အပိုင်း ၉၆၇
Viewers 52k

အခန်း ၉၆၇

ထုံချန်း ဒေါသကြောင့် သွေးအန်ခြင်း


ထုံချန်းကို ရပ်တန့်ရန် မန်နေဂျာချန်တွင်သာ စွမ်းအားရှိသည်။ သို့သော် သူသည် ထုံချန်း၏ရုပ်သေးဖြင့် ချုပ်နှောင်ခြင်း ခံထားသောကြောင့် ပုဖန်ကို အချိန်မီကူညီရန် အခွင့်အရေးကို လွတ်သွားခဲ့သည်။


ထုံချန်း၏ လက်ဖဝါးသည် ပုဖန်၏ရင်ဘတ်ကို ပြင်းထန်စွာ ထိမှန်သွားချိန်တွင် အခြားသူများသည် မျက်လုံးပြူးဖြင့်သာ ကြည့်နေကြသည်။


ထိုလက်ဖဝါးသည် လေနှင့် မိုးခြိမ်းသံကို ပြောင်းလဲစေပြီး လေဟာပြင်ကို ကွဲအက်စေခဲ့သည်။


ထုံချန်းသည် စစ်မှန်မသေမျိုးနယ်ပယ်တွင် ရှိသည်ဖြစ်၍ ဤလက်ဖဝါးသည် တောင်ထိပ်ကို ဖြတ်တောက်၍ ရှည်လျားသောမြစ်ကို ချိုးဖျက်နိုင်လောက်အောင် အစွမ်းထက်လှသည်။


ထိုထိုးနှက်ချက်၏ စွမ်းအားသည် အမှန်တကယ်ပင် အံ့ဩစရာဖြစ်သည်။ သေမျိုးစားဖိုမှူးသည် ထိုထိုးနှက်ချက်ကို လက်ခံရရှိသည်နှင့် အပိုင်းပိုင်း အစစ ဖြစ်သွားနိုင်သည်။


မူလျှို့အာ အကူအညီမဲ့စွာ ခံစားလိုက်ရပြီး မျက်လုံးများကို အုပ်ထားလိုက်သည်။ သူမ သည်းမခံနိုင်တော့ပေ။ ထုံချန်း၏ လက်ဖဝါးအောက်တွင် ပုဖန် သေချာပေါက် သေလိမ့်မည်။


ပုဖန်တွင် မြေကမ္ဘာ အင်မော်တယ်ရုပ်သေး ရှိသော်လည်း ရပ်တန့်နိုင်မည် မဟုတ်ပေ။


သနားစရာပဲ... အကယ်၍ သူ့ထံတွင် အချိန်များစွာရှိပါက သေချာပေါက် မသေမျိုးစားဖိုမှူး ဖြစ်လာနိုင်သည်။ သို့သော် အနာဂတ်၏ မသေမျိုးစားဖိုမှူးသည် ဤနေရာတွင်ပင် သေဆုံးတော့မည်။


တကယ်ကို ကံမကောင်းတာပဲ...


မန်နေဂျာချန် သက်ပြင်းချလိုက်သည်။ သူလုပ်နိုင်တာ မရှိတော့ပေ...


ရွှမ်ယွမ်ရှားဟွေ့ မျက်လုံးများ ပြူးကျယ်နေသည်။ ပုဖန်က ဒီနေရာမှာ သေတော့မှာလား...


ပတ်ဝန်းကျင်ရှိ ပရိသတ်များ အသက်အောင့်ထားကြသည်။


သူကောင်းမျိုးမိသားစုမှ လူငယ်များ ရက်စက်စွာ ပြုံးနေကြသည်။ သူကောင်းမျိုး မိသားစုက ဉာဏ်ကြီးရှင် သခင်လေးကို လာစော်ကားတဲ့ သေမျိုးကောင်... " သေခြင်းတရား..." ဆိုတဲ့စကားလုံးကိုတောင် ဘယ်လိုရေးရလဲ သိမှာမဟုတ်ဖူး...


ရုတ်တရက်...


မြင်ကွင်းက ထူးဆန်းစွာ အေးခဲသွားသည်။


ထုံချန်း၏ လက်ဖဝါးသည် ပုဖန်၏ ရင်ဘတ်ကို ရက်စက်စွာ ထိမှန်သွားသဖြင့် ပုဖန်ကို တိုက်ခတ်လာသောလေပြင်းသည် အနီရောင်ဝတ်ရုံကို မှုတ်ထုတ်လိုက်သလိုပင်။  


သို့သော်လည်း...


ပုဖန်သည် အန္တရယ်ကင်းလျက် ရှိနေသည်။


သူ့ကို‌ကြည့်ရသည်မှာ သေမည့်ပုံ မပေါ်ပေ။


ဘယ်... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...


အားလုံး အနည်းငယ် အံသြသွားကြသည်။ ပုဖန်၏ ခံစားချက်မဲ့မျက်နှာကို ကြည့်လျက် မျက်တောင်ခတ်လိုက်ကြသည်။


ထိုအချိန်တွင် တစ်ခန်းလုံး တိတ်ဆိတ်သွားသည် ။


ထုံချန်း ဇဝေဇဝါ ဖြစ်သွားသည်။ သူ ယုံကြည်မှုအပြည့်ဖြင့် ပုဖန်ကို ရိုက်ခဲ့သော်လည်း ခြစ်ရာပင် မထင်ချေ။


ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...


သာမန်အခြေအနေတွင် သူ၏လက်ဖဝါးသည် ပုဖန်ကို ဖှုန်နှင့် ပြာမှုန့်များ ဖြစ်သွားစေနိုင်သည့်အတွက် ပုဖန်‌ကို သေပြီဟုထင်ထားသူများအားလုံး အံ့ဩသွားကြသည်။


မျက်လုံးများကို အုပ်ထားသော မူလျှို့အာသည် သူမ၏ပတ်ဝန်းကျင်၌ တိတ်ဆိတ်သွား၍ ချောင်းကြည့်လိုက်သောအခါ ထုံချန်း၏လက်ဖဝါူသည် ပုဖန်၏ရင်ဘတ်ကို ထိမှန်ပြီးသည်ကို မြင်လိုက်ရသည်။


လူများ၏ မျက်နှာသည် ထူးထူးဆန်းဆန်း ဖြစ်သွားသကဲ့သို့ပင်။


အနီရောင်ဝတ်ရုံသည် တွန်းလှန်နိုင်သော အကျိုးသက်ရောက်မှုရှိသည် ။ သို့သော် တစ်ကြိမ်လျှင် တစ်ခါသာ လုပ်ဆောင်သည်။ ထို့နောက်တွင် ဤအကျိုးသက်ရောက်မှုသည် ငြိမ်သက်သွားလိမ့်မည်။


သို့သော် လုံလောက်ပါသည်။


ပုဖန်၏ တွန်းကန်နိုင်သောစွမ်းအားသည် ပုဖန်ကို ထုံချန်း၏ သေစေနိုင်သော တိုက်ခိုက်မှုမှ အကာအကွယ်ပေးနိုင်ခဲ့သည့်အတွက် ပုဖန်တွင် ပြင်းထန်သော အကျိုးသက်ရောက်မှု တစ်စုံတစ်ခုမျှ မဖြစ်ခဲ့ပေ။


သို့သော် လက်သီး၏ ကျန်ရှိသောစွမ်းအားကြောင့် ပုဖန် အနည်းငယ် နာကျင်မှုကို ခံစားလိုက်ရသည်။ သို့သော် သူ၏ခန္ဓာကိုယ်လက်ရှိအဆင့်နှင့်ဆိုလျှင် အလွန်မထိခိုက်သွားနိုင်ပေ။


လုံးဝစိတ်ရှုပ်ထွေးနေသော မျက်နှာနှင့် ထုံချန်းကို ကြည့်လိုက်ချိန်တွင် ပုဖန်၏လက်မောင်းမှ ပတ်တီးလျှောကျသွားပြီး ထောင်တျဲရုပ်ပုံများနှင့် ပြည့်နေသော လက်မောင်းကို လှစ်ဟပြလိုက်သလိုပင်။


ပတ်တီးစများ ပြန့်ကျဲသွားချိန်တွင် သူသည် မဟူရာလိပ်ခုံးဒယ်အိုးကို ကိုင်ဆောင်ထားပြီး ထုံချန်း၏ ခေါင်းကိုချိန်ရွယ်ထားသည် ထောင်တျဲများ၏ စွမ်းအင်ပြည့်ဝသော ဟိန်းဟောက်သံများ ကြားလိုက်ရသည်။


ဤတိုက်ခိုက်မှုသည် မည်မျှအစွမ်းထက်သည်ကို မသိသောကြောင့် ထုံချန်း မရပ်တန့်နိုင်ခဲ့ပေ။


ပုဖန် ယခင်က သူ့ထက် သန်မာသော ကျင့်ကြံသူများကို အဆုံးသတ်ရန် မဟူရာလိပ်ခုံးဒယ်အိုးနှင့် တောင်တျဲရုပ်ပုံများကို မှီခိုခဲ့သည်။


ယခုမူ သူ၏ ကျင့်ကြံမှုအခြေခ တိုးလာသည်နှင့်အမျှ သူ၏ တိုက်ပွဲစွမ်းရည်သည် ပို၍ပင် ကြောက်စရာကောင်းလာသည်။


သူ၏ဒယ်အိုးဖြင့် ပြင်းထန်စွာရိုက်နှက်မိပါက … သံခေါင်းကိုပင် ပေါက်ကွဲသွားစေလိမ့်မည်။


ထုံချန်း၏ ကျင့်ကြံမှုအခြေခံသည် စစ်မှန်မသေမျိုးနယ်ပယ်တွင် ရှိသည့်အတွက် သူ၏ခေါင်းသည် သံထက်မာသည်မှာ သေချာပေါက်ပင်။


သူ၏မျက်လုံးထဲတွင် တဖြည်းဖြည်းကြီးလာသော မဟူရာလိပ်ခုံးဒယ်အိုးကို ကြည့်၍ ထုံချန်း လုံးဝပင် အံ့ဩသွားသည်။


ဝုန်း... 


မဟူရာလိပ်ခုံးဒယ်အိုးသည် သူ၏ခေါင်းကို ပြင်းထန်စွာ ရိုက်မိပြီး သူ့အား အဝေးသို့ မှုတ်ထုတ်လိုက်သကဲ့သို့ပင်။


သွေးများတစ်စက်မှ ကျမလာသော်လည်း ထုံချန်း၏ခေါင်းသည် တဝီဝီဖြစ်နေပြီး မရေမတွက်နိုင်သော ကြယ်ကလေးများ သူ၏ခေါင်းထဲတွင် ပျံဝဲနေသကဲ့သို့ပင်။


ကြယ်တွေ... အဲ့သောက် ကြယ်တွေ...


ထုံချန်း ဒေါသထွက်နေပြီဖြစ်သည်။ 


ခေါင်းယမ်း၍ ဒေါသတကြီးအော်ဟစ်ကာ ခေါင်းကြည်ရန် ကြိုးစားနေသည်။ ပုဖန်၏ မျက်နှာကို မြင်လိုက်သောအခါ ဒေါသတစ်ဟုန်ထိုး ထွက်လာသည်။


သေမျိုးမှ သူ၏ခေါင်းအား ဒယ်အိုးဖြင့်ရိုက်လိုက်၍ မူးဝေနေဆဲပင်။


ဘယ်လိုအရှက်ရမှုကြီးလဲ...


ပုဖန်၏ မျက်နှာမှာ အေးစက်နေပြီး ဒေါသတကြီးနှင့် ထုံချန်းကိုကြည့်လျက် သက်ပြင်းချလိုက်သည်။


ခဏအကြာတွင် သူ၏ထောင်တျဲလက်မောင်း တစ်ဖန်ပြန်၍ တုန်ခါလာသည်။


လူတိုင်း၏ အကြည့်များအောက်တွင် မဟူရာလိပ်ခုံးဒယ်အိုးသည် ထုံချန်း၏ခေါင်းကို နောက်တစ်ကြိမ် ထိမှန်သွားသည်။


ထိုဒယ်အိုးက ထုံချန်းကို နောက်ပြန်တွန်းလိုက်ပြီး သူ၏နှာခေါင်းမှ သွေးပူများ စီးကျလာသည်။


ထုံချန်း၏ မျက်လုံးများ ဝေခွဲမရဖြစ်နေပြီး သူ၏အော်ရာမှာ ပြန့်ကျဲလုနီးပါးဖြစ်နေသည်။


သူ၏အနားရှိလူများမှာ အသက်ပင် မရှုရဲကြပေ။


" သခင်လေးထုံချန်း အရိုက်ခံရပြီး ကြောင်သွားတာလား..."


" ဒီကနေ ကြည့်ရတာတောင် တော်တော်နာတယ်...အဲ့ဒယ်အိုး သူ့ခေါင်းကိုထိသွားတဲ့အသံက မိုးခြိမ်းသံကြီးလို ဝုန်းခနဲပဲ..."


" ဝိုး...ထုံမိသားစုရဲ့ သခင်လေးဖြစ်ဖို့ ထိုက်တန်ပါပေတယ်... သူ့ရဲ့ခေါင်းက အင်မော်တယ် သလင်းကျောက်ထက်တောင် မာသေးတယ်..."


ပရိသတ်များ စိတ်စုစည်းမိသွားသောအခါ စတင်၍ ဆူညံစွာ ဆွေးနွေးနေကြသည်။


ထူးဆန်းသော မျက်နှာနှင့် ပုဖန်ကို လေ့လာနေကြသသည်။ ဤသေမျိုးကောင်သည် တန်ပြန်တိုက်ခိုက်လိမ့်မည်ဟု မထင်ထားကြပေ။


၎င်းတို့ကို ပို၍ စကားမပြောနိုင်ဖြစ်စေခဲ့သည်မှာ သူသည် သခင်လေးထုံချန်း၏ ခေါင်းကို နှစ်ချက်ရိုက်ခဲ့သောကြောင့်ပင်။ သူ့တွင် နှာခေါင်းသွေးများပင် ထွက်နေသည်။


ဘယ်လိုတောင်ရယ်ရတဲ့ ဟာသကြီးလဲ...


ဒါပေမဲ့ အရမ်းလည်း အထက်စီးဆန်တယ်...


ထုံချန်းရဲ့ ဂုဏ်ပုဒ်က ဘာလဲ... ဒီသေမျိုးက အဲ့ဒါတောင် ပြန်တိုက်ခိုက်ရဲသေးတယ်...


သူ့ကို နာအောင်တောင် လုပ်လိုက်သေးတယ်...


ဒေါသထွက်စရာပဲ...


အလွန်ဒေါသထွက်စရာပဲ...


နှာခေါင်းသွေးများထွက်နေသော ထုံချန်းသည် ဒဏ်ရာရနေသော သားရဲတစ်ကောင်ကဲ့သို့ ညည်းတွားမာန်ဖီနေပြီး ကြောက်မက်ဖွယ်အော်ရာများ ခန္ဓာကိုယ်မှ အဆက်မပြတ် ထွက်နေသည်။


" ဒီ... သောက် သေမျိုးကောင်... မင်းကို အပိုင်းပိုင်းဆုတ်ဖြဲပစ်မယ်..." 


ထုံချန်းမျက်လုံးများနီရဲနေပြီး မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်လိုက်သည်။


သူ၏အော်ရာများသည် အခန်း‌တစ်ခုလုံးတွင် စုဝေးနေပြီး သူ၏တိုက်ခိုက်မှုအောက်တွင် အခန်းသည် ပြိုကျမတတ် ဖြစ်နေသည်။


စစ်မှန်သော စွမ်းအင်ကြိုးများသည် သူ၏နောက်တွင် တဖျပ်ဖျပ် လွင့်နေကာ ကောင်းကင်ပေါ်ထိ ရောက်တော့မလိုပင်။


ယခင်က မိုးကြိုးပြစ်ဒဏ်ကြောင့် ပျက်စီးသွားသည့် ခေါင်မိုးသည် ယခုအခါ‌တွင်လည်း စစ်မှန်စွမ်းအင် ဖဲကြိုးများကြောင့် ပို၍ပျက်စီးသွားပြီး ကြေမွနေသော အုတ်ခဲများနှင့် ကျောက်တုံးများကို နေရာအနှံ့ ပြုတ်ကျကုန်သည်။


ထိုအချိန်တွင် မဟူရာလိပ်ခုံးဒယ်အိုးသည် ပုဖန်၏ လက်ထဲသို့ ပြန်ရောက်နေပြီဖြစ်သည်။ ထို့နောက် ဒေါသတကြီးဖြစ်နေသော ထုံချန်းကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။


ကြည့်ရတာ သူ့ရဲ့စွမ်းအား အစစ်အမှန်ကို ပြမှထင်တယ်...


ပုဖန်မှာ အဆင့်တစ်ခုကို ကျော်လွှားသွားပြီးနောက် သူ၏စိတ်စွမ်းအင်သည်လည်း ပို၍အားကောင်းလာပြီဖြစ်သည်။ အမှန်တွင် သူသည် ကျင့်ကြံခြင်း အခြေခံကို အလွန်မမှီခိုပေ။ အမှန်တကယ်အစွမ်းထက်သည်က သူ၏စိတ်စွမ်းအင်ဖြစ်သည်။


စားဖိုမှူးတစ်ဦးဖြစ်သော်လည်း ပုဖန်၏ဝိညာဉ်ပင်လယ်သည် ကြီးမားသောသမုဒ္ဒရာတစ်ခုကဲ့သို့ မထင်မှတ်လောက်အောင် ကျယ်ပြောလှသည်။


ပုဖန် ပထမဆုံးနတ်ဘုရားမီးတောက်ကို လောင်ကျွမ်းစေသောအခါ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားသည် သူ၏စိတ်စွမ်းအားဖြင့် နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်၏ အထွတ်အထိပ်တွင်ရှိသော ကျင့်ကြံသူကိုပင် ခုခံနိုင်လိမ့်မည်။


ယခုသူသည် နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်၏ အထွဋ်အထိပ်သို့ ရောက်နေပြီဖြစ်၍ သူ၏စိတ်စွမ်းအင်မှာ စစ်မှန်မသေမျိုးနယ်ပယ်သို့ ရောက်နေပြီဟု ထင်ရသည်။


သူ၏စိတ်စွမ်းအင် တိုးလာသည်နှင့်အမျှ နတ်ဘုရားချက်ပြုတ်ပစ္စည်းအစုံအပေါ် အာရုံခံနိုင်စွမ်းသည် ပို၍ကျယ်ပြန့်လာသည်။


ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားကို အဆင့်မြှင့်ပြီးသည်နှင့် စစ်မှန်မသေမျိုးနယ်ပယ်ကို အကြမ်းဖျင်းအားဖြင့် ရောက်နိုင်သည်။


စစ်မှန်မသေမျိုးနယ်ပယ်နှင့် နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်သည် အလွန်ကွာခြားသည်။ ခန္ဓာကိုယ်ခွန်အား ကျင့်ကြံမှု အခြေခံနှင့် စိတ်စွမ်းအင် သိသိသာသာတိုးတက်နေသော စစ်မှန်မသေမျိူးနယ်ပယ်မှ ကျင့်ကြံသူနှင့် နှိုင်းယှဉ်ပါက နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်မှ ကျင့်ကြံသူ၏ စိတ်စွမ်းအင်မှာ ဖရိုဖရဲဖြစ်နေလိမ့်မည်။


နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်တွင် ဝိညာဉ်ပင်လယ်သည် ပွင့်နေရုံသာဖြစ်သော်လည်း စစ်မှန်မသေမျိုးနယ်ပယ်တွင် မူလဝိညာဉ်သည် စိတ်ဝိညာဉ်ပင်လယ်၏ အထက်တွင် ပေါ်လာမည်ဖြစ်သည်။


ကြယ်တစ်ပွင့်အဆင့် စစ်မှန်မသေမျိုးနယ်ပယ် တွင် စိတ်ဝိညာဉ်ပင်လယ်၌ မူလဝိညာဉ်ရှိသည်။ ကြယ်နှစ်ပွင့်အဆင့်သည် မူလဝိညာဉ်အထက် နေရာတွင် ကြယ်ခုနစ်လုံးပါရှိသော ဧရာမကောင်းကင်ကြီးဖြစ်လာမည်ဖြစ်သည်။ မူလဝိညာဉ်သည် ကျင့်ကြံရန်နှင့် ပိုမိုသန်မာလာစေရန်အတွက် ကြယ်ခုနစ်လုံးမှ ကြယ်အလင်းကို ရရှိမည်ဖြစ်သည်။


စစ်မှန် မသေမျိုးနယ်ပယ်တွင် ကြယ်ခုနစ်ပွင့်အဆင့်သို့ ရောက်ရှိသွားပါက ကြယ်ခုနစ်လုံး ပေါင်းဆုံကာ ကျင့်ကြံသူကို အမြင့်ဆုံးအဆင့်အထိ မြှင့်တင်ပေးသည်။ ထိုအချိန်တွင် ဝိညာဉ်ပင်လယ်အတွင်း ကမ္ဘာငယ်လေးတစ်ခု ပွင့်သွားမည်ဖြစ်သည်...


ထို့ကြောင့် စစ်မှန်မသေမျိုးနယ်ပယ်သည် အလွန် ကြောက်မက်ဖွယ်ကောင်း၍ ခြိမ်းခြောက်နိုင်သောနယ်ပယ်တစ်ခုဖြစ်ပြီး ကြယ်တစ်ပွင့်ရပြီးတိုင်းတွင် ကျင့်ကြံခြင်းအခြေခံသည် ကြီးမားစွာ တိုးတက်လာမည်ဖြစ်သည်။ 


သို့ရာတွင် နယ်ပယ်တစ်ခုစီအကြား ကွာခြားချက်သည် ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင်။


ထိုအကြောင်းပြချက်များကြောင့် ပုဖန်၏ စိတ်စွမ်းအင်သည် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား၏ အဆင့်မြှင့်တင်မှုနှင့် ပေါင်းစပ်လိုက်ပါက ကြယ်နှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူကို ယှဉ်နိုင်ပြီ ဖြစ်သည်။


ဘယ်လိုပဲဖြစ်ဖြစ် ဒါက လုံလောက်ပါတယ်...


အကယ်၍ ပုဖန် စိတ်ဝိညာဉ်ပင်လယ်၏ စိတ်စွမ်းအင်ကို တွန်းအားပေးနိုင်ခဲ့ပါက ထုံချန်း၏အတွေးများကို ထိခိုက်သွားနိုင်သည် ဖြစ်သည်။ ထို့နောက် ထုံချန်းအား မှောက်သွားသည်အထိ ဒယ်အိုးနှင့် ခေါက်ခဲ့သည်။ ထုံချန်းသည် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူ ဖြစ်သော်လည်း သူ၏ဘဝကိုပင် သံသယဝင်သွားခဲ့သည်။


" သခင်လေး ထုံချန်း လုံလောက်ပါပြီ..." 


ထုံချန်း တိုက်ခိုက်ရန်ဟန်ပြင်ပြီး ပုဖန်သည်လည်း ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားကို သုံးမည့်ဆဲဆဲအချိန်တွင် အသံတစ်ခု ပဲ့တင့်ထပ်လာသည်။


ပုဖန်၏ရှေ့တွင် အဘိုးအိုတစ်ဦးပေါ်လာပြီး ထုံချန်းဆီမှ ကာကွယ်ထားသည်။


ထိုလူသည် မန်နေဂျာချန်ပင် ဖြစ်သည်။


" ဒါက မသေမျိုးမီးဖိုချောင် အဆောက်အဦးပါ... ထုံမိသားစုရဲ့ အနောက်ဘက်ခြံဝင်း မဟုတ်ဖူး...ဒီနေရာမှာ ပြဿနာရှာရင် ယဉ်ကျေးနေတော့မှာ မဟုတ်ဖူး..."


မန်နေဂျာချန်၏မျက်နှာမှာ မဲမှောင်ပြီး တည်ကြည်နေသည်။ စွမ်းအင်များ ဖြန့်ကျက်ကာ သူ၏ အထူးအဆင့်စားဖိုမှူး စစ်ဆေးခန်းကို ဖျက်ဆီးခဲ့သော ထုံချန်းကိုကြည့်လျက် သူ၏မျက်နှာမှာ ပို၍ မဲမှောင်လာသည်။


သူသည် မသေမျိုးမီးဖိုချောင် အဆောက်အဦး၏ မန်နေဂျာဖြစ်သည့်အတွက် အထူးအဆင့်စားဖိုမှူး စစ်ဆေးခန်းကို ပြန်လည်တည်ဆောက်ရန် အင်မော်တယ် သလင်းကျောက်များစွာ ကုန်ကျမည်ကိုသိသည်။ ထို့ကြောင့် ထုံချန်းပျက်စီးစေခဲ့သော အရာများကိုကြည့်ကာ နှလုံးသွေးထွက်လုမတတ်ပင်။


ထုံချန်း၏မျက်လုံးများ နီရဲလာတာ ဒေါသတကြီးအော်ဟစ်တော့သည်။ 


" အရူး အဘိုးကြီး... ဖယ်စမ်း...ဒီနေ့ ငါအဲ့ကောင်ကို သတ်ရမယ်..."


သူ၏အော်ဟစ် ဟိန်းဟောက်သံကို ရင်ဆိုင်လျက် မန်နေဂျာချန် မျက်ဆံလှန်ကြည့်လိုက်သည်။ သူအတော် ဒေါသထွက်နေတာပဲ...


" ဒီမှာ ပြဿနာထပ်ရှာမယ်ဆိုရင် မသေမျိုးမီးဖိုချောင် အဆောက်အဦးက ယဉ်ကျေးနေတော့မှာ မဟုတ်ဖူး... အဲဒီအချိန်မှာ... ထုံမိသားစု ခေါင်းဆောင်က မင်းကို မသေမျိုးမီးဖိုချောင် အဆောက်အဦးကနေ ထွက်ရ‌အောင် လာပြီး အာမခံပေးမလား ကြည့်ရအောင်..." 


မန်နေဂျာချန် ဒေါသတကြီးအော်လိုက်သည်။


ခဏအကြာတွင် သူ၏အော်ရာများ ထွက်ပေါ်လာကာ ကောင်းကင်သို့ ရောက်လုမတတ်ပင်။


မည်သို့ပင်ဖြစ်စေ မသေမျိုးမီးဖိုချောင် အဆောက်အဦးသည် မြို့တော်သခင်အိမ်တော် လက်အောက်တွင်ရှိပြီး ၎င်းတို့၏အင်အားသည် အခြားသူများ လျစ်လျူရှု့နိုင်သော အရာတစ်ခု မဟုတ်ပေ။


စစ်မှန်မသေမျိုးနယ်ပယ်၏ အော်ရာများကြောင့် ကြည့်ရှု့သူများနှင့် သူကောင်းမျိုးမိသားစုမှ လူငယ်များ သူတို့၏ မျက်နှာထားများကို ပြောင်းလဲလိုက်ကြသည်။


ထိုအော်ရာများကြားတွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော ကြယ်နှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ်၏ အော်ရာတစ်ခု ရှိနေသည်။ 


မန်နေဂျာချန်၏ အော်ရာများ ထွက်ပေါ်လာသည့် အခိုက်တွင် ထုံချန်း သူ့စိတ်သူ စုစည်းလိုက်သည်။ အော်ရာများ လျော့ကျသွားသော်လည်း သူ၏မျက်လုံးထဲရှိ လူသတ်ချင်သည့်အကြည့်များမှာ ပို၍ပြင်းထန်လာသည်။


သို့သော် ထုံချန်းငြိမ်သက်သွားပြီး တစ်ဖက်သို့ လှည့်ကြည့်လိုက်သည်နှင့် ချက်ချင်းပင် သူ၏မျက်လုံးများ ပြူးကျယ်သွားကာ သွေးများယိုစီးကျ‌မလို ဖြစ်သွားသည်။


သူ သွေးအန်လုမတတ်ပင် ဖြစ်သွားသည်။


ပုဖန်လည်း အံ့ဩသွားသည်။


ပတ်ဝန်းကျင်က လူများ တုန်လှုပ်သွားကြသည်။


သူတို့တစ်ဖက်သို့ လှည့်လိုက်သောအခါ မြင်လိုက်ရသည်က...


မန်နေဂျာချန် သူ၏လက်ဖဝါးဖြင့် ချေမွခဲ့သော ရွှေရောင်မြေကမ္ဘာ အင်မော်တယ်ရုပ်သေးဆီသို့ ဝှိုက်တီက ဖြေးညှင်းစွာ လမ်းလျှောက်သွားနေသည်။


သူ၏ သစ်ရွက်နှင့်တူသော လက်ဖဝါးသည် ဆန့်တန်းကာ ရုပ်သေး၏ဦးခေါင်းကို ကိုင်ထားသည်။


ခဏအကြာတွင် တခြားလူများသည်လည်း အေးစက်သောလေကို ရှုရှိုက်နေကြသည်။


ရွှေရောင်ရုပ်သေးသည် တစ်စစီပျက်စီးသွားသည်။


ဝုန်း... ဝုန်း...


ပစ္စည်းများ ပြုတ်ကျလာသောအခါ ဝှိုက်တီ၏ လက်သည် ထိုရုပ်သေး၏ ခန္ဓာကိုယ်အတွင်းသို့ ဆုပ်ကိုင်လိုက်သည်။ နောက်ဆုံးတွင် အရေးပါ၍ တန်ဖိုးကြီးပုံရသော လိမ္မော်ရောင် သလင်းကျောက်ကို ထုတ်ယူလိုက်သည်။


တြီ...


ထုံချန်းလန့်သွားသည်။ ဒေါသထွက်လွန်းသဖြင့် နှုတ်ခမ်းများပင် တုန်နေသည်။


သူသည် မြေကမ္ဘာအင်မော်တယ်ရုပ်သေးကို ဆုံးရှုံးလိုက်ရသည့်အပြင် ယခု ရုပ်သေး၏ အူတိုင်သည်လည်း အစားခံလိုက်ရသည်။


ကြက်တစ်ကောင်ကို မခိုးယူနိုင်တဲ့အပြင် သူ့ရဲ့ဆန်ပါပျောက်သွားတယ်...


ပတ်ဝန်းကျင်မှ လူများ၏ နှုတ်ခမ်းများသည်လည်း တုန်ခါနေသည်။ ဤကဲ့သို့ အဖြစ်အပျက်ကို မည်သူမျှ မမျှော်လင့်ထားပေ...


နောက်ဆုံးတွင် ဓားပြတိုက်ခံလိုက်ရသည်မှာ ထုံချန်းသာဖြစ်သည်။


" ပုဖန်က မသေမျိုးမီးဖိုချောင်အဆောက်အဦးရဲ့ မသေမျိုးစားဖိုမှူး စစ်‌ဆေးချက်ကို ဖြေဖို့ သဘောတူထားပါတယ်... သခင်လေးထုံချန်း ဆုံးဖြတ်ချက်ချဖို့ မသေမျိုးစားဖိုမှူး စစ်ဆေးချက် ပြီးဆုံးတဲ့အထိ စောင့်ပေးပါ..."


ထုံချန်းရင်ထဲတွင် သွေးအန်မတတ်ဖြစ်နေသည်ကို လျစ်လျူရှု့၍ မန်နေဂျာချန် ပြောလိုက်သည်။


" စစ်ဆေးချက်ပြီးသွားလို့ ပုဖန် မသေမျိုးစားဖိုမှူး မဖြစ်ရင် မင်းကြိုက်တာလုပ်နိုင်ပါတယ်...တကယ်လို့ မသေမျိုးစားဖိုမှူး ဖြစ်ခဲ့ရင်လည်း မင်းတို့ပြဿနာ မင်းတို့ဘာသာရှင်းကြပါ... ငါတို့ရဲ့ မသေမျိုးမီးဖိုချောင် အဆောက်အဦးကို ဆွဲမထည့်ပါနဲ့..."


ထုံချန်း၏ရင်ဘတ်သည် နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။ သူသည် ထုံမိသားစု၏ ဉာဏ်ကြီးရှင် ဖြစ်သော်လည်း မသေမျိုးမီးဖိုချောင် အဆောက်အဦးကို ရင်ဆိုင်ကာ ရူးမိုက်သည့်ကိစ္စများ မလုပ်ရဲပေ။


နောက်ဆုံးတွင် မသေမျိုးမီးဖိုချောင် အဆောက်အဦးနောက်တွင် မြို့တော်သခင်အိမ်တော် ရှိသောကြောင့်ဖြစ်သည်။


" မသေမျိုးစားဖိုမှူး စစ်ဆေးချက်ပြီးတဲ့နေ့က မင်းသေမယ့်နေ့ပဲ..." 


ထုံချန်း၏မျက်နှာသည် အေးစက်စွာဖြင့် ပုဖန်ကိုကြည့်နေသည်။ ထို့နောက် အင်္ကျီလက်ကိုခါ၍ လှည့်ထွက်သွားသည်။


သူ၏ခန္ဓာကိုယ်သည် ပျက်စီးနေသော ခေါင်မိုးကိုဖြတ်၍ အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ အခန်းတွင်းမှ ကောင်းကင်သို့ ပျောက်ကွယ်သွားခဲ့သည်။


အားလုံး ပြီးဆုံးသွားပြီ...


အားလုံးပုဖန်ကို အံသြစွာ ကြည့်နေကြပြီးနောက် အခန်းထဲမှ ထွက်သွားကြသည်။


ပုဖန် မန်နေဂျာချန်ကို လှည့်ကြည့်၍ ခေါင်းငြိမ့်ပြလိုက်သည်။ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားနှင့် မဟူရာလိပ်ခုံးဒယ်အိုးတို့လည်း ပျောက်ကွယ်သွားပြီဖြစ်သည်။ ထို့နောက် လက်နောက်ပစ်လျက် အခန်းထဲမှ လျင်မြန်စွာ ထွက်ခွာသွားသည်။


ဝှိုက်တီလည်း ရုပ်သေး၏ သလင်းကျောက်အူတိုင်ကို စားပြီးနောက် ပုဖန် နောက်မှ လိုက်သွားသည်။


လူတစ်ယောက်နှင့် ရုပ်သေးတစ်ခုတို့သည် အထူးအဆင့်စားဖိုမှူး စစ်ဆေးခန်းမှ ထွက်သွားကြသည်။ 


ထွက်ခွာသွားသော ပုဖန်၏ပုံရိပ်ကိုကြည့်ပြီး မန်နေဂျာချန် သက်ပြင်းချလိုက်သည်။


" ဘယ်လိုတောင် အံ့ဩစရာကောင်းလိုက်တဲ့ သေမျိုးလဲ... သုံးရက်ကြာပြီး သေမလား ရှင်မလားဆိုတဲ့ မင်းရဲ့ကံကြမ္မာကို ဆုံးဖြတ်ရမှာ မင်းပဲ...စကားမစပ် အဲ့ကောင်လေး ထုံချန်းရဲ့ လက်ဖဝါးကို ဘယ်လိုတားလိုက်တာလဲ..."


ထုံချန်း၏တိုက်ခိုက်မှုကို ခံယူပြီးနောက် ပုဖန် ဆံချည်တစ်မျှင်မျှပင် မထိခိုက်သွားသည်ကို မန်နေဂျာချန် သတိရသွားသည်။ 


မူလျှို့အာ မန်နေဂျာချန်၏ ဘေးသို့ရောက်လာသည်။ 


" ကူညီပေးတာကျေးဇူတင်ပါတယ် မန်နေဂျာချန်..."


" အိမ်တော်သခင်မလေး ငါလုပ်သင့်တာကိုလုပ်ခဲ့တာပါ... ပုဖန်က မသေမျိုးစားဖိုမှူး စစ်ဆေးချက်ကို ဖြေမယ့်သူဆိုတော့ မသေမျိုးမီးဖိုချောင်အဆောက်အဦးထဲမှာ သူအသတ်ခံရတာကို ငါတို့ရပ်ကြည့်နေလို့မှ မရတာ..." 


မန်နေဂျာချန် သဘာဝကျကျပြောလိုက်သည်။


" သူက မသေမျိုးစားဖိုမှူးစစ်ဆေးချက်ကိုတောင် ဖြေဆိုရဲတယ်... အဲ့ဒီ သေမျိုးကိုတော့ မခန့်မှန်းတတ်တော့ဘူး..." မူလျှို့အာ ရေရွတ်လိုက်သည်။


...


ထုံချန်း၏ ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုကဲ့သို့ ဟင်းလင်းပြင်ကို ဖြတ်ကျော်သွားသည်။ မြေပြင်ပေါ်သို့ ဆင်းသောအခါ သူ၏မျက်နှာသည် မည်းမှောင်နေပြီး ရေများပင် စိမ့်ထွက်နေနိုင်သည်။


သူ၏စိတ်ထဲ တစ်ချက်တွေးလိုက်သည်နှင့် ‌မြေကမ္ဘာအင်မော်တယ်ရုပ်သေးတစ်ခု ရှေ့တွင် ပေါ်လာသည်။


ထုံချန်း၏ စိတ်ဝိညာဉ် မြင့်တက်လာခဲ့သည်။ ခဏအကြာတွင် သူ၏ စိတ်စွမ်းအင်ကို ထိုရုပ်သေးထံ ပေးပို့ခဲ့ပြီး နောက်တစ်မိနစ်တွင် ပေါက်ကွဲနိုင်သည့်အထိ ရုပ်သေး၏ အော်ရာကို မြှင့်တင်ပေးခဲ့သည်။


" ငါ့အတွက် အဲ့သေမျိုးကောင်ကို ရှာပေး.. ဒီမြို့ရဲ့ ဘယ်နေရာမှာ သူခြေချနေလဲ ငါသိချင်တယ်... အခွင့်အရေးရရင် သတ်ပစ်လိုက်..."


သူ၏အမိန့်ကို လိုက်နာရန် ရုပ်သေးထွက်သွားသောအခါ လျှို့ဝှက်စွာ ရေရွတ်လိုက်သည်။


 " ငါက မသေမျိုးစားဖိုမှူးစစ်ဆေးချက် ပြီးတဲ့အထိ သူ့ကို စောင့်နေမယ့် လူစားမျိုးမဟုတ်ဘူး..."


...


လမ်းမရှည်ကြီးပေါ်တွင် ပုဖန်နှင့် ဝှိုက်တီတို့ အေးဆေး လမ်းလျှောက်နေကြသည်။ 


ရုတ်တရက် ပုဖန် စိတ်လှုပ်ရှားစွာဖြင့် သူ၏ အရှိန်ကိုမြှင့်လိုက်သည်။


ဆိုင်ခွဲအသစ်ကို မြင်ရရန် မစောင့်နိုင်တော့ပေ...