အပိုင်း ၉၆၈
Viewers 53k

အခန်း ၉၆၈

လက်ဖဝါး၏ကိစ္စ


ဝှိုက်တီ ပုဖန်၏နောက်တွင် ရပ်နေသည်။ မိုးကြိုးပြစ်ဒဏ်နှင့် ရုပ်သေး၏ သလင်းကျောက်အူတိုင်ကိုစားပြီးနောက်တွင် သူ့ကိုကြည့်ရသည်မှာ ပို၍တည်ငြိမ်နေသည်။


ထိုအခိုက်အတန့်တွင် ပုဖန် အံ့အားသင့်သွားသည်။


စားသောက်ဆိုင်တစ်ခုရှေ့တွင် သူမတ်တပ်ရပ်နေသည်။


အတော်အတန်သေးငယ်သည့် ဤစားသောက်ဆိုင်လေးကိုကြည့်ကာ သက်ပြင်းချရုံမျှလွဲ မတတ်နိုင်ပေ။


ဤစားသောက်ဆိုင်အတွက် တည်နေရာကို ပုဖန်ရွေးချယ်ခဲ့ခြင်း မဟုတ်ပေ။ အထူးအဆင့်စားဖိုမှူး စစ်ဆေးချက်ကို အောင်မြင်ပြီးသည့် နောက်တွင် စနစ်မှ သူ့ထံသို့ တိုက်ရိုက်ကြေညာခဲ့ခြင်းဖြစ်သည်။


မူလက ပုဖန် စိတ်လှုပ်ရှားနေမိသည်။ စနစ်မှရလာမည့် ပစ္စည်းဖြစ်သည့်အတွက် အလွန်ပြောင်မြောက်မည်ဟု ထင်ထားသော်လည်း ခဏအကြာတွင် သူမှားမှန်းသိလိုက်သည်။


စားသောက်ဆိုင်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူ၏နှလုံးသားကို ကြောက်စရာကောင်းသည့် ခွေးနက်အကောင်တစ်သောင်းခန့် ဆုတ်ဖြဲနေသကဲ့သို့ ခံစားလိုက်ရသည်။


တံခါးကိုတွန်း၍ စားသောက်ဆိုင်ထဲသို့ ဝင်ဝင်လာချင်း ပုဖန်၏မျက်လုံးများ အရောင်တောက်သွားသည်။ စနစ်သည် ဤတစ်ကြိမ်တွင် ပုဖန်ကို ပျော်စရာကောင်းသည့်အံ့အားသင့်ဖွယ် တစ်ခုကို ပေးခဲ့သည်။


အမှန်ကို အံအားသင့်စရာပင်။ ဤတစ်ကြိမ်စားသောက်ဆိုင်သည် ယခင်စားသောက်ဆိုင်များနှင့် လုံးဝကွဲပြားသည်။


အလှဆင်မှုပုံစံသည် ဖန်ဖန်၏ဆိုင်ငယ်လေးနှင့် ကွဲပြားပြီး အခြားပြောင်းလဲမှုများစွာလည်း ရှိခဲ့သည်။


ဤစားသောက်ဆိုင်တွင် လေးထောင့်စားပွဲများ မရှိပေ။ သို့မဟုတ် အတိအကျပြောရလျှင် ဤစားသောက်ဆိုင်တွင် စားပွဲများစွာမရှိပေ။


ဤစားသောက်ဆိုင်သည် ကြီးကြီးမားမားမဟုတ်သောကြောင့် အနည်းငယ်ပြည့်ကျပ်နေပုံရသည်။ ထို့ကြောင့် မီးဖိုချောင် ပတ်လည်တွင် ထမင်းစား စားပွဲများ ထားရှိထားသည်။


စားပွဲများကို မီးဖိုချောင်၏ ကြေးဝါရောင်တံခါးဆီသို့ မျက်နှာမူကာ အဝိုင်းပုံစံ စီထားသောကြောင့် အတွင်းတွင် ဘာဖြစ်နေသည်များကို လူများ မမြင်နိုင်ပေ။


မည်သို့ပင်ဖြစ်စေ ထိုအရာက လူများ၏ အဆုံးမရှိ သိချင်စိတ်ကို ယူဆောင်လာနိုင်သည်။


စီစဉ်ပုံ မတူသော်လည်း စားသောက်ဆိုင်၏ ယေဘုယျပုံစံမှာ နွေးထွေးနေဆဲပင်။


စားသုံးသူများ စားသောက်ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် ဝမ်းနည်းမှုနှင့် စိုးရိမ်မှုတိုင်းသည် ပျောက်ကွယ်သွားသကဲ့သို့ လုံခြုံအေးချမ်းမှု ခံစားရမည်ဖြစ်သည်။


ပုဖန် စားသောက်ဆိုင်ကို ဖြည်းညှင်းစွာ လမ်းလျှောက်ကြည့်နေသည်။


ဖန်ဖန်၏ဆိုင်ငယ်လေးသို့ စတင်ရောက်ခါစအချိန်က ခံစားချက်အတိုင်းပင် အရာအားလုံးအသစ်ဖြစ်နေသည်။


ပုဖန်မှာ စားဖိုမှူးဖြစ်သည့်အတွက် မီးဖိုချောင်အပိုင်းကို ပို၍ အာရုံစိုက်မိသည်။


စားပွဲများသည် မီးဖိုချောင်၏ ပတ်ပတ်လည်‌တွင် ရှိနေသော်လည်း မီးဖိုချောင်သို့ လူများသွားလာနိုင်သည့် လမ်းလေးရှိသည်။


ထိုလမ်းမှတစ်ဆင့် ကြေးတံခါးဆီသို့ လျှောက်သွားပြီးနောက် တွန်းဖွင့်လိုက်သည်။ လေးလံမည်ဟု သူမျှော်လင့်ထားသော်လည်း အလွန်ပေါ့ပါးသောကြောင့် ၎င်းကိုဖွင့်ရန် အားမစိုက်ထုတ်ရပေ။


မီးဖိုချောင်ထဲ ခြေချပြီးနောက် အသက်ရှုထုတ်လိုက်သည်။


မီးဖိုချောင်ကို အလှဆင်ထားမှုသည် အလွန်မပြောင်းလဲပဲ အရာအားလုံးသည် သူနှင့်ရင်းနှီးနေသည်။


ထိုအရာသည် ‌ကောင်းမွန်သည်။ အကောင်းဆုံးစားဖိုမှူးတစ်ဦးသည် သူ့အား အကောင်းဆုံးဟင်းလျာများချက်ပြုတ်ရာတွင် အထောက်အကူဖြစ်စေမည့် ၎င်းနှင့်အကျွမ်းတဝင်ရှိသော အပြင်အဆင်နှင့် ပစ္စည်းကိရိယာများ ရှိသင့်သည်။


မီးဖိုချောင်ရှိ ကိရိယာများကို ခဏတာ သဘောကျစွာကြည့်ရှု့ပြီးနောက် ပုဖန် ထိုနေရာမှ ထွက်လာခဲ့သည်။


အပြင်သို့ ထွက်လာသည်နှင့် စားပွဲခုံများကို မြင်လိုက်ရသည်။


ပုဖန်၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားသည်။


စနစ်၏ စီစဉ်မှုမှာ စိတ်ဝင်စားစရာကောင်းလှသည်။


ယခုအချိန်မှစ၍ မီးဖိုချောင်ထဲမှ ထွက်သွားသည့်အချိန်တိုင်း စားသုံးသူများ၏ ပြင်းပြသော မျှော်လင့်စောင့်စားနေသည့် မျက်လုံးများသည် သူပထမဆုံးမြင်ရမည့် အရာဖြစ်သည်။


ဆံပင်မွှေးများပင် ထောင်သွားစေသည်။


(ပိုင်ရှင် အာရုံစိုက်ပေးပါ... အခုမှ အသစ်ဆောက်ထားတဲ့ စားသောက်ဆိုင်အတွက် နာမည်ရွေးချယ်ဖို့ အခွင့်‌အရေးရမယ်...)


စနစ်၏ တည်ကြည်လေးနက်သော အသံသည် သူ၏ခေါင်းထဲတွင် ပဲ့တင်လာသည်။


ပုဖန် အံ့ဩသွားပြီးနောက် ပြုံးလျက် တွေးတောလိုက်သည်။


" စားသောက်ဆိုင်ရဲ့နာမည်ဟုတ်လား... ရွေးချယ်စရာတွေကရော..."


စနစ်သည် ခဏခန့် စေ့စပ်စွာ စဉ်းစားနေသည်။ ချက်ချင်းအဖြေပြန်မပေးပေ။


ထို့နောက် သူ့ကိုပြန်ဖြေသည်။ ( စားသောက်ဆိုင်အတွက် နာမည်များ... မသေမျိုးစားဖိုမှူး ဆိုင်ငယ်လေး... မသေမျိုးစားဖိုမှူး စားသောက်ဆိုင်... မသေမျိုးစားဖိုမှူးအိမ်တော်...)


စနစ်၏အသံသည် အေးစက်တည်ငြိမ်နေသည်။ သို့သော် ထိုနာမည်များကို ကြားပြီးနောက် ပုဖန်၏စိတ်မှာ မတည်ငြိမ်တော့ပေ။


"စနစ် မင်းရဲ့နာမည်ပေးပုံက နည်းနည်း တီထွင်မှုရှိဖို့ လိုနေတယ်မထင်ဘူးလား..." 


ပုဖန် ကရုဏာမဲ့စွာဖြင့် စနစ်အား အထင်အမြင်သေးမှုကို ပြသခဲ့သည်။


ပုဖန်ကို စနစ်က လျစ်လျုရှု့ထားသည်။


ဘလက်ကီ ဝှိုက်တီ ပန်းပွင့်လေး ... စနစ်သည် ပုဖန်၏ နာမည်ပေးပုံကို အမြဲလှောင်ခဲ့သည်။ တစ်ဖက်သားကို မထီမဲ့မြင်ပြုဖို့ မင်းရဲ့ သောက်ယုံကြည်မှုကို ဘယ်ကရခဲ့တာလဲ... 


" မသေမျိုးစားဖိုမှူးအိမ်တော်... ဟမ့် ဒါကိုဖယ်လိုက်... ဘယ်လိုလုပ် ဒါကြီးက ရွေးစရာထဲ ပါနေတာလဲ..." 


ပုဖန် ရုပ်တည်ဖြင့် စနစ်ကို‌သရော်နေသည်။


နောက်ဆုံးတွင် ပုဖန်သူ၏စိတ်ကို လှည့်စားနေရန် မလိုပေ။


" ဒါဆိုရင် မသေမျိုးစားဖိုမှူး ဆိုင်ငယ်လေးဆိုရင်ရော..." ပုဖန် သူ၏နဖူးကိုရိုက်လိုက်ပြီး အကူအညီမဲ့နေသလို ခံစားလိုက်ရသည်။


ဝီ...


ပုဖန် ထိုသို့တစ်ချက်တွေးလိုက်သည်နှင့် စိတ်ထဲတဖျပ်ဖျပ် ဖြစ်သွားသည် ။ သူ စားသောက်ဆိုင်ထဲမှ ထွက်လာပြီး စားသောက်ဆိုင် တံခါးကို ကြည့်လိုက်သည်။


" မသေမျိုးစားဖိုမှူး ဆိုင်ငယ်လေး..."ဟူသော အလျားလိုက် သစ်သားပြားတစ်ခုကို ချိတ်ဆွဲထားသည်။ စာလုံးကြီးလေးလုံးသည် စီးဆင်းနေသော ရေကဲ့သို့ ချောမွေ့စွာ ရေးထားသည်။


ပုဖန် စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။ ဒါက မသေမျိုးမြို့တော်က သူ့ရဲ့ စားသောက်ဆိုင်ပေါ့...


ထိုနေရာတွင် ကြာကြာမနေပဲ စားသောက်ဆိုင်တံခါးကိုပိတ်ကာ ဝှိုက်တီ့ကိုခေါ်၍ တည်းခိုခန်းသို့ ပြန်လာသည်။


ပုဖန် အခြားလူများကို ဤနေရာသို့ မြန်မြန် ခေါ်လာချင်နေပြီဖြစ်သည်။


စားသောက်ဆိုင်မှာ တည်းခိုခန်းနှင့် အလွန်မဝေးပေ။ နောက်ဆုံးတွင် လမ်းခဏလျှောက်ပြီးနောက် ရောက်လာသည်။ 


တံခါးပေါက်နားတွင် ရပ်နေစဉ် မျက်မှောင်ကြုတ်လိုက်သည်။ တစ်ခုခုထူးဆန်းနေသည်ဟု ခံစားရသောကြောင့် ခေါင်းကိုလှည့်၍ စစ်ဆေးလိုက်သည်။


အဘယ်ကြောင့်ဆိုသည်ကို မသိသော်လည်း စားသောက်ဆိုင်မှ ထွက်လာသည့်အချိန်ကတည်းက ထူးဆန်းသည်ဟု ခံစားနေရသည်။ သို့သော် ဘယ်အရာဆိုသည်ကို တိတိကျကျ ‌မပြောနိုင်ပေ။


ပုဖန် လက်နောက်ပစ်၍ ဘာမျှ‌မတွေးပဲ အပေါ်ထပ်သို့ တက်သွားသည်။


ပုဖန်ထွက်သွားပြီး ခဏအကြာတွင် တည်းခိုခန်း အပေါက်ဝတွင် ရွှေရောင်အရိပ်တစ်ခု ပေါ်လာသည်။


ထိုရွှေရောင်အရိပ်မှာ တုန်ခါနေသည်။ သူ၏ခန္ဓာကိုယ်မှာ ပြင်းထန်သည့်အတွင်းအားကို ခံနိုင်ရည်ရှိပုံ မရပေ။


၎င်းသည် ထုံချန်း၏ ရုပ်သေးရုပ်ဖြစ်သည်။


ဤမြေကမ္ဘာ အင်မော်တယ်ရုပ်သေးတွင်ရှိသော ထုံချန်း၏ စိတ်စွမ်းအင်မှာ အလွန်အစွမ်းထက်၍ ထုံချန်း၏ လှုပ်ရှားမှု အချို့ကိုပင် လုပ်ဆောင်နိုင်သည်။


မည်သို့ပင်ဖြစ်စေ ဤမြေကမ္ဘာအင်‌မော်တယ်ရုပ်သေး၏ စက်ပစ္စည်းများသည် အချိန်အကြာကြီး မခံနိုင်ပေ။ နာရီအနည်းငယ်အတွင်း ပေါက်ကွဲသွားနိုင်သည်။


သို့သော် ထိုမြေကမ္ဘာ အင်မော်တယ်ရုပ်သေးသည် ထုံချန်းပေးအပ်သော တာဝန်ကို ကျေပွန်ရန်အတွက် အချိန်ပမာဏ လုံလောက်သည်။


...


ပုဖန်အခန်းထဲ ပြန်လာပြီးနောက် တံခါးကိုတွန်းဖွင့်ပြီး ဝင်လာသောအခါ ဘာမှမပြောင်းလဲသည်ကို တွေ့ရသည်။


ခွေးဘုရင်ပေါ်တွင် မှီနေပြီး သက်တောင့်သက်သာဖြစ်နေသော ပန်းပွင့်လေးနှင့် 

မဟူရာနဂါးဘုရင် ဆော့ကစားနေသည်။


ငရဲဘုရင်အာဟသည် တံခါးတွင် မှီလျက် ရှူးရှဲအစပ်ချောင်းကိုဝါးနေပြီး သူ၏မျက်နှာမှာတည်ငြိမ်နေသည်။


နယ်သာရီက ငရဲကမ္ဘာသင်္ဘောပေါ်တွင်ထိုင်ကာ ခြေထောက်များ တွဲလောင်းချထားသည်။


ပုဖန်ကို မြင်သောအခါ သူတို့မျက်လုံးများ အရောင်တောက်သွားသည်။ ပုဖန်ပြန်လာသည့် အဓိပ္ပါယ်မှာ သူတို့မကြာခင် စားရတော့မည် သဘောပင်။


" ပုဖန်ကောင်လေး မင်း အထူးအဆင့်စားဖိုမှူး စစ်ဆေးချက်ကို‌ ဖြေခဲ့တယ်လို့ကြားတယ် အောင်ခဲ့လား..."


 ငရဲဘုရင်အာဟ ရှူးရှဲအစပ်ချောင်းများကို စားလျက်ပြောလိုက်သည်။


ပုဖန် ငရဲဘုရင်အာဟကို တစ်ချက်ကြည့်ပြီး ဖြည်းညှင်းစွာ ခေါင်းငြိမ့်ပြလိုက်သည်။


 " နေ့တိုင်းချက်နေကျလိုပါပဲ... ကျွန်တော်အခု အထူးအဆင့်စားဖိုမှူးဖြစ်သွားပြီ စားသောက်ဆိုင်အသစ်လည်းရထားတယ် အခုပဲ ပြောင်းကြမလား..."


ပုဖန်၏ စကားများကိုကြားပြီးနောက် ငရဲဘုရင်အာဟ၏ မျက်လုံးများ အရောင်တလက်လက် တောက်သွားသည်။


 " စားသောက်ဆိုင်တစ်ဆိုင် ရထားတာလား... ငါတို့ မသေမျိုးမြို့တော်မှာ စားသောက်ဆိုင်ဖွင့်မှာလား..." 


ပုဖန် ခေါင်းငြိမ့်လိုက်သည်။


အချိန်မဖြုန်းပဲ ချက်ချင်းမတ်တပ်ရပ်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် တည်းခိုခန်းမှ ထွက်ခွာလာကြသည်။


 အိပ်ပျော်နေသော ခွေးဘုရင်က ငရဲဘုရင်အာဟ ဆွဲခေါ်နေသော်လည်း မနိုးပေ။ ဒီခွေးဝကြီးက အခုရက်ပိုင်း တော်တော်အိပ်တယ်...


ပုဖန် တည်းခိုခန်း၏ ရှေ့ဘက်စားပွဲသို့ သွား၍ တည်းခိုခကို အင်မော်တယ် သလင်းကျောက်များဖြင့် ပေးချေလိုက်သည်။ ထို့နောက် တည်းခိုခန်း၏ ဧည့်ခံသူများသည် ပန်းပွင့်များကဲ့သို့ ပြုံးကာ နှုတ်ဆက်ကြသည်။


လူအုပ်ကြီး အပြင်ထွက်လာသည်။


ငရဲဘုရင်အာဟ ပုဖန်ထံသို့ လျှောက်သွားကာ တစ်ခုခုထူးဆန်းသည်ဟု ခံစားလိုက်ရသည်။


" အာ... တစ်ယောက်ယောက်က တစ်ခုခုလုပ်တော့မယ့်ပုံပဲ..." 


ငရဲဘုရင်အာဟ ပုဖန်ကို မျက်စိမှိတ်ပြပြီး ပြောလိုက်သည်။


‌မှန်ပေသည်... ပုဖန်၏အော်ရာ ပြောင်းလဲသွားသည်ကို သူခံစားမိသည်။ မူလ အစက သူသည် နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ် နတ်ဘုရားမီးတောက်တစ်ခုသာ ရှိသော်လည်း ယခုတွင် နတ်ဘုရားမီးတောက် ကိုးခုရှိနေပြီး နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်၏ အထွဋ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။


ပုဖန်၏ အောင်မြင်မှုသည် လူအများ၏ ခန့်မှန်းမှုထက် အမြဲကျော်လွန်နေသည်။


ရွှစ်...


လေထုထဲတွင် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။


ခဏအကြာတွင် အနားရှိလေထုပေါက်ကွဲသွားကာ ပုဖန်ဆီသို့ ရွှေရောင်ဘောလုံးတစ်လုံး ရောက်ရှိလာသည်။


၎င်းသည် အလွန်လျင်မြန်စွာ ရွေ့လျားနေသဖြင့် စွမ်းအင်ဘောလုံးသည် လူတို့၏အမြင်တွင် ဘဲဥပုံသဏ္ဍာန်အဖြစ်သို့ ပြောင်းလဲသွားသည်။


ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။


ငရဲဘုရင်အာဟ၏ ပါးစပ်သည် ရှူးရှဲအစပ်ချောင်းကို ဝါးနေသဖြင့် လှုပ်ရှားနေသည်။


ထို့နောက် လက်နှစ်ဖက်လုံးကို အသုံးပြု၍ စွမ်းအင်ဘောလုံးကို ဖမ်းယူလိုက်သည်။


ထိုဘောလုံးသည် ငရဲဘုရင်အာဟ၏ လက်ဖဝါးထဲမှ ရုန်းထွက်နေသည်။


ငရဲဘုရင်၏ မျက်လုံး အရောင်တလက်လက်တောက်ကာ ပြောလိုက်သည်။ 


" စိတ်ဝင်စားစရာပဲ... နတ်ဘုရားအာကာသနယ်ပယ်က စွမ်းအားပါလား..."


သူ၏နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားသည်။ နတ်ဘုရားအာကာသ နယ်ပယ်သည် ငရဲကမ္ဘာအကျဉ်းထောင်တွင် အတော်အတန် အစွမ်းထက်သောတည်ရှိမှုတစ်ခုဖြစ်သည်။


ရုတ်တရက် သူ၏လက်ကိုညှစ်ကာ ဘောလုံးကို ဖိချေလိုက်သည်။ ထောင်ပေါင်းများစွာသော အလင်းရောင်အစက်အပြောက်လေးများ အဖြစ် ပျောက်ကွယ်သွားသည်။


" ‌ပုဖန်ကောင်လေး မင်းဘယ်သူ့ကို စော်ကားမိသေးလဲ..." 


 ငရဲဘုရင်အာဟ ပုဖန်ကိုဘေးမှကြည့်ကာ ပြုံး၍ ထပ်ပြောလိုက်သည်။ 


" ဒီတစ်ခါ ရန်သူက တကယ်ကို သန်မာတယ်... အဲ့တာကြောင့် ငါမျှမျှတတပဲလုပ်မယ်...ဒီဘုရင် လှုပ်ရှားပေးဖို့ ရှူးရှဲအစပ်ချောင်း ဆယ်ချောင်းပေးရမယ် ဘယ်လိုထင်လဲ..."


ရှူးရှဲအစပ်ချောင်း ဆယ်ချောင်း...


ငရဲဘုရင်အာဟ ဈေးဆစ်ရန် သင်ယူပြီးတည်းကစ၍ သူ၏ တောင်းဆိုချက်များမှာ ပို၍မြင့်လာသည်။


ပုဖန် မျက်ခုံးများ တွန့်ချိုးကာသူ့ကို ကြည့်နေသည်။ 


"ဒီတစ်ခါရန်သူက သာမန်မဟုတ်ဖူး နတ်ဘုရားအာကာသနယ်ပယ်က ကျင့်ကြံသူဆိုတာ မင်းသိလား... မင်းတို့စကားနဲ့ဆို စစ်မှန် မသေမျိုးနယ်ပယ်ပေါ့..."


ပုဖန် သူ့အား မယုံကြည်သည်ကိုသိ၍ ရှင်းပြရန် အခွင့်အရေးကို ဆုပ်ကိုင်ထားလိုက်သည်။


သူသည် အမြဲတမ်းမျှတသောသူ ဖြစ်သည်။ အကျိုးအမြတ်များ မလိုချင်ပေ။


စစ်မှန်မသေမျိုးနယ်ပယ်တဲ့လား...


ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။ စစ်မှန် မသေမျိုးနယ်ပယ် ကျင့်ကြံသူက သူ့ကိုတိုက်ခိုက်ချင်တယ် တဲ့လား...


ထုံချန်းများလား...


သူမဖြစ်နိုင်ပေ။ ထုံချန်းသည် ထုံမိသားစုမှဖြစ်သည်။ မသေမျိုးမီးဖိုချောင်အဆောက်အဦးနှင့် သဘောတူညီ ချက်ပြုလုပ်ထားသည့်အတွက် ထုံချန်း တစ်စုံတစ်ခုကို အလျင်စလို ‌ပြုလုပ်မည် မဟုတ်ပေ။ ထို့သို့ မဟုတ်ပါက မသေမျိုးမီးဖိုချောင် အဆောက်အဦးသည် သူ့ဘက်လှည့်လာပြီး ထုံချန်း ဒုက္ခများစွာနှင့် ရင်ဆိုင်ရနိုင်သည်။ 


ထုံချန်းမဟုတ်ရင် ဘယ်သူဖြစ်နိုင်လဲ...


ဝေါ... ဝေါ... ဝေါ...


လေထုထဲတွင် အဆင်မပြတ် ပေါက်ကွဲနေပြီး ခဏအကြာတွင် ရွှေစွမ်းအင်ဘောလုံးများသည် အဝေးမှ ထွက်ပေါ်လာသည်။


" ချောင်ထဲကနေ ပုန်းပြီး ကစားနေရတာ ပျော်စရာကောင်းနေလား..." 


ငရဲဘုရင်အာဟ မျက်ဆံလှန်လိုက်သောအခါ ပါးစပ်ထဲမှ ရှူးရှဲအစပ်ချောင်းသည် တစ်ကြိမ်လှုပ်ရှားသွားသည်။


သူ၏လက်ချောင်းများကို ပွတ်ဆွဲလိုက်သည်နှင့် ကောင်းကင်ယံအထိ ရောက်နေသည့် ငရဲစွမ်းအင်သည် သူ၏ခြေထောက်မှ ထွက်လာသည်။ ဤငရဲစွမ်းအင်သည် ပေါက်ကွဲပြီး မုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားသည်။


အုန်း... အုန်း... အုန်း...


ထိုရွှေစွမ်းအင်ဘောလုံးများသည် အနက်ရောင် မုန်တိုင်းကို တိုက်မိသော်လည်း မပေါက်ကွဲနိုင် သို့မဟုတ် မပျော်ဝင်နိုင်ပေ။ နောက်ဆုံးတွင် ရွှေစွမ်းအင်ဘောလုံးများအားလုံး နောက်ဆုတ်လိုက်ရသည်။


ဝုန်း... ဝုန်း...


ထိုစွမ်းအင်ဘောလုံးများ ထိန်းမရဖြစ်ကာ ပေါက်ကွဲထွက်ပြီး မြေပြင်ကို တုန်ခါသွားစေသည်။ 


ငရဲစွမ်းအင်များ ပြန့်ကျဲသွားသည်။


လမ်းမပေါ်ရှိ လမ်းသွားလမ်းလာများ အားလုံး ကြောက်လန့်တကြားဖြင့် အဝေးတစ်နေရာသို့ ဆုတ်ခွာသွားကြသည်။ တစ်ယောက်မျှ မချဉ်းကပ်ရဲကြပေ။


‌ဂလောင်... 


သတ္တုသံများကြားမှ ရွှေရောင်ပုံရိပ်သည် ဖုန်ကန့်လန့်ကာထဲမှ ဖြည်းညှင်းစွာ ထွက်လာသည်။


ထိုရွှေရောင်ပုံရိပ်သည် ပေါက်ကွဲစွမ်းအင်များဖြင့် ပြည့်နှက်နေသည်။ ၎င်း၏ တစ်ဟုန်ထိုး တက်လာသော စွမ်းအင်သည် လေသာပြင်ကိုပင် ထိုးဖောက်နိုင်ပုံ ရပြီး ရွှေရောင်ပုံရိပ်သည် မရပ်မနား တုန်ခါနေသည်။


" အိုး... ရုပ်သေးရုပ်လား... " ငရဲဘုရင်အာဟ မျက်ဆံလှန်လိုက်သည်။


ပုဖန် အနည်းငယ် အံ့ဩသွားသည်။


" ပုဖန်ကောင်လေး မင်းကသိပ် အဖိုးမတန်ဘူးပဲ တစ်ဖက်က မင်းနဲ့ဖြေရှင်းဖို့ ရုပ်သေးရုပ်ပဲ လွှတ်လိုက်တယ် မင်းကိုအထင်သေးနေတာ သိရဲ့လား... ရှူးရှဲအစပ်ချောင်းဆယ်ချောင်းနဲ့ ဒီဘုရင်က မင်းဖို့ အဲ့ဒီရုပ်သေးကို ရှင်းပေးမယ်..."


ပုဖန်ကို ကြည့်လျက် ငရဲဘုရင်အာဟ၏ မျက်လုံးများ အရောင်တောက်နေသည်။ သို့သော် သူ့မျက်နှာမှာ ခရမ်းရောင်ပြောင်းသွားသည်...


ဝီ...


မြေကြီးပေါ်တွင် အိပ်နေသော ခွေးဘုရင် မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏ ပြောင်မြောက်လှသော လက်ဖဝါးကိုမြှောက်၍ ရွှေရောင်ရုပ်သေးကို ဖြည်းညှင်းစွာ ပုတ်လိုက်သည်။ 


သူ မပုတ်လိုက်ခင်တွင် စွမ်းအင် ထောင်ပေါင်းများစွာသည် သူ၏ပြောင်မြောက်လှသော ‌လက်ဖဝါးထဲသို့စုရုံးလာသည်။


ရွှေရောင် မြေကမ္ဘာအင်မော်တယ်ရုပ်သေးသည် တုံ့ပြန်ချိန် မရလိုက်ပဲ ဖိချေခံရပြီး မြေပေါ်ပြုတ်ကျသွားသည်။ သူ၏ကြောက်မက်ဖွယ်ရာစွမ်းအင်ကိုပင် ထုတ်ချိန် မရလိုက်ပေ။


" ဒီ‌လက်ဖဝါးရဲ့ကိစ္စအတွက် ဘာမှပေးစရာမလိုပါဘူး...ခွေးဘုရင်အတွက် နဂါးနံရိုးချိုချဉ်ပဲချက်ပေးပါ ကောင်လေးပုဖန်... ခွေးဘုရင်က ချေးမများဘူး နဂါးနံရိုးဆိုလည်းရတယ်..." 


အိပ်ငိုက်နေသောအသံဖြင့် ခွေးဘုရင်ပြောလိုက်သည်။


ထို့နောက် သူသမ်းဝေကာ ခေါင်းတုံးပြောင်နှင့် မဟူရာနဂါးဘုရင်ကို တစ်ချက်စောင်းငဲ့ကြည့်လိုက်သည်။