို့ ထွက်ခွာမည့်လူများ၏ အကြည့်သည် အံ့ဩ၍ သံသယဝင်နေသော ပုဖန်ထံသို့ ရောက်သွားကြသည်။
မလှမ်းမကမ်းတွင် ရပ်နေသော ရွှမ်ယွမ်ရှားဟွေ့သည် ထုံချန်း၏စကားများကို ကြားသောအခါ သူ၏မျက်နှာမှာ ထူးဆန်းသွားသည်။
ထိုအချိန် အကုန်လုံး၏ အာရုံစိုက်မှုများသည် ပုဖန်၏ ရုပ်သေးထံသို့ ရောက်သွားကြသည်။
" အိုး... အဲ့ဒီရုပ်သေးရုပ်လေးက ထူးခြားတယ်..."
" ဒါပေါ့ သူက မိုးကြိုးပြစ်ဒဏ်ကိုတောင် ခုခံနိုင်တာပဲ... သာမန်တော့ ဘယ်ဟုတ်မလဲ..."
" မင်းမှားနေပြီ... သူကခုခံလိုက်တာ မဟုတ်ဘူး... မျိုချလိုက်တာလေ..."
အားလုံးအခန်းထဲမှ ထွက်ခွာရန် ရပ်တန့်ပြီး ဝှိုင်တီ့အကြောင်းဆွေးနွေးနေကြသည်။ သူတို့ပို၍ ဆွေးနွေးလေ ထိုမြေကမ္ဘာအင်မော်တယ် ရုပ်သေး၏ အသုံးဝင်ပုံကို သိကြလေ ဖြစ်သည်။
အစောပိုင်းက နတ်မင်းဆွေ့ဆွေ့ခုန်သည် ၎င်းတို့၏ အာရုံစိုက်မှုကို ရရှိထားသောကြောင့် ဝှိုက်တီ၏ ဆန်းကြယ်သော အသွင်အပြင်ကို သတိမပြုမိကြပေ။
သို့သော် မြေကမ္ဘာအင်မော်တယ်ရုပ်သေးသည် ခြစ်ရာတစ်ခုမျှမရှိပဲ မိုးကြိုးပြစ်ဒဏ်ကို ခုခံလိုက်သည်မှာ ငြင်း၍မရသော အချက်တစ်ခုပင်။
" သခင်ထုံချန်း... ပုဖန်က..."
ရွှမ်ယွမ်ရှားဟွေ့ မျက်ခုံးများ တွန့်ချိုးလိုက်သည်။ ပုဖန်နှင့်သူသည် အသိအကျွမ်းမျှသာ ဖြစ်သော်လည်း ပုဖန်၏ မြေကမ္ဘာအင်မော်တယ်ရုပ်သေးနှင့် ပတ်သက်၍ ထုံချန်၏အကြံအစည်မှာ ဗြောင်ကျကျ အနိုင်ကျင့်ခြင်း ဖြစ်သောကြောင့် တစ်စုံတစ်ခု ပြောလိုက်သည်။
သို့သော်...
ထုံချန်း ခေါင်းကိုတစ်ဖက်သို့စောင်းကာ ရွှမ်ယွှမ်ရှားဟွေ့ကို ကြည့်လိုက်သည်။ ထို့နောက် သူ၏လက်တစ်ချောင်းကို နှုတ်ခမ်းပေါ်တင်ကာ ပြောလိုက်သည်။
" ရှူး... အစ်ကိုကြီးရွှမ်ယွမ် ဘာစကားမှ လာမပြောနဲ့... ကျွန်တော်အလုပ်လုပ်နေချိန်မှာ လူတွေလာနှောင့်ယှက်တာကို အမုန်းဆုံးပဲ..."
ထုံချန်း၏ ဂုဏ်ပုဒ်ကို စဉ်းစားလိုက်မိပြီး ရွှမ်ယွမ်ရှားဟွေ့ သက်ပြင်းချရုံသာ တတ်နိုင်သည်။
ယခုသူသည် ထုံချန်းကဲ့သို့ မသေမျိုးစားဖိုမှူးဖြစ်နေပြီ ဖြစ်သော်လည်း ထုံချန်းသည် သူကောင်းမျိုးမိသားစု၏ သခင်လေးဖြစ်သည်။ သူ၏ ဝိသေသလက္ခဏာသည် ပို၍တန်ဖိုးရှိပြီး မွန်မြတ်သည်။
သူဝင်ရောက်ပြောဆိုနိုင်သော်လည်း ထုံချန်းကို ထိခိုက်စေနိုင်သည့် စွမ်းအားမရှိသေးပေ။
မူလျှို့အာသည် ပုဖန်ကို လာရောက်ဂုဏ်ပြုချင်သော်လည်း ထုံချန်းက ထိုသို့မလုပ်မိ ကြားဝင်လိုက်သည်။
ထုံချန်းသည် ထုံမိသားစုဝင်တစ်ဦး ဖြစ်သည်။ ထုံယွဲ့က တစ်ခုခုများ သတင်းပို့ထားတာလား...
ဖြစ်နိုင်သည်။ ထုံယွဲ့၏ ခါးသီး၍ ယုတ်မာသောမျက်နှာကို သတိရလိုက်ကာ ပုဖန် ဒုက္ခရောက်တော့မည်ကို မူလျှို့အာ သိလိုက်သည်။
ထုံချန်းသည် မြေကမ္ဘာအင်မော်တယ်ရုပ်သေးများကို စွဲလန်းကြောင်း မသေမျိုးမြို့တော်ရှိ လူအားလုံးသိကြသည်။ ယခုပုဖန်၏ မြေကမ္ဘာအင်မော်တယ်ရုပ်သေးက မိုးကြိုးပြစ်ဒဏ်ကို ဝါးမျိုလိုက်သောအခါ ထုံချန်းသည် မသတိမပြုမိဘဲ မနေပေ...
ပုဖန် ထိုနေရာ၌ပင် ရပ်နေပြီး ဝှိုက်တီသည် သူ၏ဘေးတွင် စက်ရုပ်မျက်လုံးများ လင်းလက်နေလျက် လျှပ်စီးကြောင်းများက ခန္ဓာကိုယ်တွင် ကခုန်နေသကဲ့သို့ အဆင်မပြတ် တောက်ပနေသည်။
ထုံချန်းမဲ့ပြုံးပြုံးကာ ပုဖန်ကို အေးစက်စွာ ကြည့်လိုက်သည်။
ပုဖန်သည် မျက်နှာသေနှင့်ပင်။
ပုဖန်၏အသံကို ကြားပြီးနောက် နောက်သို့လှည့်ကာ ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်သောအခါ မျက်လုံးချင်း ဆုံသွားကြသည်။
" မင်း ဘာပြောလိုက်တာလဲ..."
" ငါပြောတာ မင်းရဲ့ မြေကမ္ဘာအင်မော်တယ်ရုပ်သေးက ငါ့ဟာလို့..."
ထုံချန်း ဝှိုက်တီ့ကို လက်ညိုးထိုးပြကာ ပြောလိုက်သည်။
ပုဖန် မျက်ဆံလှန်ကြည့်လိုက်သည်။ သူ ထိုလူနှင့် အချိန်မဖြုန်းချင်ပေ။ တစ်ဖက်သို့လှည့်ကာ သူ၏အနီရောင်ဝတ်ရုံကို လေထဲတွင် ဝဲခါစေလျက် ပြောလိုက်သည်။
" ဝှိုက်တီ သွားမယ်..."
ပုဖန်နောက်မှ ဝှိုက်တီချက်ချင်းလိုက်သွားသည်။
လူတစ်ဦးနှင့် စက်ရုပ်တစ်ခုသည် တံခါးဆီသို့ ထွက်သွားကြသည်။
" ငါမင်းကို သွားခွင့်ပြုသေးလို့လား..."
ပုဖန်မှာ အေးစက်၍ မာနကြီးသည်ဟု ထုံချန်းကြားဖူးသော်လည်း သူ၏ရှေ့တွင် ဤသေမျိုးကောင်မှာထိုသို့မာနကြီးမောက်မာနေသည်ကို မြင်ရလိမ့်မည်ဟု မမျှော်လင့်ထားပေ။
ဒီသေမျိုးက ... အရမ်းတုံးအတာပဲ...
သို့သော် ပုဖန်မှာ ထုံချန်းပြောလိုက်သည်ကို ကြားပုံမရပဲ ရှေ့သို့ဆက်သွားနေသည်။
" မင်းထွက်သွားလို့ ရပြီလို့ ငါပြောလို့လား..."
ဝုန်း...
ထုံချန်း၏ မျက်လုံးများ ပြူးကျယ်လာပြီး သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အော်ရာ ထွက်လာသည်။
ထိုအချိန်တွင် နေရာတစ်ခုလုံး နွံအိုင်ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤအခန်းရှိလူတိုင်း အသက်ရှုရခက်သည်ဟု ခံစားမိကြပြီး အားလုံး တုန်လှုပ်သွားကြသည်။
ထုံမိသားစုမှ ထုံချန်းသည် ကြယ်တစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ်တွင် မသေမျိုးစားဖိုမှူးတစ်ဦးဖြစ်သည်။
စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူတစ်ဦး ဒေါသထွက်လာလျှင် အားလုံးကြောက်လန့်ရသည်။
သူ့ထံမှ ထွက်လာသော ကြောက်စရာဖိအားကြီးသည် လူများ၏ နှလုံးသားကို ဖိနေသော ကျောက်တုံးကြီးနှင့် တူသည်။
ရွှမ်ယွမ်ရှားဟွေ့ မျက်ဆံလှန်ကြည့်လိုက်သည်။ လေထုဖိအားကို တွန်းလှန်ဖို့ကြိုးစားလျက် သူ၏ခန္ဓာကိုယ်မှ အစိမ်းရောင်သွေးပြန်ကြောများ ပေါက်ထွက်လုမတတ်ပင်။
သူသည် မသေမျိုးစားဖိုမှူးတစ်ဦး ဖြစ်လာသော်လည်း သူ၏ စွမ်းအင်အစစ်အမှန်သည် စစ်မှန်မသေမျိုးနယ်ပယ်သို့ မရောက်သေးပေ။
အမှန်တွင် အပြင်စက်ဝိုင်း၌ နေထိုင်ကြသော လူများ၏ ကျင့်ကြံခြင်းအခြေခံသည် စစ်မှန်မသေမျိုးနယ်ပယ်ထက် နိမ့်ပြီး သူကောင်းမျိုးမိသားစုများ မသေမျိုးစားဖိုမှူးများများနှင့် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူများသည် အတွင်းစက်ဝိုင်း၌ နေထိုင်ကြသည်။
သူနှင့်ထုံချန်း၏ စွမ်းအားများကြားတွင် ကြီးမားသော ကွာဟချက်ရှိနေဆဲဖြစ်သည်...
ရွှမ်ယွမ်ရွှမ် တုန်လှုပ်သွားခဲ့သည်။ သူမ၏ အသက်ရှုသံသည် ရပ်တန့်နေပုံရပြီး ကျယ်လောင်စွာလည်း အသက်မရှုဝံ့ပေ။
အခြားသူကောင်းမျိုး မိသားစုဝင်များသည် ထုံချန်းကိုကြည့်ကာ အနည်းငယ် ကြောက်လန့်သွားကြသည်။
သူသည် ထုံမိသားစု၏ ပါရမီရှင်မျိုးဆက်သစ် လူငယ်လေး ဖြစ်သည်။ မသေမျိုးစားဖိုမှူး ဖြစ်သည့်အပြင် ကြယ်တစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူလည်းဖြစ်သည်။
သူ၏အငွေ့အသက်သည် အမှန်ပင် စူးရှလှသည်။ သူသည် ထုံမိသားစု၏ မျှော်လင့်ချက်လည်းဖြစ်သည်။
လေထုထဲမှ ဖိအားများကို ခံစားလိုက်ရသဖြင့် အခြားမိသားစုများမှ ထုံချန်း၏ ရွယ်တူများသည် သက်ပြင်းချကြသည်။ သူတို့၏မိသားစုများထဲမှ တကယ့်ပါရမီရှင်များသာ ထုံချန်းကို ယှဉ်ပြိုင်ရန် ဖြစ်နိုင်သည်။
ဥပမာအနေဖြင့် ကုန်းရှို့မိသားစုမှ ကုန်းရှို့ရှီး... ကျန်းမိသားစုမှ ကျန်းယန် တို့ဖြစ်သည်။ ကောင်းကင်မှ ကြယ်များကဲ့သို့ ပြိုးပြိုးပျက်ပျက်တောက်ပနေသော ဤဉာဏ်ကြီးရှင်များသည် ထုံချန်းနှင့်ယှဉ်နိုင်သည့် လူများပင်။
ချက်ချင်းပင် လေထုသည် အေးစက်သွားသည်။
ထုံချန်း၏ မျက်လုံးများသည် အလွန်အေးစက်နေပုံရပြီး သူ့ထံမှ အေးစက်၍ကြမ်းတမ်းသော အော်ရာများ ထွက်ပေါ်လျက်ရှိသည်။
ပုဖန်မှာ နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ် အဆင့်တွင်သာရှိပြီး နတ်ဘုရားမီးတောက်တစ်ခုတည်းကိုသာ ထွန်းညှိရသေးသည်။ သူ၏ဂုဏ်သိက္ခာဖြင့်ဆိုလျှင် ပုဖန်ကိုကြောက်ရွံစွာဖြင့် ဒူးထောက်စေနိုင်လိမ့်မယ်။
သို့သော် မကြာမီ သူမှားကြောင်း သိလိုက်ရသည်။
အဘယ့်ကြောင့်ဆိုသော် ပုဖန်သည် သူ၏ကြောက်မက်ဖွယ်အော်ရာကို မတုံ့ပြန်သောကြောင့်ဖြစ်သည်။
ထုံချန်၏ စစ်မှန်မသေမျိုးနယ်ပယ် ဖိအားသည် ပုဖန်အပေါ်၌ အသုံးမဝင်ချေ။ ပုဖန်တွင် စနစ်ရှိသောကြောင့် မည်သည့်ဖိအားကိုမဆို ခံနိုင်ရည်ရှိသည်။
ဖြည်းညှင်းစွာလှည့်ကြည့်လိုက်သော ပုဖန်သည် တည်ငြိမ်လျက် ထိခိုက်မှုလည်းမရှိပေ။
သူ၏ သဘာဝအတိုင်း အထိန်းအကွပ်မဲ့ လှုပ်ရှားမှုများက လူများကို အေးစက်သောလေကို ရှုရှိုက်စေခဲ့သည်။ ဤသေမျိုးသည် အနည်းငယ် လျှို့ဝှက်ဆန်းကြယ်သည်။
မူလျှို့အာ တုန်လှုပ်နေမိသည်။ ပုဖန်နှင့် ထုံချန်းကိုကြည့်၍ သူမ မျက်လုံးများကိုပင် မယုံနိုင်ဖြစ်နေသည်။
" ဒီသံတုံးကောင်ရဲ့ နာမည်က ဘာလဲသိလား... ဒီမြေကမ္ဘာ အင်မော်တယ်ရုပ်သေးက မင်းရဲ့ဟာဆိုတာ ဘယ်မှာသက်သေရှိလဲ..."
ပုဖန်မျက်နှာသေဖြင့် မေးလိုက်သည်။
" ငါက ငါ့ဟာလို့ပြောရင် ငါ့ဟာပဲပေါ့... မင်းက ငါ့စကားကို ဆန့်ကျင်တာလား..."
ထုံချန်းဆံပင်များ ထောင်လုမတတ်ပင်။ လက်ကိုဆုပ်၍ ပုဖန်ဆီသို့ လျှောက်လာသည်။
သူလှမ်းလိုက်သည့် ခြေလှမ်းတိုင်းသည် ပတ်ဝန်းကျင်ရှိလူများကို ဖိနှိပ်ထားသလို ခံစားလိုက်ရသည်။ မမြင်ရသည့်လက်က သူတို့ကို ဆွဲငင်ပြီး ဖိထားသကဲ့သို့ပင်။
" သေမျိုးကောင် မင်းက ပုန်းကွယ်နဂါးတိုက်ကြီးက ဟုတ်တယ်မလား... ငါ့ရဲ့မြေကမ္ဘာ အင်မော်တယ်ရုပ်သေးက အဲ့ကမ္ဘာမှာပျောက်သွားတာ ... အဲ့တာကြောင့် မင်းဘေးက ရုပ်သေးရုပ်က ငါ့ဟာပဲ..."
ထုံချန်းအေးစက်စွာ ပြောလိုက်သည်။
ပုဖန် အံ့ဩသွားသည်။
ပုန်းကွယ်နဂါးတိုက်ကြီးမှာ ပျောက်သွားတာ...
ပုဖန်မျက်မှောင်ကြုတ်လိုက်သည်။ ထုံချန်းရဲ့ မြေကမ္ဘာ အင်မော်တယ်ရုပ်သေးဆိုတာ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ ဝင်ပေါက်ကိုစောင့်တဲ့ အလင်းရိပ်လား...
ခွေးဘုရင်သည် ထိုအလင်းရိပ်ကို လက်ဖဝါးဖြင့် ဖိချေလိုက်စဉ်က ၎င်းသည် မြေကမ္ဘာအင်မော်တယ်ရုပ်သေးနှင့် တူသည်ဟု ပြောခဲ့ဖူးသည်။ ဖျက်ဆီးခံရပြီးနောက် တိုကင်တစ်ခုသာ ကျန်ခဲ့ပြီး ဝှိုက်တီက ထိုတိုကင်ကို ဝါးမျိုလိုက်သည်။
အဲ့ဒီမြေကမ္ဘာအင်မော်တယ် ရုပ်သေးက ထုံချန်းရဲ့ဟာလား...
ဤအခိုက်အတန့်တွင် လောဘစိတ်နှင့် ပြည့်နှက်နေသော ထုံချန်း၏ မျက်လုံးများသည် ဝှိုက်တီ့ထံမှ ခွာမရပေ။ မြေကမ္ဘာအင်မော်တယ်ရုပ်သေးအတွက် သူ၏လိုချင်မှုသည် အထိန်းအကွပ်မဲ့စေခဲ့ပြီး လောဘကြီးမှုကို သိသာ ထင်ရှားစေခဲ့သည်။
အကယ်၍ ပုဖန်သာ မသေမျိုးစားဖိုမှူး ဖြစ်သွားလျှင် သူအနည်းငယ် လန့်နေမိမည်ဖြစ်သော်လည်း ကံကောင်းစွာနှင့် သူသည် အထူးအဆင့်စားဖိုမှူးသာ ဖြစ်နေသည့်အတွက် ကြောက်စရာ အကြောင်းမရှိပေ။
အထူးအဆင့်စားဖိုမှူးတစ်ဦးကို သတ်လိုက်ခြင်းသည် ပြဿနာမဟုတ်ပေ။ မသေမျိုးမီးဖိုချောင်အဆောက်အဦးနှင့် မြို့အရှင်သခင်သည် ပုရွက်ဆိတ်ကဲ့သို့ သေမျိုးတစ်ယောက်ကို သတ်လိုက်ခြင်းကြောင့် ထုံမိသားစုကို ပြဿနာရှာမည်မဟုတ်ပေ။
" ဝှိုက်တီ့ကို မင်းမပိုင်ဘူး..."
ထုံချန်း၏ သည်းမခံနိုင်သော အပြုအမူကြောင့် ပုဖန်သူ၏မျက်နှာကို မကြည့်မိရန်ဆုံးဖြတ်လိုက်သည်။
ထုံချန်း မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက်သူ၏လက်ချောင်းကို ပုတ်လိုက်သောအခါတွင် စစ်မှန်စွမ်းအင်သည် မြှားတစ်စင်းကဲ့သို့ ပြောင်းလဲသွားကာ ကောင်းကင်ကိုပင် ဆုတ်ဖြဲမည့်အရှိန်နှင့် ပုဖန်၏ခေါင်းဆီသို့ ပစ်လွှတ်လိုက်သည်။
မသေမျိုးမီးဖိုချောင်အဆောက်အဦးတွင် ဖြစ်သော်လည်း ထုံချန်းသည် အကွက်စရွှေ့ရန် မတုံ့ဆိုင်းခဲ့ပေ။
ဝှိုက်တီ၏ စက်ရုပ်မျက်လုံးများ အရောင်လက်လာသည်။
ဝှစ်
နတ်ဘုရားသတ်တုတ်ကို ဆွဲထုတ်လိုက်ပြီး ထိုစစ်မှန်စွမ်းအင်မြှားကို ထိမှန်သွားသည်။
ဝုန်း...
ဝှိုက်တီ တုန်ခါသွားသည်။
" ဝိုး... မင်းကငါ့ရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်သားပဲ... မင်းကိုကြည့်လေလေ ငါပိုပြီးစိတ်ကျေနပ်မှု ဖြစ်လာလေပဲ..."
ထုံချန်းရယ်လိုက်သည်။
ထုံချန်း ယခုပို၍ပင် စိတ်လှုပ်ရှားလာပြီ ဖြစ်သည်။ သူ့ကိုဆွဲဆောင်ထားသည့် တွင်းနက်မှ နှစ်သက်ဖွယ်စွမ်းအားကို ဝှိုက်တီ ရရှိထားပုံရသည်။
စစ်မှန်မသေမျိုးနယ်ပယ်...
ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။ ဒါဆို စစ်မှန် မသေမျိုးနယ်ပယ်က နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်ရဲ့ အထက်မှာပေါ့...
ငရဲဘုရင်အာဟက စစ်မှန်မသေမျိူးနယ်ပယ်၏ တည်ရှိမှု့ ဖြစ်လိမ့်မည်။ သို့သော် ခွေးဘုရင်ကို သူမခန့်မှန်းတတ်ပေ။
ဝီ...
ခဏတွင်းချင်းမှာပင် ထုံချန်းပျောက်ကွယ်သွားပြီး ဝှိုက်တီ၏ရှေ့တွင် ပြန်ပေါ်လာသည်။
ဝှိုက်တီ၏ မျက်လုံးများ အရောင်တောက်သွားပြီး ထုံချန်းဆီသို့ နတ်ဘုရားသတ်တုတ်ကို ရွယ်လိုက်သောအခါ လျှပ်စီးများလက်သွားသည်။
ထောင်သောင်းချီသော အရိပ်များသည် လျှပ်စီးကြောင်းများဖြင့် ခုန်ဆင်းလာပြီး တစ်ခုတည်း ဖြစ်သွားသည်။
သို့သော်လည်း စွမ်းအားကြီးသော ထိုတုတ်ကို ထုံချန်းက ရပ်တန့်လိုက်သည်။
ထုံချန်၏လက်သည် ခိုင်ခံ့ကြည်လင်နေသော သလင်းကျောက်ကဲ့သို့ ကျောက်စိမ်းများ ဖြစ်လာပုံရပြီး နတ်ဘုရားသတ်တုတ်ကို ဆုပ်ကိုင်လိုက်သည်။
ဝုန်း...
ထုံချန်း ရုတ်တရက် သူ၏လက်ကို မြှောက်လိုက်ပြီး မမြင်နိုင်သော စွမ်းအားကို ထုတ်လွှတ်လိုက်ပြီး ဝှိုက်တီ့ကို ထိမှန်အောင် မှုတ်ထုတ်လိုက်သည်။
ဝှိုက်တီ နံရံကို တိုက်ရိုက်ထိမှန်ပြီး အပေါက်ကြီးတစ်ခုပေါ်လာစေသည်။
" နည်းနည်းတော့ ပျော့သေးတယ်... ဘာပဲဖြစ်ဖြစ် မင်းက မိုးကြိုးပြစ်ဒဏ်ကို ခုခံနိုင်တာပဲ အဲ့စွမ်းရည်ကို ငါစိတ်ဝင်စားတယ်..."
ထုံချန်းက သရော်လိုက်သည်။
ထို့နောက် ပုဖန်ဘက်သို့လှည့်ကာ ပြောလိုက်သည်။
" အင်း... ဒီမှာ ငါတို့ မင်းကိုမလိုဘူး..."
ပုဖန်၏မျက်နှာမှာ ခံစားချက်မဲ့နေသော်လည်း မျက်လုံးများက အေးစက်နေသည်။
" ငါ့ကို မြေကမ္ဘာအင်မော်တယ်ရုပ်သေး ပေးမယ်ဆိုရင် မင်းကိုနာကျင်မှုတွေကနေ ကယ်ပေးမယ်... မဟုတ်ရင်တော့ ငါတို့ ထုံမိသားစုမှာ မင်းနဲ့ကစားစရာ အရုပ်တွေ အများကြီးရှိတယ်..."
ထုံချန်းသည် ကြည့်ရှု့သူများကို အေးစက်သည့် လေပြင်းများ ရှုရှိုက်စေခဲ့သည်။
သူကောင်းမျိုးမိသားစုတွေက တကယ်ကိုပဲ ကိုယ့်ဘာသာမှန်တယ်လို့ တစ်ထစ်ချ ယုံကြည်ထားတာပဲ...
" တကယ်တော့ မင်းမှာ အခွင့်အရေးရှိခဲ့တယ် ... မင်းသာ မသေမျိုးစားဖိုမှူး ဖြစ်လာခဲ့ရင် အခုလို နှိမ့်ချနေမှာမဟုတ်ဖူး... ဒါပေမယ့် ဆိုးတာက မင်းငါ့ကို စိတ်ပျက်စေခဲ့တယ်...မသေမျိုးစွမ်းအင်ကို မစုစည်းနိုင်ခဲ့တဲ့အတွက် မသေမျိုးစားဖိုမှူး ဖြစ်မလာတော့ဘူး..."
မသေမျိုးစားဖိုမှူး ဖြစ်လာဖို့တဲ့လား...
ပုဖန်မျက်ခုံးများ တွန့်ချိုးလိုက်သည်။
" ထုံချန်း ဒီနေရာက မသေမျိုးမီးဖိုချောင် အဆောက်အဦးနော် ... ရှင်လုပ်ချင်တာ လုပ်လို့ရတဲ့နေရာ မဟုတ်ဖူး..."
ထုံချန်း လန့်သွားသည်။
မူလျို့အာသည် အဝေးမှ တစ်ဟုန်ထိုး လာနေသည်။
" မြို့တော်သခင်မူရဲ့သမီးလား... သူကဘာလို့ ဒီကိစ္စကို ဂရုစိုက်နေရတာလဲ..."
ထုံချန်း မျက်မှောင်ကြုတ်ကာ အနည်းငယ် သံသယဝင်သွားသည်။
သခင်လေးထုံ အိမ်တော်သခင်မလေး ပြောတာမှန်တယ်... မသေမျိုးမီးဖိုချောင်အဆောက်အဦးမှာ ပြဿနာမတက်သင့်ဘူး..."
အသက်အရွယ်ကြီးရင့်နေသောအသံတစ်ခုနှင့်အတူ မန်နေဂျာချန်၏ အိုမင်းနေသော မျက်နှာပေါ်ထွက်လာတာ ထုံချန်းကို အဝေးမှကြည့်နေသည်။
" သေမျိုးတစ်ယောက်အနေနဲ့ ငါ့ကိုမစော်ကားသင့်ဘူး ငါ့ကိုစော်ကားတာက ထုံမိသားစုတစ်ခုလုံးကို စော်ကားတာနဲ့တူတူပဲ...ဒါကိုမင်း ခံနိုင်ရည်ရှိမယ်ထင်လား... " ထုံချန်း အေးစက်စွာဖြင့် လှောင်ပြောင်သရော်လိုက်သည်။
ကိစ္စများ ပ်ို၍ စိတ်ဝင်စားစရာကောင်းလာသည်။
ပုဖန်အတွက် ရပ်တည်ပေးနေသည့် မူလျှို့အာနှင့် မန်နေဂျာချန်ကို အားလုံးက စူးစိုက်ကြည့်နေကြသည်။
သေမျိုးတစ်ယောက်အတွက်နဲ့ ထုံမိသားစုက မြို့တော်သခင်အိမ်တော်ကို တိုက်ခိုက်တော့မှာလား...
သို့သော် နှစ်ဖက်လုံး လှုပ်ရှားမည့်အချိန်တွင် တစ်စုံတစ်ခု ပြောမည့်ဟန်ဖြင့် ပုဖန် လည်ချောင်းရှင်းလိုက်သည်။
မူလျှို့အာသည် ပုဖန်ကို လေးနက်စွာကြည့်၍ ပြောလိုက်သည်။
" ပုဖန် ရှင်အိမ်ပြန်သင့်ပြီ အထူးအဆင့်စားဖိုမှူးတစ်ဦးဖြစ်တဲ့ ရှင့်ရဲ့လုံခြုံရေးကို မသေမျိုးမီးဖိုချောင် အဆောက်အဦးက တာဝန်ယူမှာပါ..."
" အထူးအဆင့် စားဖိုမှူးတစ်ယောက်ကြောင့်နဲ့ ညီမလေးမူက ငါ့ကိုဆန့်ကျင်တာလား..."
ထုံချန်း၏ အော်ရာသည် ပို၍ ထူထပ်လာပြီး ပတ်ဝန်းကျင်လေထုသည် သူ၏ဖိအားအောက်တွင် တုန်ခါသွားသည်။
မန်နေဂျာချန်၏ အိုမင်းနေသော မျက်နှာမှာ မပြောင်းလဲပင်။ သို့သော် ရုတ်တရက် သူ၏ဆံပင်ဖြူများ ထိုးထောင်လာပြီး အထူးအော်ရာနှင့် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူတစ်ဦး၏ မာန်မာနမှာ လွင့်ပျံလာသည်။
ဤလှုပ်ရှားမှုသည် သူ၏သဘောထားကို ပြသနေသယောင်ပင်။
လေထုသည် အလွန်သိပ်သည်းနေသည့်အတွက် အခြားသူများမှာ အသက်ပြင်းပြင်းပင် မရှုရဲပေ။
ပုဖန် မဟူရာလိပ်ခုံးဒယ်အိုးကိုထုတ်၍ မြေပေါ်သို့ ဆောင့်ချလိုက်သည်။
ဝုန်း...
ထုံချန်း မူလျှို့အာနှင့် မန်နေဂျာချန်တို့ လှမ်းကြည့်ကြသည်။
ကျယ်လောင်သော အသံတစ်ခုကြားပြီးနောက် မဟူရာလိပ်ခုံးဒယ်အိုးသည် ကြမ်းပြင်ပေါ်တွင် ကြီးမားသောအပေါက်တစ်ခုကို ဖြစ်ပေါ်စေခဲ့ပြီး လူတိုင်း၏အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
" ကျွန်တော် မထွက်သွားခင် တစ်ခုမေးပါရစေ... အထူးအဆင့်စားဖိုမှူး စစ်ဆေးချက်ကိုဖြေပြီး ဘယ်လောက်ကြာရင် မသေမျိုးစားဖိုမှူး စစ်ဆေးချက်ကို ဖြေလို့ရလဲ... အခုလုပ်လို့ရလား..."
ပုဖန် မျက်နှာသေဖြင့် မေးလိုက်သည်။
မသေမျိုးစားဖိုမှူး စစ်ဆေးချက်တဲ့လား...
လူအုပ်ကြီး အံ့အားသင့်သွားပြီးနောက် ခဏအကြာ ပုဖန်ကို မြင်သောအခါ မျက်မှောင်ကြုတ်သွားကြသည်။
ပုဖန် မဟူရာလိပ်ခုံးဒယ်အိုးကို လက်တစ်ဖက်ဖြင့် ကိုင်ထားချိန်တွင် သူ၏အော်ရာမှာ လျင်မြန်စွာတိုးလာသည်ကို ခံစားမိလိုက်ကြသည်။
နတ်ဘုရားမီးတောက်တစ်ခု... နတ်ဘုရားမီးတောက်နှစ်ခု... နတ်ဘုရားမီးတောက်သုံးခု...
အသက်ရှုလိုက်သည့်တစ်ခဏမှာပင် သူ၏မူလ နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ် နတ်ဘုရားမီးတောက်တစ်ခုမှ နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်၏ အထွတ်အထိပ်
နတ်ဘုရားမီးတောက်ကိုးခုသို့ ရောက်ရှိသွားသည်။
ထိုအချိန်တွင် စနစ်၏ ပြင်းထန်သောအသံသည် ပုဖန်၏ ခေါင်းထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။